no

Font
Theme

အခန်း (၁၂)

ပိတ်ရက်လေးကတော့ အလွန်မြန်ဆန်စွာပင် ကုန်ဆုံးသွားခဲ့သည်။

ရဲ့ကျင်မုန့်က ကျောင်းတက်ရန် ကျောင်းသို့ အပြေးအလွှား ပြန်လာခဲ့ရပြီး ရွှီဝမ်ဝမ်ကတော့ နှစ်ပတ်ကြာမည့် စစ်ပညာသင်တန်းကို စတင်ခဲ့ရသည်။

ရဲ့ကျင်မုန့်သည် တနင်္လာနေ့များကို အမုန်းဆုံးပင်။ အကြောင်းမှာမူ တနင်္လာနေ့တိုင်းတွင် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ အတန်းပေါင်း ၆ တန်းစလုံး အပြည့်ရှိနေသောကြောင့်ပင်။ တခြားရက်များကတော့ အတော်အတန် သက်သာလှသည်။

တစ်နေ့လုံး စာသင်ခန်းထဲတွင် အချိန်ကုန်ဆုံးခဲ့ရသဖြင့် ခွေးတစ်ကောင်လို ပင်ပန်းနွမ်းနယ်စွာ အဆောင်သို့ ပြန်ရောက်လာချိန်တွင် ရဲ့ကျင်မုန့်မှာ ခုတင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။

မေ့လဲတော့မတတ် ဖြစ်နေသော ရဲ့ကျင်မုန့်ကို မြင်လိုက်ရသောအခါ ရွှီဝမ်ဝမ်က သူ(မ)၏ နှုတ်ခမ်းထောင့်စွန်းလေးများကို မသိမသာ ကွေးညွတ်၍ ပြုံးလိုက်မိသည်။

ရဲ့ကျင်မုန့်က ခေါင်းလှည့်ကြည့်လိုက်ရာ ထိုမြင်ကွင်းနှင့် အမှတ်မထင် ဆုံသွားခဲ့၏။

သို့သော်လည်း သူ(မ) သေသေချာချာ ထပ်ကြည့်မည်အလုပ်တွင် ရွှီဝမ်ဝမ်က သူ(မ)လက်ထဲမှ သင်္ချာစာအုပ်ကိုသာ ခေါင်းငုံ့ကြည့်နေလေပြီ။

“စစ်ပညာသင်တန်းက ပင်ပန်းလားဟင်။”

ရဲ့ကျင်မုန့်က ခေါင်းလေးစောင်းကာ မေးလိုက်သည်။

ရွှီဝမ်ဝမ်က မော့ကြည့်လိုက်ပြီး လေသံအေးအေးဖြင့် ဖြေလိုက်သည်။

“နင့်လောက်တော့ မပင်ပန်းလောက်ပါဘူး။”

ရဲ့ကျင်မုန့်က ညည်းညူလိုက်သည်။

“ငါ တနင်္လာနေ့တွေကို အရမ်းမုန်းတာပဲ။ အတန်းတွေကလည်း အပြည့်၊ တစ်တန်းပြီးတိုင်းလည်း နောက်ထပ်စာသင်ဆောင်တစ်ခုကို အပြေးအလွှား သွားနေရတာ။ အရမ်း ခက်ခဲလွန်းတယ်။”

ထို့နောက် သူ(မ)က အားမရှိသော လေသံဖြင့် ထပ်ဖြည့်ပြောလိုက်သည်။

“ကျောင်းမတက်ချင်တော့ဘူး...”

အမှန်တော့ သူ(မ)က ပြဋ္ဌာန်းစာအုပ်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် အရာရာကို နားလည်ပြီးသားဖြစ်ရာ ဘာကြောင့် ကျောင်းဆက်တက်နေရသနည်းဟု တွေးမိသည်။ သို့သော်လည်း သူ(မ)က အတန်းခေါင်းဆောင် ဖြစ်နေသဖြင့် အတန်းလစ်လျှင် အတိုင်ပင်ခံဆရာမ၏ အဆူအဆဲခံရနိုင်သည် မဟုတ်ပါလား။ ဟူး...

ရွှီဝမ်ဝမ်ကတော့ ခေါင်းခါရင်း စိတ်ထဲမှတွေးလိုက်သည်။

'ရဲ့ကျင်မုန့်က တကယ် အပျင်းထူတဲ့သူပဲ'။

...

နောက်တစ်နေ့မနက်တွင် ရဲ့ကျင်မုန့်၌ အတန်းမရှိပေ။ သူ(မ)က မနက် ၉ နာရီကျော်အထိ အိပ်ရာထဲတွင် နှပ်နေပြီးမှ လေ့ကျင့်ရေးကွင်းဘက်သို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရဲ့ကျင်မုန့်က စားသောက်ဆိုင်မှ ဝယ်လာသော အသားပေါက်စီကို စားရင်း ပွဲကြည့်စင်ပေါ်တွင် ထိုင်နေသည်။

လေ့ကျင့်ရေးကွင်းထဲတွင် အဖွဲ့များစွာမှာ စစ်ပညာသင်ကြားနေကြပြီး အမိန့်ပေးသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်နေသည်။ သို့ရာတွင် ရွှီဝမ်ဝမ်တို့အဖွဲ့မှာ ပွဲကြည့်စင်နှင့် အနီးဆုံးဖြစ်သဖြင့် ပထမဆုံးတန်းတွင် မတ်တတ်ရပ်နေသော ရွှီဝမ်ဝမ်ကို သူ(မ) ချက်ချင်း မြင်လိုက်ရသည်။

“အားလုံး ၅ မိနစ် နားမယ်။”

နည်းပြက အချိန်ကို ကြည့်ကာ နားခွင့်ပေးလိုက်သည်။

ရဲ့ကျင်မုန့်က ရွှီဝမ်ဝမ်ကို စိုက်ကြည့်နေမိသည်။ ရွှီဝမ်ဝမ်က ရေခွက်များထားသည့်နေရာသို့ လျှောက်သွားကာ ရေအနည်းငယ်သောက်ပြီးနောက် အဖွဲ့ရှိရာသို့ ပြန်လာ၍ တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေသည်ကို မြင်ရသည်။

ဘေးနားမှ မိန်းကလေးတချို့က သူ(မ)ကို စကားလှမ်းပြောသော်လည်း သူ(မ)က တိုတိုတုတ်တုတ်သာ ပြန်ဖြေသည်။ တခြားမိန်းကလေးများ တက်တက်ကြွကြွ စကားပြောနေကြသည်နှင့် နှိုင်းယှဉ်လျှင် ရွှီဝမ်ဝမ်မှာ လူမှုရေးမဝင်ဆံ့သူတစ်ဦး ဖြစ်သည်မှာ ထင်ရှားနေ၏။

“ဒါက ဘယ်လိုဖြစ်တာလဲ။ အချက်အလက်တွေထဲမှာတော့ ရွှီဝမ်ဝမ်က တက်ကြွဖျတ်လတ်တဲ့သူလို့ ပါတယ်။ အခု ကြည့်ရတာတော့ တက်ကြွတဲ့သူနဲ့ မတူပါလား။”

ရဲ့ကျင်မုန့်က နားမလည်နိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်မိသည်။

“သူ(မ) တခြားသူတွေကို ဆက်ဆံတာက ငါ့ကို ဆက်ဆံတာနဲ့ သိပ်မကွာပါလား။ ဒါဆိုရင်...”

ရဲ့ကျင်မုန့် ရုတ်တရက် အတွေးတစ်ခု ရသွားသည်။

“သူ(မ)က စိမ်းသက်တဲ့နေရာကို ရုတ်တရက် ရောက်လာပြီး ဘယ်သူ့ကိုမှ မသိတာရယ်၊ မြို့ကြီးပြကြီးရဲ့ စည်ကားမှုတွေကြားမှာ သူ(မ)ကိုယ်သူ(မ) နိမ့်ကျတယ်လို့ ခံစားနေရတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးနေတာလား မသိဘူး။”

ရဲ့ကျင်မုန့်က သူ(မ) အဖြေရှာတွေ့သွားပြီဟု ထင်လိုက်ပြီး နောက်နောင် မည်သို့ လုပ်ရမည်ကို သိသွားသည်။

အမှန်စင်စစ် အတိတ်ဘဝတွင် ရွှီဝမ်ဝမ်နှင့်အတူရှိခဲ့သော ဤအတန်းဖော်များသည် ရဲ့ကျင်မုန့်ကို ကူညီပြီး ရွှီဝမ်ဝမ်ကို အမြဲ အနိုင်ကျင့်ခဲ့ကြသူများပင်။ ထို့ကြောင့် ရွှီဝမ်ဝမ်အနေဖြင့် သူတို့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံစရာအကြောင်းမရှိပေ။

မိမိကို စိုက်ကြည့်နေသော အကြည့်ကို ခံစားမိသဖြင့် ရွှီဝမ်ဝမ် မော့ကြည့်လိုက်ရာ ပွဲကြည့်စင်ပေါ်တွင် ပေါက်စီစားရင်း သူ(မ)ကို ပျော်ပျော်ရွှင်ရွှင် လက်လှမ်းပြနေသော ရဲ့ကျင်မုန့်ကို မြင်လိုက်ရသည်။

ရွှီဝမ်ဝမ်၏ မျက်နှာမှာ ဘာအမူအရာမျှ မရှိသော်လည်း သူ(မ)၏ ရင်ထဲတွင် တစ်ခုခုက လှုပ်ခတ်သွားသလို ခံစားရသည်။ သူ(မ)က ခေါင်းငုံ့ကာ တိုးတိုးလေး သက်ပြင်းချလိုက်သည်။

“တကယ့် အရူးမလေးပဲ။”

အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး ယနေ့တွင် ရွှီဝမ်ဝမ်၏ စစ်ပညာသင်တန်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အဆောင်သို့ ပြန်ရောက်သောအခါ ခုတင်ပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့စွာ လဲလျောင်းနေသော ရဲ့ကျင်မုန့်ကို တွေ့လိုက်ရသည်။

ဤနှစ်ပတ်အတွင်း ရွှီဝမ်ဝမ်က လက်ရှိ ရဲ့ကျင်မုန့်နှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့ပြီး သူ(မ)အကြောင်းများကိုလည်း သိရှိခဲ့ရသည်။

သူ(မ)ရှေ့မှ ရဲ့ကျင်မုန့်မှာ ပျင်းရိသူတစ်ဦး မဟုတ်ဘဲ ထိပ်တန်းကျောင်းသူတစ်ဦး ဖြစ်၏။ စာမေးပွဲတိုင်းတွင် ပထမရလေ့ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း အမှတ်အများဆုံး ရရှိခဲ့သူပင်။ ကျောင်းတွင် လူချစ်လူခင်ပေါပြီး အတန်းထဲတွင်လည်း အားလုံး၏ အချစ်တော် ဖြစ်သည်။

ဤအချက်များက အတိတ်ဘဝမှ ရွှီဝမ်ဝမ်၏ အာဃာတများကို မပျောက်ကွယ်စေသော်လည်း လက်ရှိ ရဲ့ကျင်မုန့်အပေါ် ထားရှိသော သူ(မ)၏အမြင်မှာ များစွာ ပြောင်းလဲသွားခဲ့လေပြီ။

ရဲ့ကျင်မုန့်၏ အခြေအနေကို မြင်သောအခါ သူ(မ)က မေးလိုက်သည်။

“ဘာဖြစ်တာလဲ။ ဒီနေ့က သောကြာနေ့လေ၊ အိမ်မပြန်ဘူးလား။”

ရဲ့ကျင်မုန့်က မတ်မတ်ထိုင်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“ဟူး... အတန်းတက်စရာ ကျန်သေးလို့လေ။”

ရွှီဝမ်ဝမ် နားမလည်နိုင်ဖြစ်သွားသည်။

“နင့်မှာ ဒီနေ့ တစ်တန်းပဲ ရှိတာလေ။ မနက်ဖြန် စနေနေ့၊ တနင်္ဂနွေကစပြီး ဆောင်းဦးရာသီပိတ်ရက် စပြီ မဟုတ်လား။”

တရုတ်နိုင်ငံ၏ ဆောင်းဦးရာသီပွဲတော်ပိတ်ရက်ကို လာမည့်အပတ် တနင်္ဂနွေ၊ တနင်္လာနှင့် အင်္ဂါနေ့များတွင် သတ်မှတ်ထားခြင်း ဖြစ်သည်။

ရဲ့ကျင်မုန့်က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“အတန်းတွေက ပြောင်းသွားတာ။ ဒီနေ့က အင်္ဂါနေ့အတန်းကို တက်ရတာ။ မနက်ဖြန်ကျတော့ တနင်္လာနေ့အတန်းကို တက်ရမှာတဲ့။ ဟူး... ငါ တနင်္လာနေ့တွေကို အရမ်းမုန်းတာပဲ။”

ထိုသို့ ပြောရင်း သူ(မ)က အမှန်တကယ်ပင် အော်ငိုလိုက်တော့သည်။

ရွှီဝမ်ဝမ်မှာ ဤမျှအထိ ကလေးကလားနိုင်သော သူ(မ)ကို ကြည့်ပြီး ရယ်မောမိတော့မတတ်ပင်။ သူ(မ) ဤမျှ ဝမ်းနည်းနေသည်ကို မြင်သဖြင့် ဖျောင်းဖျလိုက်ရသည်။

“ကဲပါ... အတန်းတွေကတော့ အနှေးနဲ့ အမြန် တက်ရမှာပဲကို။ ဒါပြီးရင်တော့ နင် သုံးရက်ဆက်တိုက် နားလို့ရပြီလေ။”

“ဝါး၊ ငါ ရှူးနင်ကို ဘူတာရုံမှာ သွားကြိုပါ့မယ်လို့ ကတိပေးထားတာ။ ဒါပေမဲ့ အခုတော့ သွားလို့မရတော့ဘူး... ဝါး~”

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment