no

Font
Theme

အခန်း (၇)

စက်တင်ဘာလ၏ နေရောင်ခြည်သည် ဆောင်းဦးပေါက်စ ဖြစ်သဖြင့် နွေရာသီကဲ့သို့ ချစ်ချစ်တောက်မပူတော့ဘဲ တိုက်ခတ်လာသော လေပြည်အေးလေးများကပင် အအေးဓာတ်ကို သယ်ဆောင်လာပေးသည်။

ယနေ့တွင် ဟိုင်မြို့တော်တက္ကသိုလ်ဝန်းမှာ ထူးထူးခြားခြား စည်ကားလျက်ရှိ၏။

ကျောင်းပြန်တက်သည်မှာ ငါးရက်ခန့် ရှိပြီဖြစ်သော ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားများသည် ကျောက်ခင်းလမ်းကျယ်များပေါ်တွင် ကျောပိုးအိတ်ကိုယ်စီ၊ စာအုပ်ကိုယ်စီဖြင့် သွားလာလှုပ်ရှားနေကြသည်။

နံနက်ခင်းပထမအချိန် ပြီးစီးသွားသော ရဲ့ကျင်မုန့်သည်လည်း ပခုံးပေါ်တွင် ကျောပိုးအိတ်အသေးလေးကို လွယ်ထားပြီး ကျောက်ခဲကလေးများကို အသာအယာ ကန်ရင်း အဆောင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

"ဒီနေ့က ပထမနှစ်ကျောင်းသားသစ်တွေ စာရင်းပေးရမဲ့ ပထမဆုံးနေ့ပဲ။ နောက်ဆုံးတော့ ငါ့အခန်းထဲမှာ အဖော်ရတော့မှာပေါ့။"

ရဲ့ကျင်မုန့်က သူ(မ)ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"စီ.... စီနီယာမမ...."

အထုတ်အပိုးအိတ်ကြီးနှစ်လုံးကို မနည်းမနော သယ်လာရသဖြင့် ရုန်းကန်နေရသော ကောင်လေးတစ်ယောက်က ရဲ့ကျင်မုန့်၏ အနားသို့လာကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် နှုတ်ဆက်လိုက်သည်။

ရဲ့ကျင်မုန့်မှာ အံ့ဩသွားကာ ခေတ္တမျှ ရပ်တန့်သွားသည်။

'စီနီယာမမ' ဟုတ်လား။

ဪ....ဟုတ်သားပဲ။ ကျောင်းသားသစ်တွေ ရောက်လာကြပြီကိုး။ ငါ၊ ရဲ့ကျင်မုန့်တစ်ယောက်လည်း စီနီယာအဆင့်ကို တက်သွားပြီပေါ့။ ဟီးဟီး.... မဆိုးပါဘူး။

"တစ်ဆိတ်လောက်ပါ၊ စီနီယာမမ.... အဆောင်အဆောက်အအုံ(၁၂) က ဘယ်နားမှာလဲဟင်။ ကျွန်တော် လမ်းပျောက်နေပြီ ထင်တယ်။”

ရှက်တတ်ပုံရသော ထိုကောင်လေးက သူ့လည်ပင်းနောက်ကို အနေခက်စွာ ပွတ်သပ်ရင်း မျက်နှာလေးနီရဲလျက် မေးမြန်းရှာသည်။

ဤမျှအထိ ချစ်စရာကောင်းသော ဂျူနီယာကျောင်းသားလေးနှင့် တွေ့လိုက်ရသောအခါတွင် ရဲ့ကျင်မုန့်တစ်ယောက် ချက်ချင်းပင် သူ(မ)၏ စီနီယာမမဟန်ကို ထုတ်လိုက်ရတော့သည်။ သူ(မ)သည် နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးညွတ်သွားသည်အထိ ပြုံးပြလိုက်ပြီး ရှေ့သို့ လက်ညှိုးထိုးပြသည်။

"ဒီလမ်းအတိုင်း တည့်တည့်သွားလိုက်နော်။ ဒုတိယမြောက် လမ်းဆုံရောက်ရင် ညာဘက်ကို ချိုးလိုက်။ အဆောင် (၁၂) က ဘယ်ဘက်ခြမ်းမှာ ဒုတိယမြောက် အဆောက်အအုံပဲ။”

ကျောင်းသားသစ်လေးမှာ ရဲ့ကျင်မုန့်၏ အပြုံးကို မြင်လိုက်ရသောအခါတွင် မျက်လုံးများပင် ပြာသွားကာ မျက်နှာကလေးမှာလည်း ပို၍ပင် နီရဲလာခဲ့သည်။ သူ(မ)ကို ထပ်မံကြည့်ရန်ပင် မဝံ့ရဲတော့ဘဲ ပြောလိုက်လေ၏။

"ကျေး....ကျေးဇူးတင်ပါတယ်၊ စီနီယာမမ။”

အလောတကြီး နှုတ်ဆက်ကာ သူ၏ အထုတ်အပိုးများကို ဆွဲလျက် ပြေးထွက်သွားတော့သည်။

ရဲ့ကျင်မုန့်သည် ဂျူနီယာကျောင်းသားလေး၏ ချစ်စရာကောင်းပုံကို ကြည့်ကာ တဟားဟား ရယ်မောနေမိသည်။

'ငါ့အဆောင်က သူငယ်ချင်းအသစ်လေးကလည်း ဒီကောင်လေးလိုမျိုး ချစ်စရာကောင်းပါ့မလား။'

သူ(မ) တွေးတောနေမိ၏။ ဤအတွေးဖြင့်ပင် သူ(မ)သည် အဆောင်ဆီသို့ ပျော်ရွှင်တက်ကြွစွာဖြင့် ခုန်ပေါက်လာခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ရွှီဝမ်ဝမ်မှာ ရဲ့လုပ်ငန်းစုထံမှ သူ(မ)၏ လစာကို ထုတ်ယူပြီးသွားခဲ့လေပြီ။ သူ(မ) အထုတ်အပိုးများကို သယ်ဆောင်ကာ မြေအောက်ရထားဖြင့် ဟိုင်မြို့တော်တက္ကသိုလ်သို့ ထွက်ခွာလာခဲ့သည်။

ယခင်ဘဝက မှတ်ဉာဏ်များ ရှိနေသဖြင့် သူ(မ)သည် ကျောင်းဝင်းအတွင်းရှိ ဖက်ရှင်ဒီဇိုင်းဌာန၏ စာရင်းပေးသွင်းရာနေရာကို အလွယ်တကူပင် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် ပြီးခဲ့သည့်လက သူ(မ) လက်ခံရရှိထားသော ကျောင်းဝင်ခွင့်စာကို ထုတ်ယူကာ ကျောင်းသားသစ်များကို စာရင်းကောက်နေသည့် တတိယနှစ် စီနီယာအစ်မတစ်ဦးထံသို့ ပေးအပ်လိုက်သည်။

ရွှီဝမ်ဝမ်သည် သူ(မ)အတွက် သတ်မှတ်ထားသော အဆောင်သော့ကို လက်ခံရရှိလိုက်သည့်အခါတွင်မူ ကြောင်အသွားရသည်။

'အဆောင် (၁၈)၊ အခန်း (၁၁၀၉)....’

ဟင်... အရင်ဘဝတုန်းက အခန်း (၁၃၂၀) မဟုတ်ဘူးလား။ ဒီတစ်ခါ ဘာလို့ ပြောင်းသွားရတာလဲ။

သံသယများစွာဖြင့်ပင် ရွှီဝမ်ဝမ်သည် သူ(မ)၏ ခရီးဆောင်အိတ်ကို ဆွဲကာ အဆောင်ဘက်သို့ လျှောက်လာခဲ့သည်။

ဟိုင်မြို့တော်တက္ကသိုလ်၏ အဆောင်ပတ်ဝန်းကျင်မှာ ဟွားခရိုင်ရှိ တက္ကသိုလ်အဆောင်များထဲတွင် အကောင်းဆုံးစံနှုန်းဟုပင် ဆိုနိုင်သည်။

အဆောင်တစ်ခန်းတွင် ကျောင်းသားနှစ်ဦးသာ နေထိုင်ရသည်။ ရိုးရိုးနှစ်ထပ်ခုတင်များ သို့မဟုတ် ခုတင်အောက်တွင် စာကြည့်စားပွဲပါသော ခုတင်မျိုး မဟုတ်ဘဲ တစ်ယောက်အိပ်ခုတင်နှစ်လုံး သီးသန့်စီ ရှိနေခြင်းပင်။ ထို့ကြောင့် အပေါ်ထပ်ခုတင်ပေါ်မှ ပြုတ်ကျမည်ကို စိုးရိမ်စရာမလိုတော့ပေ။

ကျောင်းသားတစ်ဦးစီတွင် ကိုယ်ပိုင်စာကြည့်စားပွဲ၊ အဝတ်ထည့်ဗီရို၊ ပစ္စည်းသိမ်းခန်းနှင့် ကိုယ်ပိုင်ရေချိုးခန်းတို့ ပါဝင်သည်။ ထို့ပြင် ကျယ်ဝန်းသန့်ရှင်းသော ဝရန်တာများ၊ အဲယားကွန်းနှင့် အပူပေးစက်များစသည့် ခေတ်မီအသုံးအဆောင်များလည်း ပါရှိလေသည်။

အကောင်းဆုံးအချက်မှာ သက်သောင့်သက်သာရှိလှသော်လည်း အဆောင်ခမှာ တစ်နှစ်လျှင် တစ်ထောင်သာ ကျသင့်ခြင်း ဖြစ်၏။

ရဲ့ကျင်မုန့်က အဆောင်ခန်းထဲသို့ ရောက်နှင့်နေလေပြီ။ သူ(မ)သည် ခုတင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းရင်း အချစ်ဝတ္ထုများကို ဖတ်နေမိသည်။ အထူးသဖြင့် စီအီးအိုအချစ်ဝတ္ထုကိုပင်။

မှန်ပေသည်။

ရဲ့ကျင်မုန့်က စီအီးအိုအချစ်ဝတ္ထုများကို အလွန်အမင်း သဘောကျသူတစ်ယောက် ဖြစ်၏။ သို့သော်လည်း သူ(မ)သည် မိမိကိုယ်ကိုယ် ဇာတ်လိုက်မင်းသမီးအဖြစ် စိတ်ကူးယဉ်လေ့မရှိပေ။

အမှန်စင်စစ် သူ(မ)ကိုယ်တိုင်သည်လည်း ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် သူ(မ)၏ အနာဂတ်ခင်ပွန်းက စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်သည်၊ မဖြစ်သည်မှာ သူ(မ)အတွက် အရေးမကြီးလှပေ။

သို့သော် သူ(မ)ရဲ့ အစ်ကိုဖြစ်သူကလည်း စီအီးအိုတစ်ယောက်ပင် မဟုတ်ပါလား။

ထို့ကြောင့် ဝတ္ထုဖတ်သည့်အခါတွင် သူ(မ)၏အစ်ကိုကိုသာ ဇာတ်လိုက်စီအီးအိုနေရာတွင် အစားထိုးကာ စိတ်ကူးယဉ်လေ့ရှိသည်။ အစ်ကိုဖြစ်သူက ဝတ္ထုထဲမှ စီအီးအိုများကဲ့သို့ "မိန်းကလေး၊ မင်းက ငါ့ရဲ့အာရုံကို ဖမ်းစားနိုင်သွားပြီပဲ" ဟု မောက်မောက်မာမာနှင့် မိန်းကလေးများကို လိုက်ပိုးပန်းနေမည့် ပုံစံကို တွေးကြည့်ပြီး တဟားဟား ရယ်မောနေမိသည်။

ထို့ပြင် ဟယ်ကျွင်းထင်ကိုလည်း စီအီးအိုနေရာတွင် စိတ်ကူးယဉ်ရသည်ကို သူ(မ) သဘောကျ၏။ ပြောရမည်ဆိုလျှင် ဟယ်ကျွင်းထင်၌လည်း စီအီးအိုများတွင် ရှိတတ်သည့် တည်ကြည်အေးစက်သည့် အမူအရာမျိုး အမြဲရှိနေသည်ပင်။

"ဟားဟားဟားဟား.... တကယ် ရယ်ရတယ်။”

ရွှီဝမ်ဝမ် အဆောင်ခန်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင် ကျယ်လောင်လှသည့် ရယ်သံကြီးကို ကြားလိုက်ရသည်။

သူ(မ) မော့ကြည့်လိုက်သည့်အခါတွင် ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အနေရခက်သွားသည့် အမူအရာမျိုးဖြင့် သူ(မ)ကို စိုက်ကြည့်နေသည့် ရဲ့ကျင်မုန့်ကို တွေ့လိုက်ရ၏။

ရဲ့ကျင်မုန့်လား။ သူ(မ)က ဘာလို့ အဆောင်မှာ နေနေတာလဲ။ အရင်ဘဝတုန်းက သူ(မ)က ကျောင်းနားက တိုက်ခန်းမှာ နေတာ မဟုတ်ဘူးလား။ ဘာလို့ အခုလို ဖြစ်ကုန်တာလဲ။

လူတစ်ယောက် ဝင်လာသည်ကို မြင်သောအခါတွင် ရဲ့ကျင်မုန့်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်လိုက်မိမှန်း သိလိုက်ရသည်။

သူ(မ) ချက်ချင်းပင် ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ထိုအချိန်တွင် တံခါးဝ၌ ကြောင်အမ်းအမ်းဖြင့် သူ(မ)ကို စိုက်ကြည့်နေသည့် ရွှီဝမ်ဝမ်ကို သတိထားမိသွားသည်။

'ဟေး.... ဒါက နွေရာသီကျောင်းပိတ်ရက်တုန်းက ကန်တင်းမှာ အလုပ်လုပ်တဲ့ အချောလေး မဟုတ်လား။ သူ(မ)က ငါ့ရဲ့ အခန်းဖော်အသစ်ပေါ့လေ၊ မိုက်လိုက်တာ။’

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment