no

Font
Theme

ဖန်း​ရှောက်ယိ၏စကားလုံးများသည် ယွမ်ယယ်၏နှလုံးသားကို ဓါးနှင့်ထိုးလိုက်သကဲ့သို့ပင်။ အချိန်အ​​တော်ကြာတဲ့အထိ ယွမ်ယယ်မှာ ဘာမှမ​ပြောနိုင်ဘဲ အံ့အားသင်ပ​နေခဲ့သည်။ ဖန်း​ရှောက်ယိ ထိုသို့​ပြောသည်မှာ အလွန်ရှားပါး​ပေ၏။ လွန်ခဲ့​သောနှစ်များအတွင်း ၎င်းတို့၏ခံစားချက်များအ​ကြောင်းကို လုံးဝမ​ပြောခဲ့ဖူးကြ​ပေ။ ငယ်ငယ်ကတည်းက ဖန်း​ရှောက်ယိမှာ ထိန်းချုပ်မှုရှိ​သောဘလူတစ်​ယောက်ဖြစ်ခဲ့သည်။ ယ​နေ့ သူကလည်း တစ်ခါတစ်ရံ ထိတ်လန့်မှုကိုခံစားရ​ကြောင်း ​ပြောလာခဲ့သည်။ ၎င်းမှာ ယွမ်ယယ်ကို အလွန်အံ့သြသွား​စေခဲ့သည်။

၎င်းမှာ အလွန်ထူးဆန်း​သောခံစားချက်ဖြစ်၏။ ဖန်း​ရှောက်ယိက သူ့(ဖန်း)ကို ပတ်ဝန်းကျင်ရှိလူများနှင့် ခွဲခြားထား​ပေးဖို့အလိုရှိ​​ကြောင်း ယွမ်ယယ်သိ​ပေသည်။ ယွမ်ယယ့်တွင် အမှန်ပင် ထိုပြဿနာရှိသည်။ သူက ပတ်ဝန်းကျင်အားစိတ်ပျက်လာလျှင် ထိုပတ်ဝန်းကျင်နှင့်သက်ဆိုင်​သော လူများအပါအဝင် အရာအားလုံးအား စိတ်ပျက်မိသည်။

​နောက်ဆုံးတွင် ယွမ်ယယ်က ဖန်း​ရှောက်ယိ၏နှာ​ခေါင်း​လေးကို သူ၏လက်​လေးဖြင့် ခပ်ဖွဖွကုတ်ခြစ်လိုက်ပြီး ​ပြောလိုက်၏။ "သိပါပြီ။"

တချို့ကိစ္စများနှင့်ပတ်သက်၍ ဖန်း​ရှောက်ယိက လမ်းပြတစ်​ယောက်နှင့်တူ​သည်။ သူက ယွမ်ယယ်ကို စိတ်ခံစာယချက်အ​ကြောင်များ သင်ကြား​လမ်းပြ​ပေးတတ်သည်။

ထိုည​နေခင်းပြီး​နောက် ၎င်းတို့နှစ်ဦးလုံး ​နောက်တစ်ဖန် ရူး​​ကြောင်​ကြောင်ပြန်ဖြစ်သွားခဲ့ကြသည်။ ကျီ​ရှောင်​ထောင်းမှာ ၎င်းတို့ ဘာမှလုပ်မ​နေတာ​တောင် အလွန်ချိုမြိန်လွန်း​နေပြီဟု အမြဲခံစား​နေရ၏။ သူက ထိုနှစ်​ယောက်ကို ကြည့်​နေ​သော်လည်း မည်သည့်သံသယဖြစ်ဖွယ်ကိစ္စကိုမှ သတိမပြုမိ​ခဲ့ပေ။

ကျီ​ရှောင်​ထောင်းက သူ၏အကြည့်များကိုပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ဖုန်းကိုသာ ​အေး​အေးချမ်းချမ်းကြည့်​နေ​တော့သည်။ ဖုန်းစခရင်​ပေါ်တွင် ယန်စစ်ရန်ကို ကုမ္ပဏီသို့ပြန်​​ရောက်ခြင်းအ​ပေါ် မည်သို့ခံစားရ​ကြောင်း ​မေးမြန်းထား၏။ သူက ကုမ္ပဏီ၏ ​နောက်ထပ်အစီအစဥ်ကိုလည်း ​မေးမြန်းခဲ့သည်။ ယန်စစ်ရန်က ​စောင့်​နေဆဲဖြစ်ပြီး လက်ရှိတွင် မည်သည့်အစီအစဥ်အသစ်မှမရှိ​ကြောင်း ပြန်​ဖြေခဲ့သည်။

ကျီ​ရှောင်​ထောင်းက​ မေးလိုက်သည်။ [သူတို့​တွေ မင်းအတွက် လက်​ထောက်ခန့်​ပေးပြီလား။]

ယန်စစ်ရန်: [ဟင့်အင်း။]

ကျီ​ရှောင်​ထောင်း: [မင်းရဲ့တာဝန်ခံကဘယ်သူလဲ။ မန်​နေဂျာက​ရော?]

ယန်စစ်ရန်: [ကျွန်​တော့်မှာ တစ်​ယောက်မှ မရှိ​သေးဘူး။]

ကျီ​ရှောင်​ထောင်း: [အာ ဒါဆို ​အခု​တော့ စောင့်​နေလိုက်ပါဦး...]

ထိုစကားဝိုင်းပြီး​နောက် ယန်စစ်ရန်က သူ၏ဖုန်းကို အိတ်ကပ်ထဲတည့်လိုက်သည်။ သူသည် ​ဘေးအိမ်က​ကောင်​လေးကဲ့သို့ ရိုးရိုးရှင်းရှင်း အဝတ်အစားများကိုသာ ဝတ်ဆင်ထား၏။ သူ့ကိုကြည့်ရသည်မှာ သန့်ရှင်းသပ်ရပ်​နေသည်။ ကုမ္ပဏီတွင် သူ့ကိုမှတ်မိသည့်သူ များများစားစားလည်းမရှိ​သေး​​ချေ။ ယန်စစ်ရန်က ရုံးခန်းထဲမှာ နာခံစွာ​စောင့်ဆိုင်းနေပြီး ​ဘေးပတ်ဝန်းကျင်ကို​တောင် နည်းနည်း​လေးမျှ မစူးစမ်း​ခဲ့​ပေ။ သူ ဖုန်းကိုကြည့်မ​နေချိန်၌ စားပွဲ​ပေါ်ရှိ မဂ္ဂဇင်းကိုသာ ဟိုလှန်ဒီလှန်လုပ်​နေခဲ့သည်။

သူ ထိုရုံးခန်းထဲ၌ ထိုင်​​စောင်နေသည်မှာ နှစ်နာရီ​ကျော်ကြာ​နေပြီဖြစ်၏။

ထို့​နောက် ကန်းကျင့်​ဝေက လူနှစ်​ယောက်နှင့်အတူ ပြန်လာခဲ့​လေသည်။ ကန်းကျင့်​ဝေက ယန်စစ်ရန်ကိုမြင်လိုက်ရသောအခါ အံ့သြစွာဖြင့် ​မေးလာခဲ့၏။ "ပြန်​ရောက်​လာပြီလား။"

"အင်း။" ယန်စစ်ရန်က ဆိုဖာ​ပေါ်ထိုင်ရင်းပင် ​ခေါင်းညိတ်ပြလိုက်သည်။

ကန်းကျင့်​ဝေက တစ်ဖက်လူကိုစကား​ပြောရင်း သူ၏အလုပ်စားပွဲဆီသို့​ လျှောက်သွားလိုက်သည်။ ထို့​နောက် စီးကရက်တစ်လိပ်ကိုမီးညှိကာ သူ့ကို​မေးလာ၏။ "ရုပ်ရှင်ရိုက်ရတာ မပင်ပန်းဘူးလား။"

"ဟင့်အင်း။" ယန်စစ်ရန်က ပြန်​ဖြေလိုက်​၏။ "အားလုံးက ကျွန်​တော့်ကို ဂရုစိုက်​ပေးကြပါတယ်၊"

"​နောက်လကျ မင်းအတွက် ​နောက်ထပ်ရုပ်ရှင်တစ်ကားစီစဥ်​ပေးမယ်။ အရင်ဆုံး​လေ့ကျင့်ဖို့အတွက် အ​ရေးမကြီးတဲ့ဇာတ်​ကောင်​လေး​တွေကိုပဲ သရုပ်​ဆောင်လိုက်ဦး။" ကန်းကျင့်​​ဝေက ​ပြောလိုက်သည်။

ယန်စစ်ရန်က မငြင်းဆန်ခဲ့ပေ။ သူသည် ​ခေါင်းညိတ်ကာ ​ပြောလိုက််၏။ "ဟုတ်ကဲ့။"

၎င်းတို့က အလုပ်အတွက်လိုအပ်တာမှန်သမျှကို ​ဆွေး​နွေးခဲ့ကြသည်။ ပြီးနောက်တွင် ကန်းကျင့်​ဝေက ​ပြောလာ၏။ "မင်းသွားလို့ရပြီ။"

ရုတ်တရက်ဆိုသလို ယန်စစ်ရန်တစ်​​ယောက် အနည်းငယ်အဆင်မ​ပြေဖြစ်​လာခဲ့သည်။ သူက ကန်းကျင့်​ဝေကို တစ်ချက်ကြည့်လိုက်​သော်လည်း ကန်းကျင့်​ဝေမှာ အခြားတစ်ခုခုကို ခေါင်းငုံ့ပြီး ကြည့်​နေခဲ့၏။ ယန်စစ်ရန်က အလုပ်စားပွဲထိ ​လျှောက်သွားလိုက်ပြီး ကိုယ်ကိုငုံ့ကိုင်း၍ တစ်ဝက်ထိုင်ချကာ ကန်းကျင့်​ဝေ၏​​​ခြေ​ထောက်နား မျက်နှာအပ်ရင်း ​​သူ၏ဘောင်းဘီ​ကို သူ၏အ​ရေပြားနှင့်ပွတ်တိုက်၍ ​လေသံကိုလည်း အ​တော်​လေး​နှိမ့်ထားကာ သူ၏အသက်ရှူသံကပင် နူးညံ့​​နေ​လေသည်။ သူက သတိကြီးစွာဖြင့် ​ပြောလိုက်၏။ "...ကျွန်​တော် ​ကောကို အများကြီးလွမ်း​နေခဲ့တာ။"

ကန်းကျင့်​ဝေက သူ့ကိုငုံ့ကြည့်လာခဲ့သည်။ ယန်စစ်ရန်ကလည်း ​ခေါင်း​မော့ကာ သူနှင့်အကြည့်ချင်းဆုံလိုက်၏။ သူ၏မျက်ဝန်းများထဲမှာ ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်​နေ​ခဲ့သည်။

ကန်းကျင့်​ဝေက ဘာမှမ​ပြောခဲ့​ပေ။ သူ(ကန်း)က သူ့(ယန်)ကို ကြည့်ရုံသာကြည့်​နေခဲ့ပြီး သူ၏အမူအရာမှာ ခန့်မှန်း၍မရ​ပေ။ ယန်စစ်ရန်က မျက်​တောင်ခတ်လိုက်၏။ သူ၏​​ချော​မော​သောမျက်နှာ​လေးအား ​နောက်ပြန်ဆုတ်လိုက်ပြီး ဂရုတစိုက်​မေးလိုက်​လေသည်။ "ဒီည ​ကောရဲ့အိမ်ကို သွားလို့ရမလား။"

...

ယွမ်ယယ်က ​လေးလပိုင်းအစ၌ ရိုက်ကွင်းမှ ခဏထွက်လာခဲ့​သေးသည်။ သေးငယ်​သောစာ​ရေးဆရာများအဖွဲ့၏ စု​ဝေးမှု​တစ်ခုရှိ​သော​ကြောင့်ပင်။ ဖုန်း​လေကျစ်က နာမည်ကြီးဒါရိုက်တာတစ်​ယောက်အတွက် ဇာတ်ညွှန်းညှိနှိုင်း​ရေးမှုးတစ်ဦးဖြစ်၏။ ၎င်းတို့က ဇာတ်ညွှန်းပြီးခါနီးအချိန်တစ်ခုတွင် ထိုဇာတ်ညွှန်းကိုဖတ်ကာ ​ဝေဖန်​အကြံ​ပြုနိုင်ရန်အတွက် လူများကို စုလိမ့်မည်။ ထိုကဲ့သို့နည်းဖြင့် များစွာ​သောစာ​ရေးဆရာတို့၏အမြင်များကို စု​ဆောင်းနိုင်ပြီး လူတိုင်း၏အ​တွေးကို နား​ထောင်ကြည့်ကာ မည်သို့​တောက်ပစွာပျံသန်းနိုင်မည်ကို ရှာ​ဖွေနိုင်​ပေသည်။

ယွမ်ယယ်လည်း ​သေချာ​ပေါက်ရှိ​နေရန်လိုအပ်​ပေသည်။ သူ့တွင် ကိစ္စများကိုကြည့်ရာ၌ ထူးခြား​သောအမြင်ရှိပြီး လျှာ​စောင်းလည်းထက်​ပေ၏။ ထို့အပြင် သူ၏အ​တွေးအမြင်ကိုလည်း ရဲရဲဝံ့ဝံ့ ​ပြောတတ်​ပေသည်။ ထို့​ကြောင့် ​ထပ်ထလဲလဲနားပူပြီး​နောက် ဖုန်းလေကျစ်မှာ သူ့ကိုရ​အောင်​ခေါ်နိုင်ခဲ့​​လေ၏။

ယွမ်ယယ် ရိုက်ကွင်းမှ ရက်အနည်းငယ်​လောက်ခွင့်ယူပြီး တစ်စုံတစ်​ယောက်၏ဇာတ်ညွှန်းကိုကြည့်ရန် ထွက်ခွာလာခဲ့သည်။ ကျန်းလင်းချွမ်ကမူ သူ တစ်စုံတစ်​ယောက်၏ဇာတ်ညွှန်းအတွက် အကူအညီ​ပေးမည်ဟုကြားလိုက်​သောအခါ သူ့ကို ဆူ​​တောင်ဆူခဲ့သည်။ သူက ကိုယ့်အရှုပ်​အ​ထွေးကို​တောင် မပြီးဆုံး​သေးဘဲ ယခုတွင် အခြားတစ်​ယောက်၏အရှုပ်ထုပ်အ​ကြောင်း ​လာပြော​နေသည်ပင်။

မည်သို့ပင်ဖြစ်​စေ ယွမ်ယယ်က ဤအချိန်အ​တောအ​တွင်း သူတို့(ကျန်းလင်းချွမ်ရိုက်​နေတဲ့ရုပ်ရှင်)၏ဇာတ်ညွှန်းကိုကြည့်ရန် စိတ်ပျက်နေ​ခဲ့သည်။ ယခု သူ့တွင်ရှိ​နေ​သောဇာတ်ညွှန်းက အမှိုက်တစ်ခုသာ။ ၎င်းတို့က ထိုဇာတ်ညွှန်းကို တစ်ရက်ပြီးတစ်ရက် ပြန်လည်ပြုပြင်နေ​သော်ငြား ​ကောင်းမလာ​ခဲ့ပေ။ သူ ဒါရိုက်တာ့အား ထိုဇာတ်ညွှန်းကိုပြင်​ပေးရန် နားမချနိုင်သလို ထပ်ထည့်လိုက်​သောဇာတ်​ကွက်များနှင့်ပတ်သက်ပြီး ဘာမှမဖြစ်ပါဟု သူ့ကိုယ်သူလည်း နားမချနိုင်​ခဲ့ပေ။ ထို့​ကြောင့် သူ့မှာ နေ့တိုင်း အလွန်စိတ်ပင်ပန်းရသည်။

ရိုက်ကူး​ရေးမှာ အဆုံးသတ်ခါနီးပြီဖြစ်၏။ ​နောက်လဆိုလျှင် ဖန်းရှောက်ယိလည်း ရိုက်ကူးပြီးစီးသွား​လောက်မည်။

ယွမ်ယယ် ရိုက်ကွင်းမှထွက်လာခဲ့သည်။ ၎င်းတို့(ဖုန်း​လေကျစ်တို့)က သူ့ကိုမြင်​သောအခါ ထုံးစံအတိုင်းစ​နောက်​နေခဲ့ကြ၏။ ထိုအချိန်က သူ Weibo ​ပေါ်တွင် ဖန်း​ရှောက်ယိကို ပိုးပန်းမည်ဟု ယုံကြည်မှုအပြည့်ဖြင့် ပို့စ်တင်ခဲ့သည်။ ထိုအပြုအမူမှာ အ​တော်​လေးကိုတုံးအ​ပေသည်။ ထိုလူများမှာ သူ့ကိုစ​နောက်ဖို့ အချိန်အ​တော်ကြာ ​စောင့်​နေခဲ့ကြခြင်းဖြစ်သည်။ ယခုတွင် ၎င်းတို့အားလုံး သူ့ကိုမြင်​သောအခါ စ​နောက်ခြင်းမှာ မဆုံးနိုင်​တော့​ပေ။

ယွမ်ယယ်က လုံးဝကို စိတ်မဝင်စား​ပေ။ စီးကရက်ကို ပါးစပ်တွင်ကိုက်ခဲထားရင်း ​ပြောလိုက်သည်။ "စိတ်အ​နှောင့်အယှက်မ​ပေးစမ်းပါနဲ့ကွာ။"

"ရှက်တာလား။" တစ်​ယောက်က​ မေးလာသည်။ "ဦး​လေးယယ်က ရှက်တတ်​သေးတယ်​ပေါ့?"

ယွမ်ယယ်က သူတို့ကိုပြန်​ပြောရန် အလွန်ပျင်း​​​နေ၏။ ဒါရိုက်တာလည်း မ​ရောက်​သေးရာ လသာ​ဆောင်ဘက်သို့ ​ဆေးလိပ်​သောက်ရန် ထွက်လာခဲ့သည်။

ကျီ​ရှောင်​ထောင်းက သူ့ဆီ WeChat မှ စာပို့လာ၏။ ၎င်းမှာ ဖန်း​​ရှောက်ယိသရုပ်​ဆောင်ထား​သော ဗီဒီယိုအတို​လေးဖြစ်သည်။

ယွမ်ယယ်: [ငါ​ရိုက်ကွင်းက​နေ ထွက်လာလာချင်း မ​နှောင့်ယှက်စမ်းနဲ့။]

ကျီ​ရှောင်​ထောင်း: [ကျွန်​တော်က အ​နွေးဓါတ်​ပေး​နေတာကို ​ကောသိရဲ့လား။]

ယွမ်ယယ်: [ငါ အဲ့​လောက်ခံစား​နေရတာလည်းမဟုတ်ဘူး၊ အနား​ပေးလိုက်ပါဦး။]

ဇာတ်ညွှန်းတည်းဖြတ်ခြင်းလုပ်ငန်းစဥ်က အ​တော်​လေးပင်ပန်း​ပေ၏။ ၎င်းမှာ ရက်အနည်းငယ်ကြာနိုင်​ပေသည်။ ထိုရက်ပိုင်းအတွင်း ဇာတ်ညွှန်းကို အဆက်မပြတ်ပင် တစ်စစီဆွဲထုတ်ကာ ပြန်​ရေးရလိမ့်မည်။ အပြန်ပြန်အလှန်လှန်တည်းဖြတ်ပြီး​နောက် ​နောက်ဆုံးရလဒ်မှာ မူလအရာနှင့် လုံးဝကို ကွာခြားသွားနိုင်သည်။ စာ​ရေးဆရာအများစုက အခြားအရာများအ​ပေါ် introvert ဆန်တတ်​သော်လည်း ဇာတ်ညွှန်းတည်းဖြတ်ခြင်းမှာ ၎င်းတို့အတွက် စစ်ပွဲပင်။ အဆုံးသတ်၌ လူတိုင်း၏လည်​ချောင်းမှာ အက်ရှ​နေ​တော့သည်။

ယခုလိုအချိန်များတွင် ယွမ်ယယ်က ထက်မြက်ကာ အကြံဥာဏ်​ကောင်းများ ​တွေး​တောတတ်၏။ အခြားသူများ၏အမြင်ကို ငြင်းဆိုတတ်​ရာ၌လည်း ပထမဆုံးသူဖြစ်​ပေသည်။ သို့​သော် သူ​ပြောသည်များမှာ ယုတ္တိရှိသည်ကို​တော့ မည်သူမှမငြင်းနိုင်​ပေ။ ၎င်းမှာ အ​​တော်လေး စိတ်အ​နှောင့်အယှက်ဖြစ်ရသည်။ ၎င်းတို့အားလုံး မည်သူမှ တစ်​ယောက်ကိုတစ်​​ယောက် မ​လေးစားကြ​​သော်လည်း သူမှန်​နေသည်ကို​တော့ ဝန်ခံရမည်သာ။ ​သေချာ​ပေါက် ယွမ်ယယ်၏အကြံကလည်း ​အောက်ဆွဲချခံရသည်။ ​နောက်ဆုံးထွက်​ပေါ်လာသည့်အဆုံးသတ်က ကံတရား​ပေါ်သာ မူတည်​ပေသည်။ တစ်စုံတစ်​ယောက်က ရုတ်ချည်းအကြံဥာဏ်​ကောင်းများထွက်​ပေါ်လာပြီး လူတိုင်းနီးပါးလက်ခံလိုက်တာမျိုး လည်း ဖြစ်​ကောင်းဖြစ်နိုင်​သည်။

သူ၏ဦး​နှောက်မှာ အဆက်မပြတ်မလုပ်လုပ်​နေရ၏။ ၎င်းမှာ အလွန်ပင်ပန်း​သော်လည်း ထိုအရာကပင် ယွမ်ယယ်၏ဘဝ​နေထိုင်နည်းဖြစ်​၏။ ၎င်းမှာ သူအရင်းနှီးဆုံးအလုပ်ဖြစ်ပြီး ရိုက်ကွင်း၌ ဇာတ်ညွှန်း​ဆွေး​နွေးရသည်ထက် ပို၍​ကျေနပ်​သည်။ သူက သရုပ်​ဆောင် သို့မဟုတ် အလွန်အမင်းတည်းဖြတ်မှုများကိုလုပ်​နေ​သော အဖွဲ့သားများအား ​စော်ကားမိမည်ကိုလည်း စိုးရိမ်စရာမလို​ပေ။ ဇာတ်ညွှန်းတစ်ခု၏ အစောပိုင်းအဆင့်များက ရုပ်ရှင်၏ အရိုးရှင်းဆုံးအပိုင်းများဖြစ်သည်။ လူတိုင်းအတွက် ပန်းတိုင်တစ်ခုတည်းသာရှိ၏။ ၎င်းမှာ ထိုဇာတ်ညွှန်းကို ​ကျောက်တုံးမှ ​ရွှေအဖြစ်​​ပြောင်းလဲခြင်းပင်။

ယွမ်ယယ် ထိုဇာတ်ညွှန်း​ဆွေး​နွေးပွဲမှ လွတ်​မြောက်လာ​လေပြီ။ သူပြန်သွား​သောအခါ သူ၏ဖြစ်တည်မှုတစ်ခုလုံးမှာ ​ကောင်းမွန်​သောစိတ်အ​နေအ​ခြေ​တွင်ရှိ​နေပြီး သူက ပြန်လည်အားဖြည့်ရန် ထွက်လာခဲ့သလို ခံစားလိုက်ရသည်။ သူ ရိုက်ကွင်းသို့ပြန်​ရောက်​​သောအခါ ဖန်း​ရှောက်ယိကို လိုက်ရှာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ဖန်း​​ရှောက်ယိကလည်း ရိုက်ကူး​ရေးပြီးပြီဖြစ်၏။ သူက အဝတ်အစားများလဲကာ မိတ်ကပ်များဖျက်၍ ပြန်​တော့မည်ဖြစ်သည်။ ယွမ်ယယ်က ​အော်​ခေါ်လိုက်သည်။ "ယိ​ကော"

ဖန်း​ရှောက်ယိက သူ့ကိုလှည့်ကြည့်လာ၏။ သူ၏မျက်နှာ​ပေါ်တွင် အပြုံးတစ်ခုရှိ​နေသည်။ "ပြန်လာပြီလား"

"အင်း။" ယွမ်ယယ်က​ ခေါင်းညိတ်ပြလိုက်သည်။

"​ဆွေး​နွေးတာက​ရော ဘယ်လိုလဲ။" ဖန်း​ရှောက်ယိက​ မေးလာခဲ့သည်။

ယွမ်ယယ်က ပခုံးတွန့်ကာ ​ပြောလိုက်သည်။ "အတူတူပါပဲ။ ဆုံးဖြတ်ချက်မချနိုင်​သေးဘူး။ ဒုတိယတစ်ခု၊ တတိယတစ်ခု ဒါမှမဟုတ် ငါးခု​မြောက် ဇာတ်ညွှန်းအကြမ်း​တောင် ရှိရင်ရှိ​နေနိုင်တယ်။ ဖုန်း​လေကျစ်က အဲ့လိုကိစ္စ​တွေမှာ အ​တော်ဆုံးပဲ။ လူတိုင်းက အကြံဥာဏ်​တွေထုတ်​နေတုန်း ဇာတ်ညွှန်းညှိနှိုင်းတဲ့သူက​တော့ အဲ့ဒည​တွေအကုန်လုံးကို အတူတူ​ပေါင်းလိုက်ဖို့ ​စောင့်​နေတာ​လေ။ ​တော်​တော်​လေး အကြံကြီးတဲ့​ကောင်။"

ဖန်း​ရှောက်ယိက ရယ်လိုက်သည်။ သူက ယွမ်ယယ်နှင့်အတူ လမ်း​လျှောက်ပြန်ခဲ့ကြသည်။ သို့သော် လမ်းတစ်ဝက်၌ ​ဆွေး​နွေးစရာကိစ္စ​လေးရှိသည်ဟု တစ်စုံတစ်​ယောက် ဖုန်းဆက်လာခဲ့၏။ ယွမ်ယယ်က လမ်း​ဘေးရှိ ခုံတန်း​လေး၌ ထိုင်​စောင့်​နေခဲ့သည်။ အစက သူ ​ဆေးလိပ်​သောက်ချင်​နေခဲ့​သော်လည်း သူ ရိုက်ကွင်းသို့ပြန်​ရောက်လာပြီကို အမှတ်ရလိုက်​သောအခါ ထို​ဆေးလိပ်များကို တိတ်တဆိတ်ပင် ​ဘေးချထားလိုက်ရသည်။

ဖန်း​ရှောက်ယိပြန်လာ​သောအခါ ယွမ်ယယ်က ထိုနေရာ၌ မိန်းက​လေးငယ်တစ်ဦးနှင့် စကား​ပြော​နေ​လေ၏။ ထိုမိန်းက​လေးမှာ အများဆုံး ​လေး၊ ငါးနှစ်သာရှိဦးမည်။ ယွမ်ယယ်က သူ(မ)၏ ကျစ်ဆံမြီး​လေးကို ပွတ်သပ်​ပေးလိုက်သည်။ သူတို့​ပြော​နေသည်များကို​တော့ ဖန်း​ရှောက်ယိမကြားရ​ပေ။

အပြန်လမ်းတွင် ဖန်း​ရှောက်ယိက ယွမ်ယယ်ကို​ပြောလာသည်။ "ဒီ​နေ့ည ဒါရိုက်တာ အကြမ်းဖျင်းတည်းဖြတ်ထားတဲ့ရုပ်ရှင်ကို သွားကြည့်လို့ရတယ်။"

ယွမ်ယယ်က​ မေးလိုက်သည်။ "ဒီရက်ပိုင်းအတွင်းလုပ်ထားတာလား။"

"အမ်း၊ သူအများကြီး တည်းဖြတ်မထားဘူး။" ဖန်း​ရှောက်ယိက သူ့ကိုတစ်ချက်ကြည့်ကာ ​ပြောလိုက်သည်။

ယွမ်ယယ်က ထိုအ​ကြောင်းကို များများစားစားမစဥ်းစား​ပေ။ ၎င်းအား ကိစ္စကြီးတစ်ခုဟုပင် သတ်မှတ်မထား​ချေ။ သူက ထိုခပ်တုံးတုံးရုပ်ရှင်အဆုံးသတ်သွားလျှင် သူ၏နာမည်ကို ဂုဏ်ပြုသည့်စာရင်း၌ ထည့်လိမ့်မည်မဟုတ်​ပေ။ ဇာတ်ညွှန်း​ရေးဆရာများဆိုသည့်​အောက်၌ သူ့နာမည်ပါ​နေလျှင် လုံးဝအရှက်ကွဲလိမ့်မည်သာ။ ယွမ်ယယ်သည် အ​ကောင်းဆုံးကြိုးစားခဲ့​သော်လည်း ဘာမှအရာမထင်လိုက်​ပေ။

အစောပိုင်းက သူ ဇာတ်ညွှန်းအသစ်အတွက် စိတ်ကူးစိတ်သန်းများစွာကို စိတ်အားထက်သန်စွာဖြင့် ဦး​နှောက်ကိုအလုပ်​​ပေးခဲ့သည်။ သူ ပြန်​ရောက်လာပြီး ထပ်ဖြည့်ထားသောဇာတ်​ကွက်များနှင့် ဇာတ်ညွှန်းကို ကြည့်လိုုက်​သောအခါ ယင်းက အစင်ကထက်ပင် ပို၍ဆိုးဝါးသွားသည်ဟု ခံစားလိုက်ရ​လေသည်။

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment