အရိုးတွေ ခန်းခြောက်တဲ့အထိ အစုပ်ခံထားရသလို။
ထိုနာကျင်မှုကိုခံစားဖူးသူသာလျှင် ၎င်းမှာ မည်သို့သောခံစားမှုဖြစ်ကြောင်း အမှန်တကယ်သိနိုင်ကြပေသည်။
ယွမ်ယယ် ရိုက်ကွင်းကိုရောက်လာသည့်အချိန်ကတည်းက သူ အရင်ကနှင့် အတော်လေးကွဲပြားနေခဲ့သည်။ သူ၏စိတ်ထဲ ခံစားနေရသမျှတို့ကို ပြတ်ပြတ်သားသား၊ ပွင့်ပွင့်လင်းလင်းပြောတတ်လာ၏။ ၎င်းမှာ ဖန်းရှောက်ယိလည်း သူ့အပေါ် ခံစားချက်တစ်ခုခုရှိနေသေးကြောင်း အတည်ပြုပြီးဖြစ်သောကြောင့် ဖြစ်နိုင်သည်။ ယခုတွင် သူတို့ကြားရှိအခြေအနေကို သဘောပေါက်ပြီး နောက်ထပ်စမ်းသပ်စရာမလိုတော့ပေ။
ယခု ၎င်းတို့၏စကားဝိုင်းက ထိုအဆင့်သို့ရောက်နေခဲ့လေပြီ... တစ်ယောက်စီတိုင်း သူတို့၏ကိုယ်ပိုင်စိတ်ခံစားချက်တို့ကို နားလည်လာခဲ့ကြ၏။
ရိုက်ကွင်းတွင် ဖန်းရှောက်ယိက 'စန်းချာ' ဖြစ်နေဆဲပင်။ ဒါရိုက်တာကျန်းက သူ့ကို ထပ်ပြီးအနိုင်မကျင့်တော့ဖို့ မပြောခဲ့ရာ သူက ထိုအနိုင်ကျင့်ခံရသည့် ခံစားချက်ကို ဆက်လက်ပြီးကြုံတွေ့နေခဲ့ရ၏။ ၎င်းကြောင့် သူဖယ်ကျဥ်ခံရချိန်နှင့် စနောက်လှောင်ပြောင်ခံရချိန်တွင် ၎င်း၏အကြည့်နှင့် အမူအရာများက နေ့စဥ်ဖြစ်ပျက်နေသလိုမျိုး ရိုက်ကူးနေစဉ်အတွင်း ပိုမိုသဘာဝကျလာမည်ဖြစ်သည်။
ယွမ်ယယ် သူ့ဘာသာသူတွေးနေမိ၏။ 'ငါတို့တွေ ဒါကို သရုပ်ဆောင်လို့ရနေတာပဲ၊ ထပ်ပြီး အတွေ့အကြုံယူနေစရာမှမလိုတာ။'
နေ့လယ်စာအချိန်တွင် ကျီရှောင်ထောင်းက သူတို့၏နေ့လယ်စာဘူးများကို သွားယူရန် နောက်ကျနေခဲ့ရာ ထမင်းဘူးမကျန်တော့ပေ။ သူက အံ့သြတုန်လှုပ်သွားခဲ့၏။ "ဒါက ဘယ်ခေတ်ရောက်နေပြီမို့လဲ။ ဒီလိုမျိုးကိစ္စတွေက ခုထိရှိနေသေးတာလား။"
တစ်စုံတစ်ယောက်က ယွမ်ယယ်၏ထမင်းဘူးကို ကျီရှောင်ထောင်းလက်ထဲ ပို့ပေးလာခဲ့၏။ သူက ကျီရှောင်ထောင်းကို ပြောလိုက်သည်။ "တစ်ခုခုပဲ မှာစားလိုက်ပါကွာ။ ဒါက သနားစရာကောင်းနေတယ်။"
"ဘုရားရေ။" ကျီရှောင်ထောင်းမှာ မယုံနိုင်ခြင်းများစွာဖြင့် ပြောလိုက်သည်။ "ယယ်ကော၊ ဒီရိုက်ကွင်းကလူတွေကို ကြည့်လိုက်စမ်းပါ။ သူတို့တွေကလည်း ဇာတ်ကောင်ထဲကို နစ်ဝင်လွန်းနေတာမဟုတ်ဘူးမလား။ သူတို့က ကျွန်တော်တို့ကို စားစရာတောင်မပေးတော့ဘူး။ ဒီလိုလုပ်တာ ဘယ်နှခါတောင်ရှိနေပြီလဲ။"
ယွမ်ယယ်နှင့် ဖန်းရှောက်ယိတို့အတွက် ထမင်းဘူးတစ်ခုတည်းအတူစားရန် ဘာဖိအားမှမရှိချေ။ သူက ကျီရှောင်ထောင်းကိုပြောလိုက်၏။ "ငါ့အတွက် ပီဇာမှာပေး။ ငါတို့နှစ်ယောက်လုံး ဒါပြီးရင် ထပ်စားနိုင်သေးတယ်။"
ကျီရှောင်ထောင်းတစ်ယောက် ပါဆယ်မှာယူနေစဥ် ညည်းညူနေခဲ့သည်။ သူက နောက်တစ်ကြိမ် ဒါရိုက်တာကျန်း၏ရုပ်ရှင်ကမ်းလှမ်းချက်များအတွက် ကန်းကောကို ငြင်းခိုင်းလိုက်မည်ဟု တွေးနေခဲ့၏။ ၎င်းတို့တွေ ဤအရာများကို လက်မခံနိုင်ချေ။ ဤဒါရိုက်တာက မည်သို့ကစားရမည်ကို ကောင်းကောင်းသိပေ၏။ သူက ၎င်းတို့ကို သေလုမျောပါးအထိ ကစားလိမ့်မည်။
သူတို့နည်းတူ သနားစရာကောင်းသော လူတစ်ယောက်ကျန်နေသေး၏။ မှာနေစဥ်အတွင်း ကျီရှောင်ထောင်းက ယန်စစ်ရန်အတွက်လည်း မှာပေးလိုက်သည်။ သူ၏လက်ထောက်က ပြန်ခေါ်ခံလိုက်ရပြီး ယခု ရိုက်ကွင်းမှာ သူတစ်ယောက်တည်းသာဖြစ်နေသည်။ ကန်းကျင့်ဝေက ကျီရှောင်ထောင်းအား သူ့ကိုပါကြည့်ရှုပေးပြီး ဘာမှမလိုအပ်လျှင်တော့ သူ့ဘာသာသူ လွှတ်ထားပေးရန် ပြောလာခဲ့သည်။ မည်သို့ပင်ဆိုစေ သူ့အတွက် ရိုက်ကူးရမည့်ရက်မှာ သိပ်မကျန်တော့ပေ။
ကျီရှောင်ထောင်းက ပုံမှန်အတိုင်း လိုအပ်သည့်အခါမှသာ ယန်စစ်ရန်ကို ကြည့်ရှုပေးခဲ့လေ၏။ အချိန်အများစုတွင် သူက တစ်ဖက်လူအား မနှောင့်ယှက်ခဲ့ချေ။ ရိုးရိုးသားသားဆိုရလျှင် ထိုကဲ့သို့ သရုပ်ဆောင်သစ်လေးများက ကုမ္ပဏီတွင် ကျီရှောင်ထောင်းလောက်ပင် ရာထူးမမြင့်ပေ။ ၎င်းမှာ သူက လူကောင်းလေးဖြစ်သောကြောင့်သာ။ အခြားသူများသာဆိုလျှင် ၎င်းတို့က ယန်စစ်ရန်ကဲ့သို့ လူသစ်လေးများကို လုံးဝဂရုစိုက်လိမ့်မည်မဟုတ်ပေ။
၎င်းတို့ နေ့ခင်းတွင်ရိုက်ကူးရမည့်အခန်းက မလွယ်ကူပေ။ ယန်စစ်ရန်က ရိုက်ကွင်းတွင် sweatpants တစ်ထည်ဝတ်ထားပြီး နေ့ခင်းရိုက်ကူးရသည့်အခါ ထိုဘောင်းဘီကို ချွတ်ရန်လိုအပ်၏။
ယနေ့ရိုက်ရမည်မှာ စန်းချာ၏ဆိုင်သော့ဖောက်ထွင်းခံရပြီး အံဆွဲထဲရှိ ပိုက်ဆံများအားလုံး အခိုးခံလိုက်ရသည့်အခန်းဖြစ်သည်။ သူက စိတ်ပျက်အားလျော့စွာဖြင့် အိမ်ရှင်၏အိမ်သို့ သွားခဲ့သည်။ ထိုအချိန်တွင် သူ၏အိမ်ရှင်က စွပ်ကျယ်နှင့် အတွင်းခံကိုသာဝတ်ထားပြီး တစ်ရေးအိပ်နေခဲ့၏။ စန်းချာက ရုတ်တရက်တံခါးတွန်းဖွင့်လိုက်သောအခါ သူက ဆိုဖာပေါ်ကနေ ထိန်လန့်တကြားထခုန်လိုက်ပြီး သူ့ကိုယ်သူဖုံးအုပ်ရန် ခေါင်းအုံးကို ဆွဲယူလိုက်လေသည်။
ယန်စစ်ရန်က ရှက်ရွံ့နေသော လူငယ်တစ်ဦး၏ သနားစရာကောင်းသောအကြည့်ကို အောင်မြင်စွာ သရုပ်ဖော်နိုင်မည်လား မသိနိုင်သေးပေ။
ကျီရှောင်ထောင်းက သူ့ကို ပီဇာလှမ်းပေးရင်း ယန်စစ်ရန်ကိုပြောလိုက်၏။ "မင်း စိတ်လှုပ်ရှားပြီး ရှက်နေစရာမလိုဘူး။ အနုပညာအတွက်ဆို မင်း ကိုယ်တုံးလုံးချွတ်ထားရရင်တောင် ကိစ္စမရှိဘူး။"
ယန်စစ်ရန်က အနည်းငယ်ရှက်ရွံ့နေပြီး ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်၊ ကျေးဇူးတင်ပါတယ် ရှောင်ထောင်းကော။"
ဤအခန်းမှာ သရုပ်ဆောင်ရမခက်ပေ။ ထိုကဲ့သို့ သရုပ်ဖော်ပြမှုကိုလိုအပ်သော အပြင်ပိုင်းသရုပ်ဆောင်ရခြင်းမှာ အရည်အချင်းရှိသော လူသစ်လေးများအတွက် လွယ်ကူပေ၏။ စိတ်ခံစားချက်လိုအပ်သော အတွင်းပိုင်းရိုက်ချက်များကသာ ပို၍ခက်ခဲသည်။ ဖန်းရှောက်ယိရော ဒါရိုက်တာကပါ သူ့အား ထိုအခန်းအတွက် များများစားစားမပြောဘဲ သူ မည်သို့သရုပ်ဆောင်မည်ကို အရင်ဆုံးကြည့်ရန် လွှတ်ထားပေးလိုက်သည်။
ယွမ်ယယ်က ပီဇာတစ်စိတ်သယ်ကာ ဒါရိုက်တာ၏ဘေးသို့ လျှောက်သွားလိုက်၏။ ဒါရိုက်တာက သူ့ကို ဆူလာခဲ့သည်။ "ငါ့ဘေးလာရပ်ပြီး ပီဇာစားမနေနဲ့။ မင်းနည်းနည်းလေး ပိုပြီးတော့ မစဥ်းစားမတွေးခေါ်တတ်ဘူးလား။ မင်းက ဒါရိုက်တာကိုကျ မကျွေးဘဲ ဘေးမှာစားပြနေတယ်?"
ယွမ်ယယ်က အလျင်အမြန်ပြန်ပြေးသွားပြီး ဘူးကိုသယ်လာခဲ့သည်။ အထဲတွင် ပီဇာနှစ်စိတ်ကျန်နေသေး၏။ ယွမ်ယယ်တစ်ယောက် ဒါရိုက်တာကို အကုန်ပေးလိုက်ပြီး ပြောလိုက်လေ၏။ "ဒါရိုက်တာကြီးက ဒီလိုမျိုးတွေစားတတ်လားဆိုတာ ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ။ ကျွန်တော်သာ သိခဲ့ရင် စောစောကတည်းက လာပေးမှာပေါ့!"
"ငါ တကယ်ကြီး ကြိုက်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ရှုတင်ထမင်းတွေစားရတာ အရမ်းငြီးငွေ့လာပြီ။" ဒါရိုက်တာက တစ်ကိုက်ကိုက်လိုက်ပြီးနောက် စားရင်းပြောလာခဲ့သည်။
ယွမ်ယယ်တစ်ယောက် ဒါရိုက်တာဘေးမှာ ဆောင့်ကြောင့်ထိုင်ကာ မော်နီတာကို ကြည့်လိုက်သည်။ ထိုထဲတွင် ယန်စစ်ရန်က သူ၏ဘောင်းဘီကို ချွတ်နေခဲ့၏။ ဖန်းရှောက်ယိက သူ့ကိုစကားပြောနေသည်။ ဒါရိုက်တာက လက်ထဲတွင် စကားပြောစက်ကိုကိုင်ထားပြီး action ဟုအော်ရန် ပြင်ဆင်နေလေ၏။ ယန်စစ်ရန်က အတွင်းခံဘောင်းဘီလေးနှင့် ဆိုဖာပေါ်တွင်ထိုင်နေပြီး မလှဲချရသေးပေ။ သူက နှုတ်ခမ်းကိုကိုက်ကာ အနည်းငယ်ရှက်နေသည့်ပုံပင်။ ဒါရိုက်တာက မျက်ခုံးများတွန့်ချိုးလိုက်ရာ ယွမ်ယယ်က ပြောလိုက်၏။ "ကလေးတွေက ရှက်တတ်တယ်၊ ဖြည်းဖြည်းချင်းသွားရင်း ပိုအဆင်ပြေသွားမှာပါ။"
ဖန်းရှောက်ယိက ကင်မရာကိုကျောပေးလျက် ယန်စစ်ရန်ရှေ့တွင်ရပ်နေ၏။ ထို့နောက် ရုတ်တရက် တစ်ဖက်လှည့်လာကာ လက်အမူအရာလုပ်ပြလိုက်ပြီးနောက် ပြောလာခဲ့သည်။ "ခဏစောင့်ဦး။"
ဒါရိုက်တာက စကားပြောစက်မှတစ်ဆင့်ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။"
"ဘာဖြစ်လို့လဲ ရှောင်ယိကော။" ဇာတ်ညွှန်းအကြံပေးသူက မေးလိုက်သည်။
ဖန်းရှောက်ယိက သူ့ကိုပြောလိုက်၏။ "ကျွန်တော့်ကို စောင့်ပေးပါဦး။ တောင်းပန်ပါတယ်။" ထို့နောက် သူက အရှေ့သို့ကုန်းကာ ယန်စစ်ရန်ကို တစ်ခုခုပြောလိုက်သည်။ ယန်စစ်ရန်က ဘောင်းဘီပြန်ဝတ်၍ သူ့အနောက်သို့လိုက်သွားခဲ့လေ၏။
ဖန်းရှောက်ယိက ယန်စစ်ရန်ကို အဝတ်လဲခန်းထဲခေါ်လာခဲ့သည်။ ကျီရှောင်ထောင်းက ယွမ်ယယ်ကို တမင်တကာ စနောက်လာလေ၏။ "ယယ်ကော၊ ကျွန်တော့်ရဲ့ကောက ချာတိတ်လေးကို အဝေးခေါ်ထုတ်သွားပြီ!"
ယွမ်ယယ်က ပီဇာစားပြီးနောက် လက်ကိုခါလိုက်လေသည်။ ထို့နောက် သူက မျက်နှာတည်ထားသော်လည်း ပေါ့ပါးသည့်လေသံဖြင့် ပြောလာ၏။ "မှန်းကြည့်လိုက်လေ၊ မင်းရဲ့ကောက ကြည်နူးစရာကောင်းတဲ့ နွေဦးလေပြည်ကြားမှာ ရောက်နေတာ။ တစ်ဖက်မှာ သူ့ရဲ့ ရည်းစားဟောင်းက သူ့ရဲ့ရိုက်ကွင်းနောက် လိုက်လာတယ်။ တစ်ဖက်မှာကျ သူက သူ့ရဲ့သတင်းထွက်နေတဲ့ ငယ်ရွယ်တဲ့ရည်းစားလေးနဲ့ အီစီကလီလုပ်နေတယ်။ ကျစ်၊ ဒီဘဝကြီးကကွာ။"
ဖန်းရှောက်ယိ ယန်စစ်ရန်ကို ခေါ်ထုတ်သွားသည်မှာ မိနစ်နှယ်ဆယ်နီးပါးကြာပေ၏။ ၎င်းတို့ပြန်လာသောအခါ ယန်စစ်ရန်က အများကြီး စိတ်အေးသွားပြီး လူတိုင်းကို ဦးညွတ်ကာ တောင်းပန်လာခဲ့သည်။ "ကျွန်တော်တောင်းပန်ပါတယ်။ လူတိုင်းရဲ့အချိန်တွေကို ဖြုန်းလိုက်မိပြီ။"
ထိုအချိန်လေးအတွင်း ဖန်းရှောက်ယိက သူ့ကို မည်သည့်အရာများသင်ကြားပေးလိုက်သလဲ မည်သူမှမသိချေ။ ယန်စစ်ရန်မှာ စောစောကနှင့် လုံးဝမတူတော့ပေ။ သူက သူ့ကိုလုပ်ခိုင်းသည့်အရာမှန်သမျှကိုလုပ်ပြီး အရာရာတိုင်းကို အလွန်ကြောင်တောင်တောင်ဖြစ်မနေတော့ပေ။ ကျီရှောင်ထောင်းက ယွမ်ယယ်ဘယ်လိုဖြစ်နေမလဲဟု တိတ်တိတ်လေး ချောင်းကြည့်နေခဲ့၏။ သို့သော် ယွမ်ယယ်၏အမူအရာမှာ လုံးဝတည်ငြိမ်နေပြီး ကျီရှောင်ထောင်းမှာ ဘာမှမသိနိုင်ခဲ့ချေ။
ထိုအခန်းမှာ သီအိုရီအရလွယ်သော်လည်း ခဏခဏရိုက်နေရဆဲပင်။ ၎င်းတို့ ထိုအခန်းကို မအောင်မြင်မချင်း ယန်စစ်ရန်မှာ ဘောင်းဘီပြန်မဝတ်နိုင်ခဲ့ချေ။ သူ၏ ရှည်လျားသွယ်လျသော ခြေတံများမှာ လူတိုင်းရှေ့တွင် မြင်နေရပေသည်။ ဒါရိုက်တာက 'cut' ဟု အော်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ဘောင်းဘီကောက်ဝတ်လိုက်သော်လည်း ၎င်းမှာ အတော်လေး ဆွဲဆောင်မှုရှိနေဆဲပင်။
ယွမ်ယယ်တစ်ယောက် ကန်းကျင့်ဝေ လူရွေးသည့်နေရာမှာ အတော်အံ့သြစရာကောင်းသည်ဟု တွေးလိုက်မိသည်။ ဤတစ်ယောက်က အနာဂတ်တွင် ငွေထုတ်စက်ကလေးဖြစ်လာနိုင်ပေ၏။ ဖန်းရှောက်ယိ၏ကုမ္ပဏီက သရုပ်ဆောင်များနာမည်ကြီးရန်အတွက် အင်တာနက်ပေါ်တွင် ပရိုမိုးရှင်းဆင်းမပေးသည်ကတော့ နှမြောစရာပင်။ မဟုတ်လျှင် ထိုချာတိတ်က ဒီထပ်မြန်မြန် နာမည်ကြီးလာနိုင်သည်။
ရိုက်ကွင်းတွင် ဆေးလိပ်သောက်ခွင့်မပြုရာ ယွမ်ယယ်၏အိတ်ကပ်ထဲတွင် ဆေးလိပ်တစ်လိပ်မှ မရှိချေ။ သူက နောက်ဆုံးမှာတော့ ဖန်းရှောက်ယိ၏ လည်ချောင်းနာပျောက်သည့်ငုံဆေးကို ဆွဲထုတ်ကာ ကောက်ငုံလိုက်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့နှစ်ဦးကြား ရုပ်ပိုင်းဆိုင်ရာအထိအတွေ့မရှိသော်ငြား ၎င်းမှာ လေးနက်သောအခန်းတစ်ခန်းဖြစ်နေဆဲပင်။ အတိတ်တုန်းက ယွမ်ယယ်သည် ဖန်းရှောက်ယိက ထိုထက်ပိုသောအခန်းများရိုက်ကူးနေရသည့် ရိုက်ကွင်းကိုလည်း လိုက်သွားခဲ့ဖူးသည်။ သူ ထိုအရာများကိုကြည့်ပြီး ဘာမှမခံစားရပါဟု မပြောနိုင်သော်လည်း အမှန်တကယ် အတွေးလွန်မနေခဲ့ပေ။ ၎င်းမှာ ဖန်းရှောက်ယိ၏အလုပ်ဖြစ်၏။ ထို့ကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ သူများများစားစားမတွေးသင့်ပေ။ အလွန်အကျွံအခန်းများမဟုတ်သရွေ့ အဆင်ပြေပေသည်။ ထို့ပြင် ဖန်းရှောက်ယိကလည်း ထိုသို့သောအခန်းများပါသည့် ရုပ်ရှင်ကမ်းလှမ်းချက်များကို လက်မခံပေ။ သူက အမြဲတစေ ကိုယ်ကျင့်တရားဆိုင်ရာစည်းမျဥ်းကို ထိန်းသိမ်းထားခဲ့၏။ ဤနှစ်များအတွင်း ဖန်းရှောက်ယိက မည်သည့်အနမ်းအခန်းကိုမှ မရိုက်ကူးခဲ့သလို အလွန်အကျွံရင်းရင်းနှီးနှီးဆက်ဆံရသည့်ဇာတ်ကွက်များပါသည့် ရှပ်ရှင်များကိုလည်း ငြင်းခဲ့သည်။
ထိုအခန်းကို ရိုက်ကူးပြီးနောက် ယန်စစ်ရန်က ဘောင်းဘီဝတ်လိုက်ပြီး ဖန်းရှောက်ယိကို ထပ်ပြီး ကျေးဇူးတင်လိုက်သည်။
ဖန်းရှောက်ယိက တစ်ဖက်လူကို ခေါင်းယမ်းပြပြီး ဘာမှမပြောခဲ့ပေ။
သူက ညပိုင်း၌ ရိုက်ကူးရေးလုပ်ရဦးမည်။ ဖန်းရှောက်ယိက ဝတ်စုံလဲရမည်ဖြစ်ပြီး မတူညီသော မိတ်ကပ်အပြင်အဆင်ကို လိုအပ်ပေသည်။ ယွမ်ယယ်က ရိုက်ကွင်းရှိ အခြားအလုပ်သမားများနှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့သည်။ ဖန်းရှောက်ယိပြန်လာသောအခါ သူက ယွမ်ယယ်၏ဦးခေါင်းလေးကို တောက်လာခဲ့သည်။ ယွမ်ယယ် တစ်ဖက်လူကိုမော့ကြည့်လိုက်ရာ ဖန်းရှောက်ယိက သူ့ကိုလိုက်ခဲ့ဖို့ အချက်ပြလာခဲ့သည်။
ယွမ်ယယ်တစ်ယောက် စောစောက သူနှင့်စကားပြောနေသည့်သူကို ပြောလိုက်သည်။ "တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော့ရဲ့ဘော့စ်က အချက်ပြသွားတယ်။"
သူက ခုန်ထလိုက်ပြီး ဖန်းရှောက်ယိနောက်သို့လိုက်သွားခဲ့လေသည်။ ဖန်းရှောက်ယိက သူ့ကို ဇာတ်ကားထဲတွင် သူပိုင်သည့် ဆံပင်ညှပ်ဆိုင်ထဲ ခေါ်သွားခဲ့၏။ ဖန်းရှောက်ယိက လက်တစ်ဖက်ကို သူ့လည်ကုပ်ပေါ်တင်ကာ ခေါင်းလျှော်သည့် ရေဇလုံကန်ထဲ အသာလေးတွန်းလိုက်သည်။ ယွမ်ယယ်တစ်ယောက် သူ၏ဦးခေါင်းတစ်ခုလုံး စိုသွားသည့်အခါမှသာ မေးရန်သတိရတော့သည်။ "ဘာလုပ်နေတာလဲ ကော။"
ဖန်းရှောက်ယိက ရေပန်းကိုကိုင်ထားပြီး လက်တစ်ဖက်က ယွမ်ယယ်၏ဆံပင်များကို အသာအယာပွတ်သပ်ပေးနေ၏။ သူက နူးညံ့စွာပြောလာခဲ့သည်။ "မင်းရဲ့ဆံပင်တွေရှည်လာပြီ။ ကိုယ် ညှိပေးမယ်။"
"အာ။" ယွမ်ယယ်က အလွန့်အလွန်ပူးပေါင်းပေးခဲ့သည်။ သူက အရှေ့သို့ကုန်းကာ ဖန်းရှောက်ယိအား သူ့ဆံပင်ကိုလျှော်ခွင့်ပြုလိုက်သည်။ ထို့နောက် တဘက်တစ်ထည်ယူကာ သုတ်လိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်၏။
၎င်းတို့နှစ်ဦးသားက မှန်ထဲမှတစ်ဆင့် အကြည့်ချင်းဆုံလိုက်ကြသည်။ နောက်ရိုက်ရမည့်အခန်းမှာ ဤနေရာတွင်မဟုတ်ပေ။ အပြင်ဘက်တွင် ဟိုဟိုဒီဒီလျှောက်နေကြသော လူများရှိကြသော်လည်း ထိုဆိုင်လေးထဲတွင် မည်သူမှမရှိချေ။ ဖန်းရှောက်ယိက ဆံပင်ရိတ်သည့်စက်ကို ကိုင်ထားသည်။ သူက ယွမ်ယယ်ကို မှန်ထဲမှတစ်ဆင့်ပြုံးပြလိုက်ပြီး မေးခဲ့သည်။ "ဘယ်လောက်လောက်တိုချင်လဲ။"
ယွမ်ယယ်က ဆံပင်ညှပ်ရာတွင်သုံးသည့် အဝတ်စကိုယူကာ ဖန်းရှောက်ယိထံကမ်းပေးလိုက်ပြီး သူ့(ယွမ်ယယ်)ပေါ်ကို ဝတ်စေလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။ "မင်းသဘောပဲ။"
ယွမ်ယယ်က သူ၏ဆံပင်နှင့်ပတ်သက်၍ သိပ်ဂရုမစိုက်ချေ။ သင်သာ သူ့ကို ဆံပင်ရိတ်စက်တစ်ခုပေးလိုက်ပါက သူကိုယ်တိုင် ကတုံးတုံးလိမ့်မည်သာ။ အဘယ့်ကြောင့်ဆိုသော် ဖန်းရှောက်ယိက သူ၏ဆံပင်ငုတ်တိုဦးခေါင်းလေးကို သဘောကျသောကြောင့် သူ၏ဆံပင်ကို အလွန့်အလွန် တိုတိုလေးသာထားတတ်သည်။
ရိတ်နေရင်း တစ်ဝက်တွင် ယွမ်ယယ်က အရင်ထရယ်လေသည်။ မှန်ထဲကိုကြည့်ရင်း သူက မှတ်ချက်ပေးလိုက်၏။ "မင်း ငါ့ခေါင်းကို ပြောင်နေအောင်ရိတ်လို့စတယ်။"
ဖန်းရှောက်ယိမှာ သူ၏လက်ရည်ကို အတော်လေးကျေနပ်နေ၏။ "ဒီပုံက ကြည့်ကောင်းတယ်။"
ယွမ်ယယ်က ထိုအရာကို မည်သို့မှ သဘောမထားပေ။ သူက တစ်ဖက်လူစိတ်တိုင်းကျ လုပ်ခွင့်ပေးထားခဲ့သည်။
၎င်းမှာ အတော်လေးကျဥ်းသောအခန်းတစ်ခန်းဖြစ်ပြီး ဆံပင်ရိတ်စက်၏အသံကိုသာ ကြားနေရ၏။ ယွမ်ယယ် မှန်ထဲကနေ ဖန်းရှောက်ယိကိုသာ စိုက်ကြည့်နေခဲ့သည်။ အစမှအဆုံးထိ ဖန်းရှောက်ယိက ခေါင်းငုံ့ထားခဲ့၏။ သူက ယွမ်ယယ်၏ဆံပင်ကို သေချာဂရုတစိုက်နှင့် ရိတ်ပေးနေခဲ့သည်။ အနှီမြင်ကွင်းမှာ နွေးထွေးလှပေသည်။ ၎င်းတို့နှစ်ဦးကြားတွင် တိတ်တဆိတ် ဆွဲဆောင်မှုလေးတစ်ခုက ချိတ်ဆက်ထားခဲ့သည်။
ထိုနေ့က ယွမ်ယယ်တစ်ယောက် အရင်ပြန်မသွားခဲ့ပေ။ သူက ဖန်းရှောက်ယိ ရိုက်ကူးပြီးတဲ့အထိ ရိုက်ကွင်း၌နေကာ စောင့်နေခဲ့သည်။ သူပြီးသွားသောအခါ ညကိုးနာရီပင်ရှိနေပြီဖြစ်၏။ ရာသီဥတုမှာ အတော်လေးကောင်းမွန်နေသည်။ လေညှင်းလေးသာတိုက်ခတ်နေပြီး ၎င်းတို့ကိုဖြတ်တိုက်သွားချိန်၌ အတော်လေးကို သက်တောင့်သက်သာရှိလှ၏။ နှစ်ဦးသား ဟိုတယ်သို့ကားဖြင့်မပြန်ဘဲ ထိုအစား ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့ကြသည်။
၎င်းတို့ စတိုးဆိုင်အသေးစားလေးကို ဖြတ်သွားသောအခါ ယွမ်ယယ်က ထိုဆိုင်ထဲသို့ဝင်သွားပြီး ဆေးလိပ်တစ်ဘူးဝယ်လိုက်၏။ ထို့နောက် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ ဖန်းရှောက်ယိက ဘာမှမပြောခဲ့ပေ။
ဆေးလိပ်ကို နှုတ်ခမ်းကြားညှပ်ထားရင်း ယွမ်ယယ်က ဖန်းရှောက်ယိကိုတစ်ချက်ကြည့်ကာ ခေါ်လိုက်သည်။ "ကော"
ဖန်းရှောက်ယိက အသံပြုခဲ့၏။
ယွမ်ယယ်က ရုတ်တရက်ကြီး သူ့ကိုမေးလာခဲ့သည်။ "မင်း ငယ်တာကိုကြိုက်လား၊ ကြီးတာကိုကြိုက်လား။"
ဖန်းရှောက်ယိမှာ ပထမက ကြောင်အမ်းသွားလေ၏။ ထို့နောက်တွင် ရယ်မောခဲ့လေသည်။ သူက လက်လှမ်းကာ ယနေ့ ယွမ်ယယ်ကို သူညှိပေးခဲ့သော ဆံပင်လေးအား ပွတ်သပ်ပေးလိုက်သည်။ "မင်းက ဘာကိုမေးဖို့ကြိုးစားနေတာလဲ။"
ယွမ်ယယ်က ဖြေလိုက်၏။ "ဒီတိုင်း၊ ငါ ဒီနေ့ ရုတ်တရက်ကြီး အသက်ကြီးနေပြီလို့ ခံစားမိလို့။"
ဖန်းရှောက်ယိ၏မျက်လုံးများထဲတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်နေဆဲပင်။ သူက တစ်ဖက်လူကိုပြောလိုက်၏။ "ကိုယ်ငယ်ငယ်တုန်းက ငယ်တဲ့သူတွေကိုကြိုက်တယ်။ အခု ကိုယ်က အသက်ကြီးလာတော့ အသက်ကြီးတဲ့သူတွေကိုပဲကြိုက်တယ်။"
သူ၏အဖြေတွင် မည်သည့်ပြဿနာမှမရှိချေ။ မျှော်လင့်ထားသည့်အတိုင်းပင် ဖန်းရှောက်ယိက အမြဲတမ်း ခြောက်ပစ်ကင်းပေ၏။ ယွမ်ယယ်က ဆေးလိပ်ကို ဆုပ်ကိုင်လိုက်ပြီး ဖန်းရှောက်ယိကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "မင်းက အရမ်းဥာဏ်များတာပဲ။"
ထိုနေ့က ၎င်းတို့နှစ်ဦးသား လမ်းတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်သွားခဲ့ကြသည်။ ထို့နောက် ခုံတန်းလေးကိုတွေ့လိုက်သောအခါ ဝင်ထိုင်လိုက်ပြီး ကျပန်းအကြောင်းအရာများအကြောင်း စကားလက်ဆုံမျှဝေခဲ့ကြ၏။ ထိုခံစားချက်မှာ အတော်လေး ကောင်းမွန်ပေသည်။ ဖန်းရှောက်ယိသည် နေ့ခင်းတုန်းက ယန်စစ်ရန်၏ခြေထောက်တွင် ဒဏ်ရာအချို့ကိုတွေ့လိုက်ပြီး ထိုအရာများက ကင်မရာပေါ်တွင် ကြည့်မကောင်းရာ တစ်ဖက်လူကို မိတ်ကပ်တချို့ဖြင့်ဖုံးရန် ခေါ်သွားခြင်းဖြစ်ကြောင်း ယွမ်ယယ်ကိုပြောပြခဲ့၏။
ယွမ်ယယ်က အနီးနားရှိ ကျောက်တုံးပေါ် ဆောင့်ကြောင့်ထိုင်ကာ ပါးစပ်ထဲတွင် ဆေးလိပ်ကိုခဲထားရင်း ဖန်းရှောက်ယိကို စိုက်ကြည့်နေခဲ့သည်။ သူက ခေါင်းယမ်းလိုက်သည်။ "ငါ အဲ့အကြောင်းကို လုံးဝ စိတ်မဝင်စားပါဘူးနော်။"
ဖန်းရှောက်ယိက ရယ်လိုက်ပြီး သူ့ကိုမေးလာ၏။ "အဲ့လိုလား။ ကိုယ်က ယွမ်လောင်ရှီး သဝန်တိုနေတယ်လို့ ထင်လိုက်တာ။"
ယွမ်ယယ်က မျက်လုံးများမှေးကျဥ်း၍ ဖန်းရှောက်ယိကို မျက်လုံးလှန်ကြည့်လိုက်၏။ ဆေးလိပ်ကို နှုတ်ခမ်းကြားတွင်ထိန်းထားပြီး သူ၏လက်နှစ်ဖက်လုံးက သူ၏ဒူးပေါ်မှာရှိနေသည်။ ၎င်းမှာ သိပ်မသင့်တော်သောအနေအထားဖြစ်ပြီး ရန်လိုနေသောအနေအထားလည်းဖြစ်၏။ သို့သော် အတော်လေးဆွဲဆောင်မှုရှိနေသည်။ ထိုအနေအထားအတိုင်းပင် ယွမ်ယယ်က ဖန်းရှောက်ယိကို စိုက်ကြည့်ပြီး မေးလိုက်သည်။ "ငါက မဟုတ်ဘူးလို့ပြောရင် မင်းက ယုံမှာလား။"
ဖန်းရှောက်ယိက မျက်ခုံးပင့်လိုက်၏။ သူက ယွမ်ယယ်စောစောကပြောခဲ့သည့်အရာကို ပြန်လည်စနောက်လိုက်သည်။ "ဒါပေမဲ့ သူကငယ်တယ်လေ။"
ယွမ်ယယ်က ကျောက်တုံးပေါ်ကနေ ခုန်ဆင်းလိုက်သည်။ သူက ဖန်းရှောက်ယိနှင့် ခြေတစ်လှမ်းအကွာတွင်သာရှိနေသည်။ သူက ဆေးလိပ်ကို ပါးစပ်ထဲမှထုတ်ကာ နှာမှုတ်လိုက်၏။ သူထပ်ပြောလာသောအခါ ၎င်းမှာ ယွမ်ယယ်၏ထူးခြားမှုဖြစ်သော လွတ်လပ်ကာ ကြောက်ရွံ့မှုကင်းသောလေသံဖြင့် --
"မင်း ငါနဲ့ ပထမဆုံးအတူနေတုန်းက..... ငါ ဆယ့်ခုနစ်နှစ်ပဲရှိသေးတယ်။"
"အခု မင်းက ငါ့ကို နှစ်ဆယ်ကျော်အရွယ်လေးနဲ့ ဒေါသကိုဆွပေးနေတာ။ အရိုးသားဆုံးပြောရရင် ငါ လုံးဝဂရုမစိုက်ဘူး။"
"သူက ငယ်တယ်ပေါ့? ဘယ်သူက ငါ့ထက် ပိုငယ်နိုင်ဦးမှာလဲ။"
*****