ယွမ်ယယ် ထိုအခန်းထဲ၌ ဆက်မနေနိုင်တော့ပေ။ ထိုနေ့က ဖန်းရှောက်ယိဘာပဲပြောပြော ယွမ်ယယ်တစ်ယောက် ထိုအခန်း၌ညမအိပ်ဘဲ ညစားစားပြီးသည်နှင့် ပြန်လာခဲ့လိုက်သည်။
သူ မည်သို့ဖြင့် ထိုအခန်းထဲမှာ နေနိုင်မည်နည်း။ ထိုနှင်းဆီပန်းစည်းများကို မြင်နေရသည်မှာ ယွမ်ယယ်၏အမွေးအမျှင်များထောင်လာသည်အထိ ရှက်ရွံ့လာစေ၏။ သူ အရင်က ထိုအရာမျိုးကို တစ်ခါမှမလုပ်ဖူးရာ အလွန်ပင် ရှက်ရွံ့နေခဲ့သည်။ ယွမ်ယယ်က ရှက်နေသည့်အတွက် ဖန်းရှောက်ယိမှာ ထိုပန်းများ ဘယ်ကရောက်လာသလဲကို မမေးခဲ့ပေ။ သူတို့နှစ်ဦးလုံး စကားမပြောဘဲ နားလည်မှုတစ်ခုရရှိခဲ့ကြသည်။
ထိုညက ဖန်းရှောက်ယိ သူ့ကိုစာပို့လိုက်သည်။ [ပြန်ရောက်ပြီလား။]
ယွမ်ယယ်က ချက်ချင်းစာပြန်လိုက်၏။ [အင်း၊ လှဲတောင်လှဲနေပြီ။]
ဖန်းရှောက်ယိက ပြောလိုက်သည်။ [ဒီလောက်ဒုက္ခများတာ၊ မင်းမနက်ဖြန်လည်း လာရဦးမှာပဲကို။]
ယွမ်ယယ်က နှုတ်ခမ်းကိုက်လိုက်သည်။ [မင်းရဲ့အခန်းမှာ ညအိပ်ဖို့ကိုတော့ ငြင်းတယ်။]
ယွမ်ယယ် သူ့ဟာသူတွေးနေနေမိ၏။ ပန်းတွေက မင်းရဲ့အိပ်ရာပေါ်မှာလည်းရှိသေးတယ်လေ။ အဲ့ဒါတွေက စူးမှာပေါ့။
ဖန်းရှောက်ယိက တခြားအရာများကို ထပ်မပြောတော့ပေ။ [ဒါဆို စောစောအိပ်တော့နော်၊ ဝမ်အန်း!]
ယွမ်ယယ်က စာပြန်ပို့လိုက်၏။ [ဝမ်အန်း ယိကော!]
သူတို့နှစ်ဦးကြားတွင် တစ်ယောက်က စိတ်လှုပ်ရှားစွာပိုးပန်းနေပြီး နောက်တစ်ယောက်က မမြင်ရတာကြာပြီဖြစ်သော ချိုမြိန်မှုလေးကို ခံစားနေပြီး တစ်ယောက်စီတွင် အပျော်ကိုယ်စီရှိနေခဲ့ကြသည်။ ၎င်းမှာ ယွမ်ယယ်၏ဘဝတွင် တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ်ပိုးပန်းခြင်းဖြစ်၏။ ဖန်းရှောက်ယိက သူ(ယွမ်) သူ့(ဖန်း)ကို ပိုးပန်းနေသည်အား သိ၊ မသိကို ယွမ်ယယ် မသိပေ။ ၎င်းမှာ တကယ်တော့ အတော်လေးသိသာနေသည်ဟု သူခံစားမိ၏။ သို့သော်လည်း အလိုက်ခံရသူက ထိုအခြေအနေမျိုးတွင် အရှုပ်ထွေးဆုံးဖြစ်နေတတ်သည်။ မည်သို့ပင်ဖြစ်စေ သူ အလျင်မလိုချေ။ - ဒီလို ဆက်တိုက်ပိုးပန်းနေရတာ တော်တော်လေးပျော်စရာကောင်းတာပဲ၊ ဟီးဟီ ။
ယွမ်ယယ်က သူ့အိမ်ကို ဖုန်းခေါ်လိုက်ပြီး သူ့အမေကို မေးမြန်းလိုက်၏။ "မဒမ်၊ ကျွန်တော် မကြာခင် ဆယ့်ရှစ်နှစ်ပြည့်ပြီး လူကြီးဖြစ်တော့မှာဆိုတော့ ကျွန်တော် ရည်းစားထားလို့ရပြီမဟုတ်လား။ ကျွန်တော် တက္ကသိုလ်ကနေတောင် ဘွဲ့ရတော့မယ်လေ။"
"သားက ဘယ်သူနဲ့ date မှာလဲ၊ ဟမ်?" သူ၏အမေ မစ္စလင်းက သဘောမတူဟန်ဖြင့် ပြောလာ၏။ "သားရဲ့အသက်က ဘယ်လောက်မို့လဲ။ ဘယ်လိုလူမျိုးနဲ့ date မလို့လဲ။ လျှောက်မလုပ်စမ်းနဲ့။"
ထိုအချိန်၌ သူ၏မိသားစုမှာ ယွမ်ယယ်က ယောကျ်ားလေးတစ်ယောက်အကြောင်း တွေးနေလိမ့်မည်ဟု မည်ကဲ့သို့ သိကြလိမ့်မည်နည်း။ သူတို့ထင်လိုက်သည်က သူ့အရွယ်အခြားကောင်လေးများလို မိန်းကလေးငယ်တစ်ယောက်ကို သဘောကျနေခြင်းဟုသာ။ ယွမ်ယယ်ကပြောလိုက်သည်။ "ကျွန်တော် ဘယ်သူနဲ့တွဲမလဲဆိုတာတော့ မပြောပြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်စိတ်ကစားနေတာမဟုတ်ပါဘူး။ ဒါက puppy love မဟုတ်ဘူး!"
တကယ်တော့ သူ့အမေက သူ့ကို အများကြီးမထိန်းချုပ်ချင်ပေ။ ထို့ပြင် မည်သို့ပင်ဖြစ်စေ ထိုအရွယ်ဆိုးသွမ်းသောကောင်လေးများကို ထိန်းချုပ်လို့မရချေ။ သူ(မ)က သူဆန္ဒရှိသလိုသာ လုပ်ခွင့်ပေးလိုက်သည်။
ယွမ်ယယ် ဖုန်းချလိုက်ပြီးနောက် ဖန်းရှောက်ယိကို ခေါ်လိုက်သည်။ ယခုတွင် သူသည် ထိုဖုန်းခေါ်ဆိုမှုအတွက် အလွန်တက်ကြွနေသည်။ တစ်ဖက်လူက ဖုန်းကိုင်လိုက်သည်နှင့် သူကအော်ပြောလိုက်လေ၏။ "ယိကော! ရုပ်ရှင်ကြည့်ချင်လား။"
ဖန်းရှောက်ယိက မေးလိုက်သည်။ "ဘာရုပ်ရှင်လဲ။"
ယွမ်ယယ်: "အချစ်ဇာတ်လမ်း ကြည့်ရအောင်!"
ဖန်းရှောက်ယိ၏အသံမှာ နူးညံ့ကာ ချောမွေ့နေပေ၏။ "ကောင်းပြီလေ။"
ယွမ်ယယ်အနှစ်သက်ဆုံးအရာမှာ ဖန်းရှောက်ယိပြောသော 'ကောင်းပြီလေ' ဟူသောစကားပင်။ သူထိုသို့ပြောတိုင်း တစ်ဖက်လူက လွန်စွာသိမ်မွေ့သောသူဖြစ်ကြောင်း အလွယ်တကူသိမြင်နိုင်ပေ၏။
ရုပ်ရှင်မကြည့်ခင် သူက ပန်းဝယ်ရန်လည်းမမေ့ခဲ့ပေ။ သူက ပန်းဝယ်လာပြီး လက်ချောင်းလေးများကြား ညှပ်ကိုင်ထား၏။ ဖန်းရှောက်ယိလာသည်ကို မြင်လိုက်ရသောအခါ သူ ဘောင်းဘီအိတ်ထောင်ထဲထိုးထည့်လိုက်ပြီး ပန်းပွင့်ခေါင်းလေးကသာ အပြင်ထွက်နေခဲ့သည်။ ယွမ်ယယ်က ပန်းပွင့်လေးကို ဆတ်ခနဲတောက်လိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ကောင်မလေးတစ်ယောက် ရောင်းနေတာတွေ့လို့။ သူ(မ)လည်း အရမ်းပူနေမယ်ထင်လို့ ဝယ်ခဲ့လိုက်တာ။"
အရိုးတံကို အိတ်ကပ်ထဲထည့်ကာ ပန်းပွင့်လေးက အပြင်ထွက်နေပုံမှာ ကြည့်ရတာ နည်းနည်းထူးဆန်းနေသည်။ ထို့ပြင် ထိုသို့ထည့်ထားသည်မှာလည်း ကြည့်မကောင်းပေ။ ဖန်းရှောက်ယိက ခေါင်းငုံ့ထားသော ယွမ်ယယ်ကိုကြည့်ကာ ရယ်မောလိုက်သည်။ သူက ပန်းလေးကိုဆွဲထုတ်လိုက်ပြီး လက်ထဲတွင်ကိုင်ထားကာ ပြောလိုက်၏။ "မင်း ပန်းယူလာဖို့ သိသေးတယ်ပေါ့?"
ယွမ်ယယ်က သူ့ကိုမော့ကြည့်လိုက်ပြီးနောက် ထပ်ပြီး ခေါင်းငုံ့သွားပြန်သည်။ သူက တိတ်တဆိတ်ပြောလိုက်၏။ "မင်းပဲ... သင်ပေးထားတာမဟုတ်ဘူးလား။"
၎င်းမှာ အတော်လေးသိသာသော်လည်း ဖန်းရှောက်ယိက ထိုပူဖောင်းလေးကို မဖောက်လိုက်ချင်ဘဲ ယွမ်ယယ်၏စကားကို မတုံ့ပြန်ခဲ့ပေ။
ယွမ်ယယ်က တစ်ဖက်တွင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး တစ်ဖက်တွင်လည်း စိတ်သောကရောက်နေခဲ့၏။ - ဖန်းရှောက်ယိက သူအရိပ်ပြနေတာကို ဘာလို့ အကောင်မမြင်ရတာလဲ။ သူဘယ်လိုပြောဖို့ လိုနေသေးတာလဲ။
ရုပ်ရှင်မှာ အလွန်ကောင်းမနေပေ။ ယွမ်ယယ်က ဇီဇာကြောင်လွန်းသောကြောင့်လည်း ဖြစ်နိုင်ပေ၏။ သူသည် အဓိကဇာတ်လိုက်က သိပ်လည်းချောမနေဘူးဟုသာ ဆက်တိုက်တွေးနေမိ၏။ ထို့ပြင် ဇာတ်လမ်းဇာတ်အိမ်ကလည်း စိတ်လှုပ်ရှားစရာမကောင်းပေ။ တကယ်တော့ အချစ်ဇာတ်လမ်းက မည်မျှ စိတ်လှုပ်ရှားရစေမည်နည်း။ ဇာတ်လမ်းတစ်ဝက်တွင် ယွမ်ယယ်က ထိုရုပ်ရှင်ထဲ စိတ်ဝင်စားမှုမရှိတော့ပေ။ ဖန်းရှောက်ယိက နာမည်ကြီးတစ်ယောက်ဖြစ်၏။ ထိုကဲ့သို့ သာမန်အတိုင်း ရုပ်ရှင်ရုံထဲဝင်သွားပါက သူ့ကို မှတ်မိကြလိမ့်မည်။ ထို့ကြောင့် လူစည်ကားသောနေရာများသို့သွားတိုင်း သူ၏ဦးထုပ်ကို နိမ့်နိုင်သမျှ ခပ်နိမ့်နိမ့်သာစောင်းထားတတ်သည်။ ယွမ်ယယ် ဖန်းရှောက်ယိကို လှည့်ကြည့်လိုက်ပြီး ဦးထုပ်အောက်မှမြင်နေရသော သူ၏ဘေးတစ်စောင်းပုံရိပ်ကို စိုက်ကြည့်နေခဲ့၏။
အရင်က ဖန်းရှောက်ယိကို ထိုကဲ့သို့ကြည့်နေချိန်တွင် သူ့အား ချောမောသည်ဟု ရိုးရိုးရှင်းရှင်းသာတွေးခဲ့မိသည်။ ယခုတွင် သူဖန်းရှောက်ယိကိုကြည့်မိတိုင်း ထိုကဲ့သို့ရုပ်ချောသည့်သူကို ဘယ်အချိန်မှ ပိုးပန်းတာအောင်မြင်နိုင်မလဲဟု သူ့ကိုယ်သူတွေးတောနေခဲ့၏။
ဖန်းရှောက်ယိက သူ၏အကြည့်ကို ခံစားမိ၍ သူ့ကိုလှည့်ကြည့်လာကာ တိုးတိုးလေးမေးလာသည်။ "ဘာဖြစ်လို့လဲ။"
ယွမ်ယယ်က ခေါင်းယမ်းကာ ပြုံးပြလိုက်သည်။ တော်တော်လေးရူးကြောင်ကြောင်နိုင်သော အပြုံးမျိုးပင်။
သူတို့၏မရေရာသောဆက်ဆံရေးက ယွမ်ယယ် အသက်ဆယ့်ခုနစ်နှစ်ပြည့်သောနွေရာသီ၌ စတင်ခဲ့ကြသည်။ ၎င်းက ချိုချိုချဥ်ချဥ်သံပုရာရည်လေးတစ်ခွက်နှယ်။ နောက်ပိုင်းတွင် ယွမ်ယယ်က သူ၏စာအုပ်များထဲမှတစ်အုပ်ထဲမှာ ထည့်ရေးခဲ့သည်။ "အဲ့ဒီနွေရာသီက ငါ့ဘဝအဆုံးသတ်ချိန်မှာတောင် ငါဆက်ပြီးတွေးနေမိမဲ့ တစ်ခုပဲ။ အဲ့ဒါက သိပ်ကိုလှပလွန်းတယ်။ အဲ့အရင်က ငါ့ရဲ့ကမ္ဘာကြီးတစ်ခုလုံး မှုန်ဝါးဝါးနဲ့။ အဲ့ဒါလည်းပြီးရော ငါ ထာဝရအေးချမ်းတဲ့ လရောင်လေးနဲ့ ရေချိုးလိုက်ရသလိုပဲ။"
အသက်ဆယ့်ခုနစ်အရွယ်များမှာ သဘောကျရမည့်လူရှိလာလျှင် ၎င်းက သေရေးရှင်ရေးကိစ္စအမျှလားပင်။ ယွမ်ယယ်၏နှလုံးသားထဲရှိ တစ်ခုတည်းသောအရာမှာ ဖန်းရှောက်ယိသာ။ အရင်က မချစ်ဖူးသောကောင်လေးများ ချစ်တတ်သွားသောအခါ အလွန်ပြင်းထန်သောအချစ်မျိုးကို ခံစားကြရသူများဖြစ်သည်(*အရမ်းချစ်တတ်တာကိုပြောတာပါ)။ သို့သော် ထိုအချိန်တွင် ယွမ်ယယ်က အမှန်တကယ်နစ်မြုပ်မသွားသေးပေ။ သူက အလွန်လက်တွေ့ကျနေဆဲပင်။ သူ၏နှလုံးသားထဲတွင် သူနှင့် ဖန်းရှောက်ယိကြား ကြီးမားသောကွာဟချက်ရှိနေသည်ကို သိနေပေ၏။ သူအောင်မြင်သွားခဲ့လျှင် ကောင်းသည့်ကိစ္စပင်။ မအောင်မြင်ခဲ့လျှင်လည်း နောင်တရစရာမရှိပေ။ တစ်စုံတစ်ခုအတွက် နှလုံးသားတစ်ခုလုံးနှင့် တိုက်ခိုက်ပြီးနောက် ကြုံတွေ့ရမည့်ကျရှုံးမှုအတွက် နောင်တတရားတို့မရှိချေ။
၎င်းမှာ သူ ဖန်းရှောက်ယိကို ပြောခဲ့သည့်အရာပင်။
၎င်းတို့နှစ်ယောက်က ကျောင်းဝန်းထဲရှိ ရေကန်သေးသေးလေးကို ဖြည်းဖြည်းချင်း ပတ်လျှောက်နေခဲ့ကြသည်။ ယွမ်ယယ်က လက်တိုဝတ်ထားပြီး သူ၏လက်မောင်းဖြင့် ဖန်းရှောက်ယိကို ရံဖန်ရံခါ ဝင်တိုက်နေခဲ့၏။ ထိုအခိုက်အတန့်မျှသော ရုပ်ပိုင်းဆိုင်ရာအထိအတွေ့လေးက သူ့ကို နှလုံးခုန်မြန်စေသည်။ ယွမ်ယယ်က ကန်ရေပြင်ကိုစိုက်ကြည့်ကာ ရုတ်တရက်ပြောလိုက်၏။ "ယိကော၊ တစ်ရက်မှာ ငါ မင်းအတွက် ထိတ်လန့်စရာမျိုးတစ်ခုခုပြောလာရင် ငါနဲ့ အဆက်အသွယ်မဖြတ်ဘဲ နေလို့ရမလား။"
ဖန်းရှောက်ယိက သူ့ကိုကြည့်လိုက်၏။ ထို့နောက် ခေါင်းယမ်းပြလိုက်သည်။ "မင်း ကိုယ့်ကို ကြောက်သွားအောင် မခြောက်နိုင်ပါဘူး။ မင်း ပြောချင်တဲ့အချိန် ပြောချင်တာကို လွတ်လွတ်လပ်လပ်ပြောလို့ရတယ်။"
ယွမ်ယယ်က မျက်တောင်ခတ်လိုက်သည်။ ခဏကြာပြီးနောက် သူက ထပ်ပြောလိုက်၏။ "ငါ ပြောလိုက်ပြီးရင် မင်းဘယ်လိုတုံ့ပြန်မှာလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ကောင်းတဲ့တုံ့ပြန်မှုဖြစ်ဖို့ ငါမျှော်လင့်မိတယ်။"
ဖန်းရှောက်ယိက သူ့ကို နူးညံ့စွာမေးလာသည်။ "မဖြစ်ခဲ့ရင်ရော?"
ယွမ်ယယ်က နှုတ်ခမ်းကိုဖိကာ စဥ်းစားလိုက်သည်။ "မဖြစ်ခဲ့ရင်လည်း ငါအတော်လေးပျော်မိမှာပါပဲ။ ငါကြိုးစားနေသရွေ့ပေါ့။ လူသားတွေရဲ့ဆန္ဒတွေက အတောမသတ်နိုင်ဘူး။ ငါတို့ တစ်ခုချင်းစီကို ဖြည့်ဆည်းဖို့အတွက် နည်းလမ်းမရှိဘူးလေ။ ငါတို့တွေ ဘယ်လိုတတ်နိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် ငါကြိုးစားခဲ့တဲ့အတွက် ငါအရမ်းသတ္တိရှိတယ်လို့ ခံစားရလိမ့်မယ်။ ငါ အဲ့အချက်ကို တော်တော်လေးဂုဏ်ယူမိတယ်။"
ထိုအချိန်တွင် ဖန်းရှောက်ယိက သူ့ကိုစိုက်ကြည့်နေခဲ့သည်။ သူ၏မျက်လုံးထဲတွင် သတ္တိရှိကြောင်းကြွေးကြော်နေသည့် လူငယ်လေးနှင့် ပြည့်နှက်နေ၏။ ဖန်းရှောက်ယိက လက်မြှောက်ကာ ယွမ်ယယ်၏ဦးခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြောလိုက်လေသည်။ "ဘယ်လိုအခြေအနေဖြစ်နေပါစေ သတ္တိရှိတာက မှန်ကန်တဲ့အရာပဲ။ မင်း ဘယ်တော့မှ စိတ်ပျက်ရမှာမဟုတ်ပါဘူး။"
ယွမ်ယယ်က ခေါင်းညိတ်ပြဘိုက်သည်။ "အဲ့လိုပဲမျှော်လင့်ပါတယ်... ငါ့ရဲ့ဆန္ဒတွေက သိပ်ကိုကြီးလွန်းနေတာ။"
ဖန်းရှောက်ယိက သူတို့၏ဆက်ဆံရေးအကြောင်း ယွမ်ယယ် ရှင်းလင်းပြောပြလာရန် အခွင့်အရေးကို အမြဲလိုချင်နေခဲ့သည်။ တစ်ဖက်လူကလည်း သူ့ကိုလိုက်ပိုးပန်းနေသည်မှာ အချိန်အတစ်ခုကြာနေလေပြီ။ သူအောင်မြင်သွားလျှင် မည်မျှပျော်နေလိုက်မည်နည်း။ ထို့ကြောင့် ထိုအခိုက်အတန့်တွင် ဖန်းရှောက်ယိက ဘာမှထပ်မပြောခဲ့ပေ။ သူတစ်ခုခုပြောလိုက်လျှင် အရာရာတိုင်းက အခြေခံအားဖြင့် အဆုံးသတ်သွားလိမ့်မည်။
ဖန်းရှောက်ယိက ဤမေးခွန်းကို သူ့ဦးခေါင်းထဲတွင် အကြိမ်ပေါင်းများစွာ တွေးတောနေခဲ့သည်။ ယွမ်ယယ်က သူ့ကို အရှက်မဲ့စွာပြုံးပြလာတိုင်း ဖန်းရှောက်ယိ၏ နှလုံးသားထဲ အတွေးတစ်ခု အမြဲပေါ်လာတတ်သည်။
-- မင်းလိုချင်တဲ့ဘယ်အရာကိုမဆို ကိုယ်မပေးခဲ့ဘူးလား။
ယွမ်ယယ်မှာ အစက ထိုကိစ္စများကို ပြတ်ပြတ်သားသားလုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ အကျိုးဆက်များက မည်သို့ပင်ဖြစ်နေပါစေ သူ ထိုဒုက္ခကို အလျင်အမြန်အဆုံးသတ်ချင်နေ၏။ သို့သော် သူပြင်ဆင်လို့မပြီးသေးခင် ဖန်းရှောက်ယိ၏ dating ကောလာဟလက ထွက်လာလေသည်။ ယွမ်ယယ် ၎င်းကိုမြင်လိုက်ရချိန်မှာ အံ့သြတုန်လှုပ်သွားခဲ့၏။
အရင်က အကြီးမားဆုံးသောလူမှုကြားခံနယ်မှာ သတင်းစာများနှင့် TV သာဖြစ်သည်။ ယွမ်ယယ် သူ့အခန်းဖော်ဝယ်လာခဲ့သော သတင်းစာကို စိုက်ကြည့်နေခဲ့သည်။ ၎င်းစာမျက်နှာတွင် ဖန်းရှောက်ယိနှင့် ချန်းယွမ်ကဲတို့ တွဲနေကြတာဖြစ်လောက်မည်ဟူသော သတင်းခေါင်းစီးအကြီးကြီးရှိနေ၏။ ယွမ်ယယ်က ၎င်းကို အချိန်အတော်ကြာစိုက်ကြည့်နေပြီး စိတ်ထဲဗလာကျင်းသွားခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်က ဖန်းရှောက်ယိမှာ ပွဲတချို့တက်စရာရှိသောကြောင့် ကျောင်းတွင်ရှိမနေခဲ့ချေ။ သတင်းစာထဲမှာ ချန်းယွမ်ကဲက ဖန်းရှောက်ယိ၏အပေါ်ဝတ်ကို ဝတ်ဆင်ထား၏။ သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် အတော်လေးရင်းနှီးသည့်ပုံပေါ်နေခဲ့သည်။
ယွမ်ယယ် ချန်းယွမ်ကဲကို သိပေ၏။ သူ(မ)က ဖန်းရှောက်ယိထက် သုံးနှစ်ကြီးကာ ယေဘုယျအားဖြင့်ပြောရလျှင် မိသားစုမိတ်ဆွေတစ်ယောက်လည်းဖြစ်သည်။ ချန်းယွမ်ကဲ၏အဖေ ချန်းဝေလင်းက ဖန်းဟန်၏ သူငယ်ချင်းဟောင်းတစ်ယောက်ပင်။ ဖန်းရှောက်ယိနှင့် ချန်းယွမ်ကဲတို့ကလည်း ကလေးဘဝကတည်းက သိကျွမ်းခဲ့ကြသည်။
တကယ်တော့ ယွမ်ယယ်က ထိုဇာတ်လမ်းကို အမှန်တကယ်မယုံကြည်ပေ။
သို့သော် သူ ရင်တုန်နေဆဲပင်။ ယွမ်ယယ်တစ်ယောက် အနည်းငယ်တုံ့ဆိုင်းသွားသလို ခံစားလိုက်ရသည်။ ထိုသတင်းအကြောင်းအရာများက အမြဲတမ်း ထိုကဲ့သို့ပင်။ ဘယ်အရာကအစစ်၊ ဘယ်အရာကအမှန်ဖြစ်ကြောင်း မည်သူပြောနိုင်မည်နည်း။ ယွမ်ယယ်နှင့် ဖန်းရှောက်ယိတို့က အလွန်ရင်းနှီးကြသော်လည်း ထိုကိစ္စ၏အမှန်တရားကို သူ မဆုံးဖြတ်နိုင်ပေ။ သူ့တွင် မေးစရာရှိလာလျှင် ဖန်းရှောက်ယိကို ချက်ချင်းမေးတတ်သည်။
ထို့ကြောင့် ယွမ်ယယ်က စာပို့လိုက်၏။ [ယိကော၊ မင်း ရည်းစားရနေပြီလား။]
အချိန်အတော်လေးကြာပြီးနောက် ဖန်းရှောက်ယိက စာပြန်ပို့လာသည်။ [ကိုယ်က ဘယ်သူနဲ့တွဲရမှာလဲ။]
ယွမ်ယယ်: [ချန်းယွမ်ကဲနဲ့။]
ခဏကြာပြီးနောက် ဖန်းရှောက်ယိက မေးခွန်းတစ်ခုနှင့် တုံ့ပြန်လာ၏။ [မင်းက ဘယ်လိုထင်လို့လဲ။ ကိုယ်က ဘယ်သူနဲ့တွဲနေတာလို့ ထင်နေတာလဲ။]
ယွမ်ယယ် သူ့ဘာသာသူ တွေးလိုက်မိသည်။ 'ငါနဲ့တွဲနေတာလို့ ထင်တယ်။' သို့သော် သူထုတ်မပြောရဲပေ။ ယွမ်ယယ်တစ်ယောက် ထိုင်ခုံပေါ်ထိုင်ချကာ ခေါင်းကုတ်ရင်း စာပြန်ပို့လိုက်၏။ [ငါ မသိဘူး။]
ဖန်းရှောက်ယိက ၎င်းအား စာမပြန်ခဲ့ပေ။ သူ၏နှလုံးသားက ယွမ်ယယ်၏ 'ငါမသိဘူး' ဟူသောစကားနှင့် အလဲထိုးခံလိုက်ရသလိုပင်။ မျောက်ငတုံးလေးက သူမသိဘူးဟု ပြောလာ၏။ ဖန်းရှောက်ယိမှာ တစ်ဖက်လူ၏ခေါင်းထဲတွင် တစ်ချိန်လုံးဘာတွေတွေးနေလဲကို မသိတော့ပေ။
နောက်ထပ်နှစ်ရက်ကြာတဲ့အထိ ၎င်းတို့နှစ်ဦးလုံး လုံးဝအဆက်အသွယ်မလုပ်ခဲ့ကြပေ။ ယွမ်ယယ်က အနည်းငယ်ချီတုံချတုံဖြစ်နေပြီး ဖန်းရှောက်ယိက ယွမ်ယယ်ဘက်ကစပြီး ဆက်သွယ်လာမည့်အချိန်ကို စောင့်နေခဲ့သည်။ သို့သော် ယွမ်ယယ်က လွန်စွာအခံသဘောဘက်တွင်ရှိနေသည်။ (*သူကလည်း တခြားသူဘက်က စပြီးဆက်သွယ်လာမှာကိုစောင့်နေတာကိုဆိုလိုချင်တာပါ။)
နောက်ဆုံးတွင် ဖန်းရှောက်ယိက အရင်စာပို့လိုက်ရတော့သည်။ သူ ပြန်မလာခင် ယွမ်ယယ်ကို စာပို့လိုက်၏။ [အရမ်းကို အခံဘက်ကရောက်နေပြီး တစ်ယောက်ယောက်ကို ဘယ်လိုမျိုးပိုးပန်းဖို့ စီစဥ်ထားတာလဲ။]
ယွမ်ယယ်က အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူစာပြန်သည့်အရှိန်ကိုကြည့်ခြင်းအားဖြင့် ဖုန်းကို တစ်ချိန်လုံး လက်ထဲကမချဘဲ ကိုင်ထားခြင်းဖြစ်လောက်မည်။ [ယိကော၊ ဘယ်ချိန်ပြန်လာမှာလဲ!]
ဖန်းရှောက်ယိက မေးလိုက်သည်။ [ဘာလို့လဲ။]
ယွမ်ယယ်: [ငါ မင်းကိုလွမ်းတယ်!]
ထို့စကားကြောင့် ဖန်းရှောက်ယိ၏ဒေါသများမှာ ကွယ်ပျောက်သွားခဲ့ရသည်။ သူက ယွမ်ယယ်ကိုပြောလိုက်၏။ [ဒီည။]
ထိုသို့ပို့ပြီး နောက်ထပ်စာတစ်စောင်ကိုပါ ချက်ချင်းတန်းပို့လိုက်သည်။ [ဖွင့်ပြောတော့မှာလား။]
ယွမ်ယယ်က ဖန်းရှောက်ယိ အမိန့်ပေးသမျှကို လုပ်ဆောင်တတ်သည်မှာ အလေ့အကျင့်တစ်ခုလိုဖြစ်လာခဲ့၏။ ထိုသို့လုပ်ပြီးနောက် သူ ဘာကြောင့်လုပ်ရသလဲဆိုသည်ကို အကြောင်းပြချက်မျိုးစုံဖြင့် ဖုံးကွယ်ထားတတ်သည်။ သို့သော် ယနေ့တာဝန်အတွက် သူ့တွင် ဖုံးကွယ်ထားစရာ အကြောင်းပြချက်မရှိပေ။ သူ စစ်မှန်နေရန်လိုအပ်ပေသည်။
ဖုန်းကို လက်ကချလိုက်သည်နှင့်တစ်ပြိုင်နက် ယွမ်ယယ်တစ်ယောက် သူရေးထားသောအချစ်ကဗျာများကိုရှာရန် အံဆွဲထဲ ချက်ချင်းမွှေနှောက်နေတော့သည်။ ကဗျာအထပ်လိုက်ကိုတွေ့လိုက်ရပြီးနောက် ထိုထဲမှ အကောင်းဆုံးတစ်ခုကိုရှာနေခဲ့၏။ ၎င်းတို့အားလုံးကို ကြည့်လိုက်ပြီးနောက်တွင် သူစိတ်ကျေနပ်လောက်စရာ တစ်ခုမှမတွေ့ခဲ့ပေ။ ထို့အပြင် သူ ယခုချက်ချင်း နောက်တစ်ပုဒ်ကို ထပ်မရေးနိုင်တော့ချေ။ အဆုံးတွင် ဖန်းရှောက်ယိက ရောက်ခါနီးတွင် ယွမ်ယယ်က ပန်းလေးတစ်ပွင့်တောင် ဝယ်ချိန်မရလိုက်ပေ။
ယွမ်ယယ်က သူ့အား ရေကန်နားတွင်စောင့်နေမည်ဟုပြောလိုက်သည်။ ဖန်းရှောက်ယိက ထိုနေရာသို့မသွားခင် သူ၏ပစ္စည်းများကို နေရာချလိုက်သည်။ ထို့နောက် သူ ကန်ဘောင်ဘေးပတ်ပတ်လည်မှာ နှစ်ပတ်လောက်ပတ်ရှာပြီးတာတောင် တစ်ယောက်တစ်လေကိုမျှ မတွေ့ရပေ။ သူဖုန်းထုတ်ကာ တစ်ဖက်လူကိုဖုန်းခေါ်တော့မည့်ဆဲဆဲတွင် သူ၏ဦးခေါင်းအထက်မှ အော်ခေါ်သံကို ရုတ်တရက်ကြားလိုက်ရ၏။ ၎င်းမှာ သိပ်မဝေးပေ။ [ယိကော၊ ဒီမှာ။]
ဖန်းရှောက်ယိက အသံလာရာနောက်သို့ မော့ကြည့်လိုက်၏။ ချက်ချင်းဆိုသလို သူ၏မျက်ခုံးအစုံမှာ မြင့်တက်သွားရတော့သည်။ ယွမ်ယယ်က သစ်ပင်ပေါ်တွင် ခြေထောက်တစ်ဖက်ကိုကွေးကာ နောက်တစ်ဖက်က တွဲလောင်းအနေအထားဖြင့် ထိုင်နေခဲ့သည်။ သူ၏လက်ထဲတွင်လည်း မိုးမခနွယ်လေးအား ကိုင်ထားလျက်ပင်။ ဖန်းရှောက်ယိက လျှောက်သွားပြီး မော့ကြည့်ကာ ပြောလိုက်သည်။ "ဆင်းလာခဲ့လေ။"
ယွမ်ယယ်က သူ့ကိုပြုံးပြလာကာ သူတို့ဘေးပတ်ပတ်လည်ကို ကြည့်လိုက်၏။ ထိုနားတစ်ဝိုက်တွင် လူမရှိပေ။ ထို့ကြောင့် ယွမ်ယယ်က ပြောလိုက်သည်။ "ဒါဆို မင်း ငါ့ကိုဖမ်းပေးရမယ်။"
"ကိုယ်က ဘယ်လိုဖမ်းပေးရမှာလဲ။" ဖန်းရှောက်ယိမှာ အံ့သြသွားပြီး သူ့အားဆူလိုက်လေ၏။ "ကိုယ့်ဘာသာကို ကောင်းကောင်းဆင်းလာခဲ့။ ပြုတ်ကျဦးမယ်။"
ယွမ်ယယ်က သူ့စကားကို နားမထောင်ခဲ့ချေ။ ဖန်းရှောက်ယိပင် စကားမဆုံးသေးခင် သူက ဖန်းရှောက်ယိရှိရာဦးတည်ဘက်သို့ ခုန်ချလိုက်ပြီးဖြစ်သည်။ ဖန်းရှောက်ယိမှာ ချက်ချင်းဆိုသလို သူ့ကိုဖမ်းထားပေးရန် လက်ဆန့်ထုတ်လိုက်သော်လည်း ၎င်းမှာ အလွန်ခက်ခဲပေ၏။ ထို့အပြင် ယွမ်ယယ်က ဖန်းရှောက်ယိကို ပြင်ဆင်ရန်အချိန်မပေးခဲ့ချေ။ ထို့ကြောင့် ယွမ်ယယ်ကို လုံးဝ မဖမ်းမိလိုက်ပေ။
ယွမ်ယယ် မြေပြင်ပေါ်သို့ အလွန်ကိုးယို့ကားယားအနေအထားဖြင့် ပြုတ်ကျလာခဲ့သည်။
ဖန်းရှောက်ယိက မျက်မှောင်ကြုတ်ကာ သူ့ကို စစ်ဆေးနေခဲ့၏။ သူ ဤချာတိတ်လေးနှင့်ပတ်သက်ပြီး ဘာမှမလုပ်နိုင်ပေ။ အနည်းငယ်ဒေါသထွက်နေပြီး သူ၏အမူအရာကလည်း ပို၍ဒေါသဖြစ်နေဟန်ဖြင့် ပြောလိုက်၏။ "ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းရတာလဲ။ ထိခိုက်မိသွားသေးလား။"
ယွမ်ယယ်၏စိတ်ထဲတွင် ပြောချင်သောစကားများနှင့် ပြည့်နှက်နေသည်။ သူ ဖန်းရှောက်ယိ၏မျက်နှာကိုကြည့်ပြီး ပြောမထွက်ချေ။ ထို့ကြောင့် မြေပြင်ပေါ် လူးလိမ့်ကာ ဖန်းရှောက်ယိ၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သွက်လက်သောမျောက်လေးတစ်ကောင်လိုပင် ဖန်းရှောက်ယိ၏ကျောပေါ် ခုန်တက်လိုက်လေသည်။
ဖန်းရှောက်ယိမှာ အစက ဆောင့်ကြောင့်ထိုင်နေသောကြောင့် ယွမ်ယယ်က ကျောပေါ်ခုန်တက်လာသောအခါ သူ့မှာပြန်မထခင် အရှေ့သို့လက်ထောက်လိုက်ရသည်။ ယွမ်ယယ်တစ်ယောက် စောစောက မြေကြီးပေါ်လူးလိမ်းလိုက်သည့်အတွက် ဖုန်များပေကျံနေသည်ကို ဖန်းရှောက်ယိ ဂရုမစိုက်နိုင်တော့ပေ။ သူက လက်ဆန့်ကာ ယွမ်ယယ်ကို ကျောပိုးကုန်းထားရင်း ရယ်ရမလား၊ ငိုရမလားပင်မသိတော့ချေ။ "မင်း ဒီနေ့ ဘာဖြစ်နေတာလဲ။"
ယွမ်ယယ်င မိုးမခနွယ်ကိုကိုင်ထားသော လက်ကိုဆန့်ထုတ်လိုက်၏။ သူက ထိုအရာလေးအား ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "ဒီနေ့ ပန်းတွေဝယ်ဖို့ အချိန်မရတော့လို့၊ ဒါကို ပန်းတွေလို့ပဲသဘောထားပေး။"
ဖန်းရှောက်ယိက မိုးမခနွယ်ကို ငုံ့ကြည့်လိုက်၏။ ထို့နောက် လက်လှမ်းကာ ထိုအရာကို ယူလိုက်ပြီးနောက် ရယ်တော့လေသည်။ "ကိုယ် ဘယ်လိုလုပ်နိုင်မှာလဲ။ ဒါက အရမ်းသိသာလွန်းနေတာကို။"
"လုပ်နိုင်တယ်။ အဲ့ဒါတွေအားလုံးက အပင်တွေပဲလေ၊ ဆိုတော့ အားလုံးအတူတူပဲ။" ယွမ်ယယ်က ဖန်းရှောက်ယိ၏ကျောပေါ် တွင်ရှိနေပြီး သူ၏လက်မောင်းနှစ်ဖက်ဖြင့် တစ်ဖက်လူ၏ လည်ပင်းကို ဖက်ထားသည်။ သူက ဖန်းရှောက်ယိ၏နားနားသို့ တိုးကပ်သွားပြီး ပြောလိုင်၏။ "ယိကော၊ ငါ မင်းကို ပြောစရာရှိတယ်၊ ဒါပေမဲ့ မင်းကိုကြည့်ပြီးပြောဖို့ သတ္တိမရှိဘူး။ ငါ ဒီလိုအနေအထားမျိုးနဲ့ပဲ မင်းကိုပြောချင်တယ်။"
ဖန်းရှောက်ယိက သူပြောလာမည့်အရာကို ခန့်မှန်းထားပြီးသားပင်။ သူက ခေါင်းညိတ်ကာ နွေးထွေးစွာပြောလိုက်သည်။ "ပြောလေ။"
ယွမ်ယယ် သူ၏မျက်နှာကို ဖန်းရှောက်ယိထံ တိုးကပ်သွားလိုက်သည်။ သူ၏နှုတ်ခမ်းများက ဖန်းရှောက်ယိ၏နားရွက်နှင့် ထိကပ်လုနီးပါးပင်။ ယွမ်ယယ်တစ်ယောက် သူ၏အသံကို အလွန်နူးညံ့အောင် ထိန်းပြောနေခဲ့သည်။ သူ၏လေသံက နူးညံ့ပျော့ပျောင်းလေ သူ ရှက်ရွံ့သည်ဟု မခံစားရတော့လေပင်။
သူစကားပြောလိုက်သောအခါ သူ၏နှုတ်ခမ်းများက ဖန်းရှောက်ယိ၏နားရွက်ကို ပွတ်တိုက်မိသွား၏။ ၎င်းမှာ အလွန်ရ်ဖိုစရာကောင်းပြီး စွဲမက်ဖွယ်ကောင်းပေသည်။ ၎င်းက တစ်စုံတစ်ယောက်၏ပခုံးကို ထုံထိုင်းသွားသလို ခံစားရစေခဲ့သည်။
ဖန်းရှောက်ယိက ယွမ်ယယ် အသက်ပြင်းပြင်းရှူရှိုက်လိုက်သည့်အသံကို ကြားလိုက်၏။ ထို့နောက် သူက အတော်လေး ကျယ်လောင်စွာဖြင့် ပြောလာတော့သည်။ "ယိကော၊ ငါ မင်းနဲ့တွဲချင်တယ်။"
*****