အဆုံးသတ်တွင် သူ နောက်ရက်မှသွားစစ်ဆေးရန် မလိုတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုည၌ပင် ယွမ်ယယ်က ဟယ့်ဟန်၏မန်နေဂျာနှင့် မျက်နှာချင်းဆိုင်တွေ့ခဲ့ရသောကြောင့်ဖြစ်၏။
ဖန်းရှောက်ယိနှင့် ကျီရှောင်ထောင်းတို့ အောက်ထပ်သို့ ဆင်းသွားသောအခါ ယွမ်ယယ်က နောက်ရက်အတွက်ဇာတ်ညွှန်းများကို ပြင်ဆင်နေခဲ့သည်။ သူက အကြံတစ်ခုရလိုက်၍ ဖိနပ်စီးကာ ဒါရိုက်တာကိုရှာရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူ ဒါရိုက်တာ၏အခန်းသို့ မကြာခဏသွားဖူးသောကြောင့် ၎င်းမှာ ကိစ္စကြီးတစ်ခုမဟုတ်ပေ။ ယွမ်ယယ် အခန်းတံခါးကိုခေါက်လိုက်ရာ လက်ထောက်ဒါရိုက်တာက တံခါးဖွင့်ပေးလာ၏။ ထို့ကြောင့် ယွမ်ယယ်က မေးလိုက်သည်။ "အလုပ်များနေကြတာလား၊ ခေါင်းဆောင်တို့?"
လက်ထောက်ဒါရိုက်တာက သူ့ကိုပြောလာ၏။ "ဟိုဟိုဒီဒီ စီးပွားရေးအကြောင်းလေး ဆွေးနွေးနေကြတာပါ၊ တစ်ခုခုလိုလို့လား ရှောင်ယွမ်။"
"အာ...မဟုတ်ပါဘူး..." ယွမ်ယယ် အစက ထွက်သွားတော့မည်ဖြစ်သော်လည်း ထိုသူ၏တုံ့ပြန်မှုကြောင့် သူမျက်စိကစားလိုက်ရာ အခန်းထဲတွင် ဟယ့်ဟန်၏မန်နေဂျာလည်း ရောက်နေသည်ကို တွေ့လိုက်ရ၏။ တစ်ဖက်လူက သူ့ကို စိုက်ကြည့်နေသည်။ သူ၏အကြည့်က ယွမ်ယယ်ကို အနည်းငယ်မသက်မသာဖြစ်စေခဲ့သည်။ ယွမ်ယယ်က ပြုံးလျက် ပြောလိုက်လေ၏။ "ကျွန်တော် မနက်ဖြန်အတွက် ဇာတ်ညွှန်းအကြောင်းပြောချင်လို့ ဒါရိုက်တာကို လာရှာတာပါ။ ကျွန်တော် အကြံရလိုက်လို့မို့။"
သူသည် လေသံကိုမြှင့်ကာ မေးလိုက်သည်။ "ကျွန်တော်ဝင်လာပြီနော်၊ ဒါရိုက်တာကြီး?"
ထိုသို့ပြောပြီးနောက် သူက အခန်းထဲ လျှောက်ဝင်လာပြီး ထိုမန်နေဂျာကိုလည်း နှုတ်ဆက်လိုက်သည်။ "ခင်ဗျားလည်းရောက်နေတာပဲ။"
ယွမ်ယယ် ရိုက်ကွင်းတွင်ရှိနေသည်မှာ အတော်လေးကြာနေပြီဖြစ်၏။ ထို့ပြင် သူက နှစ်သစ်ကူးပြီးနောက်တစ်ရက်မှစကာ ထိုလူများနှင့် နေ့တိုင်းအချိန်ဖြုန်းခဲ့ပြီး ၎င်းတို့နှင့် အတူစားသောက်ခဲ့ကြသည်။ ဒါရိုက်တာနှင့် လက်ထောက်ဒါရိုက်တာကလည်း သူ့ကို အပြင်လူကဲ့သို့ သဘောမထားပေ။ ကျန်းလင်းချွမ်က ဘေးနားရှိဆိုဖာကိုညွှန်ပြခဲ့ပြီး သူ့ကို ထိုင်ရန် လက်ဟန်ပြလိုက်၏။ ယွမ်ယယ်က ထိုနေရာမှာ ဝင်ထိုင်လိုက်ပြီး ပြုံးလျက်ဆိုလိုက်သည်။ "လောင်ရှီးတို့ ပြောစရာရှိတာပြောကြပါ၊ ပြီးပြီဆိုမှ ကျွန်တော့်ကိစ္စကိုပြောပါ့မယ်။"
သူထိုင်ချလိုက်သည်နှင့် မန်နေဂျာက စကားပြောရပ်သွားခဲ့သည်။ သူက ဒါရိုက်တာကိုပြုံးပြကာ ပြောလိုက်၏။ "ဒါဆို ဒါကို ဒီလိုပဲထားလိုက်တာပေါ့။ ဒါရိုက်တာကြီး လိုအပ်တာကိုလုပ်ပါ။ ပြီးတော့ ကျွန်တော်တို့ စောစောကဆွေးနွေးတဲ့ကိစ္စကိုလည်း သေချာလေး စဥ်းစားပေးပါ။ ကျွန်တော် ဒါရိုက်တာရဲ့အဖြေကို စောင့်နေပါ့မယ်။"
ဒါရိုက်တာက ခေါင်းမညိတ်သလို ခေါင်းလည်းမခါခဲ့ပေ။ မန်နေဂျာက ထရပ်ကာ ထပ်ပြောလာခဲ့သည်။ "ဒါရိုက်တာကြီး ကျွန်တော်တို့ကို အခွင့်အရေးပေးဖို့အတွက် မျှော်လင့်ပါတယ်။"
ယွမ်ယယ်တစ်ယောက် သူ့ကို စိုက်ကြည့်လိုက်သည်။ သူ့တွင် ဉာဥ်ဆိုးလေးရှိလေ၏။ သူ၏ဦးနှောက်က အလျင်အမြန်အလုပ်လုပ်ပြီး အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။ ထိုဝါကျ၌ တစ်ခုခုမှားနေသည်မှာ ထင်ရှားပေ၏။ ထို့ကြောင့် ယွမ်ယယ်က မေးလိုက်သည်။ "ခင်ဗျားက ဘယ်လိုအခွင့်အရေးမျိုးကို လိုချင်တာလဲ။"
"ယွမ်လောင်ရှီး။" တစ်ဖက်လူက မျက်နှာတွင် အပြုံးတစ်ခုချိတ်ဆွဲကာ ပြောလာခဲ့သည်။ "ဒါရိုက်တာနဲ့ ကျွန်တော့်ကြားကကိစ္စတွေကို စိုးရိမ်ပေးစရာမလိုပါဘူး။"
ယွမ်ယယ်က ဆိုဖာပေါ်ထိုင်ကာ လက်ကို ဒူးပေါ်တင်ထားသည်။ ခဏအကြာတွင် သူက ခေါင်းငုံ့ကာ သူ၏ဆံပင်ကို ပွတ်သပ်လိုက်၏။ ထို့နောက် ရုတ်တရက် ရယ်လိုက်လေသည်။ "ခင်ဗျားက ပြန်လာဖို့ကြိုးစားနေတာလို့တော့ ကျွန်တော့်ကိုမပြောနဲ့နော်... ပြသချိန် လုံလုံလောက်လောက်မရသေးဘူးလား။"
[*ဟယ့်ဟန်အတွက် screen time မလုံလောက်သေးဘူးလားလို့မေးလိုက်တာပါ။]
ယွမ်ယယ်ပြောပြီးသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူ၏အကြည့်ကြောင့် သူခန့်မှန်းလိုက်တာ မှန်သွားကြောင်း သိလိုက်ရလေ၏။ ယွမ်ယယ် သူ့ကိုယ်သူ ဆဲရေးလိုက်သည်။ သူက ထိုအနေအထားအတိုင်းပဲ ခေါင်းငုံ့ထားတာ လက်ကလည်း သူ၏ခေါင်းပေါ်တွင် ရှိနေဆဲပင်။ "ကျွန်တော်ပြောတာမှန်တယ်မလား။ ဒါနဲ့များ အဲ့ဒါက ကျွန်တော့်ကိစ္စမဟုတ်ဘူးလို့ ဘယ်လိုများပြောနိုင်ရတာလဲ။ ခင်ဗျား ဇာတ်ညွှန်းကို ပြင်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ကျွန်တော်ကို မေးသင့်တယ်။"
ယွမ်ယယ်က လက်ပြန်ချလိုက်ပြီး သူ့ကိုစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ "ခင်ဗျားက ဘယ်လိုပြောင်းချင်တာလဲ။"
ဒါရိုက်တာက တိတ်ဆိတ်နေပြီး နံဘေးမှာ လက်ဖက်ရည်သောက်နေခဲ့သည်။ လက်ထောက် ဒါရိုက်တာကလည်း တိတ်ဆိတ်နေ၏။ ထို့နောက် ယွမ်ယယ်က သူ့ကို ထပ်မေးလိုက်သည်။ "ခင်ဗျားတို့ရဲ့အချိန်ဇယားက သိပ်အဖိုးတန်တာကို အခုကျ ဘယ်လိုလုပ်ပြီး ပြန်လာဖို့အချိန်ရှိသွားရတာလဲ။ မဖြစ်နိုင်ချက်ကတော့။"
ယွမ်ယယ်တစ်ယောက် သူ၏ဒေါသကို တစ်ချိန်လုံး ထိန်းထားခဲ့ရသည်။ ယခုတွင် ၎င်းတို့က အမှန်တကယ်ပြန်လာပြီး ဇာတ်ညွှန်းကို ပြင်ဆင်ချင်နေကြောင်း မြင်လိုက်ရသောအခါ သူ့မှာ ဒေါသထွက်စွာရယ်မောလိုက်တော့၏။
သူတို့က ဘာလို့ ဒီလောက်ထိအရှက်မရှိရတာလဲ။
သူ၏စကားလုံးများက အလွန်တိုက်ရိုက်ဆန်ပေ၏။ ထိုအခန်းထဲရှိ မည်သူကမှ အပြုံးတုများကို ဆက်လက်မထိန်းထားနိုင်ကြတော့ပေ။ ကျန်းလင်းချွမ်က သူ့ကို ခေါ်လာခဲ့သည်။ "ရှောင်ယွမ်။"
"အင်း၊ ကျွန်တော် ဒီမှာရှိတယ်။" ယွမ်ယယ်က တုံ့ပြန်လိုက်သည်။ သို့သော် လုံးဝကို စကားပြောရပ်မသွားပေ။ သူက တစ်ဖက်လူကိုစိုက်ကြည့်ကာ ဆက်ပြောလိုက်၏။ "ခင်ဗျားက ဘယ်လိုတည်းဖြတ်ချင်တာလဲ။ ပြသချိန်ထပ်ထည့်ချင်တာလား။ ဘယ်နှမိနစ်အပိုထပ်ထည့်ချင်တာလဲ။"
ဟယ့်ဟန်က ထိုင်ဝမ်လူမျိုးတစ်ယောက်ဖြစ်သော်လည်း သူ၏မန်နေဂျာက အသက်ကြီးကြီး၊ အတွေ့အကြုံရှိသော ပြည်မကြီးလူမျိုးတစ်ယောက်ဖြစ်သည်။ ထို့ပြင် ယွမ်ယယ်က ဤနယ်ပယ်၌ အရေးကြီးသည့်သူတစ်ယောက်မဟုတ်ပေ။ သူ့တွင် ဘာဂုဏ်ဒြပ်မှမရှိချေ။ သူနှင့်ဖန်းရှောက်ယိတို့၏ လက်ရှိဆက်ဆံရေးအရ ထိုလူများက ဖန်းရှောက်ယိကို စော်ကားမိသလိုဖြစ်မည်ကိုလည်း မကြောက်ရွံ့ကြပေ။ ယွမ်ယယ်၏စကားတစ်လုံးစီတိုင်းက တိုက်ခိုက်သလိုဖြစ်နေသည်။ ထိုအခါ မန်နေဂျာကလည်း ယဥ်ကျေးမနေတော့ချေ။ သူက နှာမှုတ်ကာ ရန်စသောလေသံဖြင့် ပြောလိုက်၏။ "အဲ့ဒါက ရင်းနှီးမြှုပ်နှံသူ ဘာလိုချင်သလဲဆိုတဲ့အပေါ် မူတည်တယ်။ အထက်ကလူက ရုပ်ရှင်ကို အဓိကမင်းသားတစ်ယောက်ကနေ နှစ်ယောက်အဖြစ် ပြောင်းချင်နေတာ။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဘယ်လောက်ပဲ အလုပ်များများ ဒီကိုပြန်လာဖို့အတွက် အချိန်ကို မရမကရှာရမှာပဲလေ။"
သူက ယွမ်ယယ်အား စိုက်ကြည့်နေပြီး မျက်လုံးများထဲမှာ လှောင်ပြုံးရေးရေးလေးဖြစ်ပေါ်နေသည်။ သူက ဆက်ပြောလာသည်။ "ကျွန်တော်တို့ ဘယ်လိုမျိုး ပြသချိန်ထပ်ထည့်မယ်၊ ဘယ်လောက်ထိ ထပ်ထည့်မလဲဆိုတာတွေက တကယ်တော့ ယွမ်လောင်ရှီးနဲ့ ဘာမှမဆိုင်ဘူး။ ယွမ်လောင်ရှီးက ဇာတ်ညွှန်းရေးခဲ့တာမှမဟုတ်တာ၊ ဒီတော့ ပြောင်းလဲမှုကြီးကြီးမားမားတွေကိုဆွေးနွေးဖို့ တာဝန်မရှိဘူးမဟုတ်လား။ ဥက္ကဌလျှိုက ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ လန်လောင်ရှီးနဲ့ ပြောပြီးသွားပြီ။ ယွမ်လောင်ရှီးက အထက်ကို ဘယ်လိုတည်းဖြတ်ချင်သလဲလို့ သွားမေးရင်ရော?"
ကျန်းလင်းချွမ်က လည်ချောင်းရှင်းကာ မန်နေဂျာကို ပြောလိုက်၏။ "အရင်ဆုံး ပြန်သွားပြီး ကျွန်တော့်အဖြေကိုစောင့်နေပါ။"
"မသွားနဲ့ဦး။" ယခုတွင် ယွမ်ယယ်က လုံးဝကိုရယ်ချလိုက်တော့သည်။ သူက ၎င်းတို့ကို အပြန်ပြန်အလှန်လှန်ကြည့်ကာ ပြောလိုက်သည်။ "ဘယ်သူ ကျွန်တော့်ကို ရှင်းပြပေးနိုင်လဲ။ ခင်ဗျားပြောတဲ့ အဓိကမင်းသားထပ်ထည့်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဓိကမင်းသားနှစ်ယောက်လား။"
"ရှောင်ယွမ်၊ ဘာကိုမှ မဆုံးဖြတ်ရသေးဘူး။ ငါတို့ နောက်မှ ဆွေးနွေးလို့ရတယ်။" လက်ထောက်ဒါရိုက်တာက ယွမ်ယယ်ကို အဓိပ္ပါယ်ပါသောအကြည့်ဖြင့်ကြည့်ကာ ပြောလာခဲ့သည်။ သူသည် တစ်ဖက်လူက သူ၏စကားများကြောင့် အလွန်အမင်း အနှောင့်အယှက်ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့၏။
"ဘယ်လိုဆွေးနွေးချင်တာလဲ။" ယွမ်ယယ်က မျက်ခုံးပင့်လိုက်သည်။ သူက လက်ချောင်းလေးများဖြင့် သူ၏ဘောင်းဘီအား ခပ်ဖွဖွကုတ်ခြစ်နေ၏။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးခေါက်လာသောကြောင့် လက်ထောက်ဒါရိုက်တာက ဖွင့်ပေးလိုက်သည်။ ယွမ်ယယ်က ထိုမန်နေဂျာကိုကြည့်ကာ ဆက်ပြောလိုက်လေ၏။ "ခင်ဗျားသရုပ်ဆောင်ရဲ့ စွမ်းရည်ကိုအခြေခံပြီးပြောရရင် သူက ဒီရုပ်ရှင်အတွက် အဓိကမင်းသားနေရာကို ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလား။"
"ဘာအကြောင်းတွေ ပြောနေကြတာလဲ။" ယွမ်ယယ် အသံလာရာကိုကြည့်လိုက်ရာ အခန်းထဲသို့လျှောက်ဝင်လာသူမှာ ဖန်းရှောက်ယိဖြစ်နေသည်။ ဖန်းရှောက်ယိလျှောက်ဝင်လာစဥ် သူ့စကား၏ဒုတိယတစ်ဝက်ကို ကြားလိုက်ရ၏။ သူက ယွမ်ယယ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူထိုင်နေသော ဆိုဖာဘေးတွင်ရပ်ရန် ထိုနေရာသို့ သွားလိုက်လေသည်။
လက်ထောက်ဒါရိုက်တာက ပြောလာခဲ့သည်။ "ရှောက်ယိ၊ ယွမ်ယယ်နဲ့ အရင်ပြန်နှင့်လိုက်။ ငါတို့ မနက်ဖြန်ကျမှ ပြောကြမယ်။"
"မလိုပါဘူး။" ယွမ်ယယ်၏အမူအရာသည် အလွန်မည်းမှောင်နေ၏။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားဆိုလိုတဲ့ 'အဓိကမင်းသားနှစ်ယောက်' ရဲ့အဓိပ္ပါယ်ကို ကြားချင်တယ်။"
ထိုအခြေအနေက ယွမ်ယယ်ကို အမှန်တကယ်စိတ်ဆိုးဒေါသထွက်စေသည်။ မန်နေဂျာ၏ 'အဓိကမင်းသားနှစ်ယောက်' သည် သူ့ကိုယ်တွင်းရှိဗုံးအား မီးစညှိပေးလိုက်သလိုဖြစ်သွားလေ၏။ ယခင်ကထိန်းထားခဲ့ရသောသူ၏ဒေါသများက ယခုနှင့်ယှဥ်လိုက်လျှင် ဘာမှမဟုတ်တော့ချေ။ ယွမ်ယယ် အနုပညာနယ်ပယ်ရှိ ညစ်ညမ်းသောလိုအင်များ၊ ဆက်ဆံရေးများကို တကယ်ပင်စက်ဆုပ်ပေသည်။ သကြားဖေဖေတစ်ယောက်ရပြီးနောက် တစ်ဖက်လူက သူ၏အခန်းများအားလုံး ရိုက်ကူးပြီးတာတောင် ဖန်းရှောက်ယိနှင့် တန်းညှိချင်နေသည်။ 'သောက်ရမ်းဟာသဆန်တာပဲ။'
အစမှ အဆုံးထိ ဒါရိုက်တာက သူ၏အတွေးအမြင်အား မဖော်ပြခဲ့ချေ။ ယေဘုယျအားဖြင့်ပြောရလျှင် ၎င်းမှာ သဘောတူသည်ဟု ဆိုလိုနေသည်ပင်။
ဒေါသထွက်စွာဖြင့် ယွမ်ယယ်တစ်ယောက် မျက်လုံးလှန်လိုက်သည်။ သူက စားပွဲပေါ်ရှိ စောစောကသူယူလာသောဇာတ်ညွှန်းများကို လက်ညှိုးထိုးပြလိုက်သည်။ "ကျွန်တော်တို့ စာချုပ်လက်မှတ်ထိုးထားတဲ့ထဲမှာ ပါတဲ့အတိုင်းပဲ ရိုက်ကြရအောင်။ အဓိကမင်းသားနှစ်ယောက်ဆိုတာက မဖြစ်နိုင်ဘူး။ ခင်ဗျား အသားမစားခင်၊ အစာချေနိုင်တာကို သေချာအောင်အရင်လုပ်ဖို့လိုအပ်တယ်။ ခင်ဗျားသရုပ်ဆောင်ရဲ့အရည်အချင်းက သူ့အတွက်ပြန်သွားပြီး idol ဇာတ်လမ်းတွဲတွေရိုက်ဖို့လောက်ပဲ လုံလောက်တာ။ သူက အချစ်ဇာတ်လမ်းတွဲရိုက်ဖို့အတွက်တောင် အရည်အချင်းမရှိဘူး။ အများဆုံးမှ တတိယ ဒါမှမဟုတ် စတုတ္ထဇာတ်ကောင်နေရာကိုပဲ ကိုင်တွယ်နိုင်လိမ့်မယ်။"
"ယွမ်ယယ်။" ဖန်းရှောက်ယိက ခေါ်လိုက်၏။ သူက သူ့ဘေးကနေ တိုးတိုးလေးကပ်ပြောလိုက်သည်။ "စိတ်လိုက်မာန်ပါမလုပ်လိုုက်နဲ့။"
"ငါမလုပ်ပါဘူး။ ငါ အမှန်ကိုပြောနေတာ။" ယွမ်ယယ်က ထိုမန်နေဂျာကိုစိုက်ကြည့်လိုက်သည်။ "ခင်ဗျားတို့က တခြားသူရဲ့အာဏာကို မှီခိုနေကြတာ။ ခင်ဗျားရဲ့သရုပ်ဆောင်က ချမ်းသာတဲ့စပွန်ဆာတွေကို ဘယ်လောက်ကကြာကြာနိုင်မှာလဲ။ ဒီနေ့မှာ အာဏာရှိနေပေမဲ့ စပွန်တာကစွန့်ပစ်လိုက်တာနဲ့ အမြင့်ကနေပြုတ်ကျပြီး ခြောက်သွေ့တဲ့အထိ ဂုတ်သွေးစုပ်ခံရမှာပဲ။"
သူ၏စကားလုံးများက အဆင်မပြေလွန်းပေ။ ဖန်းရှောက်ယိက လက်ဆန့်ထုတ်ကာ ယွမ်ယယ်၏ကျောပေါ် ဖိကပ်လိုက်သည်။ သူက မျက်ခုံးများတွန့်ချိုးကာ လေးလေးနက်နက် ခေါ်လိုက်သည်။ "ယွမ်ယယ်။"
ယွမ်ယယ်သည် ထရပ်ကာ ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ကောက စိတ်သဘောကောင်းပေမဲ့ ကျွန်တော်ကတော့မဟုတ်ဘူး။ ကျွန်တော်က တောင်ပေါ်က ပညာမတတ်တဲ့သူတစ်ယောက်ပဲ။ ကျွန်တော်က မယဥ်ကျေးတတ်ဘူး။"
ထိုသို့ပြောပြီးနောက် ဒါရိုက်တာကို လှည့်ကြည့်လိုက်သည်။ သူက ထပ်ပြောရန်ပြင်လိုက်သော်လည်း ဖန်းရှောက်ယိက သူ့ကို ပြောခွင့်မပေးတော့ပေ။ သူက ယွမ်ယယ်အား ဆွဲခေါ်လာခဲ့သည်။ ပြန်ထွက်မလာခင် ဖန်းရှောက်ယိက ဒါရိုက်တာနှင့် လက်ထောက်ဒါရိုက်တာအား ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ဘေးတွင်ရပ်နေသော မန်နေဂျာကို ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ခင်ဗျားမှာပြောစရာရှိသေးရင် နောက်မှပဲ ပြောပါ၊ ကျွန်တော့်ကို။"
(*ကျွန်တော့်ကိုဆိုတာကို ဖိပြောလိုက်တဲ့သဘောပါ)
ဖန်းရှောက်ယိက ယွမ်ယယ်ကို သူ့အခန်းဆီ ပြန်ခေါ်သွားခဲ့သည်။ ယွမ်ယယ်၏မျက်ခုံးအစုံမှာ တွန့်ချိုးနေလျက်ပင်။ သူ၏အမူအရာမှာလည်း အလွန်အမင်းမည်းမှောင်နေလေ၏။ "ဘာလို့ ငါ့ကိုဆွဲခေါ်လာတာလဲ။ ငါ စကားပြောလို့မပြီးသေးဘူးကို။"
"မင်း ဘာပြောစရာရှိလို့လဲ။" ဖန်းရှောက်ယိက သူ့ကို ဆိုဖာပေါ်ထိုင်ခိုင်းလိုက်ပြီး သူ၏ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "မင်း တစ်ခုခုပြောမယ်ဆိုရင် မင်းက ဒါရိုက်တာ့ကို ဦးတည်တော့မှာ။"
"ဒီတစ်ခါ ဒါရိုက်တာကြီးက မှန်မနေဘူး။" ယွမ်ယယ်၏ဒေါသများမှာ ပျောက်ကွယ်မသွားသေးချေ။ သူ၏စကားလုံးများက အလွန်နာကျင်စေနိုင်ပေ၏။ "ငါစကားပြောမလို့ကြိုးစားတိုင်း မင်းက ဘာလို့ ငါ့ကိုတားနေရတာလဲ။"
ဖန်းရှောက်ယိက သူ့အတွက် ရေတစ်ခွက်ထည့်ပေးခဲ့သည်။ တကယ်တော့ သူ၏အမူအရာမှာလည်း အတော်လေးမည်းမှောင်နေခဲ့သည်။ သို့သော် သူက ယွမ်ယယ်ဒေါသထွက်နေဆဲဖြစ်သောကြောင့် မည်သည့်မှတ်ချက်ကိုမှ ထုတ်မပြောခဲ့ပေ။ "နောက်တစ်ခါ တစ်ခုခုဖြစ်ရင် ကိုယ့်ကိုခေါ်လိုက်။ မင်းတစ်ယောက်တည်း တခြားသူတွေနဲ့ စကားများတာမျိုး မလုပ်နဲ့။"
"ငါလည်း အချိန်ကိုက်ရောက်သွားမိလို့ပါ။ ငါ မင်းကိုခေါ်ဖို့အချိန်တောင်မရလိုက်ဘူး။ ပြီးတော့ ငါမင်းကိုခေါ်လိုက်ရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကို စကားပြောခွင့်ပေးမှာမှမဟုတ်တာ။" ယွမ်ယယ်က ထိုရေကိုမသောက်ဘဲ စီးကရက်ကို မီးညှိလိုက်လေ၏။ ထို့နောက် ဆက်ပြောခဲ့သည်။ "ငါ သူတို့ကို စိတ်တိုနေတာ ကြာနေပြီ။ မင်းသာ ငါ့ကို ပြောခွင့်မပေးရင် ငါပေါက်ကွဲထွက်သွားတော့မှာ။"
ဖန်းရှောက်ယိက သက်ပြင်းချလိုက်သည်။ သူက ယွမ်ယယ်ဘေးနားမှာ ကပ်ထိုင်လိုက်ပြီး သူ့ကိုပြောလိုက်၏။ "မင်း ပေါက်ကွဲထွက်တော့မယ်ဆိုရင်၊ ကိုယ့်ကိုအော်လိုက်။"
ယွမ်ယယ်မှာ သူ့ကိုအော်စရာအကြောင်းမရှိပေ။ ထို့အပြင် သူ့ကိုအော်လိုက်ခြင်းကလည်း အသုံးမဝင်ချေ။ ဖန်းရှောက်ယိက သိမ်မွေ့သောလူမျိုးဖြစ်သည်။ သို့မဟုတ် အချက်ကျကျပြောရလျှင် 'သိမ်မွေ့ခြင်း' မဟုတ်ဘဲ ဂရုမစိုက်ခြင်းသာ။ ဖန်းရှောက်ယိက ဇာတ်ကောင်များ သို့မဟုတ် ရုပ်ရှင်များကို မလိုအပ်သလို၊ မည်သည့်ရုပ်ရှင်တွင် ဇာတ်လမ်းဇာတ်ကွက်နှင့် ဇာတ်ဝင်ခန်းနည်းသည်၊ များသည်ကိုလည်း ဂရုမစိုက်ပေ။ အကယ်၍ သူသာ ယခုကိစ္စကိုသိသွားလျှင် ၎င်းအား အပူတပြင်းဆန့်ကျင်နေလိမ့်မည်လည်း မဟုတ်ချေ။ ထိုကဲ့သို့အနေအထားနိမ့်သော အသေးအဖွဲသရုပ်ဆောင်တစ်ယောက်နှင့် ဇာတ်ဝင်ခန်းကြာချိန်အတွက် ရန်ဖြစ်ရခြင်းမှာ မတန်ချေ။
သို့သော် ယွမ်ယယ်ကတော့ ထိုသို့မဟုတ်ပေ။ သူဂရုစိုက်သည့်အရာများနှင့်ပတ်သက်၍ သူ၏မျက်လုံးထဲ သဲတစ်မှုန်စာလေးကိုတောင် သည်းမခံနိုင်ချေ။ ဤနယ်ပယ်၏အရိပ်အောက်တွင် ပုန်းကွယ်နေသော အမှိုက်သရိုက်များက အတော်များများရှိပေသည်။ ပုံမှန်အားဖြင့် ၎င်းတို့က တစ်ယောက်ယောက်ကို မျက်နှာချင်းဆိုင်တွင် 'ကော' ဟု ယဥ်ယဥ်ကျေးကျေးခေါ်နေသော်ငြား မျက်ကွယ်ရာတွင်တော့ ၎င်းတို့ မည်မျှရှုတ်ချခံနေရမည်ကို မည်သူသိနိုင်မည်နည်း။ အခွင့်အရေးသာပေးလိုက်လျှင် ၎င်းတို့က တစ်ယောက်ယောက်၏ခေါင်းပေါ်တက်ကာ ပျော်ရွှင်စွာ ကခုန်နေကြလိမ့်မည်သာ။
အရင်တစ်ခေါက်က ဖန်းရှောက်ယိခေါင်းကိုက်ဝေဒနာခံစားနေရချိန်တွင် ၎င်းတို့၏စိတ်ထဲတွင် မည်မျှကျေနပ်နေကြမည်ကို မည်သူသိမည်နည်း။ ၎င်းတို့မှာ ယွမ်ယယ်အမုန်းဆုံးလူမျိုးများဖြစ်သည် - 'လေးစားမှုနဲ့ မထိုက်တန်တဲ့ ငတုံးတွေ'
အမှန်တော့ ဖန်းရှောက်ယိ ဒါရိုက်တာ့အခန်းကို လာစဥ်က ယွမ်ယယ်လည်းရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုမတိုင်ခင်က ယွမ်ယယ်အခန်းထဲရှိနေစဥ် ထိုကိစ္စကို တစ်ခွန်းမှ မပြောခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စကို ယွမ်ယယ်သိသွားလျှင် ယခုလိုပေါက်ကွဲထွက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။ သူက ဒါရိုက်တာ၏အခန်းသို့ ထိုကိစ္စကို မေးမြန်းရန်လာခြင်းဖြစ်၏။ သို့သော် ယွမ်ယယ်တစ်ယောက် ထိုအခန်းထဲတွင် ပေါက်ကွဲနေပြီကိုတော့ မျှော်လင့်မထားခဲ့မိပေ။ တစ်ဖက်လူက စိတ်ဆိုးနေသောအခါ ဘာကိုမှဂရုမစိုက်သလို မည်သူ့ကိုစော်ကားမိလိမ့်မည်ကိုလည်း မကြောက်ရွံ့တော့ပေ။ သူက အလွန်အရိုင်းဆန်ပေသည်။
ထို့နောက် ယွမ်ယယ်က အပေါ်ထပ်သို့ဦးတည်လိုက်သောအခါ ဖန်းရှောက်ယိက သူ၏ပခုံးများကို လှမ်းဖက်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ "ထပ်ပြီး စိတ်ဆိုးမနေနဲ့ပါနဲ့တော့။ ဘာလို့ သူတို့ကို စိတ်ဆိုးနေရမှာလဲ။"
ယွမ်ယယ်သည် အသံပြုလိုက်၏။ ထို့နောက် သူက ဖန်းရှောက်ယိကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ငါ မင်းအတွက် အခက်တွေ့အောင် လုပ်မိသွားလား။"
"ဟင့်အင်း၊ မလုပ်မိပါဘူး။" ဖန်းရှောက်ယိ၏အကြည့်များထဲမှာ မြတ်နိုးမှုများပြည့်နှက်နေ၏။ သူက ယွမ်ယယ်ကို ပြောလိုက်သည်၊ "ကိုယ်က မင်းကို တခြားသူတွေနဲ့ စကားမများစေချင်ရုံတင်ပါ။ လူတိုင်းက မင်းလို အရှေ့မှာပဲ ပြောတတ်ကြတဲ့လူမျိုးမဟုတ်ဘူး။ မင်းက ရိုးရိုးရှင်းရှင်းလေးမြင်ပေမဲ့ သူတို့တွေက ပုန်းကွယ်နေမှာ။ ဒီကိစ္စကို ကိုယ့်ကိုပဲ ဖြေရှင်းခွင့်ပေး။ ဒါမှမဟုတ် ကုမ္ပဏီကိုပဲ သူတို့နဲ့ဖြေရှင်းခိုင်းလိုက်မယ်။"
ယွမ်ယယ်က ထိုကိစ္စကို မည်သို့ဖြင့် မသိဘဲနေမည်နည်း။ သူက ရယ်မောယင် ခေါင်းယမ်းလိုက်သည်။ "ငါ အဲ့ဒါတွေကို မကြောက်ဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့။"
"ကိုယ့်အတွက်တော့ ဘာပဲဖြစ်ဖြစ် မဟုတ်ဘူး။" ဖန်းရှောက်ယိက သူ၏နားကိုဆွဲလိုက်ပြီး အနည်းငယ်စိတ်ဆိုးနေဟန်ဖြင့် ပြောလိုက်သည်။ "မင်းရဲ့စိတ်ကို ထိန်းထားပါဦး။"
အစက ယွမ်ယယ်တစ်ယောက် ပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း အဆုံး၌ ပြန်ပိတ်သွားခဲ့သည်။ သူက ခေါင်းညိတ်ပြကာ ဘာမှထပ်မပြောတော့ပေ။
အမှန်တော့ ယွမ်ယယ်ခမျာ သူ၏စိတ်ကို အတော်လေးထိန်းထားပြီးဖြစ်သည်။ အရင်တုန်းက ဟယ်ဟန်တို့ဘက်မှ ရက်အတော်ကြာ တမင်သက်သက် ဒုက္ခရောက်စေခဲ့သောအချိန်မှာ သူ တစ်ခွန်းမှမပြောခဲ့ချေ။ ဖန်းရှောက်ယိနှင့် အတူရှိနေစဥ် ယွမ်ယယ်တစ်ယောက် အခြားသူများနှင့်တူအောင် အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့သည်။ သူက ဖန်းရှောက်ယိကို အခက်မတွေ့စေချင်ပေ။ သို့သော် ယနေ့လိုမျိုး တစ်ခါတစ်ရံမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ချေ။
နှစ်ပေါင်းမည်မျှပင်ကြာနေပါစေ၊ ယွမ်ယယ်တစ်ယောက် သူ့ကိုယ်သူ ဤနယ်ပယ်ထဲ လုံးဝမနစ်မြုပ်နိုင်သေးပေ။ သူက ဤနယ်ပယ်၏စည်းမျဥ်းများနှင့် လူ့အဖွဲ့အစည်းကို ဘယ်တုန်းကမှ သဘောမကျခဲ့သလို ၎င်းတို့အား ဘယ်တော့မှ နားလည်လိမ့်မည်မဟုတ်ချေ။ သူက စကားပြောခြင်း၊ ဆွေးနွေးခြင်း၊ ကိစ္စများကိုဖြေရှင်းခြင်းတို့တွင် တည့်တိုးသမားတစ်ယောက်ဖြစ်ပြီး ရိုးရိုးရှင်းရှင်းအမြင်သာရှိသည်။ ယွမ်ယယ်က တစ်စုံတစ်ယောက်၏နောက်ကွယ်တွင် ဘာမှလုပ်လိမ့်မည်မဟုတ်ချေ။ သို့သော် ထိုသို့မလုပ်ခြင်းကပင် ကျော်ကြားမှုနှင့် အဆင့်အတန်းက အခြားအရာများထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ကြသော ဤနယ်ပယ်၏ တစ်စိတ်တစ်ပိုင်းမဟုတ်ဟု ဆိုလိုပုံရပေသည်။
*****