no

Font
Theme

ရိုက်ကွင်း​ပေါ်က ဇာတ်ညွှန်း​ရေးဆရာ။

ဖန်း​ရှောက်ယိတစ်​ယောက် ယွမ်ယယ်ကိုကြည့်​နေရင်း အံ့သြမှင်တက်​နေသည်။ သူ ထိုအရာကို လုံးဝမ​မျှော်လင့်ထား​ခဲ့မိပေ။ သို့​သော် ခဏအကြာတွင် သူ​ခေါင်းတယမ်းယမ်းဖြင့် ရယ်​မော​​တော့​​လေ၏။ မှန်​ပေသည်။ သင်သာ ၎င်းကို မှန်းဆထားနိုင်လျှင် ၎င်းမှာ ယွမ်ယယ်မဟုတ်​တော့​ပေ။

ယွမ်ယယ်က ဖန်း​ရှောက်ယိကို မျက်ခုံးပင့်ကြည့်လိုက်၏။ "ငါ မင်းဆီက​နေ သင်ယူမလို့ပါ ဖန်း​လောင်ရှီး။"

ဖန်း​ရှောက်ယိက ရယ်​မောကာ သူ့ကို​ပြောလိုက်သည်။ "မင်းရဲ့ဦး​ဆောင်မှု​နောင်က​နေ လိုက်ပါ့မယ် ယွမ်​လောင်ရှီး။"

ယန်စစ်ရန်က တံခါးနားရှိဝန်ထမ်းကို ပန်းကန်ခွက်​ယောက်တစ်စုံယူလာ​ပေးရန် ​ပြောလိုက်၏။ ထို့နောက် သူကိုယ်တိုင်ယူလာပြီး ယွမ်ယယ်​ရှေ့သို့ ချ​​ပေးခဲ့သည်။ ယွမ်ယယ်က ​မော့ကြည့်ကာ သူ့ကိုပြုံးပြလိုက်၏။ "​ကျေးဇူး ​ရှောင်တိ။"

"ရပါတယ် ယွမ်ယယ်​ကော။" ယန်စစ်ရန်က နှုတ်ခမ်းများကိုဖိကာ ပြန်ပြုံးပြလိုက်သည်။

အမှန်​​တော့ ယွမ်ယယ်က ဒါရိုက်တာကျန်းကို ကြိုတင်အ​ကြောင်းကြားထားပြီးသားဖြစ်သည်။ သူလာမည့်အ​ကြောင်းကို ​စော​စောကတည်းက အတည်ပြုထားပြီးဖြစ်၏။ ကျန်းလင်းချွမ်က ရိုက်ကူး​ရေးလုပ်သည့်အခါတိုင်း ရိုက်ကွင်း၌ ဇာတ်ညွှန်း​ရေးဆရာအများကြီးကို အမြဲတမ်းလိုအပ်သည့်သူတစ်ဦးပင်။ ဤရုပ်ရှင်ပြင်ဆင်ချိန်၌ ဇာတ်ညွှန်း​ရေးဆရာ ရှစ်​ယောက်ရှိပြီး လူတိုင်း မိမိ၏ကိုယ်ပိုင်ဇာတ်ညွှန်းကို ​​ရေးသားခဲ့ကြသည်။ အဆုံးတွင် ဒါရိုက်တာကျန်းက သူအကြိုက်ဆုံးအပိုင်းများကို ​ရွေးထုတ်ကာ ဇာတ်ညွှန်းတစ်ခုတည်းအဖြစ် ပြန်လည်း​ပေါင်းစည်း​ခဲ့၏။ ရိုက်ကွင်း​ပေါ်မှ ဇာတ်ညွှန်း​ရေးဆရာများလည်း ရှိ​​ပေသည်။ သို့​သော် ၎င်းတို့အားလုံးမှာ အလုပ်သင်အဆင့်သာ။ ကျန်းလင်းချွမ်က ရိုက်ကူး​ရေးစတင်ပြီး​နောက် အခြားသူများနှင့် ​ဆွေး​နွေးခဲသည့်သည်။ သူ့မှာ ကိုယ်ပိုင်အကြံဥာဏ်များရှိ​ပြီး ရိုက်ကွင်းရှိဇာတ်ညွှန်း​ရေးဆရာများက သူ၏စိတ်ကူးအတိုင်း ဇာတ်ညွှန်းကို တည်းဖြတ်​ပေးရုံသာဖြစ်သည်။

ယွမ်ယယ် ရိုက်ကွင်း​ပေါ်မှဇာတ်ညွှန်း​ရေးဆရာဖြစ်လာခြင်းမှာ သူ​၏ကိုယ်ပိုင်တန်ဖိုးကိုနှိမ့်ချပြီး သူ့ဒုက္ခသူရှာခြင်းသာ။ မည်သူကမျှ ရိုက်ကွင်း​ပေါ်မှဇာတ်ညွှန်း​ရေးဆရာ မလုပ်ချင်ကြ​ပေ။ အကယ်၍ အ​ပြောင်းအလဲများ​သောဒါရိုက်တာမျိုးနှင့်ကြုံ​တွေ့ရလျှင် ၎င်းတို့မှာ ဇာတ်ညွှန်းကို တည်းဖြတ်ရန် ညတိုင်း ဉာဥ့်နက်တဲ့အထိ​ နေရတတ်သည်။ ၎င်းမှာ ဝင်​ငွေကောင်းသည့်အလုပ်လည်းမဟုတ်​ပေ။

ညစားစားပွဲ၌ ဖန်း​ရှောက်ယိက သူ့ကိုများများစားစားမ​ပြောခဲ့​ပေ။ ​ပြောရန်လည်း အဆင်မ​ပြေ​​ချေ။

​တွေ့ဆုံပွဲအဆုံးသတ်သွားပြီး နှစ်ဦးသား ကား​ပေါ်​ရောက်သည့်အချိန်မှသာ ဖန်း​ရှောက်ယိက သူ့ကိုဆူ​ခဲ့​လေ၏။ "အရူး​လေး၊ မင်း ပင်ပန်းမှာ မစိုးရိမ်ဘူးလား။"

"ဘယ်​လောက်ထိပင်ပန်းမှာမို့လဲ။ ကိစ္စမရှိပါဘူး။" ယွမ်ယယ်က ပြုံးလိုက်ပြီး သူ့ကို လှည့်​ပြောလိုက်သည်။ "ပြီး​တော့ ပင်ပန်းရင်​တောင် ငါလာရမှာပဲ​။ ငါ မင်းကိုလိုက်ဖို့လို​သေးတယ်​လေ။"

"......" ကျီ​ရှောင်​​ထောင်းတစ်​ယောက် အ​ရှေ့ခုံထိုင်​နေပြီး ​နောက်ကြည့်မှန်ထဲက​နေ သူတို့ကို တစ်ချက်ခိုးကြည့်လာ၏။ သူက သူ့ကိုယ်သူ ကိုယ်​ပျောက်တစ်​ယောက်လို အတတ်နိုင်ဆုံးကြိုးစား​နေပြီး အသံတစ်သံမျှ မထွက်ခဲ့​ပေ။

ဖန်း​ရှောက်ယိက တည်ငြိမ်စွာ​ပြောလိုက်သည်။ "ကိုယ်က မင်းလက်လျော့လိုက်ပြီလို့ ထင်​နေတာ။"

ယွမ်ယယ်တစ်​ယောက် အလျင်အမြန်​ခေါင်းယမ်းလိုက်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ မင်းကို လာပြီးကာကွယ်​ပေးဖို့လို​​သေးတယ်။ ငါကြားတာ​တော့ မင်းတို့နှစ်​ယောက် ကျန်တဲ့ရိုက်ကူး​ရေးအဖွဲ့သား​တွေဆီက​နေ အနိုင်ကျင့်ခံ​နေရတယ်ဆို။ လာပါ၊ ယယ်​ကောက မင်းတို့ကို ကာကွယ်​ပေးမယ်။"

ကျီ​ရှောင်​ထောင်းက သူ့​အနောက်ကို တစ်ချက်တစ်ချက် ချောင်း​ကြည့်ကာ တစ်ချိန်လုံး တိတ်တိတ်​လေးသာ​နေ​နေခဲ့သည်။ သူက ယွမ်ယယ်​ရောက်လာခဲ့ခြင်းကို အံ့သြခြင်း​နေခြင်းက​​နေ ရုန်းထွက်လာနိုင်ခဲ့ပြီးဖြစ်၏။ ယွမ်ယယ်က သူ့ကို ဖုန်းတစ်ခါသာ​ခေါ်ခဲ့ပြီး မည်သည့်​နေရာတွင်ရှိ​နေသနည်းဟု​ မေးလာခဲ့သည်။ ကျီ​ရှောင်​ထောင်းက သူ့အား ​တွေ့ဆုံပွဲ၏သီးသန့်အခန်းနံပါတ်ကို ​ပြောပြခဲ့​သူပင်။

ဖန်း​ရှောက်ယိက ​မေးလိုက်သည်။ "မင်း ဘယ်မှာ​နေ​​နေတာလဲ။"

ယွမ်ယယ်က ဆံပင်များကိုပွတ်သပ်ကာ ​ခေါင်း​ကိုငဲ့​စောင်းကြည့်ပြီး ​မေးလိုက်၏။ "မင်းရဲ့အခန်းမှာ​နေမယ်ဆို အဆင်​ပြေလား။"

ဖန်း​ရှောက်ယိက ​ခေါင်းယမ်းလိုက်သည်။ သူ၏နှုတ်ခမ်း​ထောင့်များက အနည်းငယ်ပင့်တက်​လျက် ပြန်​ဖြေလိုက်​လေ၏။ "မရဘူး။ ကိုယ့်အခန်းထဲမှာ တစ်​​ယောက်ရှိ​နေပြီးသား။"

"ဟေး။" ယွမ်ယယ်က မျက်ခုံးပင့်လိုက်သည်။ "ယန်စစ်ရန်?"

ဖန်း​ရှောက်ယိသည် ပြုံးကာ ဘာမှမ​ပြော​တော့ဘဲ ကားပြတင်း​ပေါက်အပြင်ဘက်ကိုသာ ကြည့်​နေခဲ့သည်။

ယွမ်ယယ်က ​ခေါင်းယမ်းလိုက်​လေ၏။ "ငါ ဒီရှာလကာရည်ကို မစားဘူး​နော်။ ဒါကြီးက အရသာမ​ကောင်းဘူး။"

ယွမ်ယယ်က ဤနယ်ပယ်အတွင်းမှ မိသားစုဝင်တစ်ဦးဖြစ်ခဲ့သည်မှာ နှစ်​ပေါင်းများစွာကြာပြီဖြစ်ပြီး ကြားရသမျှကို ယုံကြည်လို့မရ​ကြောင်း ကောင်း​ကောင်းကြီးသိ​ပေ၏။ ၎င်းမှာ အရင်တုန်းကသာဆို ယွမ်ယယ်၏နှလုံးသား​​လေး အကြိမ်အနည်းငယ်ခန့် တုန်လှုပ်သွားလိမ့်မည်။ သို့​သော် ယခုတွင် သူနှင့် ဖန်း​ရှောက်ယိတို့က တစ်ဖန်ပြန်ပတ်သက်​နေကြသည့်အတွက် ဖန်း​ရှောက်ယိက ထိုသို့​သောကိစ္စများကို လုပ်လိမ့်မည်မဟုတ်​ပေ။ သူက ထိုကဲ့သို့​သောလူမျိုးမဟုတ်။ ၎င်းတို့မှာ အ​ခြေခံနားကျသော နားလည်မှုနှင့် ယုံကြည်မှုတို့ ရှိ​နေဆဲပင်။

ပြန်လာသည့်လမ်းတစ်​လျှောက်လုံး ကျီ​ရှောင်​ထောင်းက တတိယဘီးအဖြစ် အလုပ်ကြိုးစားလုပ်ခဲ့ရသည်။ ဟိုတယ်သို့ပြန်​ရောက်​သောအခါ သူက ထိုနှစ်​ယောက်ကိုနှုတ်ဆက်၍ သူ့အခန်းဆီသို့ အလျင်အမြန်ပြန်​ပြေးသွား​တော့သည်။ ယွမ်ယယ်က ဖန်း​ရှောက်ယိကို​ပြောလိုက်၏။ "ငါ မင်းအခန်းထဲမှာ ခဏ​လောက်ထိုင်ဦးမယ်။"

လမ်း​လျှောက်​နေရင်း ဖန်း​ရှောက်ယိက သူ့ကို​မေးလိုက်သည်။ "တစ်​ယောက်​ယောက်က မင်းရဲ့ပုံကို ရိုက်ယူသွားမှာ မ​ကြောက်ဘူးလား။"

"ရိုက်ချင်ရင်လည်း ရိုက်​ပေါ့။ ငါက ဒီလိုဖြစ်​နေပြီကို သူတို့ ဓါတ်ပုံ​တွေ အများကြီးပိုထွက်လာမှာကို ​ကြောက်​နေရမှာလား။"  ယွမ်ယယ်က ရယ်လိုက်၏။ "ဘာပဲဖြစ်ဖြစ်​ပေါ့။"

သဘာဝအားဖြင့် ယွမ်ယယ် ရိုက်ကွင်းသို့​ရောက်လာသည့်အ​ကြောင်းအရင်းကို ​ပြောပြ​နေစရာပင်မလို​ချေ။ သူက ထိုလူတစ်​ယောက်တည်းအတွက် လာခြင်းဖြစ်​ကြောင်း နှစ်​ရောက်စလုံး နှလုံးသားထဲက​နေ သိထားကြ​ပေသည်။

သို့သော် ယခုလက်ရှိတွင် သူနှင့် ဖန်း​ရှောက်ယိတို့ ပြန်လည်အဆင်​ပြေပြီး ချက်ချင်းပြန်လက်ထပ်လို့ရသည့် အ​ခြေအ​နေသို့ အမှန်တကယ်မ​ရောက်​သေး​ပေ။ ကွဲကွာ​နေ​သောတစ်နှစ်​ကျော်ကာလက ကိစ္စများမှာ ယခင်ကနှင့် လက်ရှိမတူ​တော့သည်ကို ပြသ​နေ၏။ ပြန်လည်စတင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ပြန်လည်စီစဥ်၍ ​ဖြေရှင်းရမည့်ကိစ္စများရှိ​နေ​​သေးသည်။ အင်တာနက်​ပေါ်မှ သူတို့ကို​စောင့်ကြည့်​နေကြချိန် ချက်ချင်းအတူရှိလိုက်လျှင် ၎င်းမှာ အလွန်တာဝန်မဲ့ရာကျ​ပေမည်။ ထို့ပြင် ၎င်းမှာ သူတို့၏ အချစ်​ရေးနှင့် အိမ်​ထောင်​ရေးအတွက် အလွန်မ​လေးစားရာလည်း ​ရောက်သွား​ပေလိမ့်မည်။

ယွမ်ယယ်က ဖန်း​ရှောက်ယိအခန်းထဲရှိ ဆိုဖာ​ပေါ်တွင်ထိုင်​နေပြီး သူ၏​ခေါင်းကို ပွတ်သပ်လိုက်သည်။ သူက တစ်ဖက်လူကို ​ပြောလိုက်၏။ "ယိ​ကော၊ ငါ ငါ့ကိုယ်ငါ သုံးသပ်အ​ဖြေရှာလို့ ပြီးခါနီး​နေပြီ။ ငါ လုံးဝ​ဖြေရှင်းပြီးသွားရင် မင်းကိုစပြီး အ​ဖြေရှာမယ်။ အဲ့ကျ ငါတို့ ပြန်စလို့ရပြီ။"

ဖန်း​ရှောက်ယိက သူ့ကိုဖြတ်​​လျှောက်ကာ သူ၏​ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ ​ခေါင်းတုံးဆံပင်​ပေါက်များက အနည်းငယ်ဆူး​ပေ၏။ ဖန်း​ရှောက်ယိ ထိုသို့​သောခံစားမှုမျိုးကို မခံစားရသည်မှာ အ​တော်​လေးကြာခဲ့​လေပြီ။ သူ ထိုအရာကို အ​တော်​လေးသ​ဘောကျပေ၏။ ဖန်း​ရှောက်ယိက ကြည့်နေပြီး ယွမ်ယယ်ကလည်း ပြုံးလျက်ဖြင့် သူ့ကိုစိုက်ကြည့်​နေခဲ့သည်။ သူ၏အပြုံးက အမြဲတမ်း ဆွဲ​ဆောင်မှုရှိ​လွန်းလှ၏။ ဖန်း​ရှောက်ယိက​ ပြောလိုက်သည်။ "ကိုယ်က မင်းနဲ့ပြန်စချင်ပါတယ်လို့ ​ပြောမိလို့လား။"

"အာ၊ ​ပြောတယ်​လေ။" ယွမ်ယယ်က ဘက်ဆန့်ကာ သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူက တစ်ဖက်လူ၏မျက်လုံးထဲ စိုက်ကြည့်​နေခဲ့၏။ ထို့​နောက် ​ခေါင်း​​​လေးစောင်းငဲ့ကာ ရယ်​မောလိုက်​လေသည်။ "မင်း ထုတ်မ​ပြောရင်​တောင် မင်းရဲ့စိတ်ထဲမှာ အဲ့လိုပဲ​လေ။ မင်း မျက်နှာများ​တော့မယ်ဆိုရင်လည်း သိသိသာသာလုပ်​နော်။ မဖုံးကွယ်ထားနဲ့။ ပိုပြီး ရိုးသားစမ်းပါကွာ။"

သူ၏စကား​ကြောင့် ဖန်း​ရှောက်ယိမှာ ​အော်မရယ်ဘဲ မ​နေနိုင်​တော့​​ပေ။ သူ ထိုကဲ့သို့သော တိုက်ရိုက်ကစားသမားကို မကိုင်တွယ်နိုင်​​ချေ။ ထို့​​နောက် လက်ကိုဆန့်ထုတ်လိုက်ပြီး ယွမ်ယယ်၏လက်ကို ဆုပ်ကိုင်ကာ ဖျစ်ညှစ်လိုက်​လေသည်။

၎င်းတို့၏လက်ဖဝါးများတွင် ရင်းနှီး​နေ​သော အ​နွေးဓါတ်​လေးများကျန်​နေ​သေးပြီး ​ခြောက်​သွေ့​နေ​ပေ၏။

ယွမ်ယယ်၏အခန်းက ဖန်း​ရှောက်ယိအခန်း၏ နှစ်ထပ်​မြောက်မှာရှိသည်။ သူက တစ်ဖက်လူ၏အခန်းထဲ ခဏတာအချိန်ဖြုန်းပြီး​နောက် ပြန်သွားခဲ့​လေ၏။ ရိုက်ကွင်းမှာ ရိုက်ကွင်းပင်ဖြစ်ပြီး ၎င်းတို့​တွေ အလုပ်လုပ်ကာ ရုပ်ရှင်ရိုက်ကူး​ရေးလုပ်သည့်​နေရာပင်။ ၎င်းတို့နှစ်ဦး ထို​နေရာ၌ ​လျှောက်လုပ်​နေသည်ဟု အခြားလူများကို.မ​တွေး​စေလိုသဖြင့် ယွမ်ယယ်တစ်​ယောက် ဖန်း​ရှောက်ယိနှင့် တစ်ခန်းထဲမနေခဲ့​ပေ။ ၎င်းတို့က ထိုအဆင့်ကိုမ​ရောက်​သေးရာ ထိုကဲ့သို့အလျင်စလို မပြုမူချင်​ပေ။

ယွမ်ယယ် ထိုဇာတ်ညွှန်းကိုဖတ်ဖူးသည်မှာ အ​​တော်လေးကြာ​နေပြီဖြစ်၏။ သူက လာဖို့အတွက် အရင်ကမ်းလှမ်းခဲ့သူဖြစ်ရာ ပြင်ဆင်မှုအ​တော်များများလည်း ပြီးပြီဖြစ်သည်။ မူလရိုက်ကွင်းဇာတ်ညွှန်း​ရေးဆရာက သူ့ကို ပြင်ဆင်ပြီးသားဇာတ်ညွှန်းအပိုင်းများအား ကြည့်ရန်​ပေးထားပြီးသားဖြစ်၏။ ယွမ်ယယ်က တစ်ဖက်လူကို ​မေးလိုက်သည်။ "ငါတို့ ဘယ်​လောက်ထိ ရိုက်ကူးပြီးသွားပြီလဲ။"

မူလဇာတ်ညွှန်း​ရေးဆရာက အ​တော်​လေးငယ်ပြီး ယွမ်ယယ်ကိုလည်း အလွန်​လေးစားသမှုရှိ​ပေသည်။ "ဒီအထိပါ။"

ယွမ်ယယ်က အ​တော်​လေး အံ့သြသွား​ခဲ့သည်။ "ဒီ​လောက်နည်းနည်း​လေးပဲလား။"

"ဟုတ်၊ ကျွန်​တော်တို့ ခုထိ သဟာဇာတမြစ်သေးလို့ထင်တယ်။ ရိုက်ချက်တစ်ခု ​အောင်မြင်သွားဖို့ကလည်း ဒါရိုက်တာအတွက် အရမ်းခက်တယ်။ ကျွန်​တော်တို့ အခန်းတစ်ခုကို ထပ်ခါထပ်ခါပြန်ရိုက်​နေရတာ။"

"​​သြော။" ယွမ်ယယ်က ရယ်လိုက်၏။ "ရင်းနှီးမြှုပ်နှံသူ​တွေက​ရော ဒီလိုမျိုးဖြုန်းတီး​နေဖို့အတွက် ပိုက်ဆံဘယ်​လောက်ထုတ်​ပေးထားလဲ။"

"ကုန်ကျစရိတ်သက်သာတဲ့ ရုပ်ရှင်တစ်ကားအတွက် ပမာဏအများကြီးပါ။ ကျွန်တော်တို့ ဆန္ဒရှိသ​လောက် ရနိုင်ပါတယ်။" ဇာတ်ညွှန်း​ရေးဆရာ ​ရှောင်​ကောင်းက ​ပြောလာ၏။

ဖန်း​ရှောက်ယိမှလွဲ၍ ဤရုပ်ရှင်၌ အခြားတန်ဖိုးမြင့်သရုပ်​ဆောင်များ မပါဝင်​ပေ။ လူတိုင်းက သရုပ်​​ဆောင်စွမ်းရည်ကောင်းများရှိပြီး အရည်အချင်းရှိကြ​​သော်လည်း အဓိကဇာတ်​ကောင်မှာ ဖန်း​ရှောက်ယိတစ်ဦးတည်းသာ။ ထို့ကြောင့် လစာအများကြီး​ပေးရန်လိုအပ်​သောသူမှာ တစ်​ယောက်တည်းသာဖြစ်၏။ သို့​သော် ထိုနှုန်းမှာ ဤနယ်ပယ်ရှိ အခြားသူများ​လောက် မများ​ပေ။ ရုပ်ရှင်တစ်ကားလုံးတွင် အလွန်ကြီးကျယ်ခမ်းနားသောရိုက်ချက်များမရှိသောကြောင့် အဖွဲ့က အထူးပြုလုပ်ချက်ဖန်တီးရာတွင်လည်း များပြားလှသောငွေများကို သုံးစွဲရန်မလိုအပ်​ပေ။ ရုပ်ရှင်စတူဒီယိုလေးတစ်ခု တည်​​ဆောက်ရုံကလွဲလို့ အခြားဘာမှ သုံးစွဲစရာ မရှိ​ချေ။

ရိုက်ကူး​ရေးပထမ​နေ့တွင် ယွမ်ယယ်က ရိုက်ကွင်းမှာ တစ်​နေကုန်​နေခဲ့သည်။ သူက ဦးထုပ်ပါ sweatshirt ​လေးတစ်ထည်ဝတ်ထားပြီး တစ်ချိန်လုံး ဒါရိုက်တာ၏​ဘေးတွင်ထိုင်​နေလျက် ​မော်နီတာမှတစ်ဆင့်ကြည့်​နေခဲ့သည်။ သူက ဒါရိုက်တာ၏အ​တွေးအမြင်များကို ပုံ​ဖော်ချင်​ပေ၏။ ဒါရိုက်တာကျန်းက သူနှင့် တစ်ခါတစ်ရံစကား​ပြောတတ်သည်။ သူက ​မေးလာ​လေ၏။ "မင်း ဘယ်လိုစွမ်းရည်မျိုးကို မြင်မိ​သေးလဲ။"

ယွမ်ယယ်က ပြုံးလိုက်သည်။ "ကျွန်​တော် လုံးလုံး​တော့ မ​ပြောနိုင်​သေးဘူး။"

ဒါရိုက်တာကျန်း: "မ​ပြောနိုင်​သေးတာ ကိစ္စမရှိပါဘူး။ ငါလည်း ဘယ်လိုခံစားချက်မျိုးရှာ​နေလဲဆိုတာ ကိုယ့်ဟာကိုယ်​​တောင် မသိ​တော့ဘူး။ ဒါ့​ကြောင့် ဆက်ရှာ​နေတုန်းပဲ။"

လက်ထဲတွင် ဇာတ်ညွှန်းကိုကိုင်ထားရင်း ယွမ်ယယ်က​မေးလိုက်သည်။ "ဒါရိုက်တာ၊ ကျွန်​​​တော်တို့ ဘယ်အချိန်​လောက် အစည်းအ​ဝေးလုပ်မှာလဲ။"

ဒါရိုက်တာက​ ဖြေလိုက်၏။ "မင်း ဇာတ်ညွှန်းကိစ္စနဲ့ပတ်သက်ပြီး​ပြောစရာရှိရင် ငါ့ကိုအချိန်မ​ရွေးလာရှာလို့ရတယ်။"

ယွမ်ယယ်က​ ခေါင်းညိတ်ကာ ​ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ။"

ယခင်က ယွမ်ယယ်သည် အဖွဲ့သားများနှင့် လာမပူး​ပေါင်းခင်က ဇာတ်ညွှန်းကိုဖတ်ပြီး ​သေ​သေချာချာစဥ်းစားကာ အကြံဉာဏ်များ အ​​တော်​လေးထွက်ခဲ့သည်။ သို့​သော် သူ ရိုက်ကွင်းမှာရှိ​မ​နေ​သော​ကြောင့် ထိုအ​ကြောင်းကို​ပြောပြရန် မည်သူမှမရှိခဲ့​​ပေ။ ကျန်းလင်းချွမ်၏အ​တွေးများကလည်း နားလည်ရခက်​ပေ၏။ ထိုရုပ်ရှင်ထဲတွင် ယွမ်ယယ် လုံးဝနားမလည်သည့် အခန်းများလည်း ရှိ​နေ​သေးသည်။ သူ ထိုအခန်းများကို နက်နက်နဲနဲ​တွေးသည်ဖြစ်​​စေ၊ အ​ပေါ်ယံသာ​တွေးသည်ဖြစ်​စေ ဒါရိုက်တာ​​ဖော်ပြချင်​သောအဓိပ္ပါယ်ကို သူနားမလည်​ပေ။

ထိုကဲ့သို့ရုပ်ရှင်များတွင် အသုံးမဝင်​သောစကား​လေးတစ်ခွန်းပင် ပါရန်မှာမဖြစ်နိုင်​ချေ။ စကားလုံးတစ်လုံးစီတိုင်းက သူ၏ကိုယ်ပိုင်ရည်ရွယ်ချက်ရှိ​သည်။ ယွမ်ယယ် ယ​နေ့ရိုက်ကူး​သောအခန်းကို နားမလည်သည့်အဓိကအ​ကြောင်းအရင်းမှာ ထိုအခန်းက လုံးဝအသုံးမဝင်​သော​ကြောင့်သာ။

ဖန်း​ရှောက်ယိက ဇာတ်ဝင်ခန်းတစ်ခုရိုက်ကူးပြီး​နောက် ​လျှောက်လာခဲ့သည်။ ယွမ်ယယ်က မတ်တတ်ရပ်ကာ ဒါရိုက်တာ​ဘေးမှခုံလေးကို ဖန်း​ရှောက်ယိ ပြန်လည်ကြည့်ရှုရန်အတွက် ထိုင်ဖို့ဖယ်​ပေးလိုက်၏။ ဖန်း​ရှောက်ယိက ယွမ်ယယ်ကို တစ်ချက်ကြည့်လာခဲ့သည်။ သူ၏မျက်နှာက အမူအရာကင်းမဲ့​နေပြီး စကားမ​ပြော​သော်လည်း သူ၏အကြည့်မှာ ​နွေး​ထွေး​နေ​လေ၏။ ယွမ်ယယ်က သူ့ကိုပြုံးပြကာ သူတို့အနောက်တွင်ရပ်ပြီး နား​ထောင်​နေခဲ့သည်။

ဖန်း​ရှောက်ယိက ဒါရိုက်တာကို​မေးလိုက်သည်။ "ဒီတစ်ခန်းရိုက်ချက်က ဘယ်လိုလဲ။"

ဒါရိုက်တာက ပြန်မရစ်ကြည့်ခင် ​ခေတ္တမျှငြိမ်သက်​နေခဲ့၏။ ဖန်း​ရှောက်ယိကလည်း သူဘာ​တွေး​နေလဲ မသိ​ပေ။ ခဏကြာပြီး​နောက် သူက ​ပြောလာခဲ့သည်။ "​နောက်တစ်​ခေါက်​လောက် ထပ်လုပ်ရ​အောင်။ ဒီတစ်ခါ သရုပ်​​ဆောင်ရင် ပိုပြီး​​တော့ အရှုံးသမားနဲ့တူ​အောင်လုပ်လိုက်။"

ဖန်း​ရှောက်ယိက အသံပြုလိုက်ကာ ဘာမှထပ်မ​ပြောခဲ့​ပေ။

၎င်းက စန်းချာနှင့် ပန်းပဲသမားတို့ကြားမှ အခန်းဖြစ်သည်။ ဆံပင်ညှပ်​နေစဥ် သူတို့နှစ်ဦးက ထူးဆန်းကာ ယုတ္တိမတန်​သော စကားဝိုင်းတစ်ခုကို မျှ​ဝေ​နေခဲ့ကြ၏။ ထိုအခန်းကို သူတို့ရိုက်ကူးလို့မပြီးမချင်း ပန်းပဲသမားခမျာ ဆံပင်ကို ပြန်ပြန်ပြီးဆက်​နေရ​လေ၏။ ဖန်း​ရှောက်ယိက ရိုက်ချက်တစ်ခုစီတိုင်းတွင် သူ၏ဆံပင်ကိုညှပ်​ပေး​နေခဲ့ရသည်။ သူတို့နှစ်ဦး သရုပ်​ဆောင်​နေစဥ် ကျန်းလင်းချွမ်က ၎င်းတို့အား ထိုအခန်းကိုရှင်းပြသည်မှာ ရှား​ပေ၏။ သူက ၎င်းတို့အား တစ်​ယောက်နှင့်တစ်​ယောက်အ​ပေါ်သာ မှီခိုထား​​စေခဲ့သည်။ သူက ယန်စစ်ရန်နှင့် အခြားသော သရုပ်​ဆောင်ဖြစ်ခါစ၊ အ​တွေ့အကြုံမရှိ​သေး​သောလူများကိုသာ အ​သေးစိတ်ရှင်းပြ​ပေးတတ်သည်။

ယန်စစ်ရန်က ​နောက်တစ်ခန်းတွင် ပါရ​ပေမည်။ သို့​သော် ယ​နေ့အတွက် သူရိုက်ကူး​ရေးလုပ်ရမည်လားကို​တော့ သိပ်မ​သေချာ​သေး​​ပေ။ သူ့အလှည့်ရောက်မလာ​သေးလျှင်​တောင် သူက မိတ်ကပ်များပြင်ဆင်ပြီး ရိုက်ကွင်းတွင် အဆင်သင့်ဖြစ်​​နေ​စေရန် ထိုင်​စောင့်​​နေခဲ့သည်။ သူက ထိုင်​နေပြီး ဖန်း​ရှောက်ယိနှင့် ၎င်းတို့သရုပ်​​ဆောင်​နေသည်ကို ကြည့်​နေခဲ့၏။ သူ၏ဖုန်းကိုလည်း လက်ထဲတွင် ကျစ်ကျစ်ပါ​အောင်ကိုင်ထားပြီး ရံဖန်ရံခါ ဖုန်းကိုကြည့်​နေတတ်သည်။

ယွမ်ယယ် ပြန်လာ​သောအခါ တစ်ဖက်လူကို ဖြတ်​လျှောက်သွားခဲ့သည်။ ယန်စစ်ရန်က သူ့ကို ရုတ်တရက်​အော်​ခေါ်လာခဲ့၏။ "ယွမ်ယယ်​ကော၊"

"အာ ဘာဖြစ်လို့လဲ။" ယွမ်ယယ်က ကြားရာ​နေရာမှာပဲ ရပ်လိုက်ပြီး သူ့ကိုလှည့်ကြည့်လိုက်၏။

ယန်စစ်ရန်က ထရပ်ကာ သူ့ကိုစိုက်ကြည့်​နေခဲ့သည်။ သူက အသံကိုနိမ့်ကာ ​ပြောလာ၏။ "အရင်က သတင်း...​ကော နားလည်မှုမလွဲဘူးမလား။ အဲ့ဒါကို အ​တွေးမလွန်ပါနဲ့။ ကျွန်​တော် မဟုတ်..."

ယွမ်ယယ်က လက်​မြှေညက်ကာ ရယ်​မြူးရိပ်ဖြင့် စကားဖြတ်​ပြောလိုက်သည်။ "ငါ ဘာမှမ​တွေးပါဘူး။ မင်းလည်း ​တွေး​နေဖို့မလိုဘူး။ မင်းက ဒီနယ်ပယ်ထဲဝင်ခါစမလို့ ဒါကို ကြီးကြီးမားမားကိစ္စတစ်ခုလို့ ထင်​နေတာ။ ငါတို့​ ​နောက်​ကြောင်းပြန်ပြီး အဲ့ဒါကို​တွေးကြည့်လိုက်ရင်​တောင် တစ်​လောကလုံးက ငါတို့ကွာရှင်းထားတာကို သိ​နေပြီးပြီ။ မင်း စိတ်လှုပ်ရှားစရာမလိုသလို ငါ့ကိုရှင်းပြ​နေဖို့လည်း မလိုပါဘူး။ အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး။"

"မဟုတ်ဘူး။ ​ကောနဲ့ ​ရှောက်ယိ​ကောတို့ ကွာရှင်းတာ၊ မရှင်းတာက အ​ရေးမကြီးပါဘူး။ ကျွန်​တော့်မှာ ရှင်းပြရမဲ့တာဝန်ရှိ​နေတုန်းပဲ။ ​ရှောက်ယိ​ကောက ကျွန်​တော့်ရဲ့သူ​ဌေးပါ။" ယန်စစ်ရန်က​ပြောလိုက်သည်။

ယွမ်ယယ်က ရယ်​မောလိုက််​လေ၏။ "အို​ကေ၊ ဒါဆို ငါအခုသိပြီ​လေ။"

ယန်စစ်ရန်က ​ခေါင်းညိတ်ကာ ​ပြောခဲ့သည်။ "ဒါဆို ​ကျွန်​တော် မ​နှောင့်ယှက်​တော့ပါဘူး။"

ဤသို့ဖြင့် ယွယ်ယယ်တစ်​ယောက် ဒါရိုက်တာ​၏နံဘေးသို့ပြန်သွားပြီး ​ပြန်ထိုင်ခဲ့​လေသည်။

ကျီ​ရှောင်​ထောင်းက ထိုကိစ္စကို သူ့အား ရှင်းပြပြီးသားဖြစ်သည်။ ဓါတ်ပုံထဲမှအခန်းက ဖန်း​ရှောက်ယိ၏အခန်း​တောင် ဟုတ်မ​နေ​ချေ။ ကန်းကျင့်​ဝေလာ​သော​နေ့မှာ ဖန်း​ရှောက်ယိက သူ့ကိုသွားရှာခဲ့ပြီး ယန်စစ်ရန်ကလည်း အတူတူပင်ဖြစ်၏။ ကျီ​ရှောင်ထောင်းသည်လည်း ထို​နေရာ၌ရှိ​​နေခဲ့သည်။ ဖန်း​ရှောက်ယိက တံခါးနှင့်အနီးဆုံးလူဖြစ်​နေရာ သူက အရင်​လျှောက်သွားလိုက်ပြီး တံခါးဖွင့်လိုက်သည်။

ပါပါရာဇီကုမ္ပဏီများက နာမည်ကြီးရန်အတွက် သတင်းအမှားများကို ထုတ်လွှင့်တတ်ကြသည်။ ထိုဓါတ်ပုံများမှာ မည်သို့ဖြစ်သည်ကို သူတို့ကိုယ်တိုင်သိကြ​သော်ငြား ဖြတ်ညှပ်ကပ်လုပ်ရန်အတွက်လည်း ဝန်မ​လေးကြ​ပေ။

ဖန်း​ရှောက်ယိဘက်က​နေ လုံခြုံ​ရေးကင်မရာမှ ဗီဒီယိုရိုက်ချက်ကို ပို့စ်တင်လိုက်သ​ရွေ့ သူတို့ဘာမှရှင်းပြ​နေစရာမလိုအပ်​​ချေ။ ဖန်း​ရှောက်ယိက တံခါးဖွင့်ဝင်သွားပြီး မိနစ်နှစ်ဆယ်​ကျော်အတွင်း ပြန်ထွက်လာပြီး သူ့အခန်းဆီကိုသာ တိုက်ရိုက်ပြန်သွားခဲ့သည်။ မည်သည့်အရာကို ထပ်ရှင်းပြရန် လိုအပ်မည်နည်း။ ၎င်းတို့​တွေ ထိုအ​ခြေအ​နေကို ငြိမ်ကျသွားရန် ထုတ်ပြနချက်တစ်ခုသာ ပို့စ်တင်ရန်လိုအပ်သည်။ ဤသို့ဆိုလျှင်​တောင် ထိုကဲ့သို့သတင်းကို ပိုစ့်တင်လိုက်ခြင်း​ကြောင့် ထိုအတင်းအဖျင်းကုမ္ပဏီက အ​တော်​လေးနာမည်ကြီးသွားနိုင်​​ပေသည်။

ယွမ်ယယ်တစ်​ယောက် ထို​နေရာမှာထိုင်ပြီး မသိနိုင်​သောအ​တွေးများကို စဥ်းစား​နေ၏။ ထိုစဥ် တစ်စုံတစ်​ယောက်က သူ့​အနောက်မှာရပ်ကာ သူ့အင်္ကျီမှဦးထုပ်ကိုဆွဲ၍ ​ခေါင်း​ပေါ်​ဆောင်း​​ပေးလာခဲ့သည်။ ယွမ်ယယ် ​နောက်သို့လှည်မကြည့်ပါဘဲ ထိုလူမှာ မည်သူ​ဖြစ်​ကြောင်းကို သိ​လိုက်သည်။ သူက ​ခေါင်းကို​ယိမ်းလိုက်​သော်လည်း ဦးထုပ်က သူ၏အမြင်ကိုကွယ်​နေဆဲဖြစ်ရာ ထိုလူ့ကိုမမြင်ရ​ချေ။

ယွမ်ယယ်က ​ခေါင်းငုံ့ကာ ရယ်​မောလိုက်သည်။ "မင်း အသက်ကဘယ်​လောက်ရှိ​နေပြီလဲ။ က​လေးဆန်တယ်လို့ မထင်ဘူးလား။"

ဖန်း​ရှောက်ယိက ပြန်​ဖြေလာ၏။ "သုံးဆယ့်​ခြောက်နှစ်ဆို​တော့ ကိုယ်က​တော့ ငယ်​သေးတယ်လို့ထင်တာပဲ။"

ယွမ်ယယ်တစ်​ယောင် ​ခေါင်းကို အားဖြင့်ခါလိုက်ပြီး​နောက် ​နောက်ဆုံးမှာ​တော့ ဖန်း​ရှောက်ယိကို မြင်လိုက်ရ​​လေသည်။ ထိုအပြုအမူ၏အား​ကြောင့် သူ ထိုင်​နေရာက​နေ ဟန်ချက်ပျက်သွားခဲ့၏။ သူ့ကိုယ်သူ လက်​မောင်းအားဖြင့် ပြန်ထိန်းလိုက်​တော့မှ ​မြေကြီး​ပေါ်ဖင်ထိုင်ကျ​တော့မည်အ​​ရေးက​နေ ​ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့​နောက် ယွမ်ယယ်တစ်​ယောက် သူ၏ပခုံးများ တသိမ့်သိမ့်တုန်​လာတဲ့အထိ ရယ်​မော​နေခဲ့ပြီး ခဏအကြာတွင် ​မြေကြီး​ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဖန်း​ရှောက်ယိက မျက်ခုံးပင့်ကာ ​မေးလာ၏။ "မင်း ဘာလုပ်​နေတာလဲ။"

ယွမ်ယယ်က ရယ်​မောလျက် ပြန်​ဖြေခဲ့သည်။ "မင်းရဲ့​ချော​မောမှု​တွေ​ကြောင့် ငါ မိန်း​မောသွားတာ။"

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment