no

Font
Theme

ဖုန်း​ခေါ်ဆိုမှုက ရှုပ်​ထွေး​နေ​သောစိတ်ခံစားချက်များဖြင့်အဆုံးသတ်ခဲ့သည်။

ကျီ​ရှောင်​ထောင်းတစ်​ယောက် ၎င်းတို့နှစ်ဦး ညသန်း​ခေါင်တွင် ဖုန်း​​ပြောခဲ့မှန်း မသိ​ခဲ့​ပေ။ သူက ဆက်လက်စိတ်ပူ​နေပြီး အ​တော်​လေးစိတ်ဖိစီး​နေခဲ့သည်။ သို့​သော် သူ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမ​ပြောရဲ​ပေ။

ဖန်းရှောက်ယိက အ​​တော်​လေးတည်ငြိမ်​ပြီး သူက အမြဲတမ်းထိုကဲ့သို့ပင်။ သူ့ကိုကြည့်လိုက်ရုံဖြင့် သူဘာ​တွေး​နေလဲကို လုံးဝမ​ပြောနိုင်သလို ခန့်မှန်း၍လည်းမရ​​ချေ။

"​ထောင်းကော၊ အလုပ်များ​နေလား။" ယန်စစ်ရန်၏လက်​ထောက်နာမည်မှာ ချန်းထုံဖြစ်၏။ သူကလည်း ကုမ္ပဏီမှာ လုပ်သက်ကြာ​နေ​ပြီဖြစ်သည့် ဝန်ထမ်းတစ်ဦးပင်။ ကျီ​ရှောင်​​ထောင်းနှင့် သူက အ​တော်​လေးရင်းနှီး​ကြသည်။

ဖန်း​ရှောက်ယိနှင့် ယန်စစ်ရန်က ​ဇာတ်ညွှန်း​အတူတူလေ့ကျင့်​နေကြသည်။ ချန်းထုံက ကျီ​ရှောင်​ထောင်းဆီ​လျှောက်သွားပြီး သူ့​နံဘေးမှာ ​​ဆောင့်​ကြောင့်ထိုင်ချလိုက်၏။

ကျီ​ရှောင်​ထောင်းက နှုတ်ဆက်လိုက်ပြီး ဖန်း​ရှောက်ယိ၏ထိုင်ခုံဆီ​ရွေ့ကာ သူအစကထိုင်​ခဲ့သည့်နေရာသို့ညွှန်ပြလိုက်​လေသည်။ "ဒီမှာထိုင်​လိုက်။"

ချန်းထုံက ပြုံးပြကာ ဝင်ထိုင်လိုက်၏။

ကျီ​ရှောင်ထောင်းက ဖန်း​ရှောက်ယိ၏အဝတ်အိတ်ကိုပိုက်ထားရင်း ချန်းထုံနှင့် စကား​ပြော​နေခဲ့သည်။ "မင်း သူနဲ့ ​ရေရှည်သွားရမှာလား။"

"မသိ​သေးဘူး။ ကျွန်​တော်ထင်တာ​တော့ အထက်ကအမိန့်​ပေးတာကိုပဲ နား​ထောင်ရမှာပဲ။" ချန်းထုံကသက်ပြင်းချလိုက်သည်။ "တကယ်​တော့ ကျွန်​တော် ဒီအ​တောအ​တွင်းမှာ သိပ်ပြီးစွမ်း​​ဆောင်ရည်မရှိသလိုခံစား​နေရတာ။ ဒီနှစ်​တွေအတွင်း ​နောက်ကျတဲ့​ထိနေရတာ ပိုပိုပြီးဆိုးလာတယ်။"

ကျီ​ရှောင်​ထောင်းက ရယ်လိုက်​လေ၏။ သူက တစ်ဖက်လူကိုကြည့်ကာ ​ပြောလိုက်သည်။ "မင်းက အသက်ဘယ်နှနှစ်မို့လဲ။ ​နောက်ကျတဲ့ထိ ​မ​နေနိုင်​သေးဘူးလား။"

ချန်းထုံ: "ကျွန်​တော့်ရဲ့ခန္ဓာကိုယ်အ​ခြေအ​နေက မ​ကောင်းဘူး​လေ၊ ​ကောထက်​တောင်ပိုဆိုးတယ် ​ထောင်းကောရ။ ကျွန်​​တော်က ညလုံး​ပေါက်မ​နေနိုင်ဘူး။ အဲ့လို​နေလိုက်ရင် ​ခေါင်း​တွေထိုးကိုက်လာ​ရော။"

ထိုစဥ် ကျီ​ရှောင်​ထောင်း၏ဖုန်းထဲသို့ မက်​ဆေ့ချ်နှစ်​စောင်​ရောက်လာခဲ့သည်။ ၎င်းတို့က ကျန်းရွှီ၏လက်​ထောက်ဆီမှဖြစ်ပြီး ယင်းတို့က အ​ရေးကြီးကိစ္စမဟုတ်ဘဲ ရူး​ကြောင်​ကြောင်စတစ်ကာ​လေးနှစ်ခုသာ။ "ဒါဆို မန်​နေဂျာဖြစ်လာဖို့ ​​​ရွှေ့ပြောင်းဖို့အ​ကြောင်း ​ခေါင်း​ဆောင်​တွေကို ​တောင်းဆိုစာတင်လိုက်​လေ။ အဲ့ဒါက ပိုသက်သာတယ်၊ ဒါ​ပေမဲ့ နှစ်ဝက်​လောက်က​နေ တစ်နှစ်အထိ လူသစ်​လေး​တွေ​နောက်ပဲ လိုက်​နေရလိမ့်မယ်။"

"အမ်း၊ ကျွန်​တော် အရင်တစ်​ခေါက်က လင်းကောကို ​ပြောဖူးတယ်။"  ချန်းထုံက ​ပြောလိုက်သည်။ "ရိုက်ကူး​ရေးအတွက် သရုပ်​​ဆောင်​တွေ​နောက်လိုက်ရတာက တကယ်​တော့ အ​တော်​လေးများတယ်။"

ကျီ​ရှောင်​ထောင်းတစ်​ယောက် သူနှင့် စကား​ပြောဆို​နေစဥ် WeChat တွင် ကျန်းရွှီ၏လက်​ထောက်ဆီမှ စတစ်ကာစစ်ပွဲကိုလည်း ရ​ရှိနေခဲ့သည်။ ထိုရက်ပိုင်းအတွင်း ကျန်းရွှီက ရုပ်ရှင်ဧကရာဇ်တစ်ပါး ဖြစ်​နေဆဲပင်။ ဇာတ်လမ်းတွဲထဲ သူပါလိုက်သည်နှင့် ကြည့်ရှုနှုန်းမှာ ​ကောင်းမွန်ဖို့ အာမခံချက်ရှိ​ပြီဖြစ်၏။ ဇာတ်ညွှန်းမဆိုးရွားဘဲ အကြိုထုတ်လုပ်​ရေးကို ဖြတ်​ကျော်နိုင်သ​ရွေ့ ကြည့်ရှုမှုကို ဆွဲတင်နိုင်လိမ့်မည်ပင်။ ဖန်း​ရှောက်ယိနှင့် သူက နှစ်အ​​တော်ကြာသည့်တိုင် ​ကောင်းမွန်​သောဆက်ဆံ​ရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၎သ်းတို့၏ အတန်းထဲမှ နာမည်ကြီးတချို့ကို ​မွေးထုတ်​ပေးနိုင်ခဲ့​သော်လည်း သူတို့နှစ်ဦးက​တော့ ဂုဏ်သတင်းအမြင့်မားဆုံးနှစ်​ယောက်ဖြစ်သည်။ ကျန်းရွှီ၏လက်​ထောက်က နှစ်ဆယ့်​လေးနှစ်ပြည့်ပြီးခါစဖြစ်၏။ သူက မနှစ်ကမှ ​ဖျော်​ဖြေ​ရေးနယ်ပယ်ထဲ စတင်အ​ခြေချခဲ့ရာ သူ့ကိုယ်သူ လူသစ်တစ်​ယောက်လိုသာ အမြဲဆက်ဆံတတ်ပေသည်။ သူက အနည်းငယ်ရူး​ကြောင်​ကြောင်နိုင်ပြီး စတစ်ကာများပို့ရသည်ကို အ​တော်​လေးသ​ဘောကျ​ပေ၏။

ကျီ​ရှောင်း​ထောင်းက WeChat ကနေ ​မေးလိုက်သည်။ [ပေကျင်းမှာပဲလား။]

ကျန်းရွှီ၏လက်​ထောက်နာမည်က သုန်လင်းဖြစ်သည်။ သူက ပြန်ပို့လာ၏။ [မဟုတ်ဘူး၊ X မို့မှာ။ ကျွန်​တော်တို့ အရမ်းကို နီးနီး​လေး​ရော်။]

ကျီ​ရှောင်​ထောင်း: [ကောင်း​ကောင်း​ပြောစမ်းပါ။]

သုန်လင်း: [ဟားဟားဟားဟား ဘာလို့ ကျွန်​တော်က စ​နေတယ်လို့များ ထင်ရတာလဲ။ ကျွန်တော့်ရဲ့ကျန်း​ကောက​ပြောတယ်၊ ကျွန်​တော်တို့က အရမ်းနီးတာ​ကြောင့် ​တွေ့လို့​တောင်ရတယ်တဲ့။]

ကျီ​ရှောင်​ထောင်း: [တကယ်လား။ ဒီမှာ ရိုက်ကူး​ရေးရှိတာ​ပေါ့?]

သုန်လင်း: [တ~ကယ်။]

ကျီ​ရှောင်​ထောင်း: [အရမ်း gay ဆန်တယ်။]

အမှန်မှာ ထိုက​လေးက အ​ဖြောင့်တစ်​ယောက်ဖြစ်ပြီး မိန်းက​လေးလည်းမဆန်​ဘဲ တမင်သက်သက် ရူးနှမ်းသလို ပြုမူ​နေခြင်းသာ။ ကျီ​ရှောင်​ထောင်းတစ်​ယောက် သူနှင့် ခဏ​လောက်စကားပြော​နေခဲ့သည်။ ဖန်း​ရှောက်ယိရိုက်ကူး​ရေးပြီး​​သောအခါ ကျီ​ရှောင်​ထောင်းက သူ့ကို​ပြောပြလိုက်၏။ "ကျန်း​ကောကလည်း X မြို့မှာပဲတဲ့၊ သူနဲ့ တစ်နပ်​လောက်အတူစားဖို့ ​​တွေ့ချင်လိုက်တာ။"

ဖန်း​ရှောက်ယိက​ မေးလိုက်သည်။ "ဒီကိုဘာလို့လဲ။ ရိုက်ကူး​ရေးရှိတာလား?"

ကျီ​ရှောင်​ထောင်းက ပြန်​ဖြေလိုက်၏။ "ဟုတ်တယ်။ သုန်လင်း​ပြောတာ​တော့ ဒီမှာရက်​လေးဆယ်​လောက် ရိုက်ကူး​ရေးအတွက် အချိန်​ဇယားရှိတယ်တဲ့။"

ဖန်း​ရှောက်ယိက ​ခေါင်းညိတ်လိုက်သည်။ "ဒါဆို အချိန်​ရွေးထားလိုက်။ ငါတို့နှစ်​ယောက်လုံးအားတဲ့အချိန်ကျ သူနဲ့အတူ ထမင်းစားဖို့ သွားလိုက်မယ်။"

ယန်စစ်ရန်နှင့် ချန်းတုံတို့ကလည်း သူတို့နှင့် သိပ်မ​ဝေး​သော​နေရာတွင်ရှိ​နေသည်။ ကျီ​ရှောင်​ထောင်းက ယန်စစ်ရန်တီးတိုး​ပြောသံကို ကြားလိုက်ရသည်။ "အနာဂတ်မှာ ကျွန်​​တော့်ရဲ့ဖုန်းကို မစစ်လို့မရဘူးလား။ မက်​ဆေ့​ချ်တွေရှိ​နေရင်လည်း ဒီတိုင်း​ပဲထားလိုက်ပါ။"

သူ ချန်းတုံ၏ပြန်​ပြောသံကို​တော့ မကြားလိုက်ရ​ပေ။ သူ၏အသံက အလွန်ကို တိုး​လျ​နေ၏။ ဖန်း​ရှောက်ယိက အနားတွင်ရှိ​နေ​သော​ကြောင့် စကားအကျယ်ကြီးမ​ပြောရဲခြင်းလည်း ဖြစ်​နိုင်​ပေသည်။ ကျီ​ရှောင်​ထောင်းက သူတို့ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ဖန်းရှောက်ယိနှင့် စကားဆက်​ပြော​နေခဲ့သည်။

၎င်းတို့ ​စော​စောကရိုက်ကူးခဲ့​သောရိုက်ချက်မှာ အဆင်မ​ပြေ​သေး​ပေ။ ထို့​ကြောင့် ပြန်လည်ရိုက်ရဦးမည်ဖြစ်သည်။ ရိုက်ချက်များကြား အနားယူချိန်အတွင်း ဖန်း​ရှောက်ယိက ပုံမှန်အားဖြင့် စကားသိပ်မ​ပြော​တတ်ပေ။ သူ၏စိတ်ခံစားချက်ကို ထိန်းသိမ်းထားရန်လိုအပ်ပြီး မသက်ဆိုင်​သောအ​ကြောင်းအရာများက သူ၏စိတ်ခံစားချက်များကို လွှင့်စင်သွား​စေနိုင်​သော​ကြောင့်ဖြစ်သည်။

ယန်စစ်ရန်က ဆန့်ကျင်ဘက်အရပ်သို့ ​ခြေလှမ်းအနည်းငယ်လှမ်းသွားလိုက်ပြီး ချန်းတုံက ​အနောက်မှလိုက်သွားခဲ့သည်။ ထို့​ကြောင့် ဖန်း​ရှောက်ယိနှင့် ကျီ​ရှောင်​ထောင်းတို့ သူတို့၏စကားဝိုင်းကို မကြား​တော့နိုင်​ပေ။ ယန်စစ်ရန်က မျက်​မှောင်ကြုတ်လိုက်ရာ ချန်းတုံ၏ပြန်​ပြောသည့်စကားကို အလိုမကျ​နေခြင်းဖြစ်​​လောက်မည်။ သူက အသံကိုနှိမ့်ထားပြီး တစ်ခုခုကိုဆက်​ပြော​နေခဲ့သည်။

ကျီ​ရှောင်​ထောင်းက ဖန်း​ရှောက်ယိကို ​ရေဘူးလှမ်း​ပေးလိုက်သည်။ ဖန်း​ရှောက်ယိကလည် တိတ်တဆိတ်ပင်ယူကာ လည်​ချောင်းရှင်းသွား​​​​အောင် တစ်ငုံ​သောက်လိုက်​လေ၏။

...

ယခုတစ်ကြိမ်တွင် ကျန်းရွှီက ဇာတ်ကားရိုက်ကူးရန် ရိုက်ကူး​​ရေးစတူဒီယိုသို့ လာခဲ့ခြင်းဖြစ်သည်။ သူနှင့် ဖန်း​ရှောက်ယိတို့​၏နေရာက ကားနှင့်ဆို နှစ်နာရီခန့်သာ ​ဝေး​သည်။ ဖန်း​ရှောက်ယိတစ်​ယောက် သူ့ဆီသွားလည်ရန် အားလပ်ချိန်ကို ရှာ​တွေ့ခဲ့သည်။

ဒါရိုက်တာက ငယ်ရွယ်ပြီး လူသစ်ဖြစ်ကာ ဆန်းသစ်​သောဒါရိုက်တာဖြစ်​ပေ၏။ ဖန်း​ရှောက်ယိ ယခင်က သူနှင့် အလုပ်တွဲမလုပ်ဖူး​သော်လည်း ရုပ်ရှင်ပွဲ​တော်များ၌ အကြိမ်အနည်းငယ်​လောက် ​တွေ့ဖူး​​ပြီး စကားလည်း​ပြောဖူးပေသည်။ ယခုတွင် ၎င်းတို့က ​ပေါ့​ပေါ့ပါးပါးအချစ်ဇာတ်လမ်းကို ရိုက်ကူး​နေကြသည်။ ကျန်းရွှီ၏ဇာတ်​ကောင်က အပြင်ပိုင်းတွင် မှုန်ကုပ်ကုပ်နှင့် အတွင်းပိုင်းတွင်နူးညံ့​သော PE ဆရာဖြစ်၏။ ၎င်းမှာ ​ပေါက်​ပေါက်စား၊ coke သောက်ရင်းဖြင့် အလွယ်တကူရိုက်ကူးနိုင်​သော ဂန္တဝင်ချစ်သူများ​နေ့ရုပ်ရှင်မျိုးဖြစ်​သည်။ ဒါရိုက်တာမှာ မည်သည့်အစွန်း​ရောက်​သောရည်မှန်းချက်မျှ မရှိ​​ချေ။ ထိုကဲ့သို့ရုပ်ရှင်အမျိုးအစားများကို ရိုက်ကူးရခြင်းမှာ ဘယ်​လောက်မှလည်း မပင်ပန်းပါ​ချေ။

ဒါရိုက်တာက ကျီ​ရှောင်​ထောင်းဝယ်လာ​ပေး​သော အ​အေးကို စုပ်​သောက်ကာ ဖန်း​ရှောက်ယိနှင့် ​ပျော်ရွှင်စွာ ​စကား​ပြော​နေခဲ့သည်။ သူက ဖန်း​ရှောက်ယိထက်​တောင် တစ်နှစ်ငယ်​လေရာ ဒါရိုက်တာနယ်ပယ်တွင် အ​တော်​လေးငယ်ရွယ်သည်ဟု သတ်မှတ်နိုင်​ပေ၏။ သူက ​ပြောလာ၏။ "​ရှောက်ယိ​ကော လာလည်တာကို ဓါတ်ပုံ​လေးရိုက်​ပေးပါဦး။ ကျွန်​တော်တို့ ​နောက်ကျ Weibo မှာ တင်လိုက်မယ်။"

သူတို့​ဘေးရှိလူများက ရယ်လိုက်ကြ၏။ ကျန်းရွှီက​ မေးလိုက်သည်။ "ဒါဆို ငါတို့​တွေ ထိုင်​ပြီးရိုက်​ပေးရမလား။"

"ကိစ္စမရှိပါဘူး။ ဘယ်လိုဖြစ်ဖြစ် အတူတူပါပဲ။ အစ်ကိုပို့စ်တင်တဲ့အခါမှသာ ကျွန်​တော့်ရဲ့​ခြေ​ထောက်​တွေကိုရှည်​ပေးလိုက်​လေ။" ဒါရိုက်တာက​ ပြောလာခဲ့သည်။

ထို​​နေ့က ဖန်း​ရှောက်ယိနှင့် ကျန်းရွှီတို့သည် ကျီ​ရှောင်​ထောင်း၊ သုန်လင်းတို့နှင့်အတူ သွားစားခဲ့ကြသည်။ ၎င်းတို့က သူငယ်ချင်း​ဟောင်းများဖြစ်ရာ သူတို့၏လက်​ထောက်များက သူတို့နှင့်အတူစား​နေခြင်းမှာလည်း ကိစ္စမရှိ​ပေ။ အမှန်မှာ အတိတ်နှစ်များတုန်းက ဖန်း​ရှောက်ယိနှင့် ကျန်းရွှီတို့သည် မကြာခဏမ​တွေ့နိုင်ခဲ့ကြ​ပေ။ သိူြ​သော်လည်း ၎င်းတို့၏ဆက်ဆံ​ရေးက လုံးဝ​ဝေးကွာမသွား​ခဲ့​​ချေ။ သူတို့​တွေ့ဆုံသည့်အခါတိုင်း ​ပြောစရာများ များစွာရှိ​နေ​သေးသည်။ ၎င်းတို့နှစ်ဦးက သူငယ်ချင်းကောင်းများ​ကြောင်း လူတိုင်း သိကြ​ပေ၏ - အစစ်အမှန်ပင် အလွန်ကောင်း​​မွန်သော သူငယ်ချင်း​ကောင်းများဖြစ်ကြသည်။

သီးသန့်အခန်းထဲတွင် ကျန်းရွှီက ရှပ်အင်္ကျီကိုချွတ်၍ စွပ်ကျယ်တစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသည်။ ကျီ​ရှောင်​ထောင်းက ရယ်​မောလိက် ​ပြောလိုက်​လေ၏။ "ကျန်း​ကောရဲ့ ကြွက်သား​တွေက ကြည့်​ကောင်းတာပဲ။"

ကျန်းရွှီက နှာမှုတ်ကာ သူ့ကို​မေးလာခဲ့သည်။ "ငါ့ကို​လှောင်​နေတာလား။ မင်းရဲ့​ကော​ရှေ့မှာ ငါ့ရဲ့ကြွက်သား​တွေအ​ကြောင်း​ပြောဖို့ မျက်နှာရှိ​သေးတယ်​ပေါ့။"

"​ကောက ကျွန်​တော့်​ကောထက် နည်းနည်းပဲ နည်းတာပါ။" ကျီ​ရှောင်​ထောင်းက ​ပြောလိုက်သည်။ "ကျွန်​တော့်ကောကိုမကြည့်ဘဲ ​ကောကိုပဲကြည့်မယ်ဆိုရင်​တော့ ​ကောရဲ့ကြွက်သား​တွေက တကယ်ကောင်းတာပါ။"

"ငါ​တော့ မင်းက ငါ့ကိုချီးကျူး​နေတာလား၊ မင်းရဲ့​ကောကိုချီးကျူး​နေတာလား​တောင် မသဲကွဲတော့ဘူး။" ကျန်းရွှီက ဘီယာဘူးကို ဖွင့်​ဖောက်ရင်း ​ဖန်း​ရှောက်ယိကိုလည်း​ မေးလိုက်သည်။ "​သောက်ဦးမလား။"

ဖန်း​ရှောက်ယိက အရက်​သောက်ခဲ​ပေသည်။ သူက သူ့အတွက် ​ရေ​နွေးကြမ်းကိုသာငှဲ့လိုက်သည်။

ကျန်းရွှီက သူ၏ခွက်ကို တစ်ဖက်လူ၏ခွက်နှင့် တိုက်လိုက်​လေ၏။ "ခွက်တိုက်ရ​အောင် ​သာ့ကော​၊ ငါတို့မ​တွေ့တာ နှစ်ဝက်​လောက်​တောင်ရှိ​တော့မယ်။"

ဖန်း​ရှောက်ယိက သူ့ကို​မေးလိုက်၏။ "ဒါပြီးရင် မင်းမှာလုပ်စရာ​တွေရှိ​သေးလား။"

"အင်း။ ဒီရုပ်ရှင်ပြီးရင် သမိုင်း​နောက်ခံဇာတ်လမ်းတွဲရိုက်ဖို့ရှိတယ်။ အဲ့ဒါပြီးရင်​တော့ ဘာမှမရှိ​တော့ဘူး။ ငါအနားယူချင်​သေးတယ်။" ကျန်းရွှီက​ ပြောခဲ့သည်။

ကျန်းရွှီက သိပ်မစား​ပေ။ သူက အရွက်သုတ်ကိုသာမှာလိုက်ပြီး ​ဖြည်းဖြည်းချင်းဝါး​နေခဲ့သည်။ စား​နေရင်းဖြင့် သူက ​ပြောလာ၏။ "ငါ့ရဲ့နည်းပြက အဲ့ဒါတွေ မစားခိုင်းဘူး။ သူက ငါ့ကိုကြက်ဥစားခိုင်း​ပေမဲ့ ငါမစားပါဘူး။ ငါ အဲ့​သောက်ကျိုးနည်းကြက်ဥ​တွေကို အမုန်းဆုံးပဲ။"

ဖန်း​ရှောက်ယိ: "အစားထိုးအ​နေနဲ့ သက်​ရောက်မှုတူတဲ့ တခြားတစ်ခုခုစား​လေ။"

ကျန်းရွှီနှင့် ဖန်း​ရှောက်ယိတို့က အသက်တူအရွယ်တူများဖြစ်သည်။ ထိုနှစ်များတွင် ဖန်း​ရှောက်ယိက အချစ်ဟာသဇာတ်လမ်းများကို လုံးဝမရိုက်ကူးဖူး​သော်လည်း ကျန်းရွှီက​တော့ အ​များအပြားရိုက်ကူးခဲ့သည်။ သို့​သော် သူကလည်း သုံးဆယ့်​ခြောက်နှစ်ဖြစ်ရာ ​နောက်နှစ်အနည်းငယ်အတွင်း ထိုလမ်း​ကြောင်းအား ဆက်သွားလို့ရ​တော့မည်မဟုတ်​ပေ။ သူ၏ပုံရိပ်ကို ​ပြောင်းလဲရန်လိုအပ်​ပေသည်။

ဖန်း​ရှောက်ယိနှင့် သူက သူငယ်ချင်းများဖြစ်ကြပြီး သူတို့ကြားမှာ မ​ပြောနိုင်သည့်အ​ကြောင်းအရာဟူ၍ ဘာမှမရှိ​ပေ။ ၎င်းတို့​ ကျောင်းတက်ခဲ့စဥ်ကလည်း တစ်​နေ့လုံး အတူတူအချိန်ဖြုန်းခဲ့ကြသည်။ ထိုနှစ်များမှ ယ​နေ့အထိ နှစ်ဦးသား တစ်ခါမှစကားမများဖူး​ပေ။ ၎င်းတို့က ဤနယ်ပယ်ရှိ စစ်မှန်​သောညီအစ်ကို​ကောင်းများဖြစ်ကြ​သည်။

ဖန်း​ရှောက်ယိက ​ပြောလိုက်သည်။ "မင်းရဲ့ပုံရိပ်ကို​ပြောင်းချင်ရင် ဒီလိုဇာတ်ကားမျိုးရိုက်ကူးဖို့ ကမ်းလှမ်းချက်​တွေကို ဆက်ပြီး လက်မခံနဲ့​တော့။ မင်းရဲ့ပရိသတ်​​တွေက​တော့ လက်မှတ်​ရောင်းကုန်တဲ့အထိ အား​ပေးမှာပဲ။ ဒါ​ပေမဲ့ အချိန်ကြာလာရင် မင်းရဲ့ပုံရိပ်က အ​ခြေကျသွားလိမ့်မယ်။ အဲ့လိုဆို ဘာအကျိုးမှမရှိဘူး။"

ကျန်းရွှီက တစ်ဖက်လူ​ကို ​ရေ​နွေးကြမ်းထပ်ဖြည့်​ပေးရင်း ခါးသက်စွာရယ်​မောလိုက်သည်။ "ဘယ်သူမှ ငါ့ကိုလာမကမ်းလှမ်းကြဘူး ​​သာ့ကောရဲ့။ ဒီရက်​တွေမှာ ငါ့ကိုလာကမ်းလှမ်းတာ​တွေက တတိယဇာတ်လိုက်​နေရာနဲ့ အဲ့ထက်နိမ့်တဲ့ဟာ​တွေပဲ။ ရှိရင်​တောင် ချီးထုပ်ရုပ်ရှင်​တွေပဲ။ ဒီတစ်​ခေါက်ဇာတ်ရုပ်က တကယ်အဆင်​ပြေတယ်။ အနည်းဆုံး​တော့ ဇာတ်ညွှန်းက အဆင်​ပြေတယ်။ ရုပ်ရှင်ထဲ ဧည့်သည်သရုပ်​ဆောင်ဆိုရင်​တောင် ငါလက်ခံဦးမှာကွာ။ ဘယ်လိုလုပ် တတိယ၊ စတုတ္ထဇာတ်လိုက်အဖြစ် သရုပ်​ဆောင်ရမှာလဲ။"

ကျန်းရွှီက ဇာတ်လမ်းတွဲ​လောကတွင် A အဆင့်ရှိ အနုပညာရှင်တစ်​ယောက်ဖြစ်သည်။ ဤနှစ်များအတွင်း သူ၏​နေရာကို ထိန်းသိမ်းထားနိုင်ခဲ့၏။ သို့​သော် သူက အိုင်​ဒေါဇာတ်လမ်းတွဲများတွင် ထပ်ပြီးသရုပ်မ​ဆောင်​တော့​ပေ။ လက်ရှိတွင် ဤနယ်ပယ်၌ ထုတ်လွှင့်နိုင်သည့် ဇာတ်လမ်းတွဲအမျိုးအစားများစွာရှိသည်။ စစ်ပွဲ​နောက်ခံဇာတ်လမ်းတွဲများမှအပ ရိုက်ကူးနိုင်သည့်အ​ရေအတွက်အကန့်အသတ်မှာ များလွန်း​ပေ၏။

မနှစ်ကမှ သူသည် လက်ထက်ပြီးသားအိမ်​ထောင်​ရေးဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးခဲ့ပြီး ​ကောင်းသည့်မှတ်ချက်များလည်းရရှိခဲ့သည်။ သို့​သော် ထိုသို့​သောအမျိုးအစားများ ရိုက်ကူး​ခြင်းက သရုပ်​ဆောင်များကို​တောင် ပျင်းသွား​စေနိုင်သည်။ ထုတ်လုပ်မှုကြီးမား​သော နိုင်ငံ​ရေး​နောက်ခံဇာတ်လမ်းတွဲများကို နှစ်တိုင်းရရရှိရန်မှာလည်း ရှားလွန်းလှသည်။ ကျန်းရွှီကလည်း ​စောင့်​နေဖို့ မတတ်နိုင်​ချေ။

ယင်းက အလွန်ကသိက​အောက်နိုင်သည့် အ​ခြေအ​နေပင်။ သူ၏စတူဒီယိုနှင့် ကုမ္ပဏီအရင်းအမြစ်များသည် အားလုံးမှာ ရုပ်သံဇာတ်လမ်းတွဲနယ်ပယ်သာဖြစ်သည်။ ၎င်းတို့က ရုပ်ရှင်နယ်ပယ်ထဲ မဝင်​​ရောက်နိုင်ရာ ကြီးမား​သောထုတ်လုပ်မှုများအတွက် ကမ်းလှမ်းမှုများလည်း မရနိုင်​ပေ။ ​နာမည်ကြီးဒါရိုက်တာအများစုမှာ ကိုယ်ပိုင်ပုံစံရှိ​သော သရုပ်​ဆောင်များရှိတတ်ကြသည်။ ကျန်းရွှီကလည်း ဇာတ်ကြမ်းရုပ်ရှင်များတွင် မပါဝင်ချင်​ပေ။ ထို့​ကြောင့် တစ်နှစ်ပြီးတစ်နှစ် အီး​လေးဆွဲ​နေခဲ့သည်။ ဤသည်မှာ သူ ဇာတ်လမ်းတွဲများ ဆက်လက်ရိုက်ကူး​​နေခြင်း၏ အ​ကြောင်းပြချက်ဖြစ်သည်။

ဖန်း​ရှောက်ယိက​ ပြောလိုက်သည်။ "တချို့ဇာတ်ကား​တွေမှာဆို တတိယ ဒါမှမဟုတ် စတုတ္ထဇာတ်​လိုက်​နေရာကလည်း မဆိုးပါဘူး။ မင်း မနှစ်က ဒါရိုက်တာ​ဝေ့ရဲ့ကမ်းလှမ်းချက်ကို ငြင်းလိုက်တယ်ဆို။ ငါ မင်းအတွက် မျက်လုံးရှင်ရှင်ထား​ပေးထားမယ်။ အနာဂတ်မှာ မင်းနဲ့သင့်​တော်တဲ့ဇာတ်​ကောင်​တွေ့ရင် မင်းကို​ပြော​ပေးမယ်။ ဒါဆို မင်းကုမ္ပဏီကို ဖြစ်နိုင်​ခြေရှိ၊ မရှိ သွား​မေးခိုင်းလိုက်လို့ရတယ်။"

နှစ်တိုင်းနှစ်တိိုင်း ဖန်း​ရှောက်ယိက သူ၏အချိန်ဇယား​ကြောင့် ရုပ်ရှင်​တော်​တော်များများကို ငြင်းလိုက်ရသည်။ သို့​သော် သူနှင့် ကျန်းရွှီက လုံးဝဆန့်ကျင်ဘက်ပင်။ ​ယေဘုယျအားဖြင့် သူ့ကိုကမ်းလှမ်း​သောရုပ်ရှင်များက ကျန်းရွှီအတွက် အ​ကောင်းဆုံးအံဝင်ခွင်ကျဖြစ်စရာမလို​ပေ။ ထို့အပြင် တစ်ဖက်လူက ​သေး​သေးမွှားမွှားဇာတ်​ကောင်​​လေးရရန်အတွက် တိုး​ဝှေ့​နေရမည့် ကုမ္ပဏီက လူသစ်​လေးလည်းမဟုတ်​ချေ။ ကျန်းရွှီက အ​ရေးပါ​သောဇာတ်​ကောင်​နေရာရရန်လိုအပ်သည်။ ၎င်းတို့အား​မေးမြန်းခြင်းဖြင့် နာမည်ကြီးဒါရိုက်တာများ၏ ရုပ်ရှင်များတွင် ထိုသို့ဇာတ်​ကောင်ရရန်မှာ လုံးဝမဖြစ်နိုင်​ပေ။

"​ကျေးဇူးကွာ။ ဒါရိုက်တာ​ဝေ့ရဲ့ရုပ်​ရှင်အတွက်က... အမျိုးသမီးဇာတ်လိုက်က ငါ့ ရည်းစား​ဟောင်းဖြစ်​နေတယ်၊ သာ့​ကောရ!" ကျန်းရွှီက ​ဦးခေါင်း​ကို အနောက်သို့လှန်ချပြီး ရယ်​​​လေတော့သည်။ သူက ဖမ်း​ရှောက်ယိကိုကြည့်ကာ ​ပြောလိုက်၏။ "ငါ့အ​ကြောင်း​ပြော​နေတာရပ်ပြီး မင်းအ​ကြောင်း​ပြောရ​အောင်။ မကြာခင်ကပဲ အရမ်းအလုပ်ရှုပ်​နေခဲ့တာမလား ဟမ်?"

သုန်လင်းက အချိန်အ​တော်ကြာ တိတ်တဆိတ်သာ​နေ​နေခဲ့​သော်လည်း ယခုမှာမူ ​နောက်ဆုံး​တော့ သူလည်း ဖင်လှုပ်နိုင်ခဲ့သည်။ "ဟားဟားဟား၊ ယွမ်ယယ်​ကောက ​ကောကိုလိုက်​နေပြီလား ​ရှောက်ယိ​ကော?"

လူအများစုက ဖန်း​ရှောက်ယိကို​တွေ့လျှင် ထိုအ​ကြောင်းကို စ​နောက်မ​ပြောရဲကြ​​သော်လည်း ကျန်းရွှီကတော့ ဘာပြဿနာမှမရှိပေ။ ဖန်း​ရှောက်ယိအပြင် သူက ယွမ်ယယ်နှင့်လည်း အလွန်ရင်းနှီး​သည်။ ယွမ်ယယ် ပဲ​စေ့​လေးသာဖြစ်​နေချိန်ကတည်းက သူသည် တစ်ဖက်လူကို သိ​နေပြီဖြစ်၏။ ၎င်းတို့သုံး​ယောက်မှာ မကြာခဏဆိုသလို အတူတူ အပြင်ထွက်စားတတ်ကြသည်။ ထိုအချိန်က သူသည် ယွမ်ယယ်အား လက်ပါး​စေအငယ်​လေးလိုသာ ဆက်ဆံခဲ့သည်။ မ​မျှော်လင့်စွာနှင့် ယွမ်ယယ်က ဖန်း​ရှောက်ယိနှင့်အတူရှိဖို့ အမှန်တကယ်စီမံနိုင်ခဲ့သည်။

​​နောက်ပိုင်းတွင် အမှန်တကယ် ကွာရှင်းခဲ့ကြသည်။

ကျီ​ရှောင်​ထောင်းက သုန်လင်းအား တံ​တောင်ဖြင့်တွက်လိုက်၏။ "မင်း ဘာအ​ကြောင်း​တွေ စုံစမ်း​နေတာလဲ။"

ကျန်းရွှီက ဆူလိုက်​လေသည်။ "ငါ့လက်​ထောက်ကို တံ​တောင်နဲ့မတွက်နဲ့။ လာ သုန်လင်း ​မေးလိုက်၊ မင်းရဲ့​ရှောက်ယိ​ကောကို ယွမ်ယယ်​ကောနဲ့အတူရှိ​နေပြီလား၊ မရှိကြ​သေးဘူးလားလို့။"

ထိုအချိန်တွင် ဖန်း​ရှောက်ယိက သူတို့အားလုံးကို လျစ်လျူရှုကာ အစားအ​သောက်ကိုပဲစား​နေပြီး ဘာမှမ​ပြောခဲ့​ပေ။

ကျန်းရွှီ: "မင်းတို့နှစ်​ယောက် အတူရှိတာပဲကြာသွားလို့လား၊ မင်းတို့ ပြဿနာနည်းနည်း​မှမရှာရရင် သက်​တောင့်သက်သာမရှိကြသလိုပဲ​နော်။ မနှစ်တုန်းက မင်းတို့​ကောင်​တွေကို ဘာမှ​ကောင်းတာဖြစ်လာမှာမဟုတ်ဘူး​နော်လို့ ငါ​ပြောခဲ့တယ်။ ဒါက​ရော ဘယ်လို​ပျော်စရာမျိုးလဲ။"

ဖန်း​ရှောက်ယိက ထမင်းစားပွဲ၌ သူနှင့် ယွမ်ယယ်အ​ကြောင်း​ပြော​နေခြင်းကို သ​ဘောမကျ​ပေ။ သူကလည်း ထိုအ​ကြောင်းအရာကို အစမ​ဖော်ခဲ့​ချေ။ ၎င်းမှာ ကျန်းရွှီဖြစ်​နေ​သော်လည်း သူဘာကိုမှမ​ပြောပြချင်​ပေ။

ထို့အပြင် ဖန်း​ရှောက်ယိတွင် ဘာမှ​ပြောစရာလည်းမရှိ​ပေ။ သူဘာ​ပြောနိုင်မည်နည်း။ ထို Weibo ပို့စ်တင်ပြီး​နောက်ပိုင်း ယွမ်ယယ်က သူ့ကို အမှန်တကယ်မလိုက်ပါဟု ​ပြောရမည်​​လော။ တစ်ဖက်လူမှာ သူ့ကိုပြန်လိုက်ဖို့ အရိပ်အမြွက်​လေး​တောင်မစ​သေး​သော်လည်း ယခုတွင် ၎င်းတို့နှစ်​ယောက်က ညအချိန်၌ ဖုန်း​ခေါ်ခြင်း၊ စာပို့ခြင်းများလုပ်နိုင်ခဲ့​ကြသည်။

အမှန်တိုင်း​ပြောရန်မှာ အ​တော်​လေးရှက်စရာ​ကောင်းလှ၏။ ​မျောက်က​လေးမှာ မယုံကြည်ရ​ပေ။

​သူ အရမ်းမယုံကြည်ရနိုင်​လောက်​အောင် ​မျောက်က​လေးက လက်တ​လောတွင် မည်သည့်အရာများဖြင့်အလုပ်များ​နေသနည်း။

...

ယွမ်ယယ်က ဖုန်းကို နားနှင့်ပခုံးကြားညှပ်ထားသည်။ ​ရေ​နွေးကြမ်းအိုးတည်​နေရင်း သူက အသံပြုလိုက်သည်။

"ဒီ​တော့ မင်း​​​စော​စောက​ပြောခဲ့တာ​တွေက ချီးထုပ်ဇာတ်ညွှန်းကြီး​ပေါ့။" ယွမ်ယယ်က ​ရေ​နွေးကြမ်းကိုယူကာ စားပွဲ​ပေါ်တင်လိုက်ပြီးနောက် အ​ကြောဆန့်လိုက်​လေသည်။ "​အရင်က မင်းဘာလုပ်​နေတာလဲ။ မင်းမဝယ်ခင် ငါ့ကိုလာ​မေးပါ့လား။"

"ငါ မင်းကို ​ပေါ့​ပေါ့တန်တန်ပြော​နေတာမဟုတ်ဘူး။ ငါ ဇာတ်ညွှန်းကို ဇာတ်​ကောင်တစ်ခုချင်းစီဖတ်ပြီးလို့ တစ်အုပ်လုံးပြီးသွားပြီ။ နိုးဆို နိုးပဲ။"

"​ခြောက်သန်း? မင်း ဒီဇာတ်ညွှန်းကိုဝယ်လိုက်လို့  ​ငွေ​တော်​တော်များများဆုံးရှုံးခဲ့ရတာကို ဝန်ခံလိုက်ပါကွာ။ မင်း ​နောက်ထပ်​ခြောက်သန်းထပ်သုံးမယ်ဆိုရင် အနာဂတ်မှာ ငို​နေရ​တော့မှာ။ မဟုတ်ရင်လည်း လူနည်းနည်း​လောက်အလုပ်ခန့်ပြီး မင်းအတွက် ဒီဇာတ်ညွှန်းကို ပြန်​ရေးခိုင်းလိုက်​လေ။ ဒါကို လုံးဝ​ပြောင်းပစ်လိုက်ကွာ။"

"ဇာတ်​လမ်းကို စဥ်းစား​နေတာရပ်လိုက်​တော့။ အဲ့မှာ ​သောက်ကျိုးနည်းဇာတ်လမ်းကိုမရှိတာကွ။"

"ငါ? ငါမ​ရေးနိုင်ဘူး။ ငါအဲ့လိုမျိုး​တွေမ​ရေးနိုင်ဘူး။ အဲ့ဒါက ပိုက်ဆံကြောင့်မဟုတ်ဘူး။ တစ်သန်း​ပေးလည်း​မ​ရေးဘူး၊ ရှစ်သန်း​ပေးလည်းမ​ရေးနိုင်ဘူး။ မင်းငါ့ကိုသတ်မယ်ဆိုရင်​တောင် ငါမ​ရေး​ပေးနိုင်ဘူး။"

"အနာဂတ်မှာ မင်းပိုက်ဆံမသုံးခင် ဦး​နှောက်​လေးသုံးဦး ဟုတ်ပြီလား။ ဘိုင့်ဘိုင် အချစ်လေး။"

ယွမ်ယယ်သည် ဖုန်းချကာ ဖုန်းကိုစားပွဲ​ပေါ်ပစ်တင်လိုက်​လေသည်။ သူသည် လက်​ကိုအနောက်ပစ်ကာ သူ၏ဇာတ်​ကြောကို နှိပ်လိုက်၏။ မကြာသေးမီက သူသည် သူ၏စာမူကို အလျင်အမြန်ထုတ်ရန် အလွန်အလေးအနက်ထားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲက အရိုးများအားလုံး တောင့်တင်းနေပြီး သူလှုပ်ရှားလိုက်တိုင်း ကျိုးပဲ့သွားသလိုခံစား​​နေရ၏။

​စော​စောက နင်းလုတစ်​ယောက် သူ့အားဖုန်း​ခေါ်ခဲ့သည်။ သူသည် ပြီးခဲ့သည့်လက ထိပ်တန်းဇာတ်ညွှန်းရေးဆရာတစ်ဦးထံမှ ဇာတ်ညွှန်းတစ်ခုကို ဝယ်ယူရန် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့၏။ ၎င်းမှ ကြီးမားသော အမြတ်အစွန်းကို ရနိုင်မည်ဟု သူခံစားမိသောကြောင့် ယွမ်ယယ်ကို ပြောပြရန် ပို့လိုက်လေသည်။ အစီအစဥ်မှာ သူက ​ငွေခြောက်သန်း အကုန်အကျခံပြီး ရုပ်ရှင်တစ်ကားရိုက်ရန်ဖြစ်သည်။ သူသည် ယမန်နှစ်၏ 《Fairytales of the Wilderness》ကို ​ကျော်တက်ချင်​နေ​လေသည်။

ယွမ်ယယ်က ပို့လိုက်​သောဇာတ်ညွှန်းကို ရခဲ့​သော်လည်း တစ်ခါမှမဖတ်ရ​သေးပေ။ မကြာ​သေးမီကလည်း သူတက်​ရောက်ရမည့် အလုပ်ကိစ္စ​တချို့ရှိ​နေခဲ့၏။ မ​နေ့ကမှ နင်းလုသည် သူ့အား ၎င်းကိုဖတ်ကြည့်ရန် အ​လောတကြီးတိုက်တွန်းလာခဲ့သည်။ ယွမ်ယယ် စာမျက်နှာအနည်းငယ်ကို လှန်ကာ အမြန်ကြည့်လိုက်၏။ ထို့​နောက် ချက်ချင်းဆိုသလို အဆင်မ​ပြေမှန်းသိလိုက်​လေ၏။ ​ထို့​နောက် သူ​ သေ​သေချာချာ​လေး ဖတ်ကြည့်လိုက်ပြီးချိန်မှာ​​တော့ အမှန်တကယ်အလုပ်မဖြစ်မှန်း သိသွားခဲ့သည်။ သူ အဆုံးထိဖတ်လိုက်ပြီး​နောက်မှာ တစ်​ယောက်​ယောက်ကသာ ၎င်းကိုရုပ်ရှင်အဖြစ်ဖန်တီးမည်ဆိုလျှင် ၎င်းတို့​တွေ သေချာပေါက် ပိုက်ဆံများဆုံးရှုံးရလိမ့်မည်ဖြစ်​ကြောင်း သူရှာ​တွေ့သွားခဲ့သည်။

ဤဇာတ်ညွှန်းက တုံးအပြီး ချမ်းသာ​သော ရင်းနှီးမြှုပ်နှံသူများကို အရူးလုပ်ရန်သာဖြစ်သည်။ နင်းလုက ထိုတုံးအပြီး ချမ်းသာ​သော ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့သည်။

ဤအဖြစ်အပျက်မှာ တိုက်ဆိုင်လွန်းလှ၏။ ၎င်းအားမဝယ်ခင် နင်းလုက ယွမ်ယယ်ကို ကြည့်​ပေးဖို့ အကူအညီ​တောင်းထားခဲ့သည်။ သို့​သော် ထိုအချိန်မှာ ယွမ်ယယ်က Weibo ​ပေါ် ပို့စ်တင်ပြီးသည့်အချိန်ဖြစ်ရာ သူ ရက်အနည်း​ငယ်​လောက် ​ပျောက်​နေခဲ့သည်။ နင်းလုမှာ သူနှင့်အဆက်အသွယ်မရခဲ့ဘဲ ဇာတ်ညွှန်း​ရေးဆရာဆီမှာ အရူးလုပ်ခံလိုက်ရ၏။ သူသည် ဇာတ်ညွှန်းကိုဝယ်ကာ ယွမ်ယယ် သူ့ကိုချီးကျူးလာမည်ကိုပင် ​စောင့်​နေ​ခဲ့သေးသည်။ ယွမ်ယယ် သူ့ကိုပြန်​ပေး​သောစကားများ​ကြောင့် သူ၏နှလုံးသားမှာ တစ်ဝက်​လောက် ​အေးခဲသွားခဲ့ရှာသည်။ သူ ထိုကဲ့သို့ ​ဒေါ်လာ​ပေါင်းများစွာကို ဖြုန်းတီးလိုက်မိခြင်းအား ဝန်ခံရန် ရှက်ရွံ့​နေ​ပေသည်။

နင်းလုက အမှန်တကယ် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်​၏။ သူက တုံးအပြီး ပိုက်ဆံအ​တော်​လေးချမ်းသာ​သည်။ သူရင်းနှီးမြှုပ်နှံလိုက်​သော ပ​ရောဂျက်တိုင်းက အ​တော်​လေးကံ​ကောင်းခဲ့​ပေ၏။

ယွမ်ယယ်က ခေါင်းယမ်းကာ ဇတ်ချိုးလိုက်​လေသည်။

ထို့​နောက်မှာ​​တော့ ယွမ်ယယ်တစ်​ယောက် အချိန်အကြာကြီး သည်းမခံနိုင်တော့ဘဲ နင်းလု၏ စုတ်ပြတ်နေသော ဇာတ်ညွှန်းကိုထုတ်ကာ စာလုံးပေါင်းတစ်ထောင်ကျော်​​လောက်ရှိ​သော ဇာတ်လမ်းအကျဉ်းကို ရေးသားခဲ့သည်။သူက အဓိကဇာတ်​ကောင်များကို ဆွဲထုတ်၍ အကျဉ်းချုပ်အတိုကို ရေးသားခဲ့​၏။

[မင်းငါ့ကိုယုံရင် ဒါကို ရုပ်ရှင်မရိုက်နဲ့။ ​စျေး​​လျှော့ပြီး ​ရောင်းနိုင်မလားဆိုတာပဲ ရှာကြည့်လိုက်။ ရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ထားရင်​တော့ ဒါ​တွေက ငါ့မှာရှိတဲ့ ဖြစ်နိုင်တဲ့အ​တွေး​တွေပဲ။ အကုန်လုံးကို တစ်ချက်ပြန်ကြည့်ကြည့်လိုက်။]

ယွမ်ယယ်သည် နင်းလုအား အီး​မေးလ်ပို့လိုက်ပြီး WeChat က​နေ သတိ​ပေးထားလိုက်သည်။

အရင်နှစ်တစ်နှစ်လုံး သူက ဘာကိုမှမလုပ်ဘဲ အချိန်ဖြုန်း​နေခဲ့သည်။ ယခုတွင် သူ့မှာ အ​ကြွေးဆပ်စရာများ များစွာရှိ​နေ၏။ ယခုအချိန်အ​တောအတွင်း သူ​တော်​တော်များများကို ပြန်ဆပ်ပြီးဖြစ်သည်။ ယွမ်ယယ်တစ်​ယောက် ကိုယ်ပိုင်စာအုပ်ထုတ်ရန်အတွက် လုပ်​နေသည်မှာ နှစ်နှစ်​လောက်ရှိ​လေပြီ။ ၎င်းမှာ ဇာတ်သိမ်းသာလိုအပ်​နေပြီး ရက်အနည်းငယ်အတွင်း အဆုံးသတ်နိုင်လိမ့်​ပေမည်။

သူ အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ညဆယ်နာရီရှိ​နေ​လေပြီ။ သူ ဖန်း​ရှောက်ယိကို ဖုန်း​ခေါ်လိုက်​၏။ ဖုန်းက အချိန်အကြာကြီးမြည်​နေခဲ့သည်။ ​နောက်ဆုံးမှာမှ ကိုင်လိုက်​သော်လည်း ဖုန်း​ဖြေဆိုသူက ဖန်းရှောက်ယိမဟုတ်​​ပေ။

"ယယ်​ကော? ယယ်​ကော ကျွန်​တော့်ရဲ့​ကောကိုရှာ​နေတာလား။ ကျွန်​တော့်​ကောက ဒါရိုက်တာရဲ့အခန်းမှာ အစည်းအ​ဝေးလုပ်​နေတယ်!" ကျီ​ရှောင်​ထောင်းက ​အော်​ပြောလာခဲ့သည်။

"အို​ကေ၊ ဒါဆို ငါဘာမှမလို​တော့ဘူး။" ယွမ်ယယ်က ထိုသို့​ပြောပြီး ဖုန်းချရန်ပြင်လိုက်သည်။

ကျီ​ရှောင်​ထောင်းက သူ့ကိုတားလိုက်​လေ၏။ "ယယ်​ကော!"

ယွမ်ယယ်မှာ ​ဒေါသတကြီး ပြန်​ပြောလိုက်​သည်။ "ငါ့ကို ​အော်​အော်ပြီး ​မခေါ်နဲ့လို့။ ငါတစ်ခုခုမ​ကောင်းတာဖြစ်​နေသလိုမျိုး ခံစားရတယ်။"

"ယယ်​ကော ​နောက်ဆုံး​တော့ ​ကောလှုပ်ရှားပြီ​ပေါ့!" ကျီ​ရှောင်​ထောင်း၏အသံက အ​တော်​လေးစိတ်လှုပ်ရှား​နေဟန်ပင်။ "ကျွန်​တော် ​​ကော ထပ်​​ပျောက်သွားပြန်ပြီလို့ ထင်လိုက်တာ!"

ယွမ်ယယ်က မျက်ခုံးပင့်လိုက်၏။ တစ်ဖက်လူမှာ သူနှင့် ဖန်းရှောက်ယိတို့၏ လျှို့ဝှက်ဖုန်း​ခေါ်ဆိုမှုများအ​ကြောင်းကို မသိ​လောက်​သေး​ပေ။ ယွမ်ယယ်က ရယ်လိုက်၏။ "အာ"

ကျီ​ရှောင်​ထောင်း: "ယယ်​ကော၊ ​ကော ဘာ​တွေအလုပ်များ​နေတာလဲ။"

ယွမ်ယယ်သည် သူနှင့် အာလာပ သလ္လာပ​​လေး​တောင်​ပြောရန် အချိန်မရှိ​ပေ။ သူ​ ပြောလိုက်သည်။ "ငါတကယ်အလုပ်များ​နေတာ။ ​ထောင်း-အာ*၊ ငါ့မှာ လုပ်စရာ​တွေအများကြီးကျန်​သေးတယ် ငါအရင်ဖုန်းချလိုက်​တော့မယ်နော်။"

[TN/ ရင်းနှီးတဲ့သူ​တွေ/ငယ်တဲ့သူတွေကို ချစ်စနိုးနဲ့​ခေါ်တဲ့ နာမည်မျိုးပါ။]

ကျီ​ရှောင်​ထောင်းက အလျင်အမြန်ပြောလာ၏။ "အို​ကေ၊ အို​ကေ၊ ဘိုင့်ဘိုင်ပါ။" ဖုန်းမချခင် ယွမ်ယယ်က သူ့ကောကို ဖုန်းပြန်​ခေါ်ခိုင်းဖို့ ​ပြောလိုက်သည်။ အမှန်တကယ်​တော့ ကျီ​ရှောင်​ထောင်းက ဖန်း​ရှောက်ယိ၏ဖုန်းကို မစစ်​ပေ။ သူသာ စစ်ကြည့်လျှင် ၎င်းတို့နှစ်​ယောက်၏ ​ပေါများ​နေ​သော ဖုန်း​ခေါ်ဆိုမှု မှတ်တမ်းနှင့် WeChat မက်​ဆေ့ချ်မှတ်တမ်းများကို သူ​​ တွေ့နိုင်ပေလိမ့်မည်။

မိနစ်အနည်းငယ်ကြာပြီး​နောက် ဖန်း​ရှောက်ယိက ဖုန်း​ခေါ်လာခဲ့သည်။ ယွမ်ယယ်က ဖုန်း​လက်ခံလိုက်ပြီး စပီကာဖွင့်ကာ စားပွဲ​ပေါ်တင်ထာားလိုက်၏။ "ယိ​ကော။"

"​စော​စောက အပြင်ခဏသွားလို့။" ဖန်း​ရှောက်ယိက​ ပြောလာခဲ့သည်။

"အင်း သိတယ်။" ယွမ်ယယ်က ရယ်​​မောလျက် ​​ပြောလာလိုက်သည်။ "​ရှောင်​ထောင်း​ပြောတယ်။"

ဖန်း​ရှောက်ယိတစ်​ယောက် ​ရေချိုးဖို့သွား​သောအခါ ဖုန်းကို အပြင်ဘက်တွင် စပီကာဖွင့်၍ထားခဲ့သည်။ ယွမ်ယယ်၏ဖုန်းကလည်း စားပွဲ​ပေါ်တင်ထားပြီး ဖုန်းမချခဲ့​ပေ။ ဖုန်း​ခေါ်ဆိုမှုမှာ ချိတ်ဆက်​နေဆဲပင်။ ယွမ်ယယ်က ဖန်း​ရှောက်ယိပြန်ထွက်လာသည့်အသံကို ကြားလိုက်ရာ ​မေးမြန်းလိုက်သည်။ "​ရေချိုးလို့ပြီးသွားပြီလား။"

ဖန်း​ရှောက်ယိက အသံပြုလိုက်​၏။ ယွမ်ယယ်က ထပ်​ပြောခဲ့သည်။ "ဒါဆို အသားအ​​ရေထိန်းသိမ်းတာ​ရော?"

ဤရက်ပိုင်းအတွင်း ၎င်းတို့နှစ်ဦးမှာ မကြာမကြာဆိုသလို ထိုကဲ့သို့ဖုန်း​ခေါ်ဆိုများရှိ​ခဲ့သည်။ အရိုးသားဆုံး​ပြောရလျှင် သူတို့တွင် ​ပြောစရာများများစားစားမရှိ​သော်လည်း ဖုန်း​ခေါ်ဆိုမှုမှာ အ​တော်​လေးကြာ​ပေ၏။ ထိုခံစားချက်က အလွန်ဆန်းသစ်ပြီး စိတ်ဝင်စားစရာ​ကောင်း​ခှသည်။

ဖန်း​ရှောက်ယိက သူ့ကို​ပြောလာခဲ့သည်။ "ဒီ​နေ့ ကိုယ် ကျန်းရွှီရဲ့ရိုက်ကွင်းကို သွားလည်ခဲ့တယ်။"

"သူလည်း အဲ့မှာ ရိုက်ကူး​ရေးလုပ်​နေရတာလား။ ရုပ်ရှင်စတူဒီယိုမှာလား။" ယွမ်ယယ်က မျက်ခုံးပင့်ကာ စပ်စုလိုက်၏။

"အမ်း၊ သူက ရုပ်ရှင်ရိုက်​နေတာ။"

"သူ အခုရုပ်ရှင်ရိုက်​နေပြီလား။" ယွမ်ယယ်က​မေးလိုက်သည်။ "ဘာအမျိုးအစားလဲ။"

"​ပေါ့​ပေါ့ပါးပါး အချစ်ဇာတ်လမ်းမျိုး။" ဖန်း​ရှောက်ယိက ပြန်ဖြေခဲ့၏။

"အာ" ယွမ်ယယ်က​ ပြောလိုက်သည်။ "ရွှီ​ကောက သူ့ရဲ့ပုံရိပ်ကို မ​ပြောင်းလဲ​သေးဘူးပဲ။"

"​ပြောင်းလဲဖို့ခက်တယ်။" ဖန်း​ရှောက်ယိသည် ​စော​စောက ဒါရိုက်တာဆီမှလက်ခံရရှိခဲ့သည့် ဇာတ်ညွှန်းအသစ်ကို​ ကောက်ယူလိုက်သည်။ သူကဘ၎င်းကို ဖတ်ရင်း ယွမ်ယယ်နှင့် စကား​ပြော​နေခဲ့၏။ "သူက ရုပ်ရှင်​ကောင်း​တွေမှာ ကမ်းလှမ်းမခံရ​ဘူး၊ ပြီးတော့ မ​ကောင်းတဲ့ရုပ်ရှင်​တွေ​ထဲက ဇာတ်​ကောင်​တွေကိုလည်း လက်မခံချင်ဘူး။"

ယွမ်ယယ်နှင့် ဖန်း​ရှောက်ယိတို့က အချိန်အ​တော်ကြာတဲ့အထိ စကား​ပြော​နေခဲ့ကြသည်။ ၎င်းမှာ သိပ်မရင့်ကျက်သလိုထင်ရ​သော်လည်း သူက ဖန်း​ရှောက်ယိနှင့် ထိုသို့​ပြော​နေရသည်ကို အမှန်တကယ်သ​ဘောကျ​​ပေသည်။

၎င်းတို့နှစ်ဦး စကား​ပြောပြီး​နောက် အချိန်မှာ ညဆယ့်နှစ်နာရီထိုးခါနီးဖြစ်သွား၏။ ယွမ်ယယ်က အနည်းငယ်ပင်ပန်း​နေ​သော်လည်း မအိပ်ချင်​သေး​ပေ။ ထို့​ကြောင့် သူ အလုပ်ဆက်လုပ်​နေခဲ့သည်။ သူ မပြီးပြတ်​သေး​သောအလုပ်များကို မြန်မြန်အဆုံးသတ်ရန်လိုအပ်​ပေ၏။

​နောက်ရက်အနည်းငယ်အတွင်း ဖန်း​ရှောက်ယိက ညအချိန်၌ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းတချို့ရှိ​ခဲ့သည်။ ယွမ်ယယ်က သူ့ကို WeChat မက်​​​ဆေ့ချ်အနည်းငယ်သာပို့လိုက်ပြီး ဖုန်းမ​ခေါ်ခဲ့​ပေ။ ဖန်း​ရှောက်ယိရိုက်ကူး​ရေးလုပ်​နေချိန်တွင် ယွမ်ယယ် သူ့ကိုဖုန်း​ခေါ်ခဲ​ပေ၏။ သူက တစ်ဖက်လူ၏အလုပ်ကို ​နှောင့်ယှက်မိသွားမည်အား စိုးရိမ်​သည်။ ထို့အပြင် ၎င်းတို့နှစ်ဦးမှာ အမှန်တကယ် အ​ရေးကြီးကိစ္စများ​ပြောရန်မရှိ​ပေ။ သူ တစ်ဖက်လူရိုက်ကူး​ရေးလုပ်​နေစဥ် ဖုန်း​ခေါ်လိုက်လျှင် အလွန်များသွား​ပေလိမ့်မည်။

​သောကြာ​နေ့တွင် ယွမ်ယယ်က ဖိုင်တွဲတစ်ခုအား အီး​မေးလ်ပို့လိုက်သည်။ ထို့​နောက် WeChat တွင် အသံမက်​​ဆေ့ပို့လိုက်၏။ "ဥက္ကဌကျန်း​ရေ၊ ငါ အီး​မေးလ်က​နေ ဖိုင်ပို့ထားတယ်။ ငါ ထပ်ပြီး​အနှောင့်ယှက်​တော့ပါဘူး။ မင်းတည်းဖြတ်လို့ပြီးရင် ငါ့ကို​မေးလ်ပြန်ပို့လိုက်။ ဒီစာအုပ်မှာ ဘာပုံမှမပါချင်ဘူး။ ကျန်တာကို​တော့ မင်းဆုံးဖြတ်လို့ရတယ်။"

တစ်ဖက်လူက ​ပုန်ပို့လာ၏။ "အို​ကေ ယယ်​ကော။ ကျွန်​တော် ​နောက်ကျကြည့်လိုက်မယ်။"

ယွမ်ယယ်က ပြုံးကာ သူ့ကို​ပြောလိုက်သည်။ "ဟုတ်ပါပြီ။ ငါက ​ပေါ်လာခဲတယ်ဆို​တော့ မင်းဖုန်း​ခေါ်လို့ ငါမကိုင်ရင် မက်​ဆေ့ချ်ပို့ထားလိုက်လို့ရတယ်။ ငါ​တွေ့တဲ့အခါ ပြန်​ခေါ်လိုက်မယ်။"

တစ်ဖက်လူက ချက်ချင်းပြန်​ပြော​လေသည်။ "ကောင်းပါပြီ။"

ယွမ်ယယ်က ထရပ်ကာ အ​ညောင်းဆန့်လိုက်သည်။ အတိတ်တုန်းက ဖန်း​ရှောက်ယိသာ ​ဘေးနားမှာရှိ​နေလျှင် သူအချိန်အကြာကြီးထိုင်​နေမိသည့်အခါ ဖန်း​ရှောက်ယိက သူ့ဆီ​လျှောက်လာပြီး သူ့ကို မတ်တတ်ရပ်ရန် အတင်းတိုက်တွန်းလိမ့်မည်။ ဖန်း​လောင်ရှီး၏ စည်းကမ်းများက အလွန်တင်းကျပ်​ပေသည်။ သူသာ မလိုက်နာခဲ့လျှင် သင်ခန်းစာ​ပေးခံရဦးမည်။ ယခုမှာမူ သူ့​ဘေးတွင် မည်သူကမှ သူ့ကိုထိန်းချုပ်မ​နေ​​သည့်အတွက် လွတ်လပ်​နေ​လေ၏။ သူက ရဲတင်းပြီး အထိန်းအချုပ်ကင်းမဲ့​​နေသည်။

ယွမ်ယယ်က ရယ်​မောလိုက်ပြီး ခါးကုန်းကာ အီး​မေးလ်ကို ပိတ်လိုက်​လေသည်။

ထိုစဥ် ကွန်ပြူတာစခရင်​ပေါ်၌ အခြားစာမျက်နှာတစ်ခုက အလိုအ​လျောက်​ပေါ်လာခဲ့သည်။ ယွမ်ယယ် ၎င်းကို ဂရုမထားဘဲ ပိတ်ရန်ပြင်လိုက်၏။ ထိုအလိုအ​လျောက်စာမျက်နှာများက အလွန်စိတ်အ​နှောင့်အယှက်ဖြစ်​စေသည်။ ၎င်းတို့အား ဘ​လော့၍လည်းမရ​ပေ။ သူပိတ်​တော့မည့်ဆဲဆဲတွင် ၎င်းက ​​ဖျော်​ဖြေ​ရေးကဏ္ဍဆီသို့ ​ရောက်သွား​လေ၏။ ယွမ်ယယ်၏လက်များလည်း ရပ်တန့်သွားခဲ့သည်။

လူများက သူတို့၏ကိုယ်ပိုင်နာမည်များကို အလွန်အထိမခံကြ​ပေ။ သူ့အတွက်​​တော့ ဖန်း​ရှောက်ယိ၏နာမည်လည်း အပါအဝင်ဖြစ်သည်မှာ ​ပြောစရာပင်မလို​ချေ။

ယွမ်ယယ်က ထိုစာမျက်နှာကို အလျင်အမြန်ဖတ်လိုက်၏။ ထို့​နောက် တိတ်တဆိတ်သက်ပြင်းချလိုက်​လေသည်။

သူသည် Weibo ကို ဖျက်ထားပြီး သတင်းဖတ်ရန်အတွက် သူ၏ဖုန်းကို မသုံးဖူး​ပေ။ သူ စာပို့ရန်လိုအပ်သည်မှအပ WeChat ကိုလည်း စစ်ကြည့်ခဲသည်။ သို့​သော် လက်ရှိလူ​နေမှုပတ်ဝန်းကျင်၌ အင်တာနက်ကို လုံးဝဖြတ်လိုက်ရန်မှာ မဖြစ်နိုင်​​ချေ။ ယခုကဲ့သို့ပင် - သူ​ရှောင်ချင်​ရင်​တောင် မ​ရှောင်နိုင်​ခဲ့ပေ။

ယွမ်ယယ်က ​ခေါင်းယမ်းကာ ကွန်ပြူတာကို တိုက်ရိုက်ပိတ်ချလိုက်​တော့သည်။

​​စော​စောက ​ခေါင်းစဥ်၊ ဓါတ်ပုံနှင့် စာတို့က အတင်းအဖျင်းကဏ္ဍတွင် ​နေရာယူထား​လျက်ပင်။

​ခေါင်းစဥ်မှာ အနက်​ရောင်စာလုံးကြီးများနှင့်ဖြစ်၏။ [ဖန်း​ရှောက်ယိက ​အမျိုးသားကြယ်ပွင့်​လေးတစ်​ယောက်နဲ့ တစ်ခန်းထဲမှာ မိုး​သောက်တဲ့အထိအချိန်ဖြုန်းခဲ့]

အင်တာနက်သုံးစွဲသူများက ​မေးမြန်းထားကြသည်။ "ယွမ်ယယ် မင်းသူ့ကိုလိုက်​နေတုန်းမလား။"

တွဲလျက်ပါဓါတ်ပုံများက အ​တော်​​လေးဝါး​နေပြီး 'XX ​ဖျော်​ဖြေ​ရေး​ဆောင်းပါး' ဟူ​သော ​ရေအမှတ်အသားဖြင့် လုံးဝဖုံးထား​လေ၏။ ဓါတ်ပုံများမှာ ဖန်း​ရှောက်ယိက လူငယ်​လေးအတွက် တံခါးဖွင့်​ပေးပြီး အချိန်တစ်ခုအကြာတွင် ထို​လူငယ်​လေးထွက်သွားသည့်ပုံအဆင့်ဆင့်ကို တစ်ပါတည်းတွဲတင်ထား​​လေသည်။

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment