နှစ်ဦးသားက ရိုက်ကွင်းတစ်ခုတည်းမှာပင် အတူရှိနေကြရာ နေ့စဥ်နေ့တိုင်း အတူတူအချိန်ဖြုန်းနိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် များများစားစားထုတ်မပြောလျှင်တောင် ခံစားချက်က ထူးခြားနေသည်။ သူတို့အတွက် အကြည့်ချင်းဆုံခြင်းက အသံတိတ် ဆက်သွယ်ရေးနည်းလမ်းတစ်ခုပင်။
ရိုက်ကူးရေးအဖွဲ့သားများက အစည်းအဝေးသေးသေးရော၊ ကြီးကြီးပါ မကြာခဏလုပ်တတ်ကြသည်။ အစည်းအဝေးတိုင်းတွင် ယွမ်ယယ်နှင့် ဖန်းရှောက်ယိတို့က တစ်ယောက်ကိုတစ်ယောက် သိသိသာသာဆွဲငင်ထားကြပြီး အမြဲတမ်း ဘေးချင်းကပ်သာထိုင်ကြပေ၏။ အစည်းအဝေးအတွင်း ဆွေးနွေးသောအကြောင်းအရာက ၎င်းတို့နှင့် မသက်ဆိုင်တော့လျှင် နှစ်ဦးသားမှာ အကြည့်ချင်းဆုံနေကြလိမ့်မည်။ 'မင်းငါ့ကို တစ်ခါကြည့်ရင် ငါကလည်း မင်းကိုတစ်ခါပြန်ကြည့်မယ်' ဟုများ ကြွေးကြော်ထားသည့်အလား။ ထိုအချိန်အတွင်း မည်သည့်မျက်နှာအမူအရာမှမရှိဘဲ အရာရာတိုင်းမှာ အမှတ်တမဲ့ဖြစ်လာသကဲ့သို့ပင်။
ယနေ့အတွက် ၎င်းတို့၏အစည်းအဝေးအတွင်း ဒါရိုက်တာက ယွမ်ယယ်ကိုဆွဲခေါ်ကာ ပြောလိုက်သည်။ "ငါနဲ့လာထိုင်။"
"အာ။" ယွမ်ယယ်က နှာခေါင်းကိုပွတ်သပ်လိုက်၏။ "ဟုတ်။"
ဖန်းရှောက်ယိကလည်း အတူထိုင်ရန် လျှောက်လာခဲ့လေသည်။ ဒါရိုက်တာက စားပွဲတစ်ဖက်ခြမ်းကို လက်ညိုးထိုးပြ၍ ပြောလိုက်သည်။ "မင်းက ဟိုဘက်မှာထိုင်။ မင်းတို့ကို လျှောက်ဆော့နေဖို့ ငါ ထပ်ပြီးခွင့်ပြုမယ်များထင်နေတာလား။"
"ဟားဟား၊ ကျွန်တော်တို့ လျှောက်လုပ်မနေပါဘူးနော်။" ယွမ်ယယ်က ထိုင်ချကာ ဦးခေါင်းအနောက်ကိုပွတ်သပ်လိုက်၏။ "ကျွန်တော်တို့ အစည်းအဝေးရဲ့စည်းကမ်းတွေကို လိုက်နာပါတယ်။"
"မင်းတို့ကို ဘယ်သူမှ မမြင်ဘူးလို့ ထင်နေတာလား။" ဒါရိုက်တာကျန်းက ဖန်းရှောက်ယိကို ထပ်ပြီးတွန်းထုတ်လိုက်၏။ "တခြားဘက်မှာ သွားထိုင်!"
ယွမ်ယယ်ကတောင် ဒါရိုက်တာက ထိုသို့ပြောလာသည့်အတွက် အနည်းငယ်ရှက်ရွံ့သွားခဲ့သည်။ သူက ရယ်နေပြီး ခေါင်းမော့မလာတော့ချေ။ ဖန်းရှောက်ယိတစ်ယောက် ပြောစရာစကားမဲ့ကာ ဒါရိုက်တာ၏အမိန့်ကို လိုက်နာ၍ ခေါင်းညိတ်လိုက်ပြီး တစ်ဖက်တွင် သွားထိုင်ရလေတော့သည်။
အစည်းအဝေးက အတည်တကျဖြစ်ရန်လိုအပ်သည်။ တရားဝင်အလုပ်ကိစ္စများကို ဆွေးနွေးကြသောအခါ ယွမ်ယယ်က အတော်လေးပရော်ဖက်ရှင်နယ်ဆန်ပေသည်။ ရိုက်ကွင်းပေါ်ရှိ ပထမရက်အနည်းငယ်အတ်ယွင်းမှာ ယွမ်ယယ်တစ်ယောက် သူ၏အတွေးအမြင်များကို မျှဝေခြင်းမှာ ရှားပါးပေ၏။ အဘယ့်ကြောင့်ဆိုသော် သူက ထိုဇာတ်ညွှန်းကို ရေးသားခဲ့သည့်သူမဟုတ်သည့်အတွက်ကြောင့်ပင်။ ဒါရိုက်တာ၏ရည်ရွယ်ချက်ကို ရှာမတွေ့ခင်အထိ သူဘာမှ မပြောနိုင်ပေ - သူပြောခဲ့လျှင်တောင် အသုံးဝင်လိမ့်မည်မဟုတ်ချေ။ ယခုတွင် သူက ဒါရိုက်တာကို ရက်အနည်းငယ်လောက် လေ့လာပြီးဖြစ်ရာ ပြောရန်လိုအပ်သောအရာများကို ပြောဖို့အချိန်ရောက်လာပြီဖြစ်သည်။
ကျန်းလင်းချွမ်က အဓိကအကြောင်းအရာကို အလွန်မြင့်မြင့်မားမား ပုံစံချတတ်သည်။ သူ၏လက်ရာများက ပရိသတ်များနှင့် မနီးစပ်ဘဲ ၎င်းတို့အကြိုက်ကို မလိုက်တတ်ပေ။ သူက ကိစ္စများကို ပိုပြီးဆီလျော်အောင်လုပ်ရန် ဘယ်တော့မှ မကြိုးစားချေ။ ယွမ်ယယ် အစောပိုင်းတွင် ဇာတ်ညွှန်းကိုဖတ်ပြီးချိန်၌ ထိုအရာကိုပြောနိုင်သော်လည်း ကျန်းလင်းချွမ်က လက်တွေ့ရိုက်ကူးနေစဥ်အတွင်း အပြောင်းအလဲများ သိပ်လုပ်တတ်သည်။ အကယ်၍ ၎င်းတို့သာ ကျန်းလင်းချွမ်အလိုရှိသောပုံစံအတိုင်း ဆက်လက်ရိုက်ကူးနေပါက ပရိသတ်များမှာ ထိုဇာတ်ကားကို နားလည်နိုင်မည်မဟုတ်တော့ချေ။
ယွမ်ယယ်က တည့်တိုးသမားဖြစ်၏။ သူက ဒါရိုက်တာ့ကို တိုက်ရိုက်ပြောလိုက်သည်။ "ဒါရိုက်တာ၊ ဇာတ်ကြောင်းကို ဆက်မြှင့်နေလို့မဖြစ်ဘူးနော်။ အစကတည်းက ဒီဇာတ်ကားက မြို့ငယ်လေးကဇာတ်လမ်းတစ်ပုဒ်ပဲ။ စန်းချာက ဒီမြို့ငယ်လေးကိုရောက်လာပြီး တစ်ယောက်ယောက်ကိုရှာပြီးတော့ သတ်ပစ်မဲ့ လုပ်ကြံသတ်ဖြတ်သူ။ ဒီဇာတ်လမ်းမှာ အစွမ်းအစတွေများနေပြီ။ ဒီထပ်ပိုပြီး ထပ်ထည့်ရင် ပိုဝေးသွားလိမ့်မယ်။ ဒါရိုက်တာရော ဘယ်လိုထင်လဲ။"
ကျန်းလင်းချွမ်က ထိုအကြောင်းကိုစဥ်းစားကာ ပြောလိုက်သည်။ "အခုလောလောဆယ်တော့ ငါတို့ သူ့ရဲ့စွမ်းဆောင်ရည်ကို မကျော်သေးပါဘူး။ ငါတို့ လူသားချင်းစာနာမှုအကြောင်း ပြောဖို့လိုနေသေးတယ်။"
ယွမ်ယယ်က ပြောလိုက်၏။ "အခု နေရာအလွတ် လုံလုံလောက်လောက်ရှိပါတယ်။ ဒါပေမဲ့ ဒါရိုက်တာက ပိုပိုပြီး ထပ်ထည့်နေတာ။ ဇာတ်ကောင်တိုင်းနီးပါးပဲ။ ကုန်မာပစ္စည်းဆိုင်နဲ့ ဆီဆိုင်မှာ အစက သူတို့ရဲ့ကိုယ်ပိုင်ဇာတ်ကြောင်းမရှိဘဲ အခုကျရှိလာပြီ။ ကျွန်တော်တို့ ဒါတွေကို ခဏပြန်သိမ်းလိုက်ဖို့လိုတယ်လို့ထင်တယ်။ ကျေးဇူးပြုပြီး ပြန်စဥ်းစားကြည့်ပေးပါ။"
ကျန်းလင်းချွမ်၏ရုပ်ရှင်များနှင့်ပတ်သက်၍ အကြီးမားဆုံးပြဿနာမှာ ၎င်းတို့တွင် အကြောင်းအရာအများကြီးပါဝင်နေခြင်းကြောင့်မဟုတ်ပေ။ အကြီးမားဆုံးပြဿနာမှာ ပရိသတ်များက စကားလုံးတိုင်းကို သေချာသိရန်လိုအပ်ပြီး အခန်းတိုင်းသည် ၎င်းတို့အတွက် စစ်ဆေးရေးသဖွယ်ဖြစ်နေခြင်းပင်။ ဒါရိုက်တာက ထိုထဲကို အလွန်အကျွံဝင်ရောက်သွားလျှင် ရိုက်ကွင်းရှိလူတိုင်းက သူ့ကို ပြန်လည်ဆွဲထားရန် လိုအပ်ပေ၏။ ယွမ်ယယ်က အခြားသူများကို အပြစ်ပြောရန် လုံးဝမကြောက်ပေ။ တစ်စုံတစ်ယောက်က ၎င်းတို့လက်ခံထားသည့်အလုပ်ကို လုပ်ရန်လိုအပ်၏။ သူက ဤနေရာသို့ အဓိကအားဖြင့် ဖန်းရှောက်ယိအတွက်လာခဲ့ခြင်းဖြစ်သော်လည်း သူလုပ်ရမည့်အလုပ်အတွက် တာဝန်ယူရပေမည်။
သူ ထိုသို့ပြောလိုက်သည့်အတွက် တချို့သူများ၏ အကျိုးကျေးဇူးများကို ထိခိုက်သွားပေ၏။ ၎င်းတို့၏ ဇာတ်ဝင်ခန်းများမလုံလောက်သေးဟု ခံစားနေရသော သရုပ်ဆောင်များသာရှိပြီး ဇာတ်ဝင်ခန်းများလွန်းသည်ဟု ခံစားရသော သရုပ်ဆောင်များ မရှိပါချေ။ ဒါရိုက်တာက ဇာတ်ကွက်များ၊ ပြောရမည့်စာသားများကို ထပ်ဖြည့်လျှင် ပို၍ကောင်းသည်သာ။ သို့သော် ယွမ်ယယ်က ထိုသို့မလုပ်စေချင်ဘဲ ထိုဇာတ်ကောင်များအားလုံးအတွက် ကိုယ်ကျင့်တရားအခြေခံကို ဆက်လက်မမြှင့်စေချင်တော့ပေ။ အကယ်၍ ၎င်းနေရာမှာသာ တခြားသူဖြစ်နေပါက ကြည့်ရှုနေသူတို့မှာ ထိုသူက ဒါရိုက်တာ၏ဇာတ်လမ်းကို ပို၍ရှင်းလင်းသွားစေချင်သောကြောင့်ဟု ထင်ကြလိမ့်မည်။ သို့သော် ၎င်းမှာ ယွမ်ယယ်ဖြစ်နေသည့်အတွက် လူများက သူ့ကို ဇာတ်ပို့များအတွက် ဇာတ်ဝင်ခန်းများကိုလျှော့ချပြီး ခေါင်းဆောင်မင်းသားကို အသားပေးဖော်ပြ၍ သူ့ကိုသာ အာရုံစိုက်စေခြင်းဖြစ်သည်ဟု ထင်ကြလိမ့်မည်။
၎င်းမှာ ရိုက်ကူးရေးအဖွဲ့သားများအတွင်း တွေ့ရများသောကိစ္စရပ်ပင်။ ဖန်းရှောက်ယိနှင့် အဆင့်တူသော လူများသည် ရိုက်ကွင်းသို့ ကိုယ်ပိုင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် ရိုက်ကူးရေးအဖွဲ့သားများကိုပါ ခေါ်လာတတ်ကြပြီး ရိုက်ကူးနေစဥ်အတောအတွင်း ပြောရမည့်စာသားများ၊ ဇာတ်ဝင်ခန်းများကို ထပ်ဖြည့်တတ်ကြသည်။
ကျန်းလင်းချွမ်က ဖန်းရှောက်ယိကိုကြည့်ကာ မေးလိုက်၏။ "ရှောက်ယိရော? မင်းဘယ်လိုထင်လဲ။"
ဖန်းရှောက်ယိက ပြန်မဖြေခင် ခဏစဥ်းစားလိုက်သည်။ "အခုထိကတော့ အဆင်ပြေနေပါသေးတယ်။" သူက ယွမ်ယယ်ကို တစ်ချက်ကြည့်လိုက်သည်။ "ဒါပေမဲ့ ကျွန်တော်တို့က အခု ကျွန်တော့်ရဲ့ဇာတ်ဝင်ခန်းတွေအကြောင်းပြောနေတာမဟုတ်ဘူးလေ။ သရုပ်ဆောင်တွေအားလုံး သူတို့ရဲ့ဇာတ်ကောင်ကို နားအလည်ဆုံးပဲ။ အဲ့တော့ သူတို့ရဲ့အမြင်ကိုမေးတာ ပိုကောင်းပါတယ်။"
ယွမ်ယယ်ကလည်း သူ့ကိုကြည့်နေခဲ့သည်။ ထို့နောက် ဘာမှမပြောခဲ့ပေ။
ညအချိန်၌ ဖန်းရှောက်ယိက ယွမ်ယယ်ကို ဖုန်းခေါ်လာခဲ့၏။ ယွမ်ယယ် ဖုန်းကိုင်လိုက်ပြီးနောက် ဖန်းရှောက်ယိကမေးလာသည်။ "ညလယ်သရေစာအတွက် ဆင်းလာခဲ့လေ။"
ယွမ်ယယ်က သဘောတူလိုက်၏။ "ဟုတ်ပြီ၊ လာနေပြီ။"
ယခုအတွက် ရိုက်ကွင်းအပြင်အဆင်မှာ မြို့ငယ်လေးတွင်မဟုတ်တော့ပေ။ ထို့ကြောင့် အနီးအနားတွင် စားသောက်ဆိုင်များလည်း ပေါများပေ၏။ ကျီရှောင်ထောင်းက ပါဆယ်မှာယူလိုက်ခြင်းဖြစ်သည်။
ယွမ်ယယ်တစ်ယောက် ဖိနပ်ပါးစီးကာ ညဝတ်အင်္ကျီဖြင့် ဆင်းလာခဲ့၏။ ကျီရှောင်ထောင်းက သူ့ကို တံခါးဖွင့်ပေးလာခဲ့သည်။ ယွမ်ယယ် အစားအသောက်များ၏အနံ့ကိုညရလိုက်သည်နှင့် ပြောလိုက်လေ၏။ "မင်းရဲ့မျက်နှာအသားအရေကို ပြန်ကြည့်လိုက်ဦး။ ဒီလောက်နောက်ကျနေမှ စပ်စပ်ပြဲပြဲတွေစားနေတာလား။ မင်းက ပါတနာ မရှာချင်တော့ဘူးထင်တယ်။"
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်မှာ ပါတနာမှမရှိတာ၊ ဒီတော့ ထပ်ပြီး စိတ်ဝင်စားမနေတော့ပါဘူး။" ကျီရှောင်ထောင်းက ပခုံးတွန့်ကာ ပြောလာခဲ့သည်။
ဖန်းရှောက်ယိတွင် ညလယ်စာစားတတ်သည့်အကျင့်မရှိပေ။ သူက ဆိုဖာပေါ်တွင်ထိုင်နေပြီး လည်ချောင်းနာပျောက်ဆေးကိုသာ ငုံထား၏။ ယွမ်ယယ်က သူ့ကိုမေးလိုက်သည်။ "မင်းရဲ့လည်ချောင်းက အဆင်မပြေသေးဘူးလား။"
"အဆင်ပြေပါတယ်။" ဖန်းရှောက်ယိက လေ့ကျင့်ခန်းတစ်ချို့လုပ်ကာ ရေချိုးထားပြီးနောက် လုံးဝရေမခြောက်သေးပေ။
ယွမ်ယယ်က တစ်ဖက်လူ၏ကိုယ်ပေါ်ရှိ ရေစက်ကလေးများကို စိုက်ကြည့်လိုက်သည်။ သူက ရယ်မောလျက် မေးလိုက်၏။ "ခုမှ ရေချိုးပြီးတာမလား၊ ဟမ်။"
ဖန်းရှောက်ယိက အသံပြုလိုက်ပြီး တစ်ဖက်သို့တိုးကာ ယွမ်ယယ်ထိုင်ရန်အတွက် နေရာဖယ်ပေးလိုက်သည်။
ယွမ်ယယ်က ထိုင်ချလိုက်ပြီး တစ်ဖက်လူ၏နံဘေးသို့ တိုးကပ်သွားလိုက်သည်။ ယွမ်ယယ်တစ်ယောက် ဖန်းရှောက်ယိကိုမော့ကြည့်ကာ တိုးတိုးလေးပြောလိုက်၏။ "မင်းရဲ့ရေချိုးဆပ်ပြာအနံ့က တော်တော်လေးကောင်းတာပဲ။"
"ကောတို့နှစ်ယောက် အရမ်းများနေပြီနော်။" ကျီရှောင်ထောင်းတစ်ယောက် အစကတည်းက ၎င်းတို့နှစ်ဦးကိုစောင့်ကြည့်ရခြင်း၏ သူ၏စိတ်လှုပ်ရှားမှုများက ပျောက်ကွယ်သွားခဲ့လေပြီ။ ယခုမှာမူ လုံးဝကို မထူးခြားသည့်အမူအရာဖြင့် ပြောလိုက်သည်။ "ဘယ်လိုပဲနေနေ အီစီကလီလုပ်နေကြတော့တာပဲ။ ခဏလောက်ရပ်လိုက်ကြပါဦး။ ကျွန်တော်အခု စားနေတုန်းပဲရှိသေးတယ် ထွက်သွားလို့မရသေးဘူးလေ။"
ယွမ်ယယ်က ရယ်လိုက်ပြီး ဖန်းရှောက်ယိကို ပြောလိုက်၏။ "သူ့ကို အလုပ်ဖြုတ်လိုက်တော့။"
"မင်းက ဘော့စ်ပါပဲ။" ဖန်းရှောက်ယိက ခေါင်းညိတ်လိုက်သည်။
ညလယ်သရေစာများက စားပွဲပေါ်တွင် အပြည့်ဖြစ်နေသည်။ ကျီရှောင်ထောင်းနှင့် ယွမ်ယယ်က စားနေပြီး ဖန်းရှောက်ယိက ၎င်းတို့ကို ကြည့်နေခဲ့သည်။ ယွမ်ယယ်စားနေစဥ် ဖန်းရှောက်ယိက ပြောလိုက်၏။ "မင်းက ကလေးလည်းမဟုတ်တော့တာကို စကားကို ဘာဖြစ်လို့ အဲ့လိုတိုက်ရိုက်ကြီးပြောချလိုက်ရတာလဲ။"
ထိုအရာကို ကြားလိုက်ရသောအခါ ယွမ်ယယ်တစ်ယောက် လှုပ်ရှားမှုများကိုရပ်တန့်လိုက်သည်။ သူက ဖန်းရှောက်ယိကိုမော့ကြည့်ကာ မေးလိုက်၏။ "မင်း ဇာတ်ညွှန်းအကြောင်းပြောနေတာလား။"
ဖန်းရှောက်ယိက 'အင်း' ဟုအသံပြုလိုက်သည်။ ထို့နောက် အကြည့်ချင်းဆုံရင်း ပြောလိုက်၏။ "သရုပ်ဆောင်တွေရှေ့မှာ သူတို့ရဲ့ဇာတ်ဝင်ခန်းတွေ အရမ်းများနေပြီလို့ပြောလိုက်တာ မသင့်တော်ဘူးလေ။ သူတို့အားလုံး အပြင်ကိုထုတ်မပြောကြပေမဲ့ သူတို့အတွက်လည်း သူတို့ရဲ့အမြင်တွေရှိကြမှာပဲ။"
ယွမ်ယယ်က ခေါင်းယမ်းလိုက်ပြီး တုံ့ပြန်ခဲ့သည်။ "ငါ့ရဲ့စကားတွေက နည်းနည်းတော့ စော်ကားသလိုဖြစ်သွားပေမဲ့ ငါ သူတို့ရှေ့မှာပဲ ပြောချင်တယ်။ ငါ လူရှေ့သူရှေ့မှာ ဖော်ဖော်ရွေရွေဆက်ဆံပြီး သီးသန့်အချိန်မှာ ဒါရိုက်တာနဲ့ အဲ့လိုမျိုးတွေ မပြောချင်ဘူး။ အဲ့ဒါအရမ်းနိမ့်ကျတယ်။ ငါ အဲ့လိုမလုပ်နိုင်ဘူး။ ငါ တစ်ယောက်ယောက်ကို တိုက်ခိုက်ရမယ်ဆိုရင်တောင် သူတို့ရှေ့မှာပဲလုပ်မယ်။"
ယွမ်ယယ်က အမြဲတမ်း ထိုကဲ့သို့ပင်။ ဖန်းရှောက်ယိသည်လည်း သူ၏ထိုအချက်ကို သဘောကျပေ၏။ ယွမ်ယယ်က သူ့ကိုယ်ပိုင်အပြုအမူလေးဖြင့် နေထိုင်တတ်သည် - ဖန်းရှောက်ယိက သူ့ကို ဘောင်ခတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းမျိုး မလုပ်ချင်သလို သူ့ကို မည်သို့နေထိုင်ရမည်ဟုလည်း မပြောချင်ပေ။ သို့သော်လည်း လူ့အဖွဲ့အစည်းတွင်၊ အထူးသဖြင့် ယခုလိုလူသားစားသည့် နယ်ပယ်တစ်ခု၌ လူသားများအတွက် အမြဲတမ်း ပွင့်ပွင့်လင်းလင်းနေခြင်းက အဆင်မပြေနိုင်ပေ။ ဖန်းရှောက်ယိမပြောလျှင်တောင် ယွမ်ယယ်ကိုး်တိုင်လည်း ထိုအရာများကိုသိထားသည်။ သို့သော် သူက သူ့နည်းသူဟန်အတိုင်းနေရန် ဆုံးဖြတ်ချက်ချထားဆဲပင်။ ၎င်းမှာ မမှန်သလို မှားလည်းမမှားချေ။
ဖန်းရှောက်ယိက ယွမ်ယယ်ကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် သိမ်မွေ့သောအလင်းတန်းလေးများဖြင့် ပြည့်နှက်နေပြီး အိပ်မွေ့ချခံထားရသောလူတစ်ယောက်နှယ်။ တစ်ဖက်လူက ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ်ကတည်းကပင် ထိုကဲ့သို့ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း အသက်နှစ်ဆကြီးပြင်းလာသော်လည်း ခေါင်းမာနေဆဲပင်။
ဖန်းရှောက်ယိက လက်လှမ်းကာ သူ၏ဆံပင်တိုတိုလေးများကို ပွတ်သပ်ပေးလိုက်၏။ "ဒါရိုက်တာက ရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာ သူ့စိတ်ထဲကအကြံဥာဏ်တွေက လုံးဝရှင်းလင်းမနေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်တို့ ရိုက်ကူးရေးအဆုံးသတ်ပြီဆိုတာနဲ့ သူတို့တွေ အကြမ်းဖျင်းတည်းဖြတ်လိုက်လိမ့်မယ်။ မင်းလည်း သူ့ရဲ့ဇာတ်ကားတော်တော်များများကို ကြည့်ဖူးတာပဲ၊ သူက အဲ့ဒါတွေကို ထိန်းချုပ်တဲ့နေရာမှာတော်တယ်ဆိုတာ မင်းသိပါတယ်။"
ယွမ်ယယ်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းယမ်းနေဆဲပင်။ "ဒါရိုက်တာအလုပ်ဆိုတာ တကယ့်အထီးကျန်တဲ့အလုပ်ဖြစ်နေပြီးသားပဲလေ။ ဇာတ်ကားတစ်ခုလုံးကို သူ့တစ်ယောက်တည်းပေါ်မှာပဲ ပုံထားလိုက်ပြီး သူ့ဘာသာသူအဖြေရှာဖို့ မျှော်လင့်ထားလို့မရဘူး။ ပြီးတော့ မင်းကလည်း သူမှားနေပြီး လမ်းမှားကြီးကိုပဲ တစ်လျှောက်လုံးသွားတာကို သိနေရဲ့သားနဲ့ သူ ဒီတိုင်းဆက်သွားနေတာကို ကြည့်ပဲကြည့်နေတယ်။ မင်းက သူ့ဘာသာသူ လမ်းမှန်ပေါ်ပြန်ရောက်လာမှာကိုစောင့်နေတာပဲ။ ဒါပေမဲ့ အဲ့လိုမျိုးဖြစ်မလာခဲ့ရင်ရော? ဇာတ်ကားက အဝေးကိုရောက်သွားပြီး* ဒါရိုက်တာကပဲ အပြစ်တွေအားလုံးကိုခံရမှာပေါ့။ အဲ့ဒါက အရမ်းကိုအေးစက်လွန်းတာပဲ ကော။"
[*ဇာတ်ကားမပေါက်တော့တာကိုပြောချင်တာပါ။]
"မင်း အဲ့လိုသွားပြောရင်တောင် ဒါရိုက်တာက နားထောင်မှာမဟုတ်ဘူး။ ရိုက်ကွင်းမှာ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ပဲရှိတာ ဘာလို့လို့ထင်လဲ။ ဒါရိုက်တာရဲ့ဇာတ်ကားတွေအားလုံးက သူကိုယ်သူနဲ့ပဲ တိုက်ခိုက်နေရတာ။ သူယုံကြည်နေတဲ့အရာကို ပြောင်းလဲလိုက်ဖို့က သူ့အတွက် အရမ်းခက်ခဲတယ်။" ဖန်းရှောက်ယိက သူ့ကိုပြောခဲ့သည်။
ယွမ်ယယ်က သူ့ကိုစိုက်ကြည့်လိုက်၏။ "သူနားထောင်တာ၊ နားမထောင်တာက သူ့အပိုင်း။ ငါကတော့ ပြောစရာရှိတာ ပြောရမှာပဲ။ ဒီဇာတ်ညွှန်းကို ငါမရေးခဲ့တာ တော်သေးတယ်၊ ဒါက ငါ့သားလေးမဟုတ်လို့။ မဟုတ်ရင် ငါဒီထက်ပိုပြောနေရမှာ။"
ဖန်းရှောက်ယိက ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ သူက ယွမ်ယယ်၏ဦးခေါင်းအနောက်လေးကို လက်ဖဝါးဖြင့်ပွတ်သပ်ကာ နူးညံ့စွာရယ်လိုက်၏။ "ဟုတ်ပါပြီ၊ ဒါဆို မင်းဆန္ဒရှိသလိုသာလုပ်လိုက်။ အခု ဆက်စားတော့။"
ထိုနှစ်များတွင် ယွမ်ယယ်က ဖန်းရှောက်ယိပြောတာကိုသာ နားထောင်တတ်၏။ ဖန်းရှောက်ယိက သူ့ထက် နှစ်အနည်းငယ်ကြီးပြီး ဤနယ်ပယ်တွင် ငယ်စဥ်ကတည်းက ကျင်လည်ခဲ့သူဖြစ်သည်။ သူက လူမှုဆက်ဆံရေးနှင့်ပတ်သက်၍ အတော်လေးရင့်ကျက်ပေသည်။ ယွမ်ယယ်ငယ်စဥ်ကဆိုလျှင် ဖန်းရှောက်ယိအပေါ် အတော်လေးမှီခိုခဲ့၏။ သို့မဟုတ် ထိုစိတ်ခံစားချက်က လေးစားခြင်းဖြစ်လောက်မည်။ ကြင်နာတတ်သော လူကြီးလူကောင်းဆန်သူကို မည်သူက သဘောမကျဘဲနေမည်နည်း။ သို့သော် သူက ဖန်းရှောက်ယိနှင့် မတူနိုင်ပေ။ သူက ထက်မြက်ကာ ရန်လိုတတ်သောလူမျိုးဖြစ်၏။ သူ၏ကိုယ်ရည်ကိုယ်သွေးက အမြဲလိုလို လူသဘောကျမခံရတတ်ချေ။
သို့သော်လည်း ဖန်းရှောက်ယိက သူ့ကိုထိုသို့ပြောခဲ့ပြီးနောက်မှာ ယွမ်ယယ်တစ်ယောက် အနည်းနှင့်အများ ပြောင်းလဲသွားခဲ့သည်။ ပြောရန်မလိုအပ်သောအရာများအတွက် သူက လုံးဝပါးစပ်မဟတော့ချေ။ မည်သို့ပင်ဆိုစေ ရိုက်ကွင်းတွင် စကားပြောသောသူမှာ သူတစ်ယောက်တည်းရှိသည်မဟုတ်ပေ။ ထုတ်လုပ်သူများ၊ ရိုက်ကူးရေးဒါရိုက်တာများနှင့် ဗီဒီယိုရိုက်ကူးရေးခေါင်းဆောင်တို့အားလုံးလည်း ကျန်းလင်းချွမ်၏အတွေးများအားလုံးကို ရုပ်ရှင်ထဲထည့်ခွင့်မပြုဘဲ သူ့အား ကန့်သတ်ရန် ကြိုးစားခဲ့ကြသည်။
ဇာတ်ညွှန်းရေးဆရာ ရှောင်ကောင်းက ယွမ်ယယ်ကို ပြောလာသည်။ "ယယ်ကော၊ ကျွန်တော့်ကို ကောဘယ်လိုမျိုးတည်းဖြတ်ချင်လဲဆိုတာပဲပြောလိုက်ပါ၊ ကျန်တာ ကျွန်တော်လုပ်လိုက်မယ်။"
ယွမ်ယယ်က သူ့အတွက် ရေတစ်ဘူးပစ်ပေးကာ ပြုံးပြလိုက်၏။ "ကျေးဇူး။"
"ဒီလိုမျိုးပဲဖြစ်သင့်တာပဲကို။ ကောကသာ ကျွန်တော်တို့ကို ဂရုစိုက်နေတာပါ။" ရှောင်ကောင်းက ရေဘူးလှမ်းဖမ်းကာ ပြောခဲ့သည်။
ထိုနေရာ၌ အနိမ့်ဆုံးအဆင့်ဇာတ်ညွှန်းရေးဆရာတို့မှာ အမြဲတမ်း အလုပ်လုပ်နေကြရသော်လည်း နောက်ဆုံးတွင် သူတို့၏နာမည်လေးကိုတောင် ရုပ်ရှင်၌ ထည့်သွင်းဂုဏ်ပြုခံရဖို့ မတတ်နိုင်ခဲ့ကြပေ။ တချို့ဆိုလျှင် ထိုအလုပ်ကနေ ပိုက်ဆံတောင်မဝင်ပေ။ အစောပိုင်းနှစ်များ၌ ယွမ်ယယ်လည်း ထိုအလုပ်ကို လုပ်ခဲ့ဖူးသည်။ တစ်ဖက်က သူ့ကို ပေးရမည့်လစာတစ်ဝက်အတွက် အမြဲတမ်းနှောင့်နှေးနေခဲ့ပြီး ယွမ်ယယ်တစ်ယောက် ဘယ်တော့မှမရနိုင်တော့ဘူးဟုတောင် ထင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူက ဖန်းရှောက်ယိ၏အိမ်ထောင်ဖက်ဖြစ်ကြောင်း သိလိုက်ရသောအခါ အလွန်ပင်လုံ့လစိုက်ထုတ်ကာ ငွေကို ချင်ချင်းလွှဲပေးခဲ့ကြ၏။ ယွမ်ယယ်က သူ့ကို တစ်ချက်ပုတ်လိုက်ပြီး ပြောလိုက်လေ၏။ "ဖြည်းဖြည်းပဲလုပ်ပည။"
"ဟုတ်ကဲ့ပါ။ ကောရဲ့အကူအညီနဲ့ဆိုတော့ လုပ်ရမှာတွေက ပိုလွယ်သွားပြီ။" ရှောင်ကောင်းက ပြန်ပြောလာခဲ့သည်။
ယွမ်ယယ်သည် အလုပ်သမားများက ပစ္စည်းများကိုဟိုရွေ့ဒီရွေ့လုပ်နေသဖြင့် ထိုသူတို့ကိုရှောင်ကာ ရပ်နေခဲ့၏။ ထိုစဥ် ရုတ်တရက်ဆိုသလို သူ့အနောက်မှ တစ်စုံတစ်ယောက်က သူ့ကို ပခုံးပုတ်လာခဲ့သည်။ ယွမ်ယယ်လှည့်ကြည့်လိုက်ရာ ချီရှင်းနှင့် ချိန်ရွှင်တို့ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ သူတို့နောက်တွင် ၎င်းတို့၏လက်ထောက်နှစ်ယောက်လည်းပါပေသည်။
"ကျွန်တော်တို့ ကောရဲ့ရိုက်ကွင်းကိုလာလည်တာ!" ချီရှင်းက ပြုံးလိုက်သောအခါ သူ၏မျက်လုံးလေးများမှာ လခြမ်းကွေးလေးသဏ္ဌာန် ကွေးညွတ်သွားလေ၏။ သူ၏ရုပ်ရည်သွင်ပြင်မှာ အလွန်နှစ်သက်ဖွယ်ကောင်းသည်။ သူက ဆက်ပြောလာခဲ့သည်။ "မတွေ့ရတာကြာပြီ ယယ်ကော!"
သူ့ဘေးမှ ချိန်ရွှင်ကလည်း 'ယယ်ကော' ဟုခေါ်ကာ နှုတ်ဆက်လာခဲ့၏။
ယွမ်ယယ်တစ်ယောက် ၎င်းတို့နှစ်ယောက်ကိုတွေ့လိုက်ရသောအခါ အလွန်အံ့သြသွားခဲ့သည်။ သူက ဘေးသို့တိမ်းကာ လမ်းဖယ်ပေးလိုက်ပြီး ၎င်းတို့အားမေးလိုက်၏။ "မင်းတို့နှစ်ယောက် ဒီကို ဘာလာလုပ်ကြတာလဲ။"
"ကျွန်တော်တို့က ဧည့်သည်သရုပ်ဆောင်အဖြစ်နဲ့ တခြားစတူဒီယိုမှာ ရိုက်ကူးရေးလုပ်နေတာလေ။" ချီရှင်းကပြောလာသည်။
ယွမ်ယယ်က မေးလိုက်သည်။ "ကျန်းရွှီရဲ့ရုပ်ရှင်မှာလား။"
"အမ်း ဟုတ်တယ်။"
၎င်းတို့၏လက်ထောက်များက သူတို့ဝယ်လာခဲ့သောပစ္စည်းများကို ကမ်းပေးလာခဲ့သည်။ ယွမ်ယယ်က သူတို့နှစ်ယောက်ကို မေးလိုက်သည်။ "မင်းတို့ ဒီည မပြန်ခင် ညစာအတူတူစားကြမလား။"
ယွမ်ယယ်တစ်ယောက် ရသစုံးရှိုးတစ်ခုတွင်ပါဝင်ခဲ့ပြီး သူငယ်ချင်းငယ်လေးနှစ်ယောက်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ၎င်းတို့၏သူငယ်ချင်းဆက်ဆံရေးက အပေါ်ယံသက်သက်မဟုတ်ချေ။ ၎င်းတို့က ရသစုံရှိုးရိုက်ကူးပြီးဖြစ်ရာ ထိုကလေးနှစ်ယောက်မှာ စကားပြောရာတွင် ပို၍ရိုးသားလာပြီး ၎င်းတို့စိတ်ထဲပေါ်လာသည်များကို ပွင့်ပွင့်လင်းလင်း ပြောလာကြလေသည်။
ယခုအချိန်မှ ချီရှင်းက တိုင်တန်းသူသူများ၏အရှင်သခင်ဖြစ်ကြောင်း ယွမ်ယယ်သိလိုက်ရပြီး ရှိုးကိုအတူရိုက်ကူးခဲ့သော လင်းထျန်နှင့်သူ(မ)၏ခင်ပွန်းအပါအဝင် သူ(ချီရှင်း)နှင့်အတူ အလုပ်တွဲလုပ်ဖူးသော နာမည်ကြီးများအားလုံးနှင့်ပတ်သက်၍ ပြစ်တင်ပြောဆိုနေခဲ့သည်။
သူ၏တိုင်တန်းချက်များက အလွန်ရယ်စရာကောင်းပေ၏။ ဖန်းရှောက်ယိပင်လျှင် ရယ်နေခဲ့သည်။ သူက ချီရှင်းကိုပြောလိုက်သည်။ "ဒီလိုစကားတွေ တခြားသူတွေကိုသွားမပြောနဲ့နော်။"
"ကျွန်တော် မပြောပါဘူး။ ကျွန်တော်က တခြားသူတွေရှေ့မှာဆို အမြဲတမ်းချစ်စရာလေးဖြစ်နေတာမလား။" ချီရှင်းက အပြစ်ကင်းစင်သောအမူအရာလေးဖြင့် ပြောလိုက်သည်။
ယွမ်ယယ်က ရယ်လိုက်၏။ "မင်းကို ယုန်ငတုံးလေးလို့ ငါကထင်နေတာ။ နောက်ဆုံးတော့ မင်းက မြေခွေးလေးဖြစ်နေတာပဲ။"
"အတိအကျပဲ၊ အဲ့ဒါတွေအားလုံးက သရုပ်ဆောင်နေရတာပါ။" သူက ရိုးသားစွာ ဖွင့်ဟလာ၏။ "ကျွန်တော်က တုံးအတဲ့ အဖြူထည်လေး လုံးဝမဟုတ်ဘူး။ တကယ်တော့ ကျွန်တော်က ကောက်ကျစ်တတ်တဲ့ကောင်လေးတစ်ယောက်ပါ။"
ချိန်ရွှင်က ရယ်လိုက်သည်။ "ကျွန်တော်တို့အားလုံး သူ့ရဲ့အပြင်ပိုင်းပုံစံကြောင့် အရူးလုပ်ခံနေရတာလေ။ အရင်တုန်းကဆို သူက ကျွန်တော်ရှေ့မှာ အရမ်းသနားစရာကောင်းအောင်သရုပ်ဆောင်တတ်တယ်။ ကျွန်တော်ကတော့ သူ့ကို သူ့အဖွဲ့ထဲမှာ အနိုင်ကျင့်ခံနေရတယ်ထင်ပြီး ကူညီပေးခဲ့တာ။ တကယ်တော့ သူက တမင်ဟန်ဆောင်နေခဲ့တာဖြစ်နေတယ်။"
ချီရှင်းက ခေါင်းညိတ်ကာ ပြောလာ၏။ "ဟုတ်တယ်၊ အကုန်လုံးကသရုပ်ဆောင်နေတာပဲ။ မင်းတစ်ယောက်တည်း ရိုးသားနေတာ၊ ငါက မင်းနဲ့ date ချင်ရုံပဲ။"
လူငယ်များ၏ တက်ကြွသောစွမ်းအင်သည် အမှန်တကယ် ကူးစက်နိုင်ပေ၏။ သူတို့နှစ်ဦးနှင့်အတူ ထမင်းစားပြီးနောက် ယွမ်ယယ်တစ်ယောက် အသက် ငယ်သွားသလို ခံစားလိုက်ရသည်။ သူက တစ်ညလုံး ချီရှင်း၏တိုင်တန်းမှုများကို နားထောင်ပေးနေခဲ့သည်။ ချီရှင်း၏စကားများက ဘောင်ကျော်လာသောအခါ ချိန်ရွှင်က သူ့ကို စကားပြောဆင်ခြင်ရန် သတိပေးလာခဲ့သည်။ ထိုအခါ ယွမ်ယယ်က ပြုံးလျက် ပြောလိုက်သည်။ "သူပြောပါစေ။ မဟုတ်ရင် သူဝမ်းချုပ်သလို ခံစားနေရလိမ့်မယ်။ ဒါတွေကို သူဘယ်လောက်ကြာတဲ့ထိ ရင်ထဲသိမ်းထားခဲ့ရတာလဲ။"
တကယ်တော့ ၎င်းတို့ ယခုထုတ်ပြောရခြင်းမှာ ယွမ်ယယ်နှင့်ဖန်းရှောက်ယိတို့က ယုံကြည်လို့ရကြောင်း သိသောကြောင့်သာ။ ထို့ပြင် ၎င်းတို့က တူညီသောအဆင့်မှာရှိမနေကြပေ။ ၎င်းတို့နှစ်ဦးက ဖန်းရှောက်ယိနှင့် မျိုးဆက်တစ်ဆက်ကွာနေပေသည်။
မူလက ၎င်းတို့၏လေယာဥ်ချိန်မှာ ထိုနေ့ညနေငါးနာရီတွင်ဖြစ်သည်။ ညစာအတူစားရန်အတွက် ညသန်းခေါင်းလေယာဥ်ချိန်နှင့် ပြောင်းလိုက်ခြင်းဖြစ်သည်။ ယွမ်ယယ်က ဆီဒင်ကားလေးကိုမောင်းကာ ၎င်းတို့နှင့် လက်ထောက်များကို လေဆိပ်သို့လိုက်ပို့ခဲ့၏။ အပြန်လမ်းတွင် ကားထဲ၌ သူနှင့် ဖန်းရှောက်ယိတို့သာ ကျန်နေခဲ့ပေသည်။
စောစောက ၎င်းတို့စကားပြောနေစဥ် ချီရှင်းမှ သူနှင့်ချိန်ရွှင်တို့ အသက်ပြည့်လျှင် သူတို့နှစ်ယောက်ကဲ့သို့ လက်ထပ်ချင်ကြောင်း ပြောလာခဲ့၏။ သူက ကြီးကြီးကျယ်ကျယ်မလုပ်ချင်ဘဲ သိုသိုသိပ်သိပ်ဖြင့် လက်ထပ်စာချုပ်ကိုသာ မှတ်ပုံတင်ချင်နေသည်။ ထိုအချိန်က ယွမ်ယယ်သည် သူ့ကို စနောက်လိုက်သေး၏။ "အမြဲတန်းချိန်းတွေ့နေရတာကလည်း ကောင်းတယ်မဟုတ်ဘူးလား။ မင်းတို့တွေ ဟန်းနီးမွန်းအဆင့်မှာပဲ အမြဲတမ်းရှိနေနိုင်တယ်လေ။"
ချီရှင်းက ပြောလာ၏။ "ဒါဆို ကောကရော ဘာလို့ အရင်က လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာလဲ။"
ယွမ်ယယ်က ကားမောင်းနေသည်ဖြစ်ရာ သူ၏မျက်လုံးများက အရှေ့တည့်တည့်ကိုသာ ကြည့်နေခဲ့သည် : "အဲ့ဒီလက်ထပ်ခြင်းဆိုတာက တစ်သက်တာ တည်မြဲတယ်လို့ ခံစားရလို့။ လက်ထပ်ပြီးသွားရင် အရာရာတိုင်းက အခြေကျသွားပြီလေ။"
"ကျွန်တော်လည်း အဲ့လိုထင်တယ်။" ချီရှင်းက ချိန်ရွှင့်ကိုစိုက်ကြည့်ကာ ပြောခဲ့သည်။
ချိန်ရွှင်က ပျော်ရွှင်နေဟန်ဖြင့် တစ်ဖက်လူ၏နားရွက်လေးကို ညှစ်လိုက်ပြီး ဘာမှမပြောခဲ့ပေ။
နောက်လာမည့်ဖြစ်ရပ်များက ပြောရန်မသင့်လျော်ပေ။ ပြောလိုက်လျှင် ၎င်းတို့နာကျင်ရလိမ့်မည် - ဖန်းရှောက်ယိနှင့် ယွမ်ယယ်တို့က လက်ထပ်လိုက်ကြသော်လည်း ထိုလက်ထပ်ခြင်းမှာ တစ်သက်တာအာမခံချက်မရှိခဲ့ချေ။
ဟိုတယ်သို့အပြန်လမ်းတွင် ယွမ်ယယ်ကပဲ ကားမောင်းခဲ့ပြီး ဖန်းရှောက်ယိက ခရီးသည်ထိုင်ခုံတွင်ထိုင်လျက်ပင်။ ရုတ်တရက် သူက မေးလာခဲ့၏။ "အရင်က လက်ထပ်ခဲ့တာကို နောင်တရလား။"
ယွမ်ယယ်က စဥ်းတောင်မစဥ်းစားဘဲ ခေါင်းယမ်းပြလိုက်သည်။ "ဟင့်အင်း။"
ဖန်းရှောက်ယိက သူ့ကိုစိုက်ကြည့်ရင်း ပြောလာ၏။ "စောစောက မင်းပြောနေတာတွေကို နားထောင်ရတာ မင်းနောင်တရနေတယ်လို့ ကိုယ်ထင်သွားတာ။"
ယွမ်ယယ် ပြုံးလိုက်ပြီး သူ၏မျက်လုံးထောင့်လေးများက လခြမ်းကွေးလေးပမာ ပြောင်းလဲသွား၏။ "အရင်က ငါတို့နှစ်ယောက်လုံး ငါတို့ကိုယ်ငါတို့ငယ်တယ်လို့မခံစားရဘဲ ကိုယ့်ကိုယ်ကိုရင့်ကျက်တယ်လို့ပဲ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကိုကြည့်လိုက်တော့မှ သူတို့က ခုထိကလေးတွေပဲရှိသေးတာပါလားဆိုပြီး ခံစားလိုက်ရတယ်။ အဲ့လိုငယ်ငယ်လေးမှာ လက်ထပ်တယ်ဆိုတာ ဟာသတစ်ခုပဲမဟုတ်ဘူးလား။ ကလေးနှစ်ယောက် ချိန်းတွေ့နေတုန်း ကောင်းမွန်တဲ့ဆက်ဆံရေးလေးရှိနေတာက ကံကောင်းပြီး ရှားရှားပါးပါးပဲမဟုတ်လား။ သူတို့ဆီကနေ လက်ထပ်ချင်တယ်ဆိုပြီး ကြားလိုက်ရတော့ သူတို့တွေ လျှောက်လုပ်နေတယ်လို့ ငါ ခံစားလိုက်ရတယ်။"
ဖန်းရှောက်ယိက သူ့နေရာကနေ ယွမ်ယယ်ကိုစိုက်ကြည့်နေခဲ့သည်။ တစ်ဖက်လူ၏ မျက်ခုံး၊ နှာတံသွယ်သွယ်၊ ပါးလျသောနှုတ်ခမ်းများနှင့် ဘေးတိုက်အသွင်အပြင်က ထိုသူသည် ချောမောကာ ရင့်ကျက်သည့်ယောက်ျားတစ်ယောက်ဖြစ်သည်ဟု သက်သေပြနေသည့်အလား။ သူ၏အင်္ကျီလက်များကို တံတောင်ဆစ်အထိ ခေါက်တင်ထားပြီး သူ၏လက်မောင်းအစိတ်အပိုင်းက ပြောမပြတတ်စွာ ဆွဲဆောင်မှုရှိနေသည်။ ထိုအသက်အရွယ်ယောကျ်ားလေးများတွင် လူငယ်များထံ၌ မတွေ့ရနိုင်သော အရှိန်အဝါများရှိကြပေသည်။
အရင်က တွေ့ကြုံခဲ့ရသောအရာများကြောင့် ယခုတွင် သူရှင်းရှင်းလင်းလင်း မြင်နိုင်လာခဲ့၏။ သူ့မျက်လုံးထဲရှိ အလင်းရောင်လေးကပင် တည်ငြိမ်အေးဆေးနေခဲ့သည်။
ယွမ်ယယ်က ရုတ်တရက်လှည့်လာကာ သူနှင့် အကြည့်ချင်းဆုံလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။"ဆက်ဆံရေးတစ်ခုအတွက် လက်ထပ်စာချုပ်ဆိုတာ သိပ်ကိုအဖိုးတန်တယ်။ မင်း အရမ်းငယ်တုန်းမှာ အဲ့ဒီအရာကိုရခဲ့ရင် တန်ဖိုးထားသင့်တယ်ဆိုတာကို သိချင်မှသိလိမ့်မယ်။ အဲ့ဒီအရာမရှိတော့တဲ့အချိန်မှ မင်း နာကျင်မှုကိုခံစားလာရမယ်။ ဒါပေမဲ့ မင်းနာကျင်မှုကိုခံစားလိုက်ရတဲ့အချိန်ကျ သိပ်ကိုနောက်ကျသွားခဲ့ပြီ။"
သူ၏စကားများက အလွန်ထိရှပေ၏။ ၎င်းတို့က နှလုံးသား၏အနူးညံ့ဆုံး အစိတ်အပိုင်းများကို ချက်ချင်း ထိခတ်သွားခဲ့သည်။ ဖန်းရှောက်ယိက မျက်လုံးများကို မှိတ်လိုက်ပြီး မေးလာခဲ့လေသည်။ ပြီးတော့ အခုရော?"
"အခုလား? ဟာ့ ဟိုစကားပုံက ဘာပါလိမ့်။ ငရဲထိလိုက်ပြီး ဇနီးကို ပိုးပန်းမယ်?" ယွမ်ယယ်က ပြောလိုက်သည်။ သူ၏မျက်လုံးထောင့်များမှာ ပျော်ရွှင်နေဟန်ဖြင့် ကွေးညွတ်နေခဲ့သည်။
ဖန်းရှောက်ယိကလည်း ပြုံးနေခဲ့၏။ ထို့နောက် ယွမ်ယယ်ဆက်ပြောလာတာကို ကြားလိုက်ရလေသည်။ "မင်းဘဝအတွက် တန်ဖိုးအရှိဆုံးအရာ ဆုံးရှုံးလိုက်ရတာကို သတိထားမိလာတဲ့နောက်မှာမှ မင်းရဲ့အရိုးတွေ ခန်းခြောက်တဲ့အထိ အစုပ်ခံထားရတာကို သတိပြုမိလာလိမ့်မယ်... ပြီးတော့ ခံစားရတဲ့သူတစ်ယောက်တည်းကပဲ ဘယ်လောက်ထိနာကျင်ရလဲဆိုတာကို သိနိုင်တယ်။"
*****