Warning : Mentioned briefly rape
သူပြောတာ လုံးဝမမှားပေ။ မည်သူကမှ ယွမ်ယယ်လောက် မငယ်ကြချေ။
အရင်က ဖန်းရှောက်ယိ၏ 'ကိုယ့်ကိုသဘောကျလား' ဆိုသည့်အမေးက ဆယ့်ခုနစ်နှစ်အရွယ်မျောက်ကလေးယွမ်၏ဦးခေါင်းကို တိုက်ရိုက်ရိုက်ချလိုက်ပြီး သူ့ကိုလုံးဝ စိတ်လွတ်သွားစေခဲ့သည်။
ယွမ်ယယ်က ထိတ်လန့်တကြား ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "ငါ... ငါက မင်းကိုသဘောကျလားဆိုတာက ဘာကိုဆိုလိုတာလဲ။"
ဖန်းရှောက်ယိက သူ၏စိတ်လှုပ်ရှားနေသောပုံစံကိုမြင်လိုက်ရပြီးနောက် ခံနိုင်ရည်မရှိခဲ့ပေ။ ယွမ်ယယ်က ငယ်သေးပေ၏။ ဖန်းရှောက်ယိက ခေါင်းတခါခါဖြင့် ရယ်မောကာ တစ်ဖက်လူကို လက်ဝှေ့ယမ်းပြလိုက်သည်။ "ကိုယ်က စနေတာ၊ ဒီကိုလာခဲ့။"
ယွမ်ယယ်က ဖန်းရှောက်ယိဘေးတွင်ထိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "မင်းက ငါ့ကိုလန့်အောင်လုပ်နေတာပဲ။ မင်းက ငါနဲ့ date ချင်နေတာလို့ ထင်သွားတာ။"
ဖန်းရှောက်ယိက သူ့လက်ထဲရှိ ဇာတ်ညွှန်းနှင့် ယွမ်ယယ့်ကို အသာလေးခေါင်းခေါက်လိုက်ပြီး ပြောလိုက်၏။ "ရူးလိုက်တာ။"
ယွမ်ယယ်က သူ၏ခေါင်းကိုပွတ်သပ်ကာ ပြောလာသည်။ "ငါ ဒီလိုမျိုးကို တစ်ခါမှ မစဥ်းစားဖူးဘူး။"
ဖန်းရှောက်ယိက အသံပြုလိုက်သည်။ သူ၏မျက်လုံးနှင့် မျက်ခုံးထောင့်များက အလွန်နူးညံ့နေ၏။ "အလျင်မလိုပါဘူး။"
ယွမ်ယယ် အရင်က ထိုအကြောင်းကိုမတွေးဖူးချေ။ သို့သော်လည်း သူက အချစ်ကိုမလိုလားသည့်သူမဟုတ်ပေ။ ထိုအချိန်က ဖန်းရှောက်ယိမှာ စနောက်နေသည်ဟုပြောသော်လည်း ယွမ်ယယ်တစ်ယောက် ၎င်းတို့၏ဆက်ဆံရေးက အနည်းငယ်ထူးဆန်းနေသည်ကို သတိထားမိခဲ့သည်။ ထို့အပြင် သူက ဖန်းရှောက်ယိအပေါ် ရှင်းမပြနိုင်သောသဘောကျမှုလေးရှိနေသေး၏။ သူ တစ်ဖက်လူနှင့် ဆော့ကစားချင်သည်၊ တစ်ဖက်လူနှင့် စကားပြောနေချင်သည်။ ထိုအရာအားလုံးအတွက် အကြောင်းအရင်းရှိသင့်ပေ၏။
သူ အရင်က တစ်ခါမှမစဥ်းစားခဲ့ဖူးခြင်းသာ။ သို့သော် ယွမ်ယယ်က တုံးအသူမဟုတ်ဘဲ ဥာဏ်ကောင်းပေသည်။
သူ၏အတွေးများကို အဖြေရှာနေရင်း ရိုက်ကွင်းမှာ လျှောက်သွားနေခဲ့သည်။ သူက တစ်ချိန်လုံး ခေါင်းငုံ့ကာလမ်းလျှောက်နေသည့်အတွက် တစ်စုံတစ်ယောက်ကို မတော်တဆဝင်တိုက်မိသွား၏။ ယွမ်ယယ်က အနောက်သို့ဆုတ်သွားပြီး တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်။"
တစ်ဖက်လူက အသက်လေးဆယ်ကျော်အရွယ်လူကြီးတစ်ယောက်ဖြစ်သည်။ ယွမ်ယယ် သူ့ကို ရိုက်ကွင်းတွင် ရံဖန်ရံခါမြင်ဖူးပေသည်။ ဖန်းရှောက်ယိက ထိုလူမှာ မည်သူဖြစ်ကြောင်း ပြောဖူးလိမ့်မည်ဖြစ်သော်လည်း သူက ထိုအရာများကို အာရုံမထားတတ်ပေ။ တစ်ဖက်လူက လက်နှစ်ဖက်လုံးသုံးကာ ယွမ်ယယ်၏လက်မောင်းကိုလှမ်းဆွဲပေးပြီး သူ့ကို ဟန်ချက်ညီအောင် ထိန်းထားပေးခဲ့သည်။ ထို့နောက် နွေးနွေးထွေးထွေးပြုံးပြကာ သူ့ကိုပြောလာ၏။ "လမ်းလျှောက်နေတုန်း သတိထားလေ။"
သူ၏လက်ဖဝါးများက ချွေးထွက်နေရာ ယွမ်ယယ်၏အသားကို လာထိသည့်အတွက် သိပ်အဆင်ပြေမနေပေ။ သို့သော် ယွမ်ယယ်က များများစားစားမတွေးတော့ဘဲ နောက်သို့ခြေတစ်လှမ်းဆုတ်၍ တစ်ဖက်လူ၏လက်ကိုရှောင်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြကာ ခေါင်းငုံ့လျက်ပင် ထွက်လာခဲ့လိုက်သည်။
သူ အတွေးလွန်နေသည်လား သို့မဟုတ် ဆက်ဆက်ထိမခံဖြစ်နေသည်လား မပြောတတ်ပေ။ သို့သော် သူပြန်ဆုတ်လိုက်သည့်အချိန်တွင် တစ်ဖက်လူ၏လက်များက သူ၏လက်မောင်းကို ညှစ်ကိုင်လိုက်သလို ခံစားလိုက်ရသည်။ ၎င်းမှာ တမင်တကာမဟုတ်နိုင်သော်လည်း ထိုမတော်တဆလေးကပင် ယွမ်ယယ်အတွက် ရွံရှာသလိုခံစားလိုက်ရစေသည်။ ထိုလက်မောင်းရှိ စေးကပ်ကပ်ခံစားချက်ကြီးက သူ့ကို အတော်လေး သက်တောင့်သက်သာရှိမနေစေခဲ့ပေ။
ရောင်ပြန်များကိုသယ်လာသောလူနှစ်ယောက်က ယွမ်ယယ်၏အနောက်ကနေ အော်ပြောလာသည်။ "ကျေးဇူးပြုပြီး ကျွန်တော်တို့ဖြတ်သွားချင်လို့ပါ!"
ယွမ်ယယ် သူတို့အတွက်လမ်းဖယ်ပေးရန် ဘေးသို့ရှောင်ပေးလိုက်သည်။ ထို့နောက် သူက ဖန်းရှောက်ယိကိုလိုက်ရှာခဲ့သည်။ ဖန်းရှောက်ယိက ဒါရိုက်တာနှင့်စကားပြောနေခဲ့၏။ ယွမ်ယယ်က ခေါင်းငုံ့ကာ သူ့ဘေးသို့လျှောက်သွားလိုက်ပြီး တိတ်တိတ်ကလေးနေနေခဲ့သည်။ သူက ကောင်းကောင်းပြုမူပြီး သိမ်မွေ့သောပုံစံဖြင့် ဖန်းရှောက်ယိတို့စကားပြောပြီးသည်အထိ စောင့်နေခဲ့၏။ ဖန်းရှောက်ယိက ဒါရိုက်တာနှင့်စကားပြောနေရင်း သူ့ကို တစ်ချက်လှည့်ကြည့်ကာ ဒါရိုက်တာနှင့်ဆက်ဆွေးနွေးနေလိုက်သည်။ ထ်ု့နောက် ဖန်းရှောက်ယိက ယွမ်ယယ်၏လက်ကောက်ဝတ်လေးကိုလှမ်းဆွဲကာ ယွမ်ယယ်ဒီနေရာရှိနေမှန်း သူသိနေကြောင်း အချက်ပြခဲ့သည်။
စကားဝိုင်းပြီးနောက် ဖန်းရှောက်ယိက ယွမ်ယယ်ကို ဆွဲခေါ်လာခဲ့သည်။ ယွမ်ယယ်က သူ၏လက်ကိုလှမ်းဆွဲကာ တစ်ဖက်လူဆုပ်ကိုင်ထားခဲ့သောနေရာသို့ ညွှန်ပြလိုက်၏။ "ငါ့ကိုထိကြည့်။"
ဖန်းရှောက်ယိမှာ သူ ထပ်ပြီးဘာတွေးနေလဲ မသိခဲ့ပေ။ သူက တစ်ခါတစ်ရံဆို ယွမ်ယယ်၏အတွေးများကို လိုက်မမီနိုင်ပေ။ ထို့ကြောင့် သူက ယွမ်ယယ်ပြလာသောနေရာကို ငုံ့ကြည့်လိုက်၏။ ယွမ်ယယ်က တစ်ဖက်ကိုညွှန်ပြလာခဲ့သည်။ "ဒီနေရာ။"
"ဘာလို့လဲ။" ဖန်းရှောက်ယိက သူ၏လက်မောင်းကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး ပွတ်သပ်ကာ မေးလိုက်သည်။ "သူတို့တွေ မင်းကို ဝင်တိုက်မိလို့လား။"
"ဟင့်အင်း။" ယွမ်ယယ်တစ်ယောက် နောက်ဆုံးတော့ ပြုံးပြလာခဲ့လေ၏။ "ငါခံစားကြည့်ချင်လို့။"
ဖန်းရှောက်ယိမှာ သူနှင့်ပတ်သက်၍ ဘာမှမလုပ်နိုင်ပေ။ သူက တစ်ဖက်လူ၏လည်ကုပ်လေးကို ညှစ်လိုက်ပြီး ပြောလိုက်လေ၏။ "မင်းရဲ့ခေါင်းထဲမှာ တစ်ချိန်လုံး ဘာတွေရှိနေတာလဲ။"
ယွမ်ယယ်က ဖန်းရှောက်ယိကို သွားအပြည့်ပေါ်တဲ့အပြုံးကြီးကြီးဖြင့် ပြုံးပြခဲ့သည်။ "ယိကော၊ ငါ တစ်ယောက်ယောက်ကို ပိုးပန်းချင်တယ်။"
ထိုစကားတစ်ခွန်းက ဖန်းရှောက်ယိ၏နှလုံးသားကို အစာအိမ်ထဲပြုတ်ကျသွားစေခဲ့သည်။ သူက ဖြည်းဖြည်းချင်းမျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "ဘယ်သူလဲ။"
ယွမ်ယယ်က အရှက်မဲ့စွာ ထပ်ပြီးရယ်မောကာ ဖြေလိုက်လေ၏။ "လမင်းကြီးကို!"
"ဘာလမင်းကြီးလဲ။" ဖန်းရှောက်ယိက လေသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။ "မင်းက ငယ်သေးတယ်။ အဲ့လိုကိစ္စတွေနဲ့ သွားမရှုပ်နဲ့။"
"ဟားဟား၊ ငါက ဆယ့်ရှစ်နှစ်ပြည့်တော့မှာပါ! အရွယ်ရောက်တော့မှာကို တစ်ယောက်ယောက်နဲ့ date လို့မရသေးဘူးလား။" ယွမ်ယယ်က သူ့ကိုကြည့်နေရင်းမေးလိုက်၏။ "လူတွေကို ဘယ်လိုပိုးပန်းရတာလဲဆိုတာ ငါ မသိဘူး။ ငါ့ကိုသင်ပေးပါဦး။"
ဖန်းရှောက်ယိက သူ့ကိုပြန်မဖြေခဲ့ပေ။ သူက ထထွက်သွားပြီး ရိုက်ကူးရေးဆက်လုပ်ရန် ပြန်လှည့်သွားခဲ့သည်။ ထို့ကြောင့် ယွမ်ယယ်တစ်ယောက် လက်မောင်းတစ်ဖက်ပေါ် ခေါင်းတင်ကာ ဖန်းရှောက်ယိ သရုပ်ဆောင်နေသည်ကို ကြည့်နေခဲ့လေသည်။ တစ်ဖက်လူက ကော်လံပါရှပ်အင်္ကျီအဖြူကိုဝတ်ထားပြီး သူ၏ဆံပင်တိုနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်အမင်းချောမောနေခဲ့သည်။
တချို့အရာများက နေရာတကျရောက်သွားပြီး စိတ်ခံစားချက်တချို့ကို ရုတ်တရက်သဘောပေါက်သွားပြီးနောက် နောက်ဆက်တွဲအတွေးများက လွင်ပြင်ထီးထီးတွင် မီးတောက်လေးသဖွယ်တောက်လောင်နေသလိုပင်။ ထိုအသက်အရွယ်၌ အခြားသူများက သူတို့သဘောကျရသော မိန်းကလေးများအကြောင်း နေ့နေ့ညညတွေးနေလိမ့်မည်။ ယွမ်ယယ်မှာတော့ နေ့နေ့ညည ချောမောခံ့ညားသောလူငယ်လေးအကြောင်းကို တွေးနေခဲ့လေ၏။ သို့သော်လည်း သူ၏လူငယ်လေးမှာ အလွန်အထင်ကြီးစရာကောင်းပေသည်။ သူ့(ဖန်း)အကြောင်းတွေးနေသူမှာ သူ(ယွမ်)တစ်ယောက်တည်းမဟုတ်ပေ။ တစ်ယောက်က မြေကြီးပေါ်မှာရှိနေစဥ် နောက်တစ်ယောက်ကတော့ ကောင်းကင်ပေါ်မှဖြစ်နေ၏။ မိသားစုနောက်ခံမှ နေ့စဥ်ဘဝအထိ ၎င်းတို့တွင် တူညီသောအရာမရှိပေ။ ဖန်းရှောက်ယိက ကောင်းကင်၌ တောက်ပနေသော လမင်းကြီးဖြစ်ပြီး သူက သစ်ပင်ပေါ်ထိုင်ကာ ရေအိုင်ထဲရှိရောင်ပြန်ဟပ်နေသော လမင်းကြီးကို ငေးကြည့်နေသော မျောက်ကလေးတစ်ကောင်သာ။
ယွမ်ယယ်တစ်ယောက် သူ့ကိုယ်သူ ကြိုက်စရာတစ်ကွက်မှမရှိကြောင်း ခံစားလိုက်ရသည်။ သူ့တွင် စိတ်ကောင်းမရှိဘဲ အလွန်အမင်းခေါင်းမာပြီး စိတ်ကလည်းပြတ်သားသည်။ ဒါပေမဲ့ ဘာဖြစ်လဲ။ သူက ကြိုးစားကြည့်ရန် ဆုံးဖြတ်ထားဆဲပင်။ သူက တစ်ဖက်လူကိုပိုးပန်းဖို့ မအောင်မြင်ခဲ့လျှင် ကျရှုံးတော့မှသာ ထိုအရာများကို ပူပန်တော့မည်။ အနည်းဆုံးတော့ အရင်ကြိုးစားကြည့်ရန် လိုအပ်ပေသည်။
ယွမ်ယယ်က သူ၏ငယ်သူငယ်ချင်းကောင်း နင်းလုထံ စာပို့လိုက်သည်။ [မင်းတို့ကောင်တွေ ကောင်မလေးတွေကို ဘယ်လိုလိုက်ကြလဲ။]
နင်းလုက လွန်စွာမှအရှက်မရှိစွာဖြင့် စာပြန်ခဲ့၏။ "[ဒီသာ့ကောက ဘယ်တော့မှ တခြားသူကိုလိုက်မပိုးပန်းဖူးဘူး။ မိန်းကလေးတွေကသာ သာ့ကောကိုလိုက်ကြတာ။]
ယွမ်ယယ်က သူ၏လေကြီးမှုကို လျစ်လျူရှုကာ ထပ်မေးလိုက်၏။ [ဒါဆို မိန်းကလေးတွေက မင်းကို ဘယ်လိုလိုက်တာလဲ။]
နင်းလု: [ငါ ဘတ်စကက်ဘောကစားတာကိုကြည့်တာမျိုး၊ ငါ့ကို အပြင်ထွက်စားဖို့ခေါ်တာမျိုး၊ ရည်းစားစာပေးတာမျိုးပေါ့။]
ယွမ်ယယ် ထိုအချက်များကို သိပ်မကျေနပ်ပါချေ။ ထိုအရာများက အလွန်ခေတ်နောက်ကျလွန်းသည်မဟုတ်လော။ ထိုနည်းလမ်းများကို ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများထဲ အမြဲတမ်းတွေ့မြင်နေရသည်လေ။ ၎င်းတို့မှာ လုံးဝ ဆန်းသစ်မနေတော့ပေ။
အဲ့နည်းလမ်းတွေကို မင်းလိုအဆင့်လောက်လူတွေအပေါ်မှာပဲ သုံးလို့ရမယ်။ ငါ့ရဲ့ယိကောကိုလိုက်ဖို့ သုံးမယ်ဆို အရမ်းအခြေခံကျလွန်းနေတယ်ကွ။
ထိုရက်ပိုင်းတွင် ဖန်းရှောက်ယိက ယွမ်ယယ်ကို လျစ်လျူရှုထားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ယွမ်ယယ်က သူ့အား လူများအား မည်သို့ပိုးပန်းရမလဲဟုသာ မေးနေသောကြောင့်ပင်။ ဖန်းရှောက်ယိတစ်ယောက် သူ၏နှလုံးသားလေးထဲ မပျော်မရွှင်ဖြစ်ကာ တစ်ဖက်လူကို ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ပေ။ ထို့ကြောင့် သူက စကားလျော့ပြောရန်သာ ဆုံးဖြတ်လိုက်သည်။ ရိုက်ကွင်းပေါ်တွင် သူ(ယွမ်ယယ်)က မည်သည့်သောက်ကျိုးနည်းနေရာမှ လမင်းကြီးကိုရှာတွေ့သွားသလဲ သူမသိခဲ့ပေ။ ဖန်းရှောက်ယိက ယွမ်ယယ်ကို သူနှင့် တမင်အနီးကပ်နေစေခဲ့၏။ သို့မှသာ သူ့ကို မျက်စိဒေါက်ထောက်ကြည့်နိုင်ပေလိမ့်မည်။ သို့သော် သူရှုံးနိမ့်နေဆဲပင်။
တစ်ညတွင် သူက ရေချိုးခန်းထဲ ရေချိုးနေခဲ့သည်။ ယွမ်ယယ်က တံခါးခေါက်ကာ တံခါးကိုမှီထားပြီး ပြောလာလေသည်။ "ယိကော၊ ငါ မင်းကိုပေးစရာရှိတယ်။"
ရေသံမှာကျယ်လောင်နေရာ ဖန်းရှောက်ယိက သူပြောလိုက်သည်ကို ရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ။ သူထင်လိုက်သည်က တစ်ဖက်လူသည် သူ့ကို ပိုးပန်းခြင်းသင်ခန်းစာကို ထပ်မေးနေသည်ဟုပင်။ ထို့ကြောင့် သူကပြန်ဖြေလိုက်၏။ "ကိုယ်ထွက်လာတဲ့အထိ စောင့်ဦး။"
ဤသို့ဖြင့် ယွမ်ယယ်က ထိုနေရာ၌ တစ်ချိန်လုံးရပ်ကာ စောင့်နေခဲ့သည်။ ဖန်းရှောက်ယိထွက်လာသောအခါ သူက အဝတ်ပါတစ်ခါတည်းလဲခဲ့ပြီးဖြစ်၏။ ယွမ်ယယ်က သူ့အနောက်မှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ဖန်းရှောက်ယိ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ "မင်းအတွက်။"
ဖန်းရှောက်ယိမှာအနည်းငယ်အံ့သြသွားခဲ့၏။ သူက သူ့လက်ထဲမှပစ္စည်းကိုငုံ့ကြည့်လိုက်ရာ...သစ်သားဆုတံဆိပ်လေးဖြစ်နေခဲ့သည်။ သို့တည်းမဟုတ် ဆုတံဆိပ်ဖြစ်ကောင်းဖြစ်နိုင်ပေ၏။ သူက မျက်ခုံးအစုံပင့်ကာ မေးမြန်းလိုက်သည်။ "ဒါကဘာလဲ။"
ယွမ်ယယ်တစ်ယောက် အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ရယ်မောလိုက်သည်။ သူက ခေါင်းကုတ်ရင်းဖြေလိုက်၏။ "ဆုတံဆိပ်၊ ရုပ်ရှင်ဧကရာဇ်ကြီး မင်းသိပါတယ်။ ငါ့ရဲ့ယိကော သိပ်မကြာခင် ရုပ်ရှင်ဧကရာဇ်ဆုရနိုင်မယ်လို့ မျှော်လင့်ပြီး ပေးတာလေ။ နည်းနည်းတော့ရုပ်ဆိုးနေတယ်။ ဒါပေမဲ့ ငါ့မှာပစ္စည်းကိရိယာတွေသိပ်မရှိဘူးလေ။ ငါ့မှာသာ ပစ္စည်းအစုံအလင်ရှိရင် ဒီထပ်ပိုလှမှာ။"
ဖန်းရှောက်ယိ၏နှလုံးသားလေးမှာ နူးညံ့သွားခဲ့သည်။ သူက တစ်ဖက်လူကို မေးလိုက်လေ၏။ "ဘယ်အချိန်ကလုပ်လိုက်တာလဲ။"
"ဒီရက်ပိုင်းအတွင်းပဲ။" ယွမ်ယယ်က မျက်တောင်ခတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဒီရက်တွေထဲ ငါရိုက်ကွင်းမှာမနေဘဲ မင်းရဲ့ရိုက်ကူးရေးကိုလည်းလာမကြည့်တာကို သတိမထားမိဘူးလား။"
ဖန်းရှောက်ယိက ဆုတံဆိပ်၏ထိပ်ဆုံးမှာရှိနေသော မျောက်ကလေးကိုပွတ်သပ်လိုက်၏။ သူက အသာအယာရယ်မောကာ ကြောလိုက်သည်။ "မင်း တစ်ယောက်ယောက်ကို လိုက်ပိုးပန်းနေတာလို့ ကိုယ်ထင်လိုက်တာ။"
"အင်း မင်းမှန်တယ်၊ ငါ တစ်ယောက်ယောက်ကို လိုက်ပိုးပန်းနေခဲ့တာလေ။" ယွမ်ယယ်က ခေါင်းညိတ်ပြလိုက်သည်။
ယောက်ျားလေးနှစ်ယောက် အကြည့်ချင်းဆုံကာ တိတ်ဆိတ်နေခဲ့ကြသည်။ ဖန်းရှောက်ယိ၏အကြည့်များထဲတွင် အမေးသင်္ကေတများဖြင့် ပြည့်နှက်နေခဲ့၏။ ယွမ်ယယ်၏မျက်လုံးထဲတွင်တော့ ရှင်းလင်းနေခဲ့သည်။ - ဟုတ်တယ်၊ ငါ မင်းကိုပိုးပန်းနေတာလေ။
ဖန်းရှောက်ယိမှာ အရင်က ထိုသို့မချိတ်ဆက်မိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ယွမ်ယယ်၏ 'လမင်းကြီး' ဆိုသည်မှာ သူနှင့်သက်ဆိုင်လိမ့်မည်ဟု လုံးဝထင်မထားမိသောကြောင့်ပင်။ အချစ်ခရီးမစမီ ပြောင်းလဲနေသောစိတ်ခံစားချက်များက အမြဲလိုလို ချဥ်ချဥ်ချိုချိုဖြစ်နေတတ်သည်။ ၎င်းတို့ထဲ နစ်မြုပ်သွားသည့်အခါတွင် ထိုအတွေ့အကြုံမှာ ကြည်နူးဖွယ်ကောင်းသည်ကိုသာ ရှာတွေ့ကြလိမ့်မည်။ မည်သူက အရာရာတိုင်းကို ကြိုတင်ပြီး အဆုံးသတ်နိုင်မည်နည်း။
ဖန်းရှောက်ယိ၏နှုတ်ခမ်းများက လခြမ်းကွေးပမာ မြင့်တက်သွားကာ မေးလိုက်လေ၏။ "ဒီဆုက ဘာအမျိုးအစားလဲ။"
ယွမ်ယယ်က နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ "ရွှေ...မျောက်ကလေး...လို့ထင်တာပဲ။ ရွှေမျောက်ကလေးဆု။"
"အိုကေ။" ဖန်းရှောက်ယိက ခေါင်းညိတ်ကာ စနောက်ခဲ့လေ၏။ "ဒိုင်လူကြီးမင်းများကို ကျေးဇူးတင်ပါတယ်၊ ဧည့်သည်တင်ဆက်သူကိုလည်း ကျေးဇူးတင်ပါတယ်။"
ယွမ်ယယ်တစ်ယောက် အချိန်အတော်ကြာသည်ထိ ရယ်နေခဲ့မိသည်။ ထို့နောက် သူကပြောလိုက်၏။ "ရပါတယ်ဗျာ၊ ကောင်းတဲ့အလုပ်တွေဆက်လုပ်ပြီး အလုပ်ကြိုးစားပါ!"
ယွမ်ယယ်က ထိုကဲ့သို့အရာများ၌ အလွန်တော်ပေသည်။ မည်သို့ပင်ဆိုစေ သူက တောင်ပေါ်၌ကြီးပြင်းခဲ့သည်။ ထိုနေရာ၌ အဆင့်မြင့်နည်းပညာများ မထွန်းကားသေးရာ သူငယ်ငယ်ကတည်းက သူ၏ကစားစရာအရုပ်များသည် ထိုကဲ့သို့သဘာဝဆန်သည့် ပစ္စည်းများသာဖြစ်ခဲ့သည်။ သူ၏အဘိုးက ပန်းပုထုရာ၌ အလွန်တော်ပေ၏။ ယွမ်ယယ်က သူ့ဘေးမှာနေပြီး သူ့ကို တစ်ဆင့်ပြီးဆစ်ဆင့် တုပတေတတ်သည်။ သင်သာ သူ့ကို ကိုးကားချက်ပေးလျှင် သူက လက်ရာမြောက်သည့်တစ်ခုကို ဖန်တီးတိုင်လိမ့်မည်။ သို့သော် သူ၏ပန်းပုအတွက် ကိုးကားစရာမရှိဘဲ ကိုယ်ပိုင်အတွေးများကိုသာ မှီခိုနေရလျှင် ထိုမျှလောက် လက်ရာမမြောက်တော့ပေ။ ထို့အပြင် ပစ္စည်းကိရိယာများလည်း လိုအပ်ပေသည်။ ရိုက်ကွင်း၌ ယွမ်ယယ်မှာ မည်သို့ဖြင့် ထိုပစ္စည်းများရှိနိုင်မည်နည်း။ ထို့အပြင် သူ ပန်းပုမလုပ်တော့သည်မှာ နှစ်အတော်ကြာနေခဲ့ပြီး လေ့ကျင့်မှုလည်းမရှိခဲ့ပေ။ ဤရက်ပိုင်းအတွင်း သူ့လက်ထဲရှိ ဓါးနှစ်လက်သာရှိပြီး သူ့လက်များတွင် အရည်ကြည်ဖုများတောင် ဖြစ်လာခဲ့သည်။ ထိုအရည်ကြည်ဖုများကြီးလာလျှင် သူက ဆွဲခွာလိုက်မည်သာ။ ထို့အပြင် မတော်တဆဓါးရှရာများလည်းရခဲ့ပေ၏။ သူက ၎င်းတို့အား အသေးအမွှားဒဏ်ရာများဟုသာသဘောထား၍ ပလာစတာလည်းမကပ်ဘဲ ဂရုမစိုက်ခဲ့ချေ။
သူက ထိုအကြောင်းကို ဂရုမစိုက်သော်လည်း တစ်စုံတစ်ယောက်ကတော့ ထိုဒဏ်ရာများကို စိုးရိမ်နေခဲ့သည်။ ၎င်းတို့ကိုကြည့်ရုံဖြင့် ထိုလူ၏မျက်လုံးများအား နာကျင်စေခဲ့၏။
ရေချိုးပြီးနောက် ယွမ်ယယ်က ရေချိုးခန်းထဲတွင် သူ၏အတွင်းခံကို လျှော်နေခဲ့သည်။ ဖန်းရှောက်ယိက တံခါးနားကဖြတ်သွားစဥ် ယွမ်ယယ်ထံမှ နာကျင်၍စုတ်သပ်လိုက်သည့်အသံကို ကြားလိုက်ရာ သူက ရပ်တန့်ပြီး မေးလိုက်သည်။ "ဘာဖြစ်တာလဲ။"
ယွမ်ယယ်က ခေါင်းယမ်းပြလာ၏။ "ဘာမှမဟုတ်ပါဘူး။ ရေကအေးလို့။"
"ရေနွေးရှိတယ်လေ။" ဖန်းရှောက်ယိက လျှောက်လာပြီး ခလုတ်ကိုလှည့်ကာ ရေအပူချိန်ကို ချိန်ညှိပေးလိုက်သည်။
ယွမ်ယယ်တစ်ယောက် သူ့ကို ပခုံးဖြင့်တိုက်ကာ ပြောလိုက်၏။ "မလိုပါဘူး။ ငါ့ဟာငါလုပ်လိုက်မယ်။ ငါ အတွင်းခံလျှော်နေတုန်း မင်းကဒီမှာရပ်နေမယ်ဆိုရင် ငါရှက်သွားလိမ့်မယ်ဆိုတာ မင်းမစဥ်းစားမိဘူးလား။"
ဖန်းရှောက်ယိမှာ မရယ်ဘဲ မနေနိုင်ခဲ့ပေ။ သူက ပြောလိုက်၏။ "အရင်က မင်းရှက်တာမျိုး ကိုယ်တစ်ခါမှမမြင်ဖူးဘူး။"
သူက စကားပြောရင်း ခေါင်းငုံ့လိုက်ရာ ယွမ်ယယ်၏လက်များကို တွေ့သွားခဲ့လေသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်၏။ ဖန်းရှောက်ယိတစ်ယောက် ခလုတ်ပိတ်ကာ ယွမ်ယယ်၏လက်ချောင်းများကို စစ်ဆေးရန် လက်ကိုဆွဲယူလိုက်သည်။ ထို့နောက် သူ၏မျက်ခုံးများမှာ စုသထက်စုကျုံ့လာခဲ့လေသည်။
ယွမ်ယယ်၏လက်များတွင် ဒဏ်ရာဒဏ်ချက်အဟောင်းများ အတော်များများရှိနေ၏။ ၎င်းမှာ တောင်ပေါ်၌ သူ၏ ဗရုတ်သုတ်ခနေ့ရက်များမှ အကြွင်းအကျန်များကင်။ သူ၏လက်မပေါ်ရှိ အမာရွတ်က ယုန်အကိုက်ခံလိုက်ရ၍ ကျန်ခဲ့ခြင်းဖြစ်သည်။ မူလက သူသည် အရည်ကြည်ဖုများကိုဆွဲခွာထားပြီး ၎င်းတို့မှာ နှစ်ရက်အတွင်းပျောက်ကင်းနိုင်သော်လည်း ရေထိရသဖြင့် ထိုအမာရွတ်များက ပြန်ပြီးနာကျင်လာခဲ့သည်။ ယခုလက်ရှိမှာမူ ဖန်းရှောက်ယိ သူ့ကိုကြည့်နေသည့်ပုံစံအား သူအနည်းငယ်ရှက်ရွံ့သလို ခံစားလိုက်ရသည်။ သူကပြောလိုက်လေ၏။ "ယိကော၊ ဘာလုပ်နေတာလဲ။"
ဖန်းရှောက်ယိက သူ၏လက်ကို တဘက်ဖြင့် အသာလေးသုတ်ပေးနေ၏။ လုံးဝခြောက်သွားသောအခါ သူက တစ်ဖက်လူကို ဆွဲခေါ်လာပြီး မျက်ခုံးများကိုလည်း တွန့်ချိုးထားလေသည်။ သူက လေသံခပ်နိမ့်နိမ့်ဖြင့် ပြောလာခဲ့သည်။ "ဒီရက်ပိုင်းအတွင်း ရေမထိနဲ့ဦး။ မင်းရဲ့လက်တွေက ဒီလိုဖြစ်နေတာတောင် မင်းက အဝတ်လျှော်နေသေးတယ်? မင်းရဲ့ဒဏ်ရာတွေ ဆပ်ပြာရည်တွေနဲ့ထိမိရင် ပိုးဝင်သွားလိမ့်မယ်။ မင်း မနာဘူးလား။"
"ဟားဟား၊ အဲ့လောက်မဆိုးပါဘူး။ ဒါလေးတွေက အရည်ကြည်ဖုလေးတွေပါကွာ။ အဲ့လောက်ကြီးဂရုစိုက်နေစရာမလိုပါဘူး။" ယွမ်ယယ်က လက်များကို ပြန်ဆွဲယူကာ ဖန်းရှောက်ယိကိုပြောလိုက်၏။ "ကြည့်လိုက်၊ ငါရေချိုးတယ်၊ မျက်နှာသစ်တယ်၊ နေ့တိုင်း အတွင်းခံတွေလျှော်တယ်၊ ဒါပေမယ့် ပိုးမဝင်ဘူးလေ။ ဒါက ဘာမှမဟုတ်ပါဘူး။ ငါက ငယ်ငယ်ကတည်းက အကြမ်းပတမ်းခံတာမို့ မင်းတို့လိုနာမည်ကြီးတွေလောက် အဖိုးတန်လေးဟုတ်မနေဘူး။"
"တိတ်တိတ်နေ။" ဖန်းရှောက်ယိက ဆူလိုက်သည်။ "အခုကစပြီး ဘာပန်းပုမှ မလုပ်ရတော့ဘူး။"
"မဖြစ်ဘူး။" ယွမ်ယယ်သည် ခေါင်းအတွင်တွင်ခါလိုက်၏။ "ငါ တစ်ယောက်ယောက်ကို ပိုးပန်းရဦးမယ်။"
ဖန်းရှောက်ယိက ပြောလာခဲ့သည်။ "နည်းလမ်းပြောင်းလိုက်။"
ယွမ်ယယ်က သူ့ကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ "ဒါဆို ငါ့ကိုသင်ပေးလေ။"
ဖန်းရှောက်ယိက သူ၏မျက်ခွံပေါ်ရှိ အမာရွတ်ချိုင့်ခွက်သေးသေးလေးကိုစိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်လေသည်။ "အင်း သူကို ဘယ်လိုပိုးပန်းရမလဲဆိုတာ ကိုယ်သင်ပေးမယ်။"
အခန်းထဲတွင် အနာကပ်ပလာစတာများသာရှိသည်။ ဒဏ်ရာသေးသေးလေးကို ပလာစတာကပ်ထားလျှင် ဒဏ်ရာကို ပို၍ဆိုးရွားစေမည်ဖြစ်၏။ ဖန်းရှောက်ယိင ယွမ်ယယ်၏လက်ကိုကိုင်ထားဆဲဖြစ်ပြီး လွှတ်မပေးခဲ့ပေ။ သူက ဆေးတောင်းရန် သူ၏လက်ထောက်ကိုသွားရှာခဲ့ပြီး ယွမ်ယယ်ကလည်း သူနှင့်အတူပါသွားခဲ့လေသည်။
ယွမ်ယယ်တစ်ယောက် ဖန်းရှောက်ယိ၏ဘေးတွင်ရှိနေသရွေ့ အလွန်ကောင်းမွန်ပြီး ဘာကိုမှမလိုအပ်တော့ဟု ခံစားလိုက်ရသည်။
လက်ထောက်၏အခန်းက သူတို့၏အောက်ထပ်တွင်ဖြစ်သည်။ ဖန်းရှောက်ယိက ယွမ်ယယ်ကို လှေကားကနေ ဆွဲခေါ်လာခဲ့ရာ ၎င်းတို့တွေ လျှောက်လမ်းကိုလည်းဖြတ်သွားရန်လိုအပ်ပေ၏။
ထိုစဥ် အခန်းတစ်ခန်းထဲမှ လူအနည်းငယ် ထွက်လာခဲ့သည်။ နောက်ဆုံးထွက်လာသည့်တစ်ယောက်ကို ယွမ်ယယ်မှတ်မိပေ၏။ ၎င်းမှာ ယနေ့ ရိုက်ကွင်း၌တွေ့ခဲ့ရသော တစ်ယောက်ဖြစ်သည်။ သို့သော် ယွမ်ယယ်တို့နီးကပ်သွားလေ သူ(ယွမ်ယယ်)မှာ မျက်လုံးများပြူးကျယ်လာလေပင်။
ထိုလူများက တစ်စုံတစ်ယောက်ကို ဆွဲထုတ်လာခြင်းဖြစ်၏။ လူနှစ်ယောက်က ထိုသူ၏လက်တစ်ဖက်စီကို ကိုင်ထားပြီး နောက်တစ်ယောက်က ထိုသူ၏ခြေထောက်များကို ကိုင်ထားကြသည်။ ထိုလူ၏ ကျောပြင်နှင့် တင်ပါးမှာ ကြမ်းပြင်နှင့်မလွတ်ပေ။ ထိုတစ်စုံတစ်ယောက်မှာ ထိုကဲ့သို့ ဆွဲထုတ်ခံနေရသည်။ သူ၏ဘောင်းဘီကလည်း ကောင်းကောင်းမွန်မွန် မဝတ်ထားပေ။ ၎င်းတို့က သူ့ကို ရှေ့သို့ဆွဲထုတ်လာလေ သူ၏တင်ပါးအစုံမှာ ပေါ်လေဖြစ်နေခဲ့၏။
ဖန်းရှောက်ယိက ယွမ်ယယ်၏လက်ကို ရုတ်ချည်းလွှတ်လိုက်ပြီး တစ်ဖက်သို့အမြန်လှည့်လိုက်သည်။ သူက ယွမ်ယယ်၏မျက်လုံးများကို သူ၏လက်တစ်ဖက်ဖြင့်ဖိပိတ်ကာ တိုးတိုးလေးပြောလိုက်၏။ "မကြည့်နဲ့... မျက်စိမှိတ်ထား။"
ယွမ်ယယ်၏မျက်နှာမှာ လုံးဝဖြူဖျော့နေခဲ့သည်။ သူ၏မျက်တောင်များက ဖန်းရှောက်ယိ၏လက်ဖဝါးနှင့် ဆန့်ကျင်ကာ တဖျပ်ဖျပ်ခတ်နေခဲ့၏။
ဖန်းရှောက်ယိ သူ၏အမြင်ကိုလာပိတ်သည်မှာ အတော်လေးနောက်ကျသွားခဲ့သည်။ ယွမ်ယယ် အရာအားလုံးအား ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီးဖြစ်၏။
ဆွဲထုတ်ခံရသောသူမှာ အထူးစီစဥ်ထားသော သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ သူ၏အနေအထားက အခြာသောအပိုလူများ သို့မဟုတ် ဖြတ်လျှောက်သရုပ်ဆောင်များထက် အနည်းငယ်သာ ပိုမြင့်ပေသည်။ သူ့မှာ ရိုက်ကူးရမည့်အခန်းတချို့ရှိသည်။ ယွမ်ယယ် သူ့ကိုမှတ်မိနေခြင်းမှာ ထိုကောင်လေး၏နှာခေါင်းက ဖန်းရှောက်ယိနှင့် အတော်လေးဆင်သောကြောင့်ပင်။ ထို့ကြောင့် ယွမ်ယယ် သူ့ကို အကြိမ်အနည်းငယ်လောက် ကြည့်ခဲ့ဖူး၏။ သူက တစ်ဖက်လူကို အတော်လေးချောသည်ဟုတောင် တွေးခဲ့မိသေးသည်။ အနာဂတ်တွင် သူကလည်း နာမည်ကြီးလာနိုင်ပေသည်။ သို့သော် ယခုမှာမူ သူ၏မျက်နှာက သေလောက်အောင် ဖြူဖျော့နေခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ အသက်ရှင်နေသည့်ပုံပင်မပေါ်တော့ပေ။ သူက ထိုကဲ့သို့အရှက်တကွဲအနေအထားဖြင့် ဆွဲထုတ်ခံနေရသော်လည်း သူ၏မျက်လုံးများက ပိတ်နေဆဲဖြစ်ပြီး တစ်လက်မလေးတောင် မလှုပ်ရှားနိုင်ခဲ့ပေ။
သူ၏ဘောင်းဘီနှင့် တင်ပါးတွင် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ယွမ်ယယ်က ကြမ်းတမ်းရိုင်းစိုင်းသော်လည်း သူကြီးပြင်းလာခဲ့သော ပတ်ဝန်းကျင်က လုံးဝသန့်ရှင်းစင်ကြယ်သည်။ သူ တောင်ပေါ်တွင်နေခဲ့သည့်နှစ်များ၌ သူ့တွင်တောင်တန်းများနှင့် မြစ်ချောင်းများသာရှိခဲ့၏။ သူ တောင်ပေါ်ကထွက်လာပြီးနောက် စာပေပါမောက္ခများထံမှ တင်းကျပ်သောပညာရေးကို သင်ယူခဲ့ရသည်။ ယွမ်ယယ်တစ်ယောက် ထိုကဲ့သို့သောအရာမျိုးနှင့် တစ်ခါမှမတွေ့ကြုံဖူးပေ။
သူက တစ်စုံတစ်ယောက်ကိုသဘောကျနေပြီး ထိုသူ့ကိုပိုးပန်းမည့်ကိစ္စနှင့်သာ အလုပ်များနေခဲ့သည်။ ထိုကဲ့သို့ ထိတ်လန့်စရာမြင်ကွင်းကို ရုတ်တရက်မြင်လိုက်ရပြီးနောက်တွင် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုက အတော်လေးပြင်းထန်ခဲ့လေ၏။
ထိုလူအုပ်စုမှာ ဝေးသည်ထက်ဝေးရာကို လျှောက်သွားကာ ထိုလူ့ကို ဓါတ်လှေကားရှိရာဘက်သို့ ဆွဲခေါ်သွားခဲ့ကြသည်။ ဖန်းရှောက်ယိ၏လက်က ယွမ်ယယ်၏မျက်လုံးများကို ပိတ်ထားဆဲပင်။ ယွမ်ယယ်က လက်မြှောက်ကာ ဖန်းရှောက်ယိကာပေးထားသောလက်ကို ဖျစ်ညှစ်လိုက်သည် - သူ၏လက်ထိပ်ကလေးများကတောင် အေးစက်နေခဲ့သည်။
ဖန်းရှောက်ယိက လက်ကိုဖယ်လိုက်ပြီး ယွမ်ယယ်ကို ပွေ့ဖက်လိုက်လေ၏။ သူက ယွမ်ယယ်၏မြင်ကွင်းကို သူ၏ပခုံးဖြင့် ကွယ်ထားခဲ့သည်။ ယွမ်ယယ်၏နဖူးကို ဖန်းရှောက်ယိ၏ပခုံးပေါ်မှာ တင်ထားပြီး ဖန်းရှောက်ယိ၏ကိုယ်သင်းနံ့က သူ့ကို လွှမ်းခြုံပေးခဲ့သည်။ ယွမ်ယယ် ထိုအနံ့ကိုသာ အာရုံစိုက်ထားရန် အကောင်းဆုံးကြိုးစားနေပြီး ထိုနှစ်လိုဖွယ်ရနံ့လေးအား ရှူရှိုက်နေခဲ့သည်။ ထိုရနံ့က သူ့ကို စိတ်ပေါ့ပါးသွားစေခဲ့၏။
ဖန်းရှောက်ယိက သူ့ကိုဖက်ထားပြီး သူ၏ဆံပင်များကို ပွတ်သပ်ကာ သူ၏နားထဲ တိုးတိုးလေးပြောလာခဲ့သည်။ "မကြောက်နဲ့နော်။"
ယွမ်ယယ်က ခေါင်းမော့မလာခဲ့ချေ။ ဖန်းရှောက်ယိ၏ ချော့မြူပေးမှုက သူ့ကို စိတ်သက်တောင့်သက်သာရှိစေခဲ့သည်။ သူ ထိုသို့ဖြင့် အမှန်တကယ်အိပ်ပျော်သွားချင်မိသည်။ သူက ဖန်းရှောက်ယိကို မှီထားပြီး ဖြည်းဖြည်းချင်း အသက်ရှူနေခဲ့၏။
ဖန်းရှောက်ယိ၏လက်ဖဝါးက ခြောက်သွေ့ကာ နွေးထွေးနေပေ၏။ ယွမ်ယယ်က တိတ်တဆိတ်မေးလိုက်သည်။ "ယိကော၊ သူက... ဘာဖြစ်တာလဲ။"
ဖန်းရှောက်ယိတွင် ထိုမေးခွန်းအတွက် အဖြေမရှိခဲ့ချေ။ စောစောတုန်းက သူ၏စိတ်ထဲတွင် ယွမ်ယယ်၏လက်များအကြောင်းသာ ရှိနေခဲ့သည်။ ထိုလူများ ထွက်လာသောအခါ သူက မော့ပင်မကြည့်ခဲ့ပေ။ သူသတိထားမိလိုက်သောအခါ အလွန်နောက်ကျသွားခဲ့လေသည်။ မဟုတ်လျှင် သူ ယွမ်ယယ်၏မျက်လုံးများကို ချက်ချင်းကာပေးနိုင်လိုက်မည်သာ။ ဖန်းရှောက်ယိက ကျန်းရွှီအား ရိုက်ကွင်းမှာ ထိုသို့သောအရာများအကြောင်းကို ပြောခွင့်တောင်မပေးခဲ့ချေ။ သူက ယွမ်ယယ်အား ထိုဇာတ်လမ်းများကို နားမထောင်စေချင်ပေ။ သူင အလွန်ငယ်သေးပြီး သိပ်ကိုသန့်စင်ပေ၏။ ဖန်းရှောက်ယိက ထိုအရာများဖြင့် သူ(ယွမ်ယယ်)၏နားများကိုညစ်ညမ်းမသွားစေချင်ပေ။ သို့သော် ယနေ့တွင် ယွမ်ယယ်က အဆိုးဝါးဆုံးသောမြင်ကွင်းကို တိုက်ရိုက်တွေ့ကြုံခဲ့ရလေသည်။
ဖန်းရှောက်ယိ၏အမူအရာမှာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းစွာ မည်းမှောင်နေခဲ့၏။ သူက အသံတိုးတိုးဖြင့် ယွမ်ယယ်၏နားထဲသို့ ထပ်တလဲလဲပြောနေခဲ့သည်။ "ဘာမှမဟုတ်ပါဘူး၊ မကြောက်နဲ့နော်။"
ယွမ်ယယ်က သူ၏နဖူးကို ဖန်းရှောက်ယိထံ အကြိမ်အနည်းငယ် ပွတ်သပ်လိုက်သည်။ သူ၏နှုတ်ခမ်းများကိုလည်း ဖန်းရှာက်ယိ၏ကိုယ်ပေါ်တွင် ကပ်ထားရာ သူ၏အသံမှာ ခပ်အုပ်အုပ်ဖြစ်နေခဲ့၏။ သူစကားပြောသောအခါ သူ၏နှုတ်ခမ်းများက နူးညံ့စွာလှုပ်ရှားနေပြီး ဖန်းရှောက်ယိ၏နှလုံးသားလေးကို ကုတ်ခြစ်နေသလိုပင်။ ယွမ်ယယ်က ပြန်ပြောလိုက်သည်။ "ကော၊ ဒီနယ်ပယ်က... အရမ်း ကြောက်စရာကောင်းတယ်။"
ဖန်းရှောက်ယိက မျက်လုံးများကို ဖိမှိတ်လိုက်သည်။ တစ်ဖက်လူ၏ဆံပင်များကို နှစ်သိမ့်ပေးရန် ပွတ်သပ်နေခြင်းမှလွဲ၍ သူ့မှာ အခြားသောတုံ့ပြန်မှုများ မရှိခဲ့ချေ။
*****