လက်ရှိတွင် အလွန်သက်ဝင်လှုပ်ရှားလျက်ရှိသည်။ ဖန်းရှောက်ယိက ရိုက်ကွင်းမှာရောက်နေသော်လည်း ခေါင်းစီးနေရာများကို ရယူနေနိုင်ဆဲပင်။
—"ဘာလို့ ဒီတလော ဖန်းရှောက်ယိနဲ့ပတ်သက်ပြီး ဒရမ်မာတွေ များလွန်းနေရတာလဲ။ သူ နာမည်ကျသွားလို့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ နာမည်ကြီးအောင်လုပ်နေတာလား။ ငါတော့ အဲ့ဒါတွေဖတ်ရတာ အရမ်းစိတ်အနှောင့်အယှက်ဖြစ်လာပြီ။"
—"ဒီလူကဘယ်သူလဲ၊ ဒီ'နာမည်ကြီးကောင်လေးငယ်'ဆိုတာ ဘယ်ကရောက်လာတာလဲ။ သူက အဆင့်ဆယ့်ရှစ်မော်ဒယ်လား။ သူ့ကြည့်ရတာ အချိုးအစားတော့လှပေမဲ့ ငါ သူ့မျက်နှာကိုတော့ မမှတ်မိဘူး။ ဘယ်လိုပဲနေနေ ဖန်းရှောက်ယိက ကွာရှင်းထားတာပဲလေ။ သူ တကယ်ပဲ အဲ့လိုလုပ်ခဲ့ရင်တောင် သူမမှားဘူး။"
—"[ဖရဲသီးစားနေ] [ဖရဲသီးစားနေ] ယွမ်ယယ်ကို အပြစ်ပုံချနေကတည်းက ငါ သူ့ရဲ့ anti-fan ဖြစ်သွားပြီ။ အတိတ်တုန်းကတော့ ငါ သူ့ကို လူကြီးလူကောင်းဆန်တယ်လို့ထင်ထားတာ။ ငါပဲ ကန်းနေခဲ့ပြီး အရေခြုံထားတာကို မှားကြည့်ခဲ့မိတာပဲ။ 'စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို စိတ်ခံစားချက်တွေနဲ့ပဲ ဖြေရှင်းခွင့်ပြုလိုက်ပါ။' တဲ့ - ဒီတော့ သူက ဒီလိုမျိုး ဖြေရှင်းလိုက်တာပေါ့။ အခုရော သူ့ရဲ့'မိသားစုကိစ္စတွေ' ဆိုတာ ဘယ်လိုလဲ။"
—"ဒီပုံတွေက ဘာကိုမှ သက်သေပြနိုင်မယ်လို့ ငါတော့မထင်ဘူး။ 《In The Time》ကိုကြည့်တုန်းက ဖန်းရဲ့အကြည့်တွေကနေ သူ ယွယ်ကို အများကြီးသဘောကျနေတယ်ဆိုတာကို မြင်နိုင်တယ်..."
—"သူ့ကို လူကြီးလူကောင်းဆန်တယ်လို့ ပြောနေကြသေးတယ်... ငါတော့ ရယ်သေပြီ။ သူကွာရှင်းပြီးတော့ လက်ထပ်ထားသလိုနဲ့ dating ရှိုးကိုသွားခဲ့သေးတာလေ။ အဲ့ဒါက ဖန်တွေကို လူကြီးလူကောင်းဆန်ဆန်လိမ်လိုက်တာပေါ့? [အပြုံးတု] အပေါ်ထပ်ရဲ့မှတ်ချက်ကိုပြောရရင် သူ့ရဲ့အကြည့်ကို စမ်းစစ်ကြည့်နေသေးတယ်နော်။ မေ့သွားပြီလား သူက ရုပ်ရှင်ဧကရာဇ်ဆိုတာကို?"
"ရှောက်ယိကော ကျွန်တော် ပြဿနာဖြစ်စေမိလို့ တကယ့်ကိုတောင်းပန်ပါတယ်။" ယန်စစ်ရန်က ဖန်းရှောက်ယိကို ဦးညွတ်တောင်းပန်နေသည်။ သူ၏အမူအရာကလည်း မည်းမှောင်နေ၏။ "ကျွန်တော် တစ်ခုခုပြောလိုက်ရမလား။ ကျွန်တော် Weibo ပို့စ်တင်ပြီး ရှင်းပြလိုက်ရမလား။ ဒါမှမဟုတ် ကုမ္ပဏီရဲ့စီစဥ်မှု ဘာပဲဖြစ်ဖြစ် ပူးပေါင်းပေးပါ့မယ်။"
ဖန်းရှောက်ယိက ပြတင်းဘောင်ကို မှီထားသည်။ သူက တစ်ဖက်လူကို စိတ်မဆိုးချေ။ "ဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ မင်းရဲ့အမှားမဟုတ်ဘူး။ မင်း သွားလို့ရပြီ။"
ယန်စစ်ရန်က သူ့ကို သေချာကြည့်နေပြီးနောက် ကန်းကျင့်ဝေကို ကြည့်လိုက်၏။ ထို့နောက်တွင် သူက ခေါင်းညိတ်လိုက်လေ၏။ "ကျွန်တော်လုပ်နိုင်တာတစ်ခုခုရှိရင် ပြောပါ။"
ကန်းကျင့်ဝေက ခေါင်းညိတ်ပြလိုက်သည်။ ယန်စစ်ရန်ထွက်သွားပြီးနောက် တံခါးပြန်ပိတ်ခဲ့လေ၏။
ထိုသတင်းမှာ မနေ့ညက ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ ယခင်က ထို XX ဖျော်ဖြေရေးနှင့် ၎င်းတို့ကြားမှာ ကောင်းမွန်သောဆက်ဆံရေးရှိခဲ့ကြ၏။ သို့သော် ယခုတွင် ၎င်းတို့က ကြိုတင်၍တောင် အသိမပေးပါဘဲ ထိုအကြောင်းအရာကို တင်လိုက်လေသည်။
ကန်းကျင့်ဝေ: "ငါတို့ကို တစ်ယောက်ယောက်ကစောင့်ကြည့်နေတယ်။"
ဖန်းရှောက်ယိက မျက်မှောင်ကြုတ်ထား၏။ သူစကားပြောတော့မည်အလုပ် ဖုန်းကမြည်လာခဲ့သည်။
"ပါး။" ဖန်းရှောက်ယိက ဖုန်းလက်ခံလိုက်ချင်း ခေါ်လိုက်သည်။
ဖုန်းမှတစ်ဆင့် ဖန်းဟန်က သူ့ကိုမေးလာခဲ့သည်။ "ဒီတလော မင်းရဲ့အကြောင်းတွေ ဘာလို့ ဒီလောက်သတင်းတွေများနေတာလဲ။ မင်း အဲ့ဒါကို ကိုင်တွယ်နိုင်လား။"
ဖန်းရှောက်ယိက အသံပြုလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ကျွန်တော်ဖြေရှင်းနိုင်ပါတယ်။"
လူအိုကြီးက လက်ရှိတွင် ဥရောပဘက်မှာ ရိုက်ကူးရေးလုပ်နေသည်။ ထိုအသက်အရွယ်နှင့်တောင် သူက သရုပ်ဆောင်ခြင်း၌ အလွန်ထူးချွန်နေဆဲပင်။ သူ၏အသံကလည်း ခပ်မာမာဖြင့်ပင်။ "မင်း တကယ်ပဲ ပေါက်ကရလျှောက်လုပ်နေတာတော့ မဟုတ်ပါဘူးနော်?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။" ဖန်းရှောက်ယိက ရယ်မောကာ သူ၏ဖခင်ကို စနောက်လိုက်လေ၏။ "ကျွန်တော်လုပ်လိုက်ရင် ပါး ကျွန်တော့်ကိုရိုက်မှာကြောက်တယ်။"
ဖန်းဟန်ကလည်း ရယ်လိုက်သည်။ "မင်း ဘာမှမလုပ်သရွေ့ သူတို့ဖြစ်ချင်သလိုသာ လုပ်ပါစေ။ မင်းသာ မတ်မတ်ရပ်နေရင် မင်းရဲ့အရိပ်က ကောက်ကွေးသွားမှာကို စိုးရိမ်နေစရာမလိုဘူး။ မင်းလိုအပ်တာကို ပြောလိုက်။"
ဖန်းရှောက်ယိက ပြန်ပြောလိုက်၏။ "ဟုတ်၊ ပါး ကျန်းမာရေးလည်းဂရုစိုက်ဦး။ ကျွန်တော့်အတွက် စိတ်မပူနဲ့။ ဒါက အသေးအမွှားကိစ္စလေးတွေပါ။"
ဖုန်းချလိုက်ပြီးနောက် ကန်းကျင့်ဝေက မေးလာခဲ့သည်။ "လူအိုကြီးရော ဘယ်လိုနေလဲ။"
"ကောင်းပါတယ်၊ သူက ရုပ်ရှင်ရိုက်ကူးနေတုန်းပဲ။" ဖန်းရှောက်ယိက သက်ပြင်းချလိုက်သည်။ "သူက တစ်သက်လုံးပဲ ရိုက်ကူးရေးလုပ်နေခဲ့တာ။"
ရုပ်ရှင်ထုတ်လုပ်ရေးအပြင် ဖန်းဟန်က ဤကဲ့သို့အနေအထားမြင့်သည့်နေရာ၌ နှစ်ပေါင်းများစွာနေနိုင်ခြင်းမှာ သူ၏တရားမျှတသောစိတ်ထားကြောင့်ဖြစ်သည်။ သူက ရိုးသားပြီး စစ်မှန်သည့်အနုပညာရှင်တစ်ယောက်ဖြစ်၏။ သူက သူ၏ကိုယ်ကျင့်တရားကို ထိခိုက်စေမည့် မည်သည့်အရှုပ်အယှက်ကိုမျှ မလုပ်ဖူးပေ။ ငယ်ရွယ်စဥ်ကတည်းက ဖန်းရှောက်ယိသည် ထိုကဲ့သို့ တင်းကျပ်သောမိသားစုမှာ ကြီးပြင်းလာခဲ့သည်။ လူအများအမြင်မှာ သူက ဒုတိယမျိုးဆက်အနုပညာရှင်ဖြစ်လေရာ သူ့အား မည်သည့်အရာကိုမှ စည်းမဲ့ကမ်းမဲ့လုပ်ခွင့်မပေးခဲ့ချေ။ သူက သာမန်လူများ၏စံနှုန်းအတိုင်း သူ့ကိုယ်သူ တင်းတင်းကျပ်ကျပ်ထိန်းသိမ်းထားခံရပြီး ဤနယ်ပယ်ရှိ အခြားသူများလုပ်တတ်သော မကောင်းသောအလေ့အကျင့်များကိုလည်း ရှောင်ရှားခဲ့သည်။
ဖန်းရှောက်ယိ၏စိတ်ထားက သူ၏ဖခင်နှင့် တူပေ၏။ ထိုကဲ့သို့ ညစ်ညမ်းကာ ပေါ့ဆသောအရာများကို စက်ဆုပ်ရွံရှာသည်။ ထို့ကြောင့် ကန်းကျင့်ဝေက ထိုကိစ္စများကို ဦးဆောင်ဖြေရှင်းရပြီး သူက ရိုက်ကူးရေးမှာသာ အာရုံစိုက်ထားခဲ့သည်။
ကန်းကျင့်ဝေက ပြောလာ၏။ "မင်းရဲ့ဇာတ်ကားကိုပဲ ရိုက်ကူးနေလိုက်။ တခြားကိစ္စတွေ စိုးရိမ်နေစရာမလိုဘူး။ အဲ့သတင်းကိုလည်း ဘာတုံ့ပြန်ချက်မှ ပေးစရာမလိုဘူး။ မတန်ဘူးရယ်။ နောက်ကျ စတူဒီယိုရဲ့ တရားဝင်ကြေညာချက်ထုတ်ပြန်ဖို့ ပြောလိုက်မယ်။"
ထိုကဲ့သို့သတင်းများမှာ အကြောင်းအရာက ဘာပဲဖြစ်နေနေ လူများကို ကြည့်ရုံနဲ့တင် ရွံရှာစက်ဆုပ်စေသည်။ ဖန်းရှောက်ယိက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "အဲ့ဒီဓါတ်ပုံတွေက ဘယ်ကရောက်လာတာလဲ။"
"စင်္ကြံလမ်းက ပန်းအတုတွေကြားကနေ။"
ဖန်းရှောက်ယိ၏ တွန့်ချိုးထားသောမျက်ခုံးများက ပို၍ပင်စုကျုံ့သွားခဲ့သည်။ "ဘယ်အချိန်တုန်းက ကင်မရာကို အဲ့နေရာမှာ တပ်လိုက်တာလဲ။"
"လွန်ခဲ့တဲ့နှစ်ရက်က။" ကန်ကျင့်ဝေသည် သူ့အိတ်ကပ်ထဲမှ သေးငယ်သောပစ္စည်းလေးကိုထုတ်ကာ ဆုပ်ကိုင်လိုက်သည်။ "ငါ လုံခြုံရေးကင်မရာကို စစ်ပြီးပြီ။ တစ်ယောက်ယောက်က အဲ့နားကိုသွားပြီး အဲ့ဒါကိုထားခဲ့ပြီး ထွက်သွားခဲ့တာ။ သူတို့က မင်းအကြောင်း အတင်းအဖျင်းရချင်နေတာ။ အဲ့လိုဆို မင်းရဲ့အချက်အလက်တွေကိုရဖို့ ပိုလွယ်သွားပြီပေါ့။ ဒီလိုနဲ့ပဲ အကြောင်းအရာတစ်ခုဖန်တီးပြီး လူထုကို အရူးလုပ်လိုက်တာပဲ။ မင်းသာ ဒီအခွင့်အရေးကိုမပေးလိုက်ရင် သူတို့က မင်းကို ဒါရိုက်တာရဲ့ အခန်းမှာ အချိန်ဖြုန်းခဲ့တယ်ဆိုပြီးတောင် ပို့စ်တင်ချင်တင်လိုက်နိုင်တယ်။"
ကန်းကျင့်ဝေက နှာမှုတ်ကာ ဖန်းရှောက်ယိကို ပြောလိုက်သည်္ "ငါ ဒီကိစ္စကိုဖြေရှင်းလိုက်မယ်။ မင်းက ရိုက်ကူးရေးကိုပဲဆက်လုပ်နေလိုက်။"
ဖန်းရှောက်ယိက သူ့ကိုမေးလိုက်၏။ "ဒီနေ့ ပြန်တော့မလို့မလို့လား။"
ကန်းကျင့်ဝေက ပြန်ဖြေခဲ့သည်။ "အစကတော့ ပြန်မလို့ပဲ။ ဒါပေမဲ့ အခုတော့ မပြန်ဖြစ်တော့ဘူး။ ငါတို့ နေ့လယ်ကျ ဆက်ပြောကြမယ်။"
သတင်းထွက်လာသည်နှင့်တစ်ပြိုင်နက် ရိုက်ကွင်းရှိလေထုမှာ အနည်းနှင့်အများ ထူးဆန်းသွားခဲ့သည်။ ယန်စစ်ရန်သည် အစကတည်းက ဖန်းရှောက်ယိ၏လက်အောက်မှ လူသစ်လေးဖြစ်၏။ ရိုက်ကူးရေးအဖွဲ့သားများက သူ့ကို ကောင်းကောင်းဂရုစိုက်ပေးခဲ့ကြသည်။ သို့သော် ထိုသတင်းကြောင့် လူအနည်းငယ်က သူ့ကို စီးဖို့ဖိနပ်တောင် မပေးချင်ကြတော့ပေ။ ယန်စစ်ရန်က တစ်ခါမှရိုက်ကူးရေးမလုပ်ဖူးဘဲ ရိုက်ကွင်းတွင်လည်း အချိန်မဖြုန်းဖူးရာ ထိုကိစ္စများကို ကောင်းကောင်းနားမလည်ချေ သို့သော် စကားနည်းနည်းပြောခြင်းက မှန်ကန်သောအရာဖြစ်သည်ကိုတော့ သူသိပေ၏။ စကားများများပြောလေ အမှားပါရန် ပိုဖြစ်နိုင်လေပင်။ သူ၏အခန်းများကို ရိုက်ကူးပြီးနောက် သူက နောက်တစ်ခန်းအတွက် ဒါရိုက်တာကို တိုက်ရိုက်သွားမေးခဲ့ပြီး ဒါရိုက်တာကရှင်းပြလာသည်ကို နားထောင်မည်၊ သို့မဟုတ် သူ့ဘာသာသူ တစ်ယောက်တည်းထိုင်ကာ ထိုအခန်းများအကြောင်း တွေးတောနေလိမ့်မည်သာ။ သူက ဖန်းရှောက်ယိကိုတောင် စကားများများမပြောဘဲ အတတ်နိုင်ဆုံး ရှောင်နေခဲ့သည်။
ကျီရှောင်ထောင်းမှာ သူ့ကို အတော်လေးသနားစရာကောင်းနေကြောင်း သတိပြုမိလိုက်ပြီး သူ့ဆီသို့လျှောက်သွား၍ ရေတစ်ခွက်ကမ်းပေးလိုက်သည်။ "စိတ်လှုပ်ရှားနေဖို့မလိုဘူး။ ဒါတွေက အသေးအမွှားကိစ္စလေးတွေပဲ။"
"ကျေးဇူးတင်ပါတယ် ရှောင်ထောင်းကော။" ယန်စစ်ရန်က သူ့ထံမှ ခွက်ကိုလှမ်းယူလိုက်ရင်း တစ်ဖက်လူကို ပြုံးပြလိုင်သည်။ "ကျွန်တော်က လူတိုင်းအတွက် ပြဿနာဖြစ်စေတယ်လို့ ခံစားနေရလို့ပါ။"
ကျီရှောင်ထောင်းက ခေါင်းယမ်းကာ သူ့ကိုပြောလိုက်၏။ "ဒါက မင်းရဲ့အမှားမဟုတ်ပါဘူး။ စိတ်အေးအေးထား။"
ယန်စစ်ရန်က ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်ကဲ့။"
ကျီရှောင်ထောင်းက မေးလိုက်လေသည်။ "မင်းရဲ့ချန်းကောရော? မင်းနောက်လိုက်မလာဘူးလား။"
ယန်စစ်ရန်: "ချန်းကောက ဒီနေ့ နည်းနည်းနေလို့မကောင်းလို့။ ကျွန်တော် သူ့ကို နားနေဖို့ပြောလိုက်တာ။ မဟုတ်လည်း ကျွန်တော်က ဒီမှာ ရိုက်ကူးရေးလုပ်ရုံပဲလေ။ အကုန်လုံးနဲ့လည်း နေသားကျနေပြီဆိုတော့။"
"အာ။" ကျီရှောင်ထောင်းက မေးလိုက်၏။ "မင်းရဲ့ဖုန်းရော? မင်းအတွက် ဘယ်သူကိုင်ထားပေးထားလဲ။"
ယန်စစ်ရန်က ပြန်ပြောခဲ့သည်။ "ကျွန်တော်စက်ပိတ်ထားပြီးတော့ ဟွားကောကို သိမ်းထားခိုင်းလိုက်တာ။"
ကျီရှောင်ထောင်းက ပြောလိုက်၏။ "ဒါဆို ငါ့ကိုပေးလိုက်။ ငါ မင်းအတွက် သိမ်းထားပေးမယ်။"
ယန်စစ်ရန်က အလျင်အမြန်ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ရှောင်ထောင်းကော။"
သူ၏စရိုက်က အမှန်တကယ်ကို တည်ငြိမ်နေသည်လား သို့မဟုတ် ဟန်ဆောင်နေခြင်းလားဆိုသည်ကို မပြောနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ယခုအချိန်ထိ ကျီရှောင်ထောင်းက ယန်စစ်ရန်ကို အတော်လေးသဘောကျနေဆဲပင်။ ပုံမှန်အားဖြင့်ပြောရလျှင် ထိုပုံများတင်ခံလိုက်ရပြီးနောက် ယန်စစ်ရန်အား သံသယဝင်လိမ့်မည်။ သို့သော် ကျီရှောင်ထောင်းက တစ်ဖက်လူအား ထိုသို့လုပ်မည့်လူမျိုးဟု မထင်မိပေ။ မည်သို့ပင်ဖြစ်စေ ဤနယ်ပယ်ရှိလူများမှာ တစ်ခုခုလုပ်မည့်လူစားမျိုးဟုတ်၊ မဟုတ်ကို အတပ်မပြောနိုင်ချေ။ ၎င်းတို့က အစစ်အမှန်ရိုးသားသူများဖြစ်လျှင်ဖြစ် သို့မဟုတ် သရုပ်ဆောင်ကောင်းများသာဖြစ်သည်။
သို့သော် ကုမ္ပဏီနှင့်စာချုပ်ပြီးသည်နှင့် ဖန်းရှောက်ယိကို အသုံးချခြင်းက အလွန်အန္တရာယ်များပေ၏။ ယင်းမှာ အလုပ်တောင်မစရသေးဘဲ သူဌေးကို ဒေါသထွက်ခိုင်းနေခြင်းနှင့် တူပေလိမ့်မည်။
ဖန်းရှောက်ယိက ယွမ်ယယ်ကို ဖုန်းနှစ်ခါခေါ်ခဲ့သည်။ သို့သော် နှစ်ခါလုံး ဖုန်းခေါ်ဆိုမှုက ချိတ်ဆက်မသွားခဲဲ့ပေ။ ထိုလူက သူ၏ဖုန်းကို ထပ်ပိတ်လိုက်ပြန်လေပြီ။ ထို့ကြောင့် ဖန်းရှောက်ယိက ယွမ်ယယ်ကို စာပို့ထားလိုက်၏။ [ဖုန်းပြန်ဖွင့်ရင် ကိုယ့်ကို ဖုန်းပြန်ခေါ်။]
ကန်းကျင့်ဝေသည် ထိုနေ့က ပြန်မသွားခဲ့ချေ။ သူက ရိုက်ကွင်းမှာနေကာ အဖွဲ့သားများအားလုံးကို ညစာဖိတ်ကျွေးခဲ့သည်။ သူက ယခင်ကလည်း ဒါရိုက်တာကျန်းနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ဖူးသည်။ ကန်းကျင့်ဝေက အမြဲတမ်းလိုလို ၎င်းတို့နှင့် သက်တောင့်သက်သာဖြစ်စေသောစကားဝိုင်းလေးကို ထိန်းထားနိုင်ခဲ့၏။
လူနှစ်ဆယ်ကျော်လောက်ရှိသော သီးသန့်အခန်းထဲတွင် ကန်းကျင့်ဝေက ဒါရိုက်တာ၊ ထုတ်လုပ်သူများနှင့် အဓိကသရုပ်ဆောင်များနှင့်အတူ သောက်နေလေ၏။ ကျန်းလင်းချွမ်က မြောက်ပိုင်းသားဖြစ်သည်။ သူဇာတ်လမ်းများပြောပြနေသောအခါ သူ၏လေသံမှာ အားအင်အပြည့်နှင့်ပင်။ ၎င်းတို့က စားပြီးပြီဖြစ်သောကြောင့် ဖြည်းဖြည်းချင်းသောက်နေရန်မလိုတော့ပေ။ ၎င်းတို့က သောက်နေကြသည်ဖြစ်သောကြောင့် လွတ်လွတ်လပ်လပ်သာ သောက်သင့်ပေသည်။
ထိုအခြေအနေတွင် လက်ထောက်များကို မလိုအပ်ခေိ။ ကျီရှောင်ထောင်းက အပြင်ဘက်ကကားထဲမှာ ထိုင်စောင့်နေခဲ့သည်။ ဤနည်းဖြင့် သူက အရက်မူးပြီးထွက်လာသူကို ဟိုတယ်သို့ပြန်ပို့ရပေမည်။ အခြားလက်ထောက်အနည်းငယ်ကလည်း ၎င်းတို့၏ကားပေါ်မှ စောင့်နေကြပြီး တစ်ခါတစ်ရံ စကားပြောရန် ဆင်းလာတတ်ကြသည်။
ပုံမှန်အားဖြင့် ယန်စစ်ရန်က ထိုသို့သောပွဲများနှင့် ဘာမှမသက်ဆိုင်ပေ။ သူက စားပွဲတွင် မထိုင်နိုင်ပါချေ။ သို့သော် သူက ထိုသို့သွားခဲ့သည်။ ထိုကလေးက အရိပ်အခြည်သိပေ၏။ သူက ဒါရိုက်တာအတွက် ဝိုင်ထည့်ပေးနေချိန် ကန်းကျင့်ဝေက ပြောလိုက်သည်။ "ဒါရိုက်တာကျန်း၊ ကျွန်တော့်ကို ဒီလောက်ထိမျက်နှာသာပေးထားတာကို ကျွန်တော် စောစောကျေးဇူးတင်ဖို့ အခွင့်အရေးမရခဲ့ဘူး။"
ကျန်းလင်းချွမ်က လက်ယမ်းကာ ပြောလိုက်သည်။ "ဒီချာတိတ်ကမဆိုးပါဘူး။ သူက အရမ်းကို အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ။"
"ဒါရိုက်တာက သူ့ကို ကောင်းကောင်းသင်ကြားပေးလို့ပါ။" ကန်းကျင့်ဝေက ယန်စစ်ရန်ကို ကြည့်လိုက်သည်။ ထို့ကြောင့် ယန်စစ်ရန်က ဒါရိုက်တာ၏ခွက်ထဲ ဝိုင်ထည့်ဖြည့်ရင်း ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာ။ ကျွန်တော်က တော်တော်လေး တုံးပါတယ် ဒါပေမဲ့ ကျွန်တော်က အရေထူတယ်ရယ်။ ကျွန်တော်တစ်ခုခုအမှားလုပ်မိရင် ကျွန်တော့်ကို ဆူလို့ရပါတယ်။ ကျွန်တော်ပြောင်းလဲဖို့ အကောင်းဆုံးကြိုးစားပါ့မယ်။'
ကျန်းလင်းချွမ်က သူထည့်ပေးသောဝိုင်ကို တစ်ငုံသောက်လိုက်ပြီးနောက် ပြောလိုက်လေ၏။ "မင်းရဲ့ သူဌေးဆီက ကောင်းကောင်းသင်ယူ။ သူက လူမှုဆက်ဆံရေးမှာတော့ ဆရာကြီးပဲ။"
သူက ဖန်းရှောက်ယိကိုပြောနေသည်လား၊ ကန်းကျင့်ဝေကိုပြောနေသည်လား မည်သူမှမသိကြပေ။ ထို့ကြောင့် နှစ်ယောက်လုံး ရယ်မောလိုက်ကြသည်။
အပြင်ပိုင်းတွင် ဖန်းရှောက်ယိက စားသောက်ခြင်း၊ စကားပြောခြင်းတွင် လုံးဝရှောင်ထွက်သွားခြင်းမရှိချေ။ သို့သော် သူက ဖုန်းကို အချိန်ပြည့်ကိုင်ထားပြီး ခဏခဏ ငုံ့ကြည့်နေခဲ့၏။
သူ ယွမ်ယယ်ကို ဖုန်းထပ်ခေါ်လိုက်သည်။ တစ်ဖက်လူ၏ဖုန်းက စက်ပိတ်ထားဆဲပင်။
ပုံမှန်အားဖြင့် သူ၏ဖုန်းက ထိုအချိန်၌ စက်ပိတ်မထားတတ်ပေ။ သူ ဖုန်းမခေါ်လျှင်တောင် အနည်းဆုံး စာပို့တာမျိုး တစ်ခုခုလုပ်လိမ့်မည်ပေ။ ယခုတွင် ၎င်းတို့နှစ်ဦးက အခြေခံအားဖြင့် လူငယ်လေးများ သမီးရည်းစားမဖြစ်သေးခင် အခြေအနေတွင် ရှိနေသလိုမျိုး တစ်ယောက်နှင့်တစ်ယောက် ကော်လိုကပ်နေတတ်ကြသည်။ သို့သော် သူက ဖုန်းကို တစ်နေ့လုံးစက်ပိတ်ထား၏။ ၎င်းမှာ သူ ထိုသတင်းကိုမြင်ပြီးသွားပြီဟု ဆိုလိုပေသည်။ သို့သော် သူက ထိုအကြောင်းကို မေးပင်မေးမလာသဖြင့် ဖန်းရှောက်ယိတစ်ယောက် သူ ဘာတွေတွေးနေလဲကို မသိရချေ။
မည်သူကမှ ယခုလိုမျိုး မပိုးပန်းတတ်ကြပေ။
ဖန်းရှောက်ယိ ယွမ်ယယ်ကို ယခုလိုမေးလိုက်ချင်သည်။ 'အရင်တုန်းက ကိုယ် မင်းကို ဒီလိုမျိုးလိုက်ခဲ့တာလား။'
"ရှောက်ယိက ဖုန်းစောင့်နေတာလား။" အဓိကထုတ်လုပ်သူက စားပွဲတစ်ဖက်ခြမ်းမှ မေးလာ၏။ သူက စနောက်လိုက်သည်။ "မင်း ရိုက်ကွင်းမှာတောင် တစ်ချိန်လုံး ဖုန်းကိုကိုင်ထားတာ ငါသတိထားမိတယ်။"
ဖနိးရှောက်ယိက မော့ကြည့်ကာ ပြုံးလိုက်သော်လည်း ပြန်မဖြေခဲ့ချေ။
ကျန်းလင်းချွမ်က နှာမှုတ်လိုက်၏။ "သူက အမှားလုပ်ထားတာလေ။ သူ့ကို ဘယ်သူကစိတ်ဆိုးနေတာလဲ မသိပေမဲ့ အခု သူက အဲ့ဒီလူကို စောင့်နေတာပဲနေမှာ။"
ဒါရိုက်တာက ထိုသို့ပြောလိုက်ရာ လူတိုင်း ရယ်မောကြတော့သည်။ ယန်စစ်ရန်သာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်သွားသလို ခံစားလိုက်ရ၏။ ဖန်းရှောက်ယိက တောင်းပန်လိုက်သည်။ "ခေါင်းဆောင်တို့၊ ကျွန်တော့်ကို ဆူမနေကြပါနဲ့တော့။ စကားဆက်ပြောကြပါ။"
သီးသန့်အခန်းမှာ အသံများဆူညံနေ၏။ ကန်းကျင့်ဝေရှိနေသရွေ့ လေထုက မည်သို့မျှ အေးစက်မသွားနိုင်ပေ။ ထို့ကြောင့် အစက တံခါးခေါက်သံကို မည်သူမျှ မကြားခဲ့ချေ။ နောက်ဆုံးတွင် ယန်စစ်ရန်က ကြားလိုက်လေ၏။ ၎င်းတို့အားလုံး ဝန်ထမ်းဟုထင်လိုက်ပြီး တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ "ဝင်ခဲ့ပါ!"
"အရမ်း သက်ဝင်လှုပ်ရှားနေတာပေါ့?"
ဖန်းရှောက်ယိတစ်ယောက် အသံကြားလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းလှမ်းကြည့်လိုက်သည်။
တံခါးမှာ အဟသေးသေးလေးသာဖွင့်ထားပြီး ယွမ်ယယ်က ခေါင်းလေးဝင်ကာ ချောင်းကြည့်နေ၏။ သူက အားကစားအနွေးထည်ကို ဝတ်ထားပြီး မေးစေ့အထိရောက်အောင် ဇစ်ဆွဲထားသည်။ သူက အားရပါးရပြုံးကာ အခန်းထဲကို လှည့်ပတ်ကြည့်လိုက်ပြီး မေးလာခဲ့လေ၏။ "ကျွန်တော်ဝင်ခဲ့ပြီနော် ခေါင်းဆောင်တို့၊ အဆင်ပြေတယ်မလား။"
ကျန်းလင်းချွမ်က ကျယ်ကျယ်လောင်လောင်ရယ်လိုက်ပြီး သူ့ကို ပြောလိုက်သည်။ "မြန်မြန်ဝင်လာခဲ့လေ! အဲ့နားမှာ ဘာလို့ ကြွက်ကလေးလို ချောင်းကြည့်နေတာလဲ။"
ထို့ကြောင့် ယွမ်ယယ်က မတ်မတ်ပြန်ရပ်ကာ ပခုံးဖြင့် တံခါးကိုတွန်းဖွင့်လိုက်ပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ရင်း လျှောက်ဝင်လာခဲ့သည်။
ဖန်းရှောက်ယိ၏မျက်လုံးများက သူ၏ပုံရိပ်ပေါ်မှ မခွာသေးပေ။ ယွမ်ယယ်က သူနှင့်အကြည့်ချင်းဆုံလိုက်ပြီး မျက်ခုံးပင့်ပြလိုက်သည်။ သူ၏အကြည့်တွင် အဓိပ္ပါယ်များပါဝင်နေ၏။ အစက ဖန်းရှောက်ယိ၏ဘေးတွင်ထိုင်နေသည်မှာ သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ ယခုတွင် ထိုလူက ချက်ချင်းထရပ်ကာ ယွမ်ယယ်ကိုပြောလာခဲ့သည်။ "ဒီမှာလာထိုင်လိုက်ပါ။"
ယွမ်ယယ်က ထိုင်မချခင် သူ့ကိုပြုံးပြကာ ကျေးဇူးတင်လိုက်သည်။
စားပွဲမှာထိုင်နေသောလူတိုင်းက သူ့ကို စိုက်ကြည့်နေခဲ့သည်။ ယွမ်ယယ်က ဖန်းရှောက်ယိ၏ခွက်ကိုယူကာ သူ့ဘာသာသူ အရက်ငှဲ့လိုက်ပြီး ပြုံးလျက်ဖြင့် ခွက်ကို မြှောက်လိုက်သည်။ ထို့နောက် ခေါင်းကို အနောက်သို့လှန်ချကာ တစ်ခွက်လုံးကို အကုန်သောက်လိုက်လေသည်။
အမှန်တော့ ယွမ်ယယ်က ဤစားပွဲရှိလူတစ်ချို့ကို သိသော်လည်း အများစုနှင့် သိပ်မရင်းနှီးပေ။ သူ တစ်ခါမှမတွေ့ဖူးသော လူများလည်းရှိနေသည်။ သို့သော် ၎င်းမှာ သူတို့သည် သူစိမ်းများဖြစ်ပြီး အတူတူထိုင်မစားနိုင်ဘူးဟု မဆိုလိုချေ။
ထိုလူများထဲတွင် ဖန်းရှောက်ယိပြီးလျှင် သူအရင်းနှီးဆုံးကတော့ ကန်းကျင့်ဝေဖြစ်၏။ ကန်းကျင့်ဝေက သူ့ကိုမေးလာခဲ့သည်။ "မင်း ရိုက်ကွင်းကိုလာလည်တာလား။"
ယွမ်ယယ်က သူ့ကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး 'ကန်းကော' ဟုခေါ်ကာ ဖြေလိုက်သည်။ "မဟုတ်ပါဘူး။"
ယွမ်ယယ်က စကားပြောနေရင်း အခန်းထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ၏အကြည့်သည် ယန်စစ်ရန်ပေါ် ကျရောက်သွားလေ၏။ ထိုမြင်ကွင်းမှာ အနည်းငယ်တော့ ရယ်စရာကောင်းနေသည်။ ယန်စစ်ရန်က သူ့ကို အပြုံးရေးရေးလေးဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။ သူက ယဥ်ကျေးကာ လေးစားသမှုရှိပေသည်။
သူက လာလည်ခြင်းမဟုတ်ဟု ပြောလိုက်သောအခါ လူတိုင်းက စနောက်နေသည်ဟုသာ ထင်လိုက်ကြသည်။ ကန်းကျင့်ဝေက မျက်ခုံးပင့်ကာ မေးလိုက်၏။ " လာလည်တာမဟုတ်ရင် ကီလိုမီတာထောင်ကျော်လောက်ကို ခရီးနှင်လာပြီး ထမင်းလာစားရုံပဲပေါ့?"
ယွမ်ယယ်က ရယ်မောလိုက်လေသည်။ သူက ဖန်းရှောက်ယိကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ဒါရိုက်တာကိုကြည့်ကာ ပြောလိုက်၏။ "ကျွန်တော်က လာလည်ရုံပဲလို့ပြောပြီး ဒီအခန်းထဲကို ဝင်လာရဲပါ့မလား။"
ဖန်းရှောက်ယိက ယွမ်ယယ်ထံတွင်ပဲ သူ၏အကြည့်များကို ကျောက်ချထားသည်။ ယွမ်ယယ် ကိုယ်အလေးချိန်အတော်လေးကျသွားသည်ဟု သူ ထင်လိုက်မိသည်။ သို့သော် သူက အတော်လေးကို တက်ကြွနေဆဲပင်။ ယွမ်ယယ်တွင် သူ့ကိုကြည့်ရုံဖြင့် တခြားသူများကို စွမ်းအင်ပြည့်ဝလာစေနိုင်သည့် စွမ်းအင်မျိုးရှိပေသည်။ ယွမ်ယယ်က ထိုင်ခုံတွင်ထိုင်နေပြီး သူ၏အပြုံးမှာ နားရွက်ကို တက်ချိတ်တော့ပေမည်။ သူက ပြောလိုက်၏။ "ဒီအခန်းထဲမှာ လိုအပ်နေတာ ဘယ်သူဖြစ်မလဲ။ ကျွန်တော်ကတော့ ဇာတ်ညွှန်းဆရာလိုအပ်နေတယ်လို့ ထင်တာပဲ။"
(*ရိုက်ကွင်းဇာတ်ညွှန်းရေးဆရာဆိုတာ ရိုက်ကွင်းမှာ standby ရှိနေရတဲ့ ဇာတ်ညွှန်းရေးဆရာပါ။ သူက လျှပ်တပြက်ရလာတဲ့အကြံတို့၊ ဒါရိုက်တာဖြစ်ချင်တဲ့၊ ပြောင်းလဲချင်တဲ့အခန်းတွေကို ပြန်ပြင်ပြီးရေးပေးရတာပါ)
*****