ကျန်းလင်းချွမ်က ဖန်းရှောက်ယိ၏ဇာတ်ဝင်ခန်းများကို သေချာစောင့်ကြည့်ပေးခဲ့သည်။ ဟယ့်ဟန်၏ ထပ်ဆောင်းဇာတ်ဝင်ခန်းများကိုမူ ထုတ်လုပ်သူနှင့် အနုပညာဒါရိုက်တာက ညွှန်ကြားပေးနေခဲ့၏။
ဟယ့်ဟန်အတွက် ဇာတ်ဝင်ခန်းများထပ်ထည့်ခြင်းမှာ အတော်လေးပြဿနာများပြီး ရိုက်ကွင်းတစ်ခုလုံး ခေါက်းကိုက်နေကြ၏။ အဘယ့်ကြောင့်ဆိုသော် သရုပ်ဆောင်များစွာကလည်း ဇာတ်ဝင်ခန်းများထပ်ဖြည့်ရသော်ငြား ရိုက်ကူးရေးကာလကို အချိန်ထပ်ဆွဲလို့မရသောကြောင့်ပင်။ တချို့သရုပ်ဆောင်များက ယခုဇာတ်ကားရိုက်ကူးပြီးလျှင် နောက်တစ်ခုကို ဆက်သွားကြရမည်။ ၎င်းတို့က ရိုက်ကူးရမည့်အခန်းများအားလုံးပြီးဆုံးမှသာ ထွက်ခွာနိုင်မည်ဖြစ်သည်။ ထိုကိစ္စအတွက် ညှိနှိုင်းရသည်မှာလည်း အတော်လေးခက်ခဲပေ၏။ ဖိအားအများဆုံးသူမှာ ဒါရိုက်တာပင်ဖြစ်လိမ့်မည်။
သို့သော် ကျန်းလင်းချွမ်က စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။ သူက ဟယ့်ဟန်နှင့် သူ့အဖွဲ့ကိုလည်း ရိုက်ကွင်း၌ ဘာပြဿနာမှမရှာခဲ့ချေ။
ဖန်းရှောက်ယိက မူလဇာတ်ကြောင်းအတိုင်းရိုက်ကူးနေဆဲဖြစ်၏။ သူ၏အခန်းများမှာ လုံးဝပြောင်းလဲသွားခြင်းမရှိပေ။ ၎င်းတို့က ဟယ့်ဟန်အတွက်သာ ဇာတ်ဝင်ခန်းများထပ်ဖြည့်ခြင်းဖြစ်သည်။ ထိုဖြည့်စွက်ချက်နှင့်တောင် ပင်မဇာတ်လမ်းကို မထိခိုက်နိုင်ပေ။ ရိုက်ကူးရေးလုပ်နေစဥ်အတွင်း သရုပ်ဆောင်များကမပြောလျှင်တောင် ယွမ်ယယ်ကတော့ သေချာပေါက်ပြောလိမ့်မည်သာ။
ကျန်းလင်းချွမ်က သူ၏ကိုယ်ပိုင်ရုပ်ရှင်ကို တည်းဖြတ်ခြင်းအား လုံးဝသည်းမခံတတ်ပေ။ ဟယ့်ဟန်က ထပ်ဆောင်းဇာတ်ဝင်ခန်းများ လိုချင်နေသဖြင့် သူတို့ကိုထည့်လိုက်သော်လည်း ဒါရိုက်တာက ရုပ်ရှင်၏ ထိုအပိုင်းကို စဥ်းတောင်မစဥ်းစားချေ။ ပုံမှန်အားဖြင့် သူက ဇာတ်ညွှန်းရလာပြီဆိုလျှင် တစ်ညလုံး အငြင်းပွားတတ်သူဖြစ်သော်လည်း ဟယ့်ဟန်၏ဇာတ်ညွှန်းကိုမူ ဇာတ်ညွှန်းရေးဆရာများကိုသာ တာဝန်ပေးအပ်ထားလိုက်သည်။ ၎င်းတို့ ပြီးသွားလျှင် ဒါရိုက်တာ့ကို လာပြကြပြီး ဒါရိုက်တာကျန်းက အနည်းငယ်သာ ပြန်ပြင်လိမ့်မည်သာ။ အငြင်းပွားခြင်းလည်း အလျင်းမရှိခဲ့ပေ။
လူတိုင်းတွင် ကိုယ်ပိုင်အခက်အခဲများရှိကြသည်ဖြစ်ရာ အလျော့မပေးဘဲ နေလို့မရချေ။ သို့သော် ယွမ်ယယ်က ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန်စိတ်အနှောင့်အယှက်ဖြစ်နေဆဲပင်။
ယွမ်ယယ် ရိုက်ကွင်းတွင်ထိုင်နေပြီး သွားလာလှုပ်ရှားနေကြသော ရိုက်ကူးရေးအဖွဲ့သားများကို လိုက်ကြည့်ကာ တစ်ဦးချင်းစီ၏မျက်နှာများကို လေ့လာနေခဲ့သည်။ သူက ထိုလူများထဲမှ လူအမျိုးမျိုးကို သတိထားမိခဲ့လေ၏။
ရုတ်တရက်ဆိုသလို ကျီရှောင်ထောင်းက ရိုက်ကွင်း B ဘက် တစ်ချက်သွားကြည့်ခဲ့ပြီး ပြန်လျှောက်လာခဲ့သည်။ သူလမ်းလျှောက်နေစဥ် သူ၏အမူအရာက ပုံမှန်ဖြစ်နေဆဲပင်။ သို့သော် ယွမ်ယယ်ဘေးနား ထိုင်ချလိုက်သည်နှင့် သူ၏ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။ သူက ပခုံးများလှုပ်ခါနေအောင် ရယ်မောလျက် သူ့ကိုခေါ်လာခဲ့သည်။ "ယယ်ကော။"
ယွမ်ယယ်က မျက်လုံးစွေကြည့်လိုက်၏။ "ဘာလဲ"
ကျီရှောင်ထောင်းက မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားပြီး သူ့ကို တိုးတိုးလေးလာပြောလေသည်။ "ကော ရိုက်ကွင်း B ဘက်ကို တစ်ချက်လောက်သွားကြည့်ဖို့ ကျွန်တော်အကြံပြုချင်တယ်၊ ကော ပျော်စရာလေးတွေရှာတွေ့မှာနော်။"
ထိုအကြောင်းကို စဥ်းတောင်မစဥ်းစားဘဲ ယွမ်ယယ်က ခေါင်းယမ်းပြလိုက်သည်။ "မသွားချင်ပါဘူး။ ငတုံးကောင်က သူ့ရဲ့မရှိတဲ့သရုပ်ဆောင်စွမ်းရည်တွေကို ထုတ်ပြနေတာမလား။ မင်းက အဲ့လောက်လွယ်လွယ်လေးပျော်တတ်တာပဲလား ချာတိတ်ရ။"
"မဟုတ်ပါဘူး! ဘယ်လိုလုပ် ချီးထုပ်လိုသရုပ်ဆောင်တာက ပျော်စရာဖြစ်မှာလဲ။ ရှောင်ယန်ကသာ ဒီနေ့ ကျွန်တော့်အတွက် ပျော်စရာလေးဖန်တီးပေးတဲ့သူလေ။" ကျီရှောင်ထောင်းက ထိုင်ချကာ ရယ်မောနေတော့သည်။ ရယ်ပြီးသွားတော့မှ သူက ထပ်ပြောလာခဲ့၏။ "ရှောင်ယန်က အလားအလာရှိတယ်။ နောက်ကျ ကျွန်တော် ကန်းကောကို သူ့ကိုကောင်းကောင်းလေး မြှောက်စားပေးဖို့ ပြောဦးမှပဲ။"
ယွမ်ယယ်က မျက်ခုံးပင့်လိုက်၏။ "ဘယ်လို?"
ကျီရှောင်ထောင်းက ထရပ်ကာ ယွမ်ယယ်ကိုလည်း ဆွဲထူလိုက်သည်။ ယွမ်ယယ်တစ်ယောက် သူဆွဲခေါ်ရာနောက်သို့ ပါသွားခဲ့လေတော့၏။ ၎င်းတို့ တစ်ဖက်ရိုက်ကွင်းသို့ရောက်သည်နှင့် ယန်စစ်ရန်၏စကားပြောသံကိုကြားပြီးနောက် ယွမ်ယယ်လည်း မရယ်ဘဲမနေနိုင်တော့ပေ။
"မင်း၊ မင်း ဘယ်လိုလုပ်ပြီး အခုလိုလုပ်နိုင်ရတာလဲ။ စန်းချာက၊ ငါ့ရဲ့ အိမ်ငှား...."
"CUT" ထုတ်လုပ်သူက အော်လိုက်၏။ ရိုက်ကွင်းတစ်ခုလုံးလည်း တိတ်ဆိတ်သွားခဲ့သည်။
"ကျွန်တော် တောင်းပန်ပါတယ် လောင်ရှီး။" ယန်စစ်ရန်က ထုတ်လုပ်သူနှင့် ၎င်းတို့ကို ဦးညွတ်ကာ တောင်းပန်လာခဲ့သည်။ ထို့နောက် ရိုက်ကူးသူများနှင့် သူ့ဘေးတွင်ရပ်နေသော ဟယ့်ဟန်ကိုလည်း တောင်းပန်ခဲ့လေ၏။ "ကျွန်တော်က အရမ်းတုံးတာပဲ။ အားလုံးအတွက် ဒုက္ခများစေမိပြီ။"
ကျီရှောင်ထောင်းက ဘေးနားကနေ တခစ်ခစ်ရယ်မောနေပြီး ယွမ်ယယ်ကလည်း အကြိမ်အနည်းငယ်ခန့် လိုက်ရယ်လိုက်သည်။
ယန်စစ်ရန်သည် သူ၏ဇာတ်ဝင်ခန်းများ၊ ပြောရမည့်စာသားများနှင့် အတော်လေးအဆင်ပြေပေသည်။ သို့သော် သူက ဟယ့်ဟန်၏လွှမ်းမိုးမှုကို ခံလိုက်ရပြီး သူစကားပြောသောအခါ တစ်ချက်တစ်ချက် ထိုင်ဝမ်လေယူလေသိမ်းများ ပါလာတော့သည်။ သိပ်မပြင်းထန်သော်ငြား ကင်မရာပေါ်တွင် အတော်လေးသိသာနေပေရာ ၎င်းမှာ အနည်းငယ်ရယ်စရာဖြစ်နေပေသည်။
"ဘယ်လိုဖြစ်တာလဲ စစ်ရန်။" ထုတ်လုပ်သူက အလွန်စိတ်ဆိုးနေလေ၏။ "ငါတို့တွေ ဒီနှစ်ခန်းလေးရိုက်ဖို့ကို နေ့တစ်ဝက်လောက်အချိန်ကုန်နေပြီ။"
"ကျွန်တော် တောင်းပန်ပါတယ်။" ယန်စစ်ရန်က ပြောလိုက်သည်။ "ကျွန်တော် ဒီနေ့ အခြေအနေသိပ်မကောင်းလို့ ဇာတ်ကောင်ထဲကို မဝင်နိုင်ဘူးဖြစ်နေတယ်။ တောင်းပန်ပါတယ်၊ ကျွန်တော် ပရော်ဖက်ရှင်နယ်မဆန်ဘူးဖြစ်သွားတယ်။ အခုလိုကြန့်ကြာနေရတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။"
မည်သို့ပင်ဖြစ်စေ ယန်စစ်ရန်က လူသစ်တစ်ယောက်သာ။ သူ့တွင်အတွေ့အကြုံမရှိပေ။ သူ့ဘေးတွင် သရုပ်ဆောင်ကောင်းသည့်သူကသာ ဦးဆောင်ပြီးခေါ်သွားမည်ဆိုလျှင် သူလည်း သရုပ်ဆောင်ရာ၌ ပိုကောင်းလာလိမ့်မည်။ မဟုတ်လျှင် သူက ထိုဇာတ်ကောင်ထဲဝင်နိုင်မည်မဟုတ်ပေ။
ယွမ်ယယ်နှင့် ကျီရှောင်ထောင်းတို့နှစ်ယောက်လုံး ၎င်းတို့၏ရိုက်ကွင်းဘက်သို့ပြန်လာခဲ့ကြသည်။ ယွမ်ယယ်က ရယ်မောလျက် မှတ်ချက်ပေးလိုက်လေ၏။ "သူကလည်း မြေခွေးပေါက်လေးပဲ။"
"အမ်၊ သူက ဟန်ဆောင်နေတာလား။" ကျီရှောင်ထောင်းမှာ ရယ်မောလိုက်သည်။ "တမင်တကာ အဲ့လိုပြောနေတာပေါ့လေ?"
ယန်စစ်ရန် ထိုသို့ ရည်ရွယ်ချက်ရှိရှိသရုပ်ဆောင်နေခြင်းလားကို မည်သူမှမပြောနိုင်ပေ။ သို့သော် နောက်ပိုင်းတွင် ယန်စစ်ရန်အားကြည့်သော ဟယ့်ဟန်နှင့် သူ၏မန်နေဂျာ၏အကြည့်များမှာ ပြောင်းလဲလာခဲ့သည်။ ၎င်းတို့ကိုကြည့်ရသည်မှာ အတော်လေးစိတ်ဆိုးနေပုံပင်။ ယန်စစ်ရန်က အတော်လေးရဲတင်းသည်ဟု ပြောရမည်။ သူက အကြောက်အလန့်မရှိပေ။ သူ့ကို မည်သို့ပင်စူးစိုက်ကြည့်နေပါစေ သူက မမြင်ချင်ယောင်ပဲဆောင်နေလိုက်သည်။ သူမြင်ခဲ့လျှင်တောင် နားမလည်ချင်ယောင်ဆောင်နေခဲ့လေ၏။
ဟယ့်ဟန်၏မန်နေဂျာက လျှောက်လာပြီး သူ့အသံကိုနိမ့်ကာ ပြောလာ၏။ "ရှောင်တိလေး မင်း အခုလိုမျိုးသရုပ်ဆောင်လို့မရဘူးလေ။"
ယန်စစ်ရန်က ယဥ်ယဥ်ကျေးကျေး ပြန်ပြောလိုက်သည်။ "ကျွန်တော် တကယ်ကိုတောင်းပန်ပါတယ်။ ကျွန်တော် သရုပ်ဆောင်တာကို တစ်ခါမှမသင်ဖူးလို့ အားလုံးရဲ့အချိန်တွေကိုဖြုန်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။"
ဝါးဂွမ်းစလေးကို လက်သီးဖြင့်ထိုးလိုက်ခြင်းပင်။
ဟယ့်ဟန်တစ်ယောက် ပြန်လှည့်သွားကာ ထုတ်လုပ်သူနှင့် စကားပြောနေတော့သည်။ မည်သို့ပင်ဖြစ်စေ ယန်စစ်ရန်က ဖန်းရှောက်ယိ၏ကုမ္ပဏီမှဖြစ်သည်။ သူ့အား ဆူဆဲရန်မှာ မသင့်တော်ချေ။ တစ်စုံတစ်ယောက်ကသာ သူ့ကိုဆူလိုက်လျှင် ဖန်းရှောက်ယိကိုပြောနေသကဲ့သို့ဖြစ်လိမ့်မည်။
ရိုက်ကူးရေးပြီးနောက် ၎င်းတို့တွေ ဟိုတယ်သို့ပြန်လာခဲ့ကြသည်။ ကျီရှောင်ထောင်းက သူဝယ်လာခဲ့သောအဆာပြေမုန့်များကို သယ်လာရင်း ဟိုတယ်ဧည့်ခန်း၌ ယန်စစ်ရန်နှင့် အမှတ်မထင်တွေ့ဆုံခဲ့သည်။
ကျီရှောင်ထောင်းက သူ့ကိုအော်ခေါ်လိုက်၏။ "ရှောင်တိလေး!"
ယန်စစ်ရန်က ဖုန်းပြောနေပြီး ကျီရှောင်ထောင်းကိုမြင်လိုက်သောအခါ သူ့ကိုလက်ဝှေ့ယမ်းပြကာ နှုတ်ဆက်လာခဲ့သည်။ ကျီရှောင်ထောင်းက ဘီစကစ်တစ်ထုပ်ကိုယူကာ သူ့ဆီပစ်ပေးလိုက်၏။ ထို့နောက် သူက လက်မထောင်လျက် ချီးကျူးလိုက်လေသည်။ "ရှောင်တိ၊ ဒီနေ့ သရုပ်ဆောင်သွားတာ အရမ်းကောင်းတယ်။"
ယန်စစ်ရန်က ပြုံးပြလိုက်သည်။ သူက မုန့်ထုပ်ကိုဖမ်းလိုက်ပြီးနောက် ပြန်ပြောလာ၏။ "ကျေးဇူးတင်ပါတယ် ရှောင်ထောင်းကော။"
ယန်စစ်ရန် ဟယ့်ဟန်နှင့်အတူ နှစ်ရက်လုံးသရုပ်ဆောင်ခဲ့ရသည်။ အခြားသရုပ်ဆောင်များနှင့် တွဲဖက်သရုပ်ဆောင်တာလောက် လုပ်ဆောင်မှုမကောင်းခဲ့သော်လည်း နောက်ဆုံးမှာတော့ အောင်မြင်ခဲ့၏။ ထိုအခန်းများရိုက်ကူးပြီးနောက် ယန်စစ်ရန်မှာ တရားဝင်ပြီးဆုံးသွားပြီဖြစ်သည်။ သူက ဤရုပ်ရှင်အတွက် သူ၏ဇာတ်ဝင်ခန်းများအားလုံး ပြီးဆုံးသွားခဲ့သည်။
ကျန်းလင်းချွမ်၏ရုပ်ရှင်၌ သရုပ်ဆောင်ရခြင်းသည် ပွဲဦးထွက်ရန် အတော်လေးမြင့်သောနေရာတစ်ခုဖြစ်၏။ သို့သော် ထိုလူသစ်လေးမှာ လုံးဝအသစ်စက်စက်လူသစ်လေးဖြစ်နေပြီး သူ့ဘေးတွင် လက်ထောက်လည်း မရှိသလို မည်သူကမှ သူ့ကို ပန်းစည်းမပေးခဲ့ကြပေ။ ထို့ကြောင့် ကျီရှောင်ထောင်းက သူ့အတွက် ပန်းစည်းမှာပြင်ပေးခဲ့သည်။ ယန်စစ်ရန်က အပြုံးလေးဖြင့် လက်ခံယူလိုက်ပြီး အနည်းငယ်အံသြနေဟန်ဖြင့် ပြောလာ၏။ "ကျွန်တော်က ပန်းစည်းရတယ်?"
"ဘာလို့မရရမှာလဲ။" ကျီရှောင်ထောင်းက ပြောလိုက်သည်။ "ရှောင်တိလေး ပထမဆုံးရုပ်ရှင်ကို အောင်အောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်နော်။"
ယန်စစ်ရန်က ထပ်ပြီးပြုံးပြကာ ကျေးဇူးတင်လိုက်လေသည်။
ယန်စစ်ရန်၏အခန်းများအားလုံး ရိုက်ကူးပြီးသည့်နေ့က အချိန်စာရင်းအရ ကုမ္ပဏီသို့ ပြန်သွားရမည့်နေ့ဖြစ်သည်။ ကျီရှောင်ထောင်းက သူ့ကို လေဆိပ်သို့လိုက်ပို့ပေးခဲ့၏။ လမ်းတွင် ယန်စစ်ရန်က အတော်လေး စိတ်အခြေအနေပေါ့ပါးနေပုံပင်။ ကျီရှောင်ထောင်းက သူ့ကို မေးလိုက်သည်။ "မင်းကိုကြည့်ရတာ အတော်လေးပျော်နေပုံပဲ။"
ယန်စစ်ရန်က ခေါင်းညိတ်ပြလာ၏။ သူက နှာခေါင်းကို ပွတ်သပ်ရင်း ပြောလာခဲ့သည်။ "ဟုတ်၊ နောက်ဆုံးတော့ ရိုက်ကူးရေးပြီးသွားခဲ့ပြီလေ။"
"ဘယ်လိုခံစားရလဲ။" ကျီရှောင်ထောင်းက မေးလိုက်သည်။
ယန်စစ်ရန်က ခဏစဥ်းစားကာ အပြုံးဖျော့ဖျော့ဖြင့် ဖြည်းဖြည်းချင်းပြောလာ၏။ "အရမ်းကောင်းတယ်။ ကျွန်တော်နဲ့ လုံးဝရင်းနှီးမှုမရှိတဲ့နယ်ပယ်ကို တဖြည်းဖြည်းချင်း နားလည်လာပြီး အဲ့ဒါနဲ့ထိတွေ့ရတာ အရမ်းကောင်းတယ်။ ရှောက်ယိကောက ကျွန်တော့်ကိုအများကြီးသင်ပေးပြီး ဒါရိုက်တာကြီးကလည်း အရမ်းကောင်းတယ်။ ယွမ်ယယ်ကောကလည်း နှစ်သစ်ကူးပွဲတုန်းက ကျွန်တော့်ကို စာအိတ်နီပေးခဲ့သေးတယ်။ ပြီးတော့ ကော၊ ရှောင်ထောင်းကောကလည်း ကျွန်တော့်ကို အမြဲတမ်းဂရုစိုက်ပေးတယ်လေ။ ရင်းနှီးလာတဲ့ အဲ့ဒီအချိန်ကာလလေးက သိပ်ကိုလှပပြီး ကျွန်တော် အဲ့ဒါကို တန်ဖိုးထားမှာပါ။"
သူ ထိုကဲ့သို့စကားအများကြီးပြောသည်ကို ကျီရှောင်ထောင်း ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ သူက အနောက်လှည့်ကြည့်ကာ အနည်းငယ်အံအားသင့်နေပြီး ရယ်မောကာ ပြောလိုက်သည်။ "ကြိုးစားထား။"
ထိုနေ့က ယန်စစ်ရန်ကို လေဆိပ်သို့လိုက်ပို့ပြီးနောက် ကျီရှောင်ထောင်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိရမိလိုက်၏။ သူ အရင်က ထိုကိစ္စကိုမေးရန် အခွင့်အရေးမရခဲ့ပေ။ ယခုတွင် သူမှတ်မိလိုက်ပြီး ယန်စစ်ရန်ကိုမေးလိုက်လေ၏။ "အိုး ဟုတ်သားပဲ၊ ရှောင်တိ အရင်က မင်းကိုမေးဖို့ အခါအခွင့်မသင့်လို့မမေးမိခဲ့ဘူး။ ရိုက်ကွင်းမှာ မင်းကို အနိုင်ကျင့်တဲ့သူများရှိလား။"
ယန်စစ်ရန်မှာ ခဏတာ ကြောင်အမ်းသွားခဲ့သည်။ ထို့နောက် ခေါင်းယမ်းပြကာ အနည်းငယ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလာ၏။ "မရှိပါဘူး။ ရှောက်ယိကောလည်း အဲ့မှာရှိနေတာဆိုတော့ ဘယ်သူမှ ကျွန်တော့်ကို မနှောင့်ယှက်ဘူးလေ။"
ကျီရှောင်ထောင်းက ခေါင်းညိတ်ပြလိုက်သည်။ သူက ထွက်ခွာသည့်နေရာထိ လိုက်ပို့လိုက်ပြီး ပြောလိုက်၏။ "ကောင်းတယ်။ မင်း အခုဝင်သွားတော့လေ။"
ရိုက်ကွင်းရှိဘဝမှာ အမြဲတမ်း အပြေးအလွှားဖြင့်ရှုပ်ယှက်ခတ်နေသည်။ နေ့ရက်တိုင်းမှာ စစ်ပွဲတစ်ခုအလားပင်။ သို့သော် ပြန်လှည့်ကြည့်လိုက်လျှင် ၎င်းက တူညီပြီး ပျင်းရိငြီးငွေ့ဖွယ်ကောင်းသောအရာများကို ထပ်တလဲလဲလုပ်နေရခြင်းသာ။ ထိုရုပ်ရှင်က မေ၊ သို့မဟုတ် ဂျွန်လ၊ သို့တည်းမဟုတ် ထိုထက်ပို၍ကြာမြင့်သည်အထိ ရိုက်ကူးရလိမ့်မည်။ နောက်ဆုံးတွင် အချိန်တစ်ခုကြာပြီးနောက် ဖန်းရှောက်ယိကို 'စန်းချာ' ဟု မည်သူကမှ မခေါ်ကြတော့ပေ။ သူ့ကို တမင်တကာ နှိပ်စက်ရန်လည်း မလိုအပ်တော့ချေ။ သို့သော် ဖန်းရှောက်ယိက ထိုအကြောင်းပြချက်ကို အသုံချပြီး ယွမ်ယယ်ကို တိုင်တန်းနေတတ်သေးသည်။ အလွန်ကလေးဆန်ပေ၏။
[*သူ့ကို အနိုင်ကျင့်ကြပါတယ်ပေါ့]
ယွမ်ယယ် ထိုအကြောင်းနှင့်ပတ်သက်၍ ဘာမှမပြောသော်လည်း သူ၏နှလုံးသားထဲတွင် ဤရိုက်ကူးရေးအဖွဲ့သားများကို တေးထားလေသည်။ ဟယ့်ဟန်နှင့် သူ၏မန်နေဂျာကိုမြင်သည့်အခါတိုင်းလည်း အကြည့်လွှဲကာ တိတ်တဆိတ်သာ ဖြတ်လျှောက်သွားတတ်သည်။ ဟယ့်ဟန်နှင့် ၎င်းတို့၏တည်ရှိမှုက သူ့မျက်လုံးထဲမှည အပေးအယူမျှသာ။ သူက သူ၏စိတ်ခံစားချက်များကို သိသာအောင်ဖော်ထုတ်မပြသော်လည်း ဖန်းရှောက်ယိက အာရုံခံနိုင်နေဆဲပင်။
ညကိုးနာရီတွင် ယွမ်ယယ်က ဒါရိုက်တာနှင့် ဇာတ်ညွှန်းအကြောင်း မဆုံးနိုင်သောအငြင်းပွားမှုလေးဖြစ်နေခဲ့၏။ အခန်းထဲ၌ အဓိကတာဝန်ခံများလည်းရှိပေသည်။ ထိုစဥ် ဖန်းရှောက်ယိက သူ့ကို စာပို့လာ၏။ အိတ်ကပ်ထဲရှိ ယွမ်ယယ်၏ဖုန်းမှာ တုန်ခါသွားခဲ့သည်။ သူက ဖုန်းထုတ်ကာကြည့်လိုက်ရာ ဖန်းရှောက်ယိပို့ထားသည်မှာ: [ယွမ်ယယ်လောင်ရှီး လာခဲ့ပါဦး။]
ယွမ်ယယ်က အလျင်အမြန်စာပြန်လိုက်၏။ [မအားဘူး။]
ထိုသို့ပို့ပြီးနောက် သူက ဒါရိုက်တာနှင့် ဆက်လက်တိုက်ပွဲဝင်နေဆဲပင်။ ဟယ့်ဟန်၏ဖြစ်ရပ်မတိုင်ခင်ကလည်း ယွမ်ယယ် ဒါရိုက်တာနှင့် စကားများခဲ့ကြသည်။ သို့သော် ထိုကိစ္စပြီးနောက် ဇာတ်ညွှန်းနှင့်ပတ်သက်၍ အရင်ကထက် ပို၍တင်းကျပ်လာခဲ့သည်။ ၎င်းတို့တွေ ဆွေးနွေးမှုလုပ်တိုင်း စကားများကြ၏။ ၎င်းမှာ ရိုက်ကွင်းတွင်ပုံမှန်ဖြစ်ပြီး ကြီးကြီးမားမားကိစ္စမဟုတ်ပေ။ ယွမ်ယယ်က စိတ်ဆိုးသောကြောင့် ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်းမဟုတ်ဘဲ ဇာတ်ညွှန်းကို သူ၏နှလုံးသားဖြင့်ခံစားသောကြောင့်သာ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ဆွေးနွေးခြင်းမှာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်အဆုံးမသတ်ခဲ့ပေ။
တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးနိုင်ကြဘဲ ပြဿနာကို ခဏဘေးဖယ်ထားရုံသာ တတ်နိုင်ကြပြီး ပြေလည်အောင် မရှင်းနိုင်ကြသေးပေ။ ယွမ်ယယ်က ဒေါသထွက်ကာ ဖန်းရှောက်ယိ၏အခန်းဆီသို့ သွားခဲ့လေသည်။ သူ၏ပါးစပ်တွင်လည်း စီးကရက်တစ်လိပ်ကို ဖွာလျက်ဖြင့်ပင်။
ယွမ်ယယ် တံခါးခေါက်လိုက်သည်။ ဖန်းရှောက်ယိက တံခါးဖွင့်လိုက်သောအခါ တစ်ဖက်လူ၏အမူအရာကို တွေ့လိုက်ပြီး ရယ်မောလျက် မေးလာခဲ့သည်။ "ဒါရိုက်တာနဲ့ ထပ်ပြီး စကားများလာပြန်ပြီလား။"
"ငါ့အတွက်တော့ ဒီချီးထုပ်ရုပ်ရှင်ကားက သွားပြီပဲ။" ယွမ်ယယ်က အခန်းထဲသို့ဝင်လာပြီး ပြောလိုက်၏။ "ငါတို့တွေ ဘယ်လိုပဲရိုက်ရိုက် အမှိုက်ဖြစ်နေဦးမှာ။"
ဖန်းရှောက်ယိက သူ့ကို နှစ်သိမ့်ပေးလာခဲ့သည်။ "ဒါရိုက်တာကျန်းကို ယုံလို့ရပါသေးတယ်။"
ထိုစကားကိုကြားပြီးနောက် ယွမ်ယယ်က မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ဖန်းရှောက်ယိကို တစ်ချက်ကြည့်လိုက်သည်။ သူက ထိုစကားအား ပြန်မဖြေခဲ့ပေ။ဆေးလိပ်သောက်ပြီးနောက် ယွမ်ယယ်က မေးလိုက်သည်။ "ငါ့ကိုဘာလို့ခေါ်တာလဲ။"
ဖန်းရှောက်ယိက ပြုံးကာ ပြောလာခဲ့၏။ "ဘာမှတော့မဟုတ်ပါဘူး။ မင်း အခုတလော ကိုယ့်ကို ပိုးပန်းတာရပ်လိုက်လို့မို့။"
"..." ယွမ်ယယ်မှာ ဆွံ့အသွားခဲ့လေသည်။ သို့သော် ၎င်းမှာ အမှန်တရားဖြစ်ပေ၏။
ဟယ့်ဟန်၏ကိစ္စက သူ၏စိတ်အခြေအနေကို လုံးဝပျက်စီးသွားစေခဲ့သည်။ သူ့အရှေ့ရှိအရှုပ်အထွေးက အလွန်စိတ်အနှောင့်အယှက်ပေးလွန်း၏။ မည်သို့ပင်ဖြစ်စေ သူက ခေါင်းမာသည့်လူမျိုးဖြစ်သည်။ သူက စက်ဆုပ်ရွံရှာပြီး သူ၏နှလုံးသားအောက်ခြေကနေတောင် စိတ်အနှောင့်အယှက်ဖြစ်မှုကို ခံစားနေရသည်။ သူ ဤပတ်ဝန်းကျင်ကိုမနှစ်သက်ပေ။ ထို့ကြောင့် သူက အရာအားလုံးကို ခဏဘေးဖယ်ထားခဲ့သည်။
သူက တော်တော်များများ ပြောင်းလဲလာခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ဘယ်တုန်းကမှ ပြောင်းလဲမှုမရှိခဲ့သလိုပင်။
ဖန်းရှောက်ယိက ထိုနေရာ၌ထိုင်နေခဲ့၏။ သူက လေ့ကျင့်ခန်းလုပ်ကာ ရေချိုးထားခါစဖြစ်သည်။ ထို့နောက် သူက လက်ကိုအညောင်းဆန့်ရင်း ပြောလိုက်သည်။ "မင်း ကိုယ့်ကို ဆက်ပြီးပိုးပန်းဖို့လိုအပ်တယ်နော်။"
ယွမ်ယယ်က ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။ "အိုခေ၊ ငါလိုက်မှာပါ၊ လိုက်မှာပါ။"
ဖန်းရှောက်ယိက ခုတင်ခေါင်ရင်းကို မှီထိုင်လိုက်သည်။ သူ၏ကျောဘက်တွင် ခေါင်းအုံးတစ်လုံးရှိပေ၏။ ခုတင်ခေါင်းရင်းမှ အဝါဖျော့ဖျော့အလင်းရောင်က သူ့ကို ပိုလိုတောင် ခံ့ညားစေခဲ့သည်။ အနှီမြင်ကွင်းကြောင့် ယွမ်ယယ်၏နှလုံးသားလေးမှာ ပျော့ပျောင်းသွားရတော့သည်။ သူက မေးလိုက်၏။ "မင်း skincare လုပ်ပြီးပြီလား။"
ဖန်းရှောက်ယိက ယွမ်ယယ်ကိုစိုက်ကြည့်ကာ ခေါင်းယမ်းပြခဲ့သည်။
"မက်စ်ကပ်ချင်လား။" ယွမ်ယယ်က မျက်ခုံးပင့်ကာ မေးလိုက်၏။
ဖန်းရှောက်ယိက ငြင်းဆန်သောအမူအရာမျိုးပြမလာခဲ့ပေ။
ယွမ်ယယ်က ရယ်လိုက်ပြီး မက်စ်ခရင်ဘူးကိုယူကာ အိပ်ရာပေါ် ထိုင်လိုက်၏။ ထို့နောက် သူ၏ပေါင်ကို ပုတ်ပြလိုက်သည်။
ယခုတွင် ပြုံးနေသူမှာ ဖန်းရှောက်ယိသာဖြစ်သည်။ သူက ယွမ်ယယ်၏ပေါင်ပေါ် ခေါင်းခုအိပ်လိုက်သည်။ ခရင်မ်များကို ညီညီညာညာပျံ့နှံ့သွားစေရန် ယွမ်ယယ်၏လက်ချောင်းများက ဖန်းရှောက်ယိ၏မျက်နှာအနှံ့ နှိပ်နယ်ပေးနေခဲ့၏။
ယခုလိုညမျိုးတွင် ယခုကဲ့သို့လေထုမျိုးက ၎င်းတို့၏နှလုံးသားများကို အဘယ်မှာ မနူးညံ့မနွေးထွေးစေဘဲ နေလိမ့်မည်နည်း။ ၎င်းတို့နှစ်ဦးလုံး၏ အသက်ရှူသံများက ဖြေးဖြေးမှန်မှန်ဖြစ်နေခဲ့သည်။ ဖန်းရှောက်ယိ၏မျက်လုံးများက မှိတ်ထားပြီး ယွမ်ယယ်ကမူ ခေါင်းငုံ့ကာ တစ်ဖက်လူကို စိုက်ကြည့်နေခဲ့သည်။
သူ့မျက်လုံးရှေ့တွင်ရှိနေသူမှာ သူ့နှလုံးသားထဲမှ လူတစ်ယောက်ဖြစ်သလို ၎င်းမှာ အချိန်ဖြတ်သန်းမှုတစ်ခုလည်းဖြစ်သည်။
ယွမ်ယယ်က လက်ညှိုးလေးဖြင့် ဖန်းရှောက်ယိ၏နှာခေါင်းကို ညင်သာစွာ တို့ထိလိုက်၏။ သူ၏အကြည့်များထဲတွင် ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
ဖန်းရှောက်ယိက ပါးစပ်ဖွင့်ဟကာ ခေါ်လာခဲ့သည်။ "ယွမ်ယယ်။"
ယွမ်ယယ်က အသံပြုလိုက်၏။
ဖန်းရှောက်ယိ၏မျက်လုံးများက ပွင့်လာခဲ့ပြီး ယွမ်ယယ်နှင့် အကြည့်ချင်းဆုံလိုက်သည်။ ၎င်းတို့နှစ်ဦးလုံး တစ်ဖက်လူ၏မျက်ဝန်းထဲမှ မိမိ၏ပုံရိပ်ကိုတောင် မြင်တွေ့နိုင်ခဲ့ကြသည်။ ဖန်းရှောက်ယိက သူ့ကို ဖြည်းဖြည်းချင်းပြောလာ၏။ "မင်း တစ်ခုခုကို သဘောမကျတာနဲ့ ကိုယ့်ကို နွေးနွေးထွေးထွေးဆက်ဆံပေးတာကို ရပ်လိုက်လို့မရဘူး။ အခုလိုပေါ့၊ ရိုက်ကူးရေးအဖွဲ့သားတချို့ကို မုန်းနေတာနဲ့ပဲ ကိုယ့်ကိုပိုးပန်းတာကို ရပ်လိုက်တာမျိုး။"
ယွမ်ယယ်က ရုတ်တရက် ထရယ်တော့သည်။ သူက မေးလိုက်၏။ "မင်း အခုလိုဖြစ်နေတာက ငါ ဒီအတောအတွင်းမှာ မင်းကို ကောင်းကောင်းမပိုးပန်းရသေးလို့ပေါ့?"
"ဟင့်အင်း။" ဖန်းရှောက်ယိက သူ၏မျက်ဝန်းများထဲကို နက်ရှိုင်းစွာစိုက်ကြည့်နေခဲ့သည်။ သူ၏လေသံက တည်ငြိမ်နေပေ၏။ "ကိုယ်ပြောနေတာက မင်းရဲ့နှလုံးသားထဲကခံစားချက်တွေနဲ့ အတွေးတွေကို ကိုယ်ခံစားမိလို့ပါ။ ကိုယ် မင်းကို စိတ်ပျက်အောင်လုပ်မိတာ၊ ဒါမှမဟုတ် ဒီနေရာက တစ်စုံတစ်ခုကို သဘောမကျတာမျိုးရှိလာခဲ့ရင် ကိုယ့်ကိုပြောပြဖို့ လိုအပ်တယ်။ မင်းက ဘာမှမပြောသလို မင်းရဲ့ခံစားချက်တွေကို လုံးဝဖော်မပြဘဲ အေးတိအေးစက်ပြုမူနေရင် မင်း ပင်ပန်းနေပြီလားလို့ ကိုယ့်ကိုအတွေးဝင်စေတယ်။"*
[TN/ယွမ်ယယ်က သူတို့ဆက်ဆံစေးကို ငြီးငွေ့နေပြီလား၊ ပင်ပန်းနေပြီလားလို့ တွေးမိစေတာပါ။]
ယွမ်ယယ် အစပိုင်းမှာ လုံးဝမတုံ့ပြန်ခဲ့ပေ။ ထို့နောက် သူက ဖန်းရှောက်ယိ၏နားရွက်နှစ်ဖက်ကို အသာအယာဆွဲညှစ်လိုက်သည်။ "မဟုတ်ပါဘူး။ တချို့အရာတွေကို တစ်ကြိမ်ဆုံးရှုံးဖူးတာနဲ့တင် လုံလောက်နေပါပြီ ပေါင်ပေ့ရဲ့။"
ဖန်းရှောက်ယိက သက်ပြင်းချလိုက်သည်။ "ကိုယ်က အခု အသက်ကြီးနေပြီ။ တချို့အရာတွေကို ပြောဖို့ မတတ်နိုင်တော့ဘူး။"
ယွမ်ယယ်က ရယ်မောလျက် မေးလိုက်သည်။ "ဘာပြောချင်လို့လဲ။"
ဖန်းရှောက်ယိက မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက် တိုးညှင်းစွာ ပြန်ဖြေခဲ့သည်။ "ကိုယ်တို့နှစ်ယောက်ကြားမှာ အကြည့်တစ်ချက်တည်းနဲ့တင်တောင် ကိုယ် အဲ့ဒါကိုခံစားနိုင်ပြီး ကိုယ့်ရဲ့နှလုံးသားက အထိတ်တလန့်ဖြစ်လာရတယ်။"
*****