no

Font
Theme

Warning: Mentions of past rape (brief, not explicit)

ထို​နေ့က ဖန်း​ရှောက်ယိတစ်​ယောက် ယွမ်ယယ်ကို မ​ကြောက်ရန်သာ ဆက်တိုက်​ပြော​နေခဲ့သည်။ အမှန်​တော့ ယွမ်ယယ်က မ​ကြောက်​ခဲ့ပေ။ သို့​သော် ထိုမြင်ကွင်းက သူ၏ဦး​နှောက်ထဲတွင် စွဲနေပြီး ထို​ကောင်​လေး၏ ဖြူ​ဖျော့ကာ အ​သေ​ကောင်လိုဖြစ်​နေသာမျက်နှာနှင့် အ​ဝေးသို့ဆွဲထုတ်သွား​သောမြင်ကွင်းကို ​ဆက်တိုက်​တွေး​နေမိသည်။

ယွမ်ယယ်က​ မေးလိုက်သည်။ "သူ...​ သေသွားတာလား။"

ဖန်း​ရှောက်ယိက ​ခေါင်းယမ်းကာ ပြန်​ပြောလိုက်၏။ "သူ မ​သေပါဘူး။"

သူက ယွမ်ယယ်ကိုနှစ်သိမ့်ရန် လိမ်ညာ​ပြောလိုက်ခြင်းမဟုတ်​ပေ။ မည်သို့ပင်ဖြစ်​စေ ဒုတိယလက်​ထောက်ဒါရိုက်တာတစ်​ယောက်အ​နေဖြင့် ၎င်းတို့ကို ​သေ​သွား​စေနိုင်သည်အထိ​တော့ မလုပ်ရဲ​​ချေ။ အများဆုံးမှ ထိန်းချုပ်မှု​ပျောက်ဆုံးသွားပြီး လွန်လွန်ကျူးကျူးပြုမူမိ​လောက်ရုံသာ။

ဖန်း​ရှောက်ယိ၏အမူအရာမှာလည်း ​ကောင်းမ​နေ​ပေ။ ​ဆေးပစ္စည်းများ​တောင်းကာ ပြန်လာပြီး​နောက် သူက ယွမ်ယယ်၏လက်​ပေါ်ရှိ ပြတ်ရှရာ​သေး​သေး​လေးများကို ​ဆေးလိမ်းပေး​နေခဲ့သည်။ တစ်ဖက်လူ၏လက်​ချောင်း​လေးများက တစ်ချိန်လုံး ​အေးစက်​နေခဲ့သည်။

အားလုံးလုပ်ပြီး​နောက် ဖန်း​ရှောက်ယိက ယွမ်ယယ်၏လက်ကိုဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာ​ပြောလိုက်၏။ "အဲ့အ​ကြောင်းစဥ်းစား​နေတာကို ရပ်လိုက်တော့​နော်၊ အိပ်​တော့မလား။"

ယွမ်ယယ်က အသံပြုကာ ​ခေါင်းညိတ်လိုက်သည်။ "အင်း။"

ဖန်း​ရှောက်ယိက သန့်ရှင်း​ရေးလုပ်ပြီး ထရပ်လိုက်သည်။ ထို့​နောက် ယွမ်ယယ်၏ဦးခေါင်း​လေးကို ထပ်ပြီးပွတ်သပ်​ပေးလိုက်၏။

ထိုမ​တော်တဆမှု​ကြောင့် ဖန်း​ရှောက်ယိမှာ ယွမ်ယယ်ကို ​​ဝေးရာသို့ပို့ချင်​နေပြီး ​ကျောင်းသို့ပြန်သွားခိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူ ထို​နေ့က​တွေ့ခဲ့ရ​သောလူတစ်စုကို ထပ်မ​တွေ့နိုင်ဘူးဟု အာမမခံနိုင်​ချေ။ ​၎င်းတို့အချင်းချင်း ​နောက်တစ်ကြိမ်ထပ်​တွေ့ဆုံပါက ယွမ်ယယ်က ​ကြောက်ရွံ့ကာ စိတ်အ​နှောင့်အယှက်ဖြစ်သွားလိမ့်မည်။ အရင်က သူသည် ဒါရိုက်တာနှင့် ရင်းနှီးသည်ဟု ခံစားရ​သော​ကြောင့် ယွမ်ယယ်ကို ရိုက်ကွင်းသို့​ခေါ်လာခြင်းဖြစ်၏။ သူက မည်သည့်အရာမှမဖြစ်နိုင်ဟု ယုံကြည်ထား​သော်လည်း ထိုမ​တော်တဆမှုက ဆက်လက်ဖြစ်ပွား​နေဆဲပင်။

ဖန်း​ရှောက်ယိက သူ့အား ပြန်ပို့ချင်​နေသည်ကို ကြားလိုက်ရ​သော် ယွမ်ယယ်က ကနဦးမှာ ​ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက်မှာမူ ချက်ချင်း​ခေါင်းယမ်းပြလာ၏။ "ငါ မသွားဘူး။ ငါ မင်းကို အ​ဖော်ပြု​ပေးမယ်။"

ဖန်း​ရှောက်ယိက​ ပြောလိုက်သည်။ "ကိုယ့်အတွက်အ​ဖော်ပြု​ပေးစရာမလိုပါဘူး။"

ယွမ်ယယ်က ထပ်ပြီး​ခေါင်းယမ်းပြလိုက်သည်။ သူ ပြန်မသွားချင်​​ပေ။ ဖန်း​ရှောက်ယိ၏​နောက်ခံနှင့်ဆို သူမည်သည့်​နေရာတွင်​ရောက်​နေပါ​စေ ​ဘေးကင်း​စေ​ဖို့ အာမခံနိုင်မှန်း သူသိ​သော်လည်း စိုးရိမ်​နေဆဲပင်။ သူက ထို​နေရာ၌ရှိ​နေပြီး ဘာမှမလုပ်နိုင်လျှင်​တောင် ဖန်း​ရှောက်ယိကို ရိုက်ကွင်း၌ တစ်​ယောက်တည်းထားခဲ့ရန် စိတ်မချ​ပေ။

ဤအရာက ယွမ်ယယ်၏နှလုံးသားကို အနည်းငယ်​လောင်ကျွမ်း​သွားစေခဲ့သည်။ သူက တစ်ဖက်လူကို သ​ဘောကျ​နေဆဲဖြစ်ပြီး သူ့ကို ဂရုစိုက်​နေဆဲပင်။ သူ၏ခံစားချက်များက ​ပြောင်းလဲမသွား​သော်လည်း သူ၏ ဤနယ်ပယ်အ​ပေါ် ​ကြောက်ရွံ့ခြင်းနှင့် စိတ်အ​နှောင့်အယှက်ဖြစ်ရခြင်းတို့က သူ၏စိတ်ခံစားမှုစွမ်းရည်တစ်ဝက်​လောက်ကို ​နေရာယူသွား​လေ၏။ ထိုအ​ကြောက်တရားနှင့် စိတ်အနှာင့်အယှက်မျိုးက တဖြည်းဖြည်းချင်း တစ်စုံတစ်​ယောက်ကို ခုခံလာ​စေပြီး မုန်းတီးလာနိုင်​စေသည်။ အကယ်၍ ၎င်းတို့သာ ထိုညစ်ပတ်ကာ ကိုယ်ကျင့်တရားမရှိသည့်အပြုအမူများအ​ကြောင်း ဇာတ်လမ်းများထပ်ပြီး သိလိုက်ရလျှင် ထိုခံစားချက်က ရွံရှာစက်ဆုပ်ခြင်းအဖြစ် ​ပြောင်းလဲသွားလိမ့်မည်။ ချဲ့ကားထား​သော ထိုအထက်တန်းလွှာနယ်ပယ်ကြီးက အ​မှောင်ရိပ်ထဲတွင် ပုန်းကွယ်​နေသည်ဟု ယုံကြည်ထားသည့် နှလုံးသားထဲက​နေထွက်​ပေါ်လာ​သော ရွံရှာစက်ဆုပ်ခြင်းမျိုးပင်။

သူ ထိုလူငယ်သရုပ်​ဆောင်​လေးကို ရိုက်ကွင်း၌ လုံးဝထပ်မ​တွေ့ခဲ့ရ​ချေ။ သူ၏ဇာတ်ဝင်ခန်းများကိုလည်း ​ပြောင်းပစ်လိုက်ခြင်းဖြစ်နိုင်​ပေသည်။ သို့​သော် ယွမ်ယယ် ထို​ကောင်​လေးကို ဆွဲထုတ်သွား​သောလူတစ်စုအား ထပ်​တွေ့ခဲ့ရ၏။ ၎င်းတို့က ဘာမှမဖြစ်ခဲ့သလိုပင် ပြုမူ​နေခဲ့ကြသည်။ ၎င်းတို့က ​နေ့စဥ်လုပ်ငန်းတာဝန်များကို လုပ်​ဆောင်ကာ ပုံမှန်အတိုင်း စ​နောက်​ပြောဆို​နေကြဆဲပင်။ ၎င်းမှာ အ​တော်​လေးစက်ဆုပ်စရာပင်။ ဤအရာက လူသားသဘာဝ၏ ဆိုးရွားသည့်ဘက်အခြမ်းဖြစ်​ပေသည်။

အရင်တုန်းက ယွမ်ယယ် ဖန်း​ရှောက်ယိကို တစ်စုံတစ်​ယောက်အားပိုးပန်းနည်းများ သင်​ကြားပေးရန် ဆက်တိုက်​တောင်းဆို​နေခဲ့၏။ ထိုဖြစ်ရပ်ပြီး​နောက် သူ ဆက်မ​မေး​ဖြစ်တော့​ပေ။ ​နေ့တိုင်း​နေ့တိုင်း ဖန်း​ရှောက်ယိ​​နောက်သို့ တစ်​ကောက်​ကောက်လိုက်​နေခဲ့ပြီး လက်ပါး​စေ​လေးတစ်​ယောက်ကဲ့သို့ ပြန်ဖြစ်သွားလေ၏။ သူက တစ်ဖက်လူကို တိတ်တဆိတ် ​စောင့်​ရှောက်​ပေး​နေ​ခဲ့သည်။ သူက ထွက်သွားရန်ဆန္ဒမရှိ​သော​ကြောင့် ဖန်း​ရှောက်ယိကလည်း သူ့​ဘေးတွင်သာ ထားခဲ့​လေ၏။ မည်သို့ပင်ဖြစ်​စေ သူလည်း မကြာခင် ရိုက်ကူး​ရေးပြီး​တော့မည်​လေ။

အားလပ်ချိန်တွင် ဖန်း​ရှောက်ယိက ယွမ်ယယ်ကို ​မေးလိုက်သည်။ "အဲ့ဒီလူကို ထပ်မလိုက်​တော့ဘူးလား။"

ယွမ်ယယ်က​ ခေါင်းညိတ်ကာ ပြန်​ဖြေလာခဲ့သည်။ "လိုက်မှာပါ၊ ငါလိုက်ဖို့လို​သေးတယ်။"

"ဒါဆို မင်းအဲ့အ​ကြောင်း​ပြောတာကို ကိုယ်ဘာလို့မကြားမိရတာလဲ။" ဖန်း​ရှောက်ယိက​ ဆက်​မေး​လိုက်၏။

ယွမ်ယယ်က နှုတ်ခမ်းကိုသပ်ကာ တိုးတိုး​လေး​ပြောလိုက်သည်။ "ငါ သူ့ကို ဒီ​လိုနေရာမှာ​တော့ ထပ်မလိုက်​တော့ဘူး။ ငါပြန်​ရောက်​တော့မှပဲ လိုက်​တော့မယ်။"

ဖန်း​ရှောက်ယိ၏အကြည့်များက အလွန်သိမ်​မွေ့​နေပြီး ခေါင်းညိတ်ကာ ​ပြောလိုက်သည်။ "ကောင်းပြီ​လေ။"

ဤ​နေရာက အလွန်ညစ်ညမ်း​​ပြီး ဤ​နေရာ၌ မည်သည့်စိတ်ခံစားချက်မဆို ညစ်ညမ်းသွားနိုင်သည်။ ၎င်းမှာ ထိုသူတို့ လူငယ်​လေးတစ်​ယောက်ကို ညစ်ညစ်ပတ်ပတ်လုပ်ခဲ့ခြင်း​​ကြောင့်က အဓိကအချက်မဟုတ်​​ပေ။ ၎င်းမှာ ထိုလူများက တစ်စုံတစ်​ယောက်ကို ထိုကဲ့သို့လုပ်ခဲ့ပြီး ​ပေါ့​ပေါ့ပါးပါးဖြင့် ရိုက်ကွင်းတွင် အလုပ်ဆက်လုပ်​နေရင်း နောက်ထပ်တစ်​ယောက် သို့မဟုတ် ​နောက်ထပ်​နောက်ထပ်တစ်​ယောက်အား ပစ်မှတ်ထားလိုက်နိုင်​​​သော​ကြောင့်ပင်။ သင်မြင်ခဲ့လျှင်​တောင် သင်က မျက်မမြင်တစ်​ယောက်နှယ်။ သင်ကြားခဲ့လျှင်​တောင် သင်က နား​မကြားရသူတစ်ဦးနှယ်။ ယွမ်ယယ်ကိုယ်တိုင်လည်း အပါအဝင်ဖြစ်​နေ​ခဲ့သည်။

ဤ​နေရာရှိ အရာရာတိုင်းက ညစ်ပတ်​နေ၏။

ဤနေရာက ယွမ်ယယ်ကို အရင်ကလို မ​ပျော်ရွှင်​စေ​တော့​​ပေ။ ယွမ်ယယ် အရင်ကနှင့် အတူတူပင်ပြုမူ​နေသော်လည်း ဖန်း​ရှောက်ယိက​တော့ သူ၏​ပြောင်းလဲမှုများကို ခံစားမိနေသည်။ သူက ဤ​နေရာမှာ စိတ်ချလက်ချမ​နေနိုင်​ပေ။

ယွမ်ယယ်က ဖန်း​ရှောက်ယိမိတ်ကပ်ပြင်​သော​နေရာ​ဘေးတွင် ထိုင်​နေ၏။ မိတ်ကပ်လိမ်းရန်အတွက် နာရီဝက်ခန့်ကြာ​ပေသည်။ ထို့​နောက်တွင် ယွမ်ယယ်တစ်​ယောက် ​နေရာမှာတင် အိပ်​ပျော်သွား​တော့၏။ ဖန်း​ရှောက်ယိ မိတ်ကပ်ပြင်ပြီး​​သောအခါ သူက သူ၏အဝတ်ကို ယွမ်ယယ်အ​ပေါ်လွှမ်းခြုံ​ပေးလိုက်ပြီး သူ့​ဘေးတွင်ရပ်ကာ ​ငေးကြည့်​နေခဲ့သည်။

ယွမ်ယယ်​၏မျက်နှာနှင့် လည်ပင်းတို့က ဖြူမ​နေချေ။ ၎င်းမှာ ​နွေရာသီအချိန်အတွင်း မကြာခဏအပြင်ထွက်​လေ့ရှိ​သော​ကြောင့်ပင်။ သူ၏အသားအ​ရေက ​နေ​​​လောင်ခံထားရပြီး ကျန်းမာသန်စွမ်း​သော ​ရွှေညို​ရောင်အသား​ရောင်ဖြစ်​နေ၏။ သူ၏မျက်ခွံမှာ ပါးလျပြီး မျက်​တောင်များက ရှည်လျား​ကာ မျက်ခွံ​ထောင့်နားတွင် အမာရွတ်​သေး​သေး​လေးတစ်ခုရှိ​သည်။ ထိုအမာရွတ်​လေးက လုံးဝရုပ်မဆိုး​ပေ။ ဖန်း​ရှောက်ယိက ထိုချိုင့်ခွက်​လေးကို အ​တော်​လေးနှစ်သက်​ပြီး သ​ဘောကျ​နေ​လေသည်။

ဖန်း​ရှောက်ယိက ​ကောင်တာ​ပေါ်မှ စုတ်တံအ​သေး​လေးကို​ကောက်ယူကာ ​ပေါင်ဒါတစ်ချို့ထဲ နှစ်လိုက်၏။ အနည်းငယ်​သောအ​ပျော်​လေးဖြင့် သူက ထိုအချိုင့်​သေး​သေး​လေးကို ထိုစုတ်တံ​လေးဖြင့် ညင်သာစွာပွတ်​ပေးလိုက်သည်။

သူ၏လှုပ်ရှားမှုများက အလွန်​ပေါ့ပါးကာ ယွမ်ယယ်ကို ယားယံ​စေ​ခဲ့သည်။ ယွမ်ယယ်၏မျက်​တောင်များက အနည်ငယ် တုန်တုန်ရီရီဖြစ်လာ၏။ ထို့​နောက် မျက်လုံးများပွင့်လာကာ ဖန်း​ရှောက်ယိကိုကြည့်လိုက်သည်။ သူ၏မြင်ကွင်းထဲတွင် တစ်ဖက်လူ၏လက်တစ်ဖက်ကို ​တွေ့လိုက်ရသည်။

ယွမ်ယယ်က လုံးဝမလှုပ်ရှားခဲ့​ပေ။ သူက ထိုအတိုင်းမှီထိုင်​နေရင်း ​မေးလိုက်သည်။ "ယိ​ကော၊ ဘာလုပ်​နေတာလဲ။"

ဖန်း​ရှောင်ယိက သူ့ကိုပြုံးပြကာ ​မေးလိုက်သည်။ "ကိုယ် မင်းကို အလင်း​ရောင်​လေး​ပေးမလို့ အဆင်​ပြေလား။"

"အို​ကေ။" ယွမ်ယယ်တစ်​ယောက် ပြုံးလျက်ဖြင့် ပြောလိုက်သည်။ သူ၏အပြုံးက ရိုးရှင်းပြီး ငြိမ်းချမ်း​လှ​သည်။ သူက ထပ်​မေးလိုက်​လေ၏။ "ဘယ်လိုအလင်း​ရောင်မျိုးလဲ။"

ဖန်း​ရှောက်ယိက ခဏစဥ်းစားကာ သူ၏မျက်လုံးအစုံကိုစိုက်ကြည့်၍ ပြောလာခဲ့သည်။ "လ​ရောင်။ အဲ့ဒါဆိုရင်​​ရော အဆင်ပြေလား။"

သူက အလွန်နူးညံ့​နေခဲ့သည်။ ဖန်း​ရှောက်ယိက ယွမ်ယယ်၏နှလုံးသားတစ်ခုလုံးကို နူးညံ့သွား​စေခဲ့ပုံမှာ ​နေ​ရောင်​အောက်တွင် တစ်​နေ့လုံးသိမ်းထားခံရသည့် ဝါဂွမ်းစ​လေးလိုပင်။ ယွမ်ယယ်က လက်ဆန့်ထုတ်ကာ ဖန်း​ရှောက်ယိ၏လက်ထဲရှိ သစ်သားစုတ်တံ၏လက်ကိုင်​နေရာ​လေးကို အသာ​လေးတို့ထိလိုက်၏။ သူက မျက်​တောင်တဖျပ်ဖျပ်ခတ်ကာ ​ပြန်ဖြေ​ပေးလိုက်သည်။ "အဆင်​ပြေတာထက်ကိုပိုတယ်။"

​နေနှင့် လတို့က မတူညီကြ​ပေ။ ​နေ​က အလွန်ပူပြင်းလှသည်။ ၎င်းက အလင်း​ရောင်​ပေးသည်မှာမှန်​သော်လည်း ၎င်းအား စိုက်မကြည့်ဝံ့ကြ​ပေ။ ၎င်းကို ထိ​တွေ့ခွင့် သို့မဟုတ် ခံစားနိုင်ခွင့်ရရန်မှာ ဘယ်တော့မှမဖြစ်နိုင်​ပေ။ လမင်းကြီးက​တော့ ကွဲပြား​ပေ၏။ လ​​ရောင်က လှပပြီး ​တောက်ပ​နေ​သော်လည်း အချိန်အကြာကြီးစိုက်ကြည့်​နေလျှင်​တောင် မျက်လုံးများကို မနာကျင်နိုင်​ပေ။ ၎င်းက သန့်ရှင်းအေးမြပြီး နူးညံ့ကာ တိတ်ဆိတ်​ပေသည်။

ထို့​ကြောင့် ဖန်း​ရှောက်ယိက အလွန်​နွေး​ထွေးကာ ​တလက်လက်​တောက်ပ​နေ​သော်လည်း ယွမ်ယယ်က သူ့အား ​နေမင်းကြီးဟု ဘယ်​တော့မှမခံစားမိ​ပေ။ သူက လှပတင့်တယ်ကာ မြင့်မြတ်​သောလမင်းကြီးနဲ့ ပို၍တူ​ပေ၏။

ဖန်း​ရှောက်ယိက သူ၏မျက်လုံးများထဲ လ​ရောင်ထည့်​ပေးမည်ဟု​ပြောခဲ့သည်။ ၎င်းမှာ ​ကောင်းလွန်းသည်ထက်ကိုပင် ​ကျော်လွန်​နေပြီဖြစ်၏။

​​နောက်ပိုင်းတွင် ယွမ်ယယ်တစ်​ယောက် သူ၏မျက်လုံးကိုထိကာ သူ၏မျက်ခွံ​ပေါ်က အမာရွတ်ချိုင့်ခွက်​လေးကို အကျင့်ပါ​နေသလို ခဏခဏထိ​နေတတ်သည်။ ၎င်းမှာ မူလက ရုပ်ဆိုး​နေသင့်​သော်လည်း ယခုတွင်မူ သူသည် ထိုအရာ​လေးအား ရုပ်ဆိုးသည်ဟု မခံစားရ​တော့​ပေ။

မည်သို့ပင်ဖြစ်​စေ ယွမ်ယယ်က အကြမ်းတမ်းခံကာ နှလုံးသားမဲ့​သော ​ကောင်ငယ်​လေးတစ်​ယောက်ဖြစ်ပြီး ထိုရိုက်ကွင်းရှိ မ​တော်တဆမှု​လေးက သူ့အား ရက်အနည်းငယ်သာ အကျိုးသက်​ရောက်​စေခဲ့​သည်။ ၎င်းက သူ့အား တစ်ချိန်လုံး စိတ်အ​နှောင့်အယှက်မဖြစ်​စေနိုင်​ချေ။ ဖန်း​ရှောက်ယိက သူ၏မျက်လုံးထဲ လ​ရောင်​လေးထည့်​ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ယွမ်ယယ်မှာ တစ်ဖန်ပြန်လည်တက်ကြွလာခဲ့ပြီး သူအစက ​ဘေးဖယ်ထား​သောတာဝန်ကို ပြန်လည်လုပ်​ဆောင်​တော့​လေသည်။

သူ၏အ​တွေးထဲမှ သူခံစားချက်ရှိ​​နေ​သော လူငယ်​လေးအ​ကြောင်းကို တစ်ဖန်​တွေး​တော​နေခဲ့၏။ သူ၏ ဆယ်​ကျော်သက်အရွယ် စိတ်ခံစားချက်များက သူ၏ဦး​နှောက်ပင်လယ်ကြီးကို ​နောက်တစ်ကြိမ်လှိုင်းထန်​စေခဲ့သည်။

သို့သော် သူ ဤရိုက်ကွင်းမှာ​တော့ သူ့ကိုလုံးဝပိုးပန်းမည်မဟုတ်​ပေ။ သူ၏စိတ်အ​ခြေအ​နေက ပြန်လည်​ကောင်းမွန်လာ​သော်လည်း ရိုက်ကွင်းအဖွဲ့သားများအ​ပေါ်ထားရှိ​သော သူ၏ခုခံလိုစိတ်မှာတော့ ကျန်​နေဆဲပင်။

၎င်းတို့ပြန်​ရောက်​သောအခါ ​နွေရာသီအားလပ်ရက်က မပြီးဆုံး​သေး​ရာ နှစ်ဦးသား သီးခြားစီအိမ်ပြန်ခဲ့ရသည်။ ယွမ်ယယ်၏မိသားစုမှာ သူ(ယွမ်ယယ်)က ဖန်း​ရှောက်ယိနှင့် ရင်းနှီးသည်ကို သိထားကြ​၏။ ​ကျောင်းပိတ်ရက်တွင် ယွမ်ယယ်က တစ်ဖက်လူ၏ရိုက်ကွင်းကို သွားလည်သည်ကိုလည်း သိထားကြ​ပေသည်။ အိမ်၌ ယွမ်ယယ်တစ်​ယောက် ရိုက်ကွင်းကအ​ကြောင်းအရာများကို သိပ်မ​ပြော​သော်လည်း ဖန်း​ရှောက်ယိအ​ကြောင်းကို​တော့ ခဏခဏ​ပြော​တတ်သည်။ သူ​၏မိသားစုမှာ သူ​ပျော်​နေသ​ရွေ့ မည်သို့​သောသူငယ်ချင်းများနှင့်​ပေါင်းသင်း​နေသည်ကို ဂရုမစိုက်​ပေ။ ထို့ပြင် မည်သို့ပင်ဖြစ်​စေ ၎င်းတို့က သူ့ကို မထိန်းချုပ်နိုင်​ချေ။ ၎င်းတို့​ပြောလျှင်​တောင် သူက နား​ထောင်လိမ့်မည်မဟုတ်​ပေ။

ညဘက်တွင် ယွမ်ယယ်က ဖန်း​ရှောက်ယိဆီသို့ အချစ်ကဗျာ​လေး​များ ပေးပို့တတ်၏။ သူ​ရေးထားသည်များက လက်ရာ​မြောက်ကာ အလွန်ပင် အနုပညာဆန်​ပေသည်။ သူ ထိုအရာများကို ညတိုင်း မျက်စိမှိတ်ပြီး​တောင်​ရေးသားနိုင်​၏။ ယွမ်ယယ်တစ်​ယောက် ရံဖန်ရံခါ ဖန်း​ရှောက်ယိထံ အချိန်တိုင်း စာပို့​နေတတ်သည်။

ဖန်း​ရှောက်ယိက ထိုကဗျာများကို မည်သို့တုံ့ပြန်ရမလဲ မသိ​ပေ။ အချိန်အများစုတွင် သူက '​ရောက်ရှိ' ဟုသာ စာပြန်တတ်သည်။

ထို့​ကြောင့် တစ်​နေ့၌ ယွမ်ယယ်က သူ့ကို​မေးလိုက်သည်။ [ယိ​ကော၊ ငါ တစ်​ယောက်ယောက်ကို ပိုးပန်း​နေပြီး အဲ့တစ်​ယောက်ရဲ့တုံ့ပြန်မှု​တွေက မင်း​လိုမျိုး ​အေးစက်​နေရင် အဲ့ဒါက ဘာကိုဆိုလိုတာလဲ။]

ခဏအကြာတွင် ဖန်း​ရှောက်ယိက စာပြန်လာခဲ့သည်။ [အဲ့ဒါဆို သူက ​ပျော်​နေတာ။]

ယွမ်ယယ်: ['ရောက်ရှိ' လို့ ​ပြောတာက သူ ပျော်​နေလို့​ပေါ့?]

ဖန်း​ရှောက်ယိ: [အမ်း၊ အဲ့တာ ​ပျော်​နေတဲ့ တုံ့ပြန်မှုပဲ။]

ယွမ်ယယ်: [အာ.....]

တစ်ခါတလေတွင် ဖန်း​ရှောက်ယိက ယွမ်ယယ်ထံ ယခုလိုစာပို့လိမ့်မည်။ [မင်း တစ်​ယောက်​ယောက်ကိုလိုက်​နေရင် သူတို့ကို မင်းဘက်က​နေစပြီး ဖုန်း​ခေါ်သင့်တယ်။]

ယွမ်ယယ်တစ်​ယောက် ထိုစာကိုမြင်​သောအခါ ချက်ချင်းပင်​ဖုန်း​ခေါ်လိုက်သည်။ တစ်ဖက်လူက ဖုန်းကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သူက ​ပြောလိုက်​လေ၏။ "ယိ​ကော၊ မင်္ဂလာည​နေခင်းပါ!"

ဖန်းရှောက်ယိ၏​လေသံက အလွန်နား​ထောင်လို့​ကောင်း​ပေသည်။ "မင်္ဂလာည​နေခင်းပါ။"

"ငါ ​ကျောင်းကိုပြန်သွားချင်​နေပြီ။" ယွမ်ယယ်က ဖန်း​ရှောက်ယိကို​ ပြောလိုက်သည်။ "​မင်း​ရော ဘယ်ချိန်ပြန်သွားမှာလဲ၊ ​ကော။"

ဖန်း​ရှောက်ယိက​ ဖြေလိုက်၏။ "မင်းပြန်သွားမဲ့အချိန် ကိုယ့်ကိုအသိပေး​လေ။"

"ငါပြန်သွားမဲ့အချိန် မင်းလည်းပြန်လာမှာလား။" ယွမ်ယယ်က ​အောက်ထပ်ရှိ ခြံဝန်း​လေးထဲတွင် ထိုင်ချကာ အုတ်ခဲများကြားထဲတွင်​ပေါက်​နေ​သော မြက်ပင်များကို ဆွဲနှုတ်​နေခဲ့၏။

ဖန်း​ရှောက်ယိက ပြန်​ဖြေလိုက်သည်။ "အင်း။"

ထို့​ကြောင့် ​ဒုတိယ​​မြောက်နေ့တွင် ယွမ်ယယ်တစ်​​ယောက် ဖန်း​ရှောက်ယိကို စာပို့လိုက်​လေသည်။ "ယိ​ကော၊ ငါပြန်​ရောက်ပြီ။"

ကွမ်းကျိုးလည်း ပြန်​ရောက်​နေပြီဖြစ်​၏။ ယွမ်ယယ်က အခန်းထဲရှိ သူ၏အိပ်ရာ​ပေါ်တွင် ​ခြေတစ်ဖက်ချိတ်ထိုင်ကာ ​ရေခဲ​ချောင်းစား​နေသည်။ ကွမ်းကျိုးက သူ့ကို​မေးလာသည်။ "ယယ်​ကော၊ ရိုက်ကွင်းမှာ ​ပျော်စရာ​ကောင်းလား။ နာမည်ကြီးအနုပညာရှင်​တွေကို​​ရော တွေ့ခဲ့ရလား။"

ယွမ်ယယ်က​ ခေါင်းယမ်းပြလိုက်သည်။ "​ပျော်စရာမ​ကောင်းဘူး။"

ကွမ်းကျိုးက ရယ်​မောကာ ​ပြောလာခဲ့၏။ "ဒါ​ပေမဲ့ မင်းက​တော့ သွားမြဲသွားဆဲပဲ။"

ယွမ်ယယ် ထိုအရာကို​နောင်တရမိသည်ဟု ကိုယ့်ကိုယ်ကို​တွေး​နေမိ၏။ သူ ​နောက်ထပ် ဘယ်​တော့မှမသွား​ချင်တော့​ပေ။ သို့​သော် ဖန်း​ရှောက်ယိက အနာဂတ်တွင် ရိုက်ကွင်း​တော်​​တော်များများကို သွားရဦး​ပေမည်။ သူသွားလျှင် ယွမ်ယယ်လည်း သွားဖြစ်လိမ့်မည်သာ။

ည​ရောက်ခါနီးအချိန်တွင် ဖန်း​ရှောက်ယိက ယွမ်ယယ်ကိုဖုန်း​ခေါ်လာကာ တစ်နာရီအတွင်း​ရောက်မည်ဟု ​ပြောလာခဲ့သည်။ သူတို့ ညစာအတူတူစားလို့ရနိုင်​၏။ ယွမ်ယယ်က ဖုန်းချပြီးချင်း ကွမ်းကျိုးကို​ပြောလိုက်သည်။ "ဒီည ငါမင်းနဲ့အတူ မစား​တော့ဘူး။"

ကွမ်းကျိုး၏မျက်နှာ​ပေါ်တွင် အ​မေးသင်္ကေတများဖြင့်ပြည့်နှက်သွားသည်။ ၎င်းတို့က ယ​နေ့ညတွင် BBQ စားမည်ဟု စီစဥ်ထားပြီးဖြစ်သည်။

ဘာလို့ ရုတ်တရက်ကြီး အစီအစဥ်​ပြောင်းသွားရတာတုန်း။

ယွမ်ယယ်က ​​ပြောလိုက်၏။ "မင်းနဲ့အတူ BBQစားဖို့ တစ်​ယောက်​ယောက်ကို ​ခေါ်လိုက်။ ငါရှင်း​ပေးမယ်။"

ကွမ်းကျိုးမှာ ရှုပ်​ထွေး​နေခဲ့သည်။ "ယယ်​ကော၊ ဘာဖြစ်လို့လဲ။ ငါ့ကို ခဏ​လေး​တောင်တုံ့ဆိုင်းမ​နေဘဲ အ​​ဝေးကိုကန်ထုတ်လိုက်ရ​အောင် ဘယ်သူရဲ့ဖုန်းမို့ အဲ့​လောက်အ​ရေးကြီး​နေတာလဲ။"

ယွမ်ယယ်က အ​တော်​လေးရိုးသား​ပေ၏။ "ယိ​ကော​လေ။"

"မင်းရဲ့ယိ​ကော။" ကွမ်းကျိုးက မျက်​မှောင်ကြုတ်ကာ ​ပြောစရာမဲ့​နေ​လေ၏။ "မင်းရဲ့ယိ​ကောက အ​ခြေခံအားဖြင့်​တော့ မင်းရဲ့ရည်းစားနီးနီးကိုဖြစ်​နေပြီ။"

"ဖြစ်ချင်တာ​ပေါ့။" သူက ​ပြောရင်းဖြင့် ​ရောက်လာ​သောမက်​​ဆေ့ချ်ကိုကြည့်လိုက်သည်။ "သူက ငါ့ရည်းစားဆို ​ကောင်းမှာပဲ၊ အိပ်မက်ထဲမှာ​​တောင်ပဲ။"

မက်​ဆေ့ချ်က ဖန်း​ရှောက်ယိဆီမှဖြစ်ပြီး ဝါကျတိုလေးနှစ်​ကြောင်းသာ။ [တစ်​ယောက်​ယောက်ကိုလိုက်ရင် နှင်းဆီပန်း​ပေးရတယ်၊ ငါးပွင့်ဆိုလုံ​လောက်ပြီ။]

သူ၏တုံ့ပြန်မှုက ကွမ်းကျိုးကို ​သေ​လောက်​အောင် ထိတ်လန့်သွား​စေသည်။ သူက ယွမ်ယယ်၏မျက်နှာကို အနီးကပ်​သေချာ စစ်​ဆေး​နေပြီး ​စော​စောက တစ်ဖက်လူ​ပြောလိုက်သည်ကို ပြန်​ပြောလိုက်၏။ "အိပ်မက်ထဲမှာ​တောင်... အဲ့ဒါကဘာကိုဆိုလိုတာလဲ။"

"ဒီလိုပါပဲ။" ယွမ်ယယ်က သူ၏ဖုန်းကို အိတ်ကပ်ထဲထည့်ကာ တံခါးကိုဖွင့်လိုက်ပြီး ကွမ်းကျိုးအတွက် စကားတစ်ခွန်းချန်ထားခဲ့၏။ "ငါ သူ့ကိုလိုက်​နေတာ။"

ကွမ်းကျိုးကို ​နောက်ထပ်​မေးမြန်းရန်ပင် အချိန်မ​ပေး​တော့ဘဲ ယွမ်ယယ်က ​ပြေးထွက်လာခဲ့၏။ ထိုကဲ့သို့​သောမေးခွန်းများကို စင်္ကြံလမ်းတစ်​လျှောက် ​အော်​မေးရန်မှာလည်း မသင့်​တော်သည့်အတွက် ကွမ်းကျိုးမှာ ယွမ်ယယ်​ပြေးထွက်သွားသည်ကိုသာကြည့်​နေရင်း သူ၏ဝိဉာဥ်က ​နေရာမှာတင် ​​အေးခဲသွားသည်ဟု ခံစားလိုက်ရသည်။ ယွမ်ယယ် ထိုအ​ကြောင်း​ပြောဖူးသည်အား သူတစ်ခါမှမကြားဖူးသလို ယွမ်ယယ် တစ်စုံတစ်​ယောက်ကို လိုက်ပိုးပန်းသည်ကိုလည်း တစ်ခါမှမမြင်ဖူး​ခဲ့ပေ။ ၎င်းတို့နှစ်ဦးက အတူတူကြီးပြင်းလာခဲ့ကြသည်။ ယွမ်ယယ်မှာ အချစ်ကိုခံစားတတ်သည့် အာရုံ​ကြောများမရှိ​​ချေ။ သူက ထိုကိစ္စအား တစ်ခါမှမ​တွေးဖူးဘဲ သူလုပ်သမျှမှာ ​ပြေးလွှား​ဆော့ကစား​နေခြင်းသာ။ ရုတ်တရက် ထိုလူက တစ်စုံတစ်​ယောက်ကို လိုက်ပိုးပန်း​နေသည်ဟု ဆိုလာခဲ့၏။ မ​​မျှော်လင့်စွာဖြင့် ထိုတစ်စုံတစ်​ယောက်ကလည်း ဖန်း​ရှောက်ယိဖြစ်​နေသည်။

​သူက ယောက်ျား​လေးတစ်​ယောက်။ အဲ့ဒီလူက ရုပ်ရှင်ဧကရာဇ်တစ်ပါး​လေ။

ဘုရားဘုရား၊ သူရူးများသွားပြီလား။

ယွမ်ယယ်က ​ကျောင်းဝင်​ပေါက်နားတွင် ​ဆောင့်​ကြောင့်ထိုင်ကာ ဖန်း​ရှောက်ယိကို​စောင့်​နေခဲ့​၏။ တစ်ဖက်လူက ခရီး​ဆောင်​သေတ္တာကိုဆွဲကာ ​လျှောက်လာသည်ကိုမြင်​လိုက်ရသောအခါ သူက ထခုန်၍ သူ့ဆီသို့​ပြေးသွားလိုက်သည်။ ဖန်း​ရှောက်ယိကို နှုတ်ဆက်​နေချိန်တွင် သူ၏မျက်နှာ​ပေါ်မှာ ပြုံးပန်း​ဝေဆာလျက်ပသ်။ သို့​သော် သူ၏လက်နှစ်ဖက်လုံးက ဗလာကျင်း​နေပြီး ပန်း​လေးတစ်ပွင့်​တောင်ရှိမ​နေ​​ချေ။

ဖန်း​ရှောက်ယိက သူ့ကိုဆူလာခဲ့သည်။ "ဘာလို့ အခန်းထဲမှာ​စောင့်မ​နေတာလဲ။ အပြင်မှာ ပူ​နေတာကို။ မင်းရဲ့သော့​ရော?"

ယွမ်ယယ်က ​ခေါင်းကုတ်ကာ ပြန်​ဖြေလိုက်၏။ "ယူလာဖို့​မေ့ခဲ့လို့။"

ဖန်း​ရှောက်ယိ သူ၏နဖူးတွင် ​ချွေးစို့​နေသည်ကိုကြည့်ကာ ​မေးလိုက်၏။ "မင်း ခါတိုင်းဆို ပြတင်း​ပေါက်က​နေ ​ကျော်ဝင်​နေတာပဲမဟုတ်ဘူးလား။"

ပုံမှန်အားဖြင့် ယွမ်ယယ်​က သော့​မေ့ခဲ့လျှင် တံခါးအထက်ရှိ ပြတင်း​ပေါက်​သေး​သေး​လေးမှ ခုန်ဝင်​တတ်​ပေသည်။ ထို့ကြောင့် ဖန်း​ရှောက်ယိက ထိုပြတင်း​ပေါက်ကို ဘယ်​တော့မှ ​လော့မချထား​တတ်ပေ။ ယွမ်ယယ်က ​ခေါင်းယမ်းပြကာ ဖန်း​ရှောက်ယိကို အပြုံး​လေးဖြင့်ညာရန် ကြိုးစား​နေပြီး ဘာမှမ​ပြောခဲ့​​​ချေ။

သူသည် အ​ဆောင်ခန်းက အသက်ရှူကျပ်သည်ဟု မ​ပြောနိုင်ပါ​ချေ။ ၎င်းက သူ့ကို... အလွန်ရှက်ရွံ့​စေသည်။

နှစ်ဦးသား အပြင်ထွက်မစားခင် ဖန်း​ရှောက်ယိ၏ပစ္စည်းများကို ​နေရာချရန်လိုအပ်​ပေ၏။ သူက ယွမ်ယယ်ကို အခန်းဆီသို့​ခေါ်လာပြီး သူ​ရေချိုး​နေစဥ် ​စောင့်​နေရန် ​ပြောလိုက်သည်။

ယွမ်ယယ်က စိတ်လွင့်​နေသလို တုံ့ပြန်လိုက်သည်။

ဖန်း​ရှောက်ယိက တံခါးဖွင့်လိုက်၏။ ​နောက်အခိုက်အတန့်မှာ​တော့ အေးခဲသွား​တော့သည်။ ထို့နောက် ယွမ်ယယ်ကို လှည့်ကြည်လာခဲ့၏။ ယွမ်ယယ်က တစ်ဖက်လှည့်ကာ ဖန်း​ရှောက်ယိ​၏အကြည့်ကို ​ရှောင်ချင်​နေပုံပင်။

အခန်းထဲရှိ​နေရာတိုင်းတွင် အနီ​ရောင်နှင်းဆီပန်းစည်း​သေး​သေး​လေးများဖြင့် ပြည့်နှက်​နေခဲ့သည်။ ထိုင်ခုံ​ပေါ်တွင်တစ်စည်း၊ စားပွဲ​ပေါ်တွင်တစ်စည်း၊ ဗီရို​ပေါ်တွင်တစ်စည်း၊ အိပ်ရာ​ပေါ်တွင်လည်း ပန်းများအပုံလိုက်ရှိ​​နေ၏။

ဖန်း​ရှောက်ယိဟ္မှာ ရယ်ချင်​နေ​သော်လည်း ထိန်းထားကာ ယွမ်ယယ်အား နူးညံ့စွာ​မေးလိုက်၏။ "ဒါက ဘယ်လိုအ​ခြေအ​နေမျိုးလဲ။"

ယွမ်ယယ်တစ်​ယောက် နားရွက်ကိုထိကာ ​ခေါင်းအတွင်တွင်ခါရင်း ​ပြောလိုက်​လေသည်။ "ငါ မသိဘူး..."

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment