no

Font
Theme

ယွမ်ယယ် ဤရက်ပိုင်းအတွင်း Tiger Balm ​ဆေးဘူးကို သူ၏အိတ်ကပ်ထဲ​ အမြဲဆောင်ထားခဲ့သည်။ ဖန်း​ရှောက်ယိက အမှန်တကယ့်ကို ရက်အ​တော်ကြာတဲ့အထိ မသက်သာခဲ့​ပေ။ ၎င်းတို့ရိုက်ရမည့်အခန်းက သိပ်မများ​သော်လည်း ​ချော​ချော​မွေ့​မွေ့ဖြစ်မ​နေ​ချေ။ ဇာတ်ဝင်ခန်းတစ်ခုစီတိုင်းက အလွန်ဒုက္ခများ​​နေခဲ့သည်။ စက်ချုပ်ဆရာအဖြစ်သရုပ်​ဆောင်သူမှာ ထိုင်ဝမ်သရုပ်​ဆောင်ဟယ့်ဟန်ဖြစ်သည်။ သူက ဖန်း​ရှောက်ယိထက် တစ်နှစ်၊ နှစ်နှစ်​လောက်ငယ်ပြီး ယခုနှစ်မတိုင်ခင်အထိ နာမည်သိပ်မကြီး​သေးဘဲ ရုတ်တရက်ဆိုသလို ​အောင်မြင်မှုတချို့ရလာခဲ့၏။ သို့​သော် သူက သူ​ပြောရမည့်စာသားများနှင့်ပတ်သက်၍ အလွန်ဆိုးရွား​နေဆဲပင်။ သူ၏ထိုင်ဝမ်​လေယူ​လေသိမ်းက အလွန်ပြင်းထန်​နေသလို ဒါရိုက်တာကျန်းကလည်း ​နောက်ခံအသံပြန်ထည့်ခြင်းကို ငြင်းဆန်သည့်အတွက် ဇာတ်ဝင်ခန်းတစ်ခုစီတိုင်း အနည်းဆုံး တစ်​ခေါက်​တော့ ရိုက်ကူးရမည်သာ။

ဖန်း​ရှောက်ယိမှာ ​တော်​​တော်လေး​ပြင်းထန်သည့် ခေါင်းကိုက်​ဝေဒနာကို ခံစား​နေရဆဲဖြစ်သည်။ သူက ရိုက်ကူး​ရေးတစ်ခုနှင့်တစ်ခုကြား နားချိန်တွင် လုံးဝစကားမ​ပြောခဲ့​ပေ။ ဒါရိုက်တာက တစ်ခုခုဖြစ်လို့လားဟု လာ​ရောက်​မေးမြန်းရာ ဖန်း​ရှောက်ယိက ​ခေါင်းယမ်းကာ ဘာမှမဖြစ်ဟုသာ ​ပြောခဲ့သည်။

ရိုက်ကူး​​နေချိန်အတွင်း ယွမ်ယယ် ဖန်း​ရှောက်ယိ၏ခုံတွင် ထိုင်​နေပြီး ဇာတ်ညွှန်းကို ကြည့်​နေ​၏။ သူက ​ဘောပင်တစ်​ချောင်းကိုင်ထားပြီး ဇာတ်ညွှန်း​ပေါ် ဟိုခြစ်ဒီခြစ်ဖြင့် ​ရေးခြစ်​နေသည်။ ထို့​နောက် ဇာတ်ညွှန်းကိုပြန်ပြင်ရန်အတွက် ​ဆွေး​နွေးဖို့ ဒါရိုက်တာကို သွားရှာခဲ့သည်။ သူ ဖန်း​ရှောက်ယိနှင့် စက်ချုပ်ဆရာကြားက အပြန်အလှန်စကား​ပြောခန်းများကို ​​​လျှော့ချချင်​​နေပြီး အခြားသောသရုပ်​ဆောင်များအတွက် စာသားတချို့ပို​ပေးချင်ခဲ့သည်။ ဒါရိုက်တာက သူ့ကို တိုက်ရိုက်မငြင်းလိုက်ဘဲ အချိန်အ​တော်ကြာ​ဆွေး​နွေး​နေခဲ့သည်။ ဇာတ်ညွှန်းပြန်ပြင်ခြင်း၌ ယွမ်ယယ်တွင် တစ်ကိုယ်ကောင်းဆန်​သောရည်ရွယ်ချက်​​လေး ရှိ​နေ​ပေသည်။ သို့​သော် ပြင်ဆင်ထား​သောဗားရှင်းမှာလည်း ယုတ္တိရှိ​ပေ၏။ ၎င်းက ဇာတ်​ကောင်များအား ပို၍စိတ်ဝင်စား​အောင် ပြုလုပ်​ပေးနိုင်သည်။ ထိုညက အလုပ်ပြီး​နောက် ဒါရိုက်တာက ယွမ်ယယ်ကို ​​ခေါ်ခဲ့သည်။ ၎င်းတို့နှစ်ဦး ညတစ်ဝက်​လောက်ထိ ထိုဇာတ်ညွှန်းအ​ကြောင်း​ကို ​ဆွေး​နွေး​နေခဲ့ကြပြီး ​ပြောင်းလဲထားသည့်ဇာတ်ညွှန်းကိုသုံးဖို့ ဆုံးဖြတ်ခဲ့ကြသည်။

​သို့​သော်လည်း နောက်ဆုံးမှာ​တော့ ယွမ်ယယ် မ​အောင်မြင်ခဲ့​ပေ။

ဟယ့်ဟန်က ဖန်း​ရှောက်ယိကို လာရှာခဲ့သည်။ သူက အလွန်ယဥ်​ကျေးစွာဖြင့် သူ၏သရုပ်​ဆောင်စွမ်းရည်က မလုံ​လောက်လို့လားဟု ​မေးမြန်းခဲ့သည်။

ဖန်း​ရှောက်ယိက လက်​ဝှေ့ယမ်းက အပြုံး​လေးဖြင့် "ဘယ်ကသာ" ဟု ​ပြန်ပြောခဲ့သည်။

"ဒါဆို ကျွန်​​တော် စိတ်​အေးသွားပါပြီ ​ရှောက်ယိ​ကော။" ဟယ့်ဟန်က ​ပြောလာသည်။ "ကျွန်​တော်က အရမ်းညံ့လို့ ​ကော ကျွန်​တော်နဲ့ထပ်ပြီး သရုပ်မ​​ဆောင်ချင်​တော့မှာကို စိုးရိမ်​နေတာ။"

ထိုအချိန်က ယွမ်ယယ်တစ်​ယောက် ​ဘေးမှ​နေ၍ သူ့ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် တစ်ဖက်လှည့်ကာ ​စီးကရက်ကိုမီးညှိလိုက်​လေသည်။

ဟယ့်ဟန်ထွက်သွားပြီး​နောက် ယွမ်ယယ်က​ ပြောလိုက်သည်။ "သူက ​ဇာတ်ဝင်ခန်း​တွေထပ်မလိုချင်ဘူးလား။ သူဘာ​ဖြစ်ချင်​နေတာလဲ။"

ဖန်း​ရှောက်ယိက မျက်လုံးများမှိတ်ကာ ​ပြောလာ၏။ "သူ့မှာ ဇာတ်ဝင်ခန်း​တွေပိုများသွား​ပေမဲ့ အဓိကဇာတ်​ကောင်နဲ့ သူ့ရဲ့ဇာတ်ကောင်ကြားမှာ​ အပြန်အလှန်ဆက်ဆံရမဲ့အခန်း​တွေ နည်းသွားတယ်​လေ။ ဒါ့​ကြောင့် သူက လက်မခံတာ။"

ဟယ့်ဟန်ဘက်မှ သ​ဘောမတူ​သော​ကြောင့် ၎င်းတို့ ဇာတ်ညွှန်းကို မ​ပြောင်းခဲ့ရ​ပေ။ ဒါရိုက်တာက ယွမ်ယယ်ကို သီးသန့်​ခေါ်​တွေ့၍ ​​ပြောလာခဲ့သည်။ "ကိစ္စမရှိပါဘူး။ မဟုတ်လည်း ငါတို့ရိုက်ကူး​ရမဲ့ရက်က သိပ်မကျန်​တော့ဘူး​​ပဲ။ မူလဇာတ်ညွှန်းအတိုင်းပဲ သွားကြတာ​ပေါ့။"

ထိုအချိန်တွင် ယွမ်ယယ်က​ မေးလိုက်၏။ "ကျွန်​တော်တို့ သ​ဘောတူပြီးသားမဟုတ်ဘူးလား။ ဒါရိုက်တာ၊ ပြင်ထားတဲ့ဗားရှင်းက ပို​ကောင်းတယ်​လေ။"

၎င်းမှာ ညာ​ပြော​နေခြင်းမဟုတ်​ပေ။ ၎င်းက အဓိကဇာတ်ဆောင်၏အခန်းတချို့ကို ဖြုတ်ချလိုက်​သော်လည်း ပန်းပဲသမားနှင့် စက်ချုပ်ဆရာဇာတ်​ကောင်အတွက် ဇာတ်ဝင်ခန်းတချို့ပိုထည့်​ပေးခဲ့သည်။ ယင်း​ကြောင့် ထိုဇာတ်​ကောင်နှစ်ခုလုံးကို ပို၍လက်​တွေ့ဆန်​စေခဲ့၏။ ဒါရိုက်တာကလည်း ၎င်းကို သ​ဘောတူခဲ့သည်။ သို့​သော် အဆုံးတွင် သူက ယွမ်ယယ်အား 'ကိစ္စမရှိပါဘူး' ဟုသာ ​ပြောခဲ့​လေ၏။

အရင်က ဟယ့်ဟန်သည် ​အ​နေအထားမမြင့်သည့် သရုပ်​ဆောင်ငယ်​လေးတစ်​ယောက်သာ။ ကျန်းလင်းချွမ်၏ရုပ်ရှင်တွင် ပါဝင်နိုင်ခြင်းက ​ကောင်းချီးတစ်ခုဖြစ်​နေပြီဖြစ်သည်။ သို့​သော် ယခုတွင် မတူ​တော့​ပေ။ သူ့မှာ သကြား​ဖေ​ဖေရှိ​နေ၏။ ၎င်းတို့၏ရုပ်ရှင်က အကြီးစားထုတ်လုပ်​ရေးအတွက်​တော့ ​သေးငယ်သည့်ဇာတ်ကားတစ်ခုသာ။ ကျန်းလင်းချွမ် မည်မျှပင်ဦး​ဆောင်​နေပါ​စေ၊ သူက ရင်းနှီးမြှုပ်နှံသူ၏အကြုံပြုချက်ကို မငြင်းဆန်နိုင်​ပေ။ ဟယ့်ဟန်၏စပွန်ဆာက ထိုရုပ်ရှင်၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။ မည်သို့ပင်ဖြစ်​စေ ထိုအ​သေးအမွှား​ပြောင်းလဲမှုများက သိပ်အ​ရေးမကြီး​ပေ။ ၎င်းတို့က ပင်မဇာတ်​ကြောင်း၏ အပိုင်းများမဟုတ်ရာ ၎င်းတို့က အဓိကမကျ​ပေ။ ထို​ပြောင်းလဲမှု​သေး​သေး​လေးအတွက် စကားအ​ချေအတင်ဖြစ်ရန်လည်း မလိုအပ်​ပေ။

တကယ်​တော့ ယွမ်ယယ် ဟယ့်ဟန်ဘက်မှ အ​ကြောင်းပြချက်ကို လုံးဝနားမလည်နိုင်​​ချေ။ ဇာတ်ညွှန်း​ရေးဆရာတစ်​ယောက်အမြင်ဖြင့် ​ပြင်ဆင်ထား​သောစက်ချုပ်ဆရာဗားရှင်းက မူလဗားရှင်းထက် ပို၍သက်ဝင်​ပေ၏။ အဓိကဇာတ်​ကောင်နှင့် ​ပြောဆိုဆက်ဆံရမည့်အခန်းတချို့ကိုပယ်ခဲ့​သော်လည်း ထိုအ​ပြောင်းအလဲက လုံးဝကို အကျိုးများ​ပေသည်။ ​နောက်ရက်အနည်းငယ်တွင် ဖန်း​ရှောက်ယိမှာ ဆက်လက်ရိုက်ကူးရန် ​ခေါင်းကိုက်​​ပျောက်​ဆေးကို​တောင် ​သောက်ခဲ့ရသည်။ သူက အနံ့များနှင့်ပတ်သက်၍ အလွန်မထိမခံ​ပေ။ ထို​နေရာ၌ ​နေ့​နေ့ညည​နေခြင်းက သူ့ကိုမဆိုထားနှင့် ယွမ်ယယ်ကို​တောင် အဆင်မ​ပြေဖြစ်စေခဲ့သည်။ ထို့ပြင် ဟယ့်ဟန်က သူ၏အခန်းများကို ​ကောင်း​ကောင်းမလုပ်နိုင်​ဘဲ သရုပ်​ဆောင်များမှာ ခဏခဏပြန်ရိုက်ရတာကို ​​ကြောက်​နေကြသည်။ လက်ညှိုးညွှန်လိုက်သည်နှင့် မည်သူကမှ ဇာတ်ကောင်ထဲကို နစ်ဝင်မသွားနိုင်​​ချေ။ ထပ်ခါတလဲလဲချဥ်းကပ်မှုများကသာ ယခင်စိတ်ခံစားချက်ထဲ နစ်မြုပ်ထားနိုင်လိမ့်မည်။

ယွမ်ယယ်က ဟယ့်ဟန် ပါးစပ်ဖွင့်ကာ သူ​၏ထိုင်ဝမ်​လေယူ​လေသိမ်းဖြင့် စကား​စပြောသည်ကို ​စောင့်ကြည့်​နေခဲ့သည်။ သူက မျက်​မှောင်ကြုတ်လိုက်ပြီး ၎င်းက ​ကောင်းကောင်းအဆုံးသတ်လိမ့်မည်မဟုတ်သည်ကို သိလိုက်ပေ၏။

​မျှော်လင့်ထားသလိုပင် ဒါရိုက်တာက 'cut' ဟု ​အော်ခဲ့သည်။

ဟယ့်ဟန်က ​ပြောလာ၏။ "​တောင်းပန်ပါတယ်၊ ​တောင်းပန်ပါတယ်။ ကျွန်​တော် ထပ်မေ့သွားလို့။ ​တောင်းပန်ပါတယ် ဒါရိုက်တာ၊ ​တောင်းပန်ပါတယ် ​ရှောက်ယိ​ကော။"

ဖန်း​ရှောက်ယိက ​ခေါင်းယမ်းကာ ​ပြောလိုက်သည်။ "ရပါတယ်။ ဒီလိုမျိုးက ဖြစ်​နေကျပဲ​လေ။"

ယွမ်ယယ်မှာ ကြည့်​နေရင်း အလွန်​ဒေါသလာသည်။ သူသည် ထို​နေရာ၌ထိုင်​နေရင်း တိုးတိုး​လေးဆဲ​ရေးလိုက်သည်။ "စိတ်ပျက်စရာ​ကောင်းတဲ့ချီးထုတ်​ပဲ။"

​နောက်တစ်ခန်းတွင်လည်း ဒါရိုက်တာက ရိုက်​နေရင်းတစ်ဝက်တွင် ​'cut' ဟု​အော်ခဲ့ပြန်သည်။ သူသည် စပီကာမှတစ်ဆင့် ​ပြောလိုက်၏။ "စိတ်ခံစားချက်​တွေ မပါ​လာသေးဘူး။"

ဖန်း​ရှောက်ယိက လက်ဟန်အမူအရာဖြင့် ​ပြောခဲ့သည်။ "​တောင်းပန်ပါတယ်၊ ​နောက်တစ်​ခေါက် ထပ်ရိုက်ကြမယ်။"

"သူ့မှာ ​ဘာသောက်ကျိုးနည်းစိတ်ခံစားချက်​မှ မရှိ​နေဘူး..." ကျီ​ရှောင်​ထောင်းကလည်း ထိုင်​နေရင်း တိုးတိုး​လေးဆဲလိုက်သည်။ "သူက ​ရှောင်ယန်​လောက်​တောင် မ​​တော်ဘူး။ ​ရှောင်ယန်​တောင် သူ့​လောက် 'cut' လို့ ​အော်ခံရတာ မများဘူး။"

ရိုက်ကူး​ရေးပြီး​နောက် ဖန်း​ရှောက်ယိမိတ်ကပ်ဖျက်ပြီး​သောအခါ သူ​၏မျက်နှာမှာ ပို၍ပင်ဖြူ​​ဖျော့​နေခဲ့သည်။ အမှန်တကယ်​တော့ ၎င်းတို့သာ ထိုအခန်း(​ဆေးသုတ်ထားတဲ့အခန်း)မှ ရက်အနည်းငယ်​လောက် ထွက်လာနိုင်လျှင် အနံ့က ထိုမျှ​လောက်အရမ်းမဆိုး​လောက်​ပေ။ သို့​သော် ၎င်းတို့တွင် အချိန်သိပ်မကျန်​တော့​​ချေ။ ထိုဇာတ်ကားပြီး​နောက် သူ(ဟယ့်ဟန်)က ​နောက်ရိုက်ကွင်းတစ်ခုကို တိုက်ရိုက်သွားရမည်ဖြစ်သည်။ သူ(ဟယ့်ဟန်)က စာချုပ်​တောင်ချုပ်ထားပြီးဖြစ်​ကြောင်း ​ပြောခဲ့သည်။

ယွမ်ယယ်တစ်​​ယောက် ကျီ​​​ရှောင်​ထောင်းမှ ၎င်းတို့(ဟယ့်ဟန်)ခနောက်ရိုက်ကွင်းတစ်ခုကို သွားရမည်ဟု​ ပြောလာ​သောအခါ ရယ်​မောခဲ့သည်။ "ဘယ်ရိုက်ကွင်းအဖွဲ့သား​တွေက ​နွေဦးပွဲ​​တော်မတိုင်ခင်​လေးမှာ ရိုက်ကူး​ရေးစရ​လောက်​အောင်ထိ ဆိုးလို့လဲ။"

ဟယ့်ဟန် သူ၏အခန်းများကို ရိုက်ကူးပြီးစီးသွား​သောအခါ အ​ခြေခံအားဖြင့် ​နွေဦးပွဲ​​တော်တောင်​ရောက်​နေ​လောက်ပြီဖြစ်သည်။ ရိုက်ကွင်းအများစုက ထိုအချိန်အ​တောအတွင်း အနားယူတတ်ကြသည်။ ထိုကဲ့သို့အချိန်တွင် မည်သည့်ရိုက်ကူး​ရေးအဖွဲ့သားကမှ သရုပ်​ဆောင်တစ်​ယောက်ကို ၎င်းတို့၏ရိုက်ကွင်းသို့လာ​စေမည်မဟုတ်​ပေ။ သူသွားလျှင်​တောင် ၎င်းတို့အနားယူသည့်အချိန်ဖြစ်​နေမည်သာ။ ပုံမှန်အားဖြင့် အားလပ်ရက်များပြီးသည်အထိ ရိုက်ကူး​ရေးစမည်မဟုတ်​ပေ။ ထို့​ကြောင့် သူ၏အ​ကြောင်းပြချက်က အ​​တော်လေးအတုအ​ယောင်ဆန်​ပေ​၏။ သို့သော် ၎င်းမှာ သူ​ပေးသည့်ဆင်​ခြေဖြစ်သဖြင့် ၎င်းတို့လက်ခံရမည်သာ။ ရိုက်ကူး​ရေးပြီး​နောက် အနံ့မှာလည်း အ​တော်​လေး​မှေးမှိန်သွားပြီဖြစ်သည်။ ထိုအချိန်တွင် ဖန်း​ရှောက်ယိမှာ သုတ်​ဆေးအနံ့ဖြင့် အဆိပ်သင့်သလို​တောင်ဖြစ်ခဲ့ရသည်။

ဖန်းရှောက်ယိက ​ဆေး​သောက်ပြီး​နောက် ​စော​စောအိပ်ခဲ့သည်။ အိပ်​နေတာ​တောင် သူ၏အသက်ရှူသံက ​လေးလံ​နေခဲ့၏။ ယွမ်ယယ်က ပုံမှန်အားဖြင့် ဖန်း​ရှောက်ယိအိပ်ပျော်သွားလျှင် သူ၏အခန်းသို့ပြန်သွားတတ်​သော်လည်း ဒီအ​တောအတွင်း သူ၏စိတ်အ​ခြေအ​နေမှာလည်း ​ကောင်းမ​နေ​ပေ။ သူက အလွန်​ဒေါသထွက်​နေပြီး မည်သူ့​ပေါ် ​ဒေါသဖွင့်ထုတ်ရမည်ကို မသိ​​နေ​ပေ။

- အဓိက​ဇာတ်လမ်းဖန်တီးသူ​တွေကို အပြစ်တင်ရမှာလား။ သုတ်​ဆေးအ​ရောင်မှား​နေလျှင် ​စော​စောကတည်းက ဘာဖြစ်လို့မပြင်တာလဲ။

၎င်းမှာ အကျိုး​ကြောင်းမသင့်​ပေ။ ရိုက်ကွင်းအား ရိုက်ကူး​ရေးမစတင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ရမည်မှာ အ​ခြေခံကျ​သောအချက်ဖြစ်သည်။ ပစ္စည်းအဖွဲ့သားများက ရိုက်ကူး​​ရေးအတွက် ပတ်ဝန်းကျင်နှင့်ကိုက်ညီ​သောအ​ရောင်ကိုရှာရန် အချိန်မရှိ​ပေ။ ၎င်းမှာ ပြဿနာမဟုတ်​ပေ။

-ဟယ့်ဟန်ကို အပြစ်တင်ရမှာလား။

သူက ဇာတ်ညွှန်းအ​ပြောင်းအလဲကို လက်မခံဘဲ ယခုတွင် သူ၏ရိုက်ကူး​ရေးနှင့်ပတ်သက်၍ ရှုပ်ရှုပ်ယှက်ယှက်လုပ်​နေပြီး သူ၏ဇာတ်ဝင်ခန်းများကိုလည်း ​ကောင်း​ကောင်းမလုပ်နိုင်​ပေ။ သူက အချိန်ကို ​ပြောင်းရန်လည်း ဆန္ဒမရှိ​​ချေ။ သို့​​သော်လည်း သူ ထိုသို့လုပ်ရန်မလိုအပ်​ပေ။ ထိုအရာများထဲတွင် တစ်ခုမှ အကျိုး​ကြောင်းမသင့်​​ခေိ။

သိသာစွာပင် ၎င်းက သူတစ်​ယောက်တည်း၏ပြဿနာသာ။

...

နှစ်ကူးအကြို​နေ့တွင် ဖန်း​ရှောက်ယိက ရိုက်ကွင်းတစ်ခုလုံးကို ညစာဝယ်​ကျွေးခဲ့သည်။ သူက ရိုက်ကွင်းသို့ပို့​ပေးရန် နှစ်သစ်ကူးညစာအများကြီးကို မှာယူခဲ့သည်။ တစ်ဆိုင်လုံးနီးပါးဝယ်ယူခဲ့ပြီး ဝန်ထမ်းများအားလုံးကို လာ​ရောက်စားသုံးရန် ဖိတ်​​ခေါ်ခဲ့၏။ ဖန်း​ရှောက်ယိက ရိုက်ကွင်းတွင် ပွဲ​တော်ကျင်းပ​သောအားလပ်ရက်နှင့်ကြုံတိုင်း ထိုကဲ့သို့ပင်။ သူက ပွဲ​တော်တစ်ခုစီတိုင်းကို ကျင်းပတတ်ပြီး တစ်ခု​လေးမှ အလွတ်မခံ​​ချေ။ သို့​သော် သူကိုယ်တိုင်က​တော့ နည်းနည်း​လေးသာစားခဲ့သည်။ ဤရက်အနည်းငယ်အတွင်း သူ ကိုယ်အ​လေးချိန်ကျသွားခဲ့ရသည်။

ည​ရောက်​သော် ယွမ်ယယ်က သူနှင့်အတူလမ်း​လျှောက်ကာ ပြန်လာခဲ့သည်။ ၎င်းတို့၏ဦး​ခေါင်းတစ်ခုလုံး သုတ်​ဆေးအနံ့နှင့်ပြည့်နှက်နေရာ ၎င်းတို့၏မျက်နှာကို ​လေညှင်း​လေးများ ဖြတ်တိုက်သွား​စေပြီး စိတ်ကို လန်းဆန်းစေလိုက်၏။ ယွမ်ယယ်က ဖန်း​ရှောက်ယိကို​မေးလိုက်သည်။ "မင်း အဆင်​ပြေလား။ မင်း ပင်ပန်း​နေရင် ​ရှောင်​ထောင်းကို ငါတို့ကိုလာ​​ခေါ်ဖို့ပြောလိုက်မယ်။"

"ကိုယ်အဆင်​ပြေပါတယ်။" ဖန်း​ရှောက်ယိ၏အသံက အနည်းငယ်အက်ရှနေ၏။ ထိုသို့​ပြောပြီး​နောက် လည်ချောင်းရှင်းကာ နူးညံ့စွာရယ်လိုက်သည်။ "အသက်ကြီးလာပြီ​လေ။"

"​​ခြေရာခံလိုက်တဲ့ ဇာတ်​ကောင်​နေရာကိုရိုက်ရတဲ့ချာတိတ်က နှစ်ဆယ့်​လေးနှစ်ပဲရှိ​သေးတာ။ သူ​တောင် မထနိုင်ဘူး။" ယွမ်ယယ်က​ပြောလိုက်သည်။ "သူက မင်းထက်​တောင်ပိုဆိုးတယ်။ မင်းက ဆက်ပြီး ရိုက်ကူး​ရေးလုပ်နိုင်​ပေမဲ့ အဲ့ချာတိတ်ကိုဆို ဒါရိုက်တာက အနား​ပေးလိုက်ရတယ်။ သူ နှစ်သစ်ကူးပြီးရင်​တောင် ပြန်လာနိုင်မှာမဟုတ်ဘူး။"

ဖန်း​ရှောက်ယိက ဘာမှ​ပြောမလာ​ချေ။ သူက ယွမ်ယယ်နှင့် ဖြည်းဖြည်းချင်း လမ်း​လျှောက်​နေခဲ့သည်။ ယွမ်ယယ်က ဆက်​ပြောလာ၏။ "ဒီ​နေရာမှာသာ တခြားသူဆို သူတို့​တွေ ဒီကိစ္စတွေကို ဂရုစိုက်မှာမဟုတ်ဘူး။ အနံ့​ပျောက်သွား​တော့မှသာ ရိုက်ကူး​ရေးကိုပြန်စမှာပဲ။"

ဖန်း​ရှောက်ယိက ပြုံးလျက် ​ပြောလာ၏။ "မလိုပါဘူး။"

ဟယ့်ဟန်က အလျင်လိုနေခဲ့သည်။ ထို့ပြင် ၎င်းတို့စာချုပ်ချုပ်ဆိုစဥ်က နှစ်ကူးအထိသာ လက်မှတ်ထိုးထားခြင်းဖြစ်၏။ ဖန်း​ရှောက်ယိသာ ဆက်ပြီးမရိုက်ကူးနိုင်​တော့ဘူးဟု​ပြောလာလျှင် ဒါရိုက်တာအတွက် ဒုက္ခ​ရောက်သွားလိမ့်မည်။ တကယ်​တော့ ယန်စစ်ရန်၏စာချုပ်ကလည်း နှစ်ကူးအထိသာဖြစ်​သော်လည်း ၎င်းတို့က ဟယ့်ဟန်၏အခန်းများကိုသာ နှစ်ကူးမတိုင်ခင် အလျင်အမြန်ဆက်လက်ရိုက်ကူး​နေခဲ့သည်။ ၎င်းတို့ရိုက်ကူး​ရေးမြန်မြန်ပြီး​လေ သူ​စော​စောထွက်သွားနိုင်​လေဖြစ်သည်။ ထို့​ကြောင့် ယန်စစ်ရန်ဘက်မှ အချိန်အ​ကြောင်းလုံးဝမ​ပြောခဲ့​ပေ။ မည်သို့ပင်ဖြစ်​စေ သူက ယခုတွင် နာမည်ကြီးတစ်​ယောက်မဟုတ်​သေး​ပေ။ သူ၏အလုပ်အချိန်ဇယားမှာ ပြည့်ကျပ်​နေခြင်းမရှိ​​ချေ။

ဒါရိုက်တာက ယန်စစ်ရန်၏အချိန်ကို ​နောက်နည်းနည်းဆုတ်ရမည်ဖြစ်​ကြောင်း ဖန်း​ရှောက်ယိကို ​ပြောထားပြီးဖြစ်သည်။ ဖနိး​ရှောက်ယိကလည်း ဒါရိုက်တာကို စိတ်မပူရန်နှင့် ရိုက်ကူး​ရေးကိုသာဆက်လုပ်ရန် ​ပြောခဲ့သည်။

ဖန်း​ရှောက်ယိက အ​ပျော့စားအဆိပ်သင့်ခြင်း​ဝေဒနာခံစား​ခဲ့ရသည်။ အဆင်မ​ပြေမှုကိုသည်းခံရင်း လွန်ခဲ့​သောရက်အနည်းငယ်က ရိုက်ကူး​ရေးပြီးဆုံးခဲ့​သော​ကြောင့် ​နောက်ဆုံးတွင် ၎င်းတို့ဘက်မှာ သက်ပြင်းချနိုင်ခဲ့​တော့သည်။ နောက်ထပ်ရက်အနည်းငယ်​လောက်သာ ဆက်လက်ရိုက်ကူးရမည်ဆိုလျှင် ဖန်း​ရှောက်ယိတစ်​ယောက် သူစိတ်ရှိလျှင်​တောင် ပါဝင်နိုင်​တော့မည်မဟုတ်​ပေ။ နှစ်သစ်ကူးအတွက် လူတိုင်း အားလပ်ရက်ငါးရက်ရခဲ့သည်။ ​နောက်ဆုံးအခန်းကိုရိုက်ကူးပြီးစီးခဲ့​သော​ကြောင့် ၎င်းတို့မှာ အနားယူနိုင်ခဲ့ကြသည်။

ယွမ်ယယ်က ပြန်သွားရန် အစီအစဥ်မရှိ​ပေ၊ သူက ကျီ​ရှောက်​ထောင်းကို အားလပ်ရက်ဆယ်ရက်​ပေးကာ အိမ်က​​နေ အလျင်စလို​ပြန်လာဖို့မလိုကြောင်း ပြောခဲ့သည်။ မည်သို့ပင်ဖြစ်​စေ ရိုက်ကွင်းတွင် အ​ရေးတကြီးလုပ်စရာမရှိ​ပေ။ နှစ်စဥ်နှစ်တိုင်း ဖန်း​ရှောက်ယိသည် ကျီ​​ရှောင်​ထောင်းမပြန်ခင် ပိုက်ဆံတချို့လွှဲ​ပေးတတ်၏။ ၎င်းကို နှစ်ကုန်​ဘောနပ်စ်အဖြစ်ယူဆနိုင်​ပေသည်။ ကျီ​ရှောင်​ထောင်း၏လစာက အ​​တော်လေးများ​၏။ ယခုဆိုလျှင် သူတို့၏ဆက်ဆံ​ရေးမှာ သူ​ဌေးနှင့်အလုပ်သမားဆက်ဆံ​​ရေးလောက် မရိုးရှင်း​တော့ပေ။ ဖန်း​ရှောက်ယိက အလွန်ကြင်နာသနားတတ်ပြီး ကိစ္စတိုင်းတွင် သူ့ကိုလည်း ထည့်စဥ်းစား​ပေးတတ်သည်။

ကျီ​ရှောင်​ထောင်း အိမ်မပြန်ရသည်မှာလည်း တစ်နှစ်နီးပါးရှိနေ​လေပြီ။ သူ၏မိဘများကလည်း သူ့ကိုသတိရ​နေကြ၏။ သူက ​လေယာဥ်လက်မှတ်များကြိုဖြတ်ထားခဲ့ပြီး အိမ်မပြန်ရန် ဘာအ​ကြောင်းပြချက်မှ မရှိဘဲ။

ရိုက်ကွင်းမှာ လျင်မြန်စွာနှင့်ပင် တစ်ဝက်​လောက်ဗလာကျင်းသွားခဲ့သည်။ ကျန်​နေ​သောတစ်ဝက်က ခရီးသွားခြင်းကိုရင်မဆိုင်ချင်​သော့ကြောင့်ပေ။ ၎င်းတို့က ဤ​နွေဦးပွဲ​တော်အတွင်း လူစုလူ​ဝေးကြား တိုက်ပွဲမဝင်လိုကြ​ပေ။ ပြန်သွား​သောလူအများစုမှာ ဝန်ထမ်းများနှင့် လက်​ထောက်များဖြစ်၏။ အ​​ရေးပါ​သော​နေရာများမှလူများမှာ မပြန်ခဲ့ကြ​ပေ။ ယွမ်ယယ်က ဖန်း​ရှောက်ယိအတွက် ချက်ပြုတ်​ပေးရန် ဟိုတယ်စား​သောက်ဆိုင်၏ မီးဖို​ချောင်ကို ရံဖန်ရံခါ အသုံးပြုတတ်သည်။ ဖန်း​ရှောက်ယိကလည်း သူချက်​ပေးတာမှန်သမျှကို ကြိုက်​ပေသည်။

ဘဝမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သည့်ခလုတ်ကို နှိပ်လိုက်သလို​နှယ်။ ၎င်းတို့၏ အလျင်အမြန်​လျှောက်လှမ်း​နေခဲ့ရသော အလုပ်က ရုတ်ချည်း​ပျောက်ကွယ်သွားခဲ့သည်။ ပတ်ဝန်းကျင်​လေထုမှာလည်း နူးညံ့ကာ ​နွေး​ထွေးလှသည်။ ၎င်းတို့နှစ်ဦး ထိုသို့​သောအချိန်​လေးကို မကြုံ​တွေ့ရသည်မှာ ကြာ​နေပြီဖြစ်​သော်လည်း မရင်းနှီးသလို မခံစားခဲ့ကြရ​ပေ။

နှစ်သစ်ကူးပွဲ​​နေ့တွင် ယွမ်ယယ်နှင့်ဖန်း​ရှောက်ယိတို့နှစ်ဦးလုံး အိမ်သို့ဖုန်း​ခေါ်ခဲ့ကြသည်။ သို့​သော် သူတို့နှစ်ဦး၏ လက်ရှိဆက်ဆံ​ရေးမှာ အနည်းငယ်​ကြောင်​တောင်​တောင်နိုင်လှသည်။ ထို့​ကြောင့် ၎င်းတို့သည် တစ်​ယောက်စီ၏မိဘများကို များများစားစားမ​ပြောဘဲ WeChat က​နေတစ်ဆင့်သာ ဆု​တောင်းစကားများပို့​လိုက်ကြသည်။

ကျန်ခဲ့သောရုပ်ရှင်အဖွဲ့သားများက အတူတူ​ ပျော်ပွဲဆင်နွှဲခဲ့ကြသည်။ ထို့နောက် အဓိကသရုပ်​​ဆောင်များက ဒါရိုက်တာ၏အခန်း၌ ​သောက်ဖိုသွားခဲ့ကြသည်။ ကျန်းလင်းချွမ်က အယ်လ်ကို​ဟောကို ခံနိုင်ရည်ရှိ​သောသူဖြစ်သည်။ လက်ရှိအ​ခြေအ​နေအရ ဖန်း​ရှောက်ယိမှာ အရက်ထပ်သောက်ရန်မဖြစ်နိုင်ပါ​ချေ။ ယွမ်ယယ်ကလည်း ပိုင်ကျို(အရက်ဖြူ)နှစ်ခွက်​လောက်​သာသောက်ခဲ့သည်။ သူ ယ​နေ့တွင် မူးမ​နေချင်​ပေ။ ၎င်းတို့နှစ်​ယောက်​သောက်သည့်ပမာဏက ဒါရိုက်တာကိုမမီ​ချေ။ ဒါရိုက်တာက သူတို့ကိုရယ်​မောကာ ​ပြောလာ၏။ "မင်းတို့ရဲ့ အရက်​သောက်နိုင်စွမ်းကိုကြည့်စမ်း။ မင်းတို့​တွေ စပွန်ဆာတွေ၊ ရင်းနှီးမြှုပ်နှံသူ​တွေမလိုအပ်တာ​တော်​သေးတယ်။ မဟုတ်ရင် မင်းတို့ဘာလုပ်နိုင်ဦးမှာလဲ။"

ယွမ်ယယ်က ပြုံးလျက် ​ပြောလိုက်သည်။ "​လောင်ရှီးတို့ ကျွန်​တော်တို့ကို အသက်ရှင်ခွင့်​​လေးပေးပါဦး။ ​နောက်ပြီးရင် မီးပန်း​ဖောက်ဖို့လည်း ပြင်ဆင်ဖို့လို​သေးတယ်။ ကျွန်​တော်သာ ထပ်​သောက်လိုက်ရင် မီး​တောင်ညှိနိုင်​တော့မှာမဟုတ်ဘူး။"

အရက်​လေး​သောက်ပြီးသွားလျှင် ညစ်ညစ်ပတ်ပတ်ဟာသများကလည်း ဘယ်​တော့မှမပါမရှိ​ပေ။ အထူးသဖြင့် ယခုတွင် လူတိုင်း နည်းနည်း​လေးမူး​နေကြပြီဖြစ်သည်။ လက်​ထောက်ဒါရိုက်တာက ​ပြောလာ၏။ "မင်းတို့​တွေ မီးပန်းသွား​ဖောက်မယ်လို့​တော့ ငါမထင်ပါဘူး။ အခု မင်းတို့အရက်​သောက်​နေတာကလည်း မိန်းက​လေးတွေလို နည်းနည်း​လေးပဲ​သောက်​နေကြတာ။ မင်းတို့ပြန်​ရောက်ရင် ဘာလုပ်ဖို့စီစဥ်ထားသလဲဆိုတာ ဘယ်သူသိမှာလို့လဲ။"

အခန်းထဲရှိလူတိုင်းက ရယ်​မောခဲ့ကြသည်။ ဤကဲ့သို့အ​ခြေအ​နေမျိုးတွင် မည်သူကမှ ညစ်ပတ်​သောဟာသများကို အတည်မယူတတ်ကြ​ပေ။ ယွမ်ယယ်က လက်​ဝှေ့ယမ်းပြလိုက်သည်။ ထိုအ​ခြေအ​နေတွင် သူလုပ်ရမည့်အရာမှာ တိတ်တဆိတ်​နေခြင်းသာဖြစ်ပြီး ထိုကိစ္စအား တုံ့ပြန်​နေစရာမလို​ပေ။ သူက တစ်ဖက်လှည့်ကာ ဖန်း​ရှောက်ယိကို ကြည့်လိုက်သည်။ ထို့နောက် သူ့​နံဘေးကပ်သွားပြီး တိုးတိုး​လေး​မေးလိုက်၏။ "အဆင်​ပြေ​လား။ ​ခေါင်းကိုက်​နေ​သေးလား။"

ဖန်း​ရှောက်ယိက​ ခေါင်းယမ်းပြလိုက်သည်။ သူ၏အကြည့်မှာလည်း ရှင်းလင်းမ​နေ​ပေ။ ​ခေါင်းကိုက်ခြင်းနှင့် အရက်​ပေါင်းစပ်သွား​သောအခါ သူ့ကို အနည်းနှင့်အများ​တော့ ရီ​ဝေ​ဝေဖြစ်​စေခဲ့သည်။ သူက ယွမ်ယယ်ကိုကြည့်ကာ ​ပြောလိုက်သည်။ "ဟင့်အင်း။"

ယွမ်ယယ်က ထပ်​မေးလိုက်၏။ "ဒါဆို ​ခေါင်းမူး​နေသလိုခံစားရ​သေးလား။"

ဖန်း​ရှောက်ယိက မျက်​တောင်ခတ်ကာ ဖြည်းဖြည်းချင်း​ပြောလာခဲ့သည်။ "နည်းနည်း​​လို့ ထင်တာပဲ။"

ယွမ်ယယ်က ရယ်​မောလိုက်​လေ၏။ "ဒါဆိုလည်း ဟုတ်ပါပြီ။ သွားကြ​တော့မလား။"

သူက ဖန်း​ရှောက်ယိထံမှ ​အ​ဖြေကို​စောင့်မ​နေဘဲ ထရပ်ကာ အားလုံးကို​ပြောလိုက်သည်။ "အားလုံးပဲ ဆက်​သောက်​နေခဲ့ကြပါ။ ကျွန်​တော်တို့နှစ်​ယောက် အရင်ပြန်နားလိုက်ပါဦးမယ်။"

လက်​ထောက်ဒါရိုက်တာသည် ​စော​စောက သူတို့နှစ်​ယောက်ကို စ​နောက်လုပ်ခဲ့ပြီး ယခုတွင် ယွမ်ယယ်က ပြန်သွား​တော့မည်ဟု ​ပြောလာရာ လူတိုင်းမှာ ရယ်​မောခဲ့ကြသည်။ ယွမ်ယယ်က ထပ်ရှင်းပြမ​နေ​တော့ဘဲ သူတို့အား ဟာသလုပ်ခွင့်​ပေးထားလိုက်သည်။ သူက ဖန်း​ရှောက်ယိအား တွဲထားပြီး သူ့ခွက်ထဲရှိ အရက်လက်ကျန်ကို ​မြှောက်ကာ ​ပြောလိုက်သည်။ "ခေါင်း​ဆောင်​တို့ ရှင်းနျန်ခွိုက်လဲ့! ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ ကိုယ်လိုရာအရပ်ကိုသွားနိုင်ပါ​စေလို့ ဆု​တောင်​ပေးပါတယ်ဗျာ!"

ထိုသို့​ပြောပြီးနောက် သူက ဖန်း​ရှောက်ယိကိုဆွဲကာ ထွက်​ပြေးလာခဲ့​တော့သည်။

အ​​နွေးထည်ကို သူ၏လက်​မောင်း​ပေါ်ချိတ်ထားလျက် ဖန်း​ရှောက်ယိက ယွမ်ယယ်၏​အနောက်က​နေ လိုက်လာခဲ့သည်။ သူက ဘယ်ကိုသွား​နေသလဲဟု တစ်ခွန်းမှမမေးခဲ့​​ပေ။

အပြင်ဘက်တွင် ​လေ​အေး​လေးများက သူ့အားဖြတ်တိုက်သွားချိန်၌ အရက်​သောက်​​နေစဥ်​ပျောက်ဆုံးသွား​သော သူ၏အသိစိတ်တစ်ဝက်​လောက်က ချက်ချင်းပြန်လည်သက်သာလာခဲ့သည်။ ဖန်း​ရှောက်ယိက ​အ​နွေးထည်ကိုဝတ်လိုက်ပြီး ယွမ်ယယ်​ဘေးတွင် တစ်ချိန်လုံးရပ်​နေခဲ့၏။ ​နောက်ဆုံးတွင် သူက ယွမ်ယယ်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ယွမ်ယယ်က သူ့ကိုလှည့်ကြည့်ကာ ပြုံးပြလာခဲ့သည်။

ယွမ်ယယ်က သူ့ကို ဆင်​ခြေဖုံးအရပ်ဆီသို့ ​​ခေါ်လာခြင်းဖြစ်သည်။ သူ ​စော​စောက ကားကို ထိုနေရာ၌ရပ်ထားခဲ့၏။ ယွမ်ယယ်က ဖန်း​ရှောက်ယိကို​ ပြောလိုက်သည်။ "ဒီမှာရပ်​နေပြီး ခဏ​စောင့်​ဦး။"

သူသည် ကားထဲမှ တစ်စုံတစ်ခုကိုဆွဲထုတ်ကာ ​မြေပြင်​ပေါ်​နေရာချလိုက်သည်။ ဖန်း​ရှောက်ယိက ရယ်​မော​လေ​တော့သည်။ ထို့​နောက် ယွမ်ယယ် ထိုမီးပန်းများကို ​နေရာချကာ အလုပ်များ​နေသည်ကို ဖန်း​ရှောက်ယိက ကြည့်နေခဲ့သည်။ သူက ​အနားသို့လျှောက်သွားလိုက်ပြီး သူ့ကို ကူ​​ရွှေ့​ပေးခဲ့သည်။ ဖန်း​ရှောက်ယိက သူ့ကို​မေးလိုက်၏။ "မင်းအသက်ဘယ်နှနှစ်မို့လဲ။"

ယွမ်ယယ်​က​ ပြောလိုက်သည်။ "သုံးဆယ်သုံးနှစ်။ သုံးဆယ့်သုံးနှစ်အရွယ်မှာ မီးပန်းမ​ဖောက်ရဘူးဆိုတဲ့ စည်းမျဥ်းလည်း ရှိမ​နေဘူး​​လေ၊ ဟုတ်တယ်မလား။"

ဖန်း​ရှောက်ယိက​ ပြောလိုက်သည်။ "ပတ်ဝန်းကျင်နဲ့တော့ မကိုက်ညီဘူး​ပေါ့။"

ယွမ်ယယ်သည် မျက်​တောင်ခတ်ကာ ​ဖြေလိုက်သည်။ "အဲ့ဒါ​ကြောင့် ငါ လူမရှိတဲ့ ဆင်​ခြေဖုံး​နေရာကို ​အထူးတလည်ရွေးခဲ့တာ​လေ။ ပြီး​တော့ ငါက နှစ်တိုင်းပဲ ပတ်ဝန်းကျင်နဲ့ကိုက်ညီပါတယ်​နော်။ ဒီနှစ်မှာ ငါ့ရဲ့ခင်ပွန်း​ဟောင်းကိုလည်း ပြန်ပိုးပန်း​နေတယ်။ ဒီတစ်ခါ​တော့ ငါတို့ရဲ့တိုင်းပြည်က ငါ့ကိုခွင့်လွှတ်​ပေးကြဖို့ ​​မျှော်လင့်ပါတယ်။"

ဖန်း​ရှောက်ယိက ရယ်​​မောလိုက်သည်။ သူက ယွမ်ယယ်မီးပန်းမီးညှိ​နေသည်ကို ကြည့်​နေခဲ့သည်။ ယွမ်ယယ်က သူ့ကို​ပြောလာ၏။ "​နောက်နည်းနည်းဆုတ်။"

ဖန်း​ရှောက်ယိက သူ၏အမိန့်ကိုနာခံကာ ကားအ​ရှေ့နား​လေးထိ ဆုတ်သွားလိုက်သည်။ ယွမ်ယယ်က မီးပန်းတစ်ခုစီကို မီးညှိပြီး​နောက် ဖန်း​ရှောက်ယိ​န်ဘေးသို့​ပြေးသွားခဲ့၏သည်။ ၎င်းတို့၏ ဦး​ခေါင်းအ​ပေါ်တွင် ​တောက်ပ​သောအလင်းတန်းများ ဖြာထွက်​လာခဲ့သည်။ ဖန်း​ရှောက်ယိက ​မော့ကြည့်လိုက်သည်။ သူ၏အ​တွေးထဲမှပုံရိပ်များက ယွမ်ယယ် အသက်နှစ်ဆယ်​ကျော်အရွယ်အချိန်တုန်းကနှင့် ထပ်​တူကျနေခဲ့သည်။ ထိုအချိန်က ယွမ်ယယ်တစ်​ယောက် နှစ်တိုင်း တက်ကြွ​နေခဲ့သည်။ သူက အမြဲတမ်း မီးရှူး မီးပန်းများကို တစ်ကားလုံးအပြည့်ဖြည့်ထားတတ်သည်။ ​နောက်ပိုင်းတွင် မသိလိုက်ရ​သောအချိန်တစ်ခု၌ သူက ထိုကဲ့သို့အရာများကို ရပ်တန့်ပစ်ခဲ့သည်။ ထိုမျှမက​သေး​ချေ။ သူ့​ဘေးပတ်ပတ်လည်ရှိ က​လေးဆန်​သော​လေထု​ကလည်း ဖြည်းဖြည်းချင်း ​ပျောက်ကွယ်သွားခဲ့သည်။ ဖန်း​ရှောက်ယိက ယခုအချိန်ထိ စဥ်းစားနေဆဲဖြစ်​သော်လည်း ယွမ်ယယ် ဆိုးသွမ်း​သော​ကောင်ငယ်လေးအဖြစ်မှ ရင့်ကျက်​သော​ယောက်ျားတစ်​ယောက်အဖြစ် ​ပြောင်းလဲသွားသည့်အချိန်ကို တိတိကျကျမမှတ်မိ​တော့​ပေ။ ​ပြောင်းလဲသွားခြင်းဆိုသည်မှာ ကိုယ့်ရှေ့တွင် လက်​တွေ့တွေ့လိုက်ရသည့်အချိန်မှသာ သတိပြုမိသည့်အရာများဖြစ်သည်။

"ယိ​ကော" ယွမ်ယယ်က သူ၏နားနားကပ်ကာ ​ခေါ်လိုက်သည်။

ဖန်း​ရှောက်ယိက ယွမ်ယယ်ကို လှည့်ကြည့်လိုက်သည်။ ယွမ်ယယ်၏မျက်နှာ​ပေါ်တွင် အရိပ်များကျ​နေ​သော်လည်း သူ၏မျက်လုံးများမှာ ​တောက်ပ​နေဆဲပင်။ ဖန်း​ရှောက်ယိက ပြန်​ဖြေလိုက်သည်။ "ကိုယ်ရှိတယ်။"

ယွမ်ယယ်က သူ့ကိုပြုံးပြလိုက်​လေ၏။ သူက ​​နာမည်ခေါ်ပြီး​နောက် ဘာမှထပ်မ​ပြောဘဲ ဖန်း​ရှောက်ယိကိုသာ စိုက်ကြည့်​နေခဲ့သည်။ ဖန်း​ရှောက်ယိက လက်လှမ်းကာ ယွမ်ယယ်၏မျက်ခွံ​လေးကို ညင်သာစွာထိ​တွေ့လိုက်၏။

၎င်းမှာ ယွမ်ယယ်၏မျက်ခွံ​ပေါ်ရှိ အမာရွတ်​​သေး​သေး​လေးရှိ​နေ​သော​နေရာဖြစ်သည်။

ယွမ်ယယ်က လက်​မြှောက်ကာ ထို​နေရာကိုထိလိုက်သည်။ သူ၏လက်မ​လေးဖြင့် ​စော​စောကဖန်း​ရှောက်ယိထိလိုက်​သော​နေရာကို ကုတ်ခြစ်လိုက်၏။ ထို့​နောက် ဖန်း​ရှောက်ယိကို စိုက်ကြည့်​နေခဲ့သည်။ သူ၏နှုတ်ခမ်းများမှာ ပြုံး​​နေသလို အ​ပေါ်သို့​ကော့ညွတ်နေ၏။ ထို့နောက် သူ​စော​စောက အမာရွတ်​နေရာကိုထိလိုက်​သော လက်မ​လေးကို နမ်းလိုက်​လေသည်။

ဖန်း​​ရှောက်ယိမှာ ချက်ချင်းပင်ရယ်မိ​တော့သည်။ ယွမ်ယယ်အတွက် သာမန်အတိုင်းပြုမူရန်မှာ မဖြစ်နိုင်​ပေ။ အခွင့်အ​ရေး​ပေးလိုက်လျှင်​တောင် သူက ​ပေါက်ကရလုပ်လိမ့်မည်သာ။ အရွယ်​ရောက်သူနှစ်​ယောက်အတွက် ၎င်းမှာ ​သွေး​ဆောင်​သောအပြုအမူ​တစ်ခုဖြစ်ပြီး စိတ်​ခေါ်မှုတစ်ခုလည်းဖြစ်သည်။ ယွမ်ယယ်က မျက်ခုံးပင့်ကာ ဖန်း​ရှောက်ယိကို စိုက်ကြည်​နေခဲ့သည်။ ဖန်း​ရှောက်ယိက ရယ်​မောလျက် ​ခေါင်းယမ်း​နေခဲ့သည်။ ထို့​နောက် ရုတ်တရက် ယွမ်ယယ်၏အင်္ကျီ​ကော်လံက​နေ အနားသို့ဆွဲ​ခေါ်လိုက်ပြီး သူ၏နှုတ်ခမ်းများကို ကိုက်ချလိုက်​လေသည်။

ဖန်း​ရှောက်ယိက ပြန်လွှတ်​ပေးလိုက်​ပြီး​ ​မေးလိုက်၏။ "ဒါက မင်းဆိုလိုတဲ့ အဓိပ္ပါယ်လား။ အကိုက်ခံချင်တာ?"

ယွမ်ယယ်က နှုတ်ခမ်းသပ်ကာ ​ခေါင်းယမ်းလိုက်သည်။ ထို့​နောက် စိတ်ဆိုး​နေဟန်ဖြင့် ​ပြောလိုက်​လေ၏။ ".....အလုပ်ခံချင်တာ။"

သူက ရှင်းရှင်းလင်းလင်း​​ပြောလိုက်ရာ ဖန်း​ရှောက်ယိက ငြင်းလို့မရ​တော့​ပေ။ ၎င်းတို့နှစ်ဦး ပြန်​​ရောက်​သောအခါ ဖန်း​ရှောက်ယိက ယွမ်ယယ်ကို ​​ရေချိုးခန်းထဲ တွန်းထည့်လိုက်သည်။ ၎င်းတို့နှစ်ဦးကြားတွင် လက်မဝက်​လောက်သာခြားကာ သူ၏မျက်လုံးထဲများထဲ၌ ယွမ်ယယ်နှင့်သာ ပြည့်နှက်နေ​ခဲ့၏။ သူ၏လည်​ချောင်းက အက်ရှ​နေပြီး​ ယွမ်ယယ့်ကို မေးလိုက်သည်။ "ဒါကို လိုချင်​နေတုန်းပဲလား။"

ယွမ်ယယ်က သူနှင့်အကြည့်ချင်းဆုံ​နေပြီး လုံးအကြည့်မလွှဲဘဲ ​ပြောလိုက်သည်။ "လာခဲ့။"

ယွမ်ယယ်၏ဆံပင်ပုံစံက သူ၏အားသာချက်တစ်ခုပင်။ တစ်ခါတစ်ရံ တစ်ဖက်လူက သူ၏ဆံပင်ကိုဆွဲချင်လျှင်ပင် ဆွဲစရာဆံပင်မရှိ​​ချေ။ ဖန်း​ရှောက်ယိက ယွမ်ယယ်၏ဦး​ခေါင်းအ​နောက်ကိုသာ ကိုင်ထားနိုင်​ပြီး ဘာမှမလုပ်နိုင်ပါ​ချေ။

~~🚗💨~~

ဖန်း​ရှောက်ယိက သူ၏အိတ်ကပ်ထဲမှ စာအိတ်အနီကိုထုတ်ကာ ယွမ်ယယ်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

ယွမ်ယယ်က ​သေချာကြည့်ကာ ​မေးလိုက်၏။ "ဒါက?"

ဖန်း​ရှောက်ယိက သူ့၏မျက်လုံးထဲစိုက်ကြည့်ကာ ​ပြောလိုက်သည်။ "မုန့်ဖိုး။"

ယွမ်ယယ်က​ မေးလိုက်​၏။ "ဆု​တောင်းက​​ရော?"

ဖန်း​ရှောက်ယိက သူ၏နှာ​ခေါင်းထိပ်​လေးကို နူးနူးညံ့ညံ့အနမ်း​ပေးလိုက်ပြီး သိမ်​မွေ့စွာပြောခဲ့သည်။

"​မျောက်က​လေး ကျန်းကျန်းမာမာနဲ့ ​ဘေးအန္တရာယ်​တွေလည်းကင်းပါ​စေ၊ ​ပျော်ရွှင်ပြီး အထိန်းအကွပ်​ကင်းမဲ့စွာနဲ့ လွတ်လပ်မှု​တွေရပါ​စေလို့ ကိုယ်​ဆု​တောင်း​​ပေးပါတယ်။"

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment