ယွမ်ယယ်က ဝုန်းဒိုင်းကြဲလိုက်သည့်တိုင် နောင်တရမည့်လူမျိုးမဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သူ၏စိတ်ခံစားချက်များကို ဖော်ပြပြီးနောက် သူက ၎င်းအရာများကို ပြန်စဥ်းစားလိမ့်မည်မဟုတ်။ အတိတ်က အတိတ်သာ။ သူက ဘယ်တော့မှ နောက်ပြန်လှည့်မကြည့်တတ်ချေ။
ထို့ကြောင့် သူ 'အခုတော့ ငါနောက်ပြန်လှည့်ချင်မိတယ်' ဟု ပြောခဲ့ချိန်မှာ ဖန်းရှောက်ယိ စိတ်ထိရှသွားခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယွမ်ယယ်၏နှုတ်ဖျားမှထွက်လာသည့်အတွက် ထိုဝါကျလေးက အလွန့်အလွန်အဖိုးတန်နေသောကြောင့်ပင်။
ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ ကျန်းလင်းချွမ်က မှန်ကန်မှုရှိမနေဟု သူ ခံစားမိနေ၏။ ကျန်းလင်းချွမ်၏သဘောထားနှင့် သူ၏ပုံမှန်ပြောဆိုမှုအရ ထိုအချိန်က သူငြိမ်သက်နေခဲ့ခြင်းမှာ တိတ်တဆိတ် သဘောတူညီလိုက်ခြင်းသာဖြစ်ပေသည်။ ထိုအဖြစ်အပျက်တွင် အမှန်၊ အမှားမရှိပေ။ ရင်းနှီးမြှုပ်နှံသူက မူရင်းဇာတ်ညွှန်းရေးဆရာနှင့်တောင် ပြောဆိုပြီးဖြစ်၏။ ၎င်းမှာ ဟယ့်ဟန်အတွက် ဇာတ်လမ်းဇာတ်ကွက်များ ထည့်ပေးရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်ဟု ဆိုလိုပေသည်။ ကျန်းလင်းချွမ်က ပြုတ်ကျမည်ကိုမလိုချင်ပေ။ ၎င်းအား နားလည်ပေးနိုင်ပါသည်။
နောက်ပိုင်းတွင် ဖန်းရှောက်ယိသည် ဒါရိုက်တာနှင့် နှစ်နာရီကြာသီးသန့်ဆွေးနွေးခဲ့သည်။ ထိုစကားဝိုင်းပြီးနောက် အရာအားလုံးမှာ အခြေကျသွားခဲ့လေ၏။
'အဓိကမင်းသားနှစ်ယောက်' ဆိုသော ဖော်ပြချက်မှာ အတော်လေးချဲ့ကားလွန်းရာရောက်သော်လည်း ဟယ့်ဟန်၏ဇာတ်လမ်းမှာ အမှန်ပင် ပြောင်းလဲမှုများစွာ ရှိလာခဲ့သည်။ သူက ဖန်းရှောက်ယိတစ်ယောက်တည်းထက်သာ ပြသချိန်နည်းပေသည်။ ယွမ်ယယ်က လက်ရှိအခြေအနေကို လုံးဝစက်ဆုပ်နေခဲ့သည်။ သူ အမှန်ပင်စိတ်ကုန်နေလေပြီ။ သို့သော် ၎င်းမှာ ဖန်းရှောက်ယိသဘောတူလိုက်သောကိစ္စဖြစ်၏။ ထို့ကြောင့် ယွမ်ယယ် ဘာမှမပြောနိုင်တော့ပေ။ ၎င်းတို့နှစ်ဦးက အပြင်လူများနှင့်ရင်ဆိုင်ရချိန်တွင် တစ်စိတ်တစ်ဝမ်းတည်းရှိရန်လိုအပ်ပေသည်။ မဟုတ်လျှင် ၎င်းတို့နှစ်ဦးသာ ကွဲပြားနေပါက အခြားသူများက သူတို့ကို ရယ်မောကြလိမ့်မည်။ ထို့ကြောင့် မည်သူ့စကားကို လက်ခံလိုက်ရမည်နည်း။
မည်သည့်ရှုထောင့်မှဖြစ်ဖြစ် သေချာပေါက် ဖန်းရှောက်ယိသာဖြစ်သည်။
ဤသို့ဖြင့် ယွမ်ယယ်က သူ၏ဒေါသကို ထိုတစ်ကြိမ်ပဲလွှတ်ထုတ်လိုက်ပြီး ပြန်သိမ်းထားလိုက်သည်။ သူက ဟယ့်ဟန်ပြန်လာပြီး ပြသချိန်ပိုရနေသည်ကို မည်သို့ပင်လက်မခံနိုင်ပါစေ တစ်ဖက်လူ၏မန်နေဂျာကို ရိုင်းရိုင်းစိုင်းရိုင်း ထပ်မပြောတော့ချေ။
"ယယ်ကော၊ အဲ့ငတုံးကောင်တွေကို ဒေါသထွက်မနေပါနဲ့တော့။" ကျီရှောင်ထောင်းက သူ့ကိုပြောလာ၏။
ယွမ်ယယ်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမှမပြောခဲ့ပေ။ သူ၏ဦးခေါင်းလေးက ဖုန်းကလိရန် ပြန်ငုံ့သွားခဲ့သည်။ သိပ်မကြာခင်က သူ့တွင် အားလပ်ချိန်များ အတော်လေးပေါနေခဲ့၏။ ဟယ့်ဟန်က သူ၏ဇာတ်ကွက်များနှင့်ပတ်သက်၍ ကိုယ်ပိုင်ဇာတ်ညွှန်းရေးဆရာကို ခေါ်လာခဲ့သည်။ ထို့ကြောင့် ယွမ်ယယ်ပါဝင်ရန်မလိုအပ်တော့ပေ။ ထို့အပြင် သူကလည်း ပါဝင်ရန် ငြင်းဆိုခဲ့သည်။ သူ တစ်ဖက်လူ၏အိပ်မက်ထဲတွင်သာ ဟယ့်ဟန်၏ဇာတ်ကွက်များကို တည်းဖြတ်ပေးနိုင်လိမ့်မည်။
ယွမ်ယယ်က ဒါရိုက်တာ၏အခန်းထဲတွင် ဝုန်းဒိုင်းကြဲခဲ့သည်။ ၎င်းမှာ အတော်လေးရဲတင်းပေ၏။ အရင်က ၎င်းတို့၏အဆင့်အတန်းက မည်သို့ပင်ဖြစ်နေပါစေ မည်သူမျှ ဒါရိုက်တာကို ထို့သို့မပြောရဲကြပေ။ ယွမ်ယယ်က ဒါရိုက်တာကို ဦးတည်ပြီးပြောခြင်းမဟုတ်သော်လည်း သူ၏သဘောထားမှာ အတော်လေးရှင်းလင်းနေခဲ့သည်။ သို့သော် ကျန်းလင်းချွမ်က သူ့အပေါ် မည်သည့်မကျေနပ်သည့်အမူအရာကိုမှ မပြသခဲ့ချေ။ သူက ယွမ်ယယ့်ကို အရင်ကအတိုင်း ဆက်ဆံနေဆဲပင်။ ကျန်းလင်းချွမ်က ယွမ်ယယ်ကို အလွန်တည့်တိုးဆန်ကာ ပွင့်လင်းသောကြောင့် အမှန်တကယ်သဘောကျပေသည်။ သို့သော် ဤနယ်ပယ်တွင် ကိုယ်ဆန္ဒရှိသလို လုပ်လို့မရချေ။ ယွမ်ယယ်က မည်သူ့တွင်မှမရှိသော စာရေးတစ်ဦး၏ မောက်မာမှုနှင့် မကြောက်ရွံတတ်မှုဟူသော အရှိန်အဝါတစ်မျိုးရှိပေသည်။ သို့သော် တစ်ခါတစ်ရံတွင် သူက နူးညံ့သိမ်မွေ့ကာ ဂရုတစိုက်လည်းရှိလှ၏။ သူ၏ဖြစ်တည်မှုတစ်ခုလုံးမှာ ဝိရောဓိတစ်ခုသာ။
ဤနယ်ပယ်ထဲ အချိန်များစွာကုန်ဆုံးခဲ့ပြီးနောက် တစ်စုံတစ်ယောက်၏နှလုံးသားက အေးစက်ကာ တစ်ကိုယ်ကောင်းဆန်လာတတ်ကြသော်လည်း ယွမ်ယယ်ကတော့ မတူပေ။ သူ့မှာ ရိုးသားမှုရှိနေဆဲပင်။ ယွမ်ယယ်က ဒါရိုက်တာကို ဇာတ်ညွှန်းအကြောင်းပြောသည့်အချိန်တိုင်း လေးလေးနက်နက်ရှိသည်။ သူက ဇာတ်ညွှန်းထဲ စိတ်နှစ်ကာ စဥ်းစားတတ်သည်။ လေးလေးနက်နက်ဆွေးနွေးနေကြစဥ် ၎င်းတို့နှစ်ဦးမှာ စတင်၍ စကားများလာကြလိမ့်မည်။ ကျန်းလင်းချွမ်၏ရုပ်ရှင်များက ရိုက်ကူးရန်ခက်ပြီး ရေးသားဖို့က ပို၍ပင်ခက်ပေ၏။ သူကလည်း ခေါင်းမာသည့်သူဖြစ်သည်။ သူ့အတွက် ယွမ်ယယ်လိုမျိုး သူနှင့် စကားများရဲသည့်လူမျိုးကိုရှာတွေ့ရန် မလွယ်ကူပေ။ ဒါရိုက်တာက ၎င်းကို နားလည်ပေသည်။ သူက ထိုအဖြစ်အပျက်ကြောင့် ယွမ်ယယ်နှင့်ပတ်သက်၍ ဆိုးရွားသောအမြင်များရှိမည်မဟုတ်ချေ။
ယွမ်ယယ်တစ်ယောက် အခန်းထဲတွင် သူ၏ကင်မရာနှင့် အလုပ်ရှုပ်နေ၏။ ကျီရှောင်ထောင်းက ချက်ပြုတ်ရန် ရိုက်ကွင်းရှိ မီးဖိုချောင်ကိုသွားငှားလေသည်။ သူက ဟင်းအနည်းငယ်ချက်ပြုတ်ကာ ရိုက်ကွင်းမှာရှိနေသော ဖန်းရှောက်ယိအတွက် တစ်ယောက်စာသွားပို့ပေးခဲ့ပြီး ကျန်သောဟင်းများကို ယွမ်ယယ်ဆီ ယူလာခဲ့သည်။ ၎င်းတို့စားနေစဥ် မမျှော်လင့်ထားစွာပင် ဒါရိုက်တာကျန်းက တံခါးလာခေါက်ခဲ့လေ၏။
ကျီရှောင်ထောင်းက အလျင်အမြန်နှုတ်ဆက်လိုက်သည်။ "ဟာ၊ ဒါရိုက်တာ၊ ဒီကိုဘယ်လိုရောက်လာတာလဲဗျ။"
ဒါရိုက်တာကျန်းက ဝင်လာခဲ့ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ "စောစောက မင်းချက်ပြုတ်နေတာတွေ့လိုက်တယ်လေ။ ငါ့အတွက်ရော မပါဘူးလား။"
ကျီရှောင်ထောင်းက တုံ့ပြန်လိုက်၏။ "ရတာပေါ့ ရတာပေါ့ ထိုင်ပါဦး!"
ယွမ်ယယ်က ဒါရိုက်တာ့အား နှုတ်ဆက်လိုက်သည်။ ဒါရိုက်တာက ယွမ်ယယ်ဘေးနားလျှောက်လာပြီး ထိုင်ချလိုက်၏။ ယွမ်ယယ်က မေးလိုက်သည်။ "ဒီနေ့ကျ ဘာလို့ ရိုက်ကွင်းမှာ မျက်စိဒေါက်ထောက်မကြည့်နေတော့ဘူးလား။"
"အင်း၊ ဒီနေ့ လောင်လျို့က မျက်စိဒေါက်ထောက်ကြည့်နေတယ်။" ကျီရှောင်ထောင်းက သူ့ပန်းကန်နှင့် တူများကိုရှင်းကာ ဒါရိုက်တာ့အတွက် တူအသစ်တစ်စုံကမ်းပေး၍ လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။ ကျန်းလင်းချွမ်က အစားအသောက်များကို စားလိုက်ပြီး ကျီရှောင်ထောင်းကို ပြောလိုက်လေ၏။ "မင်း ချက်ပြတ်တဲ့နေရ္မှာ ဒီလောက်တော်တာကို ဘာလို့ စောစောမစခဲ့တာလဲ!"
ကျီရှောင်ထောင်းက ရယ်မောလိုက်ပြီး ခွေးခြေခုံလေးကို အဝေးသို့ ဆွဲယူသွားလိုက်သည်။ ထို့နောက် သူက ထိုနေရာ၌ ထိုင်ကာ ဖုန်းကြည့်နေခဲ့၏။
ယခုတွင် ၎င်းတို့က ရုပ်ရှင်အဖွဲ့သားများအား တစ်ပြိုင်နက်ရိုက်ကူးရန် အဖွဲ့ A နှင့် အဖွဲ့ B ဟု ခွဲထားသည်။ ၎င်းတို့က ဟယ့်ဟန်၏အခန်းများကို ရိုက်ကွင်း၏တစ်ဖက်တွင် ရိုက်ကူးနေခဲ့ကြ၏။ ယွမ်ယယ်နှင့် ဒါရိုက်တာတို့လည်း ခဏတဖြုတ် စကားပြောနေခဲ့ကြသည်။ ထို့နောက် ယွမ်ယယ်က မေးလိုက်သည်။ "သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေနဲ့ ဒါရိုက်တာကြီးရဲ့ရုပ်ရှင် ကျရှုံးသွားမှာကို မစိုးရိမ်ဘူးလား။"
ဒါရိုက်တာက သူ့ကိုတစ်ချက်ကြည့်ကာ ရယ်လိုက်၏။ "မင်းရဲ့နှလုံးသားထဲမှာ အခဲမကျေဖြစ်နေတယ်မဟုတ်လား။"
"ဒါရိုက်တာကြီးရဲ့လုပ်ရပ်က မှန်ကန်မနေဘူး။" ယွမ်ယယ်က အလွန်ပွင့်လင်းပေ၏။ "ဒါရိုက်တာကြီးက ကျွန်တော့်ရဲ့ယိကော စိတ်ထားကောင်းတာကို အခွင့်အရေးယူနေတာ။ စိတ်ထားကောင်းတဲ့သူကို အနိုင်ကျင့်နေတာပဲ။"
ကျန်းလင်းချွမ်က အကြိမ်အနည်းငယ်လောက် ရယ်မောလိုက်ပြီး ယွမ်ယယ်ကို လက်ညှိုးထိုးကာ ပြောလာ၏။ "မင်းကလေ မပြောရဲတဲ့စကားကို မရှိဘူးပဲ။"
"ကျွန်တော်ပြောတာ မမှန်လို့လား။" ယွမ်ယယ်က မျက်ခုံးပင့်ကာ ဒါရိုက်တာ့ကိုကြည့်လိုက်၏။ "စိတ်ထားကောင်းတဲ့သူတွေကို အခုလိုမျိုး ကစားနေလို့မရဘူး။ အစကတော့ ဒါရိုက်တာကြီးကို တခြားဒါရိုက်တာတွေနဲ့မတူဘူးလို့ ထင်တားတာ။ ဒါပေမဲ့ ဒါရိုက်တာကြီးက လွယ်လွယ်လေးလျှော့ပေးလိုက်တဲ့အတွက်ကြောင့် ကျွန်တော့်နှလုံးသားတစ်ခြမ်းက အေးစက်သွားခဲ့ပြီ။"
ကျန်းလင်းချွမ်က သက်ပြင်းချလိုက်၏။ သူက တူကိုချကာ ယွမ်ယယ်ကိုပြောလာလေသည်။ "ငါပြောပြရင်တောင် ရှုပ်နေတဲ့လှည့်ကွက်တွေ၊ အခြေအနေအလှည့်အပြောင်းတွေကို မင်းသဘောပေါက်မှာမဟုတ်ဘူး။ ငါ လင်းသုန်နဲ့ အကြိမ်အများကြီး ပူးပေါင်းခဲ့ဖူးတယ်လေ။"
ယွမ်ယယ်က ခေါင်းညိတ်ပြလိုက်သည်။ သူက လက်ဖမိုးဖြင့် နှာခေါင်းထိပ်လေးကို ပွတ်သပ်လိုက်၏။ "အချက်ကျကျပြောရရင် ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ စိတ်ခံစားချက်အရတော့ နားလည်အပေးနိုင်ဘူး။ အစကတည်းကသာ ဒီလိုရိုက်မယ်လို့ဆုံးဖြတ်ထားရင် ကျွန်တော်တို့ ဒီကမ်းလှမ်းချက်ကို လက်ခံမှာမဟုတ်ဘူး။ ဖန်းရှောက်ယိက သူရိုက်မဲ့ရုပ်ရှင်ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဘယ်လောက်တောင်တင်းကျပ်သလဲဆိုတာ ဒါရိုက်တာလည်း သိတာပဲ။ ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကိုပြောင်းလဲလိုက်ရင် ပေးချင်တဲ့အဓိကအကြောင်းအရာက မရှင်းလင်းတော့ဘူး။ ဒါရိုက်တာကြီးက အဓိကအကြောင်းအရာကို နှစ်ခုဖြစ်အောင်ဖန်တီးနေတာပေမဲ့ အဲ့ဒါက အလုပ်မဖြစ်ဘူး။ ကျွန်တော် ဘာမှမပြောရင်တောင် ဒါရိုက်တာကြီးလည်းသိပါတယ်။ ဒါတောင် ဒါရိုက်တာကြီးက ပြောင်းဖို့အတွက်ကို သဘောတူလိုက်တယ်။"
အစမှအဆုံးထိ ယွမ်ယယ်တစ်ယောက် စကားပြောနေစဥ်တစ်လျှောက်လုံး တစ်ချက်ကလေးတောင်မပြုံးခဲ့ပေ။ ပြုံးနေသောသူမှာ ဒါရိုက်တာတစ်ယောက်တည်းသာ။ ကျန်းလင်းချွမ်က ယွမ်ယယ်ကိုကြည့်ကာ ပြောလာခဲ့၏။ "မင်းက ငါ့ကို သူရဲဘောကြောင်တယ်လို့ တွေးနေတယ်မလား။"
"သူရဲဘောကြောင်တဲ့အဆင့်ထိတော့မဟုတ်ပါဘူး။" ယွမ်ယယ်က ခေါင်းယမ်းကာ တည်တည်ငြိမ်ငြိမ်ထပ်ပြောလိုက်၏။ "ဒါရိုက်တာကြီးက ရုပ်ရှင်ရိုက်ကူးရေးရဲ့ အခြေခံအကျဆုံး အရည်အသွေးကို ဆုံးရှုံးသွားပြီလို့ပဲ တွေးနေမိတာ။"
ကျီရှောင်ထောင်းပင်လျှင် ထိုစကားကိုကြားပြီးနောက် ကြောက်လန့်တကြားဖြင့် ဘေးသို့ယို့သွားလေ၏။ 'ကောကောရေ နည်းနည်းလောက်လေး ကိုယ့်ကိုယ်ကို ပြန်ထိန်းပေးလို့မရဘူးလား။ ကျေးဇူးပြုပြီး။'
အခြေခံအားဖြင့် ယွမ်ယယ်က ကျန်းလင်းချွမ်ကို ရုပ်ရှင်ရိုက်ကူးရန်မတန်၊ ဒါရိုက်တာတစ်ယောက်မဖြစ်ထိုက်ဟု တိုက်ရိုက်ပြောနေခြင်းပင်။ စိတ်အားထက်သန်ခြင်းနှင့် ကနဦးရည်ရွယ်ချက်များအကြောင်းကို ပြောဆိုနေခြင်းက ဟာသတစ်ခုနှယ် ရယ်စရာကောင်းသော်လည်း ထိုအရာနှစ်ခုကို အလွန်အသုံးများသည်။ ဒါရိုက်တာတစ်ဦးအတွက် ၎င်းတို့၏ ကိုယ်ပိုင်ရပ်တည်ချက်ရှိရန် လိုအပ်၏။
အကယ်၍ ရင်းနှီးမြှုပ်နှံသူတစ်ဦးကြောင့် ရုပ်ရှင်တစ်ခု၌ အရည်အချင်းမရှိသော သရုပ်ဆောင်တစ်ယောက်ကို ဇာတ်ကောင်အသစ်၊ ဇာတ်လမ်းဇာတ်ကွက်များစီစဥ်ပေးမည်ဆိုပါက ထိုရုပ်ရှင်မှာ ကျရှုံးလိမ့်မည်သာ။ ဉာဏစံနှုန်းနှင့် ကိုက်ညီအောင် ထိန်းထားနိုင်လျှင်တောင် ထိုရုပ်ရှင်တွင် အနှစ်သာရရှိမည်မဟုတ်ပေ။
ဒါရိုက်တာက သူ ထိုသို့သောအရာများကိုပြောနေသော်ငြား စိတ်ဆိုးဒေါသထွက်ခြင်းမရှိခဲ့ပေ။ ထိုအစား သူက ရယ်မောနေတော့သည်။ ထိုနေ့က ဒါရိုက်တာ ပြန်ထွက်မသွားခင် ယွမ်ယယ်ကို ပြောခဲ့လေ၏။ "လူတိုင်းမှာ အခက်အခဲကိုယ်စီရှိတယ်။ ငါ ငယ်ငယ်တုန်းကလည်း မိုက်ရူးရဲဆန်ခဲ့တာပဲ။ ငါလည်း အရမ်းခေါင်းမာခဲ့ဖူးတယ်။ အဲ့တုန်းက ငါ တစ်နှစ်ခွဲလောက်ရိုက်ခဲ့ရတဲ့ရုပ်ရှင်က ကြိုတင်ပြသခြင်းကိုတောင် မအောင်ခဲ့ဘူးလေ။ နှမြောစရာပဲပေါ့။ တစ်ခါတစ်လေမှာ အပေးအယူလုပ်လိုက်တာက တရားမျှတမှုထက် ပိုပြီးကောင်းတယ်။ မင်း ကျရှုံးခဲ့ရင်၊ အဆုံးသတ်မှာ မအောင်မြင်ခဲ့ရင် မင်းပဲခံစားရလိမ့်မယ်။"
ယွမ်ယယ်က အသံပြုလိုက်သည်။ ထို့နောက် အလွန်တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။ "ဒါပေမဲ့ ဒီမျှခြေမျဥ်းက လူသားတွေရဲ့ပျင်းရိမှုရယ်၊ ပရိုအကျလွန်သွားတာရယ်ကြောင့် မြေကြီးပေါ်ကို ပြုတ်ကျမသွားဖို့ပဲ မျှော်လင့်တယ်။ အဲ့ဒါက ဆက်တိုက်ရွေ့လျားနေတာမို့ ဒီမျဥ်းအတွက် ကျွန်တော်တို့တွေ အဆက်မပြတ်ရှေ့ကိုဆက်သွားနေရမှာပဲ။ အဲ့မျဥ်းက ကျွန်တော်တို့လူသားတွေရဲ့ လုပ်နိုင်စွမ်းတွေထက်ကို ကျော်လွန်သွားစေတယ်။ ဒါပေမဲ့ အဲ့ဒါက တစ်စုံတစ်ယောက်ရဲ့ သက်တောင့်သက်တာရှိတဲ့စက်ဝန်းအဖြစ် ဖန်တီးဖို့အတွက် အကြောင်းပြချက်တော့မဖြစ်သင့်ဘူးပေါ့။"
သူ ထိုသို့ပြောပြီးနောက် ဒါရိုက်တာက အချိန်ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ယွမ်ယယ်၏မျက်လုံးများကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ကာ သူ၏ပခုံးကို ပုတ်ပေးလာခဲ့လေ၏။
ထိုရက်ပိုင်းတွင် ယွမ်ယယ်တစ်ယောက် အရင်က နေ့တိုင်းလိုလိုသွားနေသော ရိုက်ကွင်းသို့ သိပ်မသွားဖြစ်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူ ထိုအဖြစ်အပျက်ကြောင့် စိတ်ပျက်နေခဲ့သည်။ ၎င်းမှာ သူ့ကို ဖန်းရှောက်ယိအပါအဝင် ရိုက်ကွင်းအဖွဲ့သားတစ်ခုလုံးအား အလွန်အကျူး စိတ်ပျက်သွားစေခဲ့လေသည်။
ဖန်းရှောက်ယိက ထိုအရာများကို လုံးဝဂရုမစိုက်ပေ။ သူက အမြဲတမ်း ထိုကဲ့သို့ပင်။ ထိုအသေးအဖွဲကိစ္စများက သူ့ကို စိတ်ဆိုးဒေါသမဖြစ်စေသလို စိတ်ပျက်ခြင်းလည်းမဖြစ်စေနိုင်ပေ။ သူက ထိုအရှုပ်အထွေးများကို ထည့်မတွေးချေ။
အမှန်တကယ်တော့ သူ ဤရုပ်ရှင်ဖိတ်ကြားချက်ကို လက်ခံလိုက်သည်မှာ ဒါရိုက်တာကျန်းကို ကူညီပေးလိုက်ခြင်းသာ။ သူက အခြားသူများ ပြသချိန်မည်မျှရ၊ မရကို လုံးဝစိတ်မဝင်စားပေ။ ပြောရလျှငိ ၎င်းမှာ ယွမ်ယယ် သဘောမကျသောအချက်မဟုတ်ပေ။ အမှန်တကယ်တော့ သူ အလွန်ကြိုက်သောအချက်ဖြစ်ပေသည်။ သူက တစ်ဖက်လူ၏ ကြင်နာတတ်မှုနှင့် လူကြီးလူကောင်းဆန်မှုကို သဘောကျသော်လည်း တချို့ကိစ္စများနှင့် ရင်ဆိုင်လိုက်ရသောအခါ ရင်မောသလိုခံစားနေရဆဲပင်။
ယွမ်ယယ်က ဖန်းရှောက်ယိနှင့် မတူပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က ယွမ်ယယ်သည်လည်း ဆုံးရှုံးမှုများခံစားခဲ့ရ၏။ သူ ဆုံရှုံးလိုက်ရသည့်ပမာဏက မရေတွက်နိုင်အောင်များသော်လည်း ယွမ်ယယ်က ထိုအရာများကို လက်ပြနှုတ်ဆက်လိုက်သည်သာ။ သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေခဲ့ပေ။ ထိုအချိန်က ဖုန်းလေကျစ်သည် သူ့ကို 'မင်းမှာ အထိမခံနိုင်တဲ့အရာမရှိတော့ဘူးလား၊ ငတုံးကောင်' ဟု မေးခဲ့သေးသည်။
ထိုအချိန်က ယွမ်ယယ်တစ်ယောက် ၎င်းကို ခဏစဥ်းစားပြီးနောက် အဆုံးသတ်မှာ ခေါင်းညိတ်ပြခဲ့သည်။
သေချာပေါက် သူ့မှာ နောက်ဆုံးကန့်သတ်ချက်ဖြစ်သည့် အထိမခံနိုင်သည့်အရာရှိပေ၏။ ၎င်းမှာ ဖန်းရှောက်ယိပင်။
မည်သိာ့ပင်ဆိုစေ ဖန်းရှောက်ယိက ထိုသို့သာ ဖြစ်နေဆဲဖြစ်၏။ ရိုက်ကွင်း၌ ဟယ့်ဟန်တစ်ယောက် သူ့ကိုမြင်သောအခါ သူ(ဟယ့်)သည် သူ့(ဖန်း)ကို ခေါင်းငုံ့ကာနှုတ်ဆက်ရန်လိုအပ်နေဆဲပင်။ ဖန်းရှောက်ယိက သူ့ကိုကြည့်တောင်မကြည့်ချေ။ သူက အသံပြုကာသာ သူ့ကိုဖြတ်လျှောက်သွားခဲ့သည်။
ဟယ့်ဟန်၏မန်နေဂျာက ရိုက်ကွင်းနားချိန်တွင် သူ့ဆီသို့ရောင်လာပြီး စကားလာပြောခဲ့လေသည်။ သူက မျက်နှာထက်တွင် အပြုံးလေးဖြင့် ခေါ်လာခဲ့၏။ "ဖန်းလောင်ရှီး?"
ဖန်းရှောက်ယိက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ မန်နေဂျာက ပြုံးလျက်ပြောလာ၏။ "အရင်က ကျွန်တော် ယွမ်လောင်ရှီးနဲ့ နားလည်မှုလေး နည်းနည်းလွဲသွာားခဲ့တာပါ။ ကျွန်တော်တို့ စကားအချေအတင်ဖြစ်ခဲ့ကြပေမဲ့ ကျွန်တော် ယွမ်လောင်ရှီးကို တောင်းပန်ဖို့အခွင့်အရေးမရခဲ့ဘူး။ ယွမ်လောင်ရှီးကလည်း ကျွန်တော့်ကို စကားပြောဖို့အခွင့်အရေးမပေးဘူးဖြစ်နေတယ်။ အရင်တစ်ခေါက်က ကျွန်တော့်အမှားပါ။ လောင်ရှီးပြန်သွားရင် ယွမ်လောင်ရှီးကို ကျွန်တော့်လိုနိမ့်ကျတဲ့လူမျိုးကို စိတ်ဆိုးမနေတော့ဖို့ ပြောပေးလို့ရမလား။ ဒါမှမဟုတ် ကျွန်တော် ယွမ်လောင်ရှီးကို ကိုယ်တိုင်ကိုယ်ကျတောင်းပန်လို့ရမဲ့အချိန်ကို ပြောပေးလို့ရမလား။"
"မလိုဘူး။" ဖန်းရှောက်ယိက သူ့လက်ထဲက ရေနွေးဘူးကို လှည့်လိုက်သည်။ သူက မော့တောင်မကြည့်ဘဲ ပြောလိုက်လေ၏။ "သူ့ကိုတောင်းပန်ဖို့မလိုဘူး။ သူ့ရဲ့စိတ်ကတည့်တိုးဆန်သလို သူပြောလိုက်တဲ့စကားတွေကလည်း နားထောင်ရတာ သာယာနေမှာမဟုတ်ဘူး။"
မန်နေဂျာက ပြောလိုက်၏။ "လောင်ရှီးက ဘာကိုဆိုလိုတာပါလဲ။ အဲ့ဒါက ယွမ်လောင်ရှီးရဲ့စရိုက်ပဲလေ။ တကယ်တော့ ကျွန်တော် သူ့ကို အရမ်းလေးစားတာပါ။"
ဖန်းရှောက်ယိက ရေတစ်ငုံသောက်လိုက်၏။ "ခင်ဗျား သူ့ကို လေးစားစရာမလိုဘူး။ ခင်ဗျားသာ သူ့မျက်စိရှေ့အောက် ရောက်မလာနဲ့။ ယွမ်ယယ်က နောက်ကွယ်ကနေ ကလီကမာလုပ်တတ်တဲ့သူမျိုးမဟုတ်ဘူး။ ကျွန်တော်လည်း ဘယ်သူကမှ သူတို့ရဲ့အရှုပ်အထွေးတွေထဲ ယွမ်ယယ့်ကိုဆွဲမထည့်ဖို့ မျှော်လင့်တယ်။"
ဖန်းရှောက်ယိက စကားမဆက်ခင် သူ့ကို စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။ "ကျွန်တော် ဂရုစိုက်တဲ့အရာက နည်းနည်းပဲရှိတယ်။ ခင်ဗျားတို့ တစ်ခုခုကိုလိုချင်ရင် ခင်ဗျားတို့ရဲ့ကိုယ်ပိုင်အစွမ်းအစတွေကို သုံးပြီး ရအောင်လုပ်။ အဲ့ဒါက ကျွန်တော် အလိုမရှိတဲ့အရာဆို ကျွန်တော် ခင်ဗျားတို့ကိုတားမှာမဟုတ်ဘူး။ ဒါပေမဲ့ ယွမ်ယယ်က ဘယ်သူမှထိလို့မရတဲ့ အရာတွေထဲကတစ်ခုပဲ။ သူနဲ့ပတ်သက်ပြီး မကောင်းတဲ့အတွေးလေးတစ်ခုတောင် တွေးဖို့မကြိုးစားနဲ့။ ငယ်ရွယ်ပြီး အစွမ်းအစမဲ့နေတဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မှာတောင် ကျွန်တော် သူ့ကိုလက်ထပ်ရဲခဲ့တယ်။ အခု ကျွန်တော့်အသက် သုံးဆယ့်ခြောက်နှစ်ရှိပြီ။"
ဖန်းရှောက်ယိဘက်က ထိုသို့တိုက်ရိုက်ပြောချလိုက်ခြင်းမှာ အလွန်ရှားပါးပေသည်။ သူက သူနှင့်တောင်မတူတော့ပေ။ ထိုရက်ပိုင်းအတွင်း သူက ထိုမန်နေဂျာ သူ့ကိုလာရှာမည့်အချိန်အား စောင့်နေခဲ့သည်။ သူ့မှာ ပြောဖို့လိုအပ်သည့်စကားများရှိနေ၏။ ထိုစကားများက ယခုပြောလိုက်သည့်အရာများပင်။ "ကျွန်တော့်အသက် နှစ်ဆယ့်ငါးနှစ်အရွယ်၊ လူငယ်တစ်ယောက်အနေနဲ့ သူ့ကိုကာကွယ်ပေးခဲ့တယ်။ အခု သုံးဆယ့်ခြောက်နှစ် သက်လတ်ပိုင်းအရွယ်မှာ သူ့ကိုကာကွယ်ပေးနိုင်တာထက်ကို ပိုပြီးတတ်နိုင်နေပြီ။"
"ကျွန်တော်နားလည်ပါတယ်၊ သဘောပေါက်ပါတယ်။" မန်နေဂျာက အလျင်အမြန်ခေါင်းညိတ်ပြလာ၏။ "ကျွန်တော် နားလည်ပါပြီ။"
ဖန်းရှောက်ယိက နောက်ထပ်ရေတစ်ငုံသောက်လိုက်ပြီး အသံပြုလိုက်သည်။
တကယ်တော့ ယွမ်ယယ် ထိုနေရာသို့ ရောက်နေသည်မှာ အတော်လေးကြာနေပြီဖြစ်၏။ သို့သော် ဖန်းရှောက်ယိက ဟယ့်ဟန်၏မန်နေဂျာနှင့် စကားပြောနေသည်ကို သတိထားမိလိုက်သောအခါ သူ ထိုနားသို့မသွားတော့ပေ။ သူသာ သွားလိုက်လျှင် သူ၏စိတ်ခံစားချက်များကို ထိန်းထားနိုင်လိမ့်မည်မဟုတ်ချေ။ ထိုစကားဝိုင်းထဲပြောနေသော စကားတချို့ကိုကြားပြီးနောက် သူ နောက်တစ်ခါထပ်ပြီးပေါက်ကွဲရန် အသင့်ဖြစ်လာခဲ့သည်။ သူ၏စိတ်ကိုထိန်းထားပြီး ဘာမှမပြောခဲ့ရသည်မှာ သူ၏နှလုံးသားထဲ ကျဥ်းကျပ်နေသလို ခံစားနေရသည်။ ထို့ကြောင့် ထိုသို့မသွားခြင်းက ပို၍ကောင်းပေ၏။ ယွမ်ယယ် ထိုမန်နေဂျာထွက်သွားတော့မှ ထိုနေရာသို့ သွားခဲ့သည်။ ထို့နောက် ဖန်းရှောက်ယိ၏ဆံပင်လေးကို ညင်ညင်သာသာလေး ထိတွေ့လိုက်သည်။
ဖန်းရှောက်ယိက သူ့ကိုမော့ကြည့်ကာ ပြုံးပြလာခဲ့၏။
ယွမ်ယယ်တစ်ယောက် ဖန်းရှောက်ယိ၏ထိုင်ခုံအနောက်မှာ ရပ်နေခဲ့သည်။ ဖန်းရှောက်ယိက အနောက်သို့ ခေါင်းလေးစောင်းငဲ့ကာ ကြည့်လာခဲ့လေ၏။ ယွမ်ယယ်က လက်လှမ်းကာ တစ်ဖက်လူ၏လည်ပင်းကို အမြတ်တနိုးကိုင်လိုက်ပြီး သူ၏လက်ချောင်းလေးများက ဖန်းရှောက်ယိ၏လည်စလုတ်ပေါ် ညင်သာစွာ ပြေးလွှားနေခဲ့သည်။ ၎င်းက အနည်းငယ်ယားယံစေပြီး ဖန်းရှောက်ယိ၏လည်စေ့မှာ အထက်အောက် ရွေ့လျားသွားခဲ့သည်။
"ရှောင်ထောင်းရော?" ယွမ်ယယ်က မေးလိုက်သည်။
"မသိဘူးလေ။ သူ ဘယ်ပြေးသွားလဲဆိုတာ ဘယ်သူကသိမှာလဲ။" ဖန်းရှောက်ယိက ပြောလိုက်လေ၏။
"ဘယ်လိုတောင်လဲ။ နာမည်ကြီးတစ်ယောက်ကို ဒီတိုင်းထားခဲ့ပြီး ဘယ်သူမှမသိတဲ့နေရာကို ထွက်သွားရတယ်လို့။" ယွမ်ယယ်က ရယ်လိုက်၏။ "ငါ့တော့ မင်းရဲ့အဲ့ဒီလက်ထောက်ကို ဖြုတ်ပစ်ဖို့လိုအပ်နေပြီလို့ထင်တာပဲ။"
ဖန်းရှောက်ယိက ခေါင်းညိတ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး ယွမ်ယယ်၏လက်ပေါ်ကို အုပ်မိုးကာကိုင်လိုက်သည်။ သူက ယွမ်ယယ်၏လက်ဖမိုးကို အသာလေးဆွဲဆိတ်လိုက်လေ၏။ ယွမ်ယယ်ကိုပြုံးပြနေသော သူ၏အပြုံးက အတော်လေး နူးညံ့သိမ်မွေ့နေ၏။ "ဘာပဲဖြစ်ဖြစ်အဆင်ပြေတယ်။ မင်းရဲ့သဘောပဲ။ မင်းပျော်နေသရွေ့ မင်းစိတ်တိုင်းကျပဲ။"
ယွမ်ယယ်က မျက်တောင်ခတ်လိုက်သည်။ ထို့နောက် တစ်ပတ်ပတ်ကာ ဖန်းရှောက်ယိရှေ့၌ ဆောင့်ကြောင့်ထိုင်လိုက်၏။ သူက ထိုအနေအထားအတိုင်း ဖန်းရှောက်ယိကို မော့ကြည့်လိုက်သည်။ သူ၏အမူအရာမှာ အလွန်မိမိုက်နေခဲ့သည်။ ဖန်းရှောက်ယိကလည်း အရှေ့သို့တိုးလာပြီး သူနှင့် အကြည့်ချင်းဆုံလိုက်သည်။ သူ၏မျက်လုံးထဲတွင် ရွှင်မြူးရိပ်လေးများပြည့်နှက်နေ၏။ တစ်ယောက်က ထိုင်ခုံ၌ထိုင်နေစဥ် တစ်ယောက်က ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ ၎င်းမှာ အလွန်အေးချမ်းပြီး သာယာသောမြင်ကွင်းလေးဖြစ်ပေသည်။
ကျီရှောင်ထောင်းတစ်ယောက် မီးဖိုချောင်ကနေ ပြန်လာရင်း အဝေးတစ်နေရာကနေ ၎င်းတို့နှစ်ဦး ထပ်မံ၍ ရူးကြောင်ကြောင်လုပ်နေသည်ကို မြင်လိုက်ရလေသည်။ သူက ချက်ချင်းဆိုသလို ဖုန်းကိုထုတ်ကာ ဓါတ်ပုံရိုက်ယူလိုက်သည်။ ထို့နောက် ထိုပုံကို သုန်လင်းထံသို့ တိုက်ရိုက်ပို့ပေးလိုက်လေ၏။
ကျီရှောင်ထောင်း: [ကျစ်၊ သူတို့ကိုကြည့်လိုက်ပါဦး။ သူတို့က ရိုက်ကွင်းတစ်ခုလုံးကို ရယ်အောင်လုပ်နေကြတာပဲ။]
သုန်လင်းက ချက်ချင်းပင် စာပြန်ခဲ့သည်။ [ဒီရက်ပိုင်း ဒီလိုမျိုးတွေ ကျွန်တော့်ဆီကို မပို့ပါနဲ့။ ကျွန်တော့်ရဲ့ကောက သူ့ရဲ့ရည်းစားနဲ့ပျက်သွားတာ မကြာသေးဘူး။ အခုလိုမျိုးကြွားနေရင် အရမ်းများသွားပြီ။]
ကျီရှောင်ထောင်း: [မင်းရဲ့ကော လမ်းခွဲတာ ပုံမှန်ပဲမဟုတ်ဘူးလား။ မင်းရဲ့ကောမှာ ဘယ်တုန်းက အတည်တွဲတဲ့ ရည်းစားရှိလို့လဲ။]
သုန်လင်းက စိတ်ဆိုးသည့်စတစ်ကာပုံ အနည်းငယ်ပို့လာခဲ့သည်။ ထို့နောက် ပြောလာခဲ့၏။ "[ကောရဲ့ကောကပဲရှိတာပါ။]
ကျီရှောင်ထောင်းက တည်ငြိမ်စွာပြောလိုက်သည်။ [အတိအကျပဲ၊ ငါ့ရဲ့ကောပဲရှိတာ။ ငါ့ရဲ့ကောက ဒီတစ်ယောက်တည်းပဲရှိတာလေ။ သူတို့က ဆယ့်တစ်နှစ်လောက်တောင် အတူရှိလာခဲ့ကြတာ။]
သုန်လင်းက အေးစက်စက်အမူအရာဖြင့် ပြန်ပို့လာ၏။ [ဒါပေမယ့် ကောရဲ့ ကောတွေက ကွာရှင်းထားတာလေ။]
ကျီရှောင်ထောင်းက ပခုံးတွန့်ကာ တုံ့ပြန်လိုက်သည်။ [ငါ့ရဲ့ကောတွေက ကွာရှင်းပြီးသွားလည်း နောက်တစ်ယောက်ဆိုတာ မရှိခဲ့ကြဘူး။ မင်းရဲ့ကောကို ဒီဘက်ကရုပ်ရှင်ဧကရာဇ်ရဲ့အာရုံစူးစိုက်မှုမျိုး တွေ့ကြုံခံစားခိုင်းလိုက်ကြရအောင်လေ။]
သုန်လင်းက အချိန်အတော်ကြာမှ ပြန်ပို့လာခဲ့သည်။ [ကျွန်တော် ကောကို ဘလော့ပစ်မယ်။]
*****