no

Font
Theme

သူသည် တက္ကသိုလ်တက်ရန် စိတ်ကူးမရှိခဲ့သောကြောင့် မည်သည့် ရှာဖွေမှုမျှ မလုပ်ထားခဲ့ပေ။ ထို့ကြောင့် နောက်ပြောင်သည့် သဘောဖြင့် ကောရှန်၏ လျှောက်လွှာပုံစံအတိုင်း ကူးယူပြီး လင်ကျင်းကျယ်ကို နှစ်သိမ့်ပေးနိုင်ခဲ့သည်။

ဟူယွိသည် တက္ကသိုလ်လျှောက်လွှာပုံစံများကို စုဆောင်းသောအခါ အံ့အားသင့်သွားသည်။ အတန်း ၅ မှ ကျောင်းသားများသည် မျှော်မှန်းထားသည်ထက် အများကြီး ပိုမြင့်သော တက္ကသိုလ်များကို လျှောက်ထားကြသည်။

အခြားကျောင်းသားများကတော့ အဆင်ပြေကြသည်။ သူတို့ ပထမဆုံး ရေးချထားသည့် တက္ကသိုလ်တွင် ဝင်ခွင့်ရရန် မဖြစ်နိုင်သော်ငြားလည်း ကျန်သည့် ရွေးချယ်မှုများကတော့ အတော်လေး ကျိုးကြောင်းဆီလျော်သည်။ သို့သော်...

သူ(မ)သည် လျှောက်လွှာပုံစံ သုံးခုကို ဆွဲထုတ်လိုက်သည်။ သူ(မ)၏ အမူအရာက အနည်းငယ် လေးလေးပင်ပင် ဖြစ်နေသည်။ ကောရှန်နှင့် ကျိုးဟိုင်ထန်တို့သည် မည်သည့်ဘာသာရပ်ကို ရွေးချယ်ခဲ့ကြသနည်း။ ကွန်ပျူတာ။

ကောင်းပြီ၊ ဝူတုံတက္ကသိုလ်၏ မနှစ်က အနိမ့်ဆုံးရမှတ်သည် ၄၇၀ ကျော်သောကြောင့် သူတို့ ဝင်ခွင့်ရမည်လား၊ မရမည်လား သံသယဖြစ်စရာပင်။ သို့သော် လင်ကျင်းကျယ်၏ ရွေးချယ်မှုများကတော့...

အံ့အားသင့်စွာဖြင့် ဟူယွိသည် ပထမဆုံးအကွက်တွင် ရေးထားသည့် "ယန်တက္ကသိုလ်" ကို ကြည့်လိုက်သည်။ သူ(မ)သည် စိတ်လှုပ်ရှားစွာ ခုန်နေသော နှလုံးကို ငြိမ်သက်စေရန် စက္ကန့်အနည်းငယ် ရပ်နားလိုက်ပြီးမှ ကျန်အရာများကို စစ်ဆေးသည်။ လင်ကျင်းကျယ်သည် တက္ကသိုလ်စုစုပေါင်း လေးခု ဖြည့်သွင်းထားပြီး အားလုံး ယန်မြို့တွင် တည်ရှိသည်။ နောက်ဆုံးတစ်ခု၏ အနိမ့်ဆုံးဝင်ခွင့်ရမှတ်သည် မနှစ်က ချွင်းနန် တက္ကသိုလ်ထက်ပင် အနည်းငယ် မြင့်နေသေးသည်။

လင်ကျင်းကျယ် ချွင်းနန်တက္ကသိုလ်၏ ဝင်ခွင့်ကို စွန့်လွှတ်လိုက်ကတည်းက သူ၏ ရွေးချယ်မှုများသည် အလွန်ရဲတင်းနေမည်ကို သူ(မ) စိုးရိမ်နေခဲ့သည်။ သူ(မ)၏ ပါးစပ်ထဲတွင် ခါးသက်သက် အရသာ ခံစားနေရသည်။ ယခုတော့ သူ(မ)၏ စိုးရိမ်မှုသည် တကယ်ပင် အဖြစ်မှန် ဖြစ်လာခဲ့ပြီ။

ဤလျှောက်လွှာကို မည်သို့ တင်နိုင်မည်နည်း။ ၎င်းသည် လင်ကျင်းကျယ်ကိုသာ ထိခိုက်စေလိမ့်မည်။

ယန်တက္ကသိုလ်သည် မည်မျှ နာမည်ကြီးသနည်း။ လင်ကျင်းကျယ်သည် လူကြိုက်များသော စီးပွားရေး ဘာသာရပ်ကို ရွေးချယ်ထားသည်။ မနှစ်က ဤဘာသာရပ်၏ အနိမ့်ဆုံးရမှတ်သည် ချွင်းနန်တက္ကသိုလ်ထက် အမှတ် နှစ်ဆယ် ပိုများသည်။

သူ(မ)သည် ဝါရင့် အထက်တန်းဆရာမ တစ်ယောက်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ် နှစ်ဆယ်သည် ဘာကို ကိုယ်စားပြုသည်ကို သူ(မ)ထက် မည်သူမျှ ပိုသိမည် မဟုတ်ပေ။ လိယွမ် မြို့ငယ်လေးတွင် စတင်သင်ကြားခဲ့သည့် အချိန်မှစ၍ ၎င်းတို့ကျောင်းမှ ကျောင်းသားများထဲတွင် စာမေးပွဲအမှတ်နှင့်ချည်းသက်သက်ဖြင့် ချွင်းနန်တက္ကသိုလ်ကို ဝင်ခွင့်ရသူ ရှားသည်။ ယန်တက္ကသိုလ်ကတော့ အနိမ့်ဆုံးဝင်ခွင့်ရမှတ် တစ်ဆယ်၊ နှစ်ဆယ် ပိုများသောကြောင့် ပြောစရာပင် မလိုတော့ပေ။

လင်ကျင်းကျယ်သည် သူ၏ ဒုတိယအကြိမ် အစမ်းစာမေးပွဲမှ မထင်မှတ်ဘဲ ကောင်းမွန်သော ရလဒ်ကြောင့် စိတ်ရှုပ်ထွေးနေသော်လည်း ထိုစာမေးပွဲ၏ ခက်ခဲမှုသည် တက္ကသိုလ်ဝင်စာမေးပွဲ၏ ခက်ခဲမှုနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။ ပိုဆိုးသည်မှာ သူ(မ)သည် လင်ကျင်းကျယ်၏ အမှတ်များကို ဂရုတစိုက် လေ့လာဆန်းစစ်ခဲ့သည်။ အတန်း ၁ တုန်းကတည်းက သူ၏ စွမ်းဆောင်ရည်သည် ထိုအချိန်က နံပါတ်တစ်ဖြစ်သော ယူကျီလျန်ထက် အနည်းငယ် နိမ့်ကျခဲ့သည်။ ဆရာမတစ်ယောက်အနေဖြင့် ဟူယွိ စိုးရိမ်သည်မှာ စာမသင်ချင်သော ကျောင်းသားများ မဟုတ်ဘဲ လင်ကျင်းကျယ်ကဲ့သို့ တစ်ကြိမ်တစ်ခါ ထူးချွန်သော ရလဒ်ကြောင့် ပုံမှန် ကျိုးကြောင်းဆီလျော်မှုကို ဆုံးရှုံးသွားသော ကလေးများဖြစ်သည်။

သူ(မ)သည် လင်ကျင်းကျယ်ကို တွေ့ပြီး သူရွေးချယ်ထားသော တက္ကသိုလ်အချို့ကို အနည်းဆုံး ပြောင်းလဲရန် ဆွဲဆောင်ကြိုးစားခဲ့သော်လည်း သူက လုံးဝ လက်မခံခဲ့ပေ။

သူ(မ) အလွန်စိုးရိမ်နေသောကြောင့် သူ(မ)၏သား ဘာကြောင့် သူ့လျှောက်လွှာပုံစံတွင် ကွန်ပျူတာဘာသာရပ် ဖြည့်သွင်းခဲ့သည်ကို မမေးမိလိုက်ပေ။ သူ(မ)သည် ဒုတိယကျောင်းအုပ် ချွီယွမ်ကိုသာ ရှာပြီး လင်ကျင်းကျယ်ကို သူ့အသိစိတ် ပြန်ဝင်လာအောင် ကူညီပေးရန် တောင်းဆိုရသည်။

သို့သော် ချွီယွမ်အနေနှင့် မည်သို့ ရဲရဲဝံ့ဝံ့ လုပ်နိုင်မည်နည်း။ သူသည် ယခု ယာယီကျောင်းအုပ်အဖြစ် အာဏာရှိနေသော်လည်း စစ်ဆေးနေစဉ်အတွင်း တူကန်က လင်ကျင်းကျယ်ကို မည်မျှ ဂရုစိုက်ခဲ့သည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ထောင်ဖန်ကျိန့် ကျရှုံးပြီးနောက် အရင်က ထူးထူးခြားခြား မရှိသော ဤကျောင်းသားကို သူ အတော်လေး ကြောက်ရွံ့နေခဲ့သည်။

အခြား အတန်း ၅ မှ ဆရာအချို့ကလည်း ဤတက္ကသိုလ်လျှောက်လွှာပုံစံသည် လက်တွေ့မကျလွန်းသောကြောင့် တစ်ထောင့်တစ်ည ပုံပြင်များဟုပင် ခေါ်၍ရသည်ဟု ထင်ကြသည်။

သို့သော်ငြားလည်း ဤအသက်အရွယ် ကလေးများသည် ခေါင်းမာတတ်သည်ကို သူတို့သိကြသည်။ ဓာတုဗေဒဆရာက ဆွဲဆောင်လိုက်သည်။

"သူ ယန်တက္ကသိုလ်ကို ဘယ်လိုလုပ် ဝင်ခွင့်ရနိုင်မှာလဲ။ ချွင်းနန်တက္ကသိုလ်ကိုပဲ ဖြည့်လိုက်ပါ။ နောက်ပြီးရင် လိုအပ်ချက်နည်းတဲ့ ဒုတိယရွေးချယ်စရာ တချို့ကို ထပ်ထည့်လိုက်။ လင်ကျင်းကျယ်ရဲ့ အမှတ်နဲ့ဆို ချွင်းနန် တက္ကသိုလ်ကို ဝင်ခွင့်ရတာ ပြဿနာ မရှိဘူး။ တကယ်လို့ မအောင်မြင်ခဲ့ရင်တောင် ကျိုးကြောင်းဆီလျော်တဲ့ အခြားရွေးချယ်စရာတွေ သူ့မှာ ရှိနေမှာ။"

ဤအဆိုပြုချက်ကို ဆရာ အများအပြားက အတည်ပြုကြသည်။

"မှန်တယ်။ ရလဒ်တွေ ထွက်လာရင် သူ မင်းကို ကျေးဇူးတင်မှာ သေချာတယ်။ သူတို့က ကလေးတွေပဲ ရှိပါသေးတယ်။ တစ်ခါတလေ သူတို့လမ်းမှား မလျှောက်မိအောင် သူတို့လက်ကို ဆွဲပြီး ဆွဲခေါ်သွားရမယ်။”

ဟူယွိသည် ရုံးခန်း၌ ထိုင်ကာ ထိုအကြံပြုချက်ကို တစ်နေကုန် စဉ်းစားနေခဲ့သည်။ သူ(မ)သည် ကိုယ်ကိုယ်တိုင်နှင့် ရုန်းကန်နေခဲ့သော်လည်း နောက်ဆုံး၌ ထိုအကြံပြုချက်ကို မပယ်ချခဲ့ပေ။

ဘာပဲဖြစ်ဖြစ်၊ ၎င်းသည် လင်ကျင်းကျယ် လိုလားသောအရာဖြစ်သည်။ ဆရာမတစ်ယောက်အနေဖြင့် အကြံဉာဏ်ပေးနိုင်သော်လည်း သူ့အတွက် ရွေးချယ်ပေး၍ မရပေ။

သူ တကယ်ပင် ထိုတက္ကသိုလ်များထဲမှ တစ်ခု၌မှ ဝင်ခွင့်မရခဲ့လျှင် ဘာဖြစ်မည်နည်း။ သူ နောက်နှစ် ထပ်မံဖြေဆိုနိုင်သည်။ သူသည် ငယ်ရွယ်ပြီး ဉာဏ်ကောင်းသည်။ သူ့အနာဂတ်သည် ကျယ်ပြောလှသည်။ ယခုအချိန်၌ ရှုံးနိမ့်မှုတစ်ခုသည် တန်ဖိုးရှိသော ဘဝသင်ခန်းစာတစ်ခုထက် မပိုပေ။

အားနည်းခြင်းနှင့် အပြစ်ရှိသည်ဟူသော ခံစားချက်များ အပြည့်ဖြင့် ဟူယွိသည် အတန်း ၅ ၏ တက္ကသိုလ်လျှောက်လွှာပုံစံများကို တင်သွင်းလိုက်သည်။

အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ လင်ကျင်းကျယ်သည် ကျိုးဟိုင်ထန်၏ အိမ်သို့ သွားခဲ့သည်။ သူသည် ကျိုးဟိုင်ထန်၏ မိဘများအား သူတို့သား၏ စိတ်အခြေအနေအကြောင်း ပြောပြပြီး သူတို့ သူ့ကို ပြုပြင်ပေးပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ ကျိုးဟိုင်ထန်သည် သူ၏ တက္ကသိုလ်လျှောက်လွှာပုံစံကို ဖြည့်သွင်းထားခဲ့သော်လည်း တက္ကသိုလ်ဝင်စာမေးပွဲရလဒ်များ ထွက်ရန် အချိန်အတော် ကျန်သေးပြီး လင်ကျင်းကျယ်က သူ တစ်ခုခု မိုက်မိုက်မဲမဲ လုပ်မိမည်ကို စိုးရိမ်နေသည်။ သူသည် သူ့ငယ်သူငယ်ချင်းကို သိသည်။ စိတ်ကောင်းရှိပြီး ရိုးသားသော်လည်း အစွန်းရောက် ခေါင်းမာတတ်သည်။

လိယွမ် ရေနွေးဘူးစက်ရုံသည် လိယွမ် မြို့ငယ်လေး၌ နှိုင်းယှဉ်လျှင် ကြီးမားသော နိုင်ငံပိုင် လုပ်ငန်းတစ်ခုဖြစ်သည်။ ကျိုးဟိုင်ထန်မိသားစုသည် စက်ရုံ၏ အဆောင်၌ နေထိုင်ကြသည်။ ရှစ်ဆယ်ခုနှစ်အစောပိုင်းက တည်ဆောက်ထားသော အဆောက်အအုံတစ်ခုဖြစ်ပြီး ဟောင်းနွမ်းညစ်နွမ်းနေသည်။ ကျိုးမိသားစု၏ ဘဝသည် ချောင်လည်ပုံမရသော်လည်း လင်ကျင်းကျယ် လာလည်မည်ကို သိသောအခါ အမေကျိုးသည် စားဖိုမှူးဆီမှ အသားအချို့ကို အထူးတလည် ဝယ်ယူပြီး ရေနွေးဘူးစက်ရုံဘေးက ရေခဲမုန့်စက်ရုံသို့ သွားကာ နို့စိမ်းရေခဲမုန့်ဘူးတစ်ဘူး ဝယ်ခဲ့သည်။ ၎င်းသည် ဈေးမပေါသော အရာတစ်ခုဖြစ်သည်။

"မြန်မြန် စားလိုက်ပါဦး၊ ဟိုင်ထန် အိမ်ပြန်မလာခင်။ ကြည့်ပါဦး၊ ဘယ်လောက် ပိန်သွားလဲ... စာမေးပွဲက ပင်ပန်းမှာပေါ့နော်။ အန်တီက အသားများများပါတဲ့ ဝက်ခြေထောက်ရိုးတွေ ဝယ်ပြီး မင်းအတွက် ဟင်းချိုချက်ထားတယ်။"

ပိန်၍ နွမ်းနယ်နေသော အမေကျိုးသည် စားပွဲ၏ တစ်ဖက်၌ ထိုင်ကာ ဇွန်းဖြင့် ရေခဲမုန့်စားနေသော လင်ကျင်းကျယ်ကို ကြင်နာစွာ ကြည့်နေသည်။ သူ(မ) သက်ပြင်းချလိုက်သည်။

"ဟိုင်ထန်က သိပ်မိုက်တာ။ ငယ်ငယ်လေးကတည်းက အလွယ်တကူ အလိမ်ခံရတယ်။ နောက်ပိုင်း သူအဆင့်တွေ အများကြီး ကျသွားပြီး 'လူမိုက်ခေါင်းဆောင်' လုပ်မယ်၊ ပိုက်ဆံအများကြီး ရှာမယ်ဆိုပြီး အသံတွေ ထွက်စပြုလာတယ်။ ကျောင်းတက်ဖို့တောင် ငြင်းခဲ့တယ်။ မင်း သူ့ကို မဆွဲဆောင်ခဲ့ရင် ဘယ်လို ဖြစ်သွားမလဲ မသိဘူး။ အန်တီ ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူးကွယ်..."

သူ(မ)၏ အသံသည် မှောင်မိုက်နေသော စင်္ကြံလမ်း၌ ပဲ့တင်ထပ်နေသည်။ တစ်ဝက်ဖွင့်ထားသော တံခါးကြားမှ သင်းပျံ့နေသော အရိုးဟင်းချိုရနံ့သည် လင်ကျင်းကျယ်၏ ပါးစပ်ကို သွားရည်ကျစေသည်။ အမေကျိုးနှင့် ပတ်သက်၍ သူ၏ အနက်ရှိုင်းဆုံး အထင်အမြင်မှာ သူ(မ)၏ ထူးချွန်သော ဟင်းချက်အတတ်ပင်ဖြစ်သည်။ တောင်ပေါ်မှ ဆွတ်ယူလာသော ခါးသက်သက်၊ မစားချင်စဖွယ် တောဟင်းသီးဟင်းရွက်များကို ဒဏ္ဍာရီလာ ပွဲတော်ကြီးတစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။

သို့သော် သူ(မ)၏ ကံကြမ္မာသည် ဆိုးရွားခဲ့သည်။ လင်ကျင်းကျယ်၏ မနှစ်ကဘဝ၌ သူ(မ)သည် ဟူယွိထက် စောပြီး ဆုံးပါးခဲ့ရသည်။

ကျိုးဟိုင်ထန် မိသားစုသည် ယခု ချမ်းသာကြွယ်ဝခြင်း မရှိသော်ငြားလည်း အခြေအနေသည် လုံးဝ မဆိုးသေးပေ။ အမေကျိုးသည် မနှစ်က အလုပ်ဖြုတ်ခံရသော်ငြားလည်း အဖေကျိုးဆီမှ ဝင်ငွေအရင်းအမြစ် ရှိနေသေးသည်။ သို့သော် နှစ်အနည်းငယ်အတွင်း နိုင်ငံပိုင်လုပ်ငန်းများ ပြုပြင်ပြောင်းလဲပြီးနောက် သူလည်း အလုပ်လက်မဲ့ ဖြစ်သွားမည်ဖြစ်သည်။

အရင်ကဘဝ၌ အဖေကျိုး အလုပ်ဖြုတ်ခံရပြီးနောက် သူသည် အခြားပြည်နယ်များသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။ ကောရှန်၏အဖေနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင် အမျိုးမျိုး၌ အလုပ်လုပ်ကြသည်။ သို့သော် နှစ်အနည်းငယ်အကြာ၌ လုပ်ငန်းခွင်တစ်ခု၌ ကြီးမားသော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အကျိုးဆက်မှာ ကြေကွဲဖွယ်ရာ ဖြစ်ခဲ့သည်။ ကောရှန်၏အဖေသည် ထိုနေရာ၌ပင် သေဆုံးခဲ့ပြီး ကျိုးဟိုင်ထန်၏အဖေကလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ အသက်ရှင်သန်ခဲ့သော်ငြားလည်း ညာဘက်ခြေထောက်ကို ဒူးအောက်မှ ဖြတ်တောက်လိုက်ရသည်။

ဆင်းရဲလှသော အမေကျိုးသည် သူ(မ)ခင်ပွန်း၏ ဆင်းရဲဒုက္ခများအတွက် ငိုကြွေးရုံသာမက သူ(မ)၏သား ရွေးချယ်ထားသော "အလုပ်အကိုင်" အတွက်လည်း စိတ်ပူပင်ပန်းနေခဲ့ရသည်။ စိုးရိမ်ပူပန်မှုများ ဖိစီးမှု လွန်ကဲခဲ့သောကြောင့် ဖြစ်နိုင်သည်။ သို့သော် နှစ်အနည်းငယ်အတွင်း သူ(မ)သည် ကင်ဆာရောဂါ ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ သူ(မ) ရောဂါရှာဖွေတွေ့ရှိပြီး နှစ်လပင် မပြည့်ခင် ဆုံးပါးသွားခဲ့သည်။

ထိုအချိန်တုန်းက လင်ကျင်းကျယ်သည် ယန်မြို့၌ ပြဿနာမျိုးစုံနှင့် ရုန်းကန်နေရသည်။ သူသည် သူ(မ)၏ ဈာပနကိုပင် မရောက်ခဲ့ရပေ။ ထိုနေ့၌ပင် ကျိုးဟိုင်ထန် ဖုန်းခေါ်လာပြီး ဖုန်းပေါ်၌ အသံဝင်အောင် ငိုကြွေးနေခဲ့သည်။

သူ ရုတ်တရက် အသိပြန်ဝင်လာပြီး ပါးစပ် ထုံကျင်နေသည်ကို သတိထားမိသည်။ သူ ရေခဲမုန့်ကို ဇွန်းဖြင့် ခပ်စားနေခြင်းကို ရပ်လိုက်ပြီး အသက်ရှူဝအောင် ရှူသွင်းလိုက်သည်။

အရိုးဟင်းချို အဆင်သင့်ဖြစ်နေသောကြောင့် အမေကျိုးသည် အဝတ်စ နှစ်ထည် ယူကာ အသက်ရှူမဝစွာဖြင့် စင်္ကြံလမ်းမှ မီးသွေးမီးဖိုပေါ်က ပွက်ပွက်ဆူနေဆဲ မြေအိုးကို သယ်လာခဲ့သည်။

ဟင်းချိုသည် အရသာ အပြည့်ရှိသည်။ အသားရနံ့ကြွယ်ဝမှုသည် စိတ်ဝင်စားဖွယ်ရာ ဟင်းခတ်အမွှေးအကြိုင်များနှင့် ပြောင်းဖူးချို၏ သကြားရနံ့များနှင့် ရောနှောနေသည်။ ၎င်းသည် မယုံနိုင်စရာ ကောင်းလောက်အောင် မွှေးကြိုင်နေသောကြောင့် လင်ကျင်းကျယ်တစ်ယောက် တော်ဝင်စားပွဲ၌ ဖိတ်ကြားခံရသကဲ့သို့ ခံစားရသည်။ အဆောင်နေ အခြားသူများကတော့ ဘာမှမဟုတ်သကဲ့သို့ ဟန်ဆောင်ပြီး လျှောက်သွားနေကြရင်း လျှို့ဝှက်စွာ ရှာဖွေကာ မွှေးကြိုင်သော ရနံ့အရင်းအမြစ်ကို ရှာဖွေနေကြသည်။

သုံးကြိမ်တိတိ လျှောက်သွားနေသော အလယ်အလတ်အရွယ် အမျိုးသမီးတစ်ယောက်က မနေနိုင်တော့ဘဲ ရပ်ပြီး အော်ပြောလိုက်သည်။

"အို.. အမေကျိုး ရေ၊ ဒီဟင်းချိုကို ဘယ်လိုချက်တာလဲ။ ကျွန်မကို ဟင်းခတ်နည်း သင်ပေးပါဦး။ ကျွန်မချက်တာ ဒီလို မွှေးတာမျိုး တစ်ခါမှ မရဘူး။"

လင်ကျင်းကျယ်သည် သူတို့စကားပြောနေသည်ကို နားထောင်ရင်း ဟင်းချိုတစ်ကျိုက်ကို တိတ်တိတ်လေး သောက်လိုက်သည်။ ပါးစပ်နှင့် လည်ချောင်းထဲ၌ စူးရှသော အရသာ အပြည့်အဝ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။

သူ၏ အရင်ကဘဝမှ ဆိုးရွားသောကာလ မတိုင်မီက သူသည် အဖေနှင့်အတူ ယန်မြို့၌ နေထိုင်ခဲ့ပြီး သူဌေးသားများ၏ ဘဝပုံစံကို တွေ့ကြုံခဲ့ရသည်။ ဒုတိယမျိုးဆက် "ဆရာလေးများ" နောက်မှ လိုက်စားသောက်ခဲ့ရင်း မြို့တော်မှ နာမည်ကြီး ပုဂ္ဂလိက စားသောက်ဆိုင်အားလုံးကို သွားရောက်ခဲ့သည်။ ထို၌ ကျွေးမွေးသော အစအဆုံး ထမင်းဝိုင်းသည် ယွမ် သိန်းနှင့်ချီ တန်ဖိုးရှိနိုင်သော်လည်း ကျိုးဟိုင်ထန် အမေ၏ အရသာကို မည်သည့်စားဖိုမှူးမှ ပြန်လည်ဖန်တီးနိုင်မည် မဟုတ်ပေ။

အမှတ်ရမှုများကို နောက်တွန်းပို့လိုက်ပြီး ဟင်းချိုတစ်ပန်းကန် ကုန်အောင် သောက်လိုက်သည်။ သူ လာသည့်အကြောင်းရင်းကို အမေကျိုးအား ပြောပြလိုက်သည်။

အမေကျိုးက သူ့ကို ဒုတိယအကြိမ် ထပ်ခပ်ပေးတော့မည်။ သူ့စကားကိုကြားပြီး သူ(မ)၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားသည်။

"ဘာပြောလိုက်တယ်။ ဟိုင်ထန်က တက္ကသိုလ်လျှောက်လွှာပုံစံ မဖြည့်ချင်ဘူး ဟုတ်လား သား။"

"ဒီ ငနာလေး!"

သူ(မ)သည် စားပွဲပေါ်သို့ ပန်းကန်လုံးကို ဆောင့်ချလိုက်သည်။

"ငွေကြေးအတွက် စိတ်မပူဖို့ သူ့ကို အခါတစ်ရာလောက် ပြောပြီးပြီ။ ဒါက သူ့မိဘတွေ ဂရုစိုက်ရမဲ့ကိစ္စ၊ ဒါပေမဲ့ ဒီကောင်လေးက နားမထောင်ပုံရဘူး။ သူ အိမ်ပြန်လာရဲ လာကြည့်လိုက်။"

စိတ်တိုပြီးနောက် သူ(မ)၏ မျက်လုံးများ နီရဲလာသည်။

"ဒါ အန်တီ့အပြစ်။ မနှစ်ကသာ အလုပ်ဖြုတ်မခံရရင် သူ အဲ့ဒီလောက် စဉ်းစားမှာ မဟုတ်ဘူး။ အန်တီ မစွမ်းဆောင်နိုင်တာကြောင့်ပါ။"

"အဲ့ဒီလို မပြောပါနဲ့ အန်တီ။"

လင်ကျင်းကျယ်က သူ(မ)ကို နှစ်သိမ့်သည်။

"အန်တီ့ကို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စေချင်လို့ မဟုတ်ပါဘူး။ ကျွန်တော် တကယ် ပြောချင်တာက ကျိုးဟိုင်ထန်ရဲ့ ကျောင်းစရိတ် ပြဿနာကို ဖြေရှင်းပေးပါ့မယ်။ ဒါပေမဲ့ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်။ အဲ့ဒီအချိန်အထိ သူ့ကို အန်တီ စောင့်ကြည့်ပေးပါဦးလို့ မျှော်လင့်ပါတယ်။ သူ ခိုးကြောင်ခိုးဝှက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် ဒါမှမဟုတ် တစ်နေရာရာမှာ အလုပ်လုပ်ဖို့ ထွက်ပြေးမှာကို ကျွန်တော် စိုးရိမ်တယ်။ သူနဲ့ အဆက်အသွယ် ပြတ်သွားရင် ပိုခက်ခဲသွားပါလိမ့်မယ်။"

"မင်းတို့ ကလေးတွေက ဘာလုပ်နိုင်မှာလဲ။"

အမေကျိုးက မျက်ရည်များကြားမှ ပြုံးလိုက်သည်။ သူ့စကားကို အလေးအနက်မထား။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment