ချွင်းနန်ပြည်နယ်၊ လိယွမ်အမည်ရှိ သာမန်မြို့ငယ်လေးတစ်မြို့၏ ထို့ထက်ပင် လူသိနည်းလှသော အမှတ် ၁ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်ခွင့် ထောက်ခံချက်ပေးသည့် ကျောင်းသားစာရင်း ထွက်လာခဲ့သည်။ ထိုစာရင်းထဲတွင် ကျန်းရန်၏ အမည် မပါဝင်ခဲ့ပေ။
"ယူကျီလျန်" ဟူသော အမည်ကို ကြားလိုက်ရသည့်အခါ ကျန်းရန်မှာ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ သူက ကြွားဝါတတ်သူဖြစ်ရာ သူ့အမေက လီယွိရုန်ကို ကိစ္စပြီးမြောက်အောင် ငွေပေးပြီးသည့်နောက် ဝင်ခွင့်နေရာက သူ့အတွက် သေချာပေါက်ဖြစ်သည်ဟု ယုံကြည်စိတ်ချစွာဖြင့် နေရာအနှံ့ ကြွားလုံးထုတ်ထားခဲ့သည်။
ထို့ကြောင့် ယူကျီလျန်၏ စိတ်အခြေအနေက စိတ်ပျက်အားငယ်မှုမှ ဝမ်းသာကြည်နူးမှုသို့ ပြောင်းလဲသွားချိန်တွင် သူ့အခြေအနေမှာမူ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ အတန်းထဲမှ အခြားကျောင်းသားများ၏ ထူးဆန်းသော အကြည့်များက သူ့ကို ပို၍ပင် အရှက်ရစေခဲ့သည်။
ထိုနေ့တွင် သူ အတန်းချိန်မပြီးခင်မှာပင် မွန်းမတည့်မီ၌ သူ၏လွယ်အိတ်ကို ဆွဲကာ သူ့အမေ၏ ကုမ္ပဏီသို့ ပြေးသွားခဲ့သည်။
"ဘာ?!"
သတင်းကြားသောအခါ ကျန်းရှောင်ယွမ်မှာ တုန်လှုပ်သွားသည်။
"ဆရာမလီက ပိုက်ဆံလက်ခံထားတာလေ၊ ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်ရမှာလဲ!"
"သူ(မ)ကို တခြားနေရာ ပြောင်းလိုက်ပြီ၊ ကျောင်းအုပ်ကြီးကိုရောပဲ။"
ကျန်းရန်က ငိုယိုရင်း ပြောသည်။
"မေမေ၊ သားအခု ဘာလုပ်ရမလဲ။ သားရဲ့အဆင့်နဲ့ ချွင်းနန်တက္ကသိုလ်ကို ဝင်လို့မရဘူး!"
"ဘာ! ဆရာမလီနဲ့ ကျောင်းအုပ်ကြီးကို တခြားနေရာ ပြောင်းလိုက်တယ် ဟုတ်လား!"
ကျန်းရှောင်ယွမ်မှာ မကြာသေးမီက အလွန်အလုပ်များနေသောကြောင့် ဒေသတွင်းသတင်းများကို အာရုံစိုက်ချိန်မရခဲ့ရာ ဤသည်မှာ သူ(မ)အတွက် ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။ စိုးရိမ်သောကများ ချက်ချင်းပင် တိုးဝင်လာသည်။
"ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘာလို့ မပြောရတာလဲ၊ အရူးရဲ့!"
ကျန်းရန် မေ့သွားခဲ့သည်။ သူတကယ် မေ့သွားခဲ့သည်။ ကျောင်းသားအားလုံး၊ အတန်း ၁ မှ ကျောင်းသားများပင်လျှင် လီယွိရုန် ထွက်သွားသည့်အတွက် ပျော်ရွှင်နေကြပြီး သူလည်း ခြွင်းချက်မဟုတ်ခဲ့ပေ။ ထို့ကြောင့် ဤကိစ္စ၏ လေးနက်မှုကို သူ လျှော့တွက်ခဲ့မိသည်။ ကျောင်းအုပ်ထောင် ထွက်သွားခြင်းမှာ ပို၍ပင် ဝမ်းသာစရာကောင်းသည့် အဖြစ်အပျက်ဖြစ်သည်။ သူထွက်သွားပြီးနောက် ကျောင်းကန်တင်းမှ အစားအသောက်များမှာ ပို၍ အရသာရှိလာပြီး နေ့စဉ် ဟင်းချို၊ အသား၊ ငါးဟင်းများ ပါဝင်လာသည်။ ထို့အပြင် ကျန်းရှောင်ယွမ်က နံနက်စောစော အိမ်မှထွက်ပြီး ညမှပြန်လာသောကြောင့် ယခုရက်ပိုင်းတွင် သူ(မ)ကို တွေ့ရခဲလှသည်။ ဤအကြောင်းကို သူ(မ)အား ပြောပြရန် သူအမြဲ မေ့လျော့နေခဲ့သည်။
ကျန်းရန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ကျန်းရှောင်ယွမ်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သော်လည်း ထိုကိစ္စကို လွှတ်ထားလိုက်သည်။
"ထားလိုက်ပါတော့။ စိတ်မပူနဲ့၊ မေမေ နည်းလမ်းတစ်ခုခု ရှာပေးမယ်။"
သူ(မ)က ကျောင်းသို့ ဖုန်းဆက်ပြီး အင်္ဂလိပ်ဆရာမအသစ်နှင့် စကားပြောခွင့်တောင်းလိုက်သည်။
အခြားအမျိုးသမီးက နူးညံ့ပြီး ယဉ်ကျေးသော်လည်း ပါးနပ်စွာ ငြင်းပယ်ခဲ့သည်။ သူ(မ)က ရွေးချယ်ခံရသော ကျောင်းသား၏ အဆင့်အတန်းနှင့် အကျင့်စာရိတ္တမှာ အထက်တန်းကျောင်း ပထမနှစ်ကတည်းက အပြစ်ပြောစရာမရှိအောင် ကောင်းမွန်ကြောင်း၊ ထို့အပြင် စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ကိုယ်တိုင်က သူ့ကို ရွေးချယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် သူ(မ)အနေဖြင့် တကယ်တမ်း ဘာမှလုပ်ပေးနိုင်စွမ်းမရှိပေ။
ဖုန်းချလိုက်ပြီးနောက် ကျန်းရှောင်ယွမ်မှာ ယခင်ကထက်ပင် ဖိအားများ ပိုမိုခံစားလာရသည်။ သူ(မ)၏ ကျောပြင်တွင် စိုးရိမ်မှုကြောင့် ချွေးများ စို့ထွက်လာသည်ကို ခံစားလိုက်ရသည်။
သူ(မ)၏ ကုမ္ပဏီမှာ မကြာသေးမီက အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ယခုအခါ သူ(မ)၏သား ကျောင်းကိစ္စကပါ ထပ်ဆင့်ရောက်လာသည်။ ဘာကြောင့် မကောင်းတဲ့အရာတွေ အများကြီး တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေရတာလဲ။ ဘာတွေမှားယွင်းသွားသည်ကို သူ(မ)မသိသော်လည်း သူတို့ ရှေးဟောင်းပစ္စည်းများကို လက်ဝယ်မရရှိခဲ့သည့်အပြင် ပြည်နယ် မြေယာနှင့် သယံဇာတဦးစီးဌာနမှ ဌာနမှူးဝမ်ကိုလည်း ဆက်သွယ်၍ မရနိုင်တော့ပေ။ လိယွမ်မြို့ မြေယာဖွံ့ဖြိုးရေးစီမံကိန်းကို ပယ်ဖျက်လိုက်ပြီ!
ထိုနေ့မှစ၍ ကုမ္ပဏီမှာ တစ်ခုပြီးတစ်ခု ခေါင်းခဲစရာများနှင့် ကြုံတွေ့ခဲ့ရသည်။ ပြင်ဆင်ထားသော လေလံတင်အစီအစဉ်မှာ အသုံးမဝင်တော့သည့်အပြင် သူတို့၏ ဖွံ့ဖြိုးဆဲ အိမ်ခြံမြေအားလုံးမှာလည်း ရုတ်တရက် အပြင်းအထန် စစ်ဆေးခြင်းခံခဲ့ရသည်။ ကျန်းရှောင်ယွမ်က ထိုကိစ္စမှာ သူတို့ သဘောတူညီချက်အတိုင်း မလုပ်ဆောင်ခဲ့သည့်အတွက် စိတ်ဆိုးသွားသော ဌာနမှူးဝမ်၏ လက်ချက်ဖြစ်မည်ဟု ထင်မြင်မိသည်။
သူ(မ) စိုးရိမ်လွန်း၍ အိပ်မပျော်နိုင်ဘဲ စိတ်ဖိစီးမှုကြောင့် ဆံပင်များ ကျွတ်လာခဲ့သည်။ အကူအညီပေးနိုင်မည့် အစိုးရအရာရှိများကို ရှာဖွေကာ ညစာစားပွဲသို့ ဖိတ်ကြားလိုသော်လည်း သူတို့က ရှောင်ဖယ်သွားခြင်း သို့မဟုတ် ပြတ်ပြတ်သားသား ငြင်းဆန်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ဌာနမှူးဝမ်မှာ သူ(မ)ထင်ထားသည်ထက် များစွာ အာဏာပိုကြီးမားလှပါတကား!
သိုးမွေးညှပ်ရန်သွားရာ ကိုယ်တိုင် အညှပ်ခံခဲ့ရသလို ဖြစ်နေသော ကျန်းရှောင်ယွမ်မှာ နောင်တများနှင့် ပြည့်နှက်နေသည်။ ကိစ္စများ ဤသို့အဆုံးသတ်မည်ကိုသာ ကြိုသိခဲ့ပါလျှင် သူ(မ) ဘယ်တော့မှ ကောင်းကင်ကို လှေကားထောင်ရန် ကြိုးစားခဲ့မည်မဟုတ်ပေ။
ဤမျှလောက် အခြေအနေဆိုးရွားနေသော်လည်း သူ(မ)က သားဖြစ်သူကို အိမ်ပြန်ရန် ညင်သာစွာ ချော့မော့ပြောဆိုခဲ့သည်။ ကျန်းရန် ထွက်သွားပြီးနောက် ဗလာကျင်းနေသော ရုံးခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေမိပြီး စိတ်ပျက်အားငယ်လွန်း၍ ဒေါသထွက်ရန်ပင် အင်အားမရှိတော့ချေ။
သူ(မ)၏ အဆက်အသွယ်အားလုံးကို အသုံးပြုပြီးဖြစ်သလို ရရှိနိုင်သော နည်းလမ်းအားလုံးကိုလည်း ကုန်စင်အောင် သုံးစွဲခဲ့ပြီးဖြစ်သည်။ ကုလားထိုင်ပေါ်တွင် အားမတန်မာန်လျှော့ ထိုင်နေစဉ် စားပွဲပေါ်မှ သတင်းစာပုံက သူ(မ)၏ အာရုံကို ဖမ်းစားလိုက်သည်။
လိယွမ်မြို့နယ် ပို့စ် သတင်းစာ၏ မျက်နှာဖုံးတွင် ရှေးဟောင်းကြေးထည်ပစ္စည်းများ၏ အဖြူအမည်းဓာတ်ပုံများမှာ စူးရှနေပြီး အပ်ငယ်ပေါင်းများစွာကဲ့သို့ သူ(မ)၏ မျက်လုံးများကို ထိုးစိုက်နေသည်။ သူ(မ) ခေါင်းကိုက်လာသည်။
တကယ်ကို စိတ်ပိုင်းဖြတ်ချက် ပြင်းထန်လှပါပေ။ လင်ကျင်းကျယ်က ကြေးထည်ပစ္စည်းများကို သူတို့လက်ထဲ မရောက်စေဘဲ ပြတိုက်သို့ လှူဒါန်းလိုက်မည်ဟု သူ(မ) မမျှော်လင့်ခဲ့ပေ။ ထိုဆောင်းပါးကို မြင်လိုက်သည့်အခိုက်တွင် သူ(မ)၏ ရှုံးနိမ့်မှုအပေါ် သံသယများ နောက်ဆုံးတွင် ဖြေရှင်းပြီးသွားခဲ့သည်။ ခေါင်းစဉ်တွင် ရဲရင့်စွာ ပုံနှိပ်ထားသော "ယန်မြို့" နှင့် "အမျိုးသား" ဟူသော စကားလုံးများကို ကြည့်ရင်း ကျန်းရှောင်ယွမ်က ဤဘဝတွင် ထိုပစ္စည်းများကို ဘယ်တော့မှ ရရှိတော့မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
သူ(မ)အနေဖြင့် အဆက်အဆံလုပ်ရန် အလိုအရှိဆုံးသူကို ဆက်သွယ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ကျန်းချောင်ချောင်။
လွန်ခဲ့သော အချိန်အတန်ကြာက သူတို့နှစ်ဦး ကြေးထည်ပစ္စည်းကိစ္စနှင့် ပတ်သက်၍ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြပြီး ထိုအချိန်မှစ၍ တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်မလုပ်ခဲ့ကြပေ။ ကျန်းရှောင်ယွမ်က ပထမဆုံး အလျှော့ပေးသူ ဖြစ်ချင်စိတ်မရှိသော်လည်း သူ(မ)၏ သားအတွက်မူ အလျှော့ပေးခဲ့ရသည်။
ကျန်းချောင်ချောင်မှာ သူ(မ)ညီမထံမှ ဖုန်းခေါ်ဆိုမှုရရှိသည့်အတွက် မပျော်ရွှင်ခဲ့ပေ။
"ငါ့ကိုရှာလို့ ဘာအသုံးဝင်မှာလဲ!"
ယခုအချိန်တွင် သူ(မ)ကိုယ်တိုင် ချောက်ကမ်းပါးအစွန်းတွင် ရပ်နေရသူဖြစ်ရာ သူ(မ)တူ၏ ပညာရေးကိစ္စကို ဂရုစိုက်ရန် အချိန်ဘယ်မှာရှိမည်နည်း။ သူ(မ) ကြားပင်မကြားချင်တော့ဘဲ အပေါ်ယံစကားအနည်းငယ်ပြောပြီး ဖုန်းချလိုက်သည်။
ဖုန်းလက်ကိုင်ကို ချလိုက်ပြီးနောက် ကျန်းချောင်ချောင်က မော့ကြည့်လိုက်ရာ သူ(မ)၏ ယောက္ခမကို တွေ့လိုက်ရသည်။ အဘွားအိုက ပိုးသား ချိတ်ပိုးဝတ်စုံ၊ ပုလဲလည်ဆွဲတို့ကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း လှပသေသပ်စွာ ကောက်ထားသည်။ သူ(မ)က နန်းတော်ပေါ်မှ ဧကရီတစ်ပါးကဲ့သို့ မတ်မတ်ထိုင်ကာ သူ(မ)ကို မနှစ်မြို့ဟန်ဖြင့် ကြည့်နေသည်။
"…မေမေ" ကျန်းချောင်ချောင်က ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
"မင်းရဲ့ တောက ဆွေမျိုးတွေလား။ ငါဘယ်နှခါ ပြောရမလဲ။ ချီအိမ်ကို ရောက်လာကတည်းက မင်းရဲ့ မွေးချင်းမိသားစုနဲ့ အဆက်အသွယ် နည်းနည်းပဲလုပ်၊ ပြီးတော့ သူတို့ကို အကူအညီတောင်းခိုင်းမနေနဲ့။"
အဘွားအိုက ပါးစောင်ကို ရှုံ့လိုက်သည်။ သူ(မ)က ရီမုကို မကျေမနပ်ဖြင့် ပစ်ချလိုက်သည်။
"ချီချင်က ညစာလွတ်တာ ရက်တော်တော်များများရှိပြီ၊ မင်းနောက်ကနေ သူဘယ်လောက်များများ ရှင်းလင်းပေးနေရလဲ။ မင်းအနေနဲ့ သူ့ကို အကူအညီမပေးနိုင်ရင်တောင် အနည်းဆုံးတော့ ပြဿနာမရှာနဲ့!"
ကျန်းချောင်ချောင်၏ နှလုံးသားမှာ ခါးသီးမှုများနှင့် ပြည့်နှက်နေသည်။ သူ(မ)လုပ်ချင်နေသည်မှာ ထိုဆိုးရွားလှသော အဘွားကြီး၏ လည်ပင်းကို ဆုပ်ကိုင်ကာ လည်ညှစ်သတ်ပစ်လိုက်ရန်သာ ဖြစ်သော်လည်း နူးညံ့စွာ ခေါင်းငုံ့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
အသံတစ်သံ ထွက်ပေါ်လာပြီး နှစ်ယောက်သား ဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ အလုပ်မှ အိမ်ပြန်ရောက်လာသော ချီချင် ဖြစ်နေသည်။
ချီချင်က သူ့ထီးကို ခါချပြီး ဝတ်စုံဖိနပ်များကို ချွတ်နေစဉ် ကျန်းချောင်ချောင်က သူ့ထံသို့ လာတွေ့သည်။
"ပြန်လာပြီလား?"
ချီချင်က သူ(မ)ကို ကြည့်လိုက်သော်လည်း အနည်းငယ်သာ ခေါင်းညိတ်ပြလိုက်သည်။ သူက သူ့လက်ဆွဲအိတ်ကို အနားသို့ ချဉ်းကပ်လာသော သူ့အမေထံသို့ ပေးလိုက်ပြီး ဧည့်ခန်းဆီသို့ တန်းတန်းမတ်မတ် ထွက်သွားကာ ဖြတ်သွားစဉ် သူ့ဇနီး၏ ပခုံးကို မထိတထိသာ ပွတ်တိုက်သွားသည်။
ကျန်းချောင်ချောင်မှာ ဝင်ပေါက်တွင် ကျန်ရစ်ခဲ့ပြီး ကြမ်းပြင်ပေါ်မှ မိုးရေစက်များကို ငေးကြောင်ကြည့်နေမိသည်။
သူ(မ) ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။ ချီချင်က သူ(မ)ကို အပြစ်တင်နေသည်။
သူတို့ ဌာနမှူးဝမ်နှင့် ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားပြီး သူတို့ကို ထောက်ပံ့ပေးမည့် အခြားမည်သူ့ကိုမျှ ရှာမတွေ့သောကြောင့် ချီချင်အိမ်ခြံမြေကုမ္ပဏီမှာ လေလံပွဲတွင် မြေကွက်တစ်ခုကိုမှ အနိုင်မရခဲ့ပေ။ ဤကိစ္စမှာ ချီချင်အတွက် ဆံပင်ဆွဲစုပ်လောက်အောင် ဖြစ်နေသော်လည်း မကြာမီ အခြားအခက်အခဲများပါ ဆက်တိုက်ရောက်လာခဲ့သည်။ ဘဏ်ချေးငွေများ၊ စာချုပ်ချုပ်ဆိုထားသော ဆောက်လုပ်ရေးသမားများ… တစ်ခုပြီးတစ်ခု ကွင်းဆက်များ ပြတ်တောက်ကုန်သည်။ ဤအချိန်တွင် အရာအားလုံးမှာ ကံဆိုးခြင်းမျှသာဟု တွေးရန် မဖြစ်နိုင်တော့ပေ။
ကျန်းချောင်ချောင် ဝန်ခံရန် ဘယ်လောက်ပင် မလိုလားစေကာမူ ဤသည်မှာ ရှေးဟောင်းပစ္စည်းများ မရရှိခဲ့သည့်အတွက် ဒေါသထွက်နေသော ဌာနမှူးဝမ်၏ လက်စားချေမှု ဖြစ်နိုင်ဖွယ်ရှိသည်။
မူလက ထိုသို့အရေးပါသော ပုဂ္ဂိုလ်တစ်ဦးနှင့် အဆက်အသွယ်ရရှိခဲ့သည့်အတွက် ဝမ်းသာမဆုံးဖြစ်နေခဲ့သော ချီချင်မှာ ယခုအခါ နောင်တပင်လယ်တွင် နစ်မြုပ်နေသည်။ နေ့စဉ်နေ့တိုင်း သူက မီးသတ်ရန် အပြေးအလွှား ကြိုးစားနေရပြီး မလွှဲမရှောင်သာစွာပင် သူ၏ အဆိုးမြင်စိတ်ခံစားမှုအားလုံးမှာ ကျန်းချောင်ချောင်အပေါ် စုစည်းရောက်ရှိကာ သူတို့၏ ဆက်ဆံရေးကို အေးစက်သွားစေခဲ့သည်။
ကျန်းချောင်ချောင်က ညစာစားပွဲသို့ မသွားဘဲ အိပ်ခန်းထဲတွင် ပုန်းနေလိုက်သည်။ မှောင်မိုက်မှုထဲတွင် ဗလာကျင်းပြီး အေးစက်နေသော နှစ်ယောက်အိပ်ခုတင်ကို ကြည့်ကာ မောပန်းစွာ တွေးနေမိသည်။
ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်မီ လိယွမ် အမှတ် ၁ အထက်တန်းကျောင်းက ကျောင်းသားများကို သုံးရက် အနားပေးခဲ့သည်။
လင်ကျင်းကျယ်မှာ ဤအချိန်အတောအတွင်း ကောရှန်၏ အိမ်တွင် နေထိုင်နေခဲ့သည်။ စာမေးပွဲဖြေဆိုမည့်နေ့တွင် သူတို့ စောစောထကြသည်။ ဟူယွိက သူတို့အတွက် ပဲငါးပိအချဉ်နယ်ဖြင့် ချက်ထားသော ဆန်ပြုတ်ကို ယူလာပေးပြီး သူတို့စားသောက်နေသည်ကို ဘေးတွင်ရပ်ကာ စိုးရိမ်တကြီး ကြည့်နေသည်။
"မေမေ"
ကောရှန်က သူ့တူဖြင့် ပဲပြားချဉ်တစ်တုံးကို ညှပ်ယူရင်း ခေါ်လိုက်သည်။
"ဘဲဥဆားငံ ဘယ်မှာလဲ။ သားစားချင်တယ်!"
ဟူယွိက ခြေဆောင့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
"ဖူး! ဒီနေ့ ဘဲဥဆားငံစားမယ် ဟုတ်လား။ ဘယ်လိုမိုက်မဲတဲ့စကားတွေ ပြောနေတာလဲ! စာမေးပွဲမှာလည်း 'ဥ' စားချင်လို့လား?!"
"ဥစားတယ်" ဆိုသည်မှာ အမှတ် ၀ ရခြင်းကို ဆိုလိုသည်။
လင်ကျင်းကျယ် ရယ်လုမတတ် ဖြစ်သွားသည်။ ကောရှန်က ညည်းညူလိုက်၏။
"မေမေ၊ မေမေက ဆရာမလေ၊ အယူသည်းတာကို ဘယ်လိုလုပ် ယုံနိုင်ရတာလဲ။"
"ပေါက်တတ်ကရ မပြောနဲ့။ ငါက မစားရဘူးလို့ ပြောရင် မစားရဘူးပဲ။"
ဟူယွိက အကြောင်းပြချက်မရှိဘဲ ပြောလိုက်သည်။ သူငယ်ချင်းနှစ်ယောက် လွယ်အိတ်များထုပ်ပိုးနေစဉ် သူ(မ)က သူတို့အနီးတွင် ကပ်ကာ အဆုံးမရှိ ပွားနေသည်။
"…စာမေးပွဲဝင်ခွင့်လက်မှတ်တွေ ပါရဲ့လား။ မေ့လို့မဖြစ်ဘူးနော်။ အချက်အလက်တွေ မှန်မမှန် စစ်ပြီးပြီလား။ စာလုံးလှလှရေးဖို့ သတိရ၊ ဖြစ်သလိုမရေးနဲ့! စာရွက်တွေ စောစောမအပ်နဲ့၊ ဘယ်သူမှ အလျင်စလိုခိုင်းမနေဘူး — ကျန်တဲ့အချိန်ကို အဖြေတွေပြန်စစ်ဖို့ သုံး…"
သူတို့ အဝတ်အစားလဲပြီး အိမ်မှထွက်လာစဉ် နားမဆံ့အောင် ပွားနေသော စကားသံများက အဖော်ပြုလိုက်ပါလာသည်။ ဟူယွိက သူတို့လွယ်အိတ်များထဲမှ ပစ္စည်းများ ပြည့်စုံမှုရှိမရှိ အကြိမ်ကြိမ်စစ်ဆေးခဲ့သော်လည်း တစ်ခုခုမေ့ကျန်ခဲ့မည်ဟု ခံစားနေရဆဲဖြစ်ပြီး နောက်ဆုံးတွင် သူတို့ကို စာမေးပွဲခန်းမအထိ လိုက်ပို့ခဲ့သည်။
ကျိုးဟိုင်ထန်နှင့် တိန့်မိုက်တို့က တံခါးရှေ့တွင် စောင့်နေကြပြီး သူတို့၏ မိဘများကလည်း အဖော်ပြုလိုက်ပါလာကြသည်၊ သူတို့၏ ရင်သွေးငယ်များ သေရေးရှင်ရေးတမျှ အရေးကြီးသော စမ်းသပ်မှုကို ရင်ဆိုင်ရတော့မည်ကဲ့သို့ စိုးရိမ်နေကြသည်။
နှုတ်ဆက်စကားများ အပြန်အလှန်ပြောဆိုပြီးနောက် မိဘများက မျက်ရည်များနှင့်အတူ သူတို့၏ ကလေးများ စာမေးပွဲခန်းမအတွင်းသို့ ဝင်ရောက်သွားသည်ကို ကြည့်နေကြသည်။ သူတို့က တံခါးရှေ့တွင် ကျန်ရစ်ခဲ့ကြပြီး တစ်ယောက်ပခုံးတစ်ယောက် ပုတ်ကာ အားပေးနေကြသည်။
ကောရှန်က မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဘုရားရေ၊ ငါအရမ်းစိတ်လှုပ်ရှားတာပဲ။"
"ဘာဖြစ်လို့လဲ။"
လင်ကျင်းကျယ်က မေးလိုက်သည်။
"ဒါက နောက်ဆုံးအချိန်ပဲလေ။ စိတ်လှုပ်ရှားနေလို့ ဘာမှအသုံးမဝင်ဘူး — အခုချိန်မှာ မင်း စိတ်အေးအေးထားပြီး အကောင်းဆုံးကြိုးစားသင့်တယ်။ ဘာပဲဖြစ်ဖြစ်၊ အဆိုးဆုံးက ဘာဖြစ်နိုင်မှာလဲ။ အများဆုံးကတော့ မင်း တက္ကသိုလ်မဝင်နိုင်မှာပဲလေ။ မင်းအတွက် တခြားရွေးချယ်စရာတွေ မရှိတာမှ မဟုတ်တာ။"
တိန့်မိုက်က ကောရှန်၏ပခုံးကို တွန်းလိုက်သည်။
"ဟာ၊ သွားပြီ၊ ငါတော့ သွားပြီ။ မနေ့က လင်းကျင်းကျယ် ငါတို့ကို ပြန်လှန်သင်ပေးခဲ့တဲ့ သင်္ချာပုစ္ဆာကို ဘယ်လိုတွက်ရမှန်း ငါလုံးဝမေ့သွားပြီ…"
ကောရှန်က သူ့မှတ်ဉာဏ်ကို ပြန်ရှာဖွေလိုက်ပြီး ထိတ်လန့်တကြား အော်လိုက်သည်။
"မင်းပြောတာ စတုရန်းပုံ ပိရမစ်အကြောင်းလား!"
***
Aurora Novel Translation Team