no

Font
Theme

ချော်လဲကျသွားသည်ကိုတော့ ဘယ်သူမှ သတိမထားမိဘဲ မနေနိုင်ခဲ့။ အားလုံး၏အကြည့်တို့က သူ့ထံသို့ ဝိုင်းခနဲ ရောက်လာကြသည်။

"......"

တစ်ခဏတာမျှ ဆွံ့အသွားပြီးနောက် တူကန်က မေးလိုက်သည်။

"ကျောင်းအုပ်ကြီးထောင် ဘာဖြစ်တာလဲ..."

ထောင်ဖန်ကျိန့်ခမျာ မရုန်းနိုင်မကန်နိုင်။ ကြမ်းပြင်မှ ပြန်ထရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ဘဲ နောက်ဆုံးမှ လီယွိရုန်၏ အကူအညီဖြင့် မနည်းထရပ်နိုင်ခဲ့သည်။ သူက အနေရခက်စွာ ပြုံးဖို့ကြိုးစားရင်း မရပ်မနား စီးကျနေသော ချွေးတို့ကို သုတ်လိုက်သည်။

သူက ချွေးများဖြင့် စိုရွှဲနေသော လက်ဖဝါးညစ်ပတ်ပတ်ကို ဘောင်းဘီဖြင့် ပွတ်သပ်လိုက်ရင်း အားငယ်သောလေသံဖြင့် ဖြေရှင်းလိုက်သည်။

"ဘာရယ်မဟုတ်ပါဘူး... ကြမ်းပြင်က ချောနေလို့ပါခင်ဗျာ။"

"ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ ခင်ဗျားကတော့ ထိခိုက်ဒဏ်ရာမရပေမဲ့၊ ကျောင်းသားတစ်ယောက်ယောက်သာ ကံမကောင်းရင် ဘယ်လိုလုပ်မလဲ။"

တူကန်က ပြင်းထန်စွာ ပြောဆိုလိုက်သည်။

"ခင်ဗျား ဒါကို ပြင်ကိုပြင်ရမယ်။"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါခင်ဗျာ၊ ကျွန်တော်တို့ ဒါကို ဂရုစိုက်လိုက်ပါ့မယ်။"

တူကန်၏အကြည့်က သူ့ထံမှ လွှဲသွားသည့်တိုင်အောင် ထောင်ဖန်ကျိန့်တစ်ယောက် ခေါင်းတဆတ်ဆတ် ညိတ်နေခဲ့သည်။ ထိုအခါမှသာ သူ သက်ပြင်းချနိုင်တော့သော်လည်း တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲ ဒိန်းခနဲဖြစ်သွားကာ လည်ချောင်းထဲ တစ်စုံတစ်ခုဆို့တက်လာသလို ခံစားလိုက်ရသည်။ သူ တံတွေးကိုမျိုချလိုက်ပြီး သူ့အလိုလို လီယွိရုန်ကို လှမ်းကြည့်လိုက်ရာ သူ(မ)၏မျက်လုံးထဲတွင်လည်း အလားတူ ထိတ်လန့်မှုမျိုးကို တွေ့လိုက်ရသည်။

လီယွိရုန်က သူ့ကျောကိုကိုင်ထားရင်း အလျင်အမြန်လှမ်းတွန်းလိုက်သော်လည်း သူ(မ)စိုးရိမ်လေလေ၊ သူတုံ့ဆိုင်းနေမိလေဖြစ်သည်။ ခဏအကြာတွင် သူ ရှေ့သို့တစ်လှမ်းတိုးကာ သတိကြီးစွာဖြင့် မေးလိုက်သည်။

"မြို့တော်ဝန်... ဒီကျောင်းသားကို သိလို့လားဗျ။"

တူကန်က သူ ချွေးပြန်နေသည်ကို မြင်သောအခါ တစ်ခုခုမှားနေပြီဟု သဘောပေါက်လိုက်သည်။ စောစောက စင်္ကြံ၏ ဤအပိုင်းအကြောင်း မေးမြန်းခဲ့စဉ်က ထောင်ဖန်ကျိန့်က ဤနေရာသည် အိမ်သာများဖြစ်သည်ဟု ဖြေခဲ့သည်ကို သူ ပြန်သတိရလိုက်သည်။

အိမ်သာတွေဟုတ်လား။ ဤနေရာတွင် အိမ်သာများ အမှန်ပင်ရှိနေသည်။ သူ ရပ်နေသည့်နေရာမှပင် အနံ့ရနေသည်။ သို့သော် ထိုအိမ်သာများဘေးတွင် ကျောင်းသား ငါးဆယ်၊ ခြောက်ဆယ်ခန့်ရှိသော စာသင်ခန်းကြီးတစ်ခု ရှိနေသည်တကား။ ဤသို့ မှောင်မည်းပြီး အနံ့ဆိုးထွက်နေသော ပတ်ဝန်းကျင်သည် စာသင်ကြားရန် လုံးဝမသင့်တော်သည့်အပြင် ထောင်ဖန်ကျိန့်၏ သိသာထင်ရှားသော ဖုံးကွယ်မှုကလည်း ဤအတန်း၏တည်ရှိမှုကို တိုက်ရိုက်ဖျောက်ဖျက်ပစ်လိုသလားဟု ထင်မှတ်ရသည်။

တူကန်က လင်ကျင်းကျယ်ကို ရှာဖွေရန် သူ၏ကျောင်းဟောင်းသို့ လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ သူ့ကိုတွေ့ခဲ့သော်လည်း စိတ်သက်သာရာရမည့်အစား သူ၏နှလုံးသားက ပို၍လေးလံလာခဲ့သည်။ သူရှာတွေ့ခဲ့သည်မှာ လင်ကျင်းကျယ်တစ်ယောက်တည်းမဟုတ်မှန်း ထင်ရှားနေပေသည်။

ကျောင်းအုပ်ကြီးထောင်ကို အေးဆေးတည်ငြိမ်စွာ ကြည့်ရင်း သူက ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်သိပါတယ်။"

သူ တကယ်သိနေတာလား။

ထောင်ဖန်ကျိန့်၏လက်များ တုန်ရီလာသည်။ သူက လင်းကျင်းကျယ်၏ အလားတူတည်ငြိမ်နေသော မျက်နှာကို လှည့်ကြည့်လိုက်ရင်း ထိုလူငယ်၏ပခုံးကိုဆွဲကိုင်ကာ အားကုန်လှုပ်ရမ်းပစ်လိုက်ချင်စိတ်ကို မနည်းထိန်းထားရသည်။

'မင်းက တူကန်ကို သိနေတယ်ဆိုရင် ဘာလို့မပြောခဲ့တာလဲကွ! ဘာလို့မပြောရတာလဲ! ဘာလို့မပြောရတာလဲလို့!!!'

တူကန်၏မျက်နှာထားက ခန့်မှန်းရခက်လှသည်။ ထောင်ဖန်ကျိန့်မှာ သူ၏စိတ်ခံစားချက်ကို အရိပ်အမြွက်မျှပင် မမြင်ရဘဲ ကြိုးစားရှာဖွေနေသော်လည်း အချည်းနှီးသာ။ အတန်းပြောင်းချိန်မှသည် သပိတ်မှောက်မှုအထိ ဖြစ်ပျက်ခဲ့သမျှကို အသည်းအသန်ပြန်စဉ်းစားရင်း သူ ပို၍ပို၍ စိတ်မသက်မသာဖြစ်လာသည်။ လင်ကျင်းကျယ်က တူကန်ကို အခြေအနေမည်မျှနှင့် မည်သို့မည်ပုံ ပြောပြခဲ့သည်ကို သူစိုးရိမ်နေမိသည်။

ကျောင်းအုပ်ဆရာကြီး၏ နားလည်ရခက်သော၊ ရယ်ချင်ပက်ကျိ ငိုချင်ပက်ကျိဖြစ်နေသည့် မျက်နှာကိုကြည့်ရင်း လင်ကျင်းကျယ်က အံ့အားသင့်နေမိသည်။ အဖွဲ့ရောက်လာသောကြောင့် နေ့လယ်စာစားချင်သော အတန်း ၅ မှ ကျောင်းသားများမှာ မထွက်ရဲကြပေ။ ကျောင်းအုပ်ဆရာကြီးနှင့် လီယွိရုန်တို့မှာ အတန်း ၅ သို့ ဘယ်သောအခါမှ မလာတတ်ကြဘဲ ယခုတစ်ကြိမ်တွင်မူ လူစိမ်းတစ်သိုက်ကိုပင် ခေါ်ဆောင်လာရာ သူတို့ ဘာအကြံအစည်များ ကြံစည်နေသည်ကို မည်သူသိနိုင်မည်နည်း။ သူတို့ အချင်းချင်းဖေးမကာ ကြုံလာသမျှကို အတူတကွ ရင်ဆိုင်ကြရမည်ဖြစ်သည်။

လင်ကျင်းကျယ်က ဤသည်မှာ သာမန်စစ်ဆေးရေးတစ်ခုဖြစ်နိုင်ပြီး လွယ်လွယ်နှင့် ပြီးဆုံးမည်မဟုတ်ကြောင်း သိနေသည်။ သူ၏အကြည့်က ပြဿနာရှာရန် အသင့်ဖြစ်နေပုံရသော၊ သတိကြီးစွာ စောင့်ကြည့်နေကြသည့် ဆယ်ကျော်သက်လူငယ်အုပ်စုထံသို့ ဝေ့ဝဲသွားပြီး တိန့်မိုက်ကို ခေါင်းညိတ်ပြလိုက်သည်။

"အားလုံးကို ထမင်းစားဆောင်ခေါ်သွားတော့၊ နေ့လယ်စာစားချိန်ရောက်ပြီ။"

တိန့်မိုက်က တုံ့ဆိုင်းနေသော်လည်း လင်ကျင်းကျယ်က သူ့ကို လက်ပြလိုက်ရာ သူ အလိုအလျောက် နာခံလိုက်သည်။ တူကန်က ဤမြင်ကွင်းကို မှတ်သားထားလိုက်ပြီး လင်ကျင်းကျယ်၏ နောက်ခံဇာတ်ကြောင်းမှာ သာမန်မဟုတ်ကြောင်း ပို၍ပို၍ ယုံကြည်လာသည်။ အခွင့်သာသည့် အနီးဆုံးအချိန်တွင် ထိုအကြောင်းကို စုံစမ်းရန် သူ၏လုပ်ငန်းစဉ်ထဲ ထည့်သွင်းလိုက်သည်။

ထမင်းစားဆောင်ထဲသို့ ဝင်လိုက်သည်နှင့် လင်ကျင်းကျယ်မှာ အသက်ရှူမှားမတတ် ဖြစ်သွားသည်။ ဘာတွေဖြစ်ကုန်တာလဲ။

အမှတ် ၁ အထက်တန်းကျောင်း၏ ထမင်းစားဆောင်မှာ အဓိကကျောင်းဆောင်၏ နောက်ဘက်ရှိ သီးခြားတစ်ထပ်တိုက်အဆောင်လေးဖြစ်သည်။ လင်ကျင်းကျယ်မှာ ယခင်ဘဝတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ ယနေ့လောက် သန့်ရှင်းနေသည်ကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။ ပြတင်းပေါက်များမှာ တလက်လက်တောက်ပနေပြီး ပွတ်တိုက်ထား၍ လုံးဝမခြောက်သေးသော ဘိလပ်မြေကြမ်းခင်းပေါ်တွင် ထာဝစဉ်ရှိနေတတ်သည့် အဆီကွက်များပင် ကင်းစင်နေသည်။ ဤအရေးပေါ်တိုက်စစ်အတွက် မည်မျှအားထုတ်ခဲ့ရသည်ကို သူ သိချင်မိသည်။ တောက်ပြောင်နေသော ဟင်းခပ်ကောင်တာပေါ်တွင် ဟင်းလျာအမျိုးပေါင်း ဆယ်မျိုးထက်မနည်း ရှိနေသည်တကား။ မွှေးကြိုင်သောဆော့စ်များ ယိုစိမ့်နေသည့် ဝက်သားနီချက်အိုးကြီး၊ ရွှေဝါရောင် ငါးကြင်းကြော်၊ ကြက်ပေါင်လုံးကြီးများ၊ ချိုချဉ်နံရိုး... သာမန်အချိန်များနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ နိုင်ငံတော်အဆင့် ဧည့်ခံပွဲကြီးတစ်ခုလိုပင်။

ဝင်လာသောကျောင်းသားများမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေသွားကြသည်။ ထမင်းစားဆောင်တွင် အစားအသောက်များမှာ အခမဲ့ဖြစ်သောကြောင့် သာမန်အသားဟင်းမှာ ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်ဖြစ်ပြီး ထိုဟင်းကိုပင်ရရန် ကံကောင်းမှသာဖြစ်သည်။ ကျောင်းသားများက အကြိမ်ကြိမ်တိုင်ကြားခဲ့ကြသော်လည်း ကျောင်းက သူတို့ကို လုံးဝအရေးမလုပ်ခဲ့ပေ။ သူတို့ရရှိခဲ့သော အဖြေမှာ

"ရန်ပုံငွေက အကန့်အသတ်နဲ့မို့ပါတဲ့၊ ကျောင်းက စားသောက်ရေးအတွက် ဒီလောက်ပဲ သုံးစွဲနိုင်ပါတယ်၊ ဒါက အကောင်းဆုံးအဆင့်ပါပဲ၊ မကြိုက်ရင်လည်း ဘယ်သူ့ကိုမှ အတင်းအကျပ် မစားခိုင်းပါဘူး။"

သို့သော် တူကန်က ဤအကြောင်းများကို ဘယ်သို့သိနိုင်မည်နည်း။ သူက မြင်တွေ့ရသော ဟင်းလျာများကို ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်၊ အရမ်းကောင်းတယ်၊ ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတွေက အစားအသောက်ကောင်းကောင်းစားရမယ်။ ပါဝင်ပစ္စည်းတွေကို လျှော့မသုံးသင့်ဘူး၊ လတ်ဆတ်ပြီး အရည်အသွေးကောင်းရမယ်၊ ဟင်းလျာတွေက အာဟာရရှိရမယ်။ အင်း... ဟင်းရည်ထဲ အရိုးပြုတ်ဟင်းရည် ထည့်ပေးရင် ပိုကောင်းမယ်ထင်တယ်။"

ထောင်ဖန်ကျိန့်က အလျင်အမြန်ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါခင်ဗျာ၊ မြို့တော်ဝန်ရဲ့ အကြံပြုချက်ကို ချက်ချင်းအကောင်အထည်ဖော်ပါ့မယ်။"

နားမလည်နိုင်သော အကြောင်းပြချက်တစ်ခုခုကြောင့် အတူလိုက်ပါလာရသော လင်ကျင်းကျယ်မှာ တိတ်တဆိတ် ပြုံးလိုက်မိသည်။ တူကန်က ဟန်ဆောင်နေသလား သို့မဟုတ် အမှန်တကယ် အခြေအနေကို မသိရှိသလားဟု သူတွေးမိသည်။

ထောင်ဖန်ကျိန့်က တူကန်၏ မှတ်ချက်စကားများကို ခေါင်းညိတ်ထောက်ခံနေသော်လည်း သူ၏အကြည့်ကမူ လင်ကျင်းကျယ်၏ မျက်နှာအမူအရာကို တစ်ချိန်လုံး အကဲခတ်နေခဲ့သည်။ သူက စိုးရိမ်သောကကြောင့် နှလုံးရပ်မတတ်ဖြစ်နေသည်။ သူ့ဘေးတွင် အချိန်မရွေးပေါက်ကွဲနိုင်သော ဗုံးတစ်လုံးထားရှိသလို ခံစားနေရသည်။ ပေါက်ကွဲမှုမတိုင်မီ စက္ကန့်တိုင်း၊ မိနစ်တိုင်းသည် သူ့အတွက် နှိပ်စက်မှုတစ်ခုပင်။

အစားအသောက်က ပိုကောင်းလာသော်လည်း ကျောင်းအုပ်ကြီးမှာ ဖယောင်းဝါးနေရသလိုပင် ခံစားနေရသည်။ လင်ကျင်းကျယ် သူ့ကိုသတိထားမိမည်စိုး၍ စစ်ဆေးရေးအဖွဲ့ဝင်များ၏ နောက်ကွယ်တွင် ပုန်းအောင်းနေသော လီယွိရုန်ကို သူ တိတ်တဆိတ် မကျေမနပ်ဖြစ်နေမိသည်။

တူကန်က ထမင်းစားဆောင်အတွင်းရှိ ကြက်ပေါက်လေးများ အစာစားနေသကဲ့သို့ ပန်းကန်ထဲ ခေါင်းစိုက်စားနေကြသော ဆံပင်နက်နက်ခေါင်းလေးများကို လှည့်ပတ်ကြည့်လိုက်သည်။ ဤစစ်ဆေးရေးမှာ အတော်အတန်အောင်မြင်ပြီး သူ၏ကျောင်းတော်ကြီးမှာ သူမှတ်မိနေသကဲ့သို့ပင် ရှိနေသေးသည်ကို သိရ၍ သူကျေနပ်သွားသည်။ လက်ရှိကျောင်းအုပ်ကြီးမှာ အချို့သောအပိုင်းများတွင် လိုအပ်ချက်များရှိနေသော်လည်း သူက အရည်အချင်းမရှိသူတစ်ယောက်တော့ မဟုတ်လောက်ဟု ထင်ရသည်၊ အနည်းဆုံးတော့ ကျောင်းသားများ ကောင်းကောင်းစားသောက်နေကြရသည် မဟုတ်လော။

ထို့ကြောင့် သူက ထမင်းစားဆောင်၏ ဘေးခန်းတွင် စားသောက်ရန် ထောင်ဖန်ကျိန့်၏ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်သည်။ ထိုအစား သူက လွတ်နေသော စားပွဲတစ်လုံးကို ရှာဖွေပြီး လင်ကျင်းကျယ်ကို သူ့ဘေးတွင် ထိုင်ရန် လက်ဟန်ပြလိုက်သည်။

သူက သူ၏ကိုယ်ပိုင်ကိစ္စများကို စဉ်းစားနေ၍ ကျောင်းအုပ်ဆရာကြီး၏ စိတ်မသက်မသာဖြစ်နေသော မျက်နှာအမူအရာကို သတိမထားမိခဲ့ပေ။ သူက ရှေးဟောင်းပစ္စည်းစုံစမ်းစစ်ဆေးရေးကိစ္စအတွက် အကြီးအကဲဖန်က သီးခြားညွှန်ကြားချက်များ ချန်ထားခဲ့သလားဟု လင်းကျင်းကျယ်ကို မေးမြန်းလိုခဲ့သည်။

သို့သော်လည်း သူ့အနေနှင့် ဤအကြောင်းအရာကို အကြောင်းမဲ့သက်သက် ထုတ်မေး၍မဖြစ်သောကြောင့်

"စာမေးပွဲတွေ ဖြေရတော့မှာ မဟုတ်လား။ တတိယနှစ်တွေက ပိုစောစောဖြေကြတယ်ဆိုတာ ငါမှတ်မိတယ်။"

စားပွဲ၏တစ်ဖက်ခြမ်းရှိ ထောင်ဖန်ကျိန့်က အလျင်အမြန်ဖြေကြားလိုက်သည်။

"ကျွန်တော်တို့ လွန်ခဲ့တဲ့အပတ်က ဒုတိယအကြိမ် ဖြေပြီးသွားပါပြီ။"

"သြော်"

တူကန်က လင်ကျင်းကျယ်ကို ပြုံးကြည့်လိုက်သည်။

"မင်းရဲ့ရလဒ်တွေက ဘယ်လိုလဲဆိုတာ ပြောပြနိုင်မလား လူငယ်လေး။ အထက်တန်း တတိယနှစ်ဆိုတာ ဘဝရဲ့ အလှည့်အပြောင်းတစ်ခုပဲ၊ မင်းအမှတ်တွေ မကောင်းရင် အဲဒါတွေကို မြှင့်တင်ဖို့ အစွမ်းကုန်ကြိုးစားရမယ်။"

ကျောင်းအုပ်ကြီးက လင်ကျင်းကျယ်ကို မြှောက်ပင့်ပြောဆိုရန် အလျင်စလိုဖြစ်နေကာ ချက်ချင်းပင် ကြွားဝါလိုက်သည်။

"ခေါင်းဆောင်ကြီးခင်ဗျ၊ လင်ကျင်းကျယ်က အရမ်းကြိုးစားပြီး အမှတ်တွေလည်း ထူးချွန်ပါတယ်။ သူက ဒုတိယအကြိမ် စမ်းသပ်စာမေးပွဲမှာ ပထမရခဲ့ပြီး သင်္ချာနဲ့ ဓာတုဗေဒမှာ အမှတ်ပြည့်ရခဲ့ပါတယ်။"

အစာတစ်လုတ်စားရန် လှမ်းယူလိုက်သော လင်ကျင်းကျယ်၏ တူက လွဲချော်သွားပြီး ပန်းကန်ကို ထိမိသွားသည်။ သူက ကျောင်းအုပ်ကြီးကို ခပ်ရေးရေးပြုံးကာ ကြည့်လိုက်သည်။

"တကယ်လား။ ဒါကောင်းတာပေါ့။"

တူကန်က အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်သည်။ ခဏစဉ်းစားပြီးနောက်တွင်မူ တစ်ခုခုမှားယွင်းနေသည်ဟု သူခံစားလိုက်ရသည်။

"ဒါပေမဲ့ ဒီရလဒ်တွေနဲ့ ဘာလို့ မင်းက အတန်း ၁ မှာ မရှိနေရတာလဲ။"

ထောင်ဖန်ကျိန့်၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားသည်။ လင်ကျင်းကျယ်က သူ၏ပန်းကန်ကို ပြန်ကြည့်လိုက်ပြီး တူဖြင့် အသားတစ်ဖတ်ကို ညှပ်ယူလိုက်ပြီး ပြန်ဖြေလိုက်သည်။

"အရင်ကတော့ ရှိခဲ့ပါတယ်။"

တူကန်က မျက်တောင်ခတ်လိုက်ပြီး အံ့အားသင့်သွားသည်။

"'အရင်က?"

"ဟုတ်ကဲ့။"

လင်ကျင်းကျယ်က သူ၏ဝက်ခြေထောက်ပေါင်းပန်းကန်ထဲမှ ဂျင်းတုံးများကို စေ့စပ်သေချာစွာ ဖယ်ထုတ်နေသည်။

"ကျွန်တော့်ကို အတန်းပြောင်းလိုက်တာပါ။"

တူကန် နားမလည်နိုင်ဖြစ်သွားသည်။

"အတန်းပြောင်းလိုက်တယ်? ဒါပေမဲ့ ဘာလို့လဲ။"

ဤတွင် လင်ကျင်းကျယ်က ပြုံးလိုက်ပြီး ထောင်ဖန်ကျိန့်ကို မသိမသာ ကြည့်လိုက်သည်။

"ဒါကတော့ ကျောင်းအုပ်ကြီးထောင်ကို မေးကြည့်ရမှာပါခင်ဗျာ။"

တူကန်၏မျက်နှာထားက တည်တင်းသွားသည်။ လင်ကျင်းကျယ်၏စကားများက ၎င်းမှာ သူ၏ကိုယ်ပိုင်ရွေးချယ်မှုမဟုတ်ကြောင်း ညွှန်ပြနေသည်။

သူ၏စူးရှသောအကြည့်က ထောင်ဖန်ကျိန့်၏မျက်နှာဆီသို့ ချက်ချင်းရောက်သွားသည်။

"ဘာတွေဖြစ်နေတာလဲ။"

ကျောင်းအုပ်ကြီးမှာ လီယွိရုန်ကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ်ပေါက်နေသည်။ သူက အောင့်သက်သက်ပြုံးကာ ရှင်းပြလိုက်သည်။

"...ဒါက၊ ဒါက တကယ်တော့ လင်ကျင်းကျယ်ရဲ့ ပထမအကြိမ် စမ်းသပ်စာမေးပွဲရလဒ်တွေက တော်တော်ဆိုးဝါးခဲ့လို့ပါ..."

"ဘာ?!"

တူကန်မှာ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်တော့ပေ။

"ဒါ ဘယ်လို ရူးကြောင်ကြောင်နိုင်တာလဲ!"

အခြားစစ်ဆေးရေးအဖွဲ့ဝင်များမှာလည်း အလားတူ ဒေါသထွက်နေကြသည်။ သူတို့တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြ၏။

"အထက်တန်း တတိယနှစ်ဆိုတာ ကျောင်းသားတွေအတွက် အရေးအကြီးဆုံးအချိန်၊ ဒါပေမဲ့ ခင်ဗျားက စမ်းသပ်စာမေးပွဲအမှတ်ကျသွားလို့ တစ်ယောက်ယောက်ကို အတန်းပြောင်းလိုက်တယ် ဟုတ်လား။ ခင်ဗျား တကယ်ပြောနေတာလား။ ပညာရေးဝန်ထမ်းတစ်ယောက်ရဲ့ တာဝန်တွေကို စာရွက်ပေါ်က စာသားလောက်ပဲ သဘောထားနေတာလား!"

"ဒီကိစ္စက ကောင်လေးရဲ့ စိတ်အခြေအနေအပေါ် ဘယ်လောက်သက်ရောက်မှုရှိမလဲဆိုတာ ခင်ဗျား စဉ်းစားရော စဉ်းစားမိရဲ့လား!"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ခင်ဗျားတို့ပြောတာမှန်ပါတယ်၊ ဒါ ကျွန်တော့်ရဲ့ ပေါ့ဆမှုပါ။"

ထောင်ဖန်ကျိန့်က သူ၏ အတင်းလုပ်ပြုံးထားသော အပြုံးကို ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း အဆက်မပြတ် လျော့ကျနေသည်။

"ကျွန်တော် ကျွန်တော့်အမှားကို သိပြီးပါပြီ၊ လင်ကျင်းကျယ်ကို အတန်း ၁ ကို ပြန်ပြောင်းပေးပါ့မယ်..."

လင်ကျင်းကျယ်က သူ့ကို အေးဆေးတည်ငြိမ်စွာ ဖြတ်ပြောလိုက်သည်။

" မလိုအပ်ပါဘူး။"

ထောင်ဖန်ကျိန့်က သူ့ကို ငေးကြည့်နေစဉ် လင်ကျင်းကျယ်က တူကန်ကို ရှင်းပြလိုက်သည်။

"အတန်း ၁ နဲ့စာရင် ကျွန်တော်က အတန်း ၅ ရဲ့ ပတ်ဝန်းကျင်ကို ပိုသဘောကျပါတယ်။ ကျွန်တော့်အတန်းပိုင်ဆရာမက အရည်အချင်းရှိပြီး တာဝန်ယူစိတ်လည်းရှိတယ်၊ ဒါကြောင့် ကျွန်တော်ရှိနေတဲ့နေရာမှာပဲ ဆက်နေချင်ပါတယ်။ အတန်းပြောင်းတဲ့ကိစ္စအပြင်..."

လင်ကျင်းကျယ်က မိုးကြိုးပစ်ချလိုက်သလို ပေါ့ပေါ့ပါးပါး ပြောချလိုက်သည်။

"...အတန်း ၅ ရဲ့ အင်္ဂလိပ်စာအတန်းကို ပြန်ဖွင့်ပေးဖို့က ပိုအရေးမကြီးဘူးလား။ အတန်းပြောင်းတာက အဲ့ဒါနဲ့စာရင် အသေးအဖွဲလေးပါ။"

တစ်ခဏမျှ တူကန်မှာ သူ၏စကားများကို နားမလည်နိုင်ဖြစ်သွားသည်။ သူက လင်ကျင်းကျယ် အေးအေးဆေးဆေး အစာတစ်လုတ်စားနေသည်ကို ကြည့်ရင်း သူ့အလိုလို ပြန်ရွတ်လိုက်သည်။

"အတန်း ၅ ရဲ့ အင်္ဂလိပ်စာအတန်းကို ပြန်ဖွင့်ပေးဖို့?"

နောက်တစ်စက္ကန့်တွင် သူ သဘောပေါက်သွားသည်။

"မင်းဆိုလိုတာက၊ အတန်း ၅ မှာ အခု အင်္ဂလိပ်စာအတန်းမရှိဘူးပေါ့?"

အရင်အတိုင်းပင် လင်ကျင်းကျယ်က တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။

"အရင်ကတော့ ရှိခဲ့ပါတယ်။"

အရင်ကတော့ ရှိခဲ့တယ်! အရင်ကတော့ ရှိခဲ့တယ်! အရင်ကတော့ ရှိခဲ့တယ်!

တူကန်မှာ ဆွံ့အနေမိသည်။ စမ်းသပ်စာမေးပွဲတွေ ပြီးသွားပြီဖြစ်ပြီး တတိယနှစ်ကျောင်းသားများမှာ သူတို့၏အနာဂတ်လမ်းကြောင်းကို အခြေခံအားဖြင့် ဆုံးဖြတ်ပေးမည့် အရေးအကြီးဆုံးစိန်ခေါ်မှုဖြစ်သော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ဤသို့သော အရေးကြီးသည့်အချိန်အခါမျိုးတွင် သင်ရိုးညွှန်းတမ်းမှ ဘာသာရပ်တစ်ခု ပျောက်ဆုံးနေသော အတန်းတစ်တန်းရှိနေသည်တဲ့လား! နောက်နေတာလား!

တစ်ခဏအတွင်းမှာပင် သူ၏မျက်နှာထားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တင်းမာသွားပြီး စားပွဲပေါ်သို့ တူကို ဝုန်းခနဲ ပစ်ချလိုက်သည်။ စားပွဲဝိုင်းရှိ စစ်ဆေးရေးအဖွဲ့ဝင်များမှာလည်း တုန်လှုပ်သွားကြသည်။ လင်ကျင်းကျယ်တစ်ယောက်တည်းသာ တုန်လှုပ်ခြင်းမရှိဘဲ အေးအေးဆေးဆေး အစာဆက်စားနေခဲ့သည်။

တူကန်၏ဘေးတွင် ထိုင်နေသော အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက ထောင်ဖန်ကျိန့်ကို ဒေါသဖြင့် တုန်ရီနေသောလက်ဖြင့် ထိုးညွှန်လိုက်သည်။

"ဒါ တကယ်ပဲလား!" သူကမေးလိုက်သည်။

ထောင်ဖန်ကျိန့်မှာ ကြောက်လန့်တကြားဖြစ်ကာ လိမ်ညာရန်မဝံ့တော့ပေ။ သူက ထိတ်လန့်တကြား ရှင်းပြလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို နားထောင်ပေးပါ၊ ဒါမှာ အကြောင်းရင်းရှိပါတယ်။ အတန်း ၅ က ကျောင်းသားတွေက အင်္ဂလိပ်စာအတန်းတက်ဖို့ ဆန္ဒမရှိကြဘူး။ သူတို့က အင်္ဂလိပ်စာဆရာမကိုတောင် မောင်းထုတ်ခဲ့ကြတယ်..."

အနီးအနားစားပွဲမှ ကျောင်းသားများက ကျယ်လောင်စွာ ဆန္ဒပြကြသည်။ တိန့်မိုက်က ထရပ်လိုက်ပြီး အော်ပြောလိုက်သည်။

"ခင်ဗျား ဘာတွေပြောနေတာလဲ ကျောင်းအုပ်ကြီးထောင်။ ကျွန်တော်တို့က အင်္ဂလိပ်စာအတန်းတက်ဖို့ ဆန္ဒမရှိဘူးဆိုတာ ဘာသဘောလဲ။ ဆရာမလီရဲ့ အတန်းက ဘယ်လိုပုံစံမျိုးလဲဆိုတာ ခင်ဗျား အရင်ပြောသင့်တယ်! သူ(မ)က ကျွန်တော်တို့ကို ဘာမှမသင်ပေးဘူး၊ ကိုယ်တိုင်လေ့လာခိုင်းပြီး အိမ်စာပဲပေးတာ! ဒီလိုအတန်းမျိုးတက်ရတာ ဘာအဓိပ္ပာယ်ရှိလို့လဲ။"

"မဟုတ်တာ မပြောနဲ့!"

ထောင်ဖန်ကျိန့်၏မျက်နှာမှာ နီရဲနေသည်။

"ချက်ချင်းထိုင်လိုက်စမ်း!"

"မဟုတ်ဘူး!"

ဤအချိန်တွင် တူကန်မှာ လုံးဝအစာစားချင်စိတ်မရှိတော့ပေ။ သူက ဒူးပေါ်လက်တင်ကာ ကုလားထိုင်ပေါ်တွင် ခံ့ညားစွာ မတ်မတ်ထိုင်လိုက်သည်။

"သူ့ကို ပြောခိုင်းလိုက်။"

တိန့်မိုက်က လင်ကျင်းကျယ်ကို လှမ်းကြည့်လိုက်ရာ လင်ကျင်းကျယ်က ခပ်ဖော့ဖော့ ခေါင်းညိတ်ပြလိုက်သည်။

ချက်ချင်းပင် ယုံကြည်မှုအပြည့်ဖြစ်သွားကာ သူက ထောင်ဖန်ကျိန့်၏မျက်လုံးထဲမှ ခြိမ်းခြောက်မှုကို လျစ်လျူရှုလိုက်ပြီး သူနှင့်တစ်စားပွဲတည်းထိုင်နေသော အတန်းဖော်များကို ထရပ်ရန် လက်ဟန်ပြလိုက်သည်။

"အတန်းထဲဝင်လာတိုင်း သူ(မ)က စင်မြင့်ပေါ်မှာထိုင်ပြီး ဟားတိုက်ရယ်မောတယ်၊ ကျွန်တော်တို့က အမှိုက်တွေလို့ပြောတယ်၊ ကျွန်တော်တို့အတန်းပိုင်ဆရာမက အသုံးမကျဘူး၊ ကျွန်တော်တို့က လူ့အဖွဲ့အစည်းရဲ့ အညစ်အကြေးတွေကလွဲရင် ဘာမှမဖြစ်နိုင်ဘူးလို့ ပြောတယ်... ဒီလိုဆရာမျိုးကို ဘယ်သူလိုချင်မှာလဲ!"

"ဟုတ်တယ်! ဟုတ်တယ်!"

စားပွဲအဆုံးတွင် ထိုင်နေသော လီယွိရုန်မှာ ဒေါသနှင့်မုန်းတီးမှုတို့ဖြင့် တုန်ရီနေသည်။ သူ(မ)က တူကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်း အံကြိတ်နေခဲ့သည်။ ဤကိစ္စပြီးသွားလျှင် ထိုအမှိုက်များကို ဘယ်တော့မှမမေ့နိုင်မည့် သင်ခန်းစာတစ်ခုပေးမည်ဟု သူ(မ) တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် နိမ့်ကျလေးနက်သော အသံတစ်ခုက မေးလိုက်သည်။

"မင်းတို့ရဲ့ အင်္ဂလိပ်စာဆရာမက ဘယ်သူလဲ။"

ဘယ်သူလဲ?

တတိယနှစ်ကျောင်းသားအားလုံးမှာ အင်္ဂလိပ်စာဆရာမက တစ်ယောက်တည်းသာဖြစ်သည်။

အားလုံး၏မျက်လုံးများက တစ်နေရာတည်းသို့ လှည့်သွားကြသည်။ တူကန်က သူတို့၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ချက်ချင်းပင် သူ၏နားထင်ကြောများမှာ ဒေါသဖြင့် ဖောင်းကြွပြီး တလှုပ်လှုပ် ဖြစ်နေသည်ကို ခံစားလိုက်ရသည်။

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသအပြည့်ပါသော အပြုံးဖြင့် ယဉ်ကျေးစွာ မေးလိုက်သည်။

"ဒါက အမှတ် ၁ အထက်တန်းကျောင်းရဲ့ အကောင်းဆုံးအတန်းကို တာဝန်ယူထားတဲ့ ဆရာမပဲ မဟုတ်လား၊ ကျောင်းအုပ်ကြီးထောင်။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment