no

Font
Theme

ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ ဟူယွိ လန့်ဖျပ်ကာ မတ်တတ်ရပ်လိုက်မိသည်။

လင်ကျင်းကျယ်က သူ(မ)ကို စင်္ကြံဘက်မှ ညင်သာစွာ လှည့်ဖယ်လိုက်ပြီး ပခုံးကို ခပ်ဖွဖွပုတ်ကာ ပြန်ထိုင်ရန် အချက်ပြလိုက်သည်။

လီယွိရုန်၏ ငိုယိုသံများနှင့်အတူ တူကန်က လင်ကျင်းကျယ်ကို ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ တက္ကသိုလ်ဝင်ခွင့်နေရာက မင်းအတွက် ဖြစ်လာမှာပါ။ ဘာပဲဖြစ်ဖြစ်၊ ထုံးစံအတိုင်းဆိုရင်တော့ ပညာရေးမှာ အတော်ဆုံးလူကပဲ ရတာလေ။"

ဟူယွိ၏ မျက်ဝန်းများထဲတွင် ဝမ်းသာမှုနှင့် ကျေးဇူးတင်မှုတို့ ပေါ်လာသော်လည်း လင်ကျင်းကျယ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"မဟုတ်တာ၊ ရပါတယ်။"

တူကန် အံ့အားသင့်သွားသည်။

"ဘာ?"

သူက လင်ကျင်းကျယ်တစ်ယောက် ဆန့်ကျင်ဘက်လုပ်နေသည်ဟု ထင်လိုက်သော်လည်း လူငယ်လေးက ဤသို့ ပြောလာသည်။

"ကျွန်တော် ချွင်းနန်တက္ကသိုလ်ကို မသွားချင်ဘူး။"

ဒီအဖြေက မမျှော်လင့်ထားသော်လည်း တစ်ချိန်တည်းမှာပင် အံ့ဩစရာတော့ မဟုတ်ပေ။ လင်ကျင်းကျယ်၏ ငြင်းဆန်မှုကြောင့် စိုးရိမ်နေခဲ့သော ဟူယွိသည် ထိုစကားကိုကြားပြီးနောက် စိတ်တည်ငြိမ်သွားသည်။ တူကန်လည်း လက်ခံသွားသည်။ ချွင်းနန်တက္ကသိုလ်သည် ချွင်းနန်ပြည်နယ်တွင် အကျော်ကြားဆုံး အဆင့်မြင့်ပညာရေးအဖွဲ့အစည်း ဖြစ်နိုင်သော်လည်း နိုင်ငံတော်အဆင့်နှင့် ယှဉ်လျှင်မူ ပြောပလောက်အောင် မဟုတ်ပေ။

ထိုလူငယ်လေးသည် အဘိုးဖန်နှင့် အဆက်အသွယ်ရခဲ့သည်။ သူ့ပညာရေးအဆင့်အတန်းက ထူးချွန်နေသောကြောင့် ချွင်းနန်ပြည်နယ်၏ ကျဉ်းမြောင်းသော ကောင်းကင်အောက်တွင် ချုပ်နှောင်ခံနေသင့်သူ မဟုတ်သလို ဖြစ်မည်လည်း မဟုတ်ပေ။

တစ်နိုင်ငံလုံး မပြောနှင့်၊ ယန်မြို့တစ်မြို့တည်းမှာပင် ထူးချွန်သော တက္ကသိုလ်ပေါင်း မနည်းလှပါတကား!

သို့သော် ဟူယွိ ထပ်ပြီးစဉ်းစားလေလေ၊ ပိုပြီး စိုးရိမ်လာလေလေဖြစ်သည်။ ဤသည်မှာ အလွန်အစွန်းရောက်သော လုပ်ရပ်တစ်ခု မဟုတ်လော။ လင်ကျင်းကျယ်က စမ်းသပ်စာမေးပွဲတွင် ကောင်းစွာဖြေဆိုနိုင်ခဲ့သော်လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ်ကလည်း ကောင်းမည်ဟု မဆိုလိုပေ။ မသေချာမရေရာမှုများစွာ ရှိနေသောကြောင့် လုံခြုံစိတ်ချရစေရန် ချွင်းနန်တက္ကသိုလ်ဝင်ခွင့်နေရာကို ဆက်လက်ထိန်းသိမ်းထားခြင်းက ပိုကောင်းမည်။

လင်ကျင်းကျယ်က သူ(မ) ဘာတွေစဉ်းစားနေသည်ကို သိသည်။ သူက သူ(မ)ကို ကြည့်ရင်း ခေါင်းကို ခိုင်မာစွာ ခါယမ်းလိုက်၏။

သို့သော် သူငြင်းဆန်လိုက်သောကြောင့် တူကန်မှာ ဝင်ခွင့်ခွဲတမ်းအတွက် ဘာလုပ်ရမည်ကို အနည်းငယ် အကျပ်ရိုက်သွားသည်။ သူ ဒီနေ့ အလွန်ဒေါသထွက်ခဲ့ရသည့်အတွက် မပြန်ခင် အနည်းဆုံးတော့ တစ်ခုခု လုပ်သွားရမည်။

သူက ကျောင်းသားတွေအကြောင်း ဘာမှမသိပေ။ ဒုတိယကျောင်းအုပ် ချွီယွမ် ယူလာသော အတန်းအလိုက်အဆင့်နှင့် စမ်းသပ်စာမေးပွဲရလဒ်များအတိုင်း စီထားသည့် တတိယနှစ်ကျောင်းသားများစာရင်းကို ကြည့်လိုက်ပြီး

"ဒါဆို အားလုံးရဲ့ အကြံဉာဏ်က ဘယ်လိုရှိလဲ။ လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။"

လင်ကျင်းကျယ်က စင်မြင့်ပေါ်၌ သူနှင့် ဘေးချင်ကပ်လျက်ရှိနေပြီး ဆရာများ၏ စားပွဲကိုမှီရင်း ရပ်နေခဲ့သည်။ သူ့စကားကြောင့် နာမည်တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

"ဒီလူဆိုရင်ရော ဘယ်လိုလဲ။"

သူအဆိုပြုလိုက်သော ကျောင်းသားမှာ ဒုတိယအကြိမ် စမ်းသပ်စာမေးပွဲမှလွဲ၍ အမြဲတမ်း ပထမအဆင့်ရခဲ့သူ ယူကျီလျန် ဖြစ်သည်။

ဒုတိယကျောင်းအုပ်၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်လာသည်။

" ယူကျီလျန်လား။ ဟုတ်တယ်၊ ကျွန်တော်တော့ ဒါ အရမ်းသင့်တော်တယ်လို့ ထင်တယ်။"

မည်သည့်ကိစ္စမဆို ဝင်ရောက်ပြောဆိုတတ်သော ပညာရေးမှူးကလည်း ကျေနပ်စွာဖြင့်

"အမှန်ပဲ။ သူ့ရဲ့ ဒုတိယအကြိမ် စမ်းသပ်စာမေးပွဲရလဒ်တွေက လင်ကျင်းကျယ်လောက် မကောင်းခဲ့ပေမဲ့ သူက အထက်တန်းကျောင်း ပထမနေ့ကတည်းက လေးလေးနက်နက် စာကြိုးစားခဲ့ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ အဆင့်တွေကို ကြိုးစားအားထုတ်မှုနဲ့ ရယူခဲ့တာပါ။ သူက တိတ်ဆိတ်ပြီး အလေးအနက်ထားတဲ့ ကလေးတစ်ယောက်ပါ။ သူ့မိသားစုအခြေအနေက သိပ်မကောင်းဘူးလို့လည်း ကြားထားပါတယ်။"

လင်ကျင်းကျယ်ကတော့ ဒါဟာ အတော်လေး ထင်ရှားသည့်ကိစ္စဟု တွေးလိုက်မိသည်။ ယခင်ဘဝတုန်းက ယူကျီလျန်ဟာ သုံးနှစ်လုံးလုံး ကျောင်း၏ အတော်ဆုံးကျောင်းသားနေရာကို ရယူထားခဲ့တာဖြစ်ပြီး ဒါကပဲ သူ့ကို ဝင်ခွင့်ခွဲတမ်းရဖို့ အာမခံချက်ပေးသလောက် ဖြစ်ခဲ့သည်။ သူ့မိသားစုကသာ နောက်ခံအင်အားကောင်းလျှင် ကျန်းရန်တစ်ယောက် သူ့ဆီကနေ လုယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

မည်သူမျှ ကန့်ကွက်ခြင်းမရှိသောကြောင့် တူကန်က ယူကျီလျန်ကို ထိုခွဲတမ်းအတွက် တရားဝင် ခန့်အပ်လိုက်သည်။ ဤအချက်ကြောင့် ထောင်ဖန်ကျိန့်နှင့် လီယွိရုန်တို့အပေါ် ဒေါသထွက်ခြင်းကြောင့် သူ့ရင်ထဲတွင် ဖြစ်ပေါ်နေသော အသက်ရှူကျပ်သည့် ခံစားချက်မှာ အနည်းငယ် လျော့ပါးသွားသည်။

မပြန်ခင်တွင် သူက ဟူယွိကို ထပ်မံ၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့ပြီး ဒုတိယကျောင်းအုပ်ကိုလည်း ဟူယွိအား တရားဝင်ဆရာမအဖြစ် အမြန်ဆုံး စာရင်းသွင်းပေးရန် မှာကြားခဲ့သည်။ အမှန်တကယ်တော့ ၎င်းမှာ ကြာမြင့်မနေသင့်ဘဲ၊ သူ(မ) တာဝန်စတင်ချိန်ကတည်းက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။

ဒုတိယကျောင်းအုပ်က ပညာရေးမှူးနှင့်အတူ ခေါင်းတညိတ်ညိတ် လုပ်နေသည်။ သူတို့ အဆူခံခဲ့ရသော်လည်း ကောင်းကင်ပေါ်မှ မည်းမှောင်လေးလံသော တိမ်တိုက်များကို လေပြင်းမုန်တိုင်းက မှုတ်ထုတ်သွားသလို ခံစားနေရသည်။ သူတို့၏မျက်နှာများ ပြုံးဖြီးဖြီးမဖြစ်အောင် အသည်းအသန် ထိန်းချုပ်နေကြရသည်။

အာဏာရှင် ထောင်ဖန်ကျိန့် ပြုတ်ကျသွားပြီ!

နှစ်ပေါင်းများစွာ သူတို့ကို ဖိနှိပ်ချုပ်ချယ်ခဲ့သော ထိုကြီးမားပြီး အမြစ်တွယ်နေသည့် သစ်ပင်ကြီး နောက်ဆုံးတော့ လဲပြိုသွားခဲ့ပြီ!

တူကန်ကိုယ်တိုင် အမိန့်ပေးခဲ့သောကြောင့် ကျောင်းအုပ်ကြီးကို ရာထူးမှ ဖယ်ရှားခြင်းမှာ အလွန်လျင်မြန်ခဲ့သည်။ စစ်ဆေးရေးအဖွဲ့ဝင်များ ကျောင်းဂိတ်ပေါက်ဝသို့ ရောက်ရှိလာချိန်တွင် သူတို့နှင့်အတူ ထောင်ဖန်ကျိန့်လည်း ပါလာသည်။ သူသည် သတိပြန်လည်လာပြီဖြစ်ပြီး လူနှစ်ယောက်၏ တွဲခေါ်မှုဖြင့် ကားဆီသို့ ယိုင်နဲ့ယိုင်နဲ့ လျှောက်လှမ်းနေရသည်။

ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ် သတင်းတစ်ပုဒ်ပင်! ကျောင်းတွင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးနီးပါး ပြတင်းပေါက်များမှတစ်ဆင့် ထိုဖြစ်စဉ်ကို မကြည့်ဘဲ မနေနိုင်ကြပေ။ လူတိုင်း၏ မျက်နှာများတွင် စိတ်လှုပ်ရှားစွာ ပြုံးရွှင်နေကြပြီး ဝမ်းနည်းမှု အရိပ်အယောင်ပင် မတွေ့ရချေ။

တူကန်ကတော့ မျက်နှာထားတည်တည်ဖြင့် ကြည့်နေခဲ့သည်။ ထောင်ဖန်ကျိန့်၏ လူကြိုက်များမှုကို သူ အခုမှ အသစ်တစ်ဖန် နားလည်သွားခဲ့သည်။

နောက်ဆုံးတွင်မူ သူ့အနေနှင့် လင်ကျင်းကျယ်နှင့် သီးသန့်စကားပြောရန် အချိန်ကောင်းကို ဘယ်တော့မှ ရှာမတွေ့ခဲ့ဘဲ အနည်းငယ် စိတ်မကောင်းဖြစ်ကာ ထွက်ခွာသွားခဲ့ရသည်။

အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားများ၊ အထူးသဖြင့် တတိယနှစ် အတန်း ၅ မှ ကျောင်းသားများမှာမူ မှောင်မိုက်ပြီး ကျဉ်းမြောင်းလွန်းသော ကြက်ခြံထဲမှ လွှတ်ပေးလိုက်သည့် ကြက်အုပ်ကဲ့သို့ ရွှင်လန်းတက်ကြွနေကြသည်။

အိမ်အပြန်လမ်းတွင် တိန့်မိုက်မှာ စိတ်လှုပ်ရှားလွန်း၍ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်ဘဲ သူ၏ ညိုမှောင်ချောမောသော မျက်နှာက တောက်ပနေသည်။ သူက အလားတူ စိတ်လှုပ်ရှားနေသော ကောရှန်နှင့် စကားပြောနေရင်း ရုတ်တရက် သူတို့၏ စကားဝိုင်းက လင်ကျင်းကျယ်ဘက်သို့ ရောက်သွားသည်။

"ကျင်းကျယ်၊ မင်းတကယ်ပဲ ချွင်းနန်တက္ကသိုလ်ကို မသွားချင်ဘူးလား။"

တိန့်မိုက်က မေးလိုက်သည်။

ကောရှန်က ပြန်ဖြေလိုက်၏။

"သူက ယန်မြို့က ကောလိပ်ကို တက်ချင်တာလေ။ ဒါပေမဲ့ ဝင်ခွင့်ခွဲတမ်းကိုတောင် စွန့်လွှတ်လောက်အောင် ဒီလောက်စိတ်ပိုင်းဖြတ်ထားလိမ့်မယ်လို့တော့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး။ အဲ့ဒီ ယူကျီလျန်ဆိုတဲ့ကောင်တော့ ကံကောင်းသွားတာပဲ။"

လင်ကျင်းကျယ်က ပြန်မဖြေခဲ့ပေ။ အချို့အရာများမှာ အသံထွက်၍ ပြောမရနိုင်သော အရာများဖြစ်သည်။ သူ ယန်မြို့သို့ သွားချင်သည်မှာ မှန်သော်လည်း အမှန်တကယ်တွင် သူငြင်းဆန်ရသည့် အခြား ပို၍အရေးကြီးသော အကြောင်းရင်းတစ်ခု ရှိနေသေးသည်။

သူ့ယခင်ဘဝတွင် ကျောင်း၏ အာမခံဝင်ခွင့်ခွဲတမ်းကို ရရှိခဲ့သူမှာ ကျန်းရန်ဖြစ်သည်။ လင်ကျင်းကျယ် ယခုသိရှိထားသည့်အရာများအရ သူ့ဝမ်းကွဲက ထိုနေရာကို ရိုးသားသောနည်းလမ်းဖြင့် ရရှိခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားသည်။

ယခုမူ၊ ထိုလိမ်လည်သူမှာ လင်ကျင်းကျယ် ဖြစ်လာသည်။ အခြားဘဝတစ်ခုကို ဖြတ်သန်းပြီး ဖြစ်သောကြောင့် သူ့အမြင်နှင့် အတွေ့အကြုံမှာ သာမန်ဆယ်ကျော်သက်များနှင့် နှိုင်းယှဉ်၍မရနိုင်တော့ပေ။ လာမည့် ဆယ်စုနှစ် သို့မဟုတ် နှစ်ဆယ်အတွင်း ဘာတွေဖြစ်မည်ကိုပင် သူသိထားသည်။ ဤအချက်နှင့်ပင် အနည်းဆုံးတော့ ယခုအချိန်တွင် သူ၏ ဆိုးရွားလှသော ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီဖြစ်သည်။

သို့သော် ဝင်ခွင့်ခွဲတမ်းမှာ ဘယ်တုန်းကမှ သူ့အတွက်မဟုတ်ခဲ့သလို ကလေးတစ်ယောက်ဆီကနေ လုယူမည်လည်း မဟုတ်ပေ။

လင်ကျင်းကျယ်သည် ကျောင်းလွယ်အိတ်ကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း ဇူလိုင်လ၏ ပူပြင်းသော နေရောင်အောက်တွင် ပေါ့ပေါ့ပါးပါး၊ အပြစ်ကင်းစင်ပြီး မနိုင်ဝန်ထမ်းတတ်သော လူငယ်တစ်စု ဆော့ကစားနေကြသည်ကို အရင်ကထက် ပို၍နူးညံ့သော အကြည့်ဖြင့် ကြည့်နေမိသည်။

ကောင်းပြီလေ၊ ဒီနေ့တော့ သူတို့ကို ကစားခိုင်းလိုက်ဦးမယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက သိပ်မဝေးတော့ဘူးပဲ။

သူက ထိုလူငယ်လေးများနှင့် သူတို့၏ အနာဂတ်များကို စဉ်းစားနေစဉ် သူတို့၏ ရွှင်လန်းသော ရယ်သံများက ရုတ်တရက် ရပ်တန့်သွားသည်။ လင်ကျင်းကျယ်လည်း အတွေးထဲမှ လွတ်မြောက်လာပြီး လူတိုင်း ရပ်တန့်ကာ သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသောသူကို သတိကြီးစွာဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

လီယွိရုန်၏ မျက်လုံးများမှာ ငိုထားသောကြောင့် ဖောင်းအစ်နေသည်။ သူ(မ)က သစ်ပင်တစ်ပင်၏ နောက်ကွယ်ကနေ ထွက်လာပြီး မျက်နှာပေါ်မှ မျက်ရည်များမှာ "သစ်တော်ပန်းပေါ်မှ မိုးစက်များ" ကဲ့သို့ ဖြစ်နေကာ "လင်ကျင်းကျယ်…" ဟု အားနည်းစွာ ခေါ်လိုက်သည်။ သူ(မ)၏ ဤ နှိမ့်ချသနားစဖွယ် အသံကို ယခင်က မည်သူမျှ မကြားဖူးခဲ့ပေ။

ကောရှန်နှင့် တိန့်မိုက်တို့က ချက်ချင်းဆိုသလို တုံ့ပြန်လိုက်ကြသည်။ သူတို့က ရှေ့သို့တိုးထွက်ကာ လင်းကျင်းကျယ်ကို သူတို့နောက်တွင် ကာကွယ်ပေးထားလိုက်သည်။

လီယွိရုန်မှာ ဤလူသားတံတိုင်းကြောင့် သူ့ကို မြင်ပင်မမြင်ရသော်လည်း ထောင်ဖန်ကျိန့်၏ ကံကြမ္မာကို စဉ်းစားမိသောအခါ လက်မလျှော့နိုင်ခဲ့ပေ။ သူ(မ)၏ နောက်ဆုံးအသက်ကယ်ကောက်ရိုးဖြစ်သော လင်ကျင်းကျယ်ကို ဆုပ်ကိုင်ထားရမည်။ သူ(မ)က ငိုကြီးချက်မဖြင့်

"ငါ့ရဲ့ အရင်က လုပ်ရပ်တွေ မမှန်ကန်ခဲ့ဘူးဆိုတာ ငါသိပါတယ်။ ငါတောင်းပန်ပါတယ်၊ ငါလုပ်ခဲ့သမျှ အရာအားလုံးအတွက် တောင်းပန်ပါတယ်…"

လူတိုင်း သူ(မ)ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

သူတို့ ရင်းနှီးကျွမ်းဝင်နေသည်မှာ သူ(မ)၏ မောက်မာသော မထီမဲ့မြင်ပြုမှု ဖြစ်သည်။ ယခု သူ(မ)ကို ဤသို့တွေ့မြင်ရသောအခါ သူတို့၏ စိတ်ထဲတွင် ကျေနပ်မှုများ ပြည့်နှက်သွားသည်။ ကောရှန်က သူ(မ) လင်ကျင်းကျယ်အပေါ် လုပ်ခဲ့သမျှ အရာအားလုံးကို ပြန်လည်သတိရမိပြီး ဒေါသထွက်နေသော အမူအရာဖြင့် ပါးစပ်ဟလိုက်သည်။

သို့သော် လင်ကျင်းကျယ်က သူ ဘာမှမပြောခင် သူ့ပခုံးကို ပုတ်လိုက်သည်။

"အရေးလုပ်မနေနဲ့။ လာ၊ သွားကြစို့။"

သူပြောလိုက်သည်နှင့် ပြဿနာရှာရတာ နှစ်သက်သော တိန့်မိုက်ပင်လျှင် ခြွင်းချက်မရှိ နာခံလိုက်သည်။ လီယွိရုန်က ခြေလှမ်းအနည်းငယ် လိုက်လာခဲ့သော်လည်း နောက်ဆုံးတွင် လူငယ်လေးများ၏ ပိန်သွယ်သော အရိပ်ကလေး အဝေးသို့ မှေးမှိန်ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။ နောက်ဆုံးတွင် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သစ်ပင်တစ်ပင်ကို အားနည်းစွာ မှီကာ အသံဝင်သည်အထိ ငိုကြွေးနေတော့သည်။

အင်္ဂလိပ်ဆရာမအသစ်၊ လီယွိရုန်ထက် မလျော့သော အလှရှိသည့် အမျိုးသမီးတစ်ဦး မကြာမီ ရောက်ရှိလာသည်။ ထို့အပြင် သူ(မ)၏ စမတ်ကျပြီး ဖက်ရှင်ကျသော ဝတ်စားဆင်ယင်မှု၊ ပြောင်မြောက်သော မိတ်ကပ်နှင့် အညိုရောင်ရင့်ရင့် ဆံပင်ရှည် ကောက်ကောက်များကြောင့် သူ(မ)သည် အလွယ်တကူပင် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူ(မ)၏အမည်မှာ ချန်ထျန်း ဖြစ်သည်။

ယာယီကျောင်းအုပ် ချွီယွမ်က သူ(မ)ကို အတန်းထဲတွင် မိတ်ဆက်ပေးသောအခါ ယောကျာ်းလေး အတော်များများ သူ(မ)ကို ကြောင်ငေးကြည့်နေကြသည်။ သူ(မ) တာဝန်စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံး အနားယူချိန်တွင် ဟူယွိကို ရှာဖွေခဲ့သည်။

သူ(မ)သည် အကြောင်းအရာများစွာကို ရှင်းရှင်းလင်းလင်း ကြားသိထားပုံရပြီး လူအများနှင့် ဆက်ဆံရာတွင် ကျွမ်းကျင်မှုရှိသူဖြစ်သည်။ မကြာမီပင် ဟူယွိထံမှ တတိယနှစ်ကျောင်းသားများ၏ အခြေအနေကို သိရှိသွားသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်မီ အချိန်များစွာ မကျန်တော့သောကြောင့် သူ(မ)အပေါ် ဖိအားများစွာ သက်ရောက်နေသည်။ ထို့နောက် လီယွိရုန် အသုံးပြုခဲ့သော ဖတ်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုပြီးနောက် သူ(မ)၏ နဖူးမှာ တွန့်ကျုံ့သွားသည်။

"မဖြစ်ဘူး၊ သင်ကြားရမဲ့ အကြောင်းအရာတွေက ကျဉ်းမြောင်းလွန်းတယ်။"

ချန်ထျန်းသည် နိုင်ငံတော်အဆင့် အဓိကတက္ကသိုလ်များထဲမှ တစ်ခုကနေ ဘွဲ့ရခဲ့ကြောင်း ဟူယွိသိရသောအခါ အလွန်မျှော်လင့်ချက်ကြီးမားခဲ့သည်။ ဤစကားများကြောင့် သူ(မ)၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်လာသည်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပယ်ချခဲ့သော်လည်း သူ(မ) ဘယ်တော့မှ လက်မလျှော့ခဲ့သော သူ(မ)၏ ပြန်လည်ပြင်ဆင်ထားသည့် သင်ရိုးညွှန်းတမ်းကို ထုတ်ယူကာ မဝံ့မရဲဖြင့် တင်ပြလိုက်သည်။

"ဆရာမချန်၊ ဒါကို ဘယ်လိုထင်ပါသလဲရှင့်။"

ချန်ထျန်းက တစ်ချက်ကြည့်လိုက်သည်နှင့် သူ(မ)၏ အမူအရာမှာ လေးနက်သွားသည်။

"ဘယ်ဆရာမက ဒါကို ပြုစုခဲ့တာလဲ။" သူ(မ)က မေးလိုက်သည်။

ချန်ထျန်းက ကြင်နာတတ်သော်လည်း ဟူယွိမှာမူ ဤသို့သော ပြတ်သားသည့် ပုဂ္ဂိုလ်မျိုး၏ အနီးတွင် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ သူ(မ)၏ခန္ဓာကိုယ်က အနည်းငယ် ကျုံ့သွားကာ တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ကျွန်မပါ…"

"ဆရာမဟူ!"

ချန်ထျန်းက ချက်ချင်ူဆိုသလို သူ(မ)၏ လက်မောင်းကို ဆွဲကိုင်ကာ ထရပ်လိုက်သည်။

"ဒီသင်ရိုးညွှန်းတမ်းကို ချက်ချင်းအကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ကျွန်မထင်တယ်။ လာပါ၊ ကျောင်းအုပ်ချွီကို သွားရှာကြစို့!"

လီယွိရုန်၏ အရိပ်ကြောင့် အတန်း ၅ သည် အင်္ဂလိပ်ဆရာမအသစ်အပေါ် အနည်းငယ် ဆန့်ကျင်မှုရှိခဲ့သော်လည်း ချန်ထျန်း၏ အရည်အချင်းမှာ သူ(မ)၏ ရုပ်ရည်နှင့် ထပ်တူညီမျှခဲ့သည်။ သူ(မ)၏ ဖော်ရွေသော အမူအရာနှင့် စိတ်ဝင်စားဖွယ်ကောင်းသော သင်ခန်းစာကြောင့် တစ်ကြိမ်သာ သင်ကြားပြီးနောက် ကျောင်းသားများက သူ(မ)ကို လှိုက်လှိုက်လှဲလှဲ လက်ခံသွားကြသည်။

လင်ကျင်းကျယ်လည်း နောက်ဆုံးတော့ ဆရာတစ်ယောက်အဖြစ်မှ ဆင်းသက်နိုင်ခဲ့ပြီ။ သူ အတော်လေး စိတ်သက်သာရာရသွားပြီး သူ့စိတ်အခြေအနေကလည်း ပိုကောင်းလာသည်။ အနားယူချိန်များတွင် တိန့်မိုက်ကိုပင် အတင်းအဖျင်းပြောခွင့်ပြုခဲ့သည်။

"ကျောင်းအုပ်ထောင်တစ်ယောက် ကျောင်းကနေ ငွေဘယ်လောက် အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာ မင်းတို့သိလား။"

တိန့်မိုက်က မေးလိုက်သည်။ သူက သူတို့ကို ခဏတာ စိတ်လှုပ်ရှားအောင် လုပ်ထားလိုက်၏။

"ငါ့အဖေပြောတာတော့ အနည်းဆုံး တစ်သန်းပဲ!"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment