no

Font
Theme

ကျောင်းဆောင်ကလေးထဲက အခန်းငယ်လေးဟာ လူတွေနှင့် ပြည့်ကျပ်နေသည်။ ငြိမ်သက်တိတ်ဆိတ်နေသည့် လေထုထဲမှာတော့ မြေဖြူခဲနှင့် ကျောက်သင်ပုန်း ပွတ်တိုက်သံ တိုးတိုးလေးကိုသာ ကြားနေရသည်။ ဟူယွိက နောက်ဆုံးစာကြောင်းကို ရေးခြစ်လိုက်သည်။ သူ(မ)လက်ကို ချလိုက်ရင်း မှတ်စုစာအုပ်တွေပေါ် ငုံ့ကိုင်းနေသော ဆံပင်နက်နက် ဦးခေါင်းများကို ကြည့်လိုက်သည်။ ဝမ်းသာပီတိလည်း ဖြစ်ရသလို စိတ်မကောင်းလည်း ဖြစ်မိသည်။

သူ(မ)က အခု အတန်း ၅ က ကျောင်းသားများကို သူတို့ဖြေဆိုခဲ့ကြသော တက္ကသိုလ်ဝင်စာမေးပွဲ၏ ခန့်မှန်းခြေရမှတ်များ တွက်ချက်ရာတွင် ကူညီပေးနေခြင်းပင်။ ဒီကျောင်းသားတွေကို သူ(မ) သုံးနှစ်တိတိ သင်ကြားပေးခဲ့ရပြီး၊ ဤအခိုက်အတန့်က သူတို့နှင့်အတူ ရှိနေမည့် နောက်ဆုံးသင်ခန်းစာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ဤသည်မှာ လောကကြီး၏ ဓမ္မတာပင် မဟုတ်လော။

သူ(မ) ဘယ်လောက်ပဲ မခွဲချင်၊ မခွာရက်ဖြစ်နေပါစေ၊ အတောင်စုံသည့် သိမ်းငှက်ငယ်တွေဟာ တစ်နေ့မှာတော့ အသိုက်ကနေ ပျံခွာကြရမှာပင်။

ဒုကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမတွေကတော့ အခန်းတစ်ခန်းထဲမှာ အစည်းအဝေးလုပ်နေကြသည်။ သူတို့မျက်နှာတွေကတော့ မကောင်းကြ။ တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးသွားသည့်အခါကျမှ စာမေးပွဲမေးခွန်းလွှာတွေကို သူတို့ လက်ခံရရှိခဲ့ကြပြီး ပြင်ဆင်ထားတာတွေ ဘယ်လောက်တောင် မလုံလောက်သေးလဲဆိုတာ သိလိုက်ကြရသည်။ သူတို့ကတော့ အားလုံးပြင်ဆင်ပြီးပြီလို့ ယုံကြည်ထားခဲ့ကြတာပင်။ သို့သော် ဒီနှစ်စာမေးပွဲက သူတို့မျှော်မှန်းထားတာထက် အများကြီး ပိုခက်ခဲနေခဲ့သည်။

စာရွက်များ လှန်လှောသံမှအပ တခြားအသံတွေ မကြားရ။ ဘယ်သူမှလည်း စကားမပြောကြ။ အဆိုးဆုံးအခြေအနေကို အားလုံးပြင်ဆင်ထားကြသည်။

သို့ပေမဲ့ အတန်း ၅ က ကျောင်းသားတွေကတော့ ဘာမှ မသိကြချေ။ သူတို့၏ အဆင့်တွေက အမြဲတမ်းမကောင်းခဲ့ပေ။ သူတို့အတွက်တော့ ဘယ်စာမေးပွဲမဆို ခက်ခဲနေကျသာ။ ထို့ကြောင့် ဒီစာမေးပွဲကိုလည်း သူတို့က ပုံမှန်အတိုင်းပါပဲဟုသာ သဘောထားကြသည်။ စာမေးပွဲမဖြေခင် ဟူယွိက အဓိကမေးခွန်းများကို ဘယ်လိုဖြေရှင်းခဲ့လဲဆိုတာ မှတ်ထားပြီး နောက်မှ ပြန်ရေးချဖို့ သတိပေးထားခဲ့တာကြောင့် လူတိုင်းနီးပါးတွင် ရှုပ်ပွနေသော မှတ်စုတွေအပြည့်နှင့် မှတ်စုစာအုပ်တစ်အုပ်စီ ရှိနေကြသည်။ သူတို့တွေက အဖြေများကို ဆွေးနွေး၊ ပြောဆိုကြရင်း ပျော်ရွှင်မှုရယ်မောသံများနှင့်အတူ ညည်းညူနေသံတွေလည်း ထွက်ပေါ်နေသည်။

"ဒီမေးခွန်းကို ငါ တကယ်ပဲ မှန်အောင် ဖြေခဲ့တာလား!"

"အား... ဒီတစ်ခုက မှားသွားပြန်ပြီ!"

"မင်းက ဖြေရှင်းနည်းအဆင့်တွေ အကုန်မရေးထားဘူး၊ မင်းအမှတ်တွေ အနုတ်ခံရမှာ သေချာတယ်။ ဆရာမဟူယွိရေ! သူ့အမှတ်ဘယ်လောက် နုတ်ခံရမှာလဲဟင်။"

"မြန်မြန်၊ မြန်မြန် တွက်ပါကွာ။"

"မင်းရမှတ် စုစုပေါင်း ဘယ်လောက်လဲ။"

"နှစ်ရာလောက်ပဲ ထင်တယ်။"

"အမှတ်အပြည့်က ခုနစ်ရာကျော်နီးပါးရှိတာကို မင်းက နှစ်ရာပဲရတယ်လို့ ပြောရဲတယ်!"

ကောရှန်က တွက်လို့ပြီးသွားချေပြီ။ သူ နည်းနည်းတော့ စိုးရိမ်နေသည်။ တရုတ်စာက သူ့အားနည်းချက် ဖြစ်နေတော့ အဲ့ဒီမှာ အမှတ်ပိုနုတ်ခဲ့ရသည်။ စုစုပေါင်းရမှတ်ကို နောက်ဆုံးတွက်ချက်ပြီးသွားတော့ လေးရာကျော်ကျော်လေးပဲ ရှိပုံရသည်။ အရင်နှစ်တွေက အနိမ့်ဆုံးဝင်ခွင့်ရမှတ်တွေအရဆိုရင် အဓိကတက္ကသိုလ်တွေကို အသာထား၊ တတိယတန်းစားကောလိပ်တွေတောင် မဖြစ်နိုင်။

လင်ကျင်းကျယ်က သူ့ကို အနီးကပ် ဂရုစိုက်ပေးခဲ့တာကြောင့် ဖြစ်နိုင်သည်၊ ကျိုးဟိုင်ထန်ကတော့ မထင်မှတ်ဘဲ ကောရှန်ထက် ပိုကောင်းသော အမှတ်ရခဲ့သည်။ သူငယ်ချင်း၏ ရလဒ်ကို တစ်ချက်ကြည့်ပြီးနောက် လင်ကျင်းကျယ်စားပွဲနားမှာ ထိုင်ချလိုက်ပြီး သူ တွက်ချက်လို့ ပြီးဆုံးသည်အထိ တိတ်တဆိတ် စောင့်နေခဲ့သည်။

အကြမ်းတွက်ချက်မှု ပြီးသွားတော့ လင်ကျင်းကျယ်က သူ့ရဲ့ စုစုပေါင်းရမှတ်ကို ကြည့်လိုက်သည်။ ခဏတာ တွေဝေသွားပြီးနောက် ပိုမိုမြင့်မားသော စံနှုန်းနှင့် ပြန်ပြီး တွက်ချက်စပြုလာသည်။

ကောရှန်ကတော့ စိတ်လှုပ်ရှားစွာနှင့် မချင့်မရဲဖြစ်နေသည်။ လင်ကျင်းကျယ်၏ ဘောပင် ရပ်သွားမည့်အချိန်ကို စောင့်နေရင်း စားပွဲပေါ်ကို လက်ချောင်းတွေနှင့် စိတ်လှုပ်ရှားစွာ ခေါက်စပြုလာသည်။

"မင်းရမှတ် ဘယ်လောက်လဲ၊ ဘယ်လောက်လဲ၊ ဘယ်လောက်လဲ..."

တိတ်ဆိတ်စွာဖြင့် လင်ကျင်းကျယ်က စာရေးတာကို ရပ်လိုက်သည်။

"တော်တော်... မြင့်တယ် ထင်တယ်။"

ကောရှန်၏ မျက်လုံးတွေက အံ့အားသင့်စွာ ပြူးကျယ်သွားသည်။ ကျိုးဟိုင်ထန်က သူ့စားပွဲကို ကျော်ပြီး ပြေးလာသည်။ တိန့်မိုက်ကလည်း အလောကြီးစွာ မေးလိုက်သည်။

"မနှစ်က ချွင်းနန်တက္ကသိုလ်ရဲ့ အနိမ့်ဆုံးဝင်ခွင့်ရမှတ်က ခြောက်ရာ့တစ်ပဲလေ။ မင်းခြောက်ရာကျော်လား။"

လင်ကျင်းကျယ်က ဖြည်းဖြည်းလေးနှင့် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ဖြစ်နိုင်ပါတယ်။"

"အိုးဟိုးဟိုးဟိုးဟိုးဟိုးဟိုး——————"

သူတို့ကိုယ်တိုင် ဘယ်လောက် ကောင်းကောင်း လုပ်ခဲ့သည်ဖြစ်စေ၊ လင်ကျင်းကျယ် ပြောလိုက်သည့် စကားကို ကြားလိုက်ရသော အတန်း ၅ က ကျောင်းသားအားလုံး ဝမ်းသာအားရ အော်ဟစ်ကြသည်။ ကောရှန်က စိတ်လှုပ်ရှားစွာ လက်သီးဆုပ် မြှောက်ပြသည်။

"မိုက်တယ်ကွာ!"

လင်ကျင်းကျယ်ကတော့ အရမ်းစိတ်လှုပ်ရှားနေပုံ၊ ဝမ်းသာနေပုံ မပေါ်ပေမဲ့ တကယ်တော့ သူ ခုနက တွက်လိုက်သည့် အမှတ်ကို သူကိုယ်တိုင်တောင် မယုံနိုင် ဖြစ်နေခဲ့သည်။

စာမေးပွဲဖြေနေစဉ်က သူ့အခြေအနေသည် ပုံမှန်ထက် ကောင်းမွန်နေခဲ့ပြီး မေးခွန်းတွေရဲ့ ခက်ခဲမှုကို အပြည့်အဝ ပြင်ဆင်ထားခဲ့တယ်ဆိုတာ သူသိသည်။ သို့သော်ငြားလည်း ဒီရလဒ်က သူ့ရဲ့ မူလခန့်မှန်းချက်ကို အများကြီး ကျော်လွန်နေခဲ့သည်။

လင်ကျင်းကျယ်က တက္ကသိုလ်လျှောက်လွှာကို ယူပြီး သူမူလက စဉ်းစားထားခဲ့သော တက္ကသိုလ်အတော်များများကို ဖြည့်သွင်းလိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူ့ဘောပင်ကို မြှောက်ကာ ပထမဆုံးအကွက်မှာ သူ့ရဲ့ မနှစ်ကဘဝမှာ ဝင်ခွင့်ရဖို့ အိပ်မက်တောင် မမက်ဝံ့ခဲ့သော တက္ကသိုလ်နာမည်ကို ရေးသွင်းလိုက်သည်။

ကောရှန်ကတော့ စာမေးပွဲကို ကောင်းကောင်းမလုပ်ခဲ့ဘူးလို့ ခံစားနေရတာကြောင့် စိတ်ဓာတ် နည်းနည်းကျနေသည်။ ဝင်ခွင့်ရမှတ် အနိမ့်ဆုံးရှိသော တက္ကသိုလ်အချို့ကို ရွေးချယ်ပြီး ဝင်ခွင့်ရဖို့ သေချာအောင် လုပ်ချင်သည်။ ပုံမှန်တည်ငြိမ်မှု ရနေပြီဖြစ်သော လင်ကျင်းကျယ်က သူ့ကို အလျင်စလိုမလုပ်ဖို့ တားမြစ်ပြီး ယန်မြို့က ဝူတုံတက္ကသိုလ်ကို ဖြည့်သွင်းခိုင်းသည်။

ဝူတုံတက္ကသိုလ်က အဓိကတက္ကသိုလ် မဟုတ်သော်ငြားလည်း နာမည်တော့ နည်းနည်း ရှိသည်။ တရုတ်ပြည်မှာ ကွန်ပျူတာဘာသာရပ်ကို ပထမဆုံး စတင်တည်ထောင်ခဲ့သည့် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေထဲက တစ်ခုလည်းဖြစ်ပြီး နောင်မှာ IT နယ်ပယ်က နာမည်ကြီး ပုဂ္ဂိုလ် အများအပြားကို မွေးထုတ်ပေးခဲ့သည်။ အနာဂတ်မှာ ဒီဌာနခွဲက ထိပ်တန်းတက္ကသိုလ်တွေထက် မနိမ့်ကျတော့ချေ။

ကွန်ပျူတာဘာသာရပ်က ဝူတုံတက္ကသိုလ်မှာ လူကြိုက်အများဆုံး ဘာသာရပ်ဖြစ်လာပြီး အနိမ့်ဆုံးဝင်ခွင့်ရမှတ် အမြင့်ဆုံး ဖြစ်လာလိမ့်မည်။ ထူးချွန်သော တက္ကသိုလ်ဝင်စာမေးပွဲရလဒ်တွေနှင့် ကျောင်းသားမြောက်မြားစွာက ဦးခေါင်းခွံတွေ ကွဲထွက်သွားသည်အထိ ထိုအခေါင်းထဲ တိုးဝှေ့ဝင်ဖို့ ကြိုးစားကြလိမ့်မည်။ သို့ပေမဲ့ လက်ရှိ ၁၉၉၀ ပြည့်နှစ်မှာတော့ ကွန်ပျူတာများ မတွင်ကျယ်သေးသည့်အတွက် ထိုလောက်အထိ မရောက်နိုင်သေးပေ။

သူ့အတွက် ဒီရွေးချယ်မှုကို ထည့်သွင်းဖို့ လင်ကျင်းကျယ် သန္နိဋ္ဌာန်ချထားတာကို မြင်တော့ ကောရှန်က မတားမြစ်တော့ပေမဲ့ မျှော်လင့်ချက်တော့ သိပ်မထား။ ဘာပဲဖြစ်ဖြစ် ဝူတုံတက္ကသိုလ်က ကောင်းသည့် တက္ကသိုလ်တွေထဲက တစ်ခုလို့ သတ်မှတ်ထားပြီး သူ့ခန့်မှန်းရမှတ်နှင့်ဆို ဝင်ခွင့်ရဖို့ ကံကောင်းမှဖြစ်မည်။ လင်ကျင်းကျယ် ရေးသွင်းနေသော သူ၏ တည်ကြည်သည့်အမူအရာကို ကြည့်ရင်း ကောရှန် နည်းနည်း ရယ်ချင်သလို နည်းနည်းလည်း စိတ်ထဲထိသွားမိသည်။ သူ့ကိုယ်သူ အထင်သေးတာတော့ မဟုတ်ပေမဲ့ သူ့ရဲ့ သင်ယူနိုင်စွမ်း (သို့မဟုတ် သင်ယူနိုင်စွမ်းမရှိခြင်း) နှင့်ဆို သူ့အမေကိုယ်တိုင်တောင် မျှော်လင့်ချက် သိပ်မထားရဲ။ ဒီလောကမှာ လင်ကျင်းကျယ် တစ်ယောက်ပဲ သူ့ကို အထင်မသေးတာဖြစ်မည်။

သို့ပေမဲ့ လင်ကျင်းကျယ်က ကံကို အားကိုးနေတာ မဟုတ်။ ဒီရွေးချယ်မှုအပေါ် သူ အပြည့်အဝ ယုံကြည်မှုရှိသည်။

သူ့ရဲ့ အားသာချက်ကတော့ အနာဂတ်ကို သိနေခြင်းပင်။ သူ ပြန်လည်မွေးဖွားခြင်း၏ လိပ်ပြာတောင်ပံ အကျိုးသက်ရောက်မှုကြောင့် အသေးစိတ်အချို့ ပြောင်းလဲနိုင်သော်ငြားလည်း အထွေထွေဖွံ့ဖြိုးတိုးတက်မှုကတော့ သူ ဆယ်ကြိမ်လောက် ပြန်မွေးဖွားလာပါစေ လုံးဝ ပြောင်းလဲသွားမှာမဟုတ်ပေ။

ဒီကျောင်းသားတွေက ဘာမှမသိကြပေမဲ့ ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ မကြုံစဖူး ခက်ခဲမှုက ကျောင်းဝင်ခွင့်လုပ်ငန်းစဉ်အပေါ် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မယ်ဆိုတာ သူသိသည်။

ဝူတုံတက္ကသိုလ်၏ မနှစ်က အနိမ့်ဆုံးဝင်ခွင့်ရမှတ်က ကောရှန်အတွက် နည်းနည်း မြင့်နေနိုင်ပေမဲ့ တက္ကသိုလ်က အမှတ်လျှော့ချလိုက်မယ်ဆိုရင်ရော?

ထို့ကြောင့် ကောရှန် တက္ကသိုလ်လျှောက်လွှာ ဖြည့်သွင်းတာ ကူညီပြီးနောက် လင်ကျင်းကျယ်က ထူးထူးခြားခြား စိတ်အားထက်သန်လာပြီး အတန်းထဲက တခြားကျောင်းသားတွေကို သူတို့ ခန့်မှန်းထားတာထက် ပိုမြင့်သော အနိမ့်ဆုံးဝင်ခွင့်ရမှတ်ရှိသည့် ကောလိပ်တွေကို ရွေးချယ်ဖို့ အကြံပေးခဲ့သည်။

ပြီးတော့မှ ရုတ်တရက် ကျိုးဟိုင်ထန်ပျောက်သွားတာကို သူ သတိထားမိလိုက်သည်။

ဒီဆယ်ကျော်သက်လေး အမှတ်တွက်ပြီးနောက် သူ့စိတ်ဓာတ်က တော်တော်လေး ကျဆင်းနေပုံရသည်။ ယခင်ဘဝမှ သင်ခန်းစာအရ လင်ကျင်းကျယ်တစ်ယောက် သူ့သူငယ်ချင်းတွေနှင့် ပတ်သက်ပြီး အနည်းဆုံးအရာလေးကိုတောင် လျစ်လျူမရှုရဲ။ တိန့်မိုက်နှင့် ကောရှန်ကို ဆွဲခေါ်ပြီး အတော်ကြာကြာ ရှာဖွေပြီးနောက် အားကစားကွင်းနားက မညီညာသော ဘားတန်းတွေနားမှာ ဆေးလိပ်သောက်နေသည့် ကျိုးဟိုင်ထန်ကို တွေ့လိုက်ရသည်။

ကျိုးဟိုင်ထန်က မြေကြီးပေါ် ထိုင်ချပြီး ဘားတန်းတွေကို မှီနေသည်။ သူက ပုံမှန်ဆို နည်းနည်း ရိုးအအပုံ ပေါ်ပေမဲ့ အခုတော့ ပထမဆုံးအကြိမ်အဖြစ် သူ့မျက်နှာမှာ လေးနက်ပူပန်သော အမူအရာ ပေါ်နေသည်။

သူ့ဆီကို ခပ်သွက်သွက် လျှောက်လာသော လင်ကျင်းကျယ်ကို မြင်တော့ လူကြီးဆန်သည့် အပြုံးတစ်ခု ပြုံးပြပြီး ပြောလာသည်။

" ကျင်းကျယ်၊ ငါ မသွားချင်... အာ့!"

လင်ကျင်းကျယ် နားထောင်မနေတော့။ သူ့တင်ပါးကို ကန်လိုက်ရာ သူ ဟန်ချက်ပျက်သွားခဲ့သည်။ ဘယ်ကရလာမှန်းမသိသော ဆေးလိပ်ကို သူ့ပါးစပ်က ဆွဲထုတ်ယူလိုက်ပြီး သူ့ကို ရိုက်ဖို့ လက်မြှောက်လိုက်သည်။

ကျိုးဟိုင်ထန်၏ လူကြီးယောင်ဆောင်ထားသော အမူအရာက ချက်ချင်း ပျောက်ကွယ်သွားသည်။ ပြန်မတိုက်ရဲတော့ဘဲ သူ့ကျောကို ကုန်းပြီး ရှောင်ဖို့ ကြိုးစားနေရင်း အသနားခံလိုက်ရသည်။

"မင်း ဆေးလိပ်သောက်ရဲတယ်?”

လင်ကျင်းကျယ်က သူ့နောက်စေ့ကို နောက်ဆုံးအကြိမ် ရိုက်ပစ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

"ဒီအဓိပ္ပာယ်မရှိတာတွေ ရပ်တော့။ ပြန်ပြီး မင်းရဲ့ တက္ကသိုလ်လျှောက်လွှာကို သွားဖြည့်။"

ကျိုးဟိုင်ထန်က သူ၏ ခံစစ်အနေအထားအတိုင်း ရှိနေရင်း နာကျင်သောပုံနှင့် ပြောလာသည်။ "ကျင်းကျယ်၊ ငါ တကယ်ပဲ တက္ကသိုလ် မသွားချင်ဘူး။"

"အကြောင်းပြချက်ပေး။"

ကျင်းကျယ်က သူ့ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။

"ငါ့ကို ယုံအောင်ပြောနိုင်ရင် ငါ အခုချက်ချင်း ဖယ်ပေးပြီး မင်းကြိုက်တာ လုပ်ခိုင်းမယ်။"

ကျိုးဟိုင်ထန်က ခါးသီးစွာ ပြုံးလိုက်သည်။

"မနေ့က ငါ့အမေက ငါ့ကျောင်းစရိတ်နဲ့ စားစရိတ်အတွက် သူ(မ)မိသားစုဆီက ပိုက်ဆံချေးဖို့ သွားခဲ့တာ၊ ဒါပေမဲ့ လက်ဗလာနဲ့ ပြန်လာခဲ့တယ်။"

အရင်က ကျိုးဟိုင်ထန်၏မိသားစုက လိယွမ်ရေနွေးဘူးစက်ရုံမှာ မိဘနှစ်ပါးလုံး အလုပ်လုပ်နေကြတာကြောင့် သိပ်ဆိုးရွားသော အခြေအနေမှာ မရှိခဲ့ချေ။ ဝင်ငွေနှစ်ခုရှိသည့် မိသားစုအနေနှင့် ချမ်းသာတယ်လို့ ပြောလို့မရပေမဲ့ အစားအသောက်နှင့် အဝတ်အထည်အတွက်တော့ စိတ်ပူစရာ မလိုခဲ့။ သို့သော်ငြားလည်း မနှစ်က အလယ်ပိုင်းမှာ ကျိုးဟိုင်ထန်၏အမေက ရုတ်တရက် အလုပ်ဖြုတ်ခံလိုက်ရသည်။

ဝင်ငွေအရင်းအမြစ်က ချက်ချင်းဆိုသလို တစ်ဝက် ပြတ်တောက်သွားသည်။ သူတို့မိသားစု၏ မရှိမဖြစ်လိုအပ်သောအရာတွေ၊ အသက်ကြီးသည့် အဘိုးအဘွားတွေကို ထောက်ပံ့ရတာနှင့် ကျိုးဟိုင်ထန်၏ ကျောင်းစရိတ်၊ အားလုံး သူ့အဖေ၏ တစ်လ ယွမ်နှစ်ရာလစာနှင့် လုံလောက်အောင် လုပ်ရသည်။

ကျိုးဟိုင်ထန်က သက်ပြင်းချလိုက်သည်။

"ကျင်းကျယ်၊ ငါက မင်းလို မဟုတ်ဘူး။ ငါ တက္ကသိုလ်ဝင်ခွင့်ရရင်တောင် ပညာသင်ဆုရမှာ မဟုတ်တာ သေချာတယ်။ တကယ်လို့ ငါ ဝင်ခွင့်ရတယ်ဆိုရင်တောင် ယန်မြို့မှာပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ငါ မင်းနဲ့ ကောရှန်နဲ့ မခွဲချင်လို့။ ဒါပေမဲ့ ငါ ယန်မြိုကို သွားရင် ငါ့မိဘတွေက တစ်လ ယွမ်တစ်ရာ စားစရိတ်တောင် မတတ်နိုင်ကြဘူး။ နှစ်ဝက် ကျောင်းစရိတ် ယွမ်ရာနဲ့ချီတာကို အသာထားဦး။ သူတို့အနေနဲ့ ပိုက်ဆံချေးနိုင်ပေမဲ့ ဘယ်လို ပြန်ဆပ်ကြမလဲ။ ကျောင်းပြီးဖို့ အနည်းဆုံး လေးနှစ်လိုတယ်။"

မနေ့ညက သူ့အမေ၏ တိုးဖွဖွညည်းသံတွေကို သတိရလိုက်တော့ ကျိုးဟိုင်ထန်က သူ့မိဘများ၏ ဖိစီးမှုကို အနည်းငယ် သက်သာစေဖို့အတွက် အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ လင်ကျင်းကျယ်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ခိုင်မာသော ယုံကြည်မှု အပြည့်ဖြင့်။ လင်ကျင်းကျယ်က သူ့ရွေးချယ်မှုကို သေချာပေါက် နားလည်လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ ရုတ်တရက် နောက်ထပ် ကျယ်လောင်သော ရိုက်ချက်တစ်ခုက သူ့နောက်စေ့ပေါ် ကျရောက်လာသည်။

"ဘယ်လို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ!"

ဒီကောင်လေးတွေအုပ်စုက လင်ကျင်းကျယ်ကို တကယ်ပဲ စကားမဲ့အောင် လုပ်ပစ်လိုက်ချေပြီ။ သူတို့ကိုယ်သူတို့ ရင့်ကျက်ပြီ၊ လူကြီးတွေလုပ်သလို ရွေးချယ်မှုတွေ လုပ်နေပြီလို့ ထင်နေကြတာ၊ တကယ်တော့ ကလေးဆန်လွန်းနေသေးတယ်။

ကျိုးဟိုင်ထန် ခုနက လုပ်လိုက်သည့် ဆုံးဖြတ်ချက်နှင့် သူ တကယ်ပဲ သူ့မိဘတွေရဲ့ ဝန်ကို ပေါ့ပါးစေဖို့ လေးနှစ်တာ ကောလိပ်ဘဝကို ရိုးရှင်းစွာ လဲလှယ်လိုက်တယ်လို့ ထင်နေတာလား။ သူ လုံးဝ မှားနေပြီ!

သို့သော် ကလေးဆန်သော ကောင်လေးကို အကြောင်းပြချက်ပေးလို့ အသုံးမဝင်ပေ။ လင်ကျင်းကျယ်က သူ့ကော်လံကို ဆွဲပြီး ကျောင်းဘက်ကို ဆွဲခေါ်သွားသည်။

"တော်ပြီ၊ အဓိပ္ပာယ်မရှိတာတွေ ရပ်လိုက်။ မင်းကျောင်းစရိတ်နဲ့ စားစရိတ်ကို ငါ ကူညီပေးမယ်။ အခု မြန်မြန် တက္ကသိုလ်လျှောက်လွှာကို သွားဖြည့်။"

ကျိုးဟိုင်ထန်က လွတ်အောင် ရုန်းကန်သည်။

"မင်း ငါ့အတွက် ပိုက်ဆံပေးတာ မလိုချင်ဘူး။"

လင်ကျင်းကျယ်က အတော်ကြာကြာ သည်းခံနေခဲ့ပေမဲ့ နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ သူ့ကို ထပ်ကန်လိုက်သည်။

"ပါးစပ်ပိတ်ထား! အိပ်မက်မက်နေလိုက်။ ဘယ်သူက မင်းကို ပိုက်ဆံပေးမှာမို့လို့လဲ။ ငါက မင်းကို မင်းကိုယ်တိုင် ရှာဖွေနိုင်အောင် ကူညီပေးမယ်လို့ ပြောတာ။"

သူကိုယ်တိုင် ရှာဖွေရမှာလား။

ကျိုးဟိုင်ထန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ လူကြီးဘဝ စရောက်ခါစ အထက်တန်းကျောင်းသားတစ်ယောက်အနေနှင့် လေးနှစ်တာ ကောလိပ်ကျောင်းစရိတ်နှင့် စားစရိတ်အတွက် ဘယ်လိုလုပ် ရှာဖွေနိုင်မှာလဲ။ ဒါပေမဲ့ လင်ကျင်းကျယ်က အရမ်းစိတ်ဆိုးနေတာ သိသာထင်ရှားနေတော့ သူ့ကို ဆက်မနှောင့်ယှက်ရဲတော့။ သူ စိတ်ငြိမ်သွားမှ ဖြည်းဖြည်းချင်း သူ့သူငယ်ချင်းကို ယုံအောင် ပြောမယ်လို့ စဉ်းစားပြီး စာသင်ခန်းကို သေချာပြန်သွားလိုက်သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment