no

Font
Theme

"တူ... တူ..."

မျက်လုံးဆယ်စုံနီးပါးက ဝိုင်းကြည့်နေကြသောကြောင့် ထိုလူခမျာ စကားပင်ကောင်းကောင်း မပြောနိုင်ရှာတော့ပေ။ ထို့အပြင် တူကန်က စာရွက်စာတမ်းများကို ဖတ်ရန် ပြောလိုက်သည့်အခါ သူက သေလုမတတ် ကြောက်လန့်သွားခဲ့တော့သည်။

တူကန် စောင့်နေသော်လည်း ထိုလူက မလှုပ်ရှားခဲ့။ သူ၏မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူက အေးတိအေးစက်အမူအရာဖြင့် ထိုလူ့ထံ ချဉ်းကပ်သွားကာ လက်ထဲမှ စာရွက်စာတမ်းတွေကို အမြန်ယူဖတ်ကြည့်လိုက်သည်—

စွဲချက်တင်ထားသည့်စာရင်း၊ "ဝန်ခံချက်"၊ ပေကျံနေသည့် လက်ဗွေရာ...

ဒီနေရာသို့လာနေသည့်လမ်းတွင် တူကန်က သူ မလိုလားဆုံးလမ်းကို ရောက်မသွားစေရန် ဆုတောင်းနေခဲ့သည်။ အဘိုးဖန်နှင့် မကြာခင် ရောက်လာတော့မည့် ပြည်နယ်ခေါင်းဆောင်များရှေ့မှာ သူသည် အရည်အချင်းမရှိသည့်အရူးတစ်ယောက်ကဲ့သ်ို့ ဖြစ်သွားမည်ဆိုသည်မှာ သေချာသော်လည်း သူ အနည်းဆုံးတော့ မျက်နှာမပျက်ချင်ခဲ့ပေ။ သို့သော်လည်း အမှန်တရား၏ရိုက်ချက် ပြင်းလွန်းလှသည်။

"အင်း.. ဒါက တကယ်ကို လက်ရာမြောက်တဲ့ အရာပဲ၊ ထူးချွန်တဲ့ စာပေပါရမီရှင်တစ်ယောက် ရေးသားထားတာပဲ။"

သူက စာရွက်ပုံကြီးကို စားပွဲပေါ် ပစ်ချလိုက်ပြီး ပြုံးလိုက်သည်—ဒေါသအရှိန်အဟုန်ပြင်းထန်နေသည့် အမူအရာသာ အပြုံးဟုအမည်တပ်နိုင်လျှင်ပေါ့။

"မင်းနာမည် ဘယ်လိုခေါ်လဲ။"

ရိုးရှင်းသောမေးခွန်းတစ်ခု ဖြစ်သည့်တိုင် ထိုလူက ပါးစပ်ပင်မဟရဲခဲ့။ သူ၏ဗိုက်ထဲတွင်လည်း လှုပ်ရှားနေပြီး ဒူးများလည်း တုန်ယင်နေကာ မလဲအောင် ထိန်းထားရန် အားကုန်ထုတ်ကြိုးစားနေရသည်။

တိန့်မိုက်၏အဖေက သူတို့အဖွဲ့နှင့်အတူ လိုက်လာသဖြင့် ဝင်ပြောလိုက်သည်။

"သူက လက်ထောက်ကော်မရှင်နာလျိုရဲ့ယောက်ဖ ဆွန်းလိုင်ရှင်းပါ။ သူက ပုံမှန်ဆိုရင် ပိုင်မာလမ်းဘက်ကို တာဝန်ယူပါတယ်။"

တူကန်က အရေးကြီးသည့်အရာကို နားလည်လိုက်၏။ သူက ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။

"ကောင်းတယ်၊ ကောင်းတယ်။ ဒါက မြို့ထဲမှာ အစည်ကားဆုံးနေရာပဲလေ။ ပြီးတော့ 'အကျိုးအမြတ်' တွေလည်း အများကြီးရမယ်ထင်တယ်။ လက်ထောက်ကော်မရှင်နာလျိုရဲ့ယောက်ဖက တာဝန်ယူထားတာလား။ တကယ်ကိုပဲ လက်ထောက်ကော်မရှင်နာလျိုရဲ့ တာဝန်ပေးပုံပေးနည်းကတော့ ကျွန်တော် ဘာမှတောင်မပြောနိုင်ပါဘူးဗျာ။"

တူကန်က လိယွမ်မြို့တွင် ရာထူးကြီးတစ်နေရာကို ရယူထားပြီး သူ၏လက်အောက်ငယ်သားများက အမြဲတမ်းလိုလို အရာရာကို အလွန်ကောင်းမွန်သည့်ပုံစံမျိုး ချဲ့ကားပြောဆိုကြသည်။ တကယ့်အခြေအနေက အဲ့ဒီလောက်အထိကောင်းမည် မဟုတ်သည်ကို သူသိထားသော်လည်း အပေါ်ယံအလွှာကို ခွာလိုက်ချိန်မှာတော့ အတွင်းရှိအပုပ်အသိုးများက ထင်ထားသည်ထက်ပင် ပိုဆိုးရွားနေခဲ့သည်။ အဘိုးဖန်လည်း ပါဝင်ပတ်သက်နေသည့်အတွက် မကြာခင်တွင် အရာအားလုံး လူသိရှင်ကြား ဖြစ်လာလိမ့်မည်။ မကြာခင်မှာပဲ သူသည် ချွင်းနန်ပြည်နယ်တစ်ခုလုံး၏ လှောင်ပြောင်စရာ ဖြစ်လာတော့မည်ဟု သူတွေးမိနေသည်။

အပင်သည် အခေါက်မရှိလျှင် မရှင်သန်နိုင်သလို လူသည်လည်း မျက်နှာမရှိလျှင် မနေနိုင်။ တူကန်သည် သူရင်ဆိုင်ရမည့် အကျိုးဆက်များကို တွေးတောကာ သွေးပင်အန်တော့မတတ် ခံစားလိုက်ရသည်။ သူ၏ရင်ထဲမှ ဒေါသသည် စစ်ကြောရေးအခန်း၏ နံရံများကို ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ကြီးမားနေခဲ့သည်။ သူက တရားခံများကို ဒုက္ခပေးရန်လည်း စီစဉ်ထားပြီးသားဖြစ်၏။

သူကိုယ်တိုင် လင်ကျင်းကျယ်ကို ကုလားထိုင်နှင့် ချည်ထားသော သံကြိုးကို ဖြုတ်ပေးကာ ကြင်နာမှုအပြည့်ဖြင့် ပြုံး၍ပြောလိုက်သည်။

"မင်းကို ဒုက္ခပေးမိတဲ့အတွက် ငါတို့ တောင်းပန်ပါတယ် ကောင်လေး။"

ဘေးတွင် စောင့်နေသော သူ၏အတွင်းရေးမှူးက စိုစွတ်နေသည့် မျက်နှာသုတ်ပုဝါကို အသင့်ပြင်ထားပြီးဖြစ်၏။ တူကန်က လင်ကျင်းကျယ်ကို ထူပေးတော့ သူက အလျင်အမြန် ခြေလှမ်းတစ်လှမ်းတိုးကာ လူငယ်၏ ကျန်လက်မောင်းတစ်ဖက်ကိုတွဲပေးလိုက်ပြီး ပေကျံနေသည့်လက်ကို ကူညီသန့်ရှင်းပေးရန်လုပ်လိုက်သည်။

"ကျွန်တော် ကိုယ့်ဘာသာလုပ်လိုက်မယ်။"

လင်ကျင်းကျယ်သည် စိတ်တိုနေသော်လည်း မဆိုင်သူများအပေါ် ဒေါသပုံချတတ်သည့်အရွယ် မဟုတ်တော့ပေ။ သူက သူစိမ်းများနှင့် တရင်းတနှီးနေရသည်က်ိုလည်း သဘောမကျသဖြင့် မျက်နှာသုတ်ပဝါကို ယူကာပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်။"

"ဒီကိစ္စအားလုံးအတွက် ကျွန်တော် တကယ်ကိုစိတ်မကောင်းပါဘူး။ မင်းခံစားခဲ့ရတဲ့ အရာအားလုံးအတွက် ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး ပြန်လည်ပေးဆပ်သွားမယ်ဆိုတာ အာမခံရဲပါတယ်။"

တူကန်က ထိုသို့ပြောလိုက်၏။

သူက နောင်တရကာ တောင်းပန်နေသည့်ပုံပေါ်သော်လည်း ဒါက သူ့ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အဘိုးဖန်ကို ရည်ရွယ်ခြင်းသာဆိုသည်ကို လင်ကျင်းကျယ်သိထားသည်။ သူက ဒီလူကိုမသိသလို သူ၏အဖွဲ့ထဲရှိ အခြားလူများကိုလည်းမသိပေ။ သို့သော်လည်း ဆွန်းလိုင်ရှင်း၏ အပြုအမူကပဲ လုံလောက်သော သဲလွန်စတစ်ခု ဖြစ်နေခဲ့၏။

လင်ကျင်းကျယ်က လက်တွေ့ကျသူတစ်ယောက်ဖြစ်သည်။ သူက လက်ကို သုတ်လိုက်ပြီး ညစ်ပတ်သွားသည့် မျက်နှာသုတ်ပဝါကို သူအချိန်အတော်ကြာ ထိုင်ခဲ့သည့် ကုလားထိုင်ပေါ် ပစ်ချလိုက်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ၏အမူအရာမှာ တည်ငြိမ်နေပြီး ကြောက်လန့်တကြားဖြစ်နေသည့် ဆယ်ကျော်သက်တစ်ယောက်၏ပုံစံနှင့် လုံးဝမတူနေပေ။ သူက ပြောလိုက်သည်။

"ခင်ဗျား တောင်းပန်စရာ မလိုပါဘူး၊ ဒါက ခင်ဗျားအမှားမှ မဟုတ်တာ။"

တူကန်၏ရင်ထဲ ပြောမပြတတ်သည့် ကျေးဇူးတင်မှုများ ပြည့်သွားခဲ့သည်—ဒီစကားက သူ့ကို အဘိုးဖန်ရှေ့တွင် အပြစ်ကာပေးရန် ရည်ရွယ်ထားသည့်စကားဆိုသည်မှာ သေချာ၏။

ကြောက်လန့်နေသည့် ဆွန်းလိုင်ရှင်းဘက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ သူ၏ဒေါသများက ပို၍ ပြင်းထန်သွားခဲ့သည်။

ဒီကောင်တွေကြောင့်ပဲ! သူတို့ကို အရှင်လတ်လတ် အရေခွံခွာပစ်၍ မရသည်ကို သူစိတ်နာနေမိတော့သည်။

ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေသော ဆွန်းလိုင်ရှင်းက သူသည် သွားမထိသင့်သူတစ်ဦးကို စော်ကားမိသွားမှန်း ရိပ်မိသွား၏။ သို့သော် ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။ အစကတည်းက သူနှင့် သူ့ယောက်ဖသည် လင်ကျင်းကျယ်၏ အချက်အလက်များကို စစ်ဆေးခဲ့ပြီး သူက သာမန်၊ ဘာအင်အားမှမရှိသော ကလေးတစ်ဦးဖြစ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။ သူ၏မိဘများမှာ ကွာရှင်းထားပြီး သူ့ကို အမှန်တကယ် စောင့်ရှောက်ခဲ့သူကလည်း မကြာသေးမီတွင် သေဆုံးသွားပြီဖြစ်ကာ ကျန်ရှိသော ဆွေမျိုးများနှင့်လည်း ဆက်ဆံရေး မပြေလည်ခဲ့ပေ။ ဒါကြောင့် သူတို့က ယခုကဲ့သို့ ရဲရဲတင်းတင်းလုပ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခု တူကန်ကိုယ်တိုင်က သူ့ကို ကယ်တင်ရန် ရောက်လာပြီး နှိမ့်ချစွာ တောင်းပန်နေသည်! ဘာတွေ ဖြစ်နေတာလဲ?!

အချိန်အတော်ကြာသည်အထိ သူ၏ယောက်ဖက ရောက်မလာသေးပေ။ ဆွန်းလိုင်ရှင်းခမျာ နှလုံးရပ်တော့မလိုပင် ခံစားနေရ၏။ သူက ကျည်အပြည့်ထည့်ထားသော သေနတ်ပြောင်းဝနှင့် တေ့ခံထားရသလို ခံစားနေရသည်။ သူ၏မျက်နှာမှ ချွေးများတဖြည်းဖြည်း စီးကျလာပြီး မြေပြင်ပေါ်တွင် ရေအိုင်ငယ်တစ်ခုကဲ့သို့ ဖြစ်သွားသည့်တိုင် သူ မသုတ်ရဲခဲ့ပေ။ သူက ခန္ဓာကိုယ်ကိုကိုင်းထားခဲ့ပြီး သူ့ကို ဘယ်သူမှမမြင်လျှင်ကောင်းမည်ဟုပင် ဆုတောင်းမိနေသည်။

ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရ၏။ လူတစ်ဦးက တံခါးအနီးရှိ လူအုပ်ကြားမှ တွန်းထွက်လာကာ တူကန်ဘေးသို့ အလျင်အမြန်သွားပြီး နားနားကပ်ကာ တီးတိုးပြောလိုက်၏။

"ဒီလောက် မြန်တာလား!"

တူကန်က အံ့အားသင့်စွာ အော်လိုက်မိသည်။ သူက ချက်ချင်းပင် အဝတ်အစားများကို ပြင်လိုက်ပြီး တည်တည်ကြည်ကြည်ဖြင့် အပြင်သို့ ထွက်သွားတော့သည်။

ဆွန်းလိုင်ရှင်းကတော့ စုတ်ပြတ်နေသော အဝတ်စုတ်တစ်ခုကဲ့သို့ ပစ်ထားခံလိုက်ရသည်။ သူ၏စိတ်ထဲတွင် ဘာမှ ရှိမနေတော့ပေ။

သူက တူကန်အား ထိုလူတီးတိုးပြောဆိုသည့်စကားကို ကြားလိုက်ရသည်။ ထိုစကားက ဤသို့ဖြစ်သည်။

"မစ္စတာ ကျန်းချွမ်းကျစ်ရဲ့ ကား အခုလေးတင် ရောက်လာပါပြီ။"

ကျန်းချွမ်းကျစ်?!

သူ့အမေဖြစ်သူ၏ နာမည်ကို မေ့သွားလျှင်တောင် "ကျန်းချွမ်းကျစ်" ဟူသော နာမည်ကို သူဘယ်တော့မှ မမေ့နိုင်ပေ။

သူ၏ရှေ့တွင် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားပြီး သူ၏နှလုံးခုန်နှုန်းလည်း မြန်လာတော့သည်။ ခေါင်းမူးလာပြီး ရုတ်တရက် အသက်ရှူကျပ်လာသလိုပင် ခံစားလိုက်ရသည်။

လင်ကျင်းကျယ်သည် ဒုက္ခများကြားမှ ဘာမှမထိခိုက်ဘဲ လွတ်မြောက်ခဲ့သည်။ သူ၏လက်ဖဝါးတွင် ပေနေသော မင်များကို သန့်ရှင်းရေးလုပ်ရသည့် ဒုက္ခမှလွဲ၍ သူသည် ဆံပင်တစ်မျှင်မှ မဆုံးရှုံးခဲ့ရပေ။

သို့သော် အဘိုးဖန်ကတော့ ယခင်ကထက် ပို၍ဒေါသထွက်နေသည်။ လိယွမ်မြို့သို့ မသွားရောက်မီအထိ ဒီလိုငြိမ်းချမ်းသောကာလတွင် ဤသို့သော မတရားမှုမျိုးနှင့် သူကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမီမတွေးခဲ့ဖူးပေ။ သူက ဧည့်ရိပ်သာသို့ပြန်ရန်ပြောသော ကျန်းချွမ်းကျစ်၏ စကားကိုငြင်းပယ်ခဲ့ပြီး အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။ ထိုညနေတွင် အစည်းအဝေးလုပ်သည့်စားပွဲသည် လက်သီးဖြင့်စားပွဲကို ထုရိုက်သံများကြောင့် အဆက်မပြတ် တုန်ခါနေခဲ့ပြီး ခွက်ဘယ်နှခွက် ကွဲသွားသည်ကိုလည်း ဘယ်သူမှ မရေတွက်နိုင်ခဲ့ပေ။

ကျန်းချွမ်းကျစ်သည် နောက်ဆုံးအကြိမ်အဖြစ် စားပွဲကို လက်သီးဖြင့် ထုရိုက်ကာ အော်ဟစ်လိုက်သည်။

"စုံစမ်းလိုက်! ဒါကို ချက်ချင်း စုံစမ်းစစ်ဆေးရမယ်၊ ပြီးတော့ မင်းတို့ သေချာအောင် လုပ်ရင်ပိုကောင်းမယ်!!!"

ဤအစည်းအဝေးကြောင့် ချွင်းနန်ပြည်နယ်တွင် ပြောင်းလဲမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့အစည်း၏ အဖွဲ့ဝင်များကို ချက်ချင်း ဖမ်းဆီးစစ်ဆေးခဲ့သည်။ လက်ထောက်ကော်မရှင်နာလျိုနှင့် သူ၏ နောက်လိုက်များက ရာထူးများ ဆုံးရှုံးခဲ့ပြီး ဒုက္ခရောက်ခဲ့ကြကာ တိန့်မိုက်၏အဖေ တိန့်ဖုန်းရှိုးက သူတို့ကို စစ်ဆေးရန် တာဝန်ကျခဲ့သည်။

လင်ကျင်းကျယ်၏ အိမ်တံခါးကို ဖွင့်ထားပြီး ပြတိုက်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဂိုထောင်ထဲမှ ရှေးဟောင်းပစ္စည်းများကို ဂရုတစိုက် ဖယ်ရှားနေကြသည်။ အဘိုးဖန်နှင့် ကျန်းချွမ်းကျစ်တို့က အိမ်ရှေ့ဝင်း (တူကန်၏ လူများက အချိန်တိုအတွင်း ရှင်းလင်းပြင်ဆင်ပေးခဲ့သည့်နေရာ) တွင် ရပ်နေပြီး စကားပြောဆိုကာ လုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်နေကြသည်။

ကျန်းချွမ်းကျစ်က ကားပေါ်သို့တင်တော့မည့် သေတ္တာတစ်လုံးကို ဖွင့်လိုက်ပြီး အတွင်းရှိ ရှုပ်ထွေးသော ပုံစံများပါသည့် ကြေးအိုးကို ညင်သာစွာ ပွတ်သပ်လိုက်၏။

အဘိုးဖန်၏ လွှမ်းမိုးမှုကြောင့် သူသည်လည်း ရှေးဟောင်းပစ္စည်းများကို အနည်းငယ် စိတ်ဝင်စားလာပြီဖြစ်သည်။ သူက ထိုအရာများကို မစုဆောင်းသော်လည်း အနည်းငယ် ခွဲခြားနိုင်သည့် အရည်အချင်းတော့ရှိသည်။

"ရှန်မင်းဆက် နှောင်းပိုင်း၊ တန်ဖိုးရှိတဲ့ပစ္စည်းပဲ။"

သူက သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး အဘိုးဖန်ဘေးသို့ ပြန်သွားလိုက်သည်။

"ဒါက ချွင်းနန်ပြည်နယ်မှာ အကြီးမားဆုံး ရှေးဟောင်းပစ္စည်းလှူဒါန်းမှုပဲ။ လှူဒါန်းသူက အသက် ၁၈ နှစ်တောင် မပြည့်သေးဘူးလို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။"

သူ၏ စကားများမှာ မှန်ကန်သော်လည်း သူက အသေးစိတ်တော့ မပြောခဲ့ပေ—ချွင်းနန်ပြည်နယ်ကို မပြောနှင့်၊ တစ်နိုင်ငံလုံးကို ကြည့်လျှင်တောင် ဤမျှများပြားသော ရှေးဟောင်းပစ္စည်းများ လှူဒါန်းမှုသည် လက်ချိုးရေတွက်နိုင်သော အရေအတွက်သာ ရှိသည်။ အချို့လူများအတွက်တော့ ထိုကဲ့သို့သော အစားထိုးမရနိုင်သော၊ တန်ဖိုးမဖြတ်နိုင်သော၊ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ရတနာများသည် ချမ်းသာကြွယ်ဝမှု၏ သင်္ကေတများသာ။ ထိုအရာများကို ရရှိရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဝန်မလေးတတ်ကြပေ။

လူနှစ်ဦး၏ အကြည့်များသည် တံခါးကိုမှီ၍ရပ်နေကာ သေတ္တာများစွာ သယ်ဆောင်သွားသည်ကို ဘာခံစားချက်မှမရှိဘဲ ကြည့်နေသည့် လင်ကျင်းကျယ်ထံသို့ ရောက်သွားခဲ့တော့သည်။

သူတို့နှစ်ဦးစလုံးသည် လူအမျိုးမျိုး၊ အလွှာအမျိုးမျိုးမှ လူများနှင့် ဆက်ဆံခဲ့ဖူးကြသောကြောင့် လိမ္မာပါးနပ်ပြီး လူကဲခတ်တော်သူများ ဖြစ်ကြသည်။ သူတို့က လင်ကျင်းကျယ်၏ အေးစက်တည်ကြည်သော အသွင်အပြင်အောက်တွင် ဖုံးကွယ်ထားသည့် အတိတ်ကိုတမ်းတသည့်စိတ််နှင့် အနည်းငယ်တွန့်ဆုတ်နေသော အရိပ်အယောင်ကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့ကြသည်။ အဘိုးဖန်က သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီကလေးက သာမန်မဟုတ်ဘူး။ မင်း သူ့ကို ကျေးဇူးတင်ရမယ်နော်။ မရည်ရွယ်ဘဲ လုပ်ခဲ့တာဆိုပေမဲ့ သူက မင်းအတွက် ကြီးမားတဲ့အကူအညီကို ပေးခဲ့တာပဲ။”

ကျန်းချွမ်းကျစ်က ခေါင်းညိတ်၍ပြုံးလိုက်ကာ ပြောလိုက်သည်။

“ကျွန်တော် စောင့်မျှော်နေခဲ့တဲ့ အခွင့်အရေးက ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ပြည်နယ်အစိုးရအဖွဲ့ထဲက လူတစ်ယောက်ယောက်က ဒီအမှုရဲ့ နောက်ကွယ်က တရားခံဆိုတာကို ထင်တောင်မထင်ထားမိဘူး။”

အဘိုးဖန်က ခေါင်းခါလိုက်သည်။

“ငွေက လူတွေရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်တယ်။ သူက လူကြီးတစ်ယောက် ဆိုပေမဲ့ ကလေးတစ်ယောက်ကတောင် သူ့ထက် ပိုပြီး သမာသမတ်ကျသေးတယ်။”

လှူဒါန်းသည့်စာချုပ်ကို လက်မှတ်ရေးထိုးပြီး လုံခြုံရေးဝန်ထမ်းများ ဝန်းရံထားသော ကားကို ပြန်ပို့လိုက်ပြီးနောက် လင်ကျင်းကျယ် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူ၏ရင်ထဲတွင် ပေါ့ပါးသွားသလို တစ်ချိန်တည်းမှာပဲ ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားရသည်။ ကာလရှည်ကြာစွာခံစားနေခဲ့ရသည့် နှလုံးရောဂါ ပျောက်ကင်းသွားသကဲ့သို့ပင်။ သူ စိတ်သက်သာရာ ရသွားသော်လည်း ထိုသက်သာရာရခြင်းတွင်တော့ ဝမ်းနည်းမှု အနည်းငယ် ရောနှောနေခဲ့သည်။

လင်ကျင်းကျယ်က ဂိုထောင်တံခါးကို ပိတ်လိုက်သည်။ ဤဘဝတွင် သူသည် ထိုတံခါးကို ဘယ်သောအခါမှ ပြန်ဖွင့်တော့မည် မဟုတ်ပေ။

အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် သူက အဘိုး၏နာမည်ရေးထိုးထားသော ကမ္ဗည်းတိုင်လေးရှေ့တွင် ဒူးထောက်လိုက်သည်။ မွှေးကြိုင်သော အခိုးအငွေ့များက အခန်းထဲ ပြည့်နှက်နေခဲ့သည်။ မထွက်ခွာမီက အဘိုးဖန်နှင့် သူ၏နောက်လိုက်အဖြစ် ပါလာသူများသည် သူ့အဘိုးအတွက် လေးစားသမှုဖြင့် အမွှေးတိုင် ထွန်းညှိပေးခဲ့ကြသည်။

မှုန်ဝါးသော အခိုးအငွေ့များကြားတွင် သူက တိတ်တဆိတ် သုံးကြိမ် ဦးချလိုက်သည်။

အမွှေးတိုင်ကြောင့် စပ်ဖျဉ်းနေသော မျက်လုံးများမှ မျက်ရည်များ စီးကျလာသော်လည်း သူသည် မျက်လုံးများကို မမှိတ်ဘဲ အဘိုး၏ အဖြူအမည်း ဓာတ်ပုံကိုသာ စိုက်ကြည့်နေခဲ့၏။

အဘိုးကြီး၏ ရင်းနှီးကျွမ်းဝင်သော မျက်နှာသည် အရင်ကကဲ့သို့ပင် ကြင်နာသည့်ပုံပေါ်နေခဲ့သည်။ သူက လင်ကျင်းကျယ်ကို တိတ်တဆိတ် ကြည့်နေပုံရပြီး သူ၏ အပြုံးသည်လည်း အတိုင်းအဆမဲ့ သည်းခံခြင်းနှင့် နူးညံ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ကမ္ဘာပေါ်တွင် သူ ခွင့်မလွှတ်နိုင်သော အရာဟူ၍ မရှိသကဲ့သို့ပင်။

အားလုံး ပြီးဆုံးသွားခဲ့လေပြီ။

လင်ကျင်းကျယ်သည် ယခုအချိန်မှစ၍ သူ၏ဘဝမှာ လုံးဝကွဲပြားခြားနားသော လမ်းကြောင်းသို့ ရောက်ရှိသွားပြီဟု သိလိုက်သည်။

ကောရှန်နှင့် ကျိုးဟိုင်ထန်တို့က သူ့ကို အမြဲလာခေါ်သကဲ့သို့ ကျောင်းသွားရန် လာခေါ်ကြသည်။

ရှေးဟောင်းပစ္စည်းများကိစ္စကြောင့် လင်ကျင်းကျယ်အပါအဝင် အတန်း ၅ မှ ကျောင်းသားအများစုသည် နှစ်ရက်တိုင်တိုင် ပျက်ကွက်ခဲ့ကြရာ ယခုနှစ်တွင် အတော်လေး စာလုပ်ရန်အလျင်လိုနေပြိီဖြစ်သည်။ ထို့ကြောင့် လင်ကျင်းကျယ်သည် သူ၏ ဝမ်းနည်းမှုကို အလျင်အမြန် ဖြေရှင်းလိုက်ပြီး သဘောထားကိုလည်း ပြောင်းလဲလိုက်သည်။ သူ၏ လက်ရှိအသွင်အပြင်က ဘယ်လိုပဲဖြစ်နေပါစေ သူက လူကြီးတစ်ယောက်ဖြစ်ပြီး ဦးစားပေးများကို ဘယ်လိုထားရမည်ကို ယခင်တည်းကသ်ိခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် ဘယ်အရာသည် အရေးကြီးဆုံးဖြစ်သည်ကို သူသိ၏။

ရှေးဟောင်းပစ္စည်းအမှုကို တိတ်တဆိတ် ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ လောလောဆယ်တွင်တော့ လိယွမ်မြို့တွင် ထိုအကြောင်းနှင့်ပတ်သက်၍ တီးတိုးပြောသံပင် မကြားရသေးပေ။ ဟူယွိသည် လင်ကျင်းကျယ် နှစ်ရက်တိုင် ကျောင်းပျက်ရသည့် အကြောင်းရင်းကို မသိသော်လည်း ထိုကိစ္စကို အလွန်အကျွံတော့ မစုံစမ်းခဲ့ပေ—သူ(မ)၏အာရုံသည် ပို၍ပျော်ရွှင်စရာကောင်းသော ကိစ္စတစ်ခုတွင် နစ်မြုပ်နေခဲ့သည်။

ဒုတိယအကြိမ် စာမေးပွဲရလဒ်များ ထွက်ပေါ်လာပြီဖြစ်သည်။

ပြီးတော့ လင်ကျင်းကျယ်က ကျောင်းတစ်ကျောင်းလုံးတွင် ပထမရခဲ့သည်။

စာမေးပွဲအားလုံး စစ်ဆေးပြီး ရလဒ်များ ထွက်ပေါ်လာပြီးနောက် သူ(မ)အပါအဝင် ဆရာဆရာမများအားလုံးက အံ့အားသင့်သွားခဲ့ကြသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment