no

Font
Theme

အဘိုးကြီးက ကိုယ်ကိုမတ်မတ်ထားကာ တည်ကြည်သော မျက်နှာထားဖြင့် ဝင်လာသည့်လူသစ်များကို စိုက်ကြည့်လိုက်သည်။

သူ စကားမပြောသောကြောင့် ဘယ်သူကမှ စကားမဆိုရဲကြပေ။ လေထုထဲတွင် နိုက်ထရိုဂျင်အရည်များ ခဲသွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်းက တုန်လှုပ်ချောက်ချားနေကြသည်။ တူကန်၏ နှုတ်ဆက်စကားကို ဘယ်သူမှ ပြန်မဖြေသောကြောင့် တူကန်လည်း ချွေးစို့လာခဲ့သည်။ သူ မော့ကြည့်လိုက်သောအခါ အဘိုးဖန်၏ လက်ကောက်ဝတ်တွင် လက်ထိပ်များ ခတ်ထားသည်ကို သတိပြုမိလိုက်သည်။ သူက ချက်ချင်းဆိုသလို ဒူးများမခံနိုင်တော့ဘဲ ယိုင်လဲလုနီးပါး ဖြစ်သွားခဲ့တော့သည်။

လက်ထောက်ကော်မရှင်နာလျိုက တစ်ယောက်တည်း အပြစ်ခံရုံဖြင့် မလုံလောက်ခဲ့ - သူက အခြားသူအားလုံးကိုလည်း သူ့နည်းတူ ဆွဲချလိုနေ၏!

တူကန်သည် သေနတ်ကို ဆွဲယူကာ ထိုလူကို ချက်ချင်းပစ်သတ်လိုက်ချင်သည်အထိ မုန်းနေသော်လည်း မတတ်နိုင်ပေ။ သူက ပိုနိမ့်သွားအောင် ခေါင်းငုံ့လိုက်ကာ လက်ထောက်ကော်မရှင်နာလျိူ၏ ခါးပတ်မှ သော့ကိုဆွဲယူကာ အဘိုးဖန်၏ လက်ထိပ်များကို ကိုယ်တိုင် ဖွင့်ပေးလိုက်သည်။ သူက ချိုသာစွာဖြင့် ပြောလိုက်သည်။

"ဆရာကြီး၊ တခြားနေရာကို သွားကြမလား။"

အဘိုးဖန်က မျက်နှာထား တည်တည်ဖြင့်ပြောလိုက်သည်။

"မင်းကရော ငါ့ကို ဘယ်နေရာကို 'ဖိတ်ခေါ်' ဦးမလို့လဲ။"

သူ ဒေါသထွက်နေသည်! နည်းနည်းလေးတောင် မဟုတ်ဘူး!

တူကန်သည် တံတွေးမျိုချလိုက်ပြီး အတင်းပြုံးလိုက်၏။

"ကျေးဇူးပြုပြီး မနောက်ပါနဲ့ ဆရာကြီး။ ဒီမှာ လူတွေ အရမ်းများနေလို့ ကျွန်တော်က စိတ်ပူနေတာပါ - တစ်ယောက်ယောက်က မတော်တဆ ဝင်တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ။ ပြတိုက်ကိုယ်စားလှယ်အဖွဲ့ရဲ့ ကျန်တဲ့အဖွဲ့ဝင်တွေက ဧည့်ရိပ်သာမှာ ဆရာကြီးကို စောင့်နေကြပါတယ်။ သူတို့က ဆရာကြီးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြတယ်။ ဆရာကြီး ဘာမှမဖြစ်ဘူးဆိုတာ သေချာအောင် လုပ်ပြီး ပြန်ခေါ်လာဖို့ သူတို့က ကျွန်တော့်ကို တဖွဖွမှာနေကြတာ..."

"ဘာမှမဖြစ်ဘူးလား။ ဟားဟား! ငါ တကယ်ပဲ ဘာမှမဖြစ်ပါဘူး!"

အဘိုးဖန်က လက်နှစ်ဖက်ကို နောက်တွင်ယှက်ထားကာ နက်နဲသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဖြည်းညင်းစွာ ဝေ့ကြည့်လိုက်သည်။ ဤစကားသည် ချီးမွမ်းသံနှင့်တူသော်လည်း တူကန်၏ ကျောပြင်တွင်တော့ ချွေးများ စိုရွှဲနေလေသည်။

"ဒီအိမ်ပိုင်ရှင်၊ ငါတို့ ပြတိုက်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ မျိုးချစ်လူငယ်လေးကို မင်းရဲ့ အရမ်းတော်တဲ့ လက်အောက်ငယ်သားက 'စုံစမ်းစစ်ဆေးဖို့' ဆိုပြီး ခေါ်သွားတယ်။ မင်း အချိန်မီ ရောက်လာတာကိုပဲ ငါ ကျေးဇူးတင်ရမယ် - နောက်ထပ် မိနစ်အနည်းငယ်သာ ကြာသွားခဲ့ရင် ငါလည်း သူ့လိုပဲ ဖြစ်သွားမှာ သေချာတယ်!"

တူကန်သည် ခေါင်းပင်မမော့ရဲခဲ့ပေ။ သူက ထပ်ခါထပ်ခါပြောလိုက်၏။ "ကျွန်တော် ကြီးကြပ်မှု အားနည်းခဲ့ပါတယ်။"

အဘိုးဖန်သည် သူ့ကို နက်နဲစွာစိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး လူအုပ်ကြားမှဖြတ်ကာ ထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

သူက လက်ထောက်ကော်မရှင်နာလျိုက်ို မမြင်ရသည့်သူတစ်ယောက်ကဲ့သို့ လှည့်ပင်မကြည့်ဘဲ ဘေးမှဖြတ်လျှောက်သွားခဲ့သည်။ ထိုလူကို သူ၏ အာရုံစူးစိုက်မှုမှအစိတ်အပိုင်းတစ်ခုလောက်ပင် မထိုက်တန်ဟု သူယူဆထားကြောင်း ထင်ရှားသည်။

နောက်ဆုံးတွင် တင်းမာမှုပြေလျော့သွားသောအခါ ကိုယ်ရံတော်လေးဦးက အဘိုးကြီး၏ဘေးတွင် ချက်ချင်း ပေါ်လာပြီး လက်ကိုဆွဲကိုင်ကာ ကူညီရန် ကြိုးစားနေသည့် တူကန်ကို တားဆီးလိုက်သည်။ သူက ထိုသို့ ကြမ်းတမ်းစွာ ငြင်းပယ်ခံရသော်လည်း မျက်နှာတွင်တော့ မည်သည့် မကျေနပ်မှုမှရှိမနေပေ။ သူက ယဉ်ကျေးစွာ လမ်းဖယ်ပေးလိုက်ပြီး ကိုယ်ရံတော်များကရှေ့မှ သွားလိုက်ကြ၏။

ရုတ်တရက် သူ၏ လက်မောင်းကို လှမ်းဆွဲလိုက်ခံရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ လက်ထောက်ကော်မရှင်နာလျ်ို၏ သေလုမြောပါး ဖြူဖျော့နေသော မျက်နှာနှင့် ဆုံမိသွားသည်။

လက်ထောက်ကော်မရှင်နာလျို၏ မျက်လုံးများမှာ ဗလာကျင်းနေခဲ့သည်။ သူက လိယွမ်မြို့တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး တူကန်နှင့် အဆက်အသွယ် အများအပြားရှိခဲ့သည်။ တူကန်သည် အမြဲတမ်း တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိသော ခေါင်းဆောင်တစ်ဦး၏ ပုံရိပ်ကို ထိန်းသိမ်းထားခဲ့သူဖြစ်သည်။ ယခုကဲ့သို့ အလွန်အောက်ကျို့စွာ ပြုမူနေသည်ကို သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

ထိုအဘိုးကြီးက ဘယ်လောက်တောင် အရေးကြီးတာလဲ။ လက်ထောက်ကော်မရှင်နာလျိုသည် ပါးရိုက်ခံလိုက်ရသည့်အချိန်တွင်ပင် ဤသည်မှာ ရိုးရှင်းသော ကျရှုံးမှုတစ်ခု မဟုတ်ကြောင်း သဘောပေါက်ခဲ့သည် - သို့သော် ကုန်လွန်သွားသည့် စက္ကန့်တိုင်းနှင့်အမျှ သူ၏ နှလုံးသားသည် ပို၍ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့တော့သည်။ ယခု သူ၏ ရင်ထဲ တဒုန်းဒုန်း ခုန်နေပြီး သွေးပေါင်ချိန် မြင့်တက်လာကာ စိတ်ထဲမှဖြစ်ပေါ်လာသော ကြောက်ရွံ့မှုကြောင့် သူ့ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေခဲ့လေပြီ။

"အတွင်းဝန်၊ အတွင်းဝန်တူ.. ဒါက..."

သူက စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။ တူကန်၏ လက်မောင်းပေါ်ရှိ သူ၏ လက်ဖဝါးသည်လည်း စိုစွတ်နေခဲ့သည်။ သူ၏ စိတ်ထဲတွင်ရှိသည့် တစ်ခုတည်းသော အတွေးမှာ ထိုလူကို မလွှတ်ပေးနိုင်ခြင်းပင် - သူ၏ မသိစိတ်ထဲတွင် တူကန်ထွက်သွားသည်နှင့် သူ၏ဘဝ ပြီးဆုံးသွားလိမ့်မည်ဟု အော်ဟစ်နေသည်။

သူ၏ အလိုလိုသိစိတ်က မမှားပေ။ တူကန်က သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် မျက်နှာတွင်ရှိခဲ့သည့် ရိုသေလေးစားသော၊ ယဉ်ကျေးသော အပြုံးသည် မည်သည့်အခါကမှ မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ သူ၏ မျက်နှာသည် အမှောင်အတိ ဖြစ်သွားပြီး မျက်လုံးများတွင်လည်း ဒေါသမီးများ တောက်လောင်နေသည်။ သူက လက်ထောက်ကော်မရှင်နာလျိုကို ချက်ချင်းပင် လည်ပင်းညှစ်သတ်တော့မည့်ပုံပေါ်နေသည်။

"လျိုချီရှီး။"

တူကန်က လက်ထောက်ကော်မရှင်နာလျ်ို၏ အမည်အပြည့်အစုံကို ပြောချလိုက်သည်။ သူက လက်မောင်းပေါ်ရှိ လက်ကိုဆုပ်ကိုင်ကာ လက်ချောင်းများကို တစ်ချောင်းချင်း ဆွဲခွာလိုက်သည်။

သူက ဤနေရာတွင် တစ်စက္ကန့်မှ ပိုနေချင်စိတ် မရှိတော့ပေ။ သို့သော် သူ မထွက်သွားမီ လက်ထောက်ကော်မရှင်နာလျိုကို လက်ညှိုးထိုး၍ အံ့သြဖွယ် နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။

"ဒီကိစ္စ နောက်မှ ရှင်းကြမယ်၊ မင်း မမေ့နဲ့။"

အိမ်ထဲတွင်ပြည့်နှက်နေခဲ့သော လူများက ငါးသေတ္တာဘူးထဲမှ ငါးများကဲ့သို့ အပြင်ကို တိုးထွက်သွားကြသည်၊ ပုံမှန်အားဖြင့် ဒီလောက်ထိ လိုက်လျောညီထွေမနေတတ်သည့် အတန်း ၅ မှ ကျောင်းသားများလည်း ပါဝင်သည်။ ရှုပ်ပွနေသော ဧည့်ခန်းထဲတွင် ကျန်ရစ်သူများမှာ လက်ထောက်ကော်မရှင်နာလျိုနှင့် သူ၏ လူများသာ ဖြစ်လေသည်။

လက်ထောက်ကော်မရှင်နာလျိုက ဖြည်းညင်းစွာ ဦးထုပ်ကိုချွတ်လိုက်သည်။ ထို့နောက် လုံးဝ အားကုန်သွားသကဲ့သို့ ဆိုဖာပေါ်တွင် မှီထိုင်နေရင်း ကြမ်းပြင်ပေါ်သို့ လျှောကျသွားတော့သည်။

သူက ဂိုထောင်တည်နေရာကို သိပြီး ရအောင် အလွန်ကြိုးစားခဲ့ရသော ယဉ်ကျေးမှု အမွေအနှစ်များ ထိုနေရာတွင် စောင့်ဆိုင်းနေကြောင်းကိုလည်း သိသည်။ သို့သော် လုံးဝ စောင့်ရှောက်သူမဲ့နေသည့်တိုင် ထိုနေရာသို့ သူ ချဉ်းကပ်ရန်ပင် မရဲခဲ့ပေ။

သူသည် အဆုံးမရှိသော နောင်တနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်တွင် နစ်မြုပ်နေသူတစ်ဦးကဲ့သို့ ဘယ်တော့မှ အသက်မရှင်နိုင်တော့ကြောင်းကိုလည်း သိရှိနေ၏။

သူ၏ နောက်လိုက်များသည်လည်း ထိတ်လန့်တုန်လှုပ်နေကြပြီး အခြားသူများနှင့်အတူ အပြင်လည်းမထွက်ရဲသလို ဘာဖြစ်နေသည်ကိုလည်း မမေးရဲကြပေ။ သူတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်သော်လည်း အခြားသူများ၏ မျက်လုံးထဲတွင်လည်း တူညီသည့်စကားလုံးများပင် ရှိနေသည်_

ငါတို့တော့ ကိစ္စတုံးပြီ။

အပြင်ဘက်တွင် တူကန်က နောက်ဆုံးတွင်တော့ အဘိုးဖန်ထံ ချဉ်းကပ်ရန် အခွင့်အရေး ရရှိသွားပြီဖြစ်သည်။ သူက အဘိုးကြီးသည် ရှုပ်ပွနေသော ခြံရှေ့ကို မျက်မှောင်ကြုတ်၍ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်းပင်ဆိုလိုက်၏။

"ဒါက တော်တော်ဆိုးတာပဲ - မြက်ခင်းတွေလည်း ပျက်စီးကုန်ပြီ၊ ဧည့်ခန်းထဲက လက်ဖက်ရည်စားပွဲလေးတောင် ကျိုးနေတာကို ကျွန်တော် သတိထားမိတယ်။ ဒါက ကျွန်တော်တို့ရဲ့ အမှားပါ။ စိတ်ချပါ ဆရာကြီး၊ ဒါတွေကို ဂရုစိုက်ဖို့ ကျွန်တော် လူတစ်ယောက် စီစဉ်ပေးပါ့မယ်။ ဒီအဖြစ်အပျက်ကြောင့် ဆုံးရှုံးမှုတွေ အနည်းဆုံးဖြစ်အောင်လုပ်ပြီး ပိုင်ရှင်ကိုလည်း လျော်ကြေးပေးပါ့မယ်။"

အဘိုးဖန်က သူ့ကို တစ်ချက်ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာထားမှာ မည်းမှောင်နေဆဲဖြစ်သော်လည်း တူကန်ကတော့ အများကြီး သက်သာသွားသည်ဟု ခံစားလိုက်ရသည်။

အကြီးအကဲဖန်၏ ဒေါသကို ငြိမ်းသတ်ရန် နည်းလမ်းရှာတွေ့ပြီဟု သိလိုက်သောကြောင့် သူက အမှားကို အမြန်ဆုံး ပြန်လည်ပြင်ဆင်လိုသည်။ သူက နောက်မှ လိုက်လာသည့် အတွင်းရေးမှူးကို အကြည့်ဖြင့်အချက်ပြလိုက်ပြီး အဘိုးကြီးအတွက် ကားတံခါးဖွင့်ရန် အလျင်အမြန် ရှေ့သို့ တိုးသွားလိုက်သည်။

"ဆရာကြီး၊" သူ တောင်းပန်သံဖြင့် စတင်ပြောလိုက်သည်။

"ဧည့်ရိပ်သာကို သွားကြရအောင်..."

အဘိုးဖန်က ကားပေါ်သို့ တက်ကာ အေးစက်စွာပြောလိုက်၏။

"မင်းတို့မြို့ရဲ့ PSB ရုံးချုပ်ကို သွားမယ်။ မင်းတို့ 'စုံစမ်းစစ်ဆေးဖို့' ဆိုပြီး ခေါ်သွားတဲ့ လူငယ်လေးကို ငါကိုယ်တိုင် သွားခေါ်မယ်။"

တူကန်က အံ့အားသင့်သွားပြီး သူ့ကို တားမြစ်ချင်မိသည်။ အဘိုးကြီးက ကိုယ်ရံတော်တစ်ဦးအား တံခါးပိတ်ရန် လက်အမူအရာပြသော်လည်း ရုတ်တရက် ကားပြတင်းပေါက်မှန်ကို လျှော့ချကာ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ အပြင်သို့ ကြည့်လိုက်သည်။

ရှာတွေ့သောအခါ လူအုပ်ထဲကို လက်ညှိုးထိုး၍ပြောလိုက်၏။ "အသားညိုညိုနဲ့ ရဲဘော်၊ ရှေ့ကားထဲ ဝင်ပြီး လမ်းပြပေးပါ။"

ကောရှန်နှင့် အခြားကျောင်းသားများကို ငြိမ်သက်အောင် ကြိုးစားနေသော တိန့်မိုက်၏အဖေကို ခေါ်လိုက်ခြင်းဖြစ်သည်။ သူ လှည့်ကြည့်လိုက်သောအခါ ကားပြတင်းပေါက်သည် ပိတ်သွားခဲ့ပြီဖြစ်သည်။

သူက အံ့အားသင့်စွာဖြင့် ခဏတာလောက်အထိ တုံ့ပြန်ခြင်းမပြုနိုင်ခဲ့ပေ။ ကားဘေးတွင် ရပ်နေသော တူကန်က ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားပြီး တိန့်မိုက်၏ အဖေကို ကြည့်သော အကြည့်များလည်း ပို၍ဖော်ရွေလာခဲ့သည်။

"ရဲဘော် တိန့်ဖုန်းရှိုး၊ မင်း အလုပ်တစ်ခု ရထားတယ်လေ။ ဘာလို့ အဲဒီမှာ ရပ်နေသေးတာလဲ။"

သူ၏ မျက်နှာတွင် အားပေးသည့် အပြုံးတစ်ခုဖြင့် အတိတ်တွင် အစီရင်ခံစာများ မကောင်းသောကြောင့် ဂရုမစိုက်ခဲ့မိသော လက်အောက်ငယ်သားဖြစ်သူကို တူကန် လက်ယက်ခေါ်လိုက်သည်။

"လာလေ၊ ငါနဲ့အတူ တိုးဝှေ့ပြီးပဲ ဝင်ထိုင်လိုက်ပါ။"

မြို့နယ် PSB ရုံးချုပ်တွင်။

"စုံစမ်းစစ်ဆေးဖို့ ကူညီရန်" ဆိုကာရောက်လာသည့် ဒုဥက္ကဋ္ဌကျိုးသည် စစ်ကြောရေးအခန်းထဲရှိ သံပြတင်းပေါက်ငယ်မှ အတွင်းသို့ ချောင်းကြည့်ကာ အခြေအနေကို စစ်ဆေးနေသည်။ ဘာမှ တိုးတက်မှု မရှိသောကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အချိန်ကို တစ်ချက်ကြည့်ကာ စိုးရိမ်တကြီးဖြင့် သူ၏ လက်ထဲရှိ ကြွေခွက်အဖုံးကို ပွတ်သပ်နေခဲ့သည်။

မဟုတ်ဘူး၊ ဒီလို ဆက်ကြာနေလို့ မဖြစ်ဘူး၊ ဒါမှမဟုတ် ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

အခုအချိန်အထိ လင်ကျင်းကျယ်သည် သန့်စင်ခန်းသွားရန် မတောင်းဆိုသေးပေ။

သူက စားပွဲပေါ်မှ ဖုန်းရှိရာသို့သွားကာ ပြည်နယ်မြို့တော်သို့ ဖုန်းခေါ်လိုက်သည်။

ချွင်းနန်မြို့တွင်။

သူတို့၏ ဆက်ဆံရေး ပိုမိုနီးကပ်လာသောကြောင့် ချီချင်နှင့် ကျန်းချောင်ချောင်တို့က အပြင်တွင် တွေ့ဆုံမည့်အစား ဌာနမှူးဝမ်၏နေအိမ်သို့ ဖိတ်ကြားခံခဲ့ရသည်။ သူတို့က ကျေးဇူးတင်ကြောင်း ပြသရန် သေးငယ်သော လက်ဆောင်တစ်ခုကိုလည်း ယူဆောင်လာခဲ့ကြသည်။

ဌာနမှူးဝမ်က လက်ဆောင်သေတ္တာကို ဖွင့်လိုက်သောအခါ မျက်လုံးများ တောက်ပသွားသည်။ သူက လေးထောင့်ဆန်ဆန်၊ ထူထဲသော လက်ကိုင်ဖုန်းကို ထုတ်ယူကာ ဂရုတစိုက်ဖြင့် လက်ထဲတွင် လှန်လှော ကြည့်ရှုနေခဲ့သည်။ သူက အင်တင်နာကို ဆွဲထုတ်ပြီး ဖုန်းကို နားတွင် ကပ်ကြည့်ကာ ဘယ်လို ခံစားရသည်ကို စမ်းကြည့်လိုက်သည်။

သူက ဤလက်ဆောင်လေးကို အမှန်တကယ်ပင် နှစ်သက်ခဲ့သည်။

"အို မင်းက ငါ့ကို တစ်ခုခု ယူလာပေးမယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ဒါဖြစ်မယ်လို့ ဘယ်သူသိထားမှာလဲ။"

သူ၏ မျက်လုံးမှအရေးအကြောင်းများသည် အပြုံးဖြင့်ပြေလျော့သွားသော်လည်း သူက လက်မခံဘဲ ပြောလိုက်၏။

"ဒါက တန်ဖိုးကြီးလွန်းတယ်။ မင်း ပြန်ယူသွားလိုက်ပါ။"

သူတို့စုံတွဲက ပြုံးရယ်ကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်သည်။ ချီချင်က ဘာယူလာရမည်ကို စိုးရိမ်နေခဲ့သည်။ သူက ပုံမှန်အတိုင်းသာဆိုလျှင် ငွေကြေးလက်ဆောင်သာ ပေးလိမ့်မည်ဖြစ်သော်လည်း ကျန်းချောင်ချောင်က ငြီးငွေ့ဖွယ်ကောင်းလွန်းသည်ဟုဆိုကာ သူ့ကို တားခဲ့သည်။ ချီမိသားစုသည် ရက်အနည်းငယ်အကြာက ပြည်ပမှပြန်လာသော သူငယ်ချင်းတစ်ဦးထံမှ ရှားပါးသည့်လက်ဆောင်တစ်ခု ရရှိခဲ့ပြီး သူ(မ)က ထိုအရာကို အစားထိုးပေးရန်အတွက် အကြံပြုခဲ့၏။ ထိုအရာသည် ဒီလောက်ထိ ကောင်းမွန်သွားလိမ့်မည်ဟု ဘယ်သူမှမသိခဲ့ပေ။

ကျန်းချောင်ချောင်၏ အသံက နူးညံ့သော်လည်း နွေဦးလေညင်းကဲ့သ်ို့ အားပါသည်။

“အစ်ကိုကြီးဝမ်၊ ဘာလို့ ဒီလိုပြောနိုင်ရတာလဲ။ ဒီလောက်အရာလေးတွေက ကျွန်မတို့ရဲ့ ခင်မင်မှူနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး၊ ဟုတ်တယ်မဟုတ်လား။”

ဌာနမှူးဝမ်က ပြုံးပြီး လက်ကိုင်ဖုန်းကို ဘူးထဲ ပြန်ထည့်လိုက်သည်။

“ဒီမော်ဒယ်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး—ဒါကို ဝယ်ဖို့ဆိုရင် ယွမ်သောင်းဂဏန်းလောက်တော့ ကုန်ကျမှာပဲ။ ဒါက ‘သေးငယ်တဲ့အရာ’ လုံးဝ မဟုတ်ပါဘူး။”

ကျန်းချောင်ချောင်က ပြောလိုက်သည်။

“ဘယ်လောက်ပဲ ဈေးကြီးပါစေ၊ ဒါက ကိရိယာတစ်ခုပဲလေ။ သုံးဖို့အတွက် ပစ္စည်းတစ်ခုပေါ့။ ရှင်လည်း အဲ့လိုမတွေးမိဘူးလား။”

ဌာနမှူးဝမ်က ရယ်မောလိုက်ပြီး နောက်ဆုံးမှာ ဘေးတွင်ထိုင်နေသည့် သူ့ဇနီးထံသို့ ဘူးကို လှမ်းပေးလိုက်သည်။ သူ၏ သဘောထားကလည်း အရမ်းကို စိတ်အားထက်သန်လာခဲ့တော့သည်။ သူက ဇနီးဖြစ်သူကိုပင် တိုက်တွန်းလိုက်သေး၏။

“ဘာလို့ ဒီမှာ ထိုင်နေသေးတာလဲ။ မြန်မြန်သွားပြီး ညီလေးချီနဲ့ ညီမလေးကျန်းအတွက် လက်ဖက်ရည်တစ်အိုး ပြင်လိုက်လေ။ မနေ့က ငါ ယူလာတဲ့ ချင်းမင်း လောင်ဂျင်း လက်ဖက်ရည်ဘူးကို သုံးလိုက်။”

ချီချင်၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့လေပြီ—လိမ္မာပါးနပ်သည့် ဇနီးတစ်ယောက်သည် တကယ့်ကို ခင်ပွန်းအတွက် ရတနာတစ်ခုဖြစ်သည်။ အခုချိန်မှာတော့ သူက ကျန်းချောင်ချောင်ကို အလွန် လေးစားနေမိသည်။ သူ(မ)က သူ့ကို ဒီလိုမျိုး ကြီးမားပြီး လွယ်လွယ်မရနိုင်သည့် နောက်ခံအင်အားစုနှင့် ဆက်သွယ်ပေးရုံသာမက အရေးပါသည့် အချိန်အခိုက်အတန့်မှာလည်း အရေးကြီးသည့် အကြံဉာဏ်များ ပေးခဲ့သေးသည်။ ဒါကြောင့်ပဲ သူတို့က ဒီလို ထူးထူးခြားခြား ရလဒ်များ ရခဲ့ခြင်းပင်။

သူတို့သာ ဌာနမှူးဝမ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်လျှင် ထိုကာလတစ်လျှောက်လုံး ချီချင်အိမ်ခြံမြေလုပ်ငန်းအတွက် အကန့်အသတ်မရှိ အခွင့်အရေများရနေလိမ့်မည်။ ဒါက အနာဂတ်တွင် ဘယ်အချိန်အထိဆက်ဖြစ်နေမည်ဟု အတိအကျ မပြောနိုင်သော်လည်း သူတို့က နောက်လာမည့် အိမ်ခြံမြေလေလံပွဲမှာတော့ အကျိုးအမြတ်များ ရရှိရန် မျှော်လင့်နိုင်သည်။

နှစ်ဖက်စလုံးက ချိုမြိန်ပြီး နူးညံ့စစ်မှန်သည့် လောင်ဂျင်းလက်ဖက်ရည်၏ အရသာကို ခံစားရင်း စကားစမြည်ပြောနေကြသည်။ ထိုအချိန်တွင် ဒုဥက္ကဋ္ဌကျိုးက ဖုန်းခေါ်လာပြီး မအောင်မြင်ခဲ့သည့် အစီအစဉ်အကြောင်းပြောတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment