ကျန်းချောင်ချောင်က ဌာနမှူးဝမ်၏ စိတ်အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ သူ့မျက်နှာက ရုတ်တရက် မကောင်းသည့်ပုံပေါ်လာသည်ကို မြင်ရတော့ သူ(မ)က မေးလိုက်၏။
“ဘာဖြစ်တာလဲ အစ်ကိုကြီးဝမ်။"
ဌာနမှူးဝမ်က ဖုန်းကိုအုပ်ပြီး ပြောလိုက်၏။
“ရှေးဟောင်းပစ္စည်းတွေအကြောင်းပါ။ သူတို့လက်ထဲမှာ ပိုင်ရှင်ရှိနေပြီဆိုပေမဲ့ သူက လက်မှတ်ထိုးဖို့ ငြင်းနေတယ်လို့ ပြောတယ်။"
ဒုတိယစကား၏ ပထမပိုင်းတွင် ကျန်းချောင်ချောင် အနည်းငယ် မျက်ခုံးပင့်လိုက်မိသော်လည်း သူ(မ)က မူမမှန်သည့်အမူအရာကို မြန်မြန် ဖုံးကွယ်လိုက်သည်။ ဘေးတွင်ရှိသည့် ချီချင်က နှာခေါင်းရှုံ့လိုက်၏။
“ဘယ်လို တောသားလေးလဲ။ သူ့မှာ ရွေးချယ်စရာ မရှိဘူးဆိုတာ သူ မသိဘူးလား။”
“ဟုတ်တယ်။”
ကျန်းချောင်ချောင်က ခေါင်းကို အနည်းငယ် ငုံ့လိုက်၏။ သူ(မ)လည်း သူ(မ)၏ ယောက္ခမများထံမှ ထိုသို့ ခေါ်ဝေါ်ခံခဲ့ရဖူးသည်။
အောင်မြင်မှုက သူတို့ရှေ့တင်ဖြစ်ပြီး လက်လှမ်းမီလုဆဲဆဲဖြစ်နေလေပြီ။
ထိုရှေးဟောင်းပစ္စည်းများ၏ ဆွဲဆောင်မှုက အရမ်းကို ကြီးမားသည်။ ဌာနမှူးဝမ်က ခဏလောက် စဉ်းစားလိုက်သည်—သူက နယ်မြို့လေးမှ ကလေးတစ်ယောက်နှင့် ဆက်ဆံနေရခြင်းဖြစ်ပြီး ထိုကောင်လေးတွင် ကာကွယ်ပေးမည့် လူကြီးများလည်း မရှိပေ။ ကောင်လေးဖန်တီးနိုင်သည့် ပြဿနာများသည် အရေးမပါလောက်ဘူးဟု သူတွက်ဆကာ ရဲရဲတင်းတင်း အမိန့်ပေးလိုက်၏။
“ဆန္ဒအလျောက် မဟုတ်လည်း ရတယ်။ သူက လက်မှတ်ထိုးဖို့ ငြင်းရင် သူ့လက်ဗွေကို စာရွက်ပေါ်မှာသာ ရိုက်နှိပ်လိုက်။ ဖြစ်လာမဲ့ ဘယ်ပြဿနာမဆို ငါရှင်းမယ်။”
ဒုဥက္ကဋ္ဌကျိုးက စိတ်သက်သာရာရသည့်နှယ် သက်ပြင်းချလိုက်သည်။ သူက မြန်မြန် သဘောတူလိုက်ပြီး ဌာနမှူးဝမ်ကလည်း ဖုန်းချလိုက်သည်။ ဧည့်သည်များထံ ပြန်လှည့်လာချိန်တွင်တော့ သူ့မျက်နှာက ပြန်၍ပြုံးရွှင်နေခဲ့သည်။ သူက လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ကြည့်ကာပြောလိုက်သည်။
“ဒီကိစ္စက အလုပ်ဖြစ်မှာပါ။"
“ဒါဆိုရင် ကျွန်မတို့ ရှင့်ကို ကြိုတင် ဂုဏ်ပြုသင့်တာပေါ့။ ကျွန်မအဖေရဲ့ ရှေးဟောင်းပစ္စည်းတွေက သူတို့ကိုတကယ်တန်ဖိုးထားနိုင်မဲ့ သခင်တစ်ယောက် ရှာတွေ့သွားလို့ ကျွန်မ ဝမ်းသာပါတယ်။”
ကျန်းချောင်ချောင်၏ ညင်သာသည့် အပြုံးဖြင့် ဌာနမှူးဝမ်ကို ချိုသာစွာစကားပြောနေသည်မှာ အပြစ်ပြောစရာတစ်ခုမှ ရှိမနေခဲ့ပေ။ သူတို့ ပထမဆုံး တွေ့ဆုံတုန်းကလိုမဟုတ်ဘဲ ယခု သူက သူတို့ကိုချစ်ခင်စွာ ဆက်ဆံနေသည်ကို မြင်ရတော့ သူ(မ)က အခွင့်အရေးကို လက်လွှတ်မခံဘဲ ပြောလိုက်၏။
“အစ်ကိုကြီးဝမ်၊ တကယ်တော့ နောက်ထပ်ကိစ္စတစ်ခု ကျန်ပါသေးတယ်။ မြေကွက်အမှတ် ၆ ကိစ္စ…”
“အာ၊ အဲဒီကိစ္စက ဘာမှမဟုတ်ပါဘူး။”
မစ္စတာဝမ်က ပြုံးပြီးဆိုဖာပေါ်မှီချလိုက်သည်။
“မနက်ဖြန်၊ စာရွက်စာတမ်းတွေယူပြီး ကျွန်တော့်ရုံးကို လာခဲ့ပါ၊ ပြီးတော့မှ အသေးစိတ် ပြောကြတာပေါ့။ အခုတော့ ထမင်းစားပွဲကို လာကြလေ၊ မင်းတို့ အစ်မကြီးရဲ့ လက်ရာကို မြည်းစမ်းကြည့်ကြပေါ့။"
မျက်လုံးမှိတ်ကာ အနားယူနေသည့် လင်ကျင်းကျယ်က ရုတ်တရက် ခြေသံများနှင့်အတူ ဆူညံနေသည့် အငြင်းပွားသံများကို ကြားလိုက်ရသည်။ အသံနှစ်ခုစလုံးက စစ်ကြောရေးအခန်းရှိရာ ပိုမိုနီးကပ်လာခဲ့သည်။
“လက်ထောက်ကော်မရှင်နာလျိုက လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမယ်လို့ ပြောထားတယ်လို့ ငါတို့ မင်းကို ပြောပြီးပြီပဲ…”
ထို့နောက် လူအချို့ တွန်းထုတ်ခံရသည့်အသံနှင့် တံခါးကလည်း အသံကျယ်ကျယ်တစ်ခုနှင့်အတူ ပွင့်သွားခဲ့တော့သည်။ လင်ကျင်းကျယ်က မျက်လုံးဖွင့်လိုက်၏။ မျက်စိကျိန်းစေသည့် အလင်းရောင်ထဲတွင် သူက သူ၏အိမ်တွင်နောက်ဆုံးတွေ့ခဲ့ရသော “ဒုဥက္ကဋ္ဌ ကျိုး” ဆိုသူ ဝင်လာသည်ကို မြင်လိုက်ရသည်။
“လာခဲ့၊ မြန်မြန်လုပ်။”
တံခါးဝမှာ ရပ်နေသူက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
"ဒါကို မြန်မြန်အဆုံးသတ်ကြစို့။”
သူလက်မှတ်မထိုးဘဲ ငြင်းဆန်ထားသည့် စာရွက်စာတမ်းအထပ်လိုက်နှင့် မင်နီပါသည့်လက်ဗွေနှိပ်သည့်အပြားကို ကိုင်ထားသော လူနှစ်ယောက်က လင်ကျင်းကျယ်ထံ ချဉ်းကပ်လာကြသည်။ လူနှစ်ယောက်အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်က စာရွက်စာတမ်းကို စားပွဲပေါ်တွင် ဖိထားလိုက်ကာ နောက်တစ်ယောက်က လူငယ်၏လက်မောင်းကို ဆွဲကိုင်လိုက်သည်။
"ခင်ဗျားတို့ ဘာလုပ်ချင်တာလဲ!"
လင်ကျင်းကျယ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူက ခြေထောက်တစ်ဖက်ကိုမြှောက်ပြီး သူ့ကို ကိုင်ထားသည့်လူ၏ ဗိုက်ကို ကန်ပစ်လိုက်သည်။
"အ!"
ထိုလူက သူ့ကို လွှတ်ပေးလိုက်ပြီး ဗိုက်ကိုကိုင်ကာ ခန္ဓာကိုယ်ကိုင်းညွတ်သွားခဲ့သည်။ ခဏအကြာမှာတော့ သူ မတ်တတ်ရပ်လိုက်ပြီး မျက်လုံးထဲရှိ အကြည့်သည်လည်း ရက်စက်ကြမ်းကြုတ်သည့် အသွင်သို့ ပြောင်းသွားခဲ့လေသည်။
"ကောင်စုတ်လေး၊ မင်းက ဒုက္ခရှာနေတာပဲ! ခဏလေး စောင့်ဦး!"
သူက ဒေါသတကြီးပြောလိုက်ပြီးနောက် သူ့အဖော်၏ တိုက်တွန်းမှုကြောင့်သာ မချိတင်ကဲ ဒေါသကိုမျိုသိပ်လိုက်ရသည်။
သူက လင်ကျင်းကျယ်၏ လက်မောင်းကို နောက်တစ်ကြိမ် ဆွဲကိုင်လိုက်သည်၊ ဒီတစ်ခါတော့ အရင်ကထက် အများကြီး ပိုအားစိုက်ကာ ဆွဲလိုက်ခြင်းဖြစ်၏။ သူက လူငယ်၏လက်ကို မင်အပြားပေါ် ဖိကပ်လိုက်ပြီး ဖြန့်ထားသည့် စာရွက်ပေါ်မှ လက်မှတ်ထိုးရမည့်နေရာတွင် အတင်းအကျပ် ဖိနှိပ်လိုက်သည်။
သူ၏လှုပ်ရှားမှုများကို ထိန်းချုပ်ထားသဖြင့် သူ မခုခံနိုင်သော်လည်း လင်ကျင်းကျယ်ကတော့ တစ်ဖက်လူကို ဒီနည်းအတိုင်း လုပ်ခွင့်မပေးနိုင်ပေ။ ဒါကြောင့် သူ့လက်ဖဝါးနှင့် စာရွက်ကို ထိလိုက်ချိန်တွင် သူက အားနှင့် ပွတ်ဆွဲကာ လက်ဗွေရာပျက်စီးသွားအောင် လုပ်လိုက်၏။
ဒါကို သုံးလို့မရတော့ဘူး!
အကန်ခံလိုက်ရသူက တဖြည်းဖြည်း ပိုပြီး ဒေါသထွက်လာတော့သည်။ သူက စာရွက်စာတမ်းကို ကြည့်လိုက်ရာ နဖူးတွင် သွေးကြောများပင်ထောင်လာတော့သည်။
သူက လှောင်ပြုံးပြုံးနေသော လင်ကျင်းကျယ်ကို စိုက်ကြည့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"ဒီကိစ္စပြီးတော့မှ မဆင်မခြင်လုပ်တဲ့အကျိုးဆက်ကို မင်းကို ပြပေးမယ်။"
သူက စကားလုံးတိုင်းကို ဖိပြောလိုက်ခြင်းဖြစ်သည်။
ထို့နောက် အကြောင်းတစ်ခုခုကြောင့် ထူးထူးခြားခြား တိတ်ဆိတ်နေသည့် တံခါးဘက်ကို လှည့်မကြည့်ဘဲ အော်ပြောလိုက်၏။
"နောက်တစ်ရွက် ထပ်ထုတ်လိုက်! ဟင့်အင်း! ဆယ်ရွက်လောက် ထုတ်လိုက်! ငါတို့ အချိန်ယူပြီး တစ်ရွက်ချင်း သူ့ကို လက်ဗွေနှိပ်ခိုင်းမယ်။"
"ဟား ဟား။"
သူမျှော်လင့်ထားသည့် အဖြေ ပေါ်မလာခဲ့ပေ။ ထိုအစား တံခါးဘက်မှ အေးစက်ပြီး ခံစားချက်မဲ့သည့် ရယ်သံတစ်သံသာ ထွက်ပေါ်လာခဲ့သည်။
ဘယ်သူက သူ့ကို လှောင်ရယ်နေတာလဲ။ သူ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲရှိသည့် စကားများကို ပြောချင်စိတ်ဖြင့်လှည့်ကြည့်လိုက်သည်။
သို့သော် တံခါးထံသို့ လှည့်ကြည့်ရန်က လွယ်ကူသော်လည်း နောက်ပြန်လှည့်ရန်ကတော့ မဖြစ်နိုင်တော့ပေ။
ထိုလူ... မဟုတ်ဘူး၊ တံခါးအပြင်ဘက်ရှိ လူအချို့ကို သူမှားမြင်စရာအကြောင်း မရှိပေ။ ထိုလူက တစ်ခါတလေ သူ၏ယောက်ဖဖြစ်သူ ဒုဥက္ကဋ္ဌကျိုးနှင့်အတူ အစီရင်ခံစာ တင်ရန် လိုက်လာတတ်ပြီး သူတို့ထဲက တစ်ယောက်ကို မြင်ရလျှင်ပင် အတော်ကံကောင်းသည်ဟု သတ်မှတ်၍ရသည်။ အခုတော့ သူတို့အားလုံးက သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာကြလေပြီ။
"ဘာကို ပရင့်ထုတ်ချင်တာလဲ၊ ဟမ်။ ဆယ်ရွက်လောက်တောင်လား။"
သူ့ကို တစ်ခါမှ စကားမပြောခဲ့ဖူးသူက နောက်ဆုံးတော့ ပါးစပ်ဖွင့်လာခဲ့ပြီဖြစ်သော်လည်း ထိုသူ စကားမပြောခဲ့လျှင် ပိုကောင်းလိမ့်မည်။
သူတို့က ဒီကို ရောက်နေသည်မှာ အတော်ကြာပြီဖြစ်ပြီး တူကန် ဝင်ပြောချင်နေသည်မှာကြာပြီဖြစ်သည်။ အဘိုးဖန်က သူ့ကို တားထားခဲ့၍သာ သူမပြောနိုင်ခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် သူက ဒီအဖြစ်အပျက်ကို အစအဆုံး ကြည့်နေခဲ့ရသည်။ သူ၏မျက်နှာပေါ်မှ ရှုံ့မဲ့နေသည့် အမူအရာက ပိုမဆိုးနိုင်တော့သော်လည်း သူက အတင်းအကျပ် ပြုံးလိုက်သည်။ ထို့နောက် စစ်ကြောရေးအခန်းထဲရှိ ကြောက်လန့်နေသည့်ပုံစံနှင့် လူကို တစ်ချက်ကြည့်လိုက်ကာ လက်ဆန့်ထုတ်လိုက်သည်။
"ဒီစာရွက်... ကျွန်တော်လည်း တစ်ချက်လောက် ကြည့်လို့ရမလား။"
***
Aurora Novel Translation Team