no

Font
Theme

လင်ကျင်းကျယ်က ဘာသာရပ်အနည်းငယ်မှလွဲ၍ ဒုတိယအကြိမ် စာမေးပွဲတွင် အမှတ်အများဆုံးနီးပါး ရခဲ့သည်။ အထူးသဖြင့် သင်္ချာနှင့် ဓာတုဗေဒကဲ့သို့ သိပ္ပံဘာသာရပ်များတွင် ကောင်းမွန်ခဲ့သည်။ ပြုလုပ်ခဲ့သော စာမေးပွဲများသည် ကျောင်းတွင်းစာမေးပွဲဖြစ်သည့်အတွက် ဆရာများက အမှတ်ပေးခဲ့ကြသည်။ ဟူယွိက သူ၏ သင်္ချာအဖြေလွှာကို စစချင်း ကြည့်လိုက်ချိန်တွင် ထိုစာကိုရေးသည့် ကျောင်းသားသည် တော်တော်ကိုထူးချွန်သည့်သူဟု ထင်ခဲ့မိသည်။ သို့သော်လည်း လက်ရေးက သူ(မ)နှင့် ရင်းနှီးနေသည့်လက်ရေး မဟုတ်သည့်အတွက် ဘယ်သူလဲဆိုသည်ကိုတော့ မခန့်မှန်းနိုင်ခဲ့ပေ။ သူ(မ)က အတန်း ၁ မှ ကျောင်းသားတစ်ယောက်ယောက် ဖြစ်မည်ဟု ထင်ခဲ့သော်လည်း ထိုသူက လင်ကျင်းကျယ်ဖြစ်နေခဲ့၏။

လ်ိယွမ် အမှတ် (၁) အထက်တန်းကျောင်းသည် လိယွမ်မြို့တွင် အကောင်းဆုံးကျောင်းဖြစ်သည်။ လင်ကျင်းကျယ်က ကျောင်းတွင် ပထမရသည့်အတွက် မြို့နယ်တစ်ခုလုံးတွင် ပထမရသကဲ့သို့ဖြစ်သည်။

ဟူယွိက ထိုရလဒ်ကို မြင်မြင်ချင်း ခုန်ပေါက်မိမတတ် ဝမ်းသာခဲ့သည်။ ဒါက သူ(မ)၏ ဆရာဘဝတစ်လျှောက် ပထမဆုံး ကြုံတွေ့ရသည့် အဖြစ်အပျက်ဖြစ်၏။

ကျောင်းအုပ်များနှင့် တခြားဆရာများက ပို၍ပင် အံ့အားသင့်သွားကြသည်။ အတန်း ၁ မှ မဟုတ်သည့် ကျောင်းသားတစ်ယောက်က အဆင့် ၅၀ ထက် မြင့်သည်က ရှားပါးသည့်ဖြစ်ရပ်တစ်ခုပင်။ သာမန်အတန်းရှိ ကျောင်းသားတစ်ယောက်က ကံကောင်းပြီး အဆင့် ၂၀ အတွင်း ဝင်လာလျှင်တောင် သူ၏ အတန်းပိုင်ဆရာက နှစ်ပေါင်းများစွာလောက်အထိ ဂုဏ်ယူနေမည်ဖြစ်သည်။ အခုတော့ အတန်း ၅ ရှ်ိ ကျောင်းသားတစ်ယောက်က ပထမရသည်?!

သို့သော်လည်း သူတို့ သေချာစဉ်းစားကြည့်ရာ သိပ်ထူးဆန်းသည့် ကိစ္စတော့မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် လင်ကျင်းကျယ်က အရင်ကတည်းက အတန်း ၁ မှ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ သူ၏ရလဒ်များလည်း မဆိုးခဲ့—သူက ပထမအကြိမ် စာမေးပွဲတွင် ရလဒ်မကောင်းခဲ့၍သာ လီယွိရုန်က သူ့ကို အတန်းပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ သူ(မ)က သူ့ကြောင့် အတော်လေး နစ်နာခဲ့ရပြီး အခုထိလည်း သူ့နာမည်ကို ကြားသည်နှင့် အံကြိတ်နေသေးသည်။ များသောအားဖြင့် သူ(မ)က အတန်း ၅ အခန်းဘေးမှ သန့်စင်ခန်းကို သွားမည့်အစား အခြားအထပ်က သန့်စင်ခန်းကိုသာ သွားလေ့ရှိသည်။

သူ(မ) ဒီကျောင်းကို စရောက်လာကတည်းက သူ(မ)၏ နောက်ခံအင်အားကို အားကိုးကာ လူများကို အမြဲတမ်း အနိုင်ကျင့်ခဲ့သည်—ဘယ်သူမှ သူ(မ)ကို ဒီလိုမျိုး မဆန့်ကျင်ရဲခဲ့ပေ။ ကျန်သည့်ဆရာများကလည်း ထိုကိစ္စတစ်ခုလုံးကို မသိချင်ယောင်ဆောင်နေသော်လည်း တကယ်တော့ သူ(မ)နောက်ကွယ်တွင် ကြိတ်ရယ်နေကြသည်။ သူတို့က လင်ကျင်းကျယ်၏ စုစုပေါင်းရမှတ်ကို ကြားပြီး ဒုတိယရသူထက် အမှတ်တစ်ရာနီးပါး ပိုများနေသည်ကို သ်ိလိုက်ရတော့ အံ့အားသင့်စွာ အော်လိုက်ကြသည်။ ထို့နောက် လီယွိရုန်၏တုံ့ပြန်မှုကို ခိုးကြည့်လိုက်ကြ၏။

လီယွိရုန်က လင်ကျင်းကျယ်၏ အင်္ဂလိပ်စာ အဖြေလွှာကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

သူ(မ)က အင်္ဂလိပ်စာဆရာမတစ်ယောက်ဖြစ်သည်။ ၁၉၉၀ အစောပိုင်းနှစ်များတွင် အင်္ဂလိပ်စာဆရာမများ ရှားပါးကာ တန်ဖိုးထားခံရသော်လည်း တကယ်တော့ သူတို့အများစု၏ ကျွမ်းကျင်မှုက အဆင့်မမီပေ။ လီယွိရုန်၏ အင်္ဂလိပ်စာက နိုင်ငံခြားသားတစ်ယောက်နှင့် စကားပြောနိုင်သည့် အဆင့်လောက်သာရှိပြီး သူ(မ)၏ ဝေါဟာရကြွယ်ဝမှုကလည်း သိပ်မများပေ။ ဒါကြောင့် သူ(မ) စာမေးပွဲအဖြေလွှာကို စစဖတ်ချိန်တွင် အထင်ကြီးမှူများ၊ အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။ လွတ်လပ်စွာရေးသားရသည့် အပိုင်းက သူ(မ)ကို အံ့အားသင့်စေခဲ့ပြီး သူ(မ)က ထိုအက်ဆေးကိုပင် ကူးယူကာ ပိုခေတ်မီသည့်စကားလုံးများနှင့် ဝါကျအချို့ကို အဓိကထားမှတ်သားခဲ့သေးသည်။ သူ(မ)အတန်းနှင့် ဒုတိယအကြိမ် စာမေးပွဲအကြောင်း ဆွေးနွေးချိန်တွင်လည်း ထိုအရာကို ဥပမာအနေနှင့် အသုံးပြုရန် စီစဉ်ထားခဲ့သည်။

စာမေးပွဲဖြေသူသည် သူ(မ)၏ အတန်း ၁ က ကျောင်းသားတစ်ယောက်ဟုသာ မှတ်ယူထားခဲ့ခြင်းဖြစ်သည်။

စာမေးပွဲအဖြေလွှာများကို အမှတ်ပေးပြီးမှ ကျောင်းသား၏နာမည်ကို စစ်ဆေးနိုင်ခဲ့သည်။ နာမည်ကို မြင်လိုက်သည့်အခိုက်အတန့်မှာတော့ သူ(မ)၏ မျက်လုံးများကို အပ်နှင့်ထိုးလိုက်သလို ခံစားလိုက်ရသည်။

လင်ကျင်းကျယ်?! လင်ကျင်းကျယ်?!

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ(မ) သူ့ကို အတန်း ၁ မှ နှင်မထုတ်လိုက်ခင်တွင် သူက အများအားဖြင့် ဒုတိယ ဒါမှမဟုတ် တတိယ သာရလေ့ရှိသည်။ သူက သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒဘာသာရပ်များတွင် အမှတ်ကောင်းသော်လည်း လူမှုရေးဘာသာရပ်များနှင့် အထူးသဖြင့် အင်္ဂလိပ်စာတွင် အားနည်းသည်။ ဒါကြောင့် သူနှင့် ပထမရသည့် ကျောင်းသားကြားတွင် ရလဒ်ကွာဟချက် အမြဲတမ်းကြီးမားခဲ့၏။ တတိယနှစ်မှာ သူ၏အဆင့်များ ကျဆင်းလာပြီးနောက် ဒီကွာဟချက်က ပို၍များလာခဲ့သည်။ ဒီလိုမျိုးသာ ဆက်ဖြစ်နေမည်ဆိုလျှင် သူ၏ တက္ကသိုလ်ဝင်စာမေးပွဲရလဒ်ကို မှန်းကြည့်၍ရနိုင်သည်။ ထိုအချက်ကြောင့်ပဲ သူ(မ)က သူ့ကို ဖယ်ရှားလိုခြင်းဖြစ်သည်—သူ၏ ပထမအကြိမ် စာမေးပွဲရလဒ်များ သိပ်မဆိုးလျှင်တောင် သူ(မ)ကလုပ်မည်ဖြစ်သည်။

သို့သော် အခုတော့ လင်ကျင်းကျယ်၏ စွမ်းဆောင်ရည်က အကြီးအကျယ် တိုးတက်လာပြီး ပုံမှန်အားဖြင့် ပထမရနေသည့် ကျောင်းသားကို အမှတ်တစ်ရာလောက် ဖြတ်ကျော်သွားနိုင်ခဲ့သည်။

သူ(မ) အကြိမ်ကြိမ် အတည်ပြုခဲ့သော်လည်း မယုံနိုင်သေးပေ။ တခြားသူများ ခိုးကြည့်နေသည်ကိုလည်း ဂရုမစိုက်နိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး တခြားဘာသာရပ်တစ်ခုကို အမှတ်ပေးနေသည့် ဆရာစားပွဲထံ အလျင်အမြန်သွားကာ အဖြေလွှာများကို ဆွဲယူကြည့်လိုက်သည်။ ကြည့်လေလေ သူ(မ)၏ အသက်ရှူသံများ ပို၍လေးပင်လာလေလေဖြစ်သည်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ! ဘယ်လိုများ ဖြစ်နိုင်ရတာလဲ! ဟူယွိက သူ့ရလဒ်တွေကို တိုးတက်အောင် လုပ်ဖို့ အံ့ဖွယ်နည်းလမ်းတစ်ခုခုများ ရှာတွေ့ခဲ့တာလား။ သို့သော် ဘယ်လောက်ပဲ အံ့ဖွယ်နည်းလမ်းဖြစ်ပါစေ၊ ဒီလောက်တိုတောင်းသည့်အချိန်အတွင်းတွင်ကြီးမားသည့် ခြားနားမှုဖြစ်စေရန် ဆိုသည်က မဖြစ်နိုင်ပေ။

အခြားဆရာများကလည်း သူ(မ)၏ အံ့အားသင့်နေသည့် မျက်နှာကို မြင်တော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဝမ်းသာအားရသည့် အပြုံးများကို မနည်းထိန်းထားကြရသည်။ သူတို့က လီယွ်ိရုန်ရှေ့မှာတင် ဟူယွ်ိနှင့် ပျော်ရွှင်စွာ စကားပြောနေကြသည်။

"ဆရာမဟူ၊ ဂုဏ်ပြုပါတယ်။ ဆရာမတော်တော်လေး ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ!"

"ကျန်တဲ့ အတန်း ၅ က ကျောင်းသားတွေရဲ့ ရလဒ်တွေကလည်း အများကြီး တိုးတက်လာတာပဲ။ ဆရာမ ဘယ်နည်းလမ်းကို သုံးခဲ့တာလဲ။"

ဟူယွ်ိ၏ အပြုံးက သူ(မ)ရဲ့ နားရွက်အထိ ရောက်လုနီးပါးဖြစ်နေပြီး သူ(မ) အပြုံးမရပ်နိုင်ခဲ့ပေ။ သူ(မ)၏ ကျောင်းသားများ ဘယ်လောက်ထိ ရလဒ် တိုးတက်လာသည်ကို မြင်လိုက်ရချိန်ကစပြီး သူ(မ)က လေထဲတွင် လမ်းလျှောက်နေရသလို ခံစားနေရသည်။

"မဟုတ်ပါဘူး၊ ဒါက ကျွန်မရဲ့ အရည်အချင်းကြောင့် မဟုတ်ပါဘူး၊ ဒါအားလုံးက လင်ကျင်းကျယ်ကြောင့်ပါ။ သူ အတန်း ၅ ကို ပြောင်းလာပြီးတဲ့နောက် သူ့ရဲ့ သူငယ်ချင်းအသစ်တွေကို စာသင်ဖို့ အားပေးတယ်။ သူ ဘယ်လိုလုပ်လဲတော့ ကျွန်မ မသိဘူး၊ ဒါပေမဲ့ ဒီဆိုးသွမ်းတဲ့ ကလေးတွေက အားလပ်ချိန်တွေမှာတောင် စာအုပ်တွေ စဖတ်နေကြပြီ!"

တခြားသူများက ဒါကို ကြားတော့ သူတို့က အရာရာအားလုံးကို ခံစားခဲ့ရပြီးနောက် သူ(မ)အတန်းထဲတွင် ဒီလိုကောင်းမွန်သည့် မျိုးစေ့လေး ရရှိသွားသည့် ဟူယွိကို မနာလိုဖြစ်မိကြသည်။ သူတို့က လီယွိရုန်ကို ခိုးကြည့်လိုက်ရာ သူ(မ)၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင် ရုပ်ဆိုးနေသည်ကို တွေ့တော့ စိတ်ထဲမှ သရော်ကာလှောင်ပြုံးပြုံးလိုက်ကြသည်။ ဒါက လူအများပြောကြသော "ကိုယ့်ခြေထောက်ကိုယ် လှဲချတယ်" ဆိုတာ မဟုတ်ဘူးလား။

လီယွိရုန်က သူ(မ)သည် လုပ်ဖော်ကိုင်ဖက်များ၏ မျက်လုံးထဲတွင် နောက်တစ်ကြိမ် ရယ်စရာဖြစ်သွားမှန်း သိလိုက်ပြီး သူ(မ)၏ အမြဲတမ်းလိုလို ပြည့်စုံစွာမိတ်ကပ် လိမ်းခြယ်ထားသည့် မျက်နှာသည်လည်း အိုးအောက်ခြေကဲ့သို့ မည်းမှောင်သွားခဲ့သည်။ သူ(မ)၏ လက်ကို တင်းတင်းဆုပ်ထားပြီး လင်ကျင်းကျယ်ရဲ့ အဆင့်သတ်မှတ်ပြီးသား ဓာတုဗေဒစာရွက်ကို ခြေမွှမိတော့မလို ဖြစ်သွားတော့သည်။ သူ(မ)၏ ဒေါသများ တိုးလာပြီး စိတ်ထဲတွင်လည်း အမျိုးမျိုးသော ခန့်မှန်းချက်များ လည်ပတ်နေကာ သူ(မ)၏ နှလုံးသားလည်း တုန်လှုပ်စွာခုန်နေခဲ့၏။

သူ(မ)က ပြုံးနေသည့် ဟူယွ်ိကို မျက်လုံးမှေးပြီး ကြည့်လိုက်ကာ သူ(မ)၏ အရောင်ဖျော့တော့နေသည့် ယခုဆိုရင် အပြာရောင်ထက် မီးခိုးရောင်နှင့် ပိုတူနေသည့်အင်္ကျီ၊ ခေတ်နောက်ကျသော အနက်ရောင် အဝတ်ဖိနပ်နှင့် အမြဲတမ်းလိုလို ကုန်းနေသည့် ကျောပြင်ရှိသည့် သာမန် ကျေးလက်သူတစ်ယောက်ကို သေချာကြည့်လိုက်သည်။ ရုတ်တရက် သူ(မ)၏ စိတ်ထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

"ဆရာမဟူ၊ ဂုဏ်ယူပါတယ်။"

သူ(မ)က သရော်သည့်လေသံဖြင့် ပြောလိုက်၏။

"ဒါက တကယ်ကို အံ့သြစရာပဲ။ လင်ကျင်းကျယ်ရဲ့ အရင် စာမေးပွဲရလဒ်တွေက အရမ်းဆိုးခဲ့တာ၊ ဒါပေမဲ့ အတန်း ၅ ကို ရောက်ပြီးတဲ့နောက် သူ အများကြီး တိုးတက်လာတယ်။ သူတစ်ယောက်တည်းတင် မဟုတ်ဘူး—ကျန်တဲ့ အတန်း ၅ က ကျောင်းသားတွေရဲ့ ရလဒ်တွေကလည်း အံ့အားသင့်စရာကောင်းတယ် မဟုတ်လား။ ပြီးတော့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာပဲနော်။ ဆရာမဟူ၊ ရိုးရိုးသားသား ပြောပါဦး—ဆရာမက ဆရာမကျောင်းသားတွေကို စာမေးပွဲမေးခွန်းတွေကို ဘယ်လိုဖြေရမလဲဆိုတာ လေ့ကျင့်ပေးခဲ့တာလား။"

စာမေးပွဲမေးခွန်းများကို ဆရာအားလုံး စုပေါင်းပြီး ထုတ်ခဲ့ခြင်းဖြစ်၏။ စာမေးပွဲမတိုင်ခင်မှာ လီယွိရုန်က သူ(မ)၏ အတန်းကို သေချာပေါက် ပါလာမည့် မေးခွန်းတချို့ကို ပေးလေ့ရှိသဖြင့် ဟူယွိလည်း အတူတူပဲဖြစ်မည်ဟု ထင်ခဲ့မ်ိသည်။ သူ(မ)က မစဉ်းစားဘဲ ပြောလိုက်သော်လည်း နောက်တော့ သူ(မ)က အမှန်တရားကို ထိမိသွားပြီလို့ ခံစားလိုက်ရသည်။ သူ(မ)က ဟူယွိ၏ မရိုးသားသည့် နည်းလမ်းများကို တွေး၍ပြောလိုက်သည်။

"ဆရာမဟူ၊ စာမေးပွဲမတိုင်ခင်မှာ ကျွန်မတို့အားလုံး ကျောင်းသားတွေကို ဘာတွေ အာရုံစိုက်သင့်တယ်ဆိုတာ ပြောပြကြတယ်၊ ဒါပေမဲ့ ဒါက အရမ်းများမနေဘူးလား? ဒါကို လိမ်လည်မှုလို့ ခေါ်လို့ရတယ် မဟုတ်ဘူးလား။"

"ရှင် ဘာပြောလိုက်တာလဲ။"

ဘယ်လောက်ပဲ ဟူယွ်ိ၏ စိတ်ထားက ကောင်းပါစေ၊ သူ(မ)ကို ရေအေးနှင့် ပက်လိုက်ချိန်မှာတော့ မခံမရပ်နိုင်အောင် ဒေါသထွက်လာမည်ဆိုသည်မှာ သေချာသည်။ ဒါ့အပြင် လင်ကျင်းကျယ်၏ ထူးချွန်သည့် ရလဒ်များက သူ(မ)ရင်ထဲထိကို သတ္တိများ သွင်းပေးခဲ့သည်။ သူ(မ)က စားပွဲပေါ်ကို လက်ဖြင့် ဆောင့်ချလိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။

"ဆရာမလီ၊ ရှင် ရှင့်လျှာကို ထိန်းထားသင့်တယ်။ ရှင် ကျွန်မနဲ့ ကျွန်မရဲ့ ကျောင်းသားတွေကို စွပ်စွဲနေတာပဲ!"

လီယွိရုန်က သူ(မ)၏ နက်မှောင်သည့် ဆံပင်ကောက်ကောက်များကို ပခုံးပေါ် လွှဲချလိုက်ပြီး အကြည့်လွှဲလိုက်ကာ မျက်လုံးကို အပေါ်သ်ို့ ညင်သာစွာ လှန်လိုက်သည်။ သူ(မ)က ဟူယွ်ိကို မထီမဲ့မြင်အကြည့်နှင့် ကြည့်လိုက်ပြီးပြောလိုက်၏။

"ကျွန်မက ရှင့်ကို စွပ်စွဲနေတာလား။ ကျွန်မက ပြောပြရုံပါ။ ဒါပေမဲ့ ဆရာမဟူ၊ ရှင်ကတော့ နည်းနည်းလေး စိတ်လှုပ်ရှားနေသလိုပဲနော်? ဖြစ်နိုင်တာက အပြစ်ရှိတဲ့ စိတ်ကြောင့်များလား။"

သူ(မ)က စားပွဲဆီကို ပြန်သွားပြီး လင်ကျင်းကျယ်၏ အင်္ဂလိပ်စာရွက်ကို ကောက်ယူကာ စားပွဲပေါ် ပစ်ချလိုက်သည်။

"ဒါကို ကိုယ့်မျက်စိနဲ့ကိုယ် ကြည့်လိုက်ကြပါ—TEM-8 ကို အောင်မြင်ပြီးသား အင်္ဂလိပ်စာဆရာတချို့တောင် ဒီအက်ဆေးမျိုး ရေးနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ရှင်တို့ အထက်တန်းကျောင်းသားတစ်ယောက်က ဒါအားလုံးကို သူ့ဘာသာသူ ရေးခဲ့တယ်လို့ ပြောနေတာကိုယုံတာလား။ ဘယ်သူက သင်ပေးခဲ့တာလဲ။"

သူ(မ)က မျက်ခုံးတစ်ဖက်ပင့်ပြီး ဟူယွိကို စိုက်ကြည့်လိုက်သည်။

"ဖြစ်နိုင်တာက ဆရာမဟူများလား။"

ထိုသို့သော အရိပ်အမြွက်ပြောဆိုမှုများသည် ဟူယွိကို အလွန်အမင်း စိတ်ဆိုးစေကာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲလာခဲ့သည်။ သို့သော် လီယွ်ိရုန်က သူ(မ)၏ ခန့်မှန်းချက်သည် မှန်ကန်သည်ဟု လုံးဝယုံကြည်ကာ သူ(မ) အနိုင်ရပြီဟု ထင်မှတ်၍ ဆရာများနားနေခန်းမှ ထွက်သွားလေတော့၏။

ဟူယွိက ဘာမှ ထပ်မပြောတော့ပေ။ ကံကောင်းစွာဖြင့် အခြားဆရာများက ရလဒ်များ၏ စစ်မှန်မှုကို သံသယမဝင်ကြပေ။ မေးခွန်း ပေါက်ကြားတာလား။ နောက်နေတာလား။ လင်ကျင်းကျယ်၏ ရလဒ်များသည် စာမေးပွဲမေးခွန်းများကို မည်သို့ဖြေရမည်ကို လမ်းညွှန်ပေးရုံဖြင့် ရရှိနိုင်သော အမှတ်မျိုးမဟုတ်ပေ။ စာမေးပွဲခန်းထဲတွင် စာမေးပွဲဖြေနေစဉ် လက်တွဲ၍ သင်ကြားပေးလျှင်ပင် မဖြစ်နိုင်ပေ။ သူတို့၏ ဘာသာရပ်များတွင် မဖြစ်နိုင်လျှင် အခြားဘာသာရပ်များတွင်လည်းမဖြစ်နိုင်။ လီယွ်ိရုန်ပြသော အင်္ဂလိပ်အက်ဆေးကိုပင် သူတို့အများစု မဖတ်နိုင်ကြပေ—အများဆုံးအနေဖြင့် “ငါနားမလည်ပေမဲ့ တော်တော်မိုက်တယ်” ဟုသာ သူတို့ခံစားကြရသည်။

ဟူယွိတွင် အမှန်တကယ် ထိုအဆင့်အတန်းရှိပါက သူ(မ)သည် လီယွမ်အမှတ် (၁) အထက်တန်းကျောင်းတွင် စာရင်းမဝင်သော ဆရာမအဖြစ် ရှိနေခဲ့မည်မဟုတ်ပေ။

ဟူယွိက လီယွိရုန်၏ မထီမဲ့မြင်ပြုမှုနှင့် ကဲ့ရဲ့ရှုတ်ချမှုတို့ကို ယခင်ကတည်းက အသားကျနေခဲ့သည်။

သူ(မ)သည် သူ(မ)၏အတန်းမှ စာမေးပွဲအဖြေလွှာများကို စီစဉ်ပြီးနောက် လင်ကျင်းကျယ်၏ စာမေးပွဲအဖြေလွှာကိုယူကာ ကျောင်းအုပ်ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

သူ(မ)က ချွင်းနန်တက္ကသိုလ်၏ ဝင်ခွင့်အစီအစဉ်အကြောင်းကို သူ့အား ပြောပြလိုခဲ့သည်။ ချွင်းနန်တက္ကသိုလ်သည် နိုင်ငံတော်အဆင့် အဓိကတက္ကသိုလ်တစ်ခုဖြစ်ပြီး ချွင်းနန်ပြည်နယ်တွင် အကောင်းဆုံးဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း လိယွမ်မြို့မှ ဝင်ခွင့်ရသော ကျောင်းသားအရေအတွက်မှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။ ထို့ကြောင့် ဤဝင်ခွင့်အစီအစဉ်သည် တတိယနှစ်ကျောင်းသားများအကြား အပြင်းအထန် ယှဉ်ပြိုင်ရသော အရာတစ်ခုဖြစ်သည်။

ဟူယွိက သူ(မ)၏သားသည်လည်း တတိယနှစ်ကျောင်းသားတစ်ဦးဖြစ်သော်လည်း ထိုအကြောင်းကို ဘယ်သောအခါကမှ စိုးရိမ်ပူပန်ခြင်းမရှိခဲ့ပေ။ သူ(မ)က သူ၏ ပညာရေးစွမ်းဆောင်ရည်သည် ထိုသို့သော အရာများ ရလောက်အောင်အထိ မကောင်းဟု ထင်ခဲ့မိသည်။

လင်ကျင်းကျယ်မှာမူ ကွဲပြား၏—သူ၏ ဒုတိယအကြိမ် စာမေးပွဲရလဒ်များမှာ အလွန်ကောင်းမွန်သောကြောင့် သူ(မ) ငြိမ်မနေနိုင်တော့ပေ။ သူ(မ)သည် ဤကလေးရသင့်ရထိုက်သော အရာအတွက် တိုက်ပွဲဝင်တော့မည်ဖြစ်သည်။

သို့သော် ဆရာမအဖြစ် စတင်လုပ်ကိုင်ချိန်မှစ၍ ကျောင်းသားများအပေါ်သာ အမြဲအာရုံစိုက်ခဲ့သော ဟူယွိသည် ကျောင်းတွင်းရှိ “စည်းမျဉ်းများ” မည်သို့အလုပ်လုပ်သည်ကိုတော့ နားမလည်ခဲ့ပေ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment