ကျောင်းအုပ်ကြီးသည် လင်ကျင်းကျယ်၏ စာမေးပွဲအဖြေလွှာများကို ချကာ မျက်မှန်ကို ပင့်တင်လိုက်သည်။ သူက ကြင်နာစွာဖြင့်ပြောလိုက်၏။
“ဒီကျောင်းသားရဲ့ ရလဒ်တွေက တကယ်ကို ထူးချွန်ပြီး အားပေးထိုက်ပါတယ်။ အုပ်ချုပ်ရေးဌာနက လူတွေကို စည်းမျဉ်းတွေကို နည်းနည်းလောက် လျှော့ပေးပြီး ပထမတန်းစား ထောက်ပံ့ကြေး ယွမ်ငါးဆယ် ပေးနိုင်မလားဆိုတာ ကျွန်တော် လှုံ့ဆော်ကြည့်ပါ့မယ်။”
ဟူယွိက စိုးရိမ်တကြီး ရှေ့သို့ ကိုင်းလာပြီး စကားပြောချင်သော်လည်း ကျောင်းအုပ်ကြီးက လက်ကာပြကာ သူ(မ)ကို တားလိုက်သည်။ သူက သက်ပြင်းချကာပြောလိုက်၏။
“ဆရာမဟူ၊ ဝင်ခွင့်ရမဲ့သူကို အရင်ဆုံး ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ပါဘူး။ ကျောင်းမှာ စည်းမျဉ်းတွေရှိတယ်ဆိုတာ ဆရာမလည်း သိပါတယ်။”
ဟူယွိကတော့ ကျေနပ်ပုံမပေါ်ပေ။
“စည်းမျဉ်းတွေ ဟုတ်လား။ ဒုတိယအကြိမ် စာမေးပွဲမှာ ပထမရတဲ့ ကျောင်းသားကို အမြဲတမ်း ဝင်ခွင့်ပေးတာပဲ မဟုတ်ဘူးလား။ လင်ကျင်းကျယ်က ပထမရပေမဲ့ စည်းမျဉ်းနဲ့ မညီဘူးလို့ ပြောချင်တာလား။ ဒါဆို ကျောင်းက ဘယ်သူ့ကို ရွေးထားတာလဲ၊ ယွီကျီလျန်ကိုလား။”
ယွီကျီလျန်သည် အမြဲတမ်း ပထမရခဲ့သော ကျောင်းသားဖြစ်ပြီး သူ၏နေရာသည် မယိမ်းယိုင်ခဲ့ပေ။
ကျောင်းအုပ်ကြီးက ပြုံးပြီးပြောလ်ိုက်၏။
“ဘယ်သူလဲဆိုတာ သတင်းထုတ်ပြန်တဲ့အခါ ဆရာမဟူ သိလာမှာပါ။”
ဟူယွိက အံကြိတ်ကာ ဤကိစ္စကို ဆက်ပြောချင်သော်လည်း သူ(မ)နှင့်ပြောနေသူက လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းသို့ မြှောက်လိုက်ပြီဖြစ်သည်။ သူ(မ)သည် ကျောင်းအုပ်ကြီး၏ ရာထူးကို အလွန်ရိုသေသောကြောင့် စိတ်ပျက်ပြီး မလိုလားသော်လည်း ထွက်သွားရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။
တံခါးပိတ်သွားသည်နှင့် တစ်ပြိုင်နက် လီယွိရုန်က ဘေးရုံးခန်းမှ ထွက်လာပြီး မထီမဲ့မြင်စွာ မျက်လုံးများကို လှန်ကြည့်လိုက်သည်။ သူ(မ)က ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်ပြီးပြောလိုက်သည်။
“ဟိုမိန်းမကတော့ ရူးနေပြီ။”
"သူ(မ)က မင်းကို စိတ်ဆိုးအောင် လုပ်လိုက်တာလား။”
ကျောင်းအုပ်ကြီးသည် စိတ်ကြည်လင်စွာဖြင့် စားပွဲမှ ထကာ သူ(မ)ဘေးတွင် ထိုင်လိုက်သည်။ သူသည် အပြင်တွင် မည်သူရှိသည်ကို ကြည့်ရန် တံခါးကို လှမ်းကြည့်ကာ လီယွိရုန်၏ ပေါင်ကို ဆိတ်လိုက်၏။ ချစ်မြတ်နိုးသည့် လေသံဖြင့် သူက ပြောလိုက်သည်။
“သူ(မ)က နယ်က ဆရာမလေးပါကွာ၊ မင်းက ဘာကိုဂရုစိုက်နေတာလဲ။”
“ကျွန်မ သူ(မ)ကို ဂရုမစိုက်ပါဘူး၊ နောက်ဆုံးတော့ ရှင် သူ(မ)ကို ဖယ်ရှားပစ်မှာပဲလေ။ ကျွန်မက သူ(မ)ကို စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ပဲ ထင်တာ။”
လီယွ်ိရုန်က ညည်းညူလိုက်သည်။ သူ(မ)က သူ့လက်ကို တွန်းထုတ်ကာ ဆူလိုက်၏။
“ရှင် ရူးနေတာလား။ သူများတွေ မြင်သွားလိမ့်မယ်။”
ကျောင်းအုပ်ကြီးသည် သူ(မ)ပြောသည့်အတိုင်း ကိုယ်ကိုမတ်မတ်ထိုင်လိုက်သောအခါ သူ(မ)က ကျေနပ်စွာ ပြုံးလိုက်သည်။
“ဝင်ခွင့်ကိစ္စကို ဖြေရှင်းပြီးပြီလား။ ကျန်းရန်ရဲ့မိသားစုက ငွေလွှဲပြီးပြီနော်၊ အခုမှ လျှော့မတွက်နဲ့။”
"လျှောက်လွှာကို တင်ပြီးပြီမို့ စိတ်မပူပါနဲ့။"
ကျောင်းအုပ်ကြီးက သူ(မ)အား အာမခံလိုက်သည်။
"သူ့မိသားစုမှာ အဆက်အသွယ်ကောင်းတွေရှိတယ်—အရင်တုန်းက ပြည်နယ်အစိုးရကတောင် သူ့အတွက် စကားပြောပေးဖို့ ဖုန်းဆက်ခဲ့သေးတယ်။ ငါက လျှော့တွက်မယ်လို့ ထင်နေတာလား။"
လီယွိရုန် ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ(မ)က တစ်ခုခုကို တွေးမိသွားပြီး နှုတ်ခမ်းစူကာ အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
“အော်၊ ပြီးတော့ လင်ကျင်းကျယ်ကို အတန်း ၁ ကို ပြန်ပြောင်းပေးပါ။ အရမ်းစိတ်တိုတာပဲ။ ဒုတိယအကြိမ် စာမေးပွဲမှာ သူ ဒီလောက်ရမှတ်ကောင်းမယ်လို့ သိခဲ့ရင် သူ့ကို ဖယ်ရှားဖို့ ဒီလောက်တောင် အပင်ပန်းခံမှာ မဟုတ်ဘူး။”
"ကောင်းပြီလေ၊ ငါ နည်းလမ်းတစ်ခု စဉ်းစားကြည့်မယ်။"
ကျောင်းအုပ်ကြီးသည် လီယွိရုန်အား အလွန်အောက်ကျို့စွာ ဆက်ဆံသည်။ သူက နောက်ထပ် တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း ထိုအချိန်တွင် စားပွဲပေါ်ရှိ ဖုန်းမြည်လာသည်။
သူ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ထိုအခါ လီယွိရုန်က သူ၏မျက်နှာသည် အလွန်လေးနက်သည့်အမူအရာ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။
“ဟုတ်ကဲ့! ဟုတ်ကဲ့! နားလည်ပါပြီ!”
သူ၏ ပြောင်လက်နေသော ဦးခေါင်းသည် ရိုရိုသေသေဖြင့် ခေါင်းညိတ်နေသောကြောင့် အရိပ်ထင်သွားမတတ်ပင်။
“ဒါက ကြီးမားတဲ့ ဂုဏ်ယူစရာတစ်ခုပါပဲ! စိတ်ချပါ၊ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်!”
လီယွိရုန်က သူ့ကို နားမလည်နိုင်စွာ ကြည့်နေခဲ့သည်။ သူက ဖုန်းကို ပြန်ချပြီး နဖူးမှ ချွေးများကို သုတ်လိုက်ကာ မျက်နှာတွင်လည်း ဘာခံစားချက်မှ မရှိနေခဲ့ပေ။ ခဏအကြာတွင် သူ၏ မျက်နှာ၌ အလွန်ဝမ်းသာသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“အတန်းထဲ ပြန်သွားပြီး အဆင်သင့် ပြင်ဆင်ထား! မြန်မြန်လုပ်!”
ကျောင်းအုပ်ကြီးသည် အလွန်ပျော်ရွှင်နေသဖြင့် အသံပင် တုန်နေ၏။ သူက သူ(မ)ကို အလျင်အမြန် လှုံ့ဆော်ရင်း သူ၏ တုတ်တုတ်ခိုင်ခိုင် လက်များကို တုန်ယင်စွာ ဝှေ့ယမ်းနေမိသည်။
“ခုနလေးတင် မြို့နယ်က ဖုန်းဆက်လာတယ်—ခေါင်းဆောင်ပိုင်းက ရုတ်တရက် ငါတို့ကျောင်းကို လာရောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်တဲ့! မြန်မြန် ပိုပြီးတရားဝင်ပုံစံကျတဲ့ အဝတ်အစားတစ်ခုခု လဲဝတ်လိုက်။ ငါ မင်းကို သူတို့နဲ့ တွေ့ဆုံဖို့ ခေါ်သွားပေးမယ်။"
လီယွိရုန်၏မျက်လုံးများ ပြူးသွားခဲ့သည်။ စိတ်လှုပ်ရှားစွာဖြင့် သူ(မ)က မတ်တတ်ရပ်လိုက်ပြီး သူ့ကို ဖက်ကာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်၊ ရှင်က တကယ်ကို အံ့သြစရာကောင်းတာပဲ!”
သူ(မ)က သာမန် ဆရာမတစ်ဦးသာ ဖြစ်သည်။ မြို့နယ်အစိုးရမှ တစ်စုံတစ်ဦး၏ မျက်စိကျခံရပါက သူ(မ)၏ အနာဂတ်သည် ပိုမို တောက်ပလာလိမ့်မည်။
မထွက်ခွာမီ သူ(မ)က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ ထူးဆန်းတယ်—ခေါင်းဆောင်ပိုင်းက ဘာကြောင့် ရုတ်တရက်ကြီး ကျွန်မတို့ကျောင်းကို လာလည်ရတာလဲ။ တစ်ခုခု ဖြစ်ခဲ့လို့လား။”
ကျောင်းအုပ်ကြီးလည်း တွေးမရဖြစ်နေသည်။ သို့သော် သူက အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်တောင် အကြောင်းရင်းကို ရှာမတွေ့သောကြောင့် လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်သည်။
“ဘယ်သိမလဲ။ အဲ့ဒါက အရေးကြီးလို့လား။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ကိစ္စပဲ။ အခု သွားပြီး ပြင်ဆင်တော့။”
***
Aurora Novel Translation Team