no

Font
Theme

အပိုင်း (၉)

ကျင်းနျဉ်က အေးအေးဆေးဆေးနေတတ်သည်သူသာ ဖြစ်သော်လည်း၊ ယခုတော့ ပါးနပ်လိမ္မာစွာဖြင့် အကြံပေးလာသည်ကို မြင်သောအခါ သခင်မချန်လည်း သဘောတကျပြုံး၍ လက်ခံလိုက်သည်။

“တတိယသခင်မလေးတဲ့။ ဒါဆို ကျွန်မက တတိယသခင်မလေးအတွက် ချုပ်ပေးလိုက်မယ်နော်။”

ကျင်းနျဉ်က တတိယသခင်မလေးကို ချုပ်ပေးရန်အတွက် မဲပေါက်သည်။

ကျင်းနျဉ်၏အလှည့် ပြီးသောအခါ၊ ချင်းရွှမ်အားက အကြီးဆုံးသခင်မလေး၊ ဖန်းရှောင်လန်က ဒုတိယသခင်မလေးနှင့် ကျန်းရှန်ကျယ်က စတုတ္ထသခင်မလေး စသည်ဖြင့် အသီးသီး မဲပေါက်ကြလေသည်။ ချင်းရွှမ်အားနှင့် ဖန်းရှောင်လန်တို့နှစ်ယောက်ကတော့ မဖုံးနိုင်မဖိနိုင်ကို ပျော်ရွှင်နေကြလေ၏။ ထိုအခါ ကျန်းရှန်ကျယ်က ကျင်းနျဉ်အနားသို့ ကပ်၍ တိုးဖွဖွ ပြောလိုက်သည်။

“နင်တော့ တကယ့်အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရတာပဲ။ အကယ်၍ ငါတို့သာ မဲမနှိုက်ခဲ့ရဘူးဆိုရင်၊ နင်က အကြီးဆုံးသခင်မလေးအတွက် ချုပ်ပေးရမှာ။”

“အာ၊ အဲလိုလည်း မဟုတ်ပါဘူး။”

ကျင်းနျဉ်က ရယ်ရယ်မောမောသာ ပြောလိုက်၏။

ကျင်းနျဉ်၏ ဝတ်စုံများကို ချုပ်လုပ်ပုံက တခြားသူများနှင့် မတူပေ။ သူ(မ)က အရင်ဦးဆုံး အထည်စ၏အရောင်ကို ကြည့်သည်။ ထို့နောက် ထိုးရမည့် ချည်ပန်းထိုးပုံစံကို ဆွေးနွေးပြီးသောအခါမှ ချုပ်ပေးရမည့်လူ၏ ခန္ဓာကိုယ်သွင်ပြင်ပေါ် မူတည်ကာ ဝတ်စုံ၏ပုံစံကို စာရွက်ပေါ်တွင် အရင်အကြမ်းချဆွဲပြသည်။ ဤသို့ဆွဲပြပြီး၍ ကာယကံရှင်က သဘောကျပါပြီဆိုမှသာ သူ(မ)၏ ဝတ်စုံချုပ်ခြင်းလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်လေ့ရှိပေ၏။

သူ(မ) အပ်ချုပ်ပညာကို သင်ကြားရခြင်း၏ အဓိက အကြောင်းအရင်မှာ သူ(မ)က ယခင်ဘဝတုန်းက အဝတ်အထည်များ ဝတ်ပေးရသည့်ဂိမ်းများကို သဘောကျခဲ့၍ပင်။ ထိုစဉ်ကဆိုလျှင် ငွေကို ရက်ရက်ရောရောသုံး၍ ဆော့ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ စိတ်ဝင်တစားရှိခြင်းကသာလျှင် အကောင်းဆုံးသောဆရာတစ်ဆူ မဟုတ်ပေလားလေ။

ကျင်းနျဉ်သည် ထိုအကြောင်းကို တွေးနေရင်းမှ ကိုယ်တိုင်းတိုင်းသည့် ပေကြိုး၊ စာရွက်များနှင့် မီးသွေးခဲတို့ကိုယူကာ ထွက်လာခဲ့လိုက်တော့၏။

သူ(မ) ဟိုဟိုဒီဒီ မေးမြန်းပြီးသောအခါ၊ တတိယသခင်မလေးက အနောက်ဘက်အဆောင်၏ တတိယမြောက်အခန်းတွင် နေကြောင်း သိလိုက်ရလေပြီ။ သူ(မ)လည်း လိုက်ကာစကို ဖယ်၍ ဝင်လိုက်ရာ အတွင်းဘက်တံခါးဝနားတွင် ကိုးနှစ်အရွယ် အစေခံမလေးတစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကျင်းနျဉ်လည်း သူ(မ)လာရသည့်အကြောင်းအရင်းကို အလျင်အမြန် ရှင်းပြလိုက်၏။

“ကျွန်မက အပ်ချုပ်ခန်းက ကျင်းနျဉ်ပါ။ သခင်မကြီးက သခင်မလေးအတွက် ဝတ်စုံချုပ်ပေးဖို့အတွက် ကျွန်မကို လွှတ်လိုက်တာပါ။”

အစေခံကလေးမလေးသည် ကျင်းနျဉ်က အပ်ချုပ်ခန်းမှဖြစ်ကြောင်း ကြားလိုက်သည်နှင့် ပျော်ရွှင်စွာ ပြောလေ၏။

“အိုး၊ အပ်ချုပ်ခန်းက မမလား! ကျွန်မ မမရောက်နေပြီဆိုတာကို သခင်မလေးကို သွားပြောလိုက်ပါမယ်။”

ကျင်းနျဉ်လည်း အပြင်ဘက်တွင်သာ ရပ်နေခဲ့ပြီး မကြာမီပင် အခန်းထဲမှ ကြည်ရှင်းနေသော အသံတစ်သံကို ကြားလိုက်ရသည်။

“သူ(မ)ကို ဝင်ခိုင်းလိုက်ပါ။”

အစေခံကလေးမလေး ပြန်ထွက်လာပြီး ကျင်းနျဉ်ကို အထဲသို့ဝင်ပါရန် ဖိတ်ခေါ်လာသည်။ ကျင်းနျဉ်လည်း ရှေ့တည့်တည့်သို့သာ ကြည့်ရင်း အခန်းထဲသို့ ဝင်သွားလိုက်၏။ တတိယသခင်မလေး၏ အခန်းက သခင်မကျန်း၏အခန်းလောက် ခမ်းနားမနေပေ။ အတွင်းဘက်နံရံ၏နံဘေးတွင် မဟော်ဂနီရောင် ခုတင်တစ်လုံးရှိပြီး ဘေးတွင်မူ စာအုပ်များတင်ထားသည့် စားပွဲခုံပုလေးတစ်လုံး ရှိသည်။ ခုတင်၏အရှေ့တွင်တော့ ခုံတန်းရှည်ကြီးတစ်ခုံ ရှိပြီး ထိုခုံတန်းရှည်ကြီး၏ ဘယ်ဘက်ခြမ်းတွင် စိန်ကွက်ပုံ ကြေးမုံမှန်တစ်ခု ရှိ၏။

ခုံတန်းရှည်၏ ကျန်တစ်ဖက်တွင်မူ ပန်းနုရောင်ဝတ်စုံ ဝတ်ထားသည့် မိန်းမငယ်လေးတစ်ဦး စုတ်တံကို ကိုင်ထားကာ လက်ရေးလှလေ့ကျင့်နေလေကာ အတော်လေး အာရုံစိုက်နေဟန်ရသည်။ ကျင်းနျဉ်လည်း သူ(မ)ကို မနှောင့်ယှက်ဝံ့သဖြင့် ငြိမ်သက်စွာ ရပ်လျက် စောင့်နေခဲ့၏။

ထိုစဉ် ရုတ်ခြည်းဆိုသလို ထိုမိန်းကလေးက မော့ကြည့်လာခဲ့သည်။ ကျင်းနျဉ် အခိုက်အတန့်တစ်ခုလောက် မှင်တက်သွားမိ၏။ ထိုမိန်းကလေးတွင် နက်မှောင်သောဆံကေသာ၊ ကြော့ရှင်းသောနဖူးပြင်တို့ ရှိပြီး တည်ငြိမ်အေးချမ်းလှသော အလှတရားလေးပင်။ ကျင်းနျဉ်ကို တွေ့သောအခါ ထိုမိန်းကလေးက ဖွဖွပြုံးလျက်

“ရှင်က အပ်ချုပ်ခန်းက ကျင်းနျဉ်ဆိုတာလား။”

“ဟုတ်ပါတယ် သခင်မလေး။ ကျွန်မက သခင်မလေးကို ကိုယ်တိုင်းအရင်တိုင်းလိုက်မယ်လို့ စဉ်းစားမိလို့ပါ။ ကိုယ်တိုင်း တိုင်းပြီးတဲ့အခါမှပဲ သခင်မလေးက ဘယ်လိုဝတ်စုံပုံစံမျိုးကို သဘောကျလဲဆိုတာကို ကြည့်ပြီး ကျွန်မက ဝတ်စုံတွေ စချုပ်မှာပါ။”

ကျင်းနျဉ် ပြန်ဖြေလိုက်သည်။

တတိယသခင်မလေးက လိုလိုလားလားဖြင့်ပင် ပူးပေါင်းပါဝင်ပေးပြီး ကိုယ်တိုင်းတိုင်းရန်အတွက် လက်ကိုဘေးသို့ဆန့်ကာ မတ်တတ်ရပ်ပေးလေသည်။ ကျင်းနျဉ်လည်း အလျင်အမြန် ကိုယ်တိုင်း တိုင်းလိုက်ပြီးနောက်၊ အတိုင်းအတာများကို စာရွက်ပေါ်တွင် ချရေးလိုက်သည်။ ထို့နောက် သူ(မ) မေးလိုက်၏။

“သခင်မလေးက ဘယ်လိုပန်းမျိုးကို သဘောကျလဲ။”

“ဘာပန်းလဲဆိုတော့၊ ဆောင်းရာသီအတွက်မို့ ဆီးပန်းပွင့်ပဲပေါ့လေ။”

တတိယသခင်မလေးက ခေါင်းလေးစောင်းကာ ပြောသည်။

တတိယသခင်မလေးကို ခစားနေသည့် အစေခံ သုံးယောက်ရှိ၏။ အတွင်းခန်းထဲမှ အစေခံကြီးများဖြစ်သည့် ချင်းရွယ်နှင့် တန့်ရုန်တို့က ကိုယ်စီ အလုပ်များနေကြလေရာ၊ အပြင်ဘက်တွင် တံခါးစောင့်သည့် ရင်းကျူဆိုသည့် အစေခံမလေးသာ ရှိသည်။ ကျင်းနျဉ်သည် အရင်ကတော့ ထိုသခင်မလေးတွေက ဘာလို့များ အစေခံတွေအများကြီး လိုအပ်တာလဲဟု တွေးမိသော်လည်း ယခုတော့ သူ(မ) နားလည်သွားခဲ့လေပြီ။ ယင်းမှာ ရှေးခေတ်၏ ကုန်ထုတ်စွမ်းအား နိမ့်ကျမှုကြောင့်ပင် ဖြစ်ပေ၏။ အစေခံများသည် သခင်မလေးမနိုးခင်ထဲကပင် အခန်း၏ အတွင်းအပြင်ကို သန့်ရှင်းထားရပြီး စားဖိုဆောင်မှ မနက်စာ ယူထားပေးရသည်။ ထို့နောက် သူ(မ) နိုးလာသောအချိန်တွင်မူ ဆေးကြောသန့်စင်သည်ကို ကူညီပေး၊ အဝတ်အစားကူဝတ်ပေး၊ ဆံပင်ဖီးပေးတို့ လုပ်ပေးရ၏။ ဤသို့ဖြင့် သူ(မ) မနက်စာစားသည်ကို အဖော်ပြုပေးပြီးသောအခါတွင်လည်း လက်ဖက်ရည်ကမ်းပေးရ၊ တခြားဝေယျာဝစ္စတို့ လုပ်ပေးရသည့်အပြင် အတွင်းဝတ်များ၊ ခြေအိတ်များနှင့် ဖိနပ်များကိုလည်း ကိုယ်တိုင် ချုပ်ပေးကြရပြန်သည်။

နေသာသောနေ့များတွင် အိပ်ရာခင်း၊ စောင်နှင့် ခေါင်းအုံစွပ်များကို လျှော်ဖွပ်နေလှန်းပေးရသည်ကလည်း အလုပ်ကြီးတစ်ခုသဖွယ်။

ကျင်းနျဉ်က ပြုံးလိုက်ကာ

“ဆီးပန်းပွင့်တွေက တကယ်ကို လှပါတယ်။ ဒါပေမဲ့ လက်ဖက်ပန်း၊ ပျားရည်စုပ်ပန်း၊ ပျိုနီပန်းနဲ့ ပန်းခက်ပန်းနွယ်တွေကလည်း မင်္ဂလာအပေါင်းနဲ့ခညောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးကို ဆောင်ပါတယ်။”

ကျင်းနျဉ်၏စကားကို ကြားပြီးသောအခါ တတိယသခင်မလေးက ဇဝေဇဝါဖြစ်သွားဟန် တူသည်။ ကျင်းနျဉ်လည်း အကြံပေးလိုက်၏။

“ကျွန်မ ပုံကြမ်းဆွဲ အရောင်ခြယ်ပြီးမှ သခင်မလေးကို လာပြလိုက်မယ်လေ။ သခင်မလေး သဘောကျပြီဆိုမှ ကျွန်မ ချုပ်လိုက်မယ်။”

ဤအလုပ်မျိုးတွင်က ကာယကံရှင်စိတ်တိုင်းကျ လိုက်ပြင်ပေးနေလျှင် နောက်ဆုံး အထည်လက်ရာပျက်သွားတတ်ကြောင်းကို ကျင်းနျဉ် သိသည်။ သို့ဖြစ်ရာ အရင်ဦးဆုံး စာရွက်ပေါ်တွင် အကြမ်းချဆွဲပြပြီး သဘောကျပြီဆိုပါမှ ချုပ်လိုက်သည်က ပိုကောင်းပေလိမ့်မည်။

သို့နှင့် ပြန်ရောက်သောအချိန်တွင် ကျင်းနျဉ်သည် သူ(မ)ကို ပေးထားသည့် ချည်စနှင့် အထည်စများကို ယူလိုက်ပြီး အရောင်ချိန်ညှိကြည့်ရန် ပြင်ဆင်တော့သည်။

ပိတ်စများထဲတွင် အနီရောင်ပေါ်တွင် ရတနာစီခြယ်ထားသယောင် အဆင်နှင့် ပိုးဖဲစတစ်စ ပါသည်။ ယင်းပိတ်စက ပိုးဖဲဝတ်စုံအတွက် သင့်တော်လှပြီး အနားတွင် အတွန့်အတက်လေးများပါသည့် ပန်းနုရောင်စကတ်လေးနှင့် တွဲဖက်ဝတ်ဆင်၍ အဆင်ပြေလိမ့်မည်။ စိမ်းပြာနုရောင်ဖဲသားစကိုမူ ခါးတိုအင်္ကျီလေးချုပ်ပြီး အဝါနုရောင်စကတ်လေးနှင့် တွဲဖက်ပေးရမည်။ အင်္ကျီ၏အရှေ့ဘက်နား၊ ကော်လာနှင့် အဝါရောင်စကတ်တို့တွင် ပန်းခက်ပန်းနွယ်ပုံလေး ချည်ပန်းထိုးပေးလို့လည်း ရဦးမည်ပင်။ ခရမ်းရောင် ဖဲစမှာမူ ခရမ်းနုရောင်ဘက်သွားသည်ဖြစ်၍ သူ့ကိုလည်း အဝါနုလေးနှင့်တွဲစပ်၍ ချုပ်လို့ရပေသည်။ ယင်းကို ရှေ့ခွဲဝတ်ရုံရှည်လည်း ချုပ်လို့ရသလို ပုလဲဖြူရောင်အနားတွန့်စကပ်လေးနှင့်လည်း တွဲပေး၍ ရလိမ့်မည်။ နောက်ဆုံးပိတ်စဖြစ်သည့် ကြာရိုးရောင်ပိတ်စကိုတော့ လိပ်ပြာပုံလေးများ ချည်ပန်းထိုးလိုက်ပြီး ဖဲသားစကပ်ဝဲဝဲလေးနှင့် တွဲပေးရမည်။

ကျင်းနျဉ်သည် ဝတ်စုံပုံစံများသာ စဉ်းစားနေခဲ့ပြီး၊ တခြားသူများ စချုပ်နေချိန်တွင် သူ(မ)ကတော့ တစ်နေ့လုံး ပုံကြမ်းများသာ ထိုင်ဆွဲနေခဲ့သည်။

သူ(မ)နားထဲတွင် တိုးဖွဖွ စကားပြောသံများ ကြားနေခဲ့ရ၏။ အကြီးဆုံးသခင်မလေးက မုန့်တွေ ပို့ပေးကြောင်း၊ စတုတ္ထသခင်မလေးက ကျန်းမာရေးမကောင်းဖြစ်နေ၍ အထိန်းတော်ထံမှ အတိုင်းအတာများနှင့်သာ ချုပ်နေရကြောင်း စသည်ဖြင့် အစုံပင်။ သို့သော် ကျင်းနျဉ်ကတော့ ထိုစကားများကို အာရုံမစိုက်နိုင်ခဲ့ပါပေ။

ဤသို့ဖြင့် ကျင်းနျဉ်သည် ညဘက်ရောက်သည်အထိ ဆီမီးခွက်အောက်တွင် ပုံကြမ်းများဆွဲနေခဲ့ပြီး၊ အဆုံး ပင်ပန်းလာသောအခါမှသာ အိပ်ရာဝင်ခဲ့လေသည်။ ထို့နောက် မနက်ဖြန်ရောက်လျှင်တော့ တတိယသခင်မလေးကို ပုံကြမ်းများ ပြရမည်ဟု တွေးနေရင်းနှင့်ပင် သူ(မ) မျက်လုံးမှိတ်လိုက်တော့၏။

ကျင်းနျဉ်တစ်ယောက် မျက်ဝန်းများ မှိတ်သွားချိန်တွင် ချင်းရွှမ်အာ၏ မျက်ဝန်းများ ပွင့်လာခဲ့သည်။ ယနေ့ အကြီးဆုံးသခင်မလေး၏ အဆောင်ဆီသို့ သွားပြီးသောအခါမှ “အဆင့်မြင့်ပိုးထည်တွေ ဆင်မြန်းရတယ်” ဟူသည့်စကား၏ အဓိပ္ပာယ်ကို သူ(မ) နားလည်သွားတော့သည်။ သူ(မ)၏မိခင်က အရာရှိအိမ်တော်နှင့် အိမ်ထောင်ကျစေချင်သည်မှာ အံ့ဩဖွယ် မဟုတ်တော့ပေ။ သူ(မ)၏မိခင်သည် ယခင်က ဖင်ကျန်းမှ အရာရှိငယ်လေးတစ်ယောက်၏ ကိုယ်လုပ်တော်ဖြစ်၏။ ထိုအရာရှိ ဆုံးပါးသွားသောအခါမှ တရားဝင်မယားကြီးက သူ(မ)တို့သားအမိကို နှင်ချလိုက်ခြင်းဖြစ်သည်။

ခန်းဝင်ပစ္စည်း သေတ္တာနှစ်လုံးစာလောက် ပိုင်ဆိုင်သည့် ငယ်ငယ်ရွယ်ရွယ် မုဆိုးမလေးသည် ဘယ်သောအခါမှ မယားကြီးကို ဦးမညွှတ်တော့၊ အတိတ်ကလို ဖြစ်ရပ်မျိုး လုံးဝ အဖြစ်မခံတော့ဟု ကြွေးကြော်ခဲ့သည်။ သို့သော် နောက်အိမ်ထောင်ပြုပြီး ပထမဆုံးနေ့တွင်ပင် နောင်တရလာမိတော့၏။ သူ(မ)၏မိခင်သည် “ဆင်းရဲတဲ့ယောက်ျားရဲ့ တရားဝင်မယားဖြစ်ရတာထက် လူချမ်းသာတစ်ယောက်ရဲ့ ကိုယ်လုပ်တော်ဖြစ်ရတာကမှ ပိုကောင်းဦးမယ်” ဟု မကြာခဏ ဆိုတတ်သည်။

သူ(မ)၏ပထွေးက ရိုးပုံရိုးတန်းနှင့်ဖြစ်သော်လည်း တကယ်တမ်းတော့ ဉာဏ်များသူဖြစ်သည်။ လိုချင်တာကိုရရန် “အ”ချင်ယောင်ဆောင်နေခြင်းသာ ဖြစ်၏။ သူ(မ)၏အမေ နှောင့်ယှက်စော်ကားခံရသည်ကိုပင် ကာကွယ်ပေးနိုင်သူမဟုတ်ချေ။ ထိုအစား လက်ဆောင်ပစ္စည်းများလက်ခံပြီး သူ(မ)၏မိခင်ကို အကျင့်စာရိတ္တမကောင်းဘူဟု ဆူဆဲတတ်သည်။ သူ(မ)၏မိခင်သည် “ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်မဲ့ အပ်ချုပ်ပညာလေး တတ်ထားလို့တော်သေးတယ်၊ မဟုတ်ရင် ဆင်းရဲတဲ့မိသားစုတွေမှာ ခင်ပွန်းဖြစ်တဲ့သူ ဒုက္ခရောက်တာနဲ့ ဇနီးကို ပေါင်နှံရောင်းစားပစ်တာမျိုးနဲ့ ကြုံရမှာ” ဟု အမြဲတမ်း ပြောတတ်၏။

ထိုသို့သောအခြေအနေများတွင်၊ သက်သောင့်သက်သာနှင့် ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်မည့် အခွင့်အရေးမျိုးကို အမိအရဖမ်းဆုပ်ခြင်းကသာ ပါးနပ်ခြင်း ဖြစ်ပေလိမ့်မည်။ သူ(မ)အတွက်တော့ အရာရှိမိသားစုနှင့် အိမ်ထောင်ကျရန်ကသာ နောက်ဆုံးသော ပန်းတိုင်ဖြစ်သည်။

ထို့အပြင် သူ(မ)သည် ယနေ့တွင် တတိယသခင်မလေး၏မိခင်ဖြစ်သည့် ကိုယ်လုပ်တော် လုရှောင်နျဉ်နှင့်လည်း ဆုံခဲ့သေးသည်။ သူ(မ)က ကိုယ်လုပ်တော်တစ်ယောက်သာဖြစ်သော်လည်း ပိုးဖဲဝတ်စုံကို ဝတ်ထားကာ လက်ဝတ်လက်စားများ ဆင်မြန်းထားလျက် တောက်ပခမ်းနားနေခဲ့၏။ ချင်းရွှမ်အာသည် သခင်မကျန်း၏သားဖြစ်သူဆီတွင် ကိုယ်လုပ်တော်အဖြစ် ခစားရန်လည်း စဉ်းစားခဲ့ဖူး၏။ သို့သော် မကြာမီပင် သခင်မကျန်းက တင်းကျပ်လွန်းသူဖြစ်ကာ သူ(မ)ကိုယ်တိုင်ကလည်း အတွေ့အကြုံမရှိရာ အခွင့်အရေးမရှိနိုင်ကြောင်းကို လက်ခံလိုက်ရသည်။ ထို့အပြင် သခင်လေးက အပြင်ဆောင်တွင် နေထိုင်သူဖြစ်၍ သူ(မ) မျက်နှာလေးပင် မမြင်ဖူးချေ။

သို့ဖြစ်ရာ သူ(မ)အတွက် နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ အကြီးဆုံးသခင်မလေး၏ အပါးတော်မြဲအစေခံတစ်ယောက် ဖြစ်လာရန်သာ ရှိတော့သည်။ ယင်းက သူ(မ)၏ဘဝကို တိုးတက်စေမည်ဖြစ်သလို အာမခံချက်လည်း ရှိစေမည်ပင်။

သို့သော် အကြီးဆုံးသခင်မလေး၏ မျက်နှာသာပေးမှုကို ရရန်အတွက်က သခင်မလေးထံတွင် အချိန်အတော်ကြာအောင် အလုပ်အကျွေးပြုရမည်ဖြစ်သလို သူ(မ)၏ အရည်အချင်းကိုလည်း သက်သေပြနိုင်ရမည် ဖြစ်သည်။ အပ်ချုပ်ခန်းတစ်ခုလုံးတွင် သူ(မ)၏ ပြိုင်ဘက်ဖြစ်နိုင်သူက ဝေ့ကျင်းနျဉ်တစ်ယောက်သာ ရှိ၏။

ဝေ့ကျင်းနျဉ်က ထက်မြက်ပါးနပ်သူဖြစ်ပြီး အလုပ်ကြိုးစားသူဖြစ်၍ သူ(မ)ကို ကျော်တက်ရန်က မလွယ်ကူးကြောင်း ချင်းရွှမ်အာ နားလည်သည်။ သို့ဖြစ်ရာ ဝေ့ကျင်းနျဉ်က သူ(မ)၏ လမ်းကြောင်းတွင် ဝင်မနှောင့်ယှက်လျှင်တော့ အဆင်ပြေသည်။ သို့သော် သူ(မ)အတွက် အနှောင့်အယှက်ဖြစ်လာမည်ဆိုလျှင်တော့ ချင်းရွှမ်အာက တုံ့နှေးနေမည် မဟုတ်ပါ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment