no

Font
Theme

အပိုင်း (၁၁)

သခင်မလေးများအတွက် ဝတ်စုံများကို တစ်ရက်ကြိုတင်ပြင်ဆင်ပေးရမည် ဖြစ်၏။ သို့မှသာ ကိုယ်တိုင်းနှင့် တသားတည်းကျနေအောင် ပြုပြင်သည်များ ပြုလုပ်လို့ရမည်ဖြစ်သည်။ ကျင်းနျဉ်က သူ(မ)ချုပ်ထားသည့် ဝတ်စုံများကို သေသပ်အောင် ခေါက်လိုက်ပြီး ဗန်းတစ်ခုပေါ်သို့ တင်လိုက်ကာ သခင်မချန်ထံတွင် အရင် စစ်ဆေးရန်အတွက် ဖန်းချောင်လျန်၊ ကျန်းရှန်ကျယ်တို့နှင့်အတူ တန်းစီ၍ စောင့်နေသည်။

သခင်မချန်က ချည်ကျော်နေလား၊ ချည်မျှင်များထွက်နေလားကိုသာ အဓိကထား၍ စစ်လေရာ သူ(မ)တို့သုံးယောက်လုံး အလျင်အမြန်ပင် အောင်မြင်သွားကြ၏။ သူ(မ)တို့သည် သခင်မချန်၊ ချင်းရွှမ်အာကို ပြောလိုက်သည့်စကားများကို ကြားလိုက်ကြသည်။

“မင်းက အကြီးဆုံးသခင်မလေးနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတော့ ပြီးထားတဲ့ အထည်တွေကိုပဲ အရင် သွားပေးထားလိုက်ပြီး ရက်နည်းနည်းလောက် ထပ်တောင်းဆိုကြည့်လိုက်ပေါ့။ ငါ့မှာကလည်း လုပ်စရာတွေ ကျန်နေသေးတယ်။”

တကယ်တမ်းတော့ သခင်မချန်က ကျင်းနျဉ်နှင့် တခြားသူများကိုပါ ချင်းရွှမ်အာအား ကူညီပေးစေချင်ပုံရသည်။ သို့သော် မည်သူကမှ မကူညီပေးလိုကြဘဲ အကြောင်းပြ၍ ရှောင်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

ချင်းရွှမ်အာမှာ စိတ်ထဲတွင် မလိုလားဖြစ်နေသော်လည်း လက်ခံလိုက်ရတော့သည်သာ။ သခင်မချန်က သူ(မ)ကို မျက်နှာလွှဲခဲပစ် လုပ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ သူ(မ)တို့က အေးအတူ ပူအမျှ အတူတူ ကျော်ဖြတ်ကြရမည် မဟုတ်ပေလော။ သူ(မ)က သူ(မ)၏လက်ရာကို သူများထက်သာနေအောင် လုပ်ချင်ရုံလေးသာ ဖြစ်သည်။

ကျင်းနျဉ်တို့သည် ယခုအချိန်တွင် သူ(မ)တို့ကို ကူညီပေးမည့် ရှောင်ဟယ်နှင့် စစ်အာတို့ ရှိနေပြီဖြစ်သဖြင့် တော်ရုံ အပြင်မထွက်ဖြစ်သည်က များသည်။ သို့ဖြစ်ရာ ယခု အပြင်ထွက်လိုက်ချိန်တွင် လေတစ်ဝှေ့လောက် ဖြတ်တိုက်သွားရုံနှင့်ကို တုန်ခနဲ ဖြစ်သွားကြသည်။ ကျင်းနျဉ် ခြေထောက်ကိုဆောင့်ကာ ရေရွတ်လိုက်မိ၏။

“အေးလိုက်တာ။”

“ဟုတ်ပနော်။ သခင်မလေးတွေဆီ မြန်မြန် သွားပို့ပေးပြီး ပြန်နားကြရအောင်။ အခုတလော တအားကို ပင်ပန်းတာပဲ။”

ဖန်းချောင်လျန်က သမ်းဝေလိုက်ရင်း ပြောလိုက်သည်။

အမှန်စင်စစ် ကျိုးအိမ်တော်တွင်က အစေခံ များများစားစားမရှိလေရာ အားလုံးမှာ နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်နေကြသည်ချည်းသာ။ သူ(မ)တို့သုံးယောက်လုံး အနောက်ဆောင်ထဲမှ ထွက်လာကြချိန်တွင် မထင်မှတ်ထားစွာပင် သခင်မကျန်းက ခပ်လှလှ အမျိုးသမီးတစ်ဦးနှင့် အတူလာနေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက အတော်လေးအရပ်ရှည်ပြီး၊ နုနုနယ်နယ် မျက်နှာလေးက နှင်းပွင့်သဖွယ် ဖြူဖွေးဝင်းနစ်နေရာ လှပကြော့ရှင်းလွန်းလှသည်။

သူ(မ)တို့သုံးယောက်လည်း ဘေးကပ်ရပ်လိုက်ပြီး နှုတ်ဆက်စကား ဆိုလိုက်ကြ၏။

သခင်မကျန်းက ရွှင်ပျစွာ ပြောလိုက်သည်က်ို သူ(မ)တို့ ကြားလိုက်ရသည်။

“ညီမလေးဘက်က ဆန္ဒရှိနေတယ်ဆိုမှတော့ အစ်မလည်း အားနာမနေတော့ဘူးနော်။ အစ်မတို့မှာလည်း လူတွေက တအားများနေတာလေ။”

“အစ်မက သိပ်ကို စိတ်ထားကောင်းတာပဲ။ ဒါက ဖြစ်သင့်တာပါရှင်။ ကျွန်မတို့အိမ်တော်က မကျယ်ဝန်းလှဘူးဆိုပေမဲ့၊ လူမနေတဲ့ အဆောင်တစ်ခု ရှိပါတယ်။”

လှပသောအမျိုးသမီးက ပြန်ပြောလေသည်။

သခင်မကျန်းက မေး၏။

“ဒါနဲ့ ညီမလေးက ဘယ်ကိုသွားမလို့လဲ။”

“ကျွန်မက သခင်လေးတုဆီ သတင်းသွားမေးဖို့ ဒုတိယအိမ်တော်ခွဲကို သွားမလို့ပါ။ သူ ဒီတစ်ခေါက် တော်တော်လေး နာမကျန်းဖြစ်နေတယ်လို့ ကြားတယ်။”

ထိုအမျိုးသမီးက မရေမရာလေသံနှင့်သာ ဆိုသည်။

ကျင်းနျဉ်သည် ထိုအမျိုးသမီးက တတိယအိမ်တော်ခွဲမှ သခင်မရှီဖြစ်မည်ဟု ကောက်ချက်ချလိုက်၏။ လက်ဖက်ရည်ခန်းမှ အစေခံများဖြစ်သည့် လန်ရွယ်နှင့် ရွေ့ချောင်တို့သည် မကြာခဏဆိုသလို ကျိုးအိမ်တော်၏အကြောင်းများကို လာပြောတတ်သည်။ သူ(မ)တို့၏ အဆိုအရ ကျိုးအိမ်တော်၏ အကြီးဆုံးသားနှင့် ဒုတိယသားတို့က တစ်မအေတည်းမှ မွေးခြင်းဖြစ်ပြီး တတိယသားကတော့ ကိုယ်လုပ်တော်မှ မွေးခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ဇနီးသည်များ၏ မိသားစုနောက်ခံကလည်း အတော်လေး ကွာခြားကြ၏။ သခင်မကျန်းမှာမူ ကွယ်လွန်သွားသူ သခင်ကြီးကိုယ်တိုင် ရွေးချယ်ခဲ့သူဖြစ်ပြီး သူ(မ)၏ဦးရီးတော်က အမတ်ချုပ်ကြီးဖြစ်ကာ၊ ဖခင်က အကြံပေးအမတ်ကြီးဖြစ်လေရာ ဂုဏ်ရည်အဆင့်အတန်းက ခမ်းနာထည်ဝါလွန်းလှသည်။ ဒုတိယအိမ်တော်ခွဲမှ သခင်မလီကလည်း မျိုးရိုးကောင်းသူဖြစ်သော်ငြား သူ(မ)က သားတစ်ယောက် ဖွားမြင်ပြီးသည်နှင့် ဆုံးပါးသွားခဲ့ရှာသည်။ ယခုလက်ရှိ ဒုတိယအိမ်တော်၏ သခင်မဖြစ်သည့် သခင်မဝူကတော့ သာမန်အရာရှိမိသားစုလေးမှ မွေးဖွားလာသူ ဖြစ်သည်။ သို့ဖြစ်ရာ သခင်မရှီတစ်ဦးတည်းကသာ သာမန်မိသားစုလေးမှ ဖွားမြင်လာသူဖြစ်ပြီး ငွေကြေးလည်း မချမ်းသာလှချေ။ သူ(မ)၏ဆွေမျိုးများကလည်း မကြာခဏဆိုသလို အိမ်တော်တွင် လာရောက်အကူအညီတောင်းတတ်ကြသည်။

ထို့အပြင် တတိယသခင်ကြီးတွင်က မျက်နှာသာပေးထားသည့် ကိုယ်လုပ်တော်တစ်ယောက်ရှိ၏။ သို့သော် အားလုံးက သခင်မရှီက ကံကောင်းသည်ဟုသာ ဆိုကြသည်။ အကြောင်းမှာ သူ(မ)တွင် စာပေအရာ၌ ထူးချွန်ထက်မြက်ပြီး အလားအလာကောင်းများရှိနေသည့် ဆယ့်ငါးနှစ်အရွယ် သားတစ်ယောက် ရှိ၍ပင်။

သခင်မရှီ ထွက်သွားပြီဖြစ်သောအခါမှ သခင်မကျန်းသည် ကျင်းနျဉ်နှင့် တခြားသူများကို မြင်သွားတော့သည်။ သူ(မ)တို့က အပ်ချုပ်ဆောင်မှ ဖြစ်ကြောင်း သိသွားသောအခါ ရှေ့သို့လာရန် ခေါ်လေ၏။

“ဒီဝတ်စုံတွေက သခင်မလေးတွေအတွက်လား။”

“သခင်မကို ပြန်ဖြေပါတယ်။ ကျွန်မတို့က ဒီဝတ်စုံတွေကို သခင်မလေးတွေ စမ်းဝတ်ကြည့်ဖို့အတွက် သွားပို့ပေးမလို့ပါ။ အကယ်၍ ပြင်ဆင်စရာများရှိရင် ချက်ချင်းပြင်ပေးနိုင်အောင်ပါ။”

ကျန်နှစ်ယောက်က တိတ်ဆိတ်နေသဖြင့် ကျင်းနျဉ်ကသာ ဖြေလိုက်သည်။

သခင်မကျန်းက ရှေ့သို့ တိုးသွားလိုက်ပြီး ဝတ်စုံများကို လှန်လှောကြည့်လိုက်ပြီးမှ ခေါင်းညိတ်လိုက်ကာ ပြော၏။

“မင်းတို့ သွားလို့ရပြီ။”

“ဟုတ်ကဲ့ပါရှင့်။”

ကျင်းနျဉ်တို့အုပ်စုမှာ ထိုအခါမှသာ သက်ပြင်းချနိုင်ကြတော့၏။ ထို့နောက်တော့ သူ(မ)လည်း တတိယသခင်မလေး၏အဆောင်သို့ ထွက်လာခဲ့တော့သည်။

သို့သော် အခွင့်အခါ မသင့်စွာပင်၊ တတိယသခင်မလေးက သခင်မကြီး၏အဆောင်သို့ သွားနေပြီး သူ(မ)၏ အကြီးတန်းအစေခံဖြစ်သည့် တန့်ရုန်သာ ကျန်ခဲ့လေသည်။ တန့်ရုန်က အေးဆေးစွာ ပြော၏။

“ဝတ်စုံတွေကို ဒီမှာပဲ ထားခဲ့လိုက်ပါ။”

သို့သော် ကျင်းနျဉ်ကတော့ စိုးရိမ်နေသည်။ ယခုက သူ(မ) ကျိုးအိမ်တော်အတွက် ပထမဆုံးအကြိမ် ဝတ်စုံ ချုပ်ပေးဖူးခြင်းဖြစ်သည်။ အကယ်၍ သူ(မ) မရှိခိုက် ဝတ်စုံသာ တစ်ခုခုဖြစ်သွားပါက ကိုယ့်ကိုယ်ကိုယ် မခုခံနိုင် ဖြစ်နေလိမ့်မည်။ ထို့ကြောင့် သူ(မ) ပြုံးရွှင်စွာ ပြုံးထားလျက်ပင် ပြောလိုက်သည်။

“ကျွန်မ ဒီမှာ စောင့်နေလိုက်ပါမယ်။ ချုပ်စရာရှိတာတွေလည်း ပြီးပြီဆိုတော့ အလျင်မလိုပါဘူးရှင်။”

“တတိယသခင်မလေးက သခင်မကြီးနဲ့အတူ ထမင်းစားပြီးမှ ပြန်လာမှာ။ မင်း အကြာကြီး စောင့်နေရလိမ့်မယ်။”

တုန့်ရုန်သည် အဝါရောင်ပန်းအိုးတစ်အိုးကို တိုက်နေရင်း အေးဆေးစွာ ပြောလိုက်၏။

ကျင်းနျဉ်လည်း ပြန်ဖြေလိုက်သည်။

“ကိစ္စမရှိပါဘူးရှင်။ အပြင်မှာလည်း နှင်းတွေကျနေတာဆိုတော့၊ သဲသဲကွဲကွဲ မမြင်ရဘဲ သွားလိုက်လာလိုက်လုပ်နေရတာက ပိုဆိုးပါတယ်။ ကျွန်မကို စိတ်ထဲမထားပါနဲ့။ ကျွန်မ အပြင်ဆောင်မှာပဲ တိတ်တိတ်လေး ထိုင်စောင့်နေပါ့မယ်။”

ဤအဆောင်မှ အစေခံများက အပြိုင်အဆိုင်များလှပြီး သူ့နေရာနှင့်သူ အပိုင်စားယူထားကြကြောင်း ကျင်းနျဉ် ကြားဖူးသည်။ အစေခံငယ်လေးများဖြစ်သည့် ရင်းကျူနှင့် အသစ်ရောက်လာသည့် အစေခံမလေး ချွီအာတို့ဆိုလျှင် လိုက်ကာမပေးခြင်း၊ အောက်ခြေသိမ်းအလုပ်များ လုပ်ပေးခြင်းနှင့် အစားအသောက်သွားယူခြင်းတို့လောက်သာ လုပ်ဆောင်ရသည် ဖြစ်သည်။ အတွင်းဆောင်ထဲမှ တာဝန်များကို ချင်းရွယ်နှင့် တန့်ရုန်တို့ကသာ လုပ်ဆောင်သည်။

သို့သော် တတိယသခင်မလေး၏အဆောင်သည် ကျိုးအိမ်တော် ပထမအိမ်တော်ခွဲမှ အကြီးဆုံးသားဖြစ်သည့် ကျိုးချွင်းကျစ်၏ အဆောင်နှင့်ယှဉ်လျှင်မူ အစေခံများအကြား ပြိုင်ဆိုင်မှုက မပြင်းထန်လှဟု ပြောကြသည်။

ကျင်းနျဉ် တိတ်ဆိတ်စွာသာ စောင့်နေခဲ့သည်။ တန့်ရုန်တစ်ယောက် ပန်းအိုး၊စားပွဲနှင့် အကာအရံတို့ကို ဖုန်သုတ်ပြီး၍ ကြည့်လိုက်ချိန်တွင် ကျင်းနျဉ်က ဟိုဟိုဒီဒီ စူးစမ်းနေသည်မျိုး မတွေ့ရဘဲ အပြင်ဆောင်တွင် စောင့်နေခဲ့ရင်း တစ်ချက်တစ်ချက် ငိုက်မြည်းသွားသည်ကိုသာ မြင်လိုက်ရသည်။ သူ(မ) စောင်ပါးလေးတစ်ထည် ယူပေးလိုက်၏။

“အအေးမမိစေနဲ့ဦး။”

“ကျေးဇူးတင်ပါတယ် မမ။”

ကျင်းနျဉ်က ကျေးဇူးတင်စွာ ပြောလိုက်၏။

တန့်ရုန်က ပြုံးလိုက်ပြီး

“ကျေးဇူးတင်မစရာ မလိုပါဘူး။ အထဲမှာ လုပ်စရာတွေ ရှိသေးလို့ သွားတော့မယ်နော်။”

“ဟုတ်။”

နှစ်နာရီလောက် ကြာပြီးသောအခါ၊ အစေခံငယ်လေးတစ်ယောက်က တန့်ရုန်အတွက် အစားအသောက်များ လာပို့ပေးလေသည်။ အစားအသောက်များ၏ မွှေးရနံ့ကြောင့် ကျင်းနျဉ်တစ်ယောက် ဗိုက်ထဲမှ တဂွီဂွီမြည်လာခဲ့သော်လည်း သည်းခံထားခဲ့ရသည်။ ဤသို့ဖြင့် တတိယသခင်မလေး အစေခံများနှင့်အတူ ပြန်ရောက်လာသောအချိန်တွင် ကျင်းနျဉ်က စောင့်နေရသည့်အကြောင်းအရင်းကို ရှင်းပြလိုက်၏။

တတိယသခင်မလေးက ရင်းကျူထံသို့ အနွေးအိုးကို လှမ်းပေးလိုက်ရင်း ဆိုသည်။

“မင်း အတော်လေး စောင့်လိုက်ရတာပဲ။ ဒါပေမဲ့ ငါက အဘွားဆီမှာ အစားများလာလို့ အိပ်ငိုက်နေပြီ။ အနားယူပြီးမှပဲ စမ်းဝတ်ကြည့်လိုက်တော့မယ်။”

သခင်မလေးတစ်ယောက်က အစေခံတစ်ယောက်၏ အခက်အခဲကို အမှန်တကယ် နားလည်ပါမည်လော။ လုံးလုံးကို မဖြစ်နိုင်ပါပေ။

ကျင်းနျဉ်က ပြုံးလိုက်ကာ

“ဟုတ်ကဲ့ပါ။ ဒါဆိုလည်း သခင်မလေးရဲ့ အစေခံတွေကို အရင် စစ်ဆေးခိုင်းလိုက်ပါ။ ကြီးကြီးမားမား ပြဿနာမရှိဘူးဆိုရင် ကျွန်မ ဒေါ်ဒေါ်ချန်ကို ပြန်ပြောလိုက်ပါတော့မယ်။”

တတိယသခင်မလေးက ဝတ်စုံများကို စစ်ဆေးရန် တန့်ရုန်အား ခေါင်းညိတ်အချက်ပြလိုက်သည်။

“သခင်မလေး၊ အကုန်လုံး အဆင်ပြေပါတယ်။”

“မင်း သွားလို့ရပြီနော်။”

တတိယသခင်မလေးက လက်ယမ်းပြလျက် ပြောသည်။

အပြင်ရောက်သောအချိန်တွင်မူ ကျင်းနျဉ်ခမျာ ဆာလောင်လွန်း၍ မူးဝေဝေပင် ခံစားနေရပြီဖြစ်သည်။ အပ်ချုပ်ခန်းတွင်လည်း ဘာအစားအသောက်မှ ကျန်တော့မည်မဟုတ်ကြောင်းကို သိ၍ သူ(မ) စားဖိုဆောင်သို့သာ သွားလိုက်ကာ ဒင်္ဂါးနှစ်ပြားနှင့် အသားပေါက်စီနှစ်ခု ဝယ်စားလိုက်၏။ ယင်းက စားတော်ကဲများအတွက် အပိုဝင်ငွေရမည့်အလုပ်ဖြစ်ကာ စားသောက်ချိန် ကျော်သွားသောသူများအတွက် ရောင်းချပေးခြင်း ဖြစ်သည်။

အသားပေါက်စီများက အရသာရှိလွန်းသဖြင့် ကျင်းနျဉ် ငိုချင်စိတ်ပင် ဖြစ်လာရသည်။ ဤသို့ဖြင့် သူ(မ) ဗိုက်ဝ၍ အားအင်များပြန်ပြည့်လာပြီဆိုပါမှ အားလုံး အနားယူနေကြပြီဖြစ်သော အပ်ချုပ်ခန်းဆီသို့ ပြန်သွားလိုက်တော့၏။ ထို့နောက် သူ(မ)လည်း တစ်နာရီလောက်တစ်မှေးမှေးကာ အိပ်လိုက်တော့သည်။

ထိုအချိန်တွင် တတိယသခင်မလေးသည် ခဏလောက် အနားယူပြီးသည်နှင့် ကိုယ်လုပ်တော်လုကို ဆင့်ခေါ်စေကာ သူ(မ)၏ဝတ်စုံအသစ်များကို ဝတ်ပြလိုက်သည်။ ကိုယ်လုပ်တော်လုက အလွန်ကို သဘောကျနေပြီး ချီးကျူးနေ၏။

“ချည်ပန်းထိုးသမလေးက တော်တော်လေး လက်ရာသေသပ်တာပဲ။ သူ(မ)ရဲ့ ဝတ်စုံပုံစံတွေက ရိုးရှင်းတယ်ဆိုပေမဲ့ ခမ်းနားမှုလည်း ရှိတယ်၊ သမီးရဲ့အလှကိုလည်း ပိုပြီး ပေါ်လွင်စေတယ်။”

တန့်ရုန်သည် ကိုယ်လုပ်တော်လုနှင့် တတိယသခင်မလေးတို့ စိတ်ကျေနပ်သည်ကို မြင်သောအခါ အခွင့်အခါသင့်ခိုက်တွင် ကျင်းနျဉ်အတွက် ချီးကျူးစကား ဆိုပေးလိုက်သည်။

“ဒီကလေးမလေးက တော်တော်လေးကို ကြိုးစားတယ်။ သူ(မ)က အပြင်မှာ အကြာကြီးစောင့်နေခဲ့ရတာကိုတောင် တစ်ချက်ကလေးမှ ညည်းညူတာမျိုး မရှိဘူး။ ပြီးတော့ ကျွန်မကျွေးတဲ့ မုန့်နဲ့ လက်ဖက်ရည်တွေကိုလည်း ထိတောင်မထိခဲ့ရှာဘူး။”

ကိုယ်လုပ်တော်လုတွင်လည်း စိတ်ကူးစိတ်သန်းတို့ ရှိနေသည်။ ယခုနှစ်ပိုင်းများတွင် သခင်မကြီးက အိမ်တော်က ခြောက်ကပ်နေတာပဲဟု ညည်းညူနေတတ်၏။ သူ(မ) တညည်းညည်းတညူညူလုပ်နေ၍သာ အဒေါ်ကလည်း မွေးရပ်မြေကို ပြန်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အဒေါ်သည်လည်း မိသားစုထံ ပြန်ဦးမည်သာဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ သူ(မ)၏သမီးလေးကသာ သခင်မကြီး၏အနားတွင် နေခွင့်ရနေမည်ဆိုလျှင် ဂုဏ်သိက္ခာရှိရုံသာမကဘဲ၊ သခင်မကြီးက သူ(မ)၏ ပိုင်ဆိုင်မှုများထဲမှ တချို့တစ်ဝက်ကို သမီးဖြစ်သူ၏မင်္ဂလာခန်းဝင်ပစ္စည်းအတွက် ဖယ်ချန်ထားပေးသည်မျိုးပါ ဖြစ်လာနိုင်ပေသည်။

သခင်မကျန်းက သူ(မ)၏အကြီးဆုံးသမီးနှင့် ဒုတိယသမီးတို့အတွက် ကောင်းပေ့ဆိုသည့် အဖိုးတန်ပိတ်စများနှင့် အဖိုးတန်သစ်သားများဖြင့် လုပ်ထားသည့် အိမ်ထောင်ပရိဘောဂပစ္စည်းများကို နေရာအနှံ့မှ ရှာဖွေနေပြီး သိုလှောင်ခန်းထဲ ပြည့်လျှံနေသည်အထိ စုဆောင်းပေးနေသည်ကို မြင်ရသောအခါ၊ ကိုယ်လုပ်တော်လုသည် သူ(မ)၏သမီးလေးကိုလည်း အိမ်တော်ဘက်မှ ပေးထားသည့် ဒင်္ဂါးတွဲတစ်ထောင်လောက်နှင့် အဆုံးမသတ်သွားစေချင်ပေ။

သို့သော် သူ(မ)၏သမီးလေး ထင်ပေါ်နေရန်ဆိုလျှင် ဝတ်စုံကောင်းများနှင့် လက်ဝတ်လက်စားများ ရှိရန် လိုပေသည်။

ကိုယ်လုပ်တော်လုက သမီးဖြစ်သူကို ပြောလိုက်၏။

“သမီးရဲ့လက်အောက်ငယ်သားတွေအပေါ်မှာ ရက်ရက်ရောရောရှိမှ ဖြစ်မယ်။ ဒါမှသာ သူ(မ)တို့တွေက သမီးအတွက် အလုပ်လုပ်ပေးချင်ကြမှာ။ အဲလိုမဟုတ်ဘဲ သူ(မ)တို့ဘက်ကတော့ ကြိုးကြိုးစားစား လုပ်ခဲ့ပါရဲ့ ဘာဆုလာဒ်မှ ပြန်မရဘူးဆိုရင် အရင်က သမီးအပေါ် နှစ်မြို့ခဲ့တဲ့သူတွေကတောင် တွန့်တိုလိုက်တာ၊ စာနာစိတ်မရှိလိုက်တာလို့ ပြောလာကြလိမ့်မယ်။”

သို့နှင့် ညရောက်သောအခါ တတိယသခင်မလေး၏ အဆောင်မှ ကျင်းနျဉ်အတွက် ငန်းကင်တစ်ပွဲ၊ လက်ကိုင်ပဝါနှစ်ထည်နှင့် ကြေးအနွေးအိုးတို့ ပို့ပေးလာခဲ့လေသည်။

ထိုအချိန်တွင် ကျန်းရှန်ကျယ်က သူ(မ)ရထားသည့် စောင်အကြောင်း ပြောပြနေခြင်းဖြစ်ပြီး ကျင်းနျဉ်နှင့် တခြားသူများ အားကျနေကြချိန်တွင်ပင် တတိယသခင်မလေး၏ လက်ဆောင်များ ရောက်ရှိလာခြင်း ဖြစ်၏။ ကျင်းနျဉ်က လက်ဆောင်များ လာပို့ပေးသည့် ချင်းရွယ်အား သူ(မ) အသစ်ထိုးထားသည့် အိတ်လေးတစ်အိတ် ပေးလိုက်ရင်း

“လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မမ။”

ချယ်ရီပန်းပုံလေးများ ထိုးထားသည့် ပိုးသားအိတ်လေးကြောင့် ချင်းရွယ်လည်း အလွန်ပျော်သွားပြီး ဆက်ပြောလိုက်သည်။

“တတိယသခင်မလေးက မင်းရဲ့အရည်အချင်းကို သိပ်ကို သဘောကျနေတာ။ သူ(မ)က လက်တွေ့ကျကျပဲ လုပ်တတ်တဲ့သူဆိုတော့ ပြင်ဆင်စရာမရှိဘူးဆိုတာ မင်းတကယ်ကို တော်လို့ပဲ။”

ကျင်းနျဉ်လည်း အားရဝမ်းသာဖြင့် ပြန်ဖြေလိုက်သည်။

“အခုလိုကြားရတာ ဝမ်းသာလိုက်တာရှင်။”

ချင်းရွယ်ထွက်သွားပြီဖြစ်သောအခါမှ၊ ကျင်းနျဉ်သည် လက်ကိုင်ပဝါများကို သေတ္တာထဲတွင် ထည့်သိမ်းထားလိုက်ပြီး အနွေးအိုးကိုမူ အိပ်ရာထက်တွင် တင်ထားလိုက်သည်။ အိုးထဲသို့ ရေနွေးဖြည့်လိုက်မည်ဆိုလျှင် သူ(မ) ညတာများတွင် ပို၍ နွေးနွေးထွေးထွေး နေနိုင်တော့မည် ဖြစ်၏။

ငန်းကင်ကိုမူ ညစာစားချိန်တွင် စားရန်အတွက် သူ(မ)ဖို့ တစ်ဝက်ချန်ထားလိုက်ပြီး၊ ကျန်တစ်ဝက်ကို တခြားသူများအား ဝေမျှပေးလိုက်သည်။ စစ်အာနှင့် ရှောင်ဟယ်တို့ကိုပါ နည်းနည်းစီ ခွဲဝေပေးခဲ့သေး၏။ ဖန်းရှောင်လျန်ကလည်း သူ(မ) စတုတ္ထသခင်မလေးဆီမှ ရထားသည့် အသားပေါင်းများနှင့် မုန့်များကို အားလုံးစားရန် ပြင်ဆင်ပေးလိုက်သည်။ ထိုအချိန်တွင် ကျန်းရှန်ကျယ်က ဟာသတစ်ခုထပြောလိုက်သဖြင့် သူ(မ)တို့အားလုံး ပျော်ရွှင်စွာ စကားဝိုင်းဖွဲပြောနေကြတော့၏။ ချင်းရွှမ်အာတစ်ယောက်တည်းသာလျှင် တကုတ်ကုတ်နှင့် ချည်ပန်းထိုးနေခဲ့ပြီး သူ(မ)တို့ ခေါ်သော်လည်း မလာခဲ့ချေ။

ချင်းရွှမ်အာမှာ အလောတကြီးလုပ်နေရရာ၊ လက်ရာက မသေမသပ် ဖြစ်လာသည်။ အကြီးဆုံးသခင်မလေး၏ အဆောင်မှ အစေခံချွမ်းလန်က တခြားသခင်မလေးများ၏ ဝတ်စုံများက ရနေပြီဖြစ်ကြောင်း သိသွားသောအခါ၊ အပ်ချုပ်ခန်းသို့ ရောက်လာပြီး ချင်းရွှမ်အာကို လာလောလေရာ သူ(မ)မှာ ပို၍ပင် ပျာယာခတ်သွားတော့သည်။ အလျင်စလိုဖြစ်လာသောအခါ သူ(မ)က အလုပ်ကို ခိုလေတော့၏။ တခြားသူများက အင်္ကျီကော်လာများတွင် ပန်းခက်ပန်းလက်များကို မြိုင်မြိုင်ဆိုင်ဆိုင် ထိုးထားခဲ့သော်လည်း၊ သူ(မ)ကတော့ ထောင့်နားလေးတွင် ပန်းပွင့်အနည်းငယ်လောက်သာ ထိုးထားသည်။

သူ(မ)၏လက်ရာကို သခင်မချန်ပါ စိတ်တိုင်းမကျဖြစ်နေ၍ အနည်းအကျဉ်းလောက် ချည်ပန်းများ ထပ်ဖြည့်ပေးလိုက်ရသည်။ ထိုအခါမှသာ အနည်းငယ် ကြည့်ရအဆင်ပြေသွားတော့၏။

သို့သော် အဒေါ်ဖြစ်သူ ရောက်လာသောအချိန်တွင်မူ တတိယသခင်မလေးကသာ “ကျောက်စိမ်းလေးလို နှင်းပွင့်လေးလို လှနေတဲ့သူပါလား” ဟု ချီးကျူစကား အဆိုခံခဲ့ရသည်။ သခင်မချန်သည်လည်း နွေဦးအတွက် ဝတ်စုံများ ချုပ်ရသည့်အခါတွင်တော့ အကြီးဆုံးသခင်မလေးအတွက် ကျင်းနျဉ်ကိုသာ ချုပ်ခိုင်းပြီး၊ ချင်းရွှမ်အာကိုတော့ တတိယသခင်မလေးကိုသာ ချုပ်ပေးခိုင်းရန် ဆုံးဖြတ်လိုက်တော့၏။

ကျင်းနျဉ် အနည်းငယ် အံ့ဩသွားခဲ့သည်ဆိုသော်လည်း ယင်းက ဖြစ်သင့်ဖြစ်ထိုက်၍သာဖြစ်ကြောင်း နားလည်၏။

မည်သို့ပင်ဆိုစေ ယခု သူ(မ) နာမည်တစ်လုံးတော့ ရသွားပြီပင်။ သူ(မ)ကို အပ်ချုပ်ခန်းက လက်ရာကောင်းတဲ့ ချည်ပန်းထိုးသမလေး ကျင်းနျဉ်ဟုပင် ခေါ်စမှတ်ပြုလာကြပြီ ဖြစ်သည်။ ထို့နောက်တွင်မူ သခင်မကျန်းကပါ ကျင်းနျဉ်အား အလည်အပတ်ရောက်နေသည့် သူ(မ)၏ဝမ်းကွဲတူမဖြစ်သော သခင်မလေးမေ့အတွက် ဝတ်စုံချုပ်ပေးရန် အထူးတလည် တောင်းဆိုလာခဲ့သည်။

“ဂုဏ်ယူပါတယ် ကျင်းနျဉ်။”

ကျင်းနျဉ်ကို ပထမဦးဆုံး ဂုဏ်ပြုစကားဆိုလိုက်သူက ချင်းရွှမ်အာ ဖြစ်၏။

“ငါကြားထားတာတော့ အခုရောက်နေတဲ့ အဒေါ်တို့မိသားစုက တော်တော်လေး ချမ်းသာကြွယ်ဝကြတယ်တဲ့။ နင်သာ ကောင်းကောင်းချုပ်ပေးနိုင်ရင် လက်ဆောင်တွေအများကြီး ရမှာပဲ။”

သူ(မ)၏ ပထမခြေလှမ်းက ကျရှုံးသွားခဲ့သည်ဆိုသော်လည်း၊ ချင်းရွှမ်အာသည် စိတ်ကို အမြန် ပြင်ဆင်လိုက်သည်။ အိမ်တော်သခင်မများနှင့် သခင်မချန်တို့ထံမှ ယုံကြည်မှု ပြန်ရရန်အတွက်က သူ(မ) ကျင်းနျဉ်ထက် သာမှ ဖြစ်လိမ့်မည်။

သို့သော် “ယှဉ်ပြိုင်ခြင်း” ဟူသည် မလိုမုန်းထားဖြစ်ရန် ရန်လိုနေခြင်း၊ စကားနာထိုးနေခြင်းတို့ မဟုတ်ပါပေ။

သူ(မ)တို့၏ဆက်ဆံရေးက မည်မျှပင် တင်းမာနေပါစေ၊ အများအမြင်တွင်တော့ အဆင်ပြေသယောင် နေထိုင်ကြရမည်သာ ဖြစ်သည်။ ထို့အပြင် သူ(မ)သည် အကြီးဆုံးသခင်မလေး၏ အဆောင်တွင် ကိစ္စများစွာကို ကြားခဲ့၏။ သခင်မကျန်းနှင့် အဒေါ်တို့က ငယ်စဉ်က မသင့်မမြတ် ဖြစ်ဖူးကြပြီး ထိုစဉ်ကဆိုလျှင် အဒေါ်က အိမ်ထောင်မပြုရသေးချေ။ သခင်မကျန်းက သူ(မ)ကြောင့် အတော်လေး ဒုက္ခများခဲ့ရပြီး သခင်မကြီးကျိုးကလည်း အမြဲတမ်း သမီးဖြစ်သူဘက်တွင်သာ ရပ်တည်ပေးခဲ့သည်ဟု ဆိုသည်။

နတ်ဘုရားများ တိုက်ပွဲဖြစ်လျှင် မိစ္ဆာငယ်လေးများကသာ မြေစာပင်ဖြစ်ရစမြဲပင်။ ထို့ကြောင့် ချင်းရွှမ်အာအဖို့ ယခုအခြေအနေများက ကောင်းချီးပေလော၊ ကျိန်စာပေလောကို ဝေခွဲမရနိုင် ဖြစ်နေရ၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment