အပိုင်း (၁)
ဘေးအိမ်မှ အဘွားဟောက်၏အသံကြောင့် ကျင်းနျဉ်တစ်ယောက် နောက်တစ်ကြိမ် နိုးလာခဲ့ရပြန်သည်။ သူ(မ) နားကိုပိတ်ကာ ပြန်အိပ်မည် ကြံလိုက်တော့၏။ ဤသို့ဖြင့် နောက်ဆုံး အဘွားဟောက်၏အသံ တိတ်ဆိတ်သွားခဲ့ပြီအထင်နှင့် လက်ကိုပြန်ချလိုက်သောအခါ တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ငိုရှိုက်နေသံ တိုးဖွဖွကို ကြားလိုက်ရသည်။
ယင်းက အဘွားဟောက်ချွေးမ၏ ငိုကြွေးသံဖြစ်ကြောင်း သူ(မ) သိသည်။
သူ(မ)ကို ချွေးမသစ်ဟု ခေါ်ရန်တော့ ခက်သည်။ အနှီမိန်းကလေး အိမ်ထောင်ကျပြီးသည်မှာ သုံးနှစ်လောက်ရှိပြီဖြစ်၏။ ကျင်းနျဉ်တို့ ပြောင်းလာစဉ်ကပင် အဘွာဟောက်က မင်္ဂလာမုန့်ချိုများ လာပို့ပေးခဲ့ဖူးသေးသည်။
သို့ပေသည့် ချွေးမနှင့် ယောက္ခမတို့၏ ဆက်ဆံရေးက ဘာကြောင့်ရယ်များ ဤမျှအထိ ဆိုးရွားနေရသည်နည်း။ အကြောင်းအရင်းကို ကျင်းနျဉ် ကောင်းကောင်းကြီး သိသည်။ ပထမအချက်ကတော့ မိန်းကလေးဘက်က မင်္ဂလာခန်းဝင်ပစ္စည်း များများစားစား မပါလာ၍ပင်။ ဒုတိယအချက်မှာမူ သမီးလေးတစ်ယောက်သာ ဖွားမြင်ထား၍ ဖြစ်၏။
မော်ဒန်ခေတ်တွင်ဆိုလျှင်တော့၊ ယောက္ခမများက မကျေနပ်လျှင်ပင် တိုးတိုးတိတ်တိတ် အပြစ်တင်နေကြရုံသာ ရှိသည်။ ဒါကိုပင် သိသိသာသာ ပြုမူရဲကြသည် မဟုတ်ကြ။ သားအပေါ် မျက်နှာသာပေးပြီး ချွေးမဖြစ်သူကို နှိမ်သည်ဟု အထင်မြင်ခံရမည်ကို ထိတ်လန့်ကြသည်။ သို့သော် ဤခေတ်ကာလတွင်မူ အဘွားဟောက်အား ထိန်းချုပ်နိုင်သည်ဟုပင် ချီးကျူးကြပေလိမ့်ဦးမည်ပင်။ အကြောင်းမှာ သူ(မ)က တခြားသောမိသားစုများ လုပ်ကြသလို မွေးကင်းစကလေးငယ်လေးကို တိုးတိုးတိတ်တိတ် ရေနစ်သတ်ခြင်းမျိုး မလုပ်ခဲ့၍ ဖြစ်၏။
လောကကြီးက ရယ်ချင့်စဖွယ်ကောင်းလှသည်။ ရင်နင့်ဖွယ်ကောင်းလွန်း၍ ရယ်ချင့်စဖွယ်ကောင်းလှပါဘိ။
ဤသို့ဖြင့် တဖြည်းဖြည်းနှင့် တိုးသဲ့သဲ့ ငိုရှိုက်သံသည်လည်း လေထဲတွင်သာ ပျောက်ကွယ်သွားပြီး၊ ဆန်ထောင်းသံများ ကြက်တွန်သံများသာ ကြားလာရတော့သည်။
ကျင်းနျဉ်လည်း တစ်ဖက်သို့ လှည့်လိုက်ပြီး မျက်လုံးသာ မှိတ်ထားလိုက်တော့၏။ သို့သော် သူ(မ) အိပ်မပျော်တော့သောကြောင့် ထထိုင်လိုက်တော့သည်။ လက်က အကျင့်ပါနေသည့်အတိုင်း မီးဖွင့်ရန် ခလုတ်ဆီသို့ လက်လှမ်းလိုက်မိပြီးမှ ရုတ်တရက် အသိပြန်ဝင်လာပြီး ခပ်တိုးတိုး လှောင်ရယ်လိုက်မိ၏။ သည်နေရာတွင် လျှပ်စစ်မီးမှ မရှိပါဘဲလေ။ သူ(မ) ပြန်သာလှဲလိုက်တော့သည်။
ယခုရောက်နေသော စုန့်မင်းဆက်တွင် ဖယောင်းတိုင်ဈေးက သေးလှသည်မဟုတ်ချေ။ ဖယောင်တိုင်တစ်ချောင်းကို ကြေးဒင်္ဂါးနှစ်ရာလောက် တန်၏။ သူ(မ)မိသားစု၏ ကျပ်တည်းလှသော ငွေရေးကြေးရေးအခြေအနေဖြင့် ဖယောင်းတိုင် မထွန်းနိုင်ပါချေ။
သူ(မ) သည်ဘက်ခေတ်သို့ ကူးပြောင်းလာခဲ့သည့် ခြောက်လ၊ တစ်နှစ်သာသာ ကလေးအရွယ်လေးကဆိုလျှင် ဝေ့မိသားစုက ဤမျှလောက် မနွမ်းပါးသေးပေ။ သူ(မ)၏ဖခင်ဖြစ်သည့် ဝေ့ရှုန်းသည် မိသားစု၏ ဒုတိယသားဖြစ်၏။ သူက အစ်ကိုဖြစ်သူလို မထက်မြက်သလို၊ ညီဖြစ်သူလိုလည်း ကြည့်မကောင်းရှာပေ။ သို့သော် ရင်အုပ်ကျယ်ကျယ် ထွားထွားကြိုင်းကြိုင်းနှင့် သန်မာသူဖြစ်ရာ ဟန်ရန်တပ်မဟာတွင် မြို့စောင့်တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့သည်။
နောက်ပိုင်းတွင်မူ သူသည် တော်ဝင်အစောင့်တပ်သားအဖြစ်ပါ ရွေးချယ်ခံခဲ့ရပြီး၊ မိသားစုကိုပါ အတူခေါ်ဆောင်နိုင်အောင်အထိ အခွင့်လစာ များခဲ့၏။ ကျင်းနျဉ်ပင် သုံးနှစ်တိတိ ပညာသင်ခဲ့ရဖူးပြီး၊ သူ(မ)၏မိဘများက လိုလိုလားလား ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား သူ(မ) အသက်ကိုးနှစ်လောက်တွင်မူ ဖခင်ဖြစ်သူ အမှုထမ်းနေသည့် အရာရှိက ဆုံးပါးသွားခဲ့ရာ၊ သူ၏တော်ဝင်တပ်သားများကိုလည်း အင်အားလျှော့ချခဲ့သည်။ ဤသို့ဖြင့် သူ(မ)တို့မိသားစုသုံးယောက်လုံး ဇာတိမြေဖြစ်သည့် အန်းလုလို့ ပြန်လာခဲ့ကြရတော့၏။
ထိုအချိန်က ဝေ့မိသားစုမှာ စားဝတ်နေရေးအတွက် ပြည်စုံဖူလုံနေဆဲပင်။ အခြားအတတ်ပညာလည်း မရှိသော ဝေ့ရှုန်းက ခရီးသည်ဖြစ်စေ၊ ကုန်ပစ္စည်းဖြစ်စေ အခကြေးငွေဖြင့် သယ်ယူပို့ဆောင်ပေးရန်အတွက် ရထားလုံးတစ်စီး ဝယ်လိုက်သည်။ သို့သော် “ဥစ္စာရှာရသည်ထက်၊ ထိုဥစ္စာကို ထိန်းသိမ်းရသည်က ပိုခက်သည်” ဟူသည့် အဆိုအတိုင်းပင်၊ ဝေ့ရှုန်းက ပွင့်လင်းလွန်းသူဖြစ်ရာ သူ၏ ဝင်ငွေအခြေအနေကို မလျှို့ဝှက်ထားတတ်ဘဲ လူတိုင်းကို ပြောပြတတ်၏။
သို့ဖြစ်ရာ မကြာမီ ဆွေမျိုးများက ငွေလာချေးကြသည်။ အိမ်နီးနားချင်းများက လောင်းကစားဝိုင်းထဲ ဆွဲသွင်းကြသည်။ ထို့အပြင် ခရီးသည်များကလည်း ခရီးစရိတ်မပေးဘဲ နေတတ်လာကြသည်။ ဤသို့ဖြင့် သူ(မ)တို့၏ စုဆောင်းငွေများက ရေစစ်ထဲက ရေလိုပင် ကုန်ခမ်းလာတော့၏။
သို့နှင့် အခြေအနေများ ပို၍ ဆိုရွားလာသည်ကို မြင်လာရပြီး၊ အထူးသဖြင့် ဖခင်ဖြစ်သူတစ်ယောက် ဆွေမျိုးများကို လိုက်ပို့ချိန်တွင် လမ်းဘေးမှ လူလိမ်များထံမှ အလိမ်ခံရပြီးသောအခါတွင်တော့ ကျင်းနျဉ်သည် မိဘများအား ကျန်းလင်မြို့တွင် အိမ်ဝယ်ရန် အတင်းအကျပ် တိုက်တွန်းခဲ့တော့သည်။
ကျန်းလင်မြို့သည် ကျန်းဟူမြောက်ပိုင်းနယ်ထဲတွင် ရှိသည့် မြို့တစ်မြို့ဖြစ်သည်။ ခမ်းနားထည်ဝါသည့်နေရာတွင် လင်းကျယ်နယ်ထဲရှိ ဟန်ကျိုမြို့၊ ဖင်ကျန်းမြို့တို့နှင့် မနှိုင်းသာလှသော်လည်း သူ့ဟာနှင့်သူ အချက်အချာကျသော နေရာတစ်ခု ဖြစ်နေဆဲသာ။ “အိမ်ခြေသိန်းချီရှိကာ မန်ဒါရင်ဘဲများနှယ် အရောင်အသွေးစုံလင်သော အုတ်ကြွပ်မိုး အိမ်ခေါင်မိုးများနှင့် လှပစည်ကားလှသောမြို့၊ ညည့်ယံအထိပင် လှည်းသံတညံညံမြည်သောမြို့” ဟုပင် တင်စားခေါ်ဝေါ်ကြသေးသည်။
ထို့အပြင် မြောက်ဘက်ပိုင်းနှင့် တောင်ဘက်ပိုင်းမှလာသော သင်္ဘောများအားလုံး ဖြတ်သန်းသွားလာရာ နေရာလည်းဖြစ်သည်။ အထူးသဖြင့် သူ(မ)တို့နေထိုင်သည့် တောင်ဘက်မြစ်ကမ်းပါးနားသည် “သင်္ဘောရော၊ လှည်းများပါ” ဆုံစည်းရာနေရာဟု လူသိများလေသည်။
ဝေ့ရှုန်းက မြို့ပေါ်တွင် ဆိုလျှင် မြို့သားများက သူ့ကို အထင်သေးမည်စိုး၍ မြို့ပြင်ဘက်တွင်သာ အိမ်ဝယ်ချင်ခဲ့သည်။ သို့သော် ကျင်းနျဉ်ကတော့ ကျန်းလင်မြို့၏ မြို့လယ်ခေါင်တွင်သာ အိမ်ဝယ်ရန် တိုက်တွန်းခဲ့၏၊ သူ(မ)တို့အနေဖြင့် အိမ်ကြီးအိမ်ကောင်းမျိုး မဝယ်နိုင်ရာ အခန်းနှစ်ခန်း၊ ဧည့်ခန်းနှင့် မီးဖိုးချောင်ကျဉ်းကျဉ်းလေးတစ်ခုသာပါသည့် နွမ်းနွမ်းပါးပါး အိမ်လေးတစ်လုံးသာ ဝယ်ခဲ့ရသည်။
ယင်းအိမ်လေးကိုပင် ဒင်္ဂါးတွဲ တစ်ရာ့ရှစ်ဆယ် ပေးခဲ့ရ၏။ ဝေ့ရှုန်းသည် ထိုနှစ်များအတွင်း ဒင်္ဂါးတွဲနှစ်ရာသာ စုမိခဲ့သည်။ ကျင်းနျဉ်၏မိဘများသည် ကျန်သည့်ဒင်္ဂါးတွဲများထဲမှ သုံးတွဲကို သူ(မ)၏အိပ်ခန်းအတွက် ရက်ရက်ရောရော သုံးပေးခဲ့သည်။ ထိုအခန်းထဲတွင် ခုတင်တစ်လုံး၊ အပေါ်ယံဆေးများပင် ကွာကျနေပြီဖြစ်သည့်အံဆွဲပါ ဗီဒိုလေးတစ်ခုနှင့် ထောင့်တစ်ဖက်ကျိုးနေသည့် စားပွဲခုံလေးတစ်ခုံတို့ ပါ၏။
သူ(မ)က ဖခင်ဖြစ်သူကို အတင်းအကျပ် ငွေသုံးခိုင်းခဲ့ခြင်းတော့ မဟုတ်ရပါ။ သူ(မ)၏ ဖခင်က ငွေကို ထိန်းသိမ်းတတ်သူမဟုတ်၍သာ ထိုသို့လုပ်ခဲ့ရခြင်း ဖြစ်သည်။ မဟုတ်ပါက ထိုသူ၏မိဘဘိုးဘွားများနှင့် ဆွေမျိုးများက ဂုတ်သွေးစုပ်သွားပေလိမ့်မည်။ အိမ်ဝယ်ထားခြင်းကမူ ပိုင်ဆိုင်မှု ခိုင်မာစေသည်ပင်။
ဤသို့ဖြင့် သူ(မ)တို့ ကျီမင်လမ်းမတွင် နေထိုင်ရင်း သုံးနှစ်ကြာလာပြီးသောအခါ လော့ယွီသည် ကျင်းနျဉ်၏ မောင်လေးကို မွေးဖွားခဲ့ပြီး ယခုဆိုလျှင် အသက်သုံးနှစ်ပင် ရှိချေပြီ။ သူ(မ)တို့မိသားစုလေးယောက်တွင် သုံးယောက်က အလုပ်လုပ်ကြ၏။ သူ(မ)၏ဖခင်က ရထားလုံးမောင်းပြီး တစ်လလျှင် ဒင်္ဂါးတွဲတစ်တွဲလောက် ရှာနိုင်သည်။ မိခင်ဖြစ်သူကမူ သူ(မ)မောင်လေးကို ခေါ်သွားကာ တည်ခိုခန်းတစ်ခု၏ မီးဖိုဆောင်တွင် အလုပ်လုပ်သည်။ ကျင်းနျဉ်ကိုယ်တိုင်ကတော့ ချည်ပန်းထိုးသည့်လုပ်ငန်းတွင် အလုပ်သင် လုပ်နေ၏။
အလုပ်သင်များသည် စစချင်းလုပ်သည့် သုံးနှစ်တွင် လစာမရကြဘဲ တစ်နှစ်လျှင် ဝတ်စုံအသစ် တစ်စုံစီသာ ရသည်။ ကျင်းနျဉ်ကတော့ ကံကောင်းခဲ့သည် ဆိုရမည်။ သူ(မ) ချည်းပန်းထိုးသည့် အလုပ်ကို စလုပ်သည့်အချိန်တွင် ကျန်သည့်သူများက တစ်နှစ်ဝန်းကျင်လောက် အတွေ့အကြုံ ရှိနေကြပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ(မ)က စာရေး၊ စာဖတ်ရသောကြောင့် ဆိုင်ရှင်က သူ(မ)၏အလုပ်သင်ကာလကို နှစ်နှစ်သာ သတ်မှတ်ပေးခဲ့ပြီး၊ နှစ်နှစ်တာကာလပြီးသည်နှင့် ငွေရှာနိုင်ပြီ ဖြစ်၏။
ထို့ကြောင့် ယမန်နှစ်မှစ၍ သူ(မ) လစာ စတင်ရရှိခဲ့ပြီး မိသားစု၏ စားဝတ်နေရေးကို အနည်းငယ် ချောင်လည်စေခဲ့သည်။ သို့သော် ယင်းကလည်း ဝေ့မိသားစုမှ အဘိုးဖြစ်သူ မကွယ်လွန်ခင်အထိသာ ဖြစ်ခဲ့၏။ သူ(မ)တို့၏ အကြီးဆုံးဦးလေးက အိပ်ရာထဲလဲနေသည့် နာတာရှည်လူနာဖြစ်သောကြောင့် နာရေးစရိတ်အားလုံးကို သူ(မ)တို့ဖခင်ကသာ တာဝန်ယူပေးခဲ့ရသည်။
ဤသို့ဖြင့် နာရေးကာလပြီးဆုံးသွားသောအခါတွင်မူ ဝေ့မိသားစု ခက်ခက်ခဲခဲ စုဆောင်းခဲ့ရသည့် ငွေကြေးများက ကုန်လုနီးပါး ဖြစ်သွားခဲ့လေသည်။ ကျင်းနျဉ်၏ ကိုယ်ပိုင်စုဆောင်းငွေလေးများပင် ပါသွားခဲ့သေး၏။
ကျင်းနျဉ်တစ်ယောက် ဟိုတွေးဒီတွေးဖြင့် မှေးခနဲဖြစ်သွားသောအချိန်တွင် တံခါးခေါက်သံတစ်သံ ထွက်လာ၍ သူ(မ) နိုးသွားရ၏။ သူ(မ)လည်း ဖိနပ်အပါးလေးတစ်ရံကို စီး၍ တံခါးသွားဖွင့်လိုက်ရာ မိခင်ဖြစ်သူ တံခါးနားတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
လော့ယွီသည် အစိမ်းရင့်ရောင် ချည်သားအင်္ကျီနှင့် ဘောင်းဘီတို့ ဝတ်ထားပြီး အပြာရောင် မီးဖိုချောင်သုံးခါးစည်းကို ဝတ်ထားကာ အပွင့်အနုတ်များပါသည့် ဂွမ်းသားအပေါ်ထပ်ဝတ်စုံကို ထပ်ဝတ်ထားသည်။ ဦးခေါင်းတွင်မူ စန္ဒကူးရောင်ခေါင်းပေါင်းကို ပေါင်းထား၏။
“အမေ။”
ကျင်းနျဉ်က ခေါ်လိုက်သည်။
သူ(မ)၏အမေ လော့ယွီသည် အန်းလုမှဖြစ်ပြီး နွမ်းပါးသောမိသားစုမှ မွေးဖွားလာသူဖြစ်သည်။ သို့သော် သူ(မ)က ဖြူနစ်သောအသားအရေ၊ သွယ်လျသောခန္ဓာကိုယ်နှင့် နူးညံ့ရှည်သွယ်သော လက်ချောင်းလေးများကို ပိုင်ဆိုင်ထားကာ အလွန်လှပကြော့ရှင်းသူ ဖြစ်၏။ သို့ပေသည့် လူက ပန်းလေးတစ်ပွင့်နှယ် နုနယ်သော်လည်း ဒေါသကတော့ အတော်ကြီးသည်။ လျှာစောင်းအာစောင်းထက်လှကာ သူ(မ)ကို စော်ကားပြောဆိုသူမှန်သမျှကို လက်သည်းရှည်ရှည်များနှင့် ကုတ်ဆွဲတတ်သူဖြစ်၍ “ကျောက်စိမ်းလိုမျက်နှာလှလှနှင့် သားရဲမ” ဟုပင် နာမည်ပေးထားကြ၏။ လွန်ခဲ့သောရက်ပိုင်းလေးကပင် သူ(မ)အား အနှောင့်အယှက်လာပေးသည့် ဆွေမျိုးတစ်ယောက်အား ဓားနှင့်လိုက်ခုတ်ခဲ့သေးသည်။
တပ်ထဲတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ကြောက်မက်ဖွယ် သွင်ပြင်မျိုး ရှိနေသော်လည်း စိတ်ထားနူးညံ့လှသော ခင်ပွန်းဖြစ်သူ ဝေ့ရှုန်းနှင့်တော့ ဆန့်ကျင်ဘက်ပင်။ အနှီသူဆိုလျှင် သူစိမ်းများ၏ စကားကိုလည်း အလွယ်တကူ ယုံကြည်တတ်သေး၏။
လော့ယွီက ဆွေမျိုးများနှင့် မကြာခဏ ရန်ဖြစ်တတ်ပြီး၊ ဒေါသတကြီးနှင့် ခြိမ်းခြောက်တတ်သည် ဆိုသော်ငြား၊ မိသားစုအပေါ်တွင်တော့ အတော်လေး အလိုလိုက်တတ်သည်။ ယခုဆိုလျှင် ကျင်းနျဉ်က အသက်ဆယ့်နှစ်နှစ် ရှိနေပြီဆိုသော်လည်း သူ(မ)၏မိခင် အိမ်တွင်ရှိသောနေ့ဆိုလျှင် မနက်စာကိုပါ သူ(မ)ထံသို့ ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးတတ်လေ၏။
***
Aurora Novel Translation Team