no

Font
Theme

အပိုင်း (၇)

ဤသို့ဖြင့် သူ(မ)တို့ စောင့်ဆိုင်းနေခဲ့ကြရင်း မွန်းလွဲပိုင်းသို့အရောက်တွင်တော့ အစိမ်းရောင်နှစ်ဖက်လှပိုးသားအင်္ကျီလေးနှင့် အနီရောင် ပိုးသားစကတ်ကို တွဲဖက်ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး လျှောက်လာလေပြီ။ သူ(မ)က ဆံထိုးလေးနှစ်ချောင်း ပန်ဆင်ထားပြီး အထဲသို့မဝင်လာဘဲ တံခါးဝနားတွင်သာ ရပ်နေလျက် အင်္ကျီကော်လာကို ပြင်ဆင်နေ၏။ သခင်မချန်က အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“နှုတ်ခွန်းဆက်သပါတယ်ရှင်။”

ထိုအခါမှ မိန်းကလေးက ပြုံးလိုက်ပြီး ပြောသည်။

“ရှင်က အဒေါ်ဟယ် ပို့ပေးလိုက်တဲ့ ချည်ပန်းထိုးသမ မလား။ ကျွန်မနာမည်က ရန်ဟုန်ပါ။ သခင်မကြီးရဲ့ အပါးတော်မြဲအစေခံပါ။ သခင်မကြီးက ပြန်ရောက်နေပါပြီ၊ သူ(မ)လည်း ရှင်တို့ကို တွေ့ချင်နေပါတယ်။ ရှင်တို့လည်း ခရီဝေးကြီးကလာရတာဆိုတော့ ပင်ပန်းနေကြရောပေါ့။”

“မပင်ပန်းပါဘူးရှင်၊ အရာရှိအိမ်တော်က သင်္ဘောဆိုတော့ ခရီးတစ်လျှောက်လုံး ချောချောမွေ့မွေ့ ရှိခဲ့ပါတယ်။”

သခင်မချန်သည် ဟယ်မိသားစု၏ ချို့ယွင်းချက်များကို မပြောမိစေရန် ဂရုတစိုက်ဖြင့် ပြောလိုက်သည်။

ရန်ဟုန်က သူ(မ)တို့ကို လမ်းပြခေါ်ဆောင်ပေးလေ၏။ ကျင်းနျဉ်သည်လည်း သခင်မချန်၏ အနောက်မှ လိုက်လာခဲ့သည်။ လစာအရဆိုလျှင် သူ(မ)က တခြားသူများထက်များသဖြင့် အစဉ်လိုက်အတိုင်း လိုက်သွားလိုက်ခြင်း ဖြစ်၏။ ကျင်းနျဉ်မှာ ကျိုးအိမ်တော်၏ အသေးစိတ်ကျကျ မြင်ကွင်းများကို ကြည့်ခွင့်မသာသေးသော်လည်း၊ အုတ်ချပ်များ၊ အမိုးများနှင့် သစ်ပင်ပန်းမန်များ အားလုံးက တော်တော်လေး ထူးထူးခြားခြား ရှိကြောင်း ခံစားမိနေသည်။

သခင်မကျန်း၏ အဆောင်ထဲသို့ ဝင်လိုက်ပြီဆိုသည်နှင့် ပင်မအဆောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ထားသော လမ်းသွယ်လေးတစ်ခုရှိနေပြီး လမ်း၏တစ်ဖက်တစ်ချက်စီတွင် အပင်လေးများနှင့် စိမ်းစိမ်းစိုစို ရှိလှသည်။ အခန်းကျယ်ကြီးသုံးခန်း၏ ပြတင်ပေါက်များတွင်မူ တောက်ပသစ်လွင်နေသော ကိုရီးယားစက္ကူများ ကပ်ထားလေ၏။ တံခါးပေါက်မှ ဝင်လိုက်ပြီးသောအခါတွင်မူ အနီရောင်သစ်စေးသုတ်ထားသည့် ရှေးဟောင်းလက်ရာ အကာအရံတစ်ခု ရှိနေသည်။ ထိုအကာအရံ၏နောက်မှ အစေခံလေးတစ်ယောက်က အနီရောင်သိုးမွေးလိုက်ကာကို မတင်လိုက်သောအခါ လုံချွမ်းရှိဖိုများမှ ထွက်သော အမွှေးတိုင်ထွန်းအိုးတစ်ခုကို တွေ့လိုက်ရပြီး၊ အမွှေးနံ့သာငွေ့လေးများက လေထဲတွင် ဝေ့ဝဲပျံတက်နေကာ မွှေးပျံ့နေတော့သည်။

သူ(မ) သေသေချာချာ မကြည့်ရသေးမီမှာပင် ရန်ဟုန်က ဦးညွှတ်အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။

“သခင်မ၊ ချည်ပန်းထိုးသမတွေ ရောက်နေပါပြီ။”

သခင်မချန်က ဦးဆောင်ကာ ဦးညွှတ်လိုက်ရာ အားလုံးလည်း လိုက်ပါဦးညွှတ်လိုက်ကြသည်။ သူ(မ)က ပြော၏။

“သခင်မကြီးကို ဦးညွှတ်အရိုအသေပြုပါတယ်။”

“ထပါ၊ မြန်မြန်ထချေ။ ဟယ်မိသားစုရဲ့ သမီးကြီးအတွက် ရှင် ချုပ်ပေးထားတဲ့ ဝတ်စုံကို ကျွန်မ မြင်ဖူးပါတယ်။ အဲဒီဝတ်စုံကို တော်တော်လေး သဘောကျတယ်။”

ကျန်းသခင်မက လေးဆယ်ပြည့်ခါနီးဟု ဆိုကြသော်လည်း၊ သူ(မ)က ဦးချိုပုံအဆင်တန်ဆာနှင့် ဆံပင်ကို လှပတင့်တယ်စွာ ထုံးဖွဲ့ထားပြီး ဘဲဥပုံ မျက်နှာဝိုင်းဝိုင်ကလည်း လှပနေဆဲပင်။ သူ(မ) လက်ကို မြှောက်လိုက်သောအချိန်တွင် ပန်းခက်ပုံ လက်ကောက်တစ်ကွင်း ဝတ်ထားကြောင်း တွေ့လိုက်ရ၏။ ဇာပနပွဲသို့ သွားထား၍ဖြစ်ပေမည် သူ(မ)၏ ဝတ်စုံက ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ ရိုးရိုးရှင်းရှင်း လက်ဝကျယ်ပုံစံ ပိုးထည်အင်္ကျီကိုသာ ဝတ်ဆင်ထားသော်လည်း ခါးတွင် ပတ်ထားသော ပိုးသားခါးပတ်ကမူ ခမ်းနားထည်ဝါနေခဲ့၏။

ကျင်းနျဉ်လည်း သခင်မချန်နှင့်အတူ မတ်တတ်ရပ်နေခဲ့သည်။ သခင်မချန်သည် သခင်မကျန်းနှင့် ရိုကျိုးစွာ စကားတချို့ ပြောနေခဲ့ပြီးနောက် သူ(မ)တို့ကို မိတ်ဆက်ပေးလေ၏။

“ဒီမိန်းကလေးတွေက ငယ်ရွယ်သေးတယ်ဆိုပေမဲ့ သူ(မ)တို့တွေက စကားပြောတတ်ပြီဆိုတည်းက အပ်ကိုင်လာကြတဲ့ သူတွေပါ။ သူ(မ)တို့ရဲ့ အချုပ်အလုပ်အရည်အချင်းနဲ့ ချည်ပန်းထိုးတဲ့အရည်အချင်းတွေကတော့ တကယ်ကို ပြိုင်စံရှားပါပဲ။ ကျင်းနျဉ်ဆိုရင် ပန်းပုံတွေ ငှက်ပုံတွေ ထိုးနိုင်ရုံတင်မကဘဲ ကျမ်းစာတွေကိုပါ ရေထိုးနိုင်တာပါ။ ရှန်ကျယ်ကတော့ ဖင်ကျန်းနယ်ရဲ့ ရိုးရာချည်ပန်းထိုးနည်းတွေပါ တတ်ထားပြီး “သားမြေးရာထောင်ချီ” ဆိုတဲ့ စောင်တွေပါ ချည်ပန်းထိုးနိုင်ပါတယ်။ မနှစ်ကဆိုရင် ချောင်လျန်ရဲ့ “နဂါးနဲ့ ဇာမဏီ” စောင်တွေက ကျန်းလင်မှာ ရောင်းမလောက်အောင်ကို ဖြစ်ခဲ့တာပါ။ ပြီးတော့ ရွှမ်အာရဲ့ ရှုခင်းပုံ လိုက်ကာတွေကလည်း နာမည်ကြီးခဲ့ပါတယ်။”

“ကျွန်မတို့ဆီမှာလည်း အိမ်တော်ခွဲတိုင်းမှာ အပ်ချုပ်သမတွေ ရှိပါတယ်။ ဒါပေမဲ့ သူ(မ)တို့တွေက သာမန်အဖာအထေးလောက်လေးတွေပဲ လုပ်တတ်တာဆိုတော့ အဝတ်အထည်တွေအတွက်ကျ အမြဲလိုလို အပြင်က အပ်ချုပ်သမတွေကိုပဲ ငှားရတယ်လေ။ အခုတော့ ရှင်တို့ ရောက်လာပြီဆိုတော့ ကျွန်မတို့လည်း အလုပ်မပိုရတော့ဘူးပေါ့လေ။ နှစ်သစ်ကူးလည်း နီးပြီဆိုတော့ ဆောင်းတွင်းဝတ်စုံတွေအတွက်လည်း ရှင်တို့ပဲ တာဝန်ယူပေးရတော့မယ်။ ရှင်တို့တွေရဲ့လက်ရာကို သဘောကျတယ်ဆိုရင်တော့၊ ဆုလာဘ်တွေ ပေးမှာပါ။”

သခင်မကျန်း၏စကားက လူတိုင်းကို စိတ်ကျေနပ်သွားစေ၏။ ကျင်းနျဉ်လည် အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။

ရန်ဟုန်က သူ(မ)တို့သုံးယောက်အား သခင်မကျန်းနေသည့် ပင်မဆောင်၏ အနောက်မှ အဆောင်များဆီသို့ ခေါ်ဆောင်သွားပြီး အခန်းသုံးခန်းကို သူ(မ)တို့အတွက်ဟု သတ်မှတ်ပေးကာ အလယ်ခန်းကိုတော့ အပ်ချုပ်ခန်းအဖြစ် သုံးရန် ပြောသည်။

"အနောက်ဘက်က အဆောင်မှာ နေတဲ့သူတွေက သခင်မကျန်းကို ခစားတဲ့သူတွေပဲ။ ရှင်တို့ချည်ပန်းထိုးမဲ့နေရာကတော့ အသစ်ထပ်တိုးထားတာပေါ့။ ဘေးဘက်မှာက လက်ဖက်ရည်သောက်တဲ့နေရာ၊ အရှေ့ဘက်မှာတော့ နှစ်ထပ်သိုလှောင်ရုံတစ်ခု ရှိတယ်။ ရေအိမ်ကတော့ အဲဒီ သိုလှောင်ရုံရဲ့ ဘေးမှာ။ အစားအသောက်အတွက်ကိုက ပင်မဆောင်ရဲ့ မီးဖိုဆောင်ကနေပဲ သွားယူရမယ်။ တစ်နေ့ကို နှစ်ယောက်စီ အလှည့်ကျ သွားယူကြပေါ့။ ခဏနေကျရင် ကျွန်မဆီကနေ အစားအသောက်ထည့်ဖို့ ဘူးတွေ လာယူလိုက်ကြ။ အာ ကျွန်မက အရှေ့ဆောင်ရဲ့ ဘေးခန်းမှာ နေတယ်။ အဒေါ်ချန်၊ ရှင်ခေါ်လာတဲ့ အချုပ်သမလေးတွေက အပျိုအရွယ်လေးတွေဆိုတော့ အကြောင်းကိစ္စမရှိဘဲ အပြင်ထွက်တာမျိုး မဖြစ်သင့်ဘူးနော်။ အိမ်ထောင်သည်အမျိုးသမီးတွေ မကြာခဏ လာလည်တာမျိုးလည်း မဖြစ်စေနဲ့။”

သခင်မချန်လည်း နားလည်ပါကြောင်း ပြောလိုက်သည်။

ရန်ဟုန်က အတော်လေး စဉ်းစားဉာဏ်ရှိသူပဲဟု ကျင်းနျဉ် တွေးနေမိသည်။ အပျိုလေးများနေသည့် အဆောင်သို့ အိမ်ထောင်သည်အမျိုးသမီးများ မကြာခဏ မလာသင့်ပေ၊ မဟုတ်ပါက သူ(မ)တို့က မလျော်ကန်သောစကားများ ဆိုလာနိုင်ပေသည်။

“လက်ဖက်ရည်ခန်းထဲမှာ နေ့တိုင်း လက်ဖက်ရည်တွေ၊ မုန့်တွေနဲ့ ဆေးဝါးတွေ ပြင်ဆင်ပေးထားတယ်။ ညနေဘက် ရေချိုးချင်တယ်ဆိုရင်လည်း အဲဒီကနေပဲ ရေနွေးသွားယူလို့ရတယ်။ တော်တော်ကို အဆင်ပြေပါတယ်။”

ထို့နောက် ရန်ဟုန်က ဆက်ပြော၏။

“ရှင်တို့ငါးယောက်က ပင်မအိမ်တော်ကြီးအတွက် ချုပ်စရာတွေအားလုံးကို လုပ်ပေးရမယ်။ တခြားအိမ်တော်ခွဲတွေမှာက သူ့လူနဲ့သူ ရှိပြီးသား။ ကျွန်မတို့တွေ မနေ့ကတင် ပွဲစားဝမ်ဆီကနေ အစေခံတွေ ထပ်ခေါ်ထားသေးတယ်။ အဲဒီထဲကနှစ်ယောက်ကို ဒီမှာ အဝတ်လျှော်တာတို့၊ အဝတ်ဖာထေးတာတို့ ကူလုပ်ပေးဖို့အတွက် လွှတ်ပေးလိုက်မယ်။”

ကျင်းနျဉ် တအံ့တဩဖြင့် ပြောလိုက်မိသည်။

“ဒီအိမ်တော်က အစေခံတွေအများကြီး ခေါ်ထားတာလား။”

ရန်ဟုန်က ပြုံးလိုက်ကာ

“အစ်မတို့ အိမ်တော်မှာက သခင်မလေး လေးယောက်တောင်ရှိတာလေ။ အခုဆို အားလုံးက အရွယ်ရောက်နေပြီဆိုတော့ သူ(မ)တို့ကို ခစားရမဲ့ အစေခံတွေ လိုလာပြီပေါ့။”

ရန်ဟုန်ထွက်သွားသောအခါတွင်တော့ အားလုံးသည် အိမ်တော်မှ စီစဉ်ပေးသည့် အစီအစဉ်များအား တအံ့တဩ ပြောနေကြတော့သည်။ ထို့နောက် မကြာမီပင် ရန်ဟုန်သည် အရပ်ရှည်ရှည် ပိန်သွယ်သွယ် အစေခံမလေးတစ်ယောက်နှင့်အတူ ပြန်ရောက်လာခဲ့ပြီး၊ နှစ်ယောက်လုံး၏ လက်ထဲတွင်လည်း အထုပ်အပိုးများ သယ်လာလေသည်။ ကျင်းနျဉ်တို့အတွက် အဝတ်အစားများ ဖြစ်ပေမည်။

“ကျွန်မကလည်း သခင်မကျန်းကို ခစားရတဲ့ အစေခံပါ။ ကျွန်မကို လုရင်းလို့ ခေါ်လို့ရပါတယ်။”

ကျင်းနျဉ်နှင့် ကျန်သည့်မိန်းကလေးများအားလုံးက တစ်ပြိုင်နက်တည်း ခေါ်လိုက်ကြ၏။

“မမလုရင်း။”

လုရင်းက ရန်ဟုန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ပြုံးကာ ပြောလိုက်သည်။

“အားလုံးက ရုတ်တရက်ကြီး ရောက်လာကြတာဆိုတော့ အစ်မတို့လည်း သေချာ မပြင်ဆင်ထားရသေးဘူး။ အိမ်တော်ကအစေခံတွေ အားလုံးက နွေဦးနှင့် ဆောင်းဦးအတွက် အဝတ်အစားနဲ့ ဖိနပ် နှစ်စုံစီ၊ ဆောင်းတွင်းအတွက် နှစ်စုံစီ ရကြတယ်။ သခင်မကြီးက သိပ်ကို ရက်ရောတဲ့သူပါ။ အခုလည်း အားလုံးအတွက် အဝတ်အစားတွေ ရွေးပေးဖို့ ခိုင်ထားတယ်။ ဒါကတော့ အစ်မတို့ရဲ့ အဝတ်အစားတွေပါ၊ ညီမလေးတို့ စိတ်မရှိဖို့ မျှော်လင့်ပါတယ်။”

အားလုံးက စိတ်မရှိကြောင်း ပြန်ဖြေလိုက်ကြသည်။ ကျင်းနျဉ်မှာ ယခုမှသာ စိတ်အေးစွာ သက်ပြင်းချလိုက်မိတော့၏။ အနည်းဆုံးတော့ သူ(မ)တို့ကို ခွဲခြားဆက်ဆံခြင်း မလုပ်ကြပေ။ ဤနေရာသည် အံ့ဩဖွယ်ကောင်းစွာပင် သူ(မ) မျှော်မှန်းထားသည်ထက်တော့ အဆင်ပြေနေပေ၏။

ကျင်းနျဉ်က ခဲရင့်ရောင် ဂွမ်းသားဘောင်းဘီတစ်ထည်၊ အပြာရင့်ရောင်အင်္ကျီတစ်ထည်နှင့် မီးခိုးပြာရောင် အပေါ်ထပ်အင်္ကျီတစ်ထည် ရရှိသည်။ သူ(မ) အဝတ်အစားများကို သေချာကြည့်လိုက်သောအခါ အဝတ်များက တော်တော်လေးလတ်သေးပြီး အသစ်နီးပါးပင်။ သူ(မ)လည်း နောက်ထပ်တစ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်၏။

အစေခံနှစ်‌ယောက် ထွက်သွားသောအခါတွင်မူ၊ ဘေးဘက် လက်ဖက်ရည်ခန်းမှ အစေခံများက မုန့်နှင့် လက်ဖက်ရည်တို့ လာပို့ပေးရင်း ပြုံးရွှင်စွာဖြင့် ပြောလာကြသည်။

“အားလုံးက နေ့လယ်စာစားချိန်ကို လွတ်သွားကြပြီဆိုတော့၊ လောလောဆယ် ဒီမုန့်လေးတွေပဲ စားထားလိုက်ကြနော်။”

သခင်မချန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် တံခါးပိတ်သွားသောအခါမှ သူ(မ)က ကျင်းနျဉ်နှင့် ကျန်သည့်မိန်းကလေးများအား ပြောလေ၏။

“ငါက အပြင်ဘက်က အစေခံအဆောင်မှာ နေမှာ။ မင်းတို့တွေက ဒီမှာရှိတဲ့အခန်းနှစ်ခန်းမှာ နေရမှာ။ ဒါကြောင့် အတွင်းဘက်အခန်းမှာ ကျင်းနျဉ်နဲ့ ချောင်လန်တို့ နေပြီး အပြင်ဘက်အခန်းမှာ ရှန်ကျယ်နှင့် ရွှမ်အာတို့ နေလိုက်ကြ။ မင်းတို့လေးယောက်လုံးက အတူတူလာကြတာဖြစ်ပြီး၊ အရင်တည်းကလည်း ဆိုင်တစ်ဆိုင်တည်းမှာ အလုပ်လုပ်ခဲ့ကြတဲ့သူတွေနော်။ အခု ငါက မင်းတို့ကို ခေါ်လာခဲ့ပြီး ဒီအိမ်တော်က လူတွေက ဘယ်လောက်အထိ စိတ်ထားကောင်းပြီး ရက်ရောကြပြီဆိုတာလည်း တွေ့ပြီးကြပြီ။ ဒီတော့ မင်းတို့သာ အလုပ်ကို ကောင်းကောင်းလုပ်မယ်ဆိုရင် ဒီမှာ အမြဲတမ်း အလုပ်လုပ်နိုင်လိမ့်မယ်။ အပြင်မှာထက်စာရင် ဒီမှာလုပ်ရတာက ပိုပြီး အာမခံချက်ရှိတယ်လေ၊ ဟုတ်တယ်မလား။ ဒါပေမဲ့ မင်းတို့ဘက်က ညံ့ဖျင်းပြီး တခြားသူတွေကိုပါ ဒုက္ခရောက်စေမယ်ဆိုရင်တော့ ငါတို့တွေပါ အဲဒီအကျိုးဆက်တွေကို ခံရလိမ့်မယ်။ ဒီတော့ ငါတို့တွေက သေလည်းအတူ ရှင်လည်းအတူဆိုတာကို မြဲမြဲမှတ်ထားကြချေ။ တခြားသူရဲ့အမှားက ငါနဲ့မဆိုင်ပါဘူးဆိုတာမျိုး ဘယ်တော့မှ မလုပ်နဲ့၊ အဲလိုလုပ်လို့ကတော့ အားလုံး ဒုက္ခရောက်သွားလိမ့်မယ်။”

ကျင်းနျဉ်နှင့် ကျန်သည့်မိန်းကလေးများအားလုံး အလျင်အမြန် ခေါင်းညိတ်လက်ခံလိုက်ကြသည်။ သူ(မ)တို့ နည်းနည်းလေးမှကို မပေါ့ဆဝံ့ကြတော့ချေ။

ချန်နျဉ်က ဆက်ပြော၏။

“ပြီးတော့ ခုနတုန်းက ရန်ဟုန်နှင့် လုရင်းတို့က ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို ကြည့်ပြီး သူ(မ)တို့က သဘောကောင်းလိုက်တာလို့ ထင်မနေကြနဲ့။ အဲဒါ မင်းတို့က အရည်အချင်းရှိလို့သာ အဲလို ဆက်ဆံတာ။ အခုလေးတင် အသစ်ခေါ်လာတဲ့ အစေခံမလေးတွေကို ကြည့်လိုက်ကြ….သူ(မ)တို့ အပြစ်လုပ်မိပြီဆိုတာနဲ့ အစေခံခေါင်းဆောင်တွေက သူ(မ)တို့ကို နှင်းတောထဲမှာ အုတ်ခဲကျိုးတွေပေါ် ဒူးထောက်ခိုင်းပြီး အပြစ်ပေးတာ။ မင်းတို့တွေလည်း ဒီအိမ်တော်ကို ရောက်လာကြပြီဆိုတော့၊ အပြစ်ပေးခံရမယ်ဆိုရင် ဒီလိုပဲ အပြစ်ပေးခံရမှာ။”

ထိုအခါမှသာ ကျင်းနျဉ် နားလည်သွားတော့သည်။ သူ(မ)တို့တွင် တန်ဖိုးရှိသော အတတ်ပညာရှိနေပြီး၊ လူတိုင်းက သူ(မ)တို့၏ အချုပ်အလုပ်အရည်အချင်းပေါ် အမှီသဟဲပြုကြရမည် ဖြစ်၍သာ လက်ဖက်ရည်ဆောင်မှ အစေခံများ၊ အစေခံကြီးများက သူ(မ)တို့အပေါ် ဖော်ရွေနေကြခြင်း ဖြစ်သည်။ သူ(မ)တို့၏ အသုံးဝင်မှုကသာလျှင် အကြောင်းအရင်းတစ်ခု ဖြစ်ပေ၏။ သို့သော် သူ(မ)တို့ကသာ အရည်အချင်း ရှိမနေပါက၊ ဘာအတတ်ပညာမှမရှိသည့် အစေခံမိန်းကလေးများသာ ဖြစ်နေပါက ဒူးထောက်ရမည်မျိုး၊ လက်ကိုအရိုက်ခံရမည်မျိုးတို့ကို ထိတ်လန့်ကြောက်ရွံ့နေရမည်မှာ ကြာပြီပင်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment