no

Font
Theme

အပိုင်း (၅)

ချင်းရွှမ်အာက သူ(မ)တို့ထံသို့ ပဲလှော်လက်တစ်ဆုပ်စာ ကမ်းပေးလာသည်။ ဖန်းချောင်လျန်က အနည်းငယ် ယူလိုက်ပြီး ဆို၏။

“ခုနတုန်းက နင့်ကို လူတစ်ယောက် လိုက်ပို့ပေးတာ တွေ့လိုက်တယ်၊ အဲဒါ နင့်အစ်မလား။ သူ(မ)က တော်တော်လေး လှတယ်နော်။”

ချင်းရွှမ်အာ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားခဲ့ပြီး

“အဲဒါ ငါ့အစ်မ အရင်း မဟုတ်ပါဘူး။”

“နင်နဲ့ ဝမ်းကွဲတော်တာလား။”

ကျင်းနျဉ်ကလည်း ပဲလှော်လက်တစ်ဆုပ်စာကို လှမ်းယူလိုက်ပြီး၊ သူ(မ)ယူလာခဲ့သည့် မုန့်များကိုပါ အားလုံးကို ဝေမျှပေးရန် ပြင်လိုက်သည်။

သို့သော် ချင်းရွှမ်အာက ပြန်ဖြေလာခဲ့၏။

“မဟုတ်ဘူး၊ အဲလိုလည်း မဟုတ်ဘူး။ ငါ့အဖေ သက်ရှိထင်ရှားရှိနေတုန်းက သူက ကူစူးဒေသရဲ့ အရာရှိငယ်လေးလေ။ ငါ ခုနစ်နှစ်သမီး အရွယ်မှာ အဖေ ဆုံးသွားတော့ အမေက သူ(မ)ရဲ့ဇာတိဖြစ်တဲ့ ကျန်းလင်ကို ပြန်လာပြီး နောက်အိမ်ထောင် ပြုခဲ့တာ။ ငါကတော့ တစ်ဦးတည်းသောသမီးပေမဲ့၊ ငါ့ပထွေးမှာက သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိတယ်။”

“ဒါဆို နင်က အရာရှိမိသားစုက လူပေါ့။ ဒါကြောင့် နင့်ရဲ့ အဝတ်အစားတွေက ငါတို့နဲ့မတူတာကို။”

ကျင်းနျဉ်သည် ရုတ်တရက် နားလည်သွားဟန်နှင့် ပြောလိုက်သည်။

ချင်းရွှမ်အာက ဖွဖွလေး ပြုံးလျက် ပြောလေသည်။

“ဘာကို အရာရှိမိသားစုလဲဟာ။ ငါ့ရဲ့အဖေက ရာထူးနိမ့်တဲ့ အရာရှိငယ်လေးတစ်ယောက်ပါ။ ဒါပေမဲ့ ငါ့အမေ အခုမိသားစုနဲ့ နောက်အိမ်ထောင်ပြုပြီးတဲ့အခါကျ ကျွေးရမွေးရမဲ့ ပါးစပ်ပေါက်တွေ များလာပြီ အိမ်စားရိတ်ကလည်း အကုန်အကျများလာတယ်။ ဒီအဝတ်အစားတွေကလည်း ငါ့အမေရဲ့ ခန်းဝင်ပစ္စည်းတွေပါ။ ငါသာ မဝတ်ဘူးဆိုရင်၊ သူများက ယူဝတ်သွားလောက်ပြီမို့သာ။”

ကျင်းနျဉ်က သက်ပြင်းချလိုက်ရင်း

“ဒါကြောင့်ကိုး။”

မိသားစုတစ်စုတွင် အိမ်ထောင်ဦးစီး မရှိတော့ဘဲ အမျိုးသမီးကလည်း အရာရာကို မထိန်းသိမ်းတတ်ဘူး ဆိုပါက၊ ငွေကြေးဥစ္စာ ရှိနေလျှင်ပင် တဖြည်းဖြည်းနှင့် ကုန်ခမ်းသွားလိမ့်မည်သာ။

ချင်းရွှမ်အာက အတွေ့အကြုံများပြီး ပါးနပ်သူဖြစ်လေရာ၊ စကားလမ်းကြောင်းလွှဲပြီး ကျင်းနျဉ်ကို မြှောက်ပင့်ပြောလိုက်သည်။

“နင့်မိသားစုကလည်း တော်တော်လေး အဆင်ပြေပုံ ရပါတယ်။ အိမ်ပိုင်လည်း ရှိသလို၊ ရထားလုံးလည်း ရှိတယ်လေ။”

“ပြောမနေပါနဲ့ဟာ။”

ကျင်းနျဉ်က သူ(မ)၏အခြေအနေကို ညည်းညည်းတွားတွားလေး ပြောလိုက်သည်။

“အဲဒီအိမ်ကို ဝယ်ပြီးတော့ ငါတို့မှာ ငွေတောင်မကျန်တော့ဘူးလေ။ နောက်ဆုံး ငါ့မိဘတွေ နည်းနည်းလောက် စုမိဆောင်းမိလေး ဖြစ်လာတဲ့အခါကျ ငါ့အဘိုးက ဆုံးသွားခဲ့တယ်။ အဲဒီတော့ အကုန်လုံးကို အဘိုးရဲ့နာရေးမှာ သုံးလိုက်ရတော့တာပဲ။ ငါ့အဘွားတော့ ရှိသေးတယ်၊ သူ(မ)က ငါ့ဦးလေးနဲ့အတူနေတာ။ ဒါပေမဲ့ ငါ့အဖေက အဘွားဆီကို လစဉ် ထောက်ပံ့ငွေပို့ပေးရတယ်လေ။ ငါ့အမေဆို စိတ်တွေတိုနေတော့တာ။ ငါတို့တွေလည်း ခြိုးခြိုးခြံခြံနဲ့ နေရတာပါဟာ။ အဲလိုသာဖြစ်မနေရင် ဘာလို့များ သူများစီမှာ အစေခံသွားလုပ်မှာတဲ့လဲ။”

ကျင်းနျဉ်သည် သူတစ်ပါး မနာလိုမည် စိုးရိမ်၍ အဆင်ပြေလွန်းဟန်လည်း မပြခဲ့သလို၊ အထင်အမြင်သေးကာ ခိုးနိုးနိုး ဝှက်နိုးနိုး အထင်ခံရမည်စိုး၍ နွမ်းပါးလွန်းသယောင်လည်း မပြောခဲ့ချေ။ သူ(မ)သည် ထိုအချက်ကို ခါးသီးမှုများမှတစ်ဆင့် သင်ခန်းစာရခဲ့ခြင်း ဖြစ်လေ၏။

ယခင် သူ(မ)၏ဖခင် တော်ဝင်အစောင့်တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အခါက၊ ကျင်းနျဉ်သည်လည်း မိန်းကလေးများတက်သည့် ကျောင်းတော်တစ်ခုတွင် တက်ခဲ့ရပြီး၊ ထိုကျောင်းတော်တွင် လူချမ်းသာမိသားစုများ၏သမီးများနှင့် ပညာတတ်မိသားစုများ၏ သမီးများလည်း တက်ရောက်ကြလေသည်။ သူ(မ)ဘက်က ပွင့်လင်းစွာနှင့် ဖခင်ဖြစ်သူက မြို့စောင့်တပ်သားဘဝမှ ရိုးရိုးကုပ်ကုပ် စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောမိခဲ့သဖြင့်၊ အထင်အမြင်သေးကာ အားလုံး၏ပစ်ပယ်ခြင်းကို ခံခဲ့ရဖူး၏။

ကျန်းရှန်ကျယ်က ဝင်ဖြတ်ပြောလာသည်။

“ငါ့မှာတော့ အဲလို ဆွေမျိုးတွေနဲ့ပတ်သက်တဲ့ ပြဿနာမျိုးတွေ မရှိဘူး။ ငါ့ရဲ့အဘိုးအဘွားတွေကလည်း ဆုံးပါးသွားကြတာ ကြာပြီ။ ငါ့အဖေကလည်း ငါ့အမေထက် ဆယ့်ရှစ်နှစ်တောင် ကြီးတာ။”

“နင့်အမေက အသက် ဘယ်နှနှစ် ရှိပြီလဲ။”

ကျင်းနျဉ်က မေးလိုက်၏။

“ငါ့အမေက အသက် သုံးဆယ်ပဲ ရှိသေးတာ။”

ကျန်းရှယ်ကျယ်က ပြုံးလျက်နှင့် ဆိုသည်။

ကျင်းနျဉ်က ခေါင်းတညိတ်ညိတ် လုပ်နေရင်း

“ဒါဆို နင့်အမေက ငါ့အမေနဲ့ အသက်အတူတူလောက်ပဲပေါ့။ ဒါပေမဲ့ နင်က ချည်ပန်းထိုးပညာကို ဘယ်လိုသင်ခဲ့တာလဲ။ အစ်မချင်းကကျ မိသားစုမျိုးရိုးရှိတာလေ။ သူ(မ)ရဲ့အမေက စုကျိုမြို့မှာ ချည်ပန်းထိုးပညာ သင်ထားခဲ့တာ။ နင်လည်း ငါ့လိုပဲ ဟိုသင်ဒီသင်ပဲလား။”

ရှန်ကျယ်က ခေါင်းလေးတဆတ်ဆတ် ခါပြရင်း

“အဲလိုတော့ မဟုတ်ဘူး။ ငါ့အမေက ရက်ကန်းရက်တတ်တယ်လေ။ ငါ့အဖေကတော့ လယ်စိုက်တာပေါ့။ ငါက အမေ့ဆီကနေ ရက်ကန်းရက်သင်ထားခဲ့တာ။ ပြီးတော့ ငါတို့အိမ်နားမှာ ဆရာဖုန်းဆိုတဲ့သူရှိတယ်၊ သူစာသင်တာကို ခိုးနားထောင်ရင်း စာသင်ခဲ့တာ။ နောက်တော့ ဆရာဖုန်းရဲ့ဇနီးဆီမှာပဲ အပ်ချုပ်ပညာ သင်ခဲ့တယ်လေ။ ငါက အသက်သုံးနှစ်လောက်တည်းက အပ်ကိုင်တတ်နေပြီ။”

“ငါကတော့ ငါးနှစ်မှ စကိုင်ခဲ့တာ။ နင့်ထက် နှစ်နှစ် နောက်ကျတယ်။”

ဖန်းချောင်လျန်က ခပ်အေးအေး ဝင်ပြောသည်။

“ငါ့အမေက အတတ်ပညာတွေ ဘယ်လောက်ပဲတတ်ထားပါစေ၊ တော်လွန်းတတ်လွန်းနေတယ်ဆိုတာမျိုး ဘယ်တော့မှ မရှိဘူး ဆိုပြီး အမြဲတမ်း ပြောခဲ့တာလေ။ အဲဒါကြောင့် ငါ့ကိုလည်း ငယ်ငယ်တည်းက တခြားသူတွေဆီမှာ ပညာသင်ခိုင်းခဲ့တာ။”

ဖန်းချောင်လျန်၏မိခင်က မုဆိုးမတစ်ယောက်ဖြစ်ပြီး ရုံးတော်တွင် အောက်ခြေသိမ်းအလုပ်များ လုပ်ကိုင်ကာ အတော်လေး ရုန်းကန်ရရှာကြောင်းကို ချန်နျဉ်ကျစ် ပြောထား၍ အားလုံး သိထားကြသည်။

လူတိုင်းတွင် ကိုယ့်အပူနှင့်ကိုယ် ရှိကြသလို၊ မိသားစုတိုင်းတွင်လည်း အခက်အခဲကိုယ်စီ ရှိကြသည်သာ။

ဤသို့ဖြင့် နေ့လယ်ခင်းသို့ ရောက်ချိန်တွင်မူ၊ ကျင်းနျဉ်သည် သူ(မ)၏အိမ်မှ လုပ်ပေးလိုက်သည့် မုန့်များကို ဝေမျှပေးလိုက်ပြီး တစ်ယောက်ကို ကြက်ဥတစ်လုံးစီပါ ဝေပေးလိုက်သည်။ ဖန်းချောင်လျန်ကလည်း သူ(မ)၏မိခင် ထည့်ပေးလိုက်သည့် ရုံးတော်မှ မုန့်များကို ပြန်လည်ဝေမျှပေးခဲ့၏။

သခင်မချန်သည် သင်္ဘောခန်း၏အပြင်ဘက်မှနေ၍ အထဲမှ မိန်းကလေးများ၏ စကားပြောသံများကို ကြားလိုက်ရသဖြင့် တစ်ကိုယ်တည်း ပြုံးလိုက်မိပြီးနောက်၊ ဟယ်မိသားစုမှ အစေခံများနှင့် စကားပြောရန်အတွက် ထွက်လာခဲ့တော့သည်။ ဟယ်မိသားစုသည် မြို့တော်သို့ ရာသီပေါ်လက်ဆောင်များ ပို့ပေးရန်အတွက် ထိုသင်္ဘောကို ငှားရမ်းထားခဲ့ခြင်း ဖြစ်လေ၏။

သခင်မချန်သည် ဟယ်မိသားစုနှင့်အတူ အဖော်ပြုလိုက်ပါလာခဲ့သည့် အဒေါ်တုနှင့် စကားပြောနေ၏။

“ဒီကလေးမလေးတွေက အခုမှ အိမ်ကနေ ပထမဆုံး ထွက်လာဖူးကြတာဆိုတော့၊ ခက်ခဲကြရှာမှာပဲ။ သင်္ဘောနဲ့ခရီးသွားနေကျ ကျွန်မတို့လိုတော့ အသားကျနေကြမှာ မဟုတ်ဘူး။”

“ရှင် စိုးရိမ်လွန်နေတာပါရှင်။”

အဒေါ်တုက ခပ်ငေါ့ငေါ့ ပြောသည်။

“အထက်တန်းလွှာတွေကြား ရောက်သွားပြီဆိုတာနဲ့ အိမ်ကိုတောင် မေ့သွားကြတော့မှာ။ ပြန်တောင် ပြန်ချင်ကြတော့မှာ မဟုတ်ဘူး။ ကျွန်မစကားကို မှတ်ထားချေ။”

အဒေါ်တုမှာ ဟယ်မိသားစု၏ အစေခံခေါင်းဆောင်တစ်ယောက်ဖြစ်သဖြင့်၊ သူ(မ)ကိုယ်သူ(မ) လူကဲခတ်တော်သူဟု ထင်မှတ်ကာ ဘဝင်မြင့်နေသူဖြစ်သည်။

သခင်မချန်က ပြုံးလိုက်ပြီး

“အဲဒီကလေးမလေးတွေက ကျွန်မခေါ်လာတဲ့သူတွေဆိုတော့၊ ကျွန်မနဲ့ အတူတူ အလုပ်လုပ်ကြရမှာ။ အလုပ်ကို နှောင့်နှေးစေမဲ့သူတွေ မဟုတ်ဖို့ပဲ မျှော်လင့်နေရတယ်။ ဒါပေမဲ့ အဒေါ်လည်း ကျွန်မကို သင်ပြစရာရှိတာကို သင်ပြပေးပါဦး။ ဘာမှမသိဘဲနဲ့ ကျိုးအိမ်တော်ထဲသို့ မသွားချင်လို့ပါ။”

သခင်မချန်က လှည့်စားတတ်ဟန်လည်း မရသလို မောက်မာထောင်လွှားဟန်လည်း မရှိသောကြောင့် အဒေါ်ကြီးတုသည် နည်းနည်းလောက် ဟန်ထုတ်ကာ သူ(မ) သိတတ်ကြောင်း ကြွားဝါရန် ပြင်လိုက်သည်။

“ကျိုးမိသားစုက ကူစူးကလာတဲ့ ပညာတတ်မျိုးရိုးပဲ။ အဖေဖြစ်သူ သခင်ကြီးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတော့ သူက မုဆိုးမအမေကြီးရဲ့လက်ထဲမှာ ကြီးပြင်းခဲ့ရတာ။ နောက်တော့ သူ့ရဲ့အရည်အချင်းကြောင့် ကျစ်ကျန်းနန်းဆောင်မှာ တာဝန်ထမ်းဆောင်တဲ့ ပညာရှိအမတ်ကြီးဟန်ရဲ့ သမီးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်လေ။ သခင်မဟန်က သားနှစ်ယောက် မွေးခဲ့ပြီး ဆုံးပါးသွားတော့ သခင်ကြီးကျိုးက သူ(မ)ရဲ့ညီမနဲ့ လက်ဆက်ခဲ့ပြီး နောက်ထပ် သမီးလေးတစ်ယောက် မွေးခဲ့တယ်။”

“အခုတော့ သခင်ကြီးကျိုးက ချွမ်ကျိုမြို့မှာပဲ ဆုံးပါးသွားခဲ့ပါပြီ။ လက်ရှိ အိမ်တော်သခင်ကြီးရာထူးကို ရထားတဲ့ အကြီးဆုံးသားကလည်း နန်းတွင်းစာမေးပွဲကို အောင်ထားတာ၊ အတော်လေး အရည်အချင်းရှိတယ်။ သူက သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့သမီး ကျွန်မတို့ရဲ့ သခင်မလေးကျန်းနဲ့ လက်ထပ်ထားတာလေ။ ငါတို့ ကျန်းမိသားစုကလည်း တစ်ချိန်က အမတ်ချုပ်ကြီးအိမ်တော် ဖြစ်ခဲ့တာဆိုတော့ တကယ်ကို ဂုဏ်ချင်းတူတဲ့ ပေါင်းစပ်မှုပဲပေါ့။ ဒုတိယသားကလည်း အရာရှိတစ်ယောက်ပဲ၊ သူက စာပေလေ့လာရတာ သဘောကျတဲ့သူ မဟုတ်ပေမဲ့ ထက်ထက်မြက်မြက်ရှိတယ်။ သူကလည်း ပညာတတ်မိသားစုရဲ့ သမီးလေးတစ်ယောက်နဲ့ပဲ လက်ထပ်ထားတာ။ ကိုယ်လုပ်တော်ကမွေးတဲ့ အငယ်ဆုံးသားကတော့ အိမ်တော်ရဲ့ကိစ္စတွေကို စီမံရတာပေါ့။ ရှင်တို့သွားရမှာက အကြီးဆုံးသားရဲ့အိမ်တော်ကို သွားရမှာ။ သခင်မကျန်းမှာက တော်ဝင်ကျောင်းတော်မှာ ပညာသင်နေတဲ့ သားတစ်ယောက်ရှိတယ်။ ပြီးတော့ သမီးလေးနှစ်ယောက်လည်း ရှိတယ်။ ရှီရှီနဲ့ ဟွေ့ဟွေ့လို့ ခေါ်တယ်။ ကိုယ်လုပ်တော် နှစ်ယောက်လည်း ရှိသေးတယ်။ တစ်ယောက်က တတိယသမီးဖြစ်တဲ့ လင်းလင်းကို မွေးထားပြီး၊ တစ်ယောက်ကတော့ စတုတ္ထသမီး စုစုကို မွေးထားတာ။ တတိယသမီး လင်းလင်းရဲ့အမေက အရင်တုန်းက သခင်မကျန်းနဲ့အတူ ပါလာတဲ့ အစေခံမလေးလေ။ သူတို့တွေရဲ့ အကျင့်စရိုက်တွေကတော့ ကျွန်မလည်း သုံးလေးငါးနှစ်နေမှ တစ်ခါလောက် တွေ့ရတာဆိုတော့ သိပ်မသိဘူး။”

ချန်နျဉ်ကျစ်က အားလုံးကို မှတ်သားထားလိုက်ပြီး တအံ့တဩနှင့် ပြောလိုက်လေသည်။

“ကျိုးမိသားစုက တော်တော်လေး ခမ်းနားပြီး မိသားစုဝင်များတယ်နော်။ ကျွန်မက လူများတာကို မစိုးရိမ်ပါဘူး။ အချင်းချင်း မသင့်မြတ်ကြမှာကိုပဲ စိုးရိမ်မိတာ။”

အဒေါ်ကြီးတုက လက်တခါခါနှင့် ဆို၏။

“ကိစ္စမရှိပါဘူး။ ရှင်တို့ ချည်ပန်းထိုးဆိုင်ကလူတွေအတွက်က သီးသန့်နေရာပေးထားမှာဆိုတော့၊ ခေါင်းငုံ့ပြီး အလုပ်လုပ်နေကြရုံပဲ။ ပြီးတော့ ရှင်တို့ကိုက ပင်မအိမ်တော်ကြီးကနေ ငှားထားတာဆိုတော့ ဘယ်သူမှ အနှောင့်အယှက် ပေးရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မ သတိတော့ပေးလိုက်ဦးမယ်။”

သခင်မချန်မှာ စိုးရိမ်စိတ်ကြောင့် ခန္ဓာကိုယ်ပင် တန့်ခနဲ ဖြစ်သွားရ၏။

“ဆက်ပြောပါဦးရှင်၊ ကျွန်မမှာ အဒေါ့်အတွက် အရက်ကောင်းကောင်းတစ်အိုး ပါလာပါတယ်။”

“သခင်မကျန်းရဲ့သားက အိမ်ထောင်ဖက်ရှာရမဲ့အရွယ်ရောက်နေပြီဆိုတော့၊ သူ(မ)က သားဖြစ်သူကို အတော်လေး တင်းတင်းကျပ်ကျပ် စောင့်ရှောက်နေတာ။ အမျိုးတွေရဲ့ သမီးတွေကိုတောင် အနားကပ်မခံဘူး။ ကျွန်မ သတိပေးချင်တာက ရှင်ခေါ်လာတဲ့ ကလေးမလေးတွေက ရည်မှန်းချက်တွေ ရှိနေပုံပဲ။ မိုက်မဲတဲ့လုပ်ရပ်မျိုးသာ လုပ်မိလို့ကတော့ လုပ်အားခမပေးဘဲ ပြန်လွှတ်လိုက်တာလောက်က ကံကောင်းတာလို့ မှတ်ထားလိုက်နော်။ အဆိုးဆုံးအခြေအနေမျိုးဆို မျက်နှာကို စုတ်ပျက်သွားအောင် ရိုက်တာမျိုးထိ ဖြစ်နိုင်တာ၊ အဲလိုအချိန်ကျ ဘယ်သူမှလည်း တောင်းပန်ပေးလို့မရဘူး။”

ထို့နောက်တွင်မူ အဒေါ်တုမှာ အရက်၏အရှိန်ကြောင့် စကားများက ဗလုံးဗထွေး ဖြစ်လာခဲ့ပြီး နောက်ဆုံးတော့ မူးကာ ထိုင်ခုံပေါ်တွင်သာ အိပ်ပျော်သွားတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment