အပိုင်း (၆)
ညည့်နက်လာပြီဖြစ်၍ ကျင်းနျဉ် မျက်ဝန်းများ မှိတ်ထားလိုက်သည်။ သူ(မ)မှာ တက္ကသိုလ်အဆောင်တွင် နေခဲ့ရသည့် နေ့ရက်များသို့ ပြန်ရောက်သွားသည့်နှယ် ခံစားနေရ၏။ သူ(မ) မကူးပြောင်းလာသေးခင် ကာလများမှ အကြောင်းများကို ပြန်တွေးနေမိသည်။ ထိုစဉ်က သူ(မ)သည် အိမ်အတွက် ချေးငွေများကို စောစော ပေးချေပြီးစီးခဲ့ပြီး အိမ်ကို ပြန်လည်ပြင်ဆင်နေချိန်ဖြစ်၏။ သို့သော် သူ(မ) ထိုအိမ်သို့ မပြောင်းရွှေ့ရသေးခင်မှာပင် မည်သို့မည်ပုံမသိ နောက်ထပ်ဘဝသစ်တစ်ခုဆီသို့ ကူးပြောင်းလာခဲ့ရသည်။
သူ(မ)က ယခင်ဘဝကလည်း လမ်းခုလတ်ရောက်ခါမှ အလုပ်အကိုင်လမ်းကြောင်း ပြောင်းလဲလိုက်သည်မျိုး လုပ်ဖူးသည်သာ။ သူ(မ)သည် ကနဦးတွင် ကောလိပ်တစ်ခု၌ လူသိနည်းသည့် ဘာသာစကားတစ်ခုကို တက်ရောက်ခဲ့ပြီး၊ နောက်ပိုင်း ဇာတ်လမ်းတွဲများကို စွဲလမ်းလာမိသဖြင့် ဇာတ်ညွှန်းရေးသည့်ဘက်ကို လုပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ စစချင်းတွင် အချိန်ပိုင်းအလုပ်အဖြစ်သာ စတင်ခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် စတူဒီယိုတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့၏။ ဤသို့ဖြင့် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ပြီးနောက် သူ(မ)၏ဇာတ်ညွှန်းတစ်ခုက အတော်အသင့်လောက် အောင်မြင်သွားခဲ့သည်။ သို့သော် အွန်လိုင်းဝေဖန်ရေးသမားတစ်ယောက်က ရက်စက်စွာပင် သူ(မ)၏ဇာတ်ညွှန်းထဲမှ ဇာတ်ကွက်တစ်ခုချင်းစီတိုင်းကို နှိုက်နှိုက်ချွတ်ချွတ် ဝေဖန်အပြစ်တင်ခဲ့လေသည်။
ပို၍ဆိုးသွားရခြင်းမှာမူ ထိုဇာတ်လမ်းတွဲထဲတွင် ပါဝင်သရုပ်ဆောင်ထားသည့် နာမည်ကြီးသရုပ်ဆောင်တွင် Anti Fan အများအပြား ရှိနေခြင်းပင်။ ဝေဖန်အပြစ်တင်မှုများက တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး၊ သူ(မ) ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည့် အောင်မြင်မှုများအားလုံး ပျက်စီးသွားခဲ့ရသည်။ သို့သော် သူ(မ)က လက်မလျှော့ခဲ့ဘဲ ဆက်လက်ကြိုးစားခဲ့ရာ အတော်အသင့်သော ဝင်ငွေတစ်ရပ်ကို စုဆောင်းမိလာခဲ့၏။ နယ်မြို့လေးတွင် မွေးဖွားခဲ့သည့် သာမန်မိသားစုမှ မထင်မရှား မိန်းကလေးတစ်ယောက်က၊ မြို့ကြီးပြကြီးတွင် အိမ်တစ်လုံး ဝယ်နိုင်ခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။
ဟူး၊ အခုတော့လည်း အစက ပြန်စရပေဦးမည်။
သို့သော် ကျင်းနျဉ်သည် အလွယ်တကူ အရှုံးပေးတတ်သူတစ်ယောက် မဟုတ်ပေ။ လွန်ခဲ့သော နှစ်နှစ်တွင် သူ(မ)သည် မိသားစုကို ပုံမှန် ထောက်ပံ့ပေးနိုင်ခဲ့သည်။ သူ(မ)၏ တစ်နှစ်စာ လုပ်အားခက ဒင်္ဂါးရှစ်တွဲလောက် ရခဲ့ပြီး၊ ပိတ်ရက်တွင် လုပ်သည်များအတွက် အလုပ်ရှင်ပေးသည့် အပိုလုပ်အားခများနှင့် ပေါင်းလျှင် ဒင်္ဂါးတွဲဆယ်တွဲကျော်လောက်အထိ ရခဲ့၏။ သူ(မ)က ဒင်္ဂါးတွဲငါးတွဲကို မိသားစုထံ ပေးခဲ့ပြီး၊ ကျန်သည့်ဒင်္ဂါးတွဲများကိုမူ အပ်ချုပ်သမားတစ်ယောက်ထံတွင် အပ်ချုပ်သင်ရန် သုံးခဲ့သည်။ ယခုမူ သူ(မ)လက်ထဲ၌ ဒင်္ဂါးတွဲနှစ်တွဲသာ ကျန်တော့၏။
ထို့နောက် သူ(မ) တစ်ဖက်သို့လှည့်လိုက်ကာ အလျင်အမြန်ပင် အိပ်ပျော်သွားတော့သည်။
သင်္ဘောပေါ်တွင် နေရသည့် နေ့ရက်များက အလွန်ပျင်းရိဖွယ် ကောင်းလှ၏။ သင်္ဘောက ယမ်းနေသောကြောင့် စာဖတ်ရန်နှင့် အချုပ်အလုပ်လုပ်ရန်က ခက်ခဲပေရာ၊ အားလုံးမှာ အိပ်လိုက် စကားပြောလိုက်နှင့်သာ အချိန်ကုန်နေရသည်။ ဟယ်မိသားစုမှ ချက်ပြုတ်မည့်သူတစ်ယောက် ငှားရမ်းလာခဲ့ရာ သူ(မ)တို့လည်း သင်္ဘောပေါ်တွင်သာ စားရသည်။ နေ့လယ်စာမှာ ထမင်း၊ ဂေါ်ဖီချဉ်နှင့် တိုဟူးတို့ ဖြစ်၏။ ဂေါ်ဖီထဲတွင် သဲများပါ ပါနေရာ ကျင်းနျဉ်မှာ တူနှင့် ဂရုတစိုက် ဖယ်ထုတ်နေရသည်။
ချင်းရွှမ်အာက ဒေါသတကြီးဖြင့် တူကို လွှင့်ပစ်လိုက်ရင်း
“သဲတွေတောင် ဝါးမိကုန်ပြီ!”
“ဟုတ်ပနော်။ ငါတို့တွေ ချည်ပန်းထိုးရုံမှာ စားခဲ့ရတဲ့ အသီးအရွက် အနွမ်းတွေထက်တောင် ဆိုးနေသေးတယ်။”
ဖန်းချောင်လျန်ကလည်း ထောက်ခံ၏။
ကျင်းနျဉ်လည်း ထိုအတိုင်းသာ ခံစားနေရ၏။ သူ(မ)၏မိခင်က အချက်အပြုတ် ကောင်းမွန်သူဖြစ်သည်။ သို့သော်လည်း ယခုတော့ သူ(မ)လည်း ဘာမှမတတ်နိုင်ပါ။ သူ(မ)အိမ်မှယူလာသည့် ချဉ်ဖတ်များကိုသာ ထုတ်ကာ ထမင်းနှင့် စားလိုက်သည်။
“အွန်း၊ ငါ့အမေ ထည့်ပေးလိုက်တဲ့ မုန်လာချဉ်လေးက ချိုချိုချဉ်ချဉ်လေးပဲ။ ဒီဟင်းရည်နဲ့တွဲစားရင် အတော်လေး စားကောင်းတယ်။”
ချင်းရွှမ်အာ ရယ်သာရယ်လိုက်မိတော့၏။
“နင်က ဘာလို့များ ဘာစားစား စားကောင်းတယ်ပဲ ပြောနေတာလဲ။”
ကျင်းနျဉ်က ရှက်ရွံ့ဟန်လေးနှင့် ရယ်လိုက်ပြီး
“ငါက အစားသိပ်မရွေးတတ်လို့ပါ။ အဲဒါကြောင့်လည်း ရေသောက်ရင်တောင် ဝနေတာ။”
ထိုစကားက အမှန်ပင် ဖြစ်၏။ သူ(မ)သည် တစ်နှစ်ပတ်လုံး ချဉ်ဖတ်များနှင့် စားခဲ့ရသည်မျိုးပါ ရှိခဲ့ဖူးသည်။ သူ(မ)၏ မိခင် ညည်းညည်းညူညူ လုပ်နေချိန်တွင်ပင် သူ(မ)က မညည်းမညူ စားနိုင်ခဲ့သည်။
“ကျင်းနျဉ်၊ နင် ချည်ပန်းထိုးရုံကို စရောက်ခါစတုန်းကပုံကို ငါ မြင်ဖူးတယ်။ နင်က အရင်တုန်းက မျက်စိကျစရာပုံစံလေးပါ။ နင်သာ ပိန်သွားရင် ကြည့်ကောင်းမှာ သေချာတယ်။”
ဖန်းချောင်လျန်က စိတ်အားထက်သန်စွာ ပြောလေသည်။
ကျင်းနျဉ်က ရယ်သာရယ်နေကာ ခေါင်းခါပြလိုက်သည်။ သူ(မ)သည် ယခင်ဘဝက ပေါင်သုံးဆယ်လောက်အထိ ကိုယ်အလေးချိန် တက်လာခဲ့၍ ကိုယ်အလေးချိန်ချရန် ဆုံးဖြတ်ခဲ့ဖူးသည်။ သို့သော် ရယ်ချင့်စဖွယ်ကောင်းစွာပင် ထိုသို့ ကိုယ်အလေးချိန် များလွန်းနေခြင်းကပင် သူ(မ)၏အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်ပေ၏။ သူ(မ) ကားတိုက်ခံရစဉ်က ခြေချင်းဝတ်သာ လည်သွားခဲ့ပြီး အခြားဒဏ်ရာအနာတရ မရခဲ့ပေ။ ထိုကိစ္စဖြစ်ပြီးနောက် ကျင်းနျဉ်သည် နေကောင်းကျန်းမာနေသရွေ့ သူ(မ)၏ဖြစ်တည်မှုကို လက်ခံနိုင်ခဲ့သည်။
ထို့အပြင် ကျိုးအိမ်တော်တွင် နေမည်ဆိုပါက သူ(မ)၏ ရွက်ကြမ်းရေကျို ရုပ်ရည်ကသာ သူ(မ)အတွက် အားသာချက် ဖြစ်ပေလိမ့်မည်။
ထိုစဉ်တွင် ကျန်းရှန်ကျယ်တစ်ယောက် ကျင်ငယ်အိုး သွားသွန်ရာမှ ပြန်ရောက်လာပြီး မကျေမနပ် ပြောလေသည်။
“ငါတို့တွေက ဟယ်မိသားစုက အဆိုးဆုံးဆိုတဲ့ အစားအသောက်တွေကို စားနေရတာပဲ။ ကျိုးအိမ်တော်ကို လိုက်မဲ့ အစေခံခေါင်းဆောင်တွေဆိုရင် ဟင်းပွဲလေးမျိုးနဲ့ စွပ်ပြုတ်တစ်ခွက်စီ ရကြတာ။ အဒေါ်တုဆိုရင် ဟင်းပွဲဆယ်မျိုးတောင် ရတာ။ ဒေါ်ဒေါ်ချန်တောင် ဟင်းပွဲတွေ အများကြီးရတယ်။ ငါ ချောင်းကြည့်လိုက်တာလေ အသားလုံးကြော်ကြီးတွေဆိုတာ ကြွပ်ရွနေတာပဲ။”
“ကြပ်ရွနေသည်” ဆိုသည်မှာ သူ(မ)တို့ဒေသ၏အခေါ်အဝေါ်အရဆိုလျှင် ခြောက်သွေ့၍ ကြွပ်ရွသည်အထိ ဆီပူပူဖြင့် ကြော်ထားခြင်း ဖြစ်လေသည်။
ထိုအပြောက ကျင်းနျဉ်ကို သွားရည်များပင် ယိုလာစေ၏။ ဖန်းချောင်လျန်က ဆက်ပြောလေသည်။
“ငါတို့က ဟယ်မိသားစုရဲ့ အစေခံတွေမှ မဟုတ်ပဲလေ။ အခုလို မကောင်းတဲ့အစားအသောက်တွေ စားရတာတောင် ကျေးဇူးတင်ရဦးမယ်။ သခင်မနဲ့ ရင်းနှီးတဲ့ အစေခံတွေနဲ့ အပါးတော်မြဲ အစေခံတွေပဲ အစားသောက်ကောင်းတွေ ရကြတာ။ ကျိုးအိမ်တော်အကြောင်းကိုတော့ ငါလည်း သိပ်မသိပါဘူး၊ ဒါပေမဲ့ ဟယ်မိသားစုမှာကတော့ အဲဒီအတိုင်းပဲ။”
မိန်းကလေး လေးယောက်ထဲတွင် ဖန်းချောင်လျန်၏ အမေက လူချမ်းသာအိမ်တော်များတွင် အလုပ်လုပ်ဖူးသဖြင့်၊ သူ(မ)ကသာ ထိုသူတို့အကြောင်းကို နားအလည်ဆုံး ဖြစ်သည်။
အစားအသောက်နှင့်ပတ်သက်လျှင်ပင် အဆင့်အတန်း ခွဲခြားမှုများ ရှိ၏။ ဖန်းချောင်လျန်က ဆက်ပြောသည်။
“ကိုယ့်ရဲ့သခင်မက မျက်နှာသာပေးခံရတဲ့သူ ဟုတ်၊ မဟုတ် အပေါ်မှာလည်း ကွာခြားချက်တွေ ရှိသေးတယ်။ စာရင်းဇယားတွေထဲမှာတော့ လစာက တူသယောင်ဆိုပေမဲ့ တကယ်တမ်းကျ အများကြီး ကွာတယ်။ သူတို့ရဲ့လစာက ငါတို့လောက် မများဘူးဆိုပေမဲ့ သူတို့တွေက သခင်မတွေဆီကနေ အဝတ်အစားတွေ၊ လက်ဝတ်လက်စားတွေနဲ့ ဆုငွေတွေ ရကြတယ်။ ပြီးတော့ အိမ်တော်ကနေပဲ မျိုးရိုးစဉ်ဆက် မွေးလာတဲ့ အစေခံတွေကိုဆိုရင် အိမ်တော်ဘက်ကပဲ မင်္ဂလာစားရိတ်တွေ၊ အသုဘစားရိတ်တွေပါ အကုန်အကျ ခံပေးတာ။”
အားလုံးက တအံ့တဩနှင့် ငြိမ်သက်စွာ နားထောင်နေကြသည်။ ကျင်းနျဉ်ကတော့ ထိုသဘောကို ကောင်းစွာ နားလည်သည်။ ယင်းက အစိုးရအလုပ်တွင် လုပ်သည်နှင့် ပုဂ္ဂလိကကုမ္ပဏီများတွင် လုပ်သလို ကွာခြားမှုမျိုးပင်။ အစိုးရအလုပ်လုပ်သူများသည် လစာ နည်းသည်ဟု ထင်ရနိုင်သော်လည်း၊ အိမ်ရာပေးခြင်းနှင့် လူမှုဖူလုံရေး ထောက်ပံ့ကြေးများ ရနိုင်သလို အလုပ်အကိုင်နှင့် ပတ်သက်၍လည်း အာမခံချက် ရှိသည်။ ပုဂ္ဂလိကကုမ္ပဏီများမှာမူ အလုပ်အကိုင်နှင့်ပတ်သက်၍ အာမခံချက် မရှိချေ။ လစာများသည်မျိုးလည်း ရှိနိုင်သလို၊ လစာနည်းပါးသွားသည်မျိုးလည်း ရှိကာ ရေရေရာရာ မရှိလှချေ။
ခရီးသွားနေစဉ်အခါတွင် အားလုံးက ငွေကြေးကို ဂရုတစိုက်သာ သုံးစွဲကြသည်။ ကျင်းရှီ တောင်ဘက်ပိုင်းမှ ရှန်းကျိုသို့ ရောက်၍ သင်္ဘောကမ်းကပ်သောအခါတွင် ကျင်းနျဉ်သည် ဒင်္ဂါးတစ်ပြားနှင့် ပေါက်စီနှစ်လုံး ဝယ်လိုက်ပြီး၊ နောက်ထပ် အင်္ဂါးတစ်ပြားနှင့် ချောင်းဆိုးပျောက်ဆေး ဝယ်လိုက်ကာ၊ ချဉ်ဖက် ဒင်္ဂါးတစ်ပြားဖိုးလောက်လည်း ဝယ်ခဲ့သည်။
ကံကောင်းသည်မှာ ကျင်းရှီ တောင်ဘက်ပိုင်းမှ ထွက်ခွာလာပြီးနောက်တွင် ဟယ်နန်နယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး မကြာမီပင် ပျန့်ကျင်းသို့ ရောက်လာခဲ့လေသည်။ သူ(မ)တို့သည် သင်္ဘောပေါ်မှ ဆင်း၍ ရထားလုံး ပြောင်းစီးလာခဲ့ပြီး မြို့တော်၏စည်ကားသိုက်မြိုက်ပုံကို တမေ့တမော ငေးမောကြည့်နေမိကြတော့၏။ လမ်းတစ်လျှောက်တွင် ခမ်းနားလှသော မုခ်ဦးများနှင့် မျှော်စင့်မြင့်ကြီးများကိုလည်း တွေ့ရသည်။ အစေခံများက တံခါးဝနားတွင် ရပ်ပြီး ဧည့်သည်များကို နှုတ်ဆက်ဦးကြို ပြုနေကြကာ၊ အပြာရောင်ပန်းပွင့်လေးများ ပန်ဆင်ထားသည့် ဧည့်ကြိုမိန်းကလေးများကလည်း အရက် ငှဲ့ပေးသူက ငှဲ့ပေး စွပ်ပြုတ်ထည့်ပေးသူက ထည့်ပေးဖြင့် အလုပ်များနေကြလေသည်။ တည်းခိုဆောင်ကြီးများတွင်သာမကဘဲ၊ ဆိုင်ငယ်လေးများတွင်ပင် လူများဖြင့် စည်ကားလျက် ရှိနေ၏။
“ပျန့်ကျင်းက ငါတို့ရဲ့ဇာတိ ကျန်းလင်ထက် တော်တော်လေးကို စည်ကားတာပဲနော်။”
ကျန်းရှန်ကျယ်က သက်ပြင်းချရင်း ပြောလိုက်သည်။
ကျင်းနျဉ်လည်း ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံလိုက်၏။
သူ(မ)တို့ ဗဟိုလမ်းမကြီးကို ဖြတ်လျှောက်လာကြပြီး မြောက်ဘက်ရှိ မာကျင်းဈေးလမ်းထဲသို့ ချိုးကွေ့ဝင်လိုက်ကြသည်။ ထိုလမ်းထဲတွင်မူ တစ်ဆိုင်နှင့်တစ်ဆိုင် ကပ်နေသော ဆေးဆိုင်များ ရှိလေသည်။ အမျိုးသမီးကျန်းမာရေးအတွက် သီးသန့်ဖွင့်ထားသော ဆေးဆိုင်များ၊ ကလေးငယ်လေးများအတွက် ဆေးဆိုင်များ ဟူ၍ အသီးသီးဖွင့်ထားကြပြီး နားမကြားသူများအတွက် ဆေးဆိုင်ဟူ၍ပင် ရှိသေးသည်။ ဈေးလမ်းတစ်လျှောက်မှ သမားတော်များမှာလည်း ရွှေအနားကွပ်ထားသော ခရမ်းရောင်ဝတ်စုံများ ဝတ်ဆင်ထားကြပြီး ခမ်းနားထည်ဝါသော အသွင်အပြင်မျိုး ရှိကြလေသည်။
မိန်းကလေးတစ်စုမှာ ပျန့်ကျင်း၏ ရှုခင်းများကို ဆက်ကြည့်ချင်နေကြသေးသော်လည်း၊ မကြာမီပင် ဝူချွဲ့လမ်းမထက်မှ ကျိုးအိမ်တော်ဆီသို့ ရောက်လာခဲ့ကြလေပြီ။
ကျင်းနျဉ် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်၏။ သူ(မ)တို့အားလုံး သင်္ဘောပေါ်မှ မဆင်းခင်တွင် အဝတ်အစားများ လဲထားခဲ့ကြပြီး၊ သူ(မ)က ခရမ်းရောင် အပေါ်ထပ်အင်္ကျီလေးကို ဝဝ်ဆင်ထားသည်။ အနှီအင်္ကျီလေးမှာ သားမွေးအင်္ကျီတော့ မဟုတ်ဘဲ၊ သူ(မ)ငယ်စဉ်က ဝတ်ခဲ့သည့် အင်္ကျီအဟောင်းလေးမှ ဂွမ်းစများနှင့်သာ ပြန်ချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ကျင်းနျဉ်သည် ထိုအင်္ကျီလေးကို နို့နှစ်ရောင် စကတ်လေးနှင့် တွဲဝတ်ထားပြီး ခါးတွင်လည်း ကိုယ်တိုင်ချုပ်ထားသည့် ခါးစည်းလေးကို စည်းထားလေသည်။ ထို့နောက် ခေါင်းတွင်လည်း ဆံထုံးလေးနှစ်ထုံး ခွဲထုံးထားလေရာ သူ(မ)၏ ပုံစံလေးက ရိုးရိုးရှင်းရှင်းလေးနှင့် ကြည့်ကောင်းနေ၏။
သို့သော် ချင်းရွှမ်အာကတော့ ပို၍ ထင်ထင်ပေါ်ပေါ် ရှိလှသည်။ သူ(မ)က ရင်ခတ်ပန်းကဲ့သို့ အဝါရောင် အပေါ်ထပ်အင်္ကျီလေးနှင့် တရုတ်ဆီးသီးအဝါရောင် စကတ်ကို တွဲဖက်ဝတ်ဆင်ထားသည်။ ခေါင်းတွင်တော့ ဆံထုံးလေးနှစ်ဖက်သာ ခွဲထုံးထားပြီး ဂန္ဓမာပန်းလေးနှစ်ပွင့် ပန်ဆင်ထားလေရာ ချစ်စဖွယ်ပုံစံလေး ဖြစ်နေတော့၏။
သို့သော် သူ(မ)တို့ရောက်လာချိန်က အခါမသင့် ဖြစ်နေခဲ့လေသည်။ ကျိုးအိမ်တော်၏ သခင်မကြီးဖြစ်သည့် သခင်မကျန်း၏ ဝမ်းကွဲတစ်ယောက်၏ဇနီသည် ဆုံးပါးသွားသဖြင့် ဇာပနပွဲသို့ သွားနေကာ သူ(မ)၏ အပါးတော်မြဲအစေခံများကပါ သူ(မ)နှင့်အတူ လိုက်ပါသွားခဲ့ကြလေသည်။ သို့ဖြစ်ရာ ကျင်းနျဉ်နှင့် ကျန်သည့် ချည်ပန်းထိုးသမလေးများအားလုံး သခင်မချန်နှင့်အတူ အိမ်တော်၏ဘေးဘက် အဆောင်ကျဉ်းလေးထဲတွင်သာ နေရင်း စောင့်နေကြရသည်။
ကျင်းနျဉ်သည် ပဒေသရာဇ်စနစ်၏ ဖိနှိပ်မှုများကို ရိုက်နှက်ခြင်း၊ သို့မဟုတ် ဆူပူငေါက်ငမ်းနေခြင်းဟုသာ ထင်မှတ်ခဲ့ဖူး၏။ သို့သော် တကယ်တမ်းတွင်မူ သူ(မ)တို့သည် အိမ်တော်ထဲသို့ ဝင်လိုက်ချိန်မှ၍ စကားတစ်ခွန်းမှ မပြောဝံ့သလို၊ မလိုအပ်ဘဲ ခြေလှမ်းတစ်လှမ်းပင် မလှမ်းဝံ့ကြတော့ချေ။ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေရင်း တစ်ဖက်မှ ညွှန်ကြားလာမည်ကိုသာ စောင့်နေကြရပြီး အငြင်းစကားတစ်ခွန်းပင် မဆိုဝံ့ခဲ့ကြ။
အမှန်စင်စစ် ဖိနှိပ်ခြင်းမည်သည် လုံးလုံးလျားလျား ဥပေက္ခာပြုထားခြင်းမျိုးသာ ဖြစ်ပေ၏။
သူ(မ)တို့ စောင့်ဆိုင်းရင်းနှင့်သာ အချိန်တွေ ကုန်သွားရသည်။
ထို့အပြင် ရေအိမ်ဝင်ချင်လျှင်ပင် ဘယ်နားသွားရမည်မသိရာ တစ်ယောက်ယောက်ကို လမ်းပြပေးရန် အကူအညီတောင်းရမည်စိုးသဖြင့် ထိုနေရာတွင်သာ ထိုင်နေရင်း ဘာအစားအသောက်မှ မစားရဲမသောက်ရဲကြချေ။
***
Aurora Novel Translation Team