အပိုင်း (၄)
ကျန်းလင်၏ ဆောင်းရာသီ နေ့ရက်များသည် နေ့ဘက်တွင် နေသာသော်လည်း နံနက်မိုးသောက်ချိန်နှင့် ညနေခင်းများတွင်မူ ချမ်းအေးလှသည်။ ကျင်းနျဉ်က နက်ပြာရောင် အနွေးအင်္ကျီလေး ဝတ်ထားပြီး၊ ဆံပင်ကို ဆံထုံးလေးနှစ်ထုံး ထုံးထားကာ၊ မိဘများနှင့်အတူ ရထားလုံးပေါ်သို့ တက်လိုက်သည်။ ယနေ့မနက်တွင် တစ်မိသားစုလုံး သူ(မ)ကို လိုက်ပို့ကြလေ၏။
လော့ယွီသည် အိပ်ပျော်နေသည့်သားငယ်ကို ချီပွေ့ထားရင်း ရှေ့ရက်ကထက် မှာစရာများ များနေသည်။
“သမီးရဲ့ စိတ်ထဲရှိတဲ့အတိုင်း လူတိုင်းကို မပြောပြနဲ့နော်။ ကိုယ့်ခံစားချက်တွေကို ဘယ်တော့မှ အပြည့်အဝ မထုတ်ပြနဲ့။ အခုတစ်ခေါက် သမီးကို အစ်မကြီးချန်က ရွေးထားတဲ့ကိစ္စကို နောက်ဆုံးအချိန်အထိ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘဲ၊ ချည်းပန်းထိုးဆိုင်ကလူတွေပါ တစ်ယောက်မှမသိထားခဲ့တာ သိပ်ကို ကောင်းတယ်။ သမီး အရင်လိုသာ ပေါ့ပေါ့ဆဆ လုပ်ခဲ့မယ်ဆိုရင်၊ အကျိုးဆက်တွေကို ခံစားနေရလောက်မှာ။”
“သမီးနားလည်ပါတယ် အမေရဲ့။”
ကျင်းနျဉ်က တည်တင်းတင်းရုပ်လေးနှင့် ခပ်တိုးတိုး ပြန်ပြောလိုက်သည်။ မိခင်တစ်ယောက်ကသာလျှင် ဤသို့သော စစ်မှန်သည့် အကြံမျိုး ပေးမည်ဖြစ်၏။ သူ(မ)၏မိခင် ယခုကဲ့သို့ ပြောရခြင်းမှာ တစ်ခါက ကျင်းနျဉ် အလိမ်ခံခဲ့ရဖူး၍ ဖြစ်သည်။
ယခင်က၊ ချည်ပန်းထိုးဆိုင်မှ သခင်မဟူသည် အမှာစာများ လက်ခံထားခဲ့ပြီး ချည်ပန်းထိုးပုံစံများစွာကို ခေါင်းဆောင်ထံသို့ ခွဲဝေပေးခဲ့သည်။ ထိုပုံစံများအား လက်ရာကောင်းစွာ ထိုးနိုင်သူသည် နောင်တစ်ချိန်တွင် လူချမ်းသာအိမ်တော်များ၏ အဝတ်အထည်များကို ချုပ်လုပ်ပေးခွင့် ရမည်ဖြစ်၏။ သို့သော် ထိုခေါင်းဆောင်ဆိုသူသည် ချည်ပန်းထိုးပုံစံများကို ပန်းနှင့်ငှက်ဌာနရှိလူများအား အသိမပေးခဲ့ဘဲ သူ(မ)ကိုယ်တိုင်သာ တိတ်တဆိတ် လေ့ကျင့်နေခဲ့လေသည်။
အဆုံးတွင် ထိုခေါင်းဆောင်ဆိုသူ ရွေးချယ်ခံခဲ့ရခြင်း မရှိသော်လည်း၊ အနှီကိစ္စက ကျင်းနျဉ်ကို သတိရှိစေရန် သင်ခန်းစာပေးခဲ့သည်။ အကြောင်းမှာ ထိုအမျိုးသမီးက သူတစ်ပါးအပေါ် နွေးထွေးကြင်နာတတ်ကာ စိတ်နှလုံးကောင်းသူဟု သိထားသူဖြစ်၍ပင်။
ယင်းဖြစ်ရပ်က သင်ခန်းစာပေးခဲ့သည်မှာ၊ လူတစ်ယောက်က ဆယ်ပုံပုံလျှင် ကိုးပုံစာလောက်က ကြင်နာနွေးထွေးနေစေဦးတော့၊ အတွင်းစိတ်ထဲတွင် ဖုံးကွယ်ထားသည့် အတ္တစိတ်တစ်ပုံစာတော့ ရှိတတ်သည်သာ။ လှည့်ဖြားကောက်ကျစ်သော မြေခွေးတစ်ကောင်က သူတော်ကောင်းယောင် ဆောင်နေသည်မျိုးပင်။ အမှန်စင်စစ်မူ အပေါ်ယံအသွင်အပြင်များကလည်း လူတစ်ယောက်ကို လှည့်စားနိုင်ပေ၏။
ကျင်းနျဉ်တွင်လည်း မိခင်ဖြစ်သူကို မှာကြားစရာများ ရှိသေး၏။
“သမီး အမေတို့ဆီကို စာပို့မှာပါ။ ဒါပေမဲ့ စာက ရှုချည်ပန်းထိုးဆိုင်ကနေတစ်ဆင့် ပို့ရမှာဆိုတော့ လမ်းမှာ ကြားဖြတ်ဖတ်ထားမှာကိုတော့ စိုးရိမ်မိတယ်။”
“ဘာများ စိုးရိမ်နေစရာလိုလို့လဲ။ သမီးက မသင့်တော်တာတွေ ရေးမှာမျိုးမှ မဟုတ်တာ။”
လော့ယွီက ခပ်ပေါ့ပေါ့သာ ပြောလေ၏။
ကျင်းနျဉ်သည် မိခင်ဖြစ်သူက ပွင့်ပွင့်လင်းလင်းနေတတ်ကာ စိုးရိမ်ကြောင့်ကျနေတတ်သူမဟုတ်ကြောင်းကို သိသည်။ သို့သော် ထိုသို့နေ၍မရပါ။
“အမေ၊ သမီးက သမီးစုဆောင်းထားတဲ့ငွေတွေအကြောင်း ထည့်ရေးထားမယ်ဆိုရင်ရော။ ထားလိုက်ပါတော့၊ အမေ သမီးပြောတာကိုပဲ မှတ်ထားပေး။ လမ်းမှာ အခိုးခံရတာမျိုး ဖြစ်နေမှာစိုးလို့ သမီးက အိမ်ကို အမြဲတမ်း ငွေပို့ပေးနေမှာ မဟုတ်ဘူး။ အဝတ်အစားတို့ အသုံးအဆောင်ပစ္စည်းတို့ကိုတော့ သေချာထုတ်ပိုးပြီး ပို့ပေးလိုက်မယ်၊ ပြီးတော့ အဲဒီပို့လိုက်တာတွေကိုလည်း စာထဲမှာ သေချာရေးပေးလိုက်မယ်။ တစ်ခုခု ပျောက်တာမျိုးပဲဖြစ်ဖြစ်၊ ရောက်မလာတာမျိုးပဲဖြစ်ဖြစ်ဆိုရင် သူတို့ကို တာဝန်ယူခိုင်း။”
အငြင်းအခုန်လုပ်ရမည့်ကိစ္စအကြောင်း ပြောလိုက်သည်နှင့် လော့ယွီတစ်ယောက် မျက်ဝန်များ လက်ခနဲ ဖြစ်သွား၏။
ကျင်းနျဉ် ရယ်သာရယ်လိုက်မိတော့သည်။
မိသားစုလေးယောက်လုံး ဆိပ်ကမ်းသို့ ရောက်သောအချိန်တွင် ကောင်းကင်ယံတွင်ပင် မှောင်ရိပ်မပြယ်သေးပေ။ သခင်မချန်ပင်လျှင် ကသုတ်ကရက်နှင့် ရောက်လာမည့်ဟန် တူသည်။ လော့ယွီ ခင်ပွန်းနှင့် သမီးတို့ကို ဆူလိုက်တော့၏။
“ရှင်တို့နှစ်ယောက်က အမြဲတမ်းကို ပျာယာခတ်နေတာ၊ ကြောက်ရွံ့နေတဲ့ ကြောင်တွေလိုပဲ။ နောက်ကျမှ သွားမယ်ဆိုတာကို မဟုတ်ဘူး။ အတင်း အစောကြီးသွားချင်နေကြတာ။”
“အမေရယ်၊ သမီးတို့ ဒီအချိန်ရောက်နေတော့ ခရီးကို ချောချောမွေ့မွေ့သွားလို့ ရတာပေါ့။ နောက်ကျမှသာ ရောက်လာခဲ့ရင် လူများနေတော့မှာ။”
ကျင်းနျဉ်က ပြောပြီးသည်နှင့် ကျန်းလင်ဆိပ်ကမ်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် လေပြင်းများ တိုက်နေသဖြင့် ရထားလုံးလိုက်ကာကိုသာ ပြန်ပိတ်လိုက်ရ၏။
အပြင်ဘက်မှ ဝေ့ရှုန်းက လက်နှစ်ဖက်ကို ပွတ်နေရင်း သဘောတကျ ရယ်လိုက်ကာ
“ကျင်းနျဉ်ရယ် အဖေ အပြင်မှာ စောင့်နေပါတယ်။ ခေါင်းထုတ်ပြီး ကြည့်မနေနဲ့။”
ကျင်းနျဉ်လည်း ပြုံးလိုက်ပြီး
“သမီး ဒေါ်ဒေါ်ချန်နဲ့အတူ သင်္ဘောပေါ်တက်သွားပြီးရင်၊ အဖေတို့လည်း ဆိပ်ကမ်းမှာ မနက်စာ စားပြီးမှ ပြန်ကြနော်။ မောင်လေးက ဘဲသားခေါက်ဆွဲစားချင်နေတာ။”
လော့ယွီက ချက်ချင်း မေး၏။
“သမီး စားချင်နေတာလား။ သမီးရဲ့အဖေကို တစ်ပွဲ သွားဝယ်ခိုင်းလိုက်ရမလား။”
“မလိုပါဘူး အမေရယ်။ သမီးက ချည်ပန်းထိုးဆိုင်မှာ အလုပ်လုပ်တည်းက နေ့လယ်ဘက်တွေဆို မကြာခဏ စားဖြစ်နေတာ။ ဒီဆိပ်ကမ်းက အစားအသောက်တွေ အကုန်လုံးကို စားဖူးပြီးသား၊ သမီးအတွက်ကို စိတ်မပူနဲ့။”
ဤသို့ဖြင့် သားအမိနှစ်ယောက် စကားပြောနေကြချိန်တွင်ပင် သခင်မချန်တစ်ယောက် အလျင်စလိုဟန်နှင့် ရောက်လာသည်။ ကျင်းနျဉ်လည်း ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး မြို့တော်သို့ လိုက်ပါမည့် တခြားသော ချည်ပန်းထိုးသမလေးများနှင့်အတူ သွားရပ်နေလိုက်တော့၏။ သူ(မ)မှာ မိဘများအား သေသေချာချာ နှုတ်ဆက်စကားပြောရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း သင်္ဘောက ဆိုက်ကပ်လာသည်နှင့် ချက်ချင်း အထုပ်အပိုးများတင်ကာ ထွက်ခွာရန် ပြင်လေတော့ရာ၊ ကသုတ်ကရက်နှင့်သာ နှုတ်ဆက်ခဲ့ရတော့သည်။ ကျင်းနျဉ်သည် မိသားစုနှင့် ခွဲခွာရပြီဖြစ်သဖြင့် မျက်ရည်များပင် ဝဲတက်လာရသည်။
သခင်မချန်က တိုက်တွန်းလိုက်၏။
“ကဲကဲ အားလုံး သင်္ဘောခန်းထဲကို အမြန်ဝင်ကြတော့၊ အပြင်မှာ လေတွေ တအားတိုက်နေတာ။ အခွင့်အခါရတုန်း တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ထားကြ။ မင်းတို့တွေက ဒီသုံးနှစ်လုံး အတူတူနေကြရမဲ့သူတွေ။”
သခင်မချန်က ပြောလာသောအခါ ကျင်းနျဉ်လည်း အထဲသို့ ဝင်လိုက်တော့သည်။ သူ(မ)၏ဖခင် ဝေ့ရှုန်းက မြို့စောင့်တပ်သားဟောင်းတစ်ယောက်ဖြစ်ရာ သူ(မ)အတွက် အိပ်ရာကို အလျင်အမြန် ပြင်ဆင်ပေးခဲ့ပြီး ဖြစ်၏။ သို့ဖြစ်ရာ တခြားသူများ အိပ်ရာ ပြင်ဆင်နေကြချိန်တွင် ကျင်းနျဉ်ကတော့ ထိုင်လိုက်ကာ သွားတိုက်တံ၊ မျက်နှာသုတ်ပဝါနှင့် သစ်သားရေခွက်လေးတို့ကို ထုတ်လိုက်သည်။ ထိုစဉ် သူ(မ)နှင့် မျက်နှာချင်းဆိုင်မှ မိန်းကလေးတစ်ယောက်က မေးလာ၏။
“နင်က ဘယ်ကလဲ။”
ကျင်းနျဉ် မော့ကြည့်လိုက်မိသည်။ ထိုမိန်းကလေးမှာ သေးသေးသွယ်သွယ်လေးဖြစ်ကာ အသားအရေကလည်း ဖွေးနစ်နေသည်။ နူးနူးညံ့ညံ့ ပုံစံလေးသာဖြစ်ကာ ဆံကေသာထက်တွင် ပိုးသားပန်းပွင့်လေးနှစ်ပွင့် ပန်ဆင်ထားလေ၏။ ကျင်းနျဉ်လည်း ပြုံးပြလိုက်ကာ
“ငါက ဇာတိကတော့ အန်းလုကပါ၊ ဒါပေမဲ့ ငါ့မိဘတွေက ကျန်းလင်မှာပဲ အခြေချလိုက်ကြပြီ။ နင်ကရော၊ နင့်ရဲ့ လေယူလေသိမ်းကို ရင်းနှီးနေသလိုပဲ။”
မိန်းကလေးက ရွှင်ပျစွာ ရယ်မောလျက်
“ငါလည်း အန်းလုကပဲလေ။”
ထိုခေတ်ကာလက စာတတ်ကာ အတတ်ပညာတစ်ခုခု တတ်ထားသည့်သူများအားလုံးသည် သင့်တင့်သော မိသားစုနောက်ခံရှိကြသူများသာ ဖြစ်သည်။ အမှန်စင်စစ် ဆင်းရဲနွမ်းပါးသူများတွင် ချည်ပန်းထိုးရန် အချိန်ရှိမနေ။ သူတို့မှာ လယ်စိုက်၊ မောင်ငယ်ညီမငယ်များကို ထိန်းကြောင်းနှင့်ပင် မအားလပ်ကြရှာ။
ဤသို့ဖြင့် သူ(မ)တို့နှစ်ယောက်သား စကားအနည်းငယ် ပြောနေခဲ့ကြပြီးနောက် နောက်ထပ်မိန်းကလေးနှစ်ယောက်ကပါ စကားဝင်ပြောလာကြသည်။ သူ(မ)တို့ကလည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လာကြ၏။ သို့ဖြစ်ရာ အသက်အရွယ်အားဖြင့်ဆိုလျှင် ချင်းရွှမ်အာ ဆိုသူက အသက်အကြီးဆုံးဖြစ်ပြီး သူ(မ)က အသက် တစ်ဆယ့်သုံးနှစ် ရှိပြီ ဖြစ်၏။ သူ(မ)က ပန်းရောင် ဖဲသားအင်္ကျီလေးကို ဝတ်ဆင်ထားကာ ဆံကေသာထက်တွင် ဆံထိုးတစ်စုံ ပန်ဆင်ထား၏။ သူ(မ)၏ အိပ်ရာမှာလည်း အရောင်လွင့်နေပြီဆိုသော်ငြား တခြားသူများထက်တော့ ကောင်းမွန်နေသည်။
ပထမဦးဆုံး စကားစပြောလာခဲ့သည့် မိန်းကလေး၏အမည်က ဖန်းချောင်လျန် ဖြစ်ပြီး၊ သူ(မ)က ဒုတိယအကြီးဆုံးဖြစ်သည်။ အငယ်ဆုံးကတော့ ကျန်းရှန်ကျယ် ဖြစ်ပေ၏။ သူ(မ)က ဟောင်းနွမ်းနွမ်း ဝတ်စုံလေးကို ဝတ်ထားပြီး မျက်နှာတွင်လည်း အစက်အပြောက်တချို့ ရှိနေသည်။
“ဒါဆို ဒေါ်ဒေါ်ချန်က ဌာနတစ်ခုစီကနေ လူတစ်ယောက်စီ ရွေးထားတာပေါ့နော်။”
ကျင်းနျဉ်က ခပ်ဖွဖွ ပြောလိုက်သည်။
ချည်ပန်းထိုးဆိုင်တွင် အပိုင်းလေးပိုင်း ခွဲထား၏။ လူပုံ၊ ပန်းနှင့်ငှက်ပုံ၊ ပိုးမွှားနှင့် ငါးပုံ၊ ရှုမျှော်ခင်းပုံဟူ၍ ဖြစ်သည်။ ကျင်းနျဉ်ကမူ ပန်းနှင့်ငှက်ဌာနမှ ဖြစ်ပြီး တခြားသူမျာကမူ ကျန်သည့်ဌာနသုံးခုမှ ဖြစ်၏။
***
Aurora Novel Translation Team