no

Font
Theme

အပိုင်း (၂)

သမီးဖြစ်သူ သမ်းနေသည်ကို မြင်သောအခါ လော့ယွီက ဆူလိုက်၏။

“မြန်မြန်စားပြီး အလုပ်သွားတော့လေ။ နာရေးကိစ္စကြောင့် အလုပ်မသွားတာ ရက်တွေတော်တော် များနေပြီကို။”

“သမီး သိပါတယ်။”

ကျင်းနျဉ်က အမေဖြစ်သူယူလာပေးသည့် မနက်စာများဖြစ်သော ကြက်ဥပြုတ်နှင့် ဆီကြော်မုန့်ကို ယူလိုက်သည်။ ထို့မုန့်ကို လမ်းထိပ်နားမှဆိုင်တွင် ရောင်းခြင်းဖြစ်ပြီး၊ ရွှေရောင်သမ်းနေသော ကြွပ်ကြွပ်ရွရွ မုန့်တစ်ခုကို ဒင်္ဂါးတစ်ပြား ပေးရ၏။ ပုံမှန်ဆိုလျှင်တော့ မနက်စာက ဆန်ပြုတ်နှင့် ချဉ်ဖတ်သာဖြစ်သော်လည်း၊ နာရေးကာလ ခုနစ်ရက်လုံးတွင် နားချိန်အနည်းငယ်လောက်သာ ရှိခဲ့သောကြောင့် ကောင်းကောင်းမွန်မွန် စားရခြင်း ဖြစ်သည်။

လော့ယွီမှာ ပျော်ပျော်ရွှင်ရွှင် စားသောက်နေသော သမီးဖြစ်သူကို ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။ ဒီကလေးမလေး၏ ပုံပန်းသွင်ပြင်က သူ(မ)နှင့် မတူလှချေ။ သူ(မ)သာ အစားနည်းနည်းလောက် လျှော့စားပြီး အနည်းငယ် သွယ်လျလျလေးဖြစ်လာလျှင် ကောင်းမည်ဟု လော့ယွီအာ တွေးနေမိ၏။ သူ(မ)က အသက်ဆယ့်နှစ်နှစ်ရှိနေပြီဖြစ်ပြီး နောင်နှစ်ဆိုလျှင် အသက်ဆယ့်သုံးနှစ်ထဲသို့ ဝင်တော့မည်ဖြစ်ရာ အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်တော့မည်။ သို့သော် သူ(မ)၏သမီးကမူ ဝဝပြည့်ပြည့်နှင့် ဆန်မုန့်လုံးတစ်လုံးနှင့်ပင် တူနေသည်။

အမှန်စင်စစ်မူ ကျင်းနျဉ်က အရပ်အတော်အသင့်သာရှိကာ နူးနူးညံ့ညံ့ပုံစံလေးပင်။ မျက်နှာဝိုင်းဝိုင်း၊ မျက်ခုံးသွယ်သွယ်တို့နှင့် နှုတ်ခမ်းပါးလေးများလည်း ရှိသည်။ လက်မောင်းများကတော့ ကြာစွယ်များပမာ ပြည့်ပြည့်ဖြိုးဖြိုးရှိပြီး နားရွက်များကလည်း ထူးထူးခြားခြားရှိ၏။ မျက်ဝန်းအစုံက ရွှန်းလဲ့တောက်ပနေကာ ပါးချိုင့်လေးနှစ်ဖက်ပါ ထည့်ပေါင်းလိုက်သောအခါ အပြစ်ကင်းစင်သော ပုံစံလေးနှင့် လှပသည်သာ။

ထန်မင်ဆက်တွင်သာဆိုလျှင် သူ(မ)၏ ပုံစံလေးက အဆင်ပြေနိုင်မည်ဖြစ်သော်လည်း၊ နုနုသွယ်သွယ် အလှလေးများကိုသာ သဘောတွေ့သည့် စုန့်မင်းဆက်တွင်တော့ သူ(မ)၏ပုံစံက အလှအပစာရင်းထဲတွင် ပါမနေပေ။

သို့သော် ကျင်းနျဉ်ကတော့ ထိုကိစ္စများကို အာရုံထဲရှိမနေချေ။ ဆင်းရဲနွမ်းပါးသော မိသားစုတွင် မွေးဖွားလာသည့် မိန်းကလေးတစ်ယောက် အလွန်အကျွံ လှပနေခြင်းက ကောင်းချီးတစ်ခုမဟုတ်ကြောင်း သူ(မ) နားလည်၏။

ကျင်းနျဉ်သည် မနက်စာ စားပြီးသည်နှင့် သူ(မ)၏ ခေါင်းအုံးအောက်မှ ဒင်္ဂါးတွဲနှစ်တွဲ ထုတ်ယူလိုက်သည်။ ထို့နောက် ဒင်္ဂါးတွဲတစ်တွဲကို မိခင်ဖြစ်သူထံသို့ ပေးလိုက်ပြီး

“အမေ တည်းခိုခန်းပိုင်ရှင်နဲ့လည်း ရန်ဖြစ်ထားတယ်ဆိုတော့ အဲဒီကို ပြန်မသွားပါနဲ့တော့။ ဒီမှာ ဒင်္ဂါးတစ်တွဲ ယူထားလိုက်။ ဒါနဲ့ပဲ အိမ်စားရိတ် သုံးလိုက်တော့နော်။”

လော့ယွီက အလျင်အမြန် ငြင်းသည်။

“သမီးရယ်၊ အမေ့မှာ သုံးစရာရှိပါသေးတယ်။ သမီးရဲ့ငွေတွေ ပေးစရာ မလိုပါဘူး။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း သမီးက အမေတို့ကို အများကြီး ထောက်ပံ့ပေးခဲ့တာ။ ပြန်သိမ်းထားလိုက်၊ ပြန်သိမ်းထားလိုက်။”

ကျင်းနျဉ်က ဒင်္ဂါးပြားများကို မိခင်ဖြစ်သူအား အတင်းပေးလိုက်ရင်း ပြောလိုက်၏။

“ယူထားလိုက်ပါ အမေရယ်။ အိမ်ရဲ့ နေ့စဉ်စားဝတ်နေရေးကိစ္စတွေကို အမေပဲ စီမံနေတာလေ။ ပြီးတော့ ဆောင်းဦးလည်း ရောက်တော့မှာ။ မောင်လေးမှာက ဆောင်းတွင်းအတွက် အနွေးအင်္ကျီကောင်းကောင်းလည်း မရှိဘူး၊ ဘောင်းဘီလည်း မရှိဘူး။ ဂွမ်းနှစ်လျန်လောက် ဝယ်ရင် ဒင်္ဂါး ၇၆ ပြားလောက် ကျမှာ၊ ချည်သားအနွေးအင်္ကျီတစ်ထည်ဆိုရင် ဒင်္ဂါးပြား လေးရာ ငါးရာလောက် ပေးရမှာ။ ချုပ်ပြီးလို့ အပြီးအစီးဆိုရင် ဒင်္ဂါးပြား ငါးရာလောက်တော့ သွားကျမှာပဲ။”

မြောက်ပိုင်းစုန့်မင်းဆက်တွင် အဝတ်အထည်များက တန်ဖိုးကြီးလှသည်။ ဝါဂွမ်းကိုလည်း ကျယ်ကျယ်ပြန့်ပြန် မစိုက်ပျိုးကြသေးသဖြင့် ဆင်းရဲနွမ်းပါးသူများမှာ လျှော်မျှင်များနှင့် ရက်လုပ်ထားသည့် အဝတ်အထည်များကိုသာ ဝတ်ကြရ၏။ ကျင်းနျဉ်ပင်လျှင် လွန်ခဲ့သောနှစ်နှစ်က ချည်ပန်းထိုးဆိုင်မှ ပေးသည့် အရည်အသွေးနိမ့်သည့် ဝါဂွမ်းအင်္ကျီကို မရခင်အထိက လျှော်မျှင်နှင့် ရက်လုပ်ထားသည့် အဝတ်အထည်များသာ ဝတ်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် သူ(မ)၏မောင်လေးခမျာ ဆောင်းရာသီတွင်ဝတ်သည့် အနွေးအင်္ကျီကောင်းကောင်းလေးတစ်ထည်ပင် မရှိရှာ။ သူ ယခုဝတ်နေသည့် အင်္ကျီလေးကလည်း တတိယဒေါ်လေး ပေးထားခြင်းဖြစ်ပြီး ဂွမ်းသားများက ညစ်တစ်တစ်ပင် ဖြစ်နေလေပြီ။

လော့ယွီလည်း ရှက်ရွံ့နေဟန်မျက်နှာနှင့်သာ ဒင်္ဂါးပြားများကို လက်ခံလိုက်သည်။

“အမေတို့က မိဘတာဝန်ကို မကျေပွန်တာပါ။”

ကျင်းနျဉ်သည် အနည်းငယ် တွေဝေသွားဟန်ရသော်လည်း၊ စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ သူ(မ)က မိခင်ဖြစ်သူကို နံဘေးသို့ ဆွဲခေါ်လိုက်ရင်း

“အမေ၊ သမီး ဒေါ်ဒေါ်ချန်နဲ့အတူ ပျန့်ကျင်းကို လိုက်သွားဖို့ ဆုံးဖြတ်ထားတယ်။”

“ပျန့်ကျင်းကို ဟုတ်လား။”

လော့ယွီက ချက်ချင်းကို ငြင်းလိုက်သည်။

“သမီးလို အသက်ငယ်ငယ် ကလေးမလေးက ဒီလောက်အဝေးကြီးကို ဘာသွားလုပ်မလို့လဲ။”

ကျင်းနျဉ် ရှင်းပြလိုက်၏။

“မနှစ်တုန်းက သမီးတို့ရဲ့ ရှုချည်ပန်းထိုးဆိုင်က ဒေါ်ဒေါ်ချန်က ဒေသခံအရာရှိတစ်ယောက်ရဲ့ သမီးအတွက် မင်္ဂလာဝတ်စုံ ချုပ်ပေးခဲ့တယ်လေ။ အဲဒီမိန်းကလေးက မြို့တော်က မိသားစုတစ်စုနဲ့ အိမ်ထောင်ကျသွားတာဆိုတော့ အမျိုးတွေက သူ(မ)ရဲ့ မင်္ဂလာဝတ်စုံကို မြင်တော့ ချီးကျူးကြတယ်တဲ့။ အခုက အဲဒီအရာရှိကြီးရဲ့ဇနီးရဲ့ ညီမမှာ အိမ်ထောင်ပြုရတော့မဲ့အရွယ်သမီးတွေရှိတယ်ဆိုတော့ ဒေါ်ဒေါ်ချန်ကို သူ(မ)တို့အတွက် အပ်ချုပ်သမလုပ်ပေးဖို့ မြို့တော်ကိုလာဖို့ ကမ်းလှမ်းထားတယ်လေ။ ဒေါ်ဒေါ်ချန်က သူ(မ)နဲ့အတူ မြို့တော်ကိုခေါ်သွားဖို့ သမီးတို့ထဲက လေးယောက် ရွေးထားတယ်။ သူ(မ)က သမီးကိုလည်း ရွေးထားတယ်။ သမီးလည်း အဖေတို့ အမေတို့နဲ့ မခွဲချင်ပါဘူး။ ဒါပေမဲ့ သမီးသာ မသွားဘူးဆိုရင် မျက်လုံးတွေ ကွယ်သွားတဲ့အထိ ချည်ပန်းထိုးနေမယ်ဆိုရင်တောင် ငွေလေးမဖြစ်စလောက်လေးပဲ ရမှာ။”

ချည်ပန်းထိုးခြင်းအတတ်သည် အတွေ့အကြုံနှင့် နာမည်ဂုဏ်သတင်းအပေါ် မူတည်နေခြင်းဖြစ်သည်။ မျိုးရိုးမြင့်မိသားစုများအတွက် အလုပ်လုပ်ပေးပါက နောင်တွင် သူ(မ)အတွက် လက်ခငွေ ပိုရစေမည်ဖြစ်၏။

သို့သော် လော့ယွီကတော့ စိုးရိမ်နေဆဲသာ။

“အဲဒီလူချမ်းသာအိမ်တော်တွေက လုပ်ရကိုင်ရ မလွယ်လှပါဘူး သမီးရယ်။ သမီးက နောက်နှစ်ဆို အိမ်ထောင်ပြုရတော့မဲ့ အသက်အရွယ်ရောက်နေပြီ။ အိမ်နဲ့အဝေးကို သွားနေမယ်ဆိုရင် သမီးရဲ့အခွင့်အရေးတွေ နှောင့်နှေးကုန်လိမ့်မယ်။ အခုက ဘယ်လိုပဲဖြစ်ဖြစ် သမီး လွတ်လွတ်လပ်လပ်တော့ ရှိသေးတယ်။ သူများရဲ့ အစေခံဖြစ်သွားပြီးမှ ရိုက်နှက်နှိပ်စက်ခံနေရရင် ဘယ့်နှယ့်လုပ်မလဲ။”

ကျင်းနျဉ်သည် သူ(မ)အနေဖြင့် မိခင်ဖြစ်သူကို အရင် နားဝင်အောင် ပြောရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။

“အမေရယ်၊ အုပ်ချုပ်ရေးအရာရှိတွေက အစေခံ အရောင်းအဝယ်လုပ်တဲ့ကိစ္စတွေကို တားမြစ်ထားပါပြီ။ သမီးတို့က ရောင်းစားခံရမှာ မဟုတ်ပါဘူး။ သုံးနှစ်စာချုပ်ချုပ်ထားပြီး အလုပ်လုပ်ရမှာ၊ စာချုပ်နှစ်ပြည့်ပြီဆိုတာနဲ့ သမီးလည်း လွတ်လပ်သွားပြီ။ သူတို့တွေလည်း ငှားထားတဲ့အလုပ်သမားကို ကြမ်းကြမ်းတမ်းတမ်း မနှိပ်စက်ရဲပါဘူး။”

မြောက်ပိုင်းစုန့်မင်းဆက်တွင် အစေခံများနှင့် ငှားရမ်းထားသည့် အလုပ်သမားများသည် အတူတကွ ယှဉ်တွဲနေထိုင်ကြရသည် ဖြစ်သော်လည်း၊ အများစုက စာချုပ်နှင့် ငှားရမ်းထားကြသူများ ဖြစ်သည်။ စုန့်မင်းဆက်တွင်မူ “ဇာတ်နိမ့်” ဟူ၍ မရှိတော့ဘဲ ထိုသူများကို အစေခံများဟုသာ ခေါ်တော့သည်။ စာချုပ်ချုပ်ထားသော အစေခံများတွင် အိမ်ထောင်စုစာရင်း မရှိသော်လည်း၊ ငှားရမ်းထားသော အလုပ်သမားများကမူ လွတ်လပ်သောပြည်သူများသာ ဖြစ်သဖြင့် အိမ်ထောင်စုစာရင်း ရှိသည်။

(T/n - အစေခံတွေကကျ အိမ်ထောင်စုစာရင်းမရှိတော့ သခင်တွေရဲ့ပိုင်ဆိုင်မှုလိုဖြစ်နေပြီး ဥပဒေအရ အကာအကွယ်ပေးတာမျိုးတွေ လုပ်ပေးလို့မရဘူး။ အလုပ်သမားတွေကိုကျ ဥပဒေအရ အကာအကွယ်ပေးနိုင်တယ်ဆိုတာမျိုး ပြောချင်တာပါ။”)

မိခင်ဖြစ်သူ အနည်းငယ် စိတ်ဝင်စားလာကြောင်း မြင်ရသောအခါ၊ ကျင်းနျဉ် ဆက်ပြောလိုက်သည်။

“ပြီးတော့၊ အခုအချိန်မှာက အရာရှိကြီးတွေရဲ့ သားတွေတောင် လက်တွဲဖော်ရွေးရင် မိသားစုအဆင့်အတန်းတင်မကဘဲ ခန်းဝင်ပစ္စည်းဘယ်လောက်ပါလဲပါ ကြည့်လာကြတာလေ။ သမီးက အလှကြီးလည်းမဟုတ်၊ ခန်းဝင်ပစ္စည်းကလည်း မရှိဆိုတော့ အိမ်မှာနေရင်တောင် အိမ်ထောင်ပြုဖို့က ခက်ပါတယ် အမေရယ်။ အကယ်၍ သမီး အိမ်ထောင်ကျသွားမယ်ဆိုရင်လည်း ဘေးအိမ်က အဘွားဟောက်ရဲ့ချွေးမလိုပဲ အနှိမ်ခံ၊ အနှိပ်စက်ခံ ဖြစ်သွားရမှာ။ ဒေါ်ဒေါ်ချန်က သမီးတို့ကို ပြောထားတယ်။ အရာရှိရဲ့ဇနီးသည် သခင်မကြီးက သမီးတို့အချုပ်သမ လေးယောက်ကို တစ်လကို ဒင်္ဂါးတွဲတစ်တွဲ ပေးမယ်တဲ့။ ပြီးတော့ သမီးက အင်္ကျီပုံတွေပါ ဆွဲနိုင်လို့ ငွေစတစ်လျန် ပိုပေးမယ်တဲ့။ သူတို့တွေက သာမန်လူချမ်းသာမိသားစုပဲမဟုတ်ဘူး အမေရဲ့၊ ရာထူးမြင့်တဲ့ အရာရှိမိသားစုလေ။ အဲဒီတော့ သူတို့ဆီကရတဲ့ ဆုလာဘ်တွေက အခု သမီး ချည်ပန်းထိုးဆိုင်မှာ လုပ်လို့ ရတဲ့ ဒင်္ဂါးပြား ခုနစ်ရာထက်တော့ အများကြီး ပိုရလောက်မှာပါ။”

ချည်ပန်းထိုးဆိုင်တွင်က သူ(မ)သည် အပ်ထည်အမှာစာအပေါ် မူတည်ကာ လစာရသည့် အပ်ချုပ်သမမျိုးဖြစ်သည်။ သူ(မ)ကို သီးသန့်အပ်သည်မျိုးကလည်း ရှားပါးရာ၊ သူ(မ)၏ဝင်ငွေက ပုံမှန်မရှိချေ။ ဒင်္ဂါးတစ်တွဲသည် ဒင်္ဂါးပြားတစ်ထောင်နှင့် ညီမျှ၏။ ငွေစတစ်လျန်ဆိုလျှင်က ဒင်္ဂါးပြား နှစ်ရာ့ငါးဆယ်လောက် ရှိမည်ဖြစ်သည်။

လော့ယွီသည် ယခင်က ခင်ပွန်းဖြစ်သူ မြို့စောင့်တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကဆိုလျှင် ဒင်္ဂါးတွဲ သုံးဆယ်လောက်ရပြီး၊ တော်ဝင်အစောင့်တပ်သား ဖြစ်သွားသောအခါ ဒင်္ဂါးတွဲငါးဆယ်လောက် ရရှိခဲ့သည်ကို ပြန်လည်အမှတ်ရမိသွားရသည်။ ထိုသို့သာဆိုလျှင် သူ(မ)၏သမီလေးခမျာ ယခုကဲ့သို့ အစေခံအလုပ်များ လုပ်ရရှာမည် မဟုတ်ချေ။

သူ(မ)က ကျင်းနျဉ်၏လက်လေးကို ကိုင်ကာ စိတ်မချစွာ ပြောလိုက်သည်။

“ဒီငွေပမာဏကလည်း အများကြီးတော့ မဟုတ်ပါဘူး သမီးရယ်။ ပြီးတော့ အဲဒီအဒေါ်ချန်ဆိုတဲ့သူက သမီးတို့ကို လှည့်စားပြီး ရောင်းစားမှာဆို ဘယ်လိုလုပ်မလဲ။”

မိခင်ဖြစ်သူ၏ စိုးရိမ်မှုကို မြင်သောအခါ ကျင်းနျဉ်ပါ မျက်ရည်ဝဲလာရသည်။ သို့သော် သူ(မ) စိတ်ကိုတင်းထားလိုက်ကာ

“သမီး ပျန့်ကျင်းကို သွားချင်တာ နောက်ထပ်အကြောင်းတစ်ခုကြောင့်လည်း ပါတယ်အမေရဲ့။ ဖြစ်နိုင်ခြေတော့ နည်းပါးတယ်ဆိုပေမဲ့ တစ်ခါတလေဆို တော်ဝင်အချုပ်အလုပ်ဌာနက အရည်အချင်းရှိတဲ့ သာမန်ပြည်သူတွေကို အချုပ်သမအဖြစ် ခေါ်တတ်တယ်တဲ့။ ကံကောင်းပြီး သမီးသာ တော်ဝင်အချုပ်အလုပ်ဌာနမှာ လုပ်ခွင့်ရသွားရင် တစ်လကို ဒင်္ဂါးတွဲနှစ်တွဲလောက်ရမဲ့အပြင် ဂုဏ်သတင်းလည်း ကြီးသွားဦးမှာ။ သမီးက ဧကရာဇ်အရှင်နဲ့ ဧကရီမယ်မယ်တို့ရဲ့ အဝတ်အစားတွေကို ချုပ်ပေးခွင့်ရမယ်လို့ မြင်ယောင်ကြည့်စမ်းပါဦး အမေရယ်! ဒေါ်ဒေါ်ချန်ဆိုရင်လည်း သူ(မ)က ဆရာတစ်ယောက်ဆီမှာ ပညာသင်လာခဲ့ရင်း၊ အခုဆို တစ်လကို ဒင်္ဂါးတွဲဆယ်တွဲလောက် ရှာနိုင်နေပြီ။ သူ(မ)ရဲ့ဝင်ငွေက သမီးရဲ့ဝင်ငွေထက် ဆယ်ဆလောက်တောင် များတာ။”

“ပြီးတော့ သမီးတို့ အိမ်ကိုလည်း ကြည့်ပါဦး၊ အခန်းက နှစ်ခန်းပဲ ရှိတာ။ အခုတော့ မောင်လေးက ငယ်သေးတယ်ဆိုတော့ အမေနဲ့ အိပ်လို့ရသေးတယ်။ ဒါပေမဲ့ တစ်သက်လုံး ဒီလိုနေသွားလို့မှ မရဘဲ။”

အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက၊ မကြာမီ ဒုက္ခတွေ့ရပေလိမ့်မည်သာ။

မြောက်ပိုင်းစုန့်မင်းဆက်တွင်က၊ သာမန်အလယ်အလတ်တန်းစားမိသားစုထဲပါရန်ပင် ဒင်္ဂါးတွဲတစ်ထောင်လောက် ပိုင်ဆိုင်မှု ရှိရသည်။ သို့ဖြစ်ရာ ခေတ်စကားအရဆိုလျှင် ကျင်းနျဉ်တို့က အခြေခံလူတန်းစားများသာ ဖြစ်ပေသည်။ သူ(မ)က ကြီးကြီးတက်ချမ်းသာလိုခြင်းမဟုတ်ဘဲ နေနိုင်စားနိုင်ကာ ဘဝကို အေးအေးဆေးဆေးနေရသော ဘဝမျိုးသာ ရလိုခြင်းဖြစ်၏။ မိသားစုနှင့်အတူတကွ နေထိုင်ရခြင်းက ပျော်ရွှင်ဖွယ်ကိစ္စဆိုသော်လည်း၊ ငွေကြေးမရှိပါက အားလုံး ဒုက္ခများရပေလိမ့်မည်။

နောက်ဆုံး သူ(မ)၏မိခင်ဘက်မှ ခေါင်းညိတ်လက်ခံလာသော်လည်း ဆက်ပြောလာသည်။

“သမီးက ငယ်သေးတယ်ဆိုတော့ စကားချိုချိုလေးတွေနဲ့ လှည့်စားခံရမှာကို အမေ စိုးရိမ်တယ်။ အဲဒီတော့ အဒေါ်ချန်ဆိုတဲ့သူနဲ့ ဆိုင်က စီမံသူတစ်ယောက်ယောက်ကို အမေကိုယ်တိုင် လိုက်တွေ့ကြည့်ဦးမယ်။”

ထိုအခါမှသာ ကျင်းနျဉ် စိတ်အေးနိုင်တော့သည်။ သူ(မ)သည် ယခုမိဘများကို သူ(မ)၏မိဘရင်းများသဖွယ် သဘောထားခြင်း ဖြစ်၏။ ထို့ကြောင့် သူ(မ)တို့အား တစ်သက်လုံး ဆင်းရဲဒုက္ခ မခံစားရစေချင်ပါ။

သူ(မ)သည် မိဘများအတွက် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment