အပိုင်း (၃)
ဤသို့ဖြင့် ကျင်းနျဉ်လည်း သခင်မချန်နှင့် တွေ့ရန်အတွက် မိခင်ဖြစ်သူကို ခေါ်လာခဲ့သည်။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သားမိနှစ်ယောက်လုံး အံ့ဩသွားရ၏။ လော့ယွီမှာ သခင်မချန်က ဤမျှခမ်းနားလှသော အိမ်တွင် နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့။ အိမ်၏ တစ်ဖက်တစ်ချက်စီတွင် အမိုးမိုးထားသော လျှောက်လမ်းများရှိပြီး ခြံဝင်းထဲတွင်မူ အစိမ်းရောင်အုတ်ခဲများခင်းထားကာ ပန်းရောင်ပန်းပွင့်လေးများနှင့် အလှဆင်ထားသည်။ ထို့အပြင် လခြမ်းပုံဂိတ်တံခါးနား၌ အနီရောင်ခေါင်းစည်းပဝါ စည်းထားသည့် အစေခံမိန်းကလေးနှစ်ယောက်က ခစားရန် အသင့်စောင့်ဆိုင်းနေကြ၏။ ချည်ပန်းထိုးသမတစ်ဦးက ဤမျှလောက်အထိ ဂုဏ်သိက္ခာကြီးကာ ထည်ဝါနေလိမ့်မည်ဟု မည်သူကများ ထင်ထားအံ့။
သခင်မချန်က ကျင်းနျဉ်ကို အမြဲလိုလို သဘောကျခဲ့သည်။ ထိုမိန်းကလေးက ဖြတ်ထိုးဉာဏ်ကောင်းကာ အလုပ်လုပ်ရာတွင်လည်း ဝီရိယရှိ၏။ နေ့စဉ်နေ့တိုင်း သူ(မ)ကသာ ရှုချည်ပန်းထိုးဆိုင်သို့ အရင်ဆုံးရောက်လာသူဖြစ်ပြီး နောက်ဆုံးမှပြန်သူ ဖြစ်သည်။ ချည်ပန်းထိုးသည့်ပညာကို မိခင်မှ သမီးသို့ လမ်းဆင့်ကမ်းသင်ကြားပေးသည်မျိုးသာ များသော်လည်း၊ ကျင်းနျဉ်ကမူ မည်သည့်အခြေခံပညာမှ မရှိဘဲ စတင်ခဲ့ခြင်းဖြစ်၏။ စစချင်းကဆိုလျှင် သူ(မ)က ချည်မျှင်အမျိုးအစားပင် မခွဲတတ်ခဲ့ချေ။ တချို့ကမူ သူ(မ)က ဒင်္ဂါးတွဲပေါင်းများစွာ အကုန်အကျခံခဲ့ကာ အပ်ချုပ်ပညာကို တိတ်တဆိတ် သင်ကြားခဲ့သည်ဟု ဆိုကြပြီး၊ ယခုဆိုလျှင် ကျင်းနျဉ်က ချုပ်ရုံမှ အတော်ဆုံးအပ်ချုပ်သမစာရင်းထဲတွင် ပါနေပြီဖြစ်သည်။ ထို့ကြောင့်သာလျှင် သခင်မချန်ကလည်း သူ(မ)နှင့်အတူ ခေါ်ဆောင်သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ကျင်းနျဉ်တွင် အားနည်းချက်တစ်ခုတော့ ရှိ၏။ ယင်းမှာ သူ(မ)က သာမန်ရွက်ကြမ်းရည်ကြို ရုပ်ရည်လောက်သာ ရှိခြင်းပင်။ မျက်နှာသွင်ပြင်ကလည်း ပြည့်ပြည့်ဝိုင်းဝိုင်းလေး ဖြစ်နေရာ ထင်ထင်ရှားရှား လှပသည့်နေရာဟူ၍ မရှိချေ။ သို့ဖြစ်ရာ အမေဖြစ်သူက အသားအရေဖြူနစ်ဝင်းပနေကာ သွယ်လျနုနယ်သော အလှအပလေးတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်ထားလိမ့်မည် မဟုတ်ချေ။ နှစ်ယောက်သားမှာ သားအမိဟု ဆိုရန်ပင် ခက်လှ၏။
သခင်မချန်မှာလည်း တစ်ကိုယ်တည်း အတွေးများနေကာ၊ စိတ်ထဲတွင် နားမလည်နိုင် ဖြစ်နေရ၏။
သို့သော် လော့ယွီမှာက မေးစရာ မေးခွန်းပေါင်းများစွာ ရှိနေသည်။
“အစ်မကြီးချန်က ကျွန်မသမီးကို ပျန့်ကျင်းကို ခေါ်သွားမယ်လို့ ကျွန်မ သိထားတယ်။ အဲဒါ တကယ်ပဲလားရှင်။”
“အမှန်ပါပဲ။”
သခင်မချန်က ပြန်ဖြေလိုက်၏။
“ခေါ်သွားမဲ့သူတွေကိုက ရွေးပြီးပါပြီ။ ပြီးတော့ သူ(မ)တို့ရဲ့ ချည်ပန်းထိုးလက်ရာတွေကိုလည်း သခင်မကျိုးကိုယ်တိုင် စစ်ဆေးပြီးပြီ။”
သူ(မ)သည် ထိုသို့သော အခွင့်အရေးကို ငြင်းပယ်သည့်သူ ရှိလိမ့်မည်ဟု မတွေးမိထားခဲ့။
သို့သော် လော့ယွီကတော့ ဆက်မေးသည်။
“မျိုးရိုးမြင့်အိမ်တော်ကို ရောက်ပြီးမှ ကျွန်မရဲ့သမီးလေး နှိပ်စက်ခံနေရရင် ဘယ်လိုလုပ်မလဲ။”
ယင်းမှာ မိခင်တစ်ဦး၏ အကြီးမားဆုံးသော စိုးရိမ်သောက ဖြစ်ပေ၏။
“သိပ်လည်း စိုးရိမ်မနေပါနဲ့ရှင်။”
သခင်မချန်က ပြုံးလျက် ဆိုသည်။
“ဂုဏ်သတင်းကြီးတဲ့ အိမ်တော်ဖြစ်လေ၊ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြလေဆိုတော့ သူတို့တွေက လူတွေအပေါ် ကြင်ကြင်နာနာပဲ ဆက်ဆံတတ်ကြပါတယ်။ နောက်ပိုင်းမှ ကြီးပွားလာတဲ့ လူချမ်းသာမိသားစုတွေကသာ အစေခံတွေအပေါ် နှိပ်စက်တတ်ကြတာပါ။ ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျန်းလင်က အရည်အချင်းရှိတဲ့သူမှန်သမျှက လင်းကျယ် ဒါမှမဟုတ် ပျန့်ကျင်းကို သွားကြတာပဲလေ။ ကျင်းနျဉ်လည်း ပျန့်ကျင်းကို ရောက်လို့ သူ(မ)ရဲ့အရည်အချင်းကို အလုပ်ရှင်တွေ သဘောကျသွားတယ်ဆိုရင် ကောင်းကောင်းမွန်မွန်လူနဲ့ အိမ်ထောင်ကျသွားနိုင်ပါတယ်။ အဲဒါက ဒီမှာနေတာထက်တော့ ပိုမကောင်းဘူးလားရှင်။”
သူ(မ)က ပြောပြီးသည်နှင့် လော့ယွီကို ကြည့်လိုက်ကာ
“ခုနတုန်းက အပြင်ကို သယ်ထုတ်သွားတဲ့ လက်ဆောင်သေတ္တာတွေကို ရှင်တွေ့လား။ အဲဒါ တခြားသူတွေက ဒီလိုအခွင့်အရေးမျိုး ရချင်လို့ ကျွန်မကို လာဘ်ထိုးထားတဲ့ ပစ္စည်းတွေလေ။ ဒါပေမဲ့ ကျွန်မကတော့ အရည်အချင်းရှိတဲ့သူကိုပဲ တန်ဖိုးထားပါတယ်။ ပညာရည်မပြည့်ဝတဲ့သူတွေကို လက်မခံပေးနိုင်ဘူး။ တခြားသူတွေက ဒီလိုအခွင့်အရေးမျိုး လိုချင်လွန်းလို့ တောင်းဆိုနေကြရတာကို ရှင်က ဘာလို့များ တွေဝေနေရတာလဲ။”
ယခုတော့ လော့ယွီတစ်ယောက် စိတ်ညွှတ်သွားလေပြီ။ သို့သော် သူ(မ)က သမီးဖြစ်သူ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ ပြောလိုက်၏။
“သူ(မ)က သုံးနှစ်ပြည့်ရင် ပြန်လာရမှာတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဘယ်လို ပြန်လာမှာလဲ။ အစ်မကြီးရဲ့စေတနာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့လည်း အမေဆိုတော့ စိတ်မပူဘဲ မနေနိုင်ဘူးရှင်။”
“ကျွန်မတို့လည်း အဲဒီအကြောင်းကို စဉ်းစားထားပါတယ်။”
သခင်မချန်က ပြန်ဖြေလိုက်၏။
“ကျင်းနျဉ်ကလည်း အဲလိုမေးခဲ့တယ်၊ ဘယ်လိုပြန်လာရမလဲ၊ အဆက်အသွယ် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေပေါ့။ ရှုချည်ပန်းထိုးဆိုင်က ပျန့်ကျင်းကလူတွေနဲ့ အဆက်အသွယ်ရှိတာမို့ စာတွေ၊ လက်ဆောင်ပစ္စည်းတွေကို သူတို့ကနေတစ်ဆင့် ပို့ပေးလို့ရပါတယ်။ စိတ်ချပါရှင် ကျွန်မကလည်း ပြန်ပေးဆွဲတဲ့သူ မဟုတ်ရပါဘူး။ ကျွန်မရဲ့မိသားစုကလည်း ဒီမှာပဲဟာ။ ကျွန်မသမီး ယင်အာနဲ့ ကျွန်မရဲ့ခင်ပွန်းလည်း ကျန်းလင်းမှာပဲလေ။”
သခင်မချန်က စိတ်ပါလက်ပါ ရှင်းပြလိုက်သည်။
အဆုံးတွင်တော့ လော့ယွီလည်း ခေါင်းညိတ်လက်ခံလိုက်ပြီး ပြောလိုက်တော့သည်။
“ဒါဆိုလည်း ကျွန်မရဲ့သမီးလေးကို ယုံယုံကြည်ကြည် အပ်ပါတယ်ရှင်။”
မိခင်ဖြစ်သူနှင့် သခင်မချန်တို့အကြားမှ ကိစ္စများ အဆင်ပြေသွားသောအခါမှ ကျင်းနျဉ်လည်း စိတ်အေးနိုင်တော့သည်။ သခင်မချန်က စာချုပ်များ ထုတ်လိုက်ပြီးနောက် နှစ်စုံ လက်မှတ်ထိုးလိုက်ကာ၊ တစ်စုံကို ကျင်းနျဉ်တို့အား ပေးလိုက်ပြီး၊ ကျန်တစ်စုံကိုမူ ပျန့်ကျင်းရှိ ကျိုးအိမ်တော်ကို ပေးရန်အတွက် သခင်မချန်ကသာ သိမ်းထားလိုက်လေသည်။
အရည်အချင်းရှိသော အလုပ်သမားတစ်ယောက်ကို ငှားရမ်းသည်နှင့် ကလေးရောင်းစားခြင်းက ကွဲပြား၏။ ကျွမ်းကျင်အလုပ်သမားများကိုမူ သက်ဆိုင်ရာ ခေါင်းဆောင်က ထောက်ခံပေးရခြင်းဖြစ်ပြီး၊ အစေခံများကိုမူ ပွဲစားများမှတစ်ဆင့် ရှာရခြင်း ဖြစ်သည်။
သခင်မချန်သည် စာချုပ်ကို သေသပ်စွာ ခေါက်နေရင်း ပြုံးပြလာကာ
“ကျွန်မကိုယ်တိုင်လည်း စာချုပ် ချုပ်ထားရတာပါ။ ကျင်းနျဉ်လည်း စာဖတ်တတ်တယ်ဆိုတော့ မြင်မှာပါ။ ဒီစာချုပ်က နောက်သုံးနှစ် ဆောင်းနှောင်းကာလပိုင်းလောက်ဆို ပြည့်ပြီ။ ကျိုးမိသားစုဘက်က ဆက်ပြီး ငှားချင်သေးတယ် ကျင်းနျဉ်ကလည်း သဘောတူတယ်ဆိုရင်တော့၊ စာချုပ် ထပ်ချုပ်ကြပေါ့။”
ကျင်းနျဉ်က အလျင်အမြန် ခေါင်းခါပြလိုက်သည်။ အလုပ်ရှင်ဘက်က မည်မျှ ကောင်းမွန်နေပါစေ၊ အဘယ်သူကများ အစေခံတစ်ယောက်အဖြစ် ဆက်ရှိနေလိုမည်နည်း။
သခင်မချန်က သဘောကျစွာ ရယ်လိုက်ပြီးနောက် သတိပေးလိုက်သည်။
“နောက်သုံးရက် မနက်ခင်း ၅ နာရီ ၄၅ မိနစ်လောက် သင်္ဘောဆိပ်မှာ ဆုံကြမယ်နော်။ မမေ့နဲ့ဦး။”
လော့ယွီနှင့် ကျင်းနျဉ်တို့ နှစ်ယောက်သား ခေါင်းတဆတ်ဆတ်ညိတ်ကာ လက်ခံလိုက်ကြလေ၏။
ကျင်းနျဉ်တို့ ထွက်သွားပြီးသောအခါ သခင်မချန်သည် ရုံးတော်သို့ ကိုယ်တိုင်သွားပြီး ကိစ္စအဝဝ အဆင်ပြေပြီဖြစ်ကြောင်း သွားရောက်သတင်းပို့လိုက်သည်။
ရုံးတော်မှ အရာရှိမှာ ဟယ်မျိုးရိုးဖြစ်ပြီး၊ တော်ဝင်စာမေးပွဲ အောင်မြင်ထားသူဖြစ်ကာ ကျန်းလင်မြို့ကို အုပ်ချုပ်နေသည်မှာ နှစ်နှစ်ကျော်ပြီ ဖြစ်သည်။ သူ၏ဇနီးဖြစ်သူ သခင်မဟယ်သည် ဩဇာအာဏာကြီးသော မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး၊ သူ(မ)၏ဖခင်က အမတ်ချုပ်ကြီးတစ်ယောက်ဖြစ်၏။ သခင်မချန်မှာ သခင်မဟယ်နှင့် တွေ့သောအခါတွင်မူ အစောပိုင်းမှ တည်ငြိမ်အေးဆေးနေမှုများ ပျောက်ကွယ်သွားပြီး အလွန် ဂရုတစိုက်နှင့် ဆက်ဆံနေတော့သည်။
သခင်မဟယ်က အေးအေးဆေးဆေးဟန်နှင့်သာ ပြောသည်။
“ကောင်းပြီလေ။ ဒီချည်းပန်းထိုးသမလေးတွေကလည်း သင့်တင့်လျောက်ပတ်တဲ့မိသားစုကလာကြတာပဲဆိုတော့၊ သူ(မ)တို့ကို မမျှမတ မဆက်ဆံမိစေနဲ့။”
သခင်မချန်လည်း ရိုကျိုးစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့လေသည်။
သခင်မချန် ထွက်သွားပြီဖြစ်သောအခါမှ သခင်မဟယ်၏ အစေခံဖြစ်သူက ပြောလာ၏။
“ဘာဖြစ်လို့ ကျန်းလင်က ချည်ပန်းထိုးသမတွေကို ပျန့်ကျင်းကို လွှတ်တာလဲ သခင်မကြီး။ သူ(မ)တို့ဘက်က စိတ်တိုင်းမကျစရာတွေ ဖြစ်စေခဲ့ရင် ကျွန်မတို့တွေပဲ အပြစ်တင်ခံရမှာလေ။”
သခင်မဟယ်က ပြုံးလိုက်ပြီး
“မင်း တကယ်ကို တုံးအတာပဲ။ ငါ့ရဲ့ ညီမလေးက ကျိုးအိမ်တော်ရဲ့ အကြီးဆုံး ချွေးမလေ။ ငါ့ရဲ့တူမတွေဆိုလည်း တစ်ယောက်က ဆယ့်သုံးနှစ် တစ်ယောက်က ဆယ့်တစ်နှစ် ဖြစ်နေပြီ။ သုံးနှစ်စာချုပ်ဆိုတာကလည်း သူ(မ)တို့တွေရဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေအတွက်ပဲ ဖြစ်မှာ။ ကိုယ်လုပ်တော်တွေရဲ့ သမီးနှစ်ယောက်ကတော့ ဒီလိုမျိုး အခွင့်ထူးခံမျိုး ခံစားခွင့်ရှိမတဲ့လား။ ဒီချည်ပန်းထိုးသမငါးယောက်အတွက် သုံးနှစ်စာ ပေးရတဲ့လစာကတင် ဒင်္ဂါးတွဲငါးရာကျော်လောက် ဖြစ်နေပြီလေ။ သူ(မ)တို့လို အဆင့်နိမ့်တဲ့လူတွေက ဒီလိုတွေ တတ်နိုင်မယ်တဲ့လား။”
အစေခံအမျိုးသမီးသည် နားလည်သဘောပေါက်စွာ ရယ်လိုက်၏။ သခင်မဟယ်နှင့် သူ(မ)၏ညီမတို့က ထက်ထက်မြက်မြက်ရှိကြကြောင်းကို သူ(မ) သိသည်။ ယောက်ျားသားဆယ်ယောက်လောက် ပေါင်းလျှင်ပင် သူ(မ)တို့၏ ပါးနပ်မှုကို မမီနိုင်။ သို့သော် ညီအစ်မနှစ်ယောက်လုံးက မနာလိုဝန်တိုစိတ် ကြီးကြ၏။ သခင်မဟယ်က သူ(မ)ထက် နိမ့်ကျသူနှင့် လက်ထပ်ခဲ့ရသော်လည်း၊ သခင်မကျိုးကတော့ ဂုဏ်ရည်တူသူနှင့် လက်ထပ်ခဲ့ရသည်ဖြစ်သဖြင့် အပြင်ပန်းတွင် ဂုဏ်သိက္ခာကို ထိန်းသိမ်းနေခြင်းဖြစ်သည်။ သူ(မ)တို့ကိုယ်တိုင်ကတော့ သမီးဖြစ်သူများအတွက် အခွင့်အရေး ရစေချင်သော်လည်း၊ တခြားသူများကိုတော့ အခွင့်အရေးမပေးချင်ချေ။ ထို့ကြောင့်ပဲ သခင်မဟယ်ထံသို့ ချည်ပန်းထိုးသမများ ပို့ပေးရန် ပြောခဲ့ခြင်း ဖြစ်သည်။
ကျင်းနျဉ်အတွက်တော့ သုံးရက်တာက အကုန်မြန်လွန်းလှသည်ပင်။ ပထမဆုံးရက်တွင် သူ(မ)သည် မောင်ငယ်လေးကို အနွေးအင်္ကျီ ချုပ်ပေးရန်အတွက် ဂွမ်းနှင့် ချည်သားများ ဝယ်ခဲ့သည်။ ထို့နောက် ချည်ပန်းထိုးဆိုင်မှ ပေးထားသည့် ဆောင်းတွင်းဝတ် အနွေးအင်္ကျီများကို ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး မိခင်ဖြစ်သူထံသို့ ပေးခဲ့၏။ အသားတချို့လည်း ဝယ်ခဲ့ပြီး တချို့ကို နှုတ်ဆက်ပွဲတွင် စားမည်ဖြစ်ကာ ကျန်သည့်အသားများကိုမူ နှစ်သစ်ကူးအတွက် အခြောက်လှမ်းပေးခဲ့မည် ဖြစ်သည်။
**
ကျင်းနျဉ်၏မိဘများကလည်း သူ(မ)အတွက် ပစ္စည်းများ ထုပ်ပိုးပေးနေသည်။ စောင်နှင့် အခင်းများကို အိတ်တစ်အိတ်ထဲသို့ ထိုးကြိတ်ထည့်ပေးနေပြီး၊ နောက်ထပ်အိတ်နှစ်အိတ်တွင်မူ တစ်အိတ်တွင် ဖိနပ်နှင့် အဝတ်အစားများ ထည့်ပေးထားပြီး၊ ကျန်တစ်အိတ်တွင်မူ ချဉ်ဖတ်များ၊ ကြက်ဥပြုတ်ဆယ်လုံးနှင့် မုန့်များ စသည့်ဖြင့် ပြင်ဆင်ပေးထားလေသည်။
မိသားစုဝင်အားလုံးသည် ညည့်နက်သည်အထိ ထုပ်ပိုးပြင်ဆင်နေကြ၏။ ထို့နောက် လော့ယွီသည် ကျင်းနျဉ်အား တိတ်တိတ်လေး ခေါ်ထုတ်သွားလိုက်သည်။
ကျင်းနျဉ်ကတော့ ပင်ပန်းနေပြီဖြစ်၍ ညည်းညည်းညူညူ ပြောလိုက်မိ၏။
“အမေရယ်၊ သမီး ခဏလောက် နားချင်သေးလို့ပါ၊ ဘာပြောစရာ ရှိသေးလို့လဲဟင်။ ရန်ဖြစ်တဲ့အခါ ကိုယ့်ဘက်ကနေ ဆံပင်ကိုဦးအောင် ဆွဲပစ်ဆိုတာမျိုး သင်ပေးမလို့လား…..”
လော့ယွီက သူ(မ)၏သမီးကို အနားသို့ဆွဲခေါ်ကာ ပြောလိုက်သည်။
“မဟုတ်ပါဘူး။ အခု သမီးက အရွယ်ရောက်နေပြီဆိုတော့ အမေက သမီးကို လစဉ်သုံးဂွမ်းချပ်တွေကို ဘယ်လိုချုပ်ရတယ်ဆိုတာ သင်ပေးမလို့။ ဒါက မိန်းကလေးတိုင်း ကြုံရမဲ့ကိစ္စပဲ။ အခု အမေက သမီးနဲ့အတူ မရှိပေးနိုင်ဘူးဆိုတော့ သမီးကိုယ်တိုင်ပဲ ပြင်ဆင်ထားရတော့မှာ။ အဲလိုဖြစ်လာတဲ့အချိန်ကျရင် မကြောက်နဲ့နော်။”
ကျင်းနျဉ်မှာ ဘာကြောင့်ရယ်မသိ ဝမ်းနည်းလာခဲ့ပြီး နှာခေါင်းထဲမှ စူးရှရှခံစားလိုက်ရကာ မျက်ရည်များ ဝဲလာရသည်။
***
Aurora Novel Translation Team