အပိုင်း (၈)
ရန်ဟုန်နှင့် လုရင်းတို့ အပြင်ဘက်မှ လာကြရင်း ပင်မဆောင်၏ အိပ်ဆောင်ထဲသို့ ဝင်လိုက်ချိန်တွင် သခင်မကျန်းက “တောင်ဝှေးပင်အောက်မှ ငြိမ်ဆိတ်သော နွေကန္တာ” ဟူသည့် ပန်းချီကား၏အောက်မှ ရှေးဟောင်းခုတင်ထက်တွင် လှဲလျောင်းနေလေသည်။ သူ(မ)တို့သည် အသံတစ်စက်ပင် မထွက်ရဲဘဲ လက်ကိုရိုကျိုးစွာ ယှက်သိုင်းထားလျက် အာရုံစိုက်ကာ မတ်တတ်ရပ်နေကြ၏။
သို့သော် သခင်မကျန်းက မှေးနေရုံသာ ဖြစ်သည်။ သူ(မ)က ခြေသံကြားလိုက်တည်းကကို မည်သူတွေ ရောက်လာကြောင်း သိ၏။ မျက်လုံးများ မှိတ်ထားသော်လည်း သူ(မ)၏အစေခံများဖြစ်ကြောင်းကို ချက်ချင်းသိသည် ဖြစ်ရာ
“ကျန်းလင်ကလာတဲ့ ချည်ပန်းထိုးသမလေးတွေကို သေသေချာချာ နေရာချထားပေးပြီးပြီလား။”
ရန်ဟုန်က ဦးညွှတ်အရိုအသေပြုလိုက်ပြီးမှ ရိုကျိုးစွာ ဖြေ၏၊
“သေချာ နေရာချထားပေးပြီးပါပြီ သခင်မ။ အခုတော့ သူ(မ)တို့တွေလည်း အိပ်ရာတွေ ခင်းကျင်းနေကြပါတယ်။ ပြီးတော့ အိမ်တော်ကြီးက ဘယ်လောက်တောင် ခမ်းနားကြောင်းကို တဖွဖွ ပြောနေကြတာပါ။”
သခင်မကျန်းက ခပ်ဖွဖွ ပြုံးလိုက်ရင်း
“မြို့ငယ်လေးတွေကလူတွေကို ငှားရတာပဲ ပိုကောင်းတယ်။ သူ(မ)တို့တွေက ကြိုးစားပြီး အလုပ်လည်း များများ လုပ်နိုင်ကြတယ်။ ပျန့်ကျင်းက ချည်ပန်းထိုးသမတွေကိုသာ ငှားမယ်ဆိုရင် သူ(မ)တို့တွေက အလုပ်ကို အချောင်ခိုကြမယ်၊ ပြီးရမဲ့အချိန်မှာ မပြီးဘူး။ ပြီးတော့ လက်ခကများပြီး အရည်အသွေးမကောင်းတာတွေ လုပ်ပေးကြဦးမယ်။”
သူ(မ)က ခေါင်းတခါခါ လုပ်နေခဲ့ပြီးမှ ရန်ဟုန်ကို လှည့်ကြည့်လိုက်ပြန်ကာ
“ဒီချည်ပန်းထိုးသမတွေကတော့ ဘာပဲဖြစ်ဖြစ် အပြင်လူတွေပဲနော်။ သူ(မ)တို့တွေက သုံးနှစ်နေပြီးတာနဲ့ ပြန်ကြမှာ။ ဒါကြောင့် သူ(မ)တို့အပေါ် သိပ်လည်း ပြင်းပြင်းထန်ထန် မဆက်ဆံကြနဲ့ဦး။”
ရန်ဟုန်က ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သခင်မကျန်း၏ သွယ်တန်းနေသော မျက်ခုံးအစုံတို့က အနည်းငယ် တွန့်ချိုးသွားလျက်
“ချည်ပန်းထိုးသမတွေကိုက ထားလိုက်ဦး။ အသစ်ရောက်လာတဲ့ အစေခံတွေကိုတော့ စည်းကမ်းတကျဖြစ်အောင် သင်ကြားပေးထား။ သူ(မ)တို့တွေက သခင်မလေးတွေကို ခစားရမဲ့ အစေခံတွေဆိုတော့ သေသေချာချာ ကိုင်တွယ်ထားမှ ဖြစ်မယ်။”
ယခင်က သခင်မကျန်းတွင် အိမ်တော်ကို ထိန်းသိမ်းပေးမည့် အိမ်တော်ထိန်းအိုကြီးတစ်ယောက်ရှိသည်။ သို့သော် ယခုနှစ်ပိုင်းများတွင် သူ(မ)က အသက်အရွယ်ကြီးရင့်လာသောကြောင့် မှတ်ဉာဏ်များချို့ယွင်းလာပြီဖြစ်၍ သခင်မကျန်းက သူ(မ)ကို အိမ်ပြန်ပို့ထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ယခုတော့ သူ(မ)သည် အိမ်တော်၏ကိစ္စအဝဝကို ရန်ဟုန်နှင့် လုရင်းတို့အပေါ်တွင်သာ အားကိုနေရတော့၏။ သူ(မ)တို့နှစ်ယောက်ထဲတွင်မှ ရန်ဟုန်က ပို၍ယုံကြည်ရသူဖြစ်သည်။
သခင်မကျန်းထံမှ ညွှန်ကြားချက်များ ရရှိပြီးသောအခါ ရန်ဟုန်က အရင် ထွက်ခွာသွားသည်။ ထိုအခါမှ လုရင်းက ပြောလေ၏။
“ဒုတိယသခင်မက အခုတလော စိတ်လက်မကြည်မသာဖြစ်နေပြီး၊ လှုပ်လှုပ်ရှားရှားတောင် မလုပ်ချင်ဘူးဖြစ်နေတယ်လို့ ကြားရပါတယ် သခင်မ။ ဒီနေ့ သူ(မ)ဆီကို သမားတော်တစ်ယောက် လာကြည့်တာလည်း ဒီအစေခံ တွေ့ခဲ့ပါတယ်။ ယွင်လန်နဲ့ တခြားသူတွေကလည်း ပျော်နေကြပုံပါပဲ။”
“သူ(မ) ကိုယ်ဝန်ရနေတာများ ဖြစ်နေမလား။”
သခင်မကျန်းက မေးလိုက်သည်။
ဒုတိယသခင်ကြီး၏ ပထမမယားဖြစ်သည့် သခင်မလီ အိမ်တော်သို့ရောက်ပြီး မကြာမီပင် ကျိုးအိမ်တော်၏ အကြီးဆုံးမြေးယောက်ျားလေးကို ဖွားမြင်နိုင်ခဲ့ပြီး သခင်မကျန်းကို အသာစီးရသွားခဲ့သူ ဖြစ်သည်။ ထိုမျှပင်မကသေး သခင်မလီက စိတ်သဘောထားကောင်းကာ နူးညံ့သိမ်မွေ့သူဖြစ်၍ ကျိုးသခင်မကြီးကလည်း ချစ်မြတ်နိုးလေရာ ကိုယ်လုပ်တော်များကို မနှစ်မြို့သည့် ကျန်းသခင်မအတွက်တော့ အခက်တွေ့စေခဲ့သည်။ ယခုလက်ရှိ ဒုတိယသခင်မဖြစ်သည့် သခင်မဝူကလည်း စိတ်ထားဖြောင့်မတ်၍ သဘောထားပွင့်လင်းသူဖြစ်ကာ အခွင့်အာဏာများနှင့်ပတ်သက်၍ စိတ်မဝင်စားလှချေ။ သူ(မ)က ကိုယ်လုပ်တော်မြောင်ကိစ္စနှင့် ပတ်သက်၍လည်း သခင်မကျန်းအပေါ် အပြစ်မကင်း ခံစားနေရရှာရာ၊ လင်ညီမဖြစ်သူအပေါ် ရိုသေစွာ ဆက်ဆံလေသည်။
သို့သော် သခင်မဝူသည်လည်း ကံမကောင်းရှာပေ။ သူ(မ)သည် အိမ်တော်သို့ရောက်လာပြီး ဆယ်စုနှစ်များစွာကြာသည်အထိ ကလေးမရခဲ့ဘဲ၊ လွန်ခဲ့သော သုံးနှစ်ကမှ သာလေးတစ်ယောက် မွေးဖွားခဲ့သော်လည်း ထိုကလေးမှာ ယခုနှစ် နွေဦးတွင် ဆုံးပါးသွားခဲ့လေသည်။ ယခု သူ(မ)သာ အမှန်တကယ် ကိုယ်ဝန်ရှိနေခဲ့သည်ဆိုပါက တကယ်ကို ကောင်းချီးတစ်ခုပင်။
ကျိုးအိမ်တော်တွင်က အိမ်တော်ခွဲသုံးခုရှိသော်လည်း၊ ကျိုးသခင်မကြီးက သက်ရှိထင်ရှားရှိနေဆဲဖြစ်ရာ ပိုင်ဆိုင်မှုများကို ခွဲဝေပြီးဖြစ်သော်လည်း အိမ်ခွဲမနေကြသေးပေ။ သူတို့သည် တစ်ယောက်အသံကို တစ်ယောက် ကြားနိုင်သည့် အကွာအဝေးတွင်သာ နေထိုင်နေကြသည်ဖြစ်သဖြင့် မည်သည့်ကိစ္စကိုမှ ဖုံးကွယ်ထား၍ မရပေ။
လုရင်းက ပြုံးလိုက်ကာ
“ဒီအစေခံထင်တာတော့ အဲလိုပဲ ဖြစ်ဖို့များပါတယ် သခင်မကြီး။”
“ဒါဆိုလည်း အားဖြစ်စေမဲ့ဟာတွေနဲ့ ပိုးထည်တွေ ပြင်ထားလိုက်ချေ။ သူ(မ)ဘက်က တရားဝင်ပြောလာပြီဆိုတာနဲ့ ငါ့အစား သွားပို့ပေးလိုက်။”
သခင်မကျန်းက ညွှန်ကြားလိုက်သည်။
လုရင်းတစ်ယောက် ဟုတ်ကဲ့ပါဟု ပြောလိုက်တော့မည့်အချိန်တွင်ပင် အရှေ့ဘက်အဆောင်မှ ကိုယ်လုပ်တော်များ ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူ(မ)လည်း ကောင်းကင်ယံကို မော့ကြည့်လိုက်သောအခါတွင်မှ ညစာစားချိန် နီးကပ်လာပြီဖြစ်၍ ကိုယ်လုပ်တော်နှစ်ယောက်လည်း ထမင်းဝိုင်းတွင် ခစားရန် ရောက်လာခြင်းဖြစ်ကြောင်း သိလိုက်၏။ လုရင်းသည် ကျန်းသခင်မ မတ်တတ်ရပ်ရန် ကူတွဲပေးလိုက်သည်။
***
ထိုအချိန်တွင် ကျင်းနျဉ်ကတော့ စားဖိုဆောင်မှ ရေသွားယူပြီး ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပြီးသည်နှင့် အိပ်ရာကို သပ်ရပ်အောင် ပြင်ဆင်နေသည်။ ထို့နောက် ညစာစားချိန်ရောက်ပြီဖြစ်ကြောင်း ကြားလိုက်သောအခါ ဖန်းချောင်လျန်နှင့်အတူ လက်ဖက်ရည်ခန်းမှ လန်ရွယ်နှင့် ရွေ့ချောင်တို့ဆီသို့ သွားလိုက်တော့သည်။
သူ(မ)တို့က အိမ်တော်တွင်သာ မွေးဖွားလာသည့် အစေခံများဖြစ်ပြီး မျိုးရိုးစဉ်ဆက်တစ်လျှောက်လုံး ကျိုးအိမ်တော်အပေါ် အလုပ်အကျွေးပြုလာကြသူများ ဖြစ်သည်။ ကျင်းနျဉ်သည် သူ(မ)တို့နောက်လိုက်၍ သခင်မကျန်း၏ ပင်မဆောင်မှ ထွက်လာပြီးသောအခါမှ အရှေ့ဘက်ခြံဝင်းက မည်မျှကျယ်ဝန်းကြောင်း သိသွားရသည်။ ပင်မဆောင်တွင် အိပ်ခန်းသုံးခန်းရှိပြီး ဘေးဘက်များတွင်မူ ရန်ဟုန်နှင့် လုရင်းတို့ကဲ့သို့ ယုံကြည်ရသည့်အစေခံများကို ထားရန်အတွက် အခန်းငယ်လေး နှစ်ခန်းစီ ရှိသည်။ အရှေ့ဘက်မှအဆောင်နှင့် အနောက်ဘက်မှ အဆောင်များတွင်မူ အခန်းကျယ်ကြီး ငါးခန်းစီ ပါဝင်၏။ လန်ရွယ်၏ အဆိုအရတော့ အရှေ့ဘက်အဆောင်တွင် ကိုယ်လုပ်တော်နှစ်ယောက် နေထိုင်ပြီး အနောက်ဘက်အဆောင်တွင်မူ သခင်မလေးများ နေထိုင်သည်။
သူ(မ)တို့သည် အရှေ့ဘက်စင်္ကြံလမ်းများကို လျှောက်လာခဲ့ပြီး လခြမ်းပုံ ဂိတ်တံခါးတစ်ခုကို ဖြတ်သန်းလာခဲ့ပြီးသောအခါတွင်တော့ လူများရှုပ်ထွေးနေသော စားဖိုဆောင်သို့ ရောက်ရှိလာခဲ့လေပြီ။ ရွေ့ချောင်က ဆက်ပြောလာ၏။
“အဝတ်လျှော်ခန်းကလည်း ဒီမှာပဲ။ စားဖိုဆောင်ကို ကျော်သွားရင်တော့ သခင်မကြီးကျိုးရဲ့ အဆောင်ကို ရောက်လိမ့်မယ်။ သခင်မကြီးက တိတ်တိတ်ဆိတ်ဆိတ်နေရတာပဲ သဘောကျတာမို့ အဲဒီဘက်ကိုတော့ လျှောက်မသွားကြနဲ့နော်။”
ကျင်းနျဉ်က ရယ်မောကာ ပြောလိုက်သည်။
“ကျွန်မတို့က အစားအသောက်လာယူဖို့ကိုတောင် ပျင်နေတာဆိုတော့ ဟိုဟိုဒီဒီလျှောက်သွားဖို့ ဘယ်လိုများ အချိန်ရှိမှာလဲ။”
ထိုသို့ စကားတပြောပြောဖြင့်ပင် သူ(မ)တို့လေးယောက်သည် စားဖိုဆောင်မှ အစားအသောက်များ သွားထုတ်လိုက်ကြသည်။ ယခုက ကျင်းနျဉ်တို့အတွက် ပထမဆုံးနေ့ဖြစ်သဖြင့် စားဖိုဆောင်မှ အလုပ်သမားများက သူ(မ)တို့ ချည်ပန်းထိုးသမများကို မသိကြသေးသော်လည်း အစားအသောက်များတော့ ပေးလေသည်။ ကျိုးအိမ်တော်မှ အစားအသောက်များသည် ဟယ်မိသားစုမှ ပေးသည့် အစားအသောက်များထက် ကောင်းမွန်လေ၏။ တစ်ဦးလျှင် ဟင်းနှစ်ပွဲစီရပြီး တစ်ပွဲက မုန့်ညင်းရွက်ကြော်ဖြစ်ကာ တစ်ပွဲမှာ ကြက်သွေးချောင်းနှင့် ကောက်နှံခေါက်ဆွဲကို ရောချက်ထားသည်တို့ ဖြစ်ပေသည်။
သူ(မ)တို့ အစားအသောက်များ ယူပြီးသောအချိန်တွင် ကျင်းနျဉ်သည် အနီရောင်ချယ်ရီသီးများနှင့် အစိမ်းရောင်ဆီးသီးများ ထည့်ထားသည့် ပန်းကန်လေးတစ်ပန်းကန်ကို သတိထားမိသွားလေသည်။ အစိမ်းရောင်ဆီးသီးများနှင့် ရောနှောနေလေရာ ချယ်ရီသီးများက တောက်ပရွှန်းလဲ့နေပြီး ပို၍ပင် စားချင်စဖွယ် ဖြစ်နေတော့၏။
ဖန်းရှောင်လန်က ပြောလိုက်၏။
“ချယ်ရီသီးယိုတွေပဲ! ချယ်ရီသီးက နွေဦးမှာပဲ ရတာမလား။ ဘယ်လိုလုပ် ရှိနေတာလဲဟင်။”
စားဖိုဆောင်မှ အလုပ်သမားတစ်ဦးက သူ(မ)ကို လှမ်းကြည့်လိုက်ပြီး
“ဒါတွေက စတုတ္ထသခင်မလေးအတွက် သီးသန့်ပြင်ပေးထားတာ။ သူ(မ)က ခြေထောက်စည်းပြီးတော့ နေမကောင်းဖြစ်နေလို့လေ။”
ကျင်းနျဉ်သည် မြောက်ပိုင်းစုန့်မင်းဆက်တွင် ခြေထောက်စည်းခြင်းဓလေ့က အထက်တန်းလွှာများအတွက်သာ ဖြစ်ပြီး သူ(မ)တို့လို သာမန်မိန်းကလေးများကတော့ ထိုဝေဒနာမှ ကင်းဝေးခွင့်ရသည့်အတွက် ကံကောင်းလှသည်ဟု တွေးနေမိသည်။ သူ(မ)သည် စတုတ္ထသခင်မလေးဆိုသူအတွက်လည်း စိတ်မကောင်းဖြစ်နေမိသေး၏။ သို့သော်လည်း သူ(မ)လည်း စိတ်မကောင်းဖြစ်မိရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါပေ။
ကျင်းနျဉ်တို့ အခန်းဆီသို့ ပြန်ရောက်သောအခါ ချင်းရွှမ်အာတစ်ယောက် အတော်လေး စိတ်ကျေနပ်နေပုံရသည်ကို တွေ့လိုက်ရသည်။ သူ(မ)က ပြောလေ၏။
“မမရန်ဟုန်က ပြောတယ် နောက်ရက်တွေကျ ငါတို့ကို ကူပေးဖို့အတွက် အစေခံငယ်လေးနှစ်ယောက် လွှတ်ပေးလိုက်မယ်တဲ့။ သူ(မ)တို့ရောက်လာတဲ့အခါကျရင်တာ့ အစားအသောက်တွေ သွားယူခိုင်းလို့ရပြီ။ ငါတို့တွေ နေ့တိုင်း သွားလိုက် ပြန်လိုက် လုပ်နေစရာ မလိုတော့ဘူး။”
“ဒီကိစ္စကိုတော့ အဲဒီအချိန်ရောက်မှပဲ စဉ်းစားကြတာပေါ့။”
ကျင်းနျဉ်က ပြုံးလျက်သားဖြင့် ပြောလိုက်ပြီး နောက်ထပ် ဘာစကားမှ မဆိုလိုက်တော့ချေ။
ထိုညတွင် သူ(မ)တို့သည် စားဖိုဆောင်မှ ရေနွေး သွားယူလိုက်ကြပြီး ခြေထောက်ကို ရေနွေးစိမ်၍ ဆေးကြောလိုက်ပြီးနောက် သက်သောင့်သက်သာဖြစ်စွာ အနားယူလိုက်ကြတော့သည်။
နောက်တစ်နေ့မနက်သို့ အရောက်တွင်မူ၊ သူ(မ)တို့အတွက် မနက်စာအဖြစ် ပေါက်စီနှင့် ပဲနို့တို့ ရ၏။ ကျင်းနျဉ်က ပေါက်စီကြိုက်သူဖြစ်ရာ၊ “ခန်းဆောင်နီအိပ်မက်” ထဲက ချင်းဝမ်နဲ့ တခြားသူတွေ အိမ်တော်ကနေ မထွက်သွားချင်ကြတာ မဆန်းပါလား ဟုပင် တွေးလိုက်မိသည်။ ကျိုးအိမ်တော်က ရုန်ကော်အိမ်တော်လောက် မခမ်းနားလှသော်လည်း အိမ်တော်ရှိ အစေခံအယောက်ငါးဆယ်ကျော်မှာ အပြင်မှ သာမန်လူများထက်တော့ ပို၍ ကောင်းမွန်စွာ နေထိုင်ကြရသည်ပင်။
မနက်စာ စားပြီးသွားကြသောအခါ သခင်မချန်က အလုပ်တာဝန်များ ခွဲဝေပေးသည်။ သူ(မ)ကတော့ ကျိုးသခင်မကြီး၊ သခင်ကြီး၊ သခင်မနှင့် သခင်လေးတို့အတွက် အဝတ်အထည်များကို တာဝန်ယူမည်ဖြစ်ပြီး ကျင်းနျဉ်တို့လေးယောက်က သခင်မလေးများအတွက် ဝတ်စုံများကို တာဝန်ယူ ချုပ်လုပ်ပေးရမည် ဖြစ်သည်။
“သခင်မလေးတွေအတွက် ဝတ်စုံတွေက မင်းတို့တွေ တစ်ယောက်ကို လေးစုံစီ ချုပ်ပေးရမယ်။ သေချာမှတ်ထားနော်…ပိုးဖဲဝတ်စုံက တစ်ထည်၊ ကော်လာနဲ့ ဂွမ်းထည်ဝတ်ရုံရှည်ကတစ်ထည်၊ ရှေ့ခွဲအပေါ်ထပ်ဝတ်ရုံရှည်ကတစ်ထည်နဲ့ သားမွေးအနားကွပ်ဝတ်ရုံကတစ်ထည် ချုပ်ပေးရမယ်။ အိမ်တော်မှာ သခင်မလေး လေးယောက်ရှိတယ်ဆိုတော့ မင်းတို့က တစ်ယောက်ကို သခင်မလေးတစ်ယောက်အတွက် တာဝန်ယူ လုပ်ပေးရမယ်။ ဘယ်သူ့ကိုတာဝန်ယူချုပ်ပေးရမလဲဆိုတာကတော့ ဒီအတိုင်း အလှည့်ကျပဲ ချုပ်ပေးလိုက်ကြပေါ့။”
ကျင်းနျဉ်က ပြုံးကာ ပြောလိုက်သည်။
“ဒေါ်ဒေါ်ချန်၊ ကျွန်မတို့တွေ မဲနှိုက်လိုက်ကြရင်ရော။ ကိုယ် မဲကျတဲ့လူကိုပဲ ချုပ်ပေးတာမျိုးလေ။ အဲလိုသာဆို တရားမျှတမှုလည်း ရှိသွားမယ်။ နောက်ပိုင်းကျ ဒီနေ့ကျတဲ့လူအပေါ် မူတည်ပြီးမှ အလှည့်ကျ လုပ်သွားကြတာပေါ့။”
အကြီးဆုံးသခင်မလေးနှင့် ဒုတိယသခင်မလေးတို့က တရားဝင်ဇနီးသည်မှမွေးသည့် သခင်မလေးများဖြစ်ကြောင်းကို အားလုံး သိထားကြလေရာ၊ အားလုံးက သူ(မ)တို့အတွက်သာ ချုပ်ပေးချင်နေကြသည်။ သို့သော် ပေါ်ပေါ်တင်တင် လုယက်လိုက်မည်ဆိုလျှင်လည်း မြင်မကောင်းပေ။
***
Aurora Novel Translation Team