no

Font
Theme

အပိုင်း (၁၀)

မနက်စာစားပြီးသောအခါ ကျင်းနျဉ်သည် သခင်မချန်ကို အသိပေးခဲ့ပြီး တတိယသခင်မလေး၏ အဆောင်ဆီသို့ ထွက်လာခဲ့တော့သည်။ အဆောင်သို့ရောက်သောအခါ ရတနာများ ဆင်မြန်းထားသော အမျိုးသမီးတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် သူ(မ) အံ့ဩသွားရ၏။ ကျင်းနျဉ် ခဏတာလောက် အံ့ဩမှင်တက်နေခဲ့ပြီး အစေခံမလေး သတိပေးလာသောအခါမှ တတိယသခင်မလေ၏မိခင် ကိုယ်လုပ်တော်လုဖြစ်ကြောင်း သိသွားကာ အလျင်အမြန် အရိုအသေပေးလိုက်ရသည်။

ကိုယ်လုပ်တော်လုက စိတ်ရင်းကောင်းသော အမျိုးသမီးတစ်ယောက်ပင်။ သူ(မ)က ကျင်းနျဉ် ယူလာသည့် အဝတ်အစားပုံစံများကို မြင်သောအခါ ပြုံးလိုက်၍ ဆို၏။

“ဒီလိုမျိုး ပုံကြမ်း အရင်ဆွဲပြတာမျိုး ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး။”

တတိယသခင်မလေးကလည်း စိတ်ကျေနပ်ဟန်ရသည်။

“ဒီပုံစံတွေအတိုင်းပဲ ချုပ်လိုက်ပါ။”

“သခင်မလေးဘက်က အတည်ပြုပြီးပြီဆိုတော့၊ ကျွန်မအခုပဲ ပိတ်စတွေ ဖြတ်လိုက်ပါတော့မယ်။”

ကျင်းနျဉ်က တက်ကြွစွာ ဖြေလိုက်၏။ သူ(မ)သည် ဟိုဟိုဒီဒီ တောင်းဆိုချက်မများဘဲ အေးအေးဆေးဆေးရှိသော အထည်အပ်သူမျိုးကို အနှစ်သက်ဆုံးပင်။

ကိုယ်လုပ်တော်လုကလည်း ဝင်ပြော၏။

“ဒီလို လာလုပ်ပေးတာ ကျေးဇူးတင်ပါတယ်ကွယ်။ ချင်းရွယ်ရေ ဒီအပ်ချုပ်သမလေး မုန့်ဝယ်စားဖို့အတွက် ဒင်္ဂါးပြားနည်းနည်းလောက် ပေးလိုက်ပါဦး။”

ဒင်္ဂါးပြားနည်းနည်းလောက် ပေးလိုက်ပါဦး ဟုသာ ဆိုလိုက်သော်လည်း တကယ်တမ်းက ဒင်္ဂါးပြား ပြားနှစ်ဆယ် ပေးခြင်းဖြစ်သည်။ တတိယသခင်မလေးကလည်း အပိုဆုချသည့်အနေဖြင့် ပဲကိတ်တစ်ပန်းကန် ပေးလိုက်သေး၏။ ကျင်းနျဉ်လည်း ကျေးဇူးတင်စကားဆိုလိုက်ပြီးမှ ထွက်လာခဲ့ကာ ဒင်္ဂါးပြားများကို အိတ်ထဲသို့ ဂရုတစိုက်နှင့် ထည့်လိုက်သည်။ ဒင်္ဂါးတစ်ပြားနှင့်ဆိုလျှင်ပင် မုယောသကြားလုံးတစ်လုံးလောက်တော့ ဝယ်နိုင်သေးသည် ဖြစ်၏။ စုန့်မင်းဆက်တွင်က ငွေကြေးတန်ဖိုး မြင့်မားသေးသည်ပင်။

သို့နှင့် သူ(မ) အပ်ချုပ်ခန်းသို့ ပြန်ရောက်သောအခါ၊ ကျင်းနျဉ်သည် သူ(မ) ဗိုက်ဆာလျှင်သုံးရန်အတွက် ဒင်္ဂါးပြားနှစ်ပြားလောက် ချန်ထားလိုက်ပြီး ကျန်သည့်ဒင်္ဂါးပြားများကိုမူ တခြားသူများအား ခွဲဝေပေးလိုက်သည်။

သခင်မချန်က ထိုအဖြစ်အပျက်ကို အခွင့်ကောင်းယူကာ အကြံဉာဏ်ပေးလိုက်၏။

“အရင်တုန်းက ကိုယ်လုပ်တော်လုက ပထမသခင်မရဲ့ အိမ်တော်ကိစ္စတွေကို စီမံပေးတဲ့နေရာမှာ ကူညီပေးဖူးတယ်လို့ ပြောကြတယ်။ သူ(မ)က အရင်တုန်းက ပထမသခင်မရဲ့ အကြီးတန်းအစေခံတစ်ယောက်တဲ့။ သူ(မ)ကလည်း တော်တော်လေး ပြည့်ပြည့်စုံစုံရှိတယ် ပြောရမယ်။ ဒါကြောင့် မျက်နှာလိုမျက်နှာရနဲ့ ရာထူးအဆင့်အတန်းမြင့်မားတဲ့သူကိုပဲ ခစားချင်တယ်ဆိုတာမျိုး မလုပ်ကြနဲ့။”

သူ(မ)၏စကားများက အလားအလာပိုကောင်းနိုင်မည်အထင်နှင့် တရားဝင်မယားကြီး၏ သားသမီးများထံတွင်သာ ခစားချင်ပြီး၊ ကိုယ်လုပ်တော်၏ သားသမီးများကိုမူ အလေးမထားလိုကြသည့် သူများကို သတိပေးလိုက်ခြင်းပင်။ အမှန်စင်စစ်မူ၊ အဆင့်အတန်းထက် ရက်ရောမှုရှိ၊ မရှိကသာ ပို၍ အရေးပါပေသည်။

ကျင်းနျဉ်က ခေါင်းတခါခါနှင့်သာ ရယ်နေခဲ့ပြီး ပိတ်စပေါ်တွင် မီးသွေးခဲနှင့် အတိုင်းအတာများ အမှတ်အသားပြုလုပ်နေလျက် အလုပ်ထဲတွင်သာ အာရုံစိုက်ထား၏။

အပ်ချုပ်ခန်းထဲတွင်က ချည်ပန်းထိုးသည့်ကွင်းများ၊ စားပွဲရှည်ကြီးများ၊ မီးပူများ၊ ချည်မျှင်များ၊ ပိတ်စအပိုင်းအစများနှင့် ပုံဖော်သည်အပြားများ စသည်ဖြင့် အမျိုးစုံအောင် ရှိသည်။ ဗီရိုများထဲတွင်မူ ရွှေရောင်သစ်ခက်သစ်ရွက်များ၊ ရွှေချည်မျှင်များနှင့် ကျောက်ရောင်စုံတို့ကို သော့ခတ်သိမ်းထားလေသည်။

အလုပ်လုပ်နေကြစဉ်တွင် ကျင်းနျဉ်နှင့် တခြားသူများသည် သခင်မချန်နှင့်အတူ ချည်ပန်းထိုးသည့်နည်းလမ်းများ ဆွေးနွေးခြင်း၊ အလှဆင်သည့်ပစ္စည်းများ တောင်းခံခြင်းတို့ ပြုလုပ်ကြ၏။ သို့နှင့် ကျင်းနျဉ်တစ်ယောက် ရွှေချည်မျှင်နည်းနည်းလောက် တောင်းရန် ထရပ်လိုက်တော့မည့်အချိန်တွင် လုရင်းသည် ခုနစ်နှစ်၊ ရှစ်နှစ်လောက်သာ ရှိဦးမည့် ကလေးမလေးနှစ်ယောက်ကို ခေါ်လာကာ ရောက်လာသည်။ သူ(မ)တို့သည် အစာရေစာရှားပါးမှုကြောင့် ဆန်အနည်းငယ်နှင့် လဲလှယ်ခံထားခဲ့ရသည့် အစေခံလေးများ ဖြစ်၏။ တစ်ယောက်က စစ်အာဟုခေါ်ကာ တစ်ယောက်မှာ ရှောင်ဟယ် ဖြစ်ပေသည်။

“သနားစရာလေးတွေပါလား။”

သခင်မချန်က သက်ပြင်းချကာ ဆိုသည်။

လုရင်းက ပြုံးလျက်

“အဒေါ်ချန်၊ ဒါက ရှင်တို့ကို ကူညီပေးမဲ့ အစေခံနှစ်ယောက်ပါ။”

နေ့လယ်ခင်းသို့ရောက်သောအခါ၊ ထိုကလေးမလေးနှစ်ယောက်က အစားအသောက်များ သွားယူပေးပြီး သူ(မ)တို့ စားသောက်ပြီးသောအခါ ခပ်သွက်သွက်ပင် ပန်းကန်ခွက်ယောက်များကို ဆေးကြောသိမ်းဆည်းပေးကြသည်။ ဤသို့ဖြင့် အလုပ်ပြီးသောအခါ သူ(မ)တို့အားလုံး စုဝေးစကားပြောကြ၏။

“မင်းတို့နဲ့အတူ စုစုပေါင်း ကလေးမလေး ဆယ်ယောက်လောက် ပါတယ်ဆို။”

စစ်အာက ခေါင်းလေးညိတ်ပြရင်း

"ဟုတ်ကဲ့၊ ကျွန်မတို့နှစ်ယောက်က အပ်ချုပ်ခန်းမှာ တာဝန်ပေးခံရတာပါ။ မမတို့ဆီကနေ သင်သင့်တာတွေ သင်ထားမှ နောက်ကျရင် လိုအပ်တဲ့နေရာမှာ ကူညီပေးနိုင်မှာလို့ မမလုရင်းက ပြောပါတယ်။”

သူ(မ)တို့ အပ်ချုပ်သမများကို ကောင်းကောင်းမွန်မွန် ထားသည်ဆိုသော်လည်း၊ သူ(မ)တို့က သုံးနှစ်ပြည့်သည်နှင့် ပြန်မည့်သူများ ဖြစ်သည်။ သို့ဖြစ်ရာ ယခုလို စာချုပ်နှင့်ခေါ်ထားသော အစေခံမလေးများကသာ အချုပ်အလုပ်ကိစ္စများ တတ်မြောက်ထားလျှင် လက်ခလစာ ပေးစရာမလိုဘဲ ခိုင်း၍ရမည်ဖြစ်သဖြင့် ကုန်ကျစရိတ်ကို အတော်လေး လျှော့ချနိုင်မည် ဖြစ်သည်။

ကျင်းနျဉ်လည်း ထိုသဘောကို နားလည်၏။ ချင်းရွှမ်အာက ဆက်မေးလေသည်။

“တခြားသူတွေကရော ဘယ်နေရာတွေမှာ လုပ်ရလဲ။”

“သခင်မလေးတွေရဲ့အဆောင်ကို တစ်ယောက်စီ ပို့တယ်။ တစ်ယောက်ကိုက စားဖိုဆောင်ကိုပို့ပြီး တစ်ယောက်ကိုတော့ ရေအိမ်မှာ လုပ်ခိုင်းထားပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အဝတ်လျှော်တဲ့နေရာမှာ လုပ်ရပါတယ်။”

ရှောင်ဟယ်က ဖြေပြီးသည်နှင့် ပါးစပ်လေးကို အုပ်ကာ တခစ်ခစ်ရယ်လျက်

“ရေအိမ်မှာလုပ်ဖို့ အပို့ခံရတဲ့သူကတော့ အဆိုးဆုံးပဲ။”

ရေအိမ်မှ အစေခံများမှာမူ အညစ်အကြေးစွန့်သည့် အိုးများကို ဆေးခြင်း၊ မစင်များကို စွန့်ပစ်ခြင်း စသည်ဖြင့် အနံ့ဆိုးသော အလုပ်များကိုသာ တစ်နေ့လုံး လုပ်ကြရရှာသည်။

ဤသို့ဖြင့် ခဏလောက် စကားစမြည်ပြောကြပြီးသောအခါတွင်တော့ ကျင်းနျဉ်နှင့် တခြားသူများအားလုံးမှာ သူ(မ)တို့၏ အလုပ်များတွင်သာ အာရုံစိုက်၍ လုပ်ကိုင်ကြတော့သည်။ ထိုအချိန်တွင် စစ်အာနှင့် ရှောင်ဟယ်တို့ကတော့ တံခါးဝနားတွင် ထိုင်ကာ ငိုက်မြည်းနေကြလေသည်။

အသေးအဖွဲကိစ္စလေးများကို ကူညီပေးရန်အတွက် ကလေးမလေးနှစ်ယောက်ရှိနေရာ၊ ကျင်းနျဉ်တို့အဖို့က အခန်းထဲတွင်သာနေကာ အဝတ်အစားများကို အာရုံစိုက်၍ ချုပ်နိုင်လေပြီ။ သူ(မ)က အလုပ်လုပ်ရာတွင် သူများထက် မြန်သည်ဖြစ်သော်လည်း ချည်ပန်းထိုးသည့်အခါတွင်တော့ ဂရုတစိုက် ထိုးတတ်သူဖြစ်လေသည်။ ယခုအခါ အင်္ကျီကော်လာပေါ်တွင် ပျိုနီပန်းခိုင်ပုံ ထိုးနေသည်ဖြစ်ရာ ပို၍ ဂရုတစိုက် လုပ်နေမိ၏။

သူ(မ)တို့အုပ်စုသည် ညရောက်သည်အထိ ဆီမီးခွက်များထွန်း၍ အားကြိုးမာန်တက် လုပ်ကိုင်နေခဲ့ကြသည်။ သခင်မချန်ကတော့ သူ(မ)၏အဆောင်သို့ ပြန်နားနေပြီဖြစ်သော်လည်း ကျန်သည့်သူများကတော့ ဆက်လက်လုပ်ကိုင်နေကြဆဲပင်။ ကျင်းနျဉ်ကတော့ ယခုအနေအထားကို ကျေနပ်ပါ၏။ သူ(မ)တို့အဖို့ နေ့ဘက်တွင် မီးသွေးဖိုနှင့် နွေးနွေးထွေးထွေး နေနိုင်သလို ညအခါတွင်လည်း ကိုယ်ပိုင်ခုတင်ဖြင့် အိပ်စက်နိုင်သည်ပင်။ စစ်အာနှင့် ရှောင်ဟယ်တို့ကဲ့သို့ အစေခံလေးများဆိုလျှင် အခန်းတစ်ခန်းထဲတွင် ဆယ်ယောက်ကျော်လောက် စုအိပ်ကြရသည်ဟု ပြောသည်။

ဤသို့ဖြင့် သုံးလေးရက် ကြာသွားခဲ့ပြီးနောက်၊ ကျင်းနျဉ်လည်း ကော်လာပါအင်္ကျီကို ချုပ်ပြီးလုနီးပါး ရှိလေပြီ။ ထိုစဉ်တွင် ဖန်းချောင်လျန်က တိုးဖွဖွ ဆိုလာ၏။

“ချင်းရွှမ်အာက အကြီးဆုံးသခင်မလေးရဲ့အဆောင်ကို ခဏခဏ သွားနေတာ နင် သတိထားမိလား။”

“သူ(မ) ဘယ်လောက်အထိ အလုပ်အပေါ် စိတ်ရှည်ကြောင်း ပြချင်လို့ နေမှာပေါ့။”

ကျင်းနျဉ်က ဆိုလိုက်သည်။ သူ(မ)ကတော့ အထည်အပ်သူဘက်မှ ထပ်ခါတလဲလဲ ပြင်ခိုင်းနေသည်မျိုးကို သဘောမကျပါ။ ထပ်ခါထပ်ခါ ပြင်နေလျှင် ကိုယ်ပိုင်ဟန် ပျောက်သွားတတ်ပြီး နောက်ဆုံးတွင် လက်ရာပျက်သွားတတ်၍ ဖြစ်သည်။

ကျွမ်းကျင်မှုနှင့် သက်ဆိုင်သည့် အလုပ်ကိစ္စများတွင် ကျွမ်းကျင်သူကိုသာ အပြည့်အဝ လုပ်ကိုင်ခွင့် ပေးသင့်သည်။ သူ(မ)တို့လို ရွေးချယ်ခံရသည့်သူများတွင် ကိုယ်ပိုင်အရည်အချင်းကိုယ်စီ ရှိပြီးသားပင်။ သူ(မ) ဇာတ်ညွှန်းရေးဆရာမ လုပ်ခဲ့သည့် ယခင်ဘဝတည်းက သရုပ်ဆောင်များနှင့် ဒါရိုက်တာများက ဇာတ်ညွှန်းကို ခဏခဏ ပြင်ခိုင်းနေခဲ့ပါက ဇာတ်ညွှန်းပျက်သွားတတ်သည်ကို ကြုံခဲ့ဖူးပြီး ဖြစ်၏။

ထို့အပြင် ချင်းရွှမ်အာက ရင်းနှီးမှုတည်ဆောက်၍ ယုံကြည်မှုရလာအောင် လုပ်နေကြောင်း သူ(မ) သိသည်။

သို့သော် ကျင်းနျဉ်အတွက်မူ အရည်အချင်းကသာ အရေးအကြီးဆုံးဖြစ်ပြီး၊ လူမှုဆက်ဆံရေးဟူသည် အလှဆင်ပစ္စည်းသက်သက်သာ ဖြစ်သည်။ အထက်တန်းလွှာများနှင့် သိကျွမ်းရုံမျှနှင့် အရာရောက်လှသည်မဟုတ်ချေ။ တကယ်တမ်း ပင်ကိုယ်က အရည်အချင်းမရှိလျှင် ထိုသူများကလည်း အရေးအရာလုပ်မည်မဟုတ်ကြောင်း သူ(မ) ကောင်းစွာ နားလည်သည်။

ထို့အပြင် ဘဝအခြေအနေ မတူညီသောသူများသည် အသိအကျွမ်းဖြစ်ရန် ခဲယဉ်း၏။ မိတ်ဆွေများ ဖြစ်လင့်ကစား တစ်ဦးတစ်ယောက်က ရုတ်တရက် ချမ်းသာကြွယ်ဝသွားလျှင်ပင် ဆက်ဆံရေး ပြတ်တောက်သွားသည်မျိုး ဖြစ်တတ်သေးသည်။

အင်္ကျီတစ်ထည် ပြီးသွားသောအခါ ကျင်းနျဉ်သည် စိမ်းပြာရောင်ဖန့်ဖန့် ဝတ်စုံပေါ်တွင် တတိုင်းမွှေးပန်းလေးများ ထိုးရန် ပြင်လိုက်သည်။ ဖန်းချောင်လျန်၏ ဝတ်စုံကလည်း သူ(မ)နှင့် အရောင်တူဖြစ်ပြီး လည်ထောင်ရင်ဖုံးပုံစံလေး ချုပ်ထားကာ အဖြူရောင်လေးများ အနားကွပ်ထားပြီး ပန်းရောင်လိပ်ပြာပုံလေးများ ချည်ပန်းထိုးလေသည်။ အတော်လေးကို လက်ရာမြောက်လှပနေပြီး အားစိုက်ထုတ်ထားမှန်း သိသာလှသည်။

ချင်းရွှမ်အာ ပြန်ရောက်လာသောအချိန်တွင်၊ တခြားသူသောများအားလုံးက ဒုတိယဝတ်စုံကို စတင်လုပ်ဆောင်နေကြပြီဖြစ်ကြောင်း မြင်လိုက်ရ၏။ သို့သော် သူ(မ)ကတော့ တည်ငြိမ်နေဆဲသာ။ နှစ်သစ်ကူးအမီ ပြီးရန်သာလိုသည်ကြောင့် ကိစ္စမရှိပါပေ။ မည်သို့ပင်ဆိုစေ သူ(မ)တို့အားလုံး ပြီးမှသာ ဝတ်စုံများ အပ်နှံလို့ရမည် ဖြစ်သည်။

“ဒေါ်ဒေါ်ချန်၊ ကျွန်မ ရွှေချည်မျှင်လေး တစ်မျှင်လောက် ရနိုင်မလား။”

ကျင်းနျဉ်သည် တတိုင်းမွှေးပင်၏ အရွက်လေးများကို တောက်တောက်ပပလေး ဖြစ်ချင်သောကြောင့် အနားကွပ်လိုက်ရန် တောင်းလိုက်ခြင်း ဖြစ်သည်။

သခင်မချန်တွင်လည်း လုပ်ရမည့်အလုပ်များ ပုံနေသော်ငြား၊ သူ(မ)က အတွေ့အကြုံရှိသူဖြစ်ရာ ပန်းပေါင်းတစ်ရာ စကတ်ကိုပင် တစ်ညနေတည်းနှင့် အေးအေးဆေးဆေး ထိုးနိုင်သူ ဖြစ်လေသည်။

“ယူလိုက်လေ။”

သူ(မ)က ကျင်းနျဉ်ကို ခွင့်ပြုလိုက်၏။

ဤသို့ သူ(မ)တို့ ကြိုးစားလုပ်ကိုင်နေကြရင်း နေ့ရက်များကလည်း တရွေ့ရွေ့ ကုန်ဆုံးနေခဲ့သည်။ ကျင်းနျဉ်က နောက်ဆုံးဝတ်စုံကိုပင် စတင်နေခဲ့ပြီဖြစ်ပြီး ဂါဝန်ပါးလျလျလေးပေါ်တွင် ချယ်ရီပန်းလေးများ ထိုးထားပြီး ပန်းဝတ်ဆံနေရာတွင် ပုလဲစေ့လေးများနှင့် အလှဆင်ချင်သဖြင့် သခင်မချန်ထံတွင် ပုလဲစေ့လေးများ သွားတောင်လိုက်သည်။

ထိုစဉ်တွင် ချင်းရွှမ်အာကတော့၊ မိန်းမပျိုများ ဆီးပန်းပွင့် ခူးနေသည့်ပုံကို ချည်ပန်းထိုးနေခဲ့သည်။ ချည်ပန်းထိုးရာတွင် လူပုံများက အလွန်လက်ဝင်လှပြီး နောက်ခံတစ်ခုလုံးကိုလည်း ပန်းခက်ပန်းလက်များနှင့် ဝေဝေဆာဆာ အလှဆင်ရသေးသည်ဖြစ်ရာ အလွန်ကို ကြိုးစားအားထုတ်ရပေသည်။ ကျင်းနျဉ်သည် ချင်းရွှမ်အာထံသို့ လှမ်းကြည့်လိုက်ရင်း ဝတ်စုံတစ်ထည်ကို ဆယ်ရက်လောက် လုပ်နေတာလားဟု တွေးမိလိုက်၏။ ချင်းရွှမ်အာသည် သခင်မချန်က မေးသောအခါတွင်လည်း ယင်းက အကြီးဆုံးသခင်မလေး၏ တောင်းဆိုချက်ဖြစ်ကြောင်း ပြောသဖြင့် သခင်မချန်လည်း သက်ပြင်းသာချကာ ဘာမှဆက်မပြောတော့ချေ။

သို့နှင့် နေ့လယ်ခင်းသို့ အရောက်တွင်မူ ရန်ဟုန်တစ်ယောက် ကသုတ်ကရက်နှင့် ရောက်လာပြီး ဆိုလေသည်။

“ကျွန်မတို့ရဲ့ အဒေါ်က နောက်သုံးလေးရက်ဆိုရင် ပြန်ရောက်လာတော့မှာမို့၊ သခင်မလေးတွေအတွက် ဝတ်စုံတွေ အဆင်သင့်ဖြစ်ပြီလားလို့ မေးခိုင်းလိုက်ပါတယ်။ အဆင်သင့်မဖြစ်ကြသေးဘူးဆိုရင်လည်း မြန်မြန် လုပ်ပေးကြပါ။ သူ(မ)တို့တွေက ဧည့်သည်တော်တွေကို ခရီးဦးကြို ပြုကြရမှာဆိုတော့ သူ(မ)တို့ရဲ့ ဝတ်စုံတွေကိုပဲ မြန်မြန် အချောသတ်ပေးကြပါ။”

ထိုသို့ကြားပြီးနောက်တွင်၊ ကျင်းနျဉ်သည် လုပ်နေသည့် အရှိန်ကို မြှင့်လိုက်ပြီး သည်ညလည်း ညဉ့်နက်ဦးမည်ဟု တွေးလိုက်သည်။ ပန်းထိုးရုံနှင့် မပြီးဘဲ ဝတ်စုံများကို မီးပူလည်း တိုက်ရဦးမည် ဖြစ်သည်။ ယင်းကလည်း အတော်ကို အချိန်ပေးရသည့်အဆင့်သာ ဖြစ်ပေ၏။

နှင်းမှုန်လေးများ ကျဆင်း၍ လေတဖြူးဖြူတိုက်နေကာ ချမ်းအေးလှသော ကာလတွင် ချင်းရွှမ်အာတစ်ယောက် ချွေးတဒီးဒီးကျနေရသည်။ ထို့အပြင် ချွေးစက်ချွေးပေါက်များ ပိုးသားစပေါ် ကျမည်ကို စိုးရိမ်ထိတ်လန့်ကာ မူးမေ့လဲမတတ်ပင် ဖြစ်နေရ၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment