no

Font
Theme

အပိုင်း (၉)

နှစ်ရက်ကြာပြီးနောက်တွင် စစ်သူကြီး မြို့တော်သို့ ပြန်ရောက်လာခဲ့သည်။ သူတို့သည် နယ်စပ်ဒေသတွင် ရှီရုန်ပြည်နှင့် အချိန်တစ်ခုလောက်အထိ တိုက်ပွဲများ ဖြစ်နေခဲ့ပြီး နောက်ဆုံတွင် အောင်ပွဲဆင်နိုင်ခဲ့သည်။ သူတို့ဘက်မှ အကျအဆုံး များခဲ့သည်ဆိုသော်လည်း တိုက်ပွဲကိုတော့ အောင်မြင်စွာ တိုက်နိုင်ခဲ့သည်ပင်။ သို့သော် မြို့တော်သို့ အပြန်လမ်းတွင် ခရီးနှောင့်နှေးခဲ့သဖြင့် တစ်လကျော်ကြာပြီးမှသာ မြို့တော်သို့ ရောက်ခဲ့၏။

စစ်သူကြီးချုပ်နှင့် စစ်သူကြီးတို့ တိုက်ပွဲကို အောင်နိုင်စွာ ဆင်နွှဲ၍ ပြန်ရောက်လာကြောင်း ကြားသောအခါ လမ်းမများထက်တွင် လူများစည်ကားနေခဲ့ပြီး လမ်းမတစ်ဖက်တစ်ချပ်စီတိုင်းတွင်လည်း လူများဖြင့် ပြည့်လျှံနေခဲ့သည်။ ရှောင်းဝေ့ရှင်း၊ ရှောင်းဝေ့မင်နှင့် ရှောင်းဝေ့ကျင်းတို့ ညီအစ်ကိုသုံးယောက်သည် လက်ဖက်ရည်ဆိုင်၏ အပေါ်ထပ်တွင်ထိုင်ရင်း လက်ဖက်ရည်သောက်နေကြကာ အောက်သို့ ငုံ့ကြည့်နေကြ၏။

ယိုရှုနှင့် အရိပ်သက်တော်စောင့်နှစ်တို့သည်လည်း ခေါင်းမိုးပေါ်တွင် ထိုင်ကာ လူအုပ်ကြီးအား ပျော်ရွှင်စွာ ကြည့်နေကြသည်။

ယခုတစ်ခေါက်တွင် ရန်မိသားစုက အောင်ပွဲကြီးတစ်ခု ယူဆောင်လာနိုင်သည်ပင်။ ခွေးဧကရာဇ်တော့ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်တော့မည် မဟုတ်ရှာ။

ရှေးခေတ်ကာလများတွင် ဧကရာဇ်များသည် အင်အားကြီး စစ်သူကြီးများကို ထိတ်လန့်ကြ၏။ အထူးသဖြင့် စစ်ရေးအောင်မြင်မှုများပြီး စစ်အင်အားကို ထိန်းချုပ်ထားနိုင်သည့် စစ်သူကြီးများအပေါ် ရတတ်မအေးနိုင်ကြချေ။ ရန်မိသားစုသည် မျိုးရိုးစဉ်ဆက် စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်လာကြသူများ ဖြစ်ပြီး၊ ရန်ချီရှန်းက ယခုမျိုးဆက်၏ ခေါင်းဆောင် ဖြစ်သည်။ သူက အသက်ဆယ့်ရှစ်နှစ်တည်းကပင် စစ်ရေးအောင်မြင်မှုများစွာ ရထားပြီး ဂုဏ်သတင်း ကျော်ကြား၏။ သူသည် ထိုအချိန်မှစ၍ ရှုံးနိမ့်သည့် တိုက်ပွဲဟူ၍ မရှိသလောက်နီးပါး ဖြစ်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ခွေးဧကရာဇ်က သူ့အား “စစ်နတ်ဘုရား” ဘွဲ့ကို အပ်နှင်းခဲ့ခြင်း ဖြစ်ပေသည်။

ရန်ချီရှန်းနှင့် သူ၏ဖခင် စစ်သူကြီးချုပ်ရန်တို့သည် နယ်စပ်ဒေသကို နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်ထားခဲ့ကြပြီး၊ မြို့တော်တွင် ရှိခဲသည်။ ယခုတစ်ခေါက်တွင် နယ်စပ်ဒေသ၌ တိုက်ပွဲကြီးဖြစ်ခဲ့ပြီးနောက် တည်ငြိမ်သွားခဲ့ပြီဟု ယူဆနိုင်သောကြောင့်သာ မြို့တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်၏။ သို့ဖြစ်ရာ ကြိုဆိုမှုများကလည်း သောင်းသောင်းဖြဖြ ရှိလှပေသည်။

ယိုရှုသည် ခမ်းနားလှသည့် ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ထားကာ မြင်းပေါ်တွင် ထိုင်နေသော ချောမောခံ့ညားသည့် အရွယ်ငယ်ငယ် စစ်သူကြီးလေးကို ငုံ့ကြည့်လိုက်ပြီး “သူရဲကောင်းဆိုတာ တကယ်ကို လူငယ်တွေထဲကပဲ ပေါ်ထွက်လာတာပါလား။” ဟု တွေးမိကာ သက်ပြင်းချလိုက်မိသည်။ တစ်ဖက်သူမှာ အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေးသော်လည်း ကြီးမားသည့်စစ်ရေးအောင်မြင်မှုများ ရနေခဲ့ပြီဖြစ်၏။ ထိုသူမှာ နောင်တစ်ချိန်တွင် ဇာတ်လိုက်၏ နံပါတ်တစ်ညီငယ်လေး ဖြစ်လာရန် အလွန်ကို ထိုက်တန်လှပေသည်။ ထို့အပြင် သူက ယိုရှု၏ နံပါတ်နှစ် စံပြပုဂ္ဂိုလ်လည်း ဖြစ်၏။

ရှောင်းဝေ့ရှန်သည် သူက ဉာဏ်ပညာနှင့် ပြည့်စုံသည့် ဧကရာဇ်တစ်ပါးဖြစ်ကြောင်း ပြသရန်အတွက် မြို့တော်မှ အရပ်ဘက် စစ်ဘက် အရာရှိကြီးများအားလုံးကို ခေါ်ထားကာ နန်းတော်တံခါးဝတွင် ရပ်လျက် အောင်ပွဲရစစ်တပ်ကြီးအား ကြိုဆိုနေခဲ့သည်။ သို့သော် တပ်သားများ ရှေ့သို့ ချီတက်လာလေ သူ၏မျက်နှာထက်မှ အပြုံးက အပြုံးတုဆန်လာလေ ဖြစ်နေသည်။ စစ်သူကြီးချုပ်ရန်က မြင်းပေါ်မှ ဆင်းလိုက်ပြီး ဒူးထောက်လိုက်သောအခါ ရှောင်းဝေ့ရှန်က ထိုသူအား တွဲထူပေးတော့မယောင် ပြုမူလိုက်လေ၏။ ဧကရာဇ်နှင့် သူ၏လက်အောက်ခံစစ်သူကြီးတို့မှာ အမှန်တကယ်ကို ဟန်ချက်ညီသင့်မြတ်နေကြသလိုပင်။

လက်ဖက်ရည်ဆိုင်အပေါ်ထပ်တွင် ထိုင်နေသော ရှောင်းဝေ့ကျင်းသည် ဟာသတစ်ခုကို တွေ့လိုက်ရသည့်အလား ခပ်ဟဟ ရယ်လိုက်ပြီး

“ငါတို့ရဲ့ ကောင်းမွန်လှတဲ့ အစ်ကိုတော်ဧကရာဇ် အခုအချိန် ဘာတွေများ တွေးနေလောက်မယ်ထင်လဲ။”

ရှောင်းဝေ့ရှင်းက အောက်ဘက်သို့ ဝေ့ကြည့်လိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို မှုတ်လိုက်ကာ ခပ်အေးအေးသာ ဖြေသည်။

“ကျွန်တော်က ဘယ်လိုလုပ် သိပါ့မလဲ။”

“မင်း ဆက်သာဟန်ဆောင်နေလိုက်တော့။”

ရှောင်းဝေ့ကျင်း မျက်လုံးသာ လှန်လိုက်မိတော့၏။

“ရှောင်းဝေ့ရှန်ကတော့ စစ်သူကြီးချုပ်ရန်ဘက်ကနေ နာနာခံခံနဲ့ စစ်တပ်အာဏာကို ပြန်အပ်နှင်းလာဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာပဲ စဉ်းစားနေမှာပေါ့။ အခုဆို နယ်စပ်ဒေသမှာ စစ်ပွဲမရှိတော့ဘဲ ငြိမ်းချမ်းသွားပြီဆိုတော့၊ ရန်မိသားစုက စစ်တပ်အာဏာကို ထိန်းကိုင်ထားတဲ့အချိန်မှာ သူ ဘယ်လိုလုပ်များ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါတော့မလဲ။”

ရှောင်းဝေ့ရှင်းက မျက်ခုံးပင် ပင့်မကြည့်ဘဲ တည်တည်ငြိမ်ငြိမ်သာ လက်ဖက်ရည်သောက်နေလျက်

“နယ်စပ်ဒေသမှာ ငြိမ်းချမ်းသွားပြီတဲ့လား။ ကျွန်တော်ကတော့ အဲလို မထင်မိဘူး။”

“မင်း ဘာကိုပြောချင်တာလဲ။ ရှီရုန်တပ်သားတွေက ထွက်ပြေးသွားကြပြီမလား။”

ရှောင်းဝေ့ကျင်းက နားမလည်နိုင်စွာ မေးသည်။

ရှောင်းဝေ့ရှန်က လက်ဖက်ရည်ခွက်ကို ချလိုက်ကာ ရန်ချီရှန်းအား မနာလိုစွာ ကြည့်နေသည့် ရှောင်းဝေ့မင်ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း

“ရှီရုန်ပြည်သားတွေမှာ ကောက်ကျစ်တဲ့ရည်မှန်းချက်တွေ ရှိနေတယ်ဆိုတာ ဝေ့မင်တောင်မှ သိတယ်။ သူတို့တွေက ဒီနှစ်တွေထဲမှာ နယ်စပ်ဒေသကို ခဏခဏ လာတိုက်ပြီး တာ့ရှားပြည်ကြီးနဲ့ ခဏခဏ လာနွယ်နေတာလေ။ သူတို့ရှုံးနိမ့်ခဲ့တာလည်း တစ်ကြိမ် နှစ်ကြိမ်မှ မဟုတ်တာ။ ဒါပေမဲ့ ဒီတစ်ခေါက်ကျမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး တပ်ဆုတ်သွားကြတာလဲ။”

“ဘာလို့လဲ။”

ရှောင်းဝေ့ကျင်း နားမလည်နိုင်စွာ မေးလိုက်သည်။

“ဘာလို့ဆို ရှီရုန်ဘုရင်က အခြေအနေမကောင်းတော့လို့ပဲ။”

ရှောင်းဝေ့ရှင်းက တည်ငြိမ်စွာ ပြောသည်။

“သူ့ရဲ့သားတော် အပါးနှစ်ဆယ်ကျော်က ထီးနန်းလုဖို့အတွက်ပဲ အာရုံရှိတော့တာမို့ စစ်တိုက်ဖို့ကို စိတ်မဝင်စားကြတော့ဘူး။ ဒါပေမဲ့ ဒီငြိမ်းချမ်းမှုက တစ်နှစ်တောင်ခံမှာ မဟုတ်ဘူး။ ကျွန်တော်သိသလောက်ဆို တတိယမင်းသားက တော်တော်လေး အာဏာတည်ထားပြီးနေပြီ။ ကျန်တဲ့သူတွေက သူ့အတွက် ပြောပလောက်စရာ မဟုတ်ဘူး။”

“သူ့ ညီအစ်ကိုတွေ ကိစ္စကို ကိုင်တွယ်ပြီးပြီဆိုတာနဲ့ စစ်ပြန်တိုက်မှာပဲ။ ပြီးတော့ တတိယမင်းသားဟော့မီက သူ့ခမည်းတော်ထက် ရက်စက်ကြမ်းကြုတ်ပြီး စစ်တိုက်ရတာကို ခုံမင်တယ်။ ဒါကြောင့် အဲဒီအချိန်ရောက်တဲ့အခါ နယ်စပ်ဒေသမှာ အခက်တွေ့ရမှာကို စိုးရိမ်မိတယ်။”

ရှောင်းဝေ့ကျင်း မျက်မှောင်ကြုတ်သွားခဲ့ပြီး

“အဲဒီအရိုင်းအစိုင်းတွေက အခုထိ လက်မလျှော့ကြသေးဘူးလား။”

“ရှောင်းဝေ့ရှန်သာ တွေးမြင်တတ်မယ်ဆိုရင် ရှီရုန်ကို အခုအချိန်မှာ အပြတ်ရှင်းလိုက်သင့်တယ်ဆိုတာကို နားလည်မှာပဲ။ သူတို့တွေ အခုလိုမျိုး ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေတာကို အခွင့်ကောင်း ယူသင့်တာ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ…..”

ရှောင်းဝေ့ရှင်းက လှောင်ပြုံးပြုံးလိုက်ပြီး

“ကံမကောင်းစွာပဲ သူက ငကြောက်ဖြစ်နေတယ်လေ။ ရန်မိသားစုရဲ့ အောင်မြင်မှုနဲ့ ဂုဏ်သတင်းတွေကြောင့် သူ့နေရာကို ခြိမ်းခြောက်လာမှာ ကြောက်နေပြီး မြို့တော်ကို အမြန် ပြန်ခေါ်လိုက်တော့ ရှီရုန်တွေအတွက် နာလန်ထူဖို့ အချိန်ပေးလိုက်သလိုပဲပေါ့။”

ရှောင်းဝေ့ကျင်း သက်ပြင်းချလိုက်မိတော့သည်။

“ရန်မိသားစုဘက်က သစ္စာရှိရှိနဲ့ ပေးဆပ်နေကြတာက ပြဿနာပဲ။ သူတို့တွေက အကျိုးအကြောင်းနားမလည်တဲ့ လူမိုက်ကို သစ္စာခံနေကြတာ။”

“ကိစ္စမရှိပါဘူး။ သူတို့တွေလည်း မကြာခင် သိလာကြပါလိမ့်မယ်။”

ရှောင်းဝေ့ရှင်းက အလောတကြီး ဖြစ်မနေပါ။

“ကျွန်တော်က နောင်တစ်ချိန် ရှီရုန်တွေ ပြန်လာတိုက်တဲ့အခါကျရင် သူတို့တွေက အရင်တစ်ခေါက်တွေထက် ရူးမိုက်နေကြမှာကိုပဲ စိတ်ပူမိတာ။”

ထိုစကားကို ကြားသောအခါ ရှောင်းဝေ့ကျင်းပါ စိုးရိမ်စိတ်ဝင်လာရသည်။

နောက်ဆုံးတော့ ဧကရာဇ်နှင့် သစ္စာရှိအမှုထမ်းတို့၏ ပြဇာတ်က ပြီးဆုံးသွားခဲ့လေပြီ။ ရှောင်းဝေ့ရှန်က စစ်သူကြီးချုပ်ရန်နှင့် သူ၏သားတို့ကို နန်းတော်ထဲသို့ ခေါ်ဆောင်သွားပြီ ဖြစ်၏။ ညနေရောက်လျှင် နန်းတော်တွင် ခမ်းနားသော စားသောက်ပွဲကြီး ကျင်းပပေးမည် ဖြစ်ကာ၊ ရှောင်းဝေ့ရှင်းတို့ ညီအစ်ကိုများလည်း တက်ရောက်ရမည် ဖြစ်သည်။

“ထားလိုက်ပါတော့၊ အခုတော့ ညကျရင် ဘယ်လိုလုပ်ကြမယ်ဆိုတာကိုပဲ အာရုံစိုက်ထားကြရအောင်။”

ရှောင်းဝေ့ရှင်းက ပျင်းရိစွာ ပြောလိုက်လေသည်။

***

ယိုရှုသည် ညနေခင်းတွင် ကျင်းပမည့် စားသောက်ပွဲကြီးသို့ မလိုက်ရပေ။ ယခုပွဲက သူတို့ လိုက်ရန်မလိုဘဲ၊ ချီဟန်နှင့် ဝမ်ချန်တို့ ရှိရုံဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ လုပ်စရာ မရှိသဖြင့် သူလည်း အရိပ်သက်တော်စောင့်တပ်စခန်းသို့သာ ပြန်လာလိုက်တော့၏။ ကျန်သည့်ညီနောင်များလည်း စစ်ဆင်ရေး မရှိသဖြင့် အားလပ်နေကြရာ လူစုံလုနီးပါးဖြစ်နေပြီး ကွာစေ့စားလိုက်၊ စကားပြောလိုက်၊ အန်စာတုံးပစ်လိုက်သာ လုပ်နေကြလေသည်။

အရိပ်သက်တော်စောင့်များအတွက်လည်း အချိန်ဖြုန်းရန်အတွက် တစ်ခုခုလုပ်ရန် လိုအပ်သည်။ သို့သော် သူတို့၏ အပန်းဖြေသည့်နည်းလမ်းများက သခင်များကဲ့သို့ တည်ငြိမ်အေးဆေးမှု မရှိသည်သာ ရှိသည်။

ယိုရှုက လူရှုပ်သောနေရာတွင် နေရသည်ကို မကြိုက်သော်လည်း၊ ညီနောင်များနှင့် နေရသည်ကိုတော့ ကြိုက်သည်။ ထို့ကြောင့် ဆူညံနေသည်ဆိုသော်လည်း သူ ဆက်နေ’နေခဲ့၏။ အရိပ်သက်တော်စောင့်လေးက သစ်သီးပန်းကန်တစ်ပန်းကန်ကို လက်ပေါ်တွင်တင်ကာ လျှောက်လာပြီး သူ့ဝေစုအား ရက်ရောစွာ ကျွေးကာ

“မင်း ရောက်လာပြီလား။ လာ အတူတူ စားကြစို့။”

အားအင်များနှင့် ပြည့်နှက်နေကြသော လူငယ်တစ်စုသည် စားလိုက်သောက်လိုက်နှင့် ပျော်မြူးနေကြသည်။ ထို့နောက်တွင်မူ သူတို့၏ စကားဝိုင်းက တဖြည်းဖြည်းနှင့် ယောက်ျားလေးများအကြိုက်ဖြစ်သည့် မိန်းမလှလေးများဆီသို့ ဦးတည်သွားခဲ့လေပြီ။

အရိပ်သက်တော်စောင့်ခုနစ်က သိုင်းပညာကို ရူးသွပ်သူ ဖြစ်သည်။ သူ့မျက်ဝန်းထဲတွင်တော့ ဘယ်မိန်းကလေးကမှ ဓားတစ်လက်လောက် လှမနေ။ သို့ဖြစ်ရာ သူသည် ထိုအကြောင်းပြောနေချိန်တွင် တိတ်ဆိတ်နေခဲ့ပြီး ယိုရှု၏ နံဘေးတွင် ထိုင်ကာ အသံတိတ်ဖြင့် ဓားရိုးကို သုတ်နေ၏။ ယိုရှုကလည်း ထိုအကြောင်းများ မပြောချင်ပေ။ ထို့အပြင် အရိပ်သက်တော်စောင့်တစ်ဆယ်သည်လည်း အနှီကိစ္စများနှင့် ပတ်သက်၍ နားမလည်သေးသည့် လူငယ်လေးဖြစ်လေရာ ထိုသူနှစ်ယောက်အနားတွင်သာ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။

အရိပ်သက်တော်စောင့်လေးကတော့ အလွန်ကို တက်ကြွနေပြီး အရိပ်သက်တော်စောင့်ခြောက်၊ အရိပ်သက်တော်စောင့်ငါးတို့နှင့်အတူ မည်သည့်အပျော်မယ်အိမ်မှ မိန်းကလေးက အလှဆုံးဖြစ်ကြောင်း ငြင်းခုန်နေသည်။ ထိုသူများမှာ အရွယ်ကောင်း လူငယ်လေးများဖြစ်ရာ တခြားသောယောက်ျားလေးများကဲ့သို့ပင် ခန္ဓာကိုယ် လိုအပ်ချက်များ ရှိကြသည်။ သို့သော် အသက်မွေးဝမ်းကျောင်းအလုပ်က မိသားစုတစ်စု တည်ထောင်ခွင့်မရှိလေရာ သူတို့မှာ အားလပ်ရက်ရလျှင် အပျော်မယ်အိမ်များသို့သာ သွားကြရသည်။ သို့ဖြစ်ရာ သူတို့ တစ်ယောက်ချင်းစီတိုင်းတွင် အချစ်တော်ကိုယ်စီ ရှိကြသဖြင့် တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဆိုင်ငြင်းခုန်နေကြကာ မည်သူ့အချစ်တော်က အလှဆုံးဖြစ်ကြောင်းကို ကလေးငယ်များသဖွယ် ငြင်းခုန်နေကြလေတော့၏။

ဤသို့ဖြင့် သူတို့ ငြင်းခုန်နေကြရင်း စကားလမ်းကြောင်းက ယိုရှုဘက်သို့ လှည့်လာသည်။

“စဉ်းစားကြည့်တော့မှ၊ သက်တော်စောင့်သုံးက အဲလိုနေရာတွေ တစ်ခါမှ မသွားဖူးသလိုပဲနော်။”

အရိပ်သက်တော်စောင့်ကိုးက လက်ကို သစ်ခွပန်းပုံစံလက်ဟန်လုပ်၍ မေးစေ့ကို ထိလိုက်ပြီး ပြုံစစနှင့် မေးသည်။

“မင်းရော မလိုအပ်ဘူးလား။”

အရိပ်သက်တော်စောင့်ရှစ်က သူ၏ သံလိုက်အိမ်မြှောင်အကွဲကို ထုတ်လိုက်ပြီး လက်ချောင်းများနှင့် တွက်ချက်နေခဲ့ကာ

“ဒီကိစ္စကို ငါ တွက်ချက်နေခဲ့တာကြာပြီ။ သက်တော်စောင့်သုံးက အချစ်ကံတွေ ပွင့်နေပြီ၊ သူ မကြာခင်ပဲ ချစ်သူနဲ့ ဆုံရတော့မှာ။”

အရိပ်သက်တော်စောင့်လေးက ကွာစေ့စားနေရင်း အရိပ်သက်တော်စောင့်ကိုးအား လှမ်းပြောလိုက်သည်။

“သက်တော်စောင့်ကိုး၊ မင်းရဲ့ ရင်သားတုက စောင်းနေတယ်။”

အရိပ်သက်တော်စောင့်ကိုးက မျက်လုံးလှန်ကာ ဆဲရေးလိုက်ပြီး၊ ရင်ဘတ်ထဲသို့ လက်ထည့်ကာ အတုနှစ်ခုကို နေရာပြန်ချလိုက်ရင်း ဆက်ပြော၏။

“မင်း ဝင်မနှောင့်ယှက်စမ်းနဲ့။ သက်တော်စောင့်သုံး ထွက်ပြေးသွားလိမ့်မယ်!”

သူတို့အားလုံးထဲတွင် အရိပ်သက်တော်စောင့်နှစ်က အသက်အကြီးဆုံး ဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် ထိုသို့သော ကိစ္စများတွင် ဝင်ပါလေ့ မရှိသော်လည်း၊ ယခုတစ်ခေါက်တွင်တော့ ဝင်ပြောလာသည်။

“ငါလည်း နည်းနည်းတော့ စိတ်ဝင်စားတယ်။”

အရိပ်သက်တော်စောင့်နှစ်ပါ ဝင်ပါလာသောအခါ ယိုရှု ခေါင်းကိုက်သွားရသည်။

“ဘာတွေများ စိတ်ဝင်စားစရာ ရှိနေလို့လဲ။”

“ငါတို့အားလုံးက ယောက်ျားလေးတွေချည်းပဲလေ။ ဘာဖြစ်လို့ ဖြူစင်သန့်ရှင်းတဲ့ ဘုန်းကြီးတစ်ပါးလို လုပ်နေရတာလဲကွ။”

အရိပ်သက်တော်စောင့်ငါးက နှစ်ပေါင်းများစွာကြာအောင် လောင်းကစားဝိုင်းများတွင်သာ ကျင်လည်လာရသူ ဖြစ်သဖြင့် သူ့ပုံစံက လူမိုက်ပုံ ဖြစ်နေလေပြီ။

“ငါ့အထင် မင်း မစွမ်းဆောင်နိုင်တာများလား။ ဟုတ်လား။”

ယိုရှု မျက်လုံးသာ လှန်လိုက်မိတော့၏။ ထိုစကားကို ကြားလိုက်သောအခါ အစတည်းက သူ၏ ဓားရိုးကိုသာ သုတ်နေခဲ့သည့် အရိပ်သက်တော်စောင့်ခုနစ်ပင် ငြိမ်မနေနိုင်တော့ချေ။

“သက်တော်စောင့်သုံး၊ မင်း……”

“မဟုတ်တာတွေ မပြောနဲ့ကွ!”

ယိုရှု အကျပ်ရိုက်သွားရသည်။ သူ ထိုလူစုထဲ ဝင်ပါမိသည်ကို နောင်တရလာမိ၏။ စောစောတည်းက အခန်းပြန်ပြီး အိပ်နေခဲ့မိရင် ဘယ်လောက်တောင် ကောင်းမလဲ။

“ငါက မရင်းနှီးတဲ့သူတွေဆီ သွားရတာကို မကြိုက်လို့ပါ။”

သူ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ပြီးတော့ ငါ သဘောကျရတဲ့သူကလည်း ငါ့အပိုင်မှ မဖြစ်နိုင်တာ။”

ယိုရှုထံမှ ထိုသို့သောစကားမျိုး ကြားလိုက်သောအခါ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ယိုရှုက သူတို့အရှေ့တွင် ဘယ်သောအခါကမှ ထိုသို့သောစကားမျိုး မပြောဖူးချေ။ သူတို့သည် ယိုရှု၏နောက်ကွယ်တွင် စနောက်နေတတ်ကြသည် ဆိုသော်လည်း၊ သည်အတိုင်း သူက အနေအေး၍ဟုသာ ထင်မှတ်ထားကြခြင်း ဖြစ်၏။ သူ့နှလုံးသားထဲတွင် တစ်စုံတစ်ယောက်ရှိနေလိမ့်မည်ဟု မထင်မှတ်ထားမိကြ။

“သူ(မ)က ဘယ်လို မိန်းကလေးမျိုးလဲ။”

အရိပ်သက်တော်စောင့်ခြောက်က စိတ်လှုပ်ရှားစွာ မေးသည်။

“ငါက စာအုပ်တွေ အများကြီးဖတ်ဖူးတာမို့ ဒီလိုကိစ္စတွေမှာ ကူညီပေးနိုင်တယ်!”

“မလိုပါဘူး။”

ယိုရှု စိတ်ပျက်လက်ပျက်ဖြင့် ထိုသူ၏မျက်နှာအား တွန်းထုတ်ပစ်လိုက်သည်။

“မင်းရဲ့ စာအုပ်တွေအကြောင်းတော့ မေ့လိုက်ပါတော့။ အကုန်လုံးက အရည်အချင်းရှိတဲ့ ယောက်ျားတွေနဲ့ မိန်းမလှလေးတွေ ချည်းပဲ။ ဘာများ အကူအညီဖြစ်မှာတဲ့လဲ။”

ထို့နောက် သူ ထရပ်လိုက်ကာ ထွက်သွားတော့မည် ပြင်လိုက်သော်လည်း၊ တခြားသူများက သူ့အား ထွက်သွားခွင့် မပေးချေ။ နောက်ဆုံးမှ သည်လူဖွင့်ဟပြောလာအောင် လုပ်နိုင်လိုက်သည်ကို၊ ဘယ်မိသားစုက မိန်းကလေးဖြစ်ကြောင်း သိရမှကို ဖြစ်မည်။ ထို့ကြောင့် သူတို့သည် ဇွဲရှိရှိနှင့် မေးကြတော့၏။ ထို့နောက်တွင်မူ အခြေအနေများက ရန်ပွဲကဲ့သို့ ဖြစ်လာပြီး နားနေဆောင် ကျဉ်းကျဉ်းလေးထဲတွင် စာပွဲများ၊ ထိုင်ခုံများ ပြန့်ကျဲနေခဲ့လေပြီ။ ဤသို့ဖြင့် သိပ်မကြာလိုက်၊ အမိုးကြီးပါ လန်ထွက်သွားလေတော့၏။

ထိုသတင်းကိုကြား၍ ရှဲ့ဖေးယွမ် အပြေးအလွှား ရောက်လာချိန်တွင်မူ ယိုရှုတစ်ယောက် မြေပြင်ပေါ်တွင် ဖိချခံထားရလေပြီ။ အရိပ်သက်တော်စောင့်ကိုးက ထိုသူအား သူ၏ရင်သားတုများနှင့် ထိန်းထားပြီး၊ အရိပ်သက်တော်စောင့်ခြောက်နှင့် အရိပ်သက်တော်စောင့်လေးတို့က ယိုရှု၏လက်များကို လှုပ်မရအောင် ချုပ်ထားကြလေသည်။ အရိပ်သက်တော်စောင့်တစ်ဆယ်ကမူ တစ်ခုံတည်းသာ ကျန်ခဲ့သည့် ခုံလေးပေါ်တွင် ကြောင်စီစီ မျက်နှာလေးနှင့် ထိုင်နေပြီး မည်သူ့ကို ကူရမည်မသိ ဖြစ်နေကာ၊ အရိပ်သက်တော်စောင့်ခုနစ်ကတော့ မျက်ဝန်းများက တောက်ပနေလျက် လက်နှစ်ဖက်ကို ပွတ်နေကာ လက်စွမ်းပြရန်အတွက် စိတ်အားထက်သန်နေသည်။ ထိုစဉ်တွင် အရိပ်သက်တော်စောင့်နှစ်ခမျာ ချွေးတဒီးဒီးကျစွာဖြင့် အရိပ်သက်တော်စောင့်ငါးကို ဆွဲထားရင်း ရန်ပွဲကို ရပ်ရန် ပြောနေရှာ၏။

ဖရိုဖရဲဖြစ်နေခဲ့သော အခြေအနေကြီး၏ အလွန်ပရမ်းပတာဖြစ်နေမှုမှာ ခွေးတစ်သိုက် ဖြတ်သွား၍ အိမ်ပြိုသွားသည်နှင့်ပင် တူနေတော့သည်။

ဤသို့ဖြင့် အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် ကြာပြီးနောက်တွင်မူ။

ရှဲ့ဖေးယွမ်က သုန်မှုန်နေသော မျက်နှာဖြင့် ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေခဲ့သည်။ သူ့အောက်တွင်မူ အမည်းရောင်ဝတ်စုံဝတ်ထားသည့် အရပ်ရှည်ရှည် ခံ့ခံ့ညားညား လူတစ်စုက မြေပြင်ထက်တွင် ဒူးထောက်နေကြလေ၏။ တစ်ယောက်ချင်းစီတိုင်းက သူ့ဟန်နှင့်သူ တစ်မူထူးခြားစွာ ချောမောကြည့်ကောင်းကြလေရာ၊ မသိသည့်သူဆိုလျှင် အရိပ်သက်တော်စောင့်များကို ရုပ်ရည်အဆင့်အတန်းသတ်မှတ်ချက်နှင့် ရွေးထားသည်လားဟုပင် ထင်ကြလိမ့်မည်။

“တပ်စခန်းထဲမှာ ရန်ဖြစ်ရလောက်အောင်အထိ တော်တော်သတ္တိရှိနေကြတယ်ပေါ့လေ။”

အရိပ်သက်တော်စောင့်များ တုန်လှုပ်သွားကြ၏။ သူတို့မှာ ခေါင်းဆောင်က သင်ခန်းစာပေးသည့်အနေဖြင့် အပြစ်ပေးလိုက်မည်စိုး၍ စကားတစ်ခွန်းပင် မဟဝံ့ကြချေ။

“ဒီရန်ပွဲကို ဘယ်သူစလိုက်တာလဲ။”

ယိုရှု စိတ်ထဲမှသာ သက်ပြင်းချလိုက်မိပြီး သူကိုယ်တိုင်သာ ထွက်၍ ဝန်ခံလိုက်သည်။

“ဒီတပ်သားကြောင့်ပါ။”

“အရိပ်သက်တော်စောင့်သုံး၊ မင်းလား။”

ရှဲ့ဖေးယွမ် အံ့ဩသွားသည်။

“မင်းက ဘယ်တုန်းကမှ ပြဿနာ မရှာဖူးပါဘူး။ ဒီတစ်ခေါက်က ဘာကြောင့် ဖြစ်တာလဲ။”

သူ၏သစ္စာရှိမှုက တခြားသူများ၏စိတ်ကို လှုပ်ခတ်သွားစေသည်။ ထို့ကြောင့် သူတို့သည်လည်း ယိုရှုအတိုင်းပင် တစ်ယောက်ချင်းစီ ကိုယ်တိုင်ဝန်ခံလိုက်ကြသည်။

ရှဲ့ဖေးယွမ် နားလည်သွားခဲ့လေပြီ။ ထိုခွေးကောင်လေးများက ပျင်းနေကြသဖြင့် ဘာမဟုတ်တာလေးအတွက် ရန်စွယ်တငေါငေါ ထဖြစ်ကြခြင်းပင်။ မျက်နှာများတွင်လည်း ဒဏ်ရာဒဏ်ချက်များနှင့် ဖူးသီးနေကြပြီး လေ့ကျင့်ပေးထားသည့် အေးစက်တည်ငြိမ်သော အမူအရာများဟူသည်မှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်နေလေပြီ။

“အပြစ်ပေးခန်းကိုသွားပြီး ကိုယ့်အပြစ်ကိုယ်ခံကြ။ အားလုံးကို ကြိမ်ဒဏ်အချက်နှစ်ဆယ်နဲ့ တစ်လစာ လစာဖြတ်မယ်!”

ရှဲ့ဖေးယွမ်က ခက်ထန်စွာ ပြောလိုက်၏။

“ဒီကနေ ထွက်သွားကြစမ်း! နောက်တစ်ခါ ပြဿနာရှာရဲရင်၊ ငါကိုယ်တိုင် မင်းတို့ကို အရေခွံနွှာပြီး ချက်စားပစ်လိုက်မယ်!”

အရိပ်သက်တော်စောင့်များအားလုံး အလျင်အမြန် မတ်တတ်ထရပ်လိုက်ကြပြီး ပြစ်ဒဏ်ခံရန်အတွက် အပြစ်ပေးခန်းဆီသို့ သုတ်ခြေတင် ပြေးကြတော့သည်။ သူတို့သာ ခြေလှမ်းနှေးနေပါက ခေါင်းဆောင်က ပြစ်ဒဏ်တိုးလိုက်မည်စိုး၍ ဖြစ်၏။

ထိုစဉ်တွင် ရှဲဖေးယွမ်က ထပ်ပြောလာသည်။

“အရိပ်သက်တော်စောင့်သုံး၊ မင်း နေခဲ့။”

ယိုရှုတစ်ယောက် မတတ်သာစွာဖြင့် တစ်ယောက်တည်း ကျန်ခဲ့ရတော့သည်။ ဤသို့ဖြင့် အားလုံး ထွက်သွားကြသောအခါမှ သူ ကူကယ်ရာမဲ့စွာ ပြောလိုက်မိ၏။

“ကျွန်တော့်ကို ခိုင်းစရာ ရှိလို့လား၊ ခေါင်းဆောင်။”

ရှဲ့ဖေးယွမ်က တည်တင်းသော မျက်နှာဖြင့် ယိုရှုအား စိုက်ကြည့်နေပြီး အချိန်အတော်ကြာအောင်ထိ တစ်စုံတစ်ရာကို အတွေးများနေဟန် ရသည်။

“မင်း သဘောကျရတဲ့မိန်းကလေးကို ဘယ်တုန်းက တွေ့ခဲ့တာလဲ။”

“သူ(မ)နာမည်ကရော။ သူ(မ)က ဘယ်မှာနေတာလဲ။ မိဘတွေရော ရှိလား။”

ထိုသို့ဖြစ်မည်မှန်း ယိုရှု သိပြီးသားပင်။ သူ တိုးတိုးလေး ပြန်ပြောလိုက်၏။

“ခေါင်းဆောင်၊ ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ။ ကျွန်တော်က သူတို့ကို လိမ်လိုက်တာပါ။”

“ခေါင်းဆောင်ပဲ ကျွန်တော့်ကို လက်တွေ့မကျတဲ့ စိတ်ကူးတွေ မထားဖို့ ပြောထားတာမလား။ ကျွန်တော် ဘယ်တုန်းကမှ မိသားစုတစ်စု တည်ထောင်ဖို့အတွက် မတွေးဖူးပါဘူး။”

“ခေါင်းဆောင်၊ ကျွန်တော့်ကို မေးခွန်းတွေ ထပ်မမေးပါနဲ့တော့။”

ရှဲ့ဖေးယွမ်က ယိုရှုအား ဒေါသတကြီး စိုက်ကြည့်နေခဲ့ပြီး

“ငါသာ မင်းရဲ့ အဲဒီအကျင့်စရိုက်ကို သိခဲ့ရင်၊ အရင်ကတည်းက လမ်းပေါ်မှာ ပစ်ထားပြီး တောင်းစားခိုင်းထားလိုက်ရမှာ!”

ယိုရှု နားမလည်နိုင် ဖြစ်သွားရသည်။

သက်တော်စောင့်ခေါင်းဆောင်မှာ အလွန်ထူးဆန်းလာသည်။ လက်တွေ့ဘဝကို နားလည်အောင် ပြသပေးခဲ့သူက သူကိုယ်တိုင် ဖြစ်နေပါလျက်၊ ယခုကျ “ငါ့သားက မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာပါလား” ဆိုသည့် အမူအရာမျိုး ဖြစ်နေခဲ့သည်။

တကယ်ကို မိန်းကလေးတွေရဲ့ စိတ်ထက်ကို ခန့်မှန်းရ ခက်ပါပေ့။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment