no

Font
Theme

အပိုင်း (၁၀)

စစ်တပ်၏အောင်မြင်မှုသတင်းများကြောင့် မြို့တော်တစ်ခုလုံး ရက်ပေါင်းအတော်ကြာအောင်ထိ စည်ကားသိုက်မြိုက်နေခဲ့သည်။ မြို့တော်၏ လမ်းမတိုင်းတွင်လည်း ပျော်ပွဲရွှင်ပွဲကျင်းပနေသကဲ့သို့ ထိန်ထိန်သာနေသော မီးရောင်များနှင့် အရောင်အသွေးစုံလင်သော အလှဆင်ထားမှုများကို မြင်တွေ့နိုင်မည် ဖြစ်ရာ နှစ်သစ်ကူးပွဲတော် ကျင်းပနေသလိုပင်။ သာမန်ပြည်သူများသည် တိုက်ပွဲ၏ ပြင်းထန်မှုကို နားမလည်ကြသော်လည်း စစ်သူကြီး တိုက်ပွဲတွင် အောင်နိုင်ခဲ့ပါက သူတို့ နှစ်အနည်းငယ်လောက် ငြိမ်းချမ်းစွာ နေနိုင်ကြမည်ကို နားလည်သည်။ သည်ခေတ်သည်အခါတွင် အဘယ်သူကများ ငြိမ်းချမ်းစွာ မနေချင်အံ့။ ထို့ကြောင့် ပြည်သူများ၏ စိတ်ထဲတွင်မူ စစ်သူကြီးချုပ်ရန်နှင့် စစ်သူကြီးတို့က နတ်ဘုရားပမာပင်။

သို့သော်၊ ယင်းက ရှောင်းဝေ့ရှန်ကိုတော့ မပျော်ရွှင်စေပေ။ ရန်မိသားစုက ပြည်သူထံမှ ထောက်ခံမှု အများအပြားရရှိနေပြီး၊ ဧကရာဇ်ဖြစ်သည့် သူ့ထက်ပင် ဂုဏ်သတင်းပိုကြီးနေသည်။ ထိုအခြေအနေက သူ့ကို အလွန် စိတ်မအေးနိုင် ဖြစ်ရစေ၏။ အဘယ်သို့သော ဧကရာဇ်ကမှ သူ၏ အုပ်ချုပ်မှုအောက်တွင် ထိုကဲ့သို့သော ကြီးမားသည့် အင်အားစုတစ်စု ဖြစ်တည်လာသည်ကို လက်သင့်ခံနိုင်မည် မဟုတ်ချေ။ အထူးသဖြင့် ထိုသူတို့၏ လက်ထဲတွင် စစ်တပ်အာဏာကလည်း ရှိနေသေးသည်။ ထိုအခြေအနေက သူ့အား ဦးခေါင်းထက်၌ ဓားတစ်စင်း မိုးထားသကဲ့သို့ ခံစားရစေပြီး၊ ညပင် ကောင်းကောင်းအိပ်မပျော်နိုင် ဖြစ်ရသည်။

သို့သော် စစ်သူကြီးချုပ်ရန်နှင့် သူ့သားတို့ကို ယခုချက်ချင်း စစ်အာဏာစွန့်ခိုင်းပြီး အနားယူခိုင်းလိုက်မည်ဆိုလျှင်လည်း “ယုန်ကိုဖမ်းပြီး ခွေးကို သတ်လေခြင်း” “ မြစ်ကိုကူးပြီးတာနဲ့ တံတားကို ဖျက်လေခြင်း” စသည်ဖြင့် ပညာတတ်များထံမှ ဝေဖန်အပြစ်တင်ခံရမည်မှာ မလွဲဧကန်ပင်။ ထိုသို့ဖြင့် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပါက နောင်တစ်ချိန်တွင် သူ့အတွက် နာမည်ဆိုးတွင်သွားပေလိမ့်မည်။ ရှောင်းဝေ့ရှန်တစ်ယောက် နေ့စဉ်နေ့တိုင်း ထိုအရေးကိစ္စကိုသာ ပူပန်နေရ၏။ သို့သော် အမတ်ချုပ်ကြီးရှကတော့ သူ့အား စိတ်မလောရန် တားမြစ်သည်။ ဟိုယခင်တည်းက ကြီးကျယ်မြင့်မြတ်သောအလုပ်ကို ဆောင်ရွက်ခဲ့သူတို့သည် အသေးအဖွဲလေးများကို ဂရုစိုက်ခဲ့ကြသည်မဟုတ်၍ သူ့အနေဖြင့်လည်း စိတ်မလောသင့်ကြောင်း ပြောသည်။ စစ်အာဏာပြန်လည်ရုပ်သိမ်းမည့် ကိစ္စမျိုးက တစ်ဆင့်ချင်းသာ လုပ်ဆောင်သင့်ပေသည်။ ယင်းသို့သောကိစ္စမျိုးက နှစ်ရက်အတွင်း ပြီးမြောက်နိုင်မည့်ကိစ္စမျိုး မဟုတ်၍ သူ့အနေဖြင့် စိတ်ရှည်ရမည် ဖြစ်၏။

ထို့ကြောင့် ရှောင်းဝေ့ရှန်သည် အမှန်တကယ်ပင် အလွန်အမင်း စိုးရိမ်သောက ရောက်နေရသော်လည်း၊ ယခုအချိန်တွင်တော့ ကြီးမားသောလှုပ်ရှားမှုမျိုး မလုပ်ဝံ့ချေ။ သူက ဦးလေးဖြစ်သူကို ယုံကြည်နေသေးပြီး ဆက်ဆံရေးကလည်း ခိုင်မာနေသေးသည်။ နှစ်ယောက်အကြားတွင် အခြေအနေအမျိုးမျိုးကြောင့် ပဋိပက္ခများ ရှိနေသည်ဆိုသော်လည်း အလွယ်တကူ ဆက်ဆံရေးပျက်ပြားသွားမည်တော့ မဟုတ်ချေ။

သို့သော် ရှောင်းဝေ့ရှင်းကတော့ အစ်ကိုတော်ဖြစ်သူထက် ပို၍ စိတ်အေးလက်အေး ရှိနေလေသည်။ ယခုအခါ ရန်ချီရှန်းသည် မြို့တော်တွင် အလွန်ကို ဂုဏ်သတင်း ကျော်ကြားနေပြီး သူ့အား ချီးကျူးဂုဏ်ပြုရန် စောင့်နေသည့် လူအုပ်ကြီးကလည်း အတန်းလိုက်ပင်။ သို့သော် ထိုသူကမူ ထိုက်ရှန်တောင်ပမာ တည်ငြိမ်အေးဆေးနေလျက် ဘယ်နေရာမှ မသွားဘဲ အိမ်တွင်သာ နေ’နေ၏။ တခြားသူများထံသို့ လက်ဆောင်များ စေလွှတ်ပေးပို့နေခဲ့သည် ဆိုသော်လည်း သူကိုယ်တိုင်ကမူ ဖျားနာနေသည်ဟု အကြောင်းပြကာ အိမ်တွင်သာ နေသည်။ သို့ဖြစ်ရာ တခြားသူများနှင့်ယှဉ်လျှင် ထိုသူက အေးမြလတ်ဆတ်နေသော လေပြေညင်းပမာ အေးမြနေခဲ့သည်ပင်။

ထို့အပြင် ရန်ချီရှန်းသည် မြို့တော်သို့ အောင်ပွဲရစစ်သည်များသာ ပြန်ခေါ်လာသည်မဟုတ်ဘဲ ရှီရုန်ပြည်မှ သုံ့ပန်းများလည်း ခေါ်ဆောင်လာခဲ့လေသည်။ ထိုထဲမှ အရေးအပါဆုံးသောသူကတော့ ရှီရုန်ပြည်၏ မင်းသား ၁၂ ပင်။ ကနဦးတွင် ရန်ချီရှန်းသည် အနှီမင်းသားအား အကျိုးအမြတ်တချို့နှင့် လဲလှယ်လိုခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ၊ သားတော်တစ်ပါးဖြစ်၍ ငွေကြေးအနည်းငယ်တော့ တန်ကြေးရှိမည်ပင်။ သို့သော် ရှီရုန်ဘုရင်က သားဖြစ်သူကိုလည်း ဂရုစိုက်မနေချေ။ သူက လူမိုက်ဆန်ဆန်ပင် သတ်လိုကသတ်၊ ပေးစရာ ငွေကြေးလည်းမရှိသလို မြေလည်းမရှိဟု ခြိမ်းခြောက်မှုဆန်ဆန် ပြောလာခဲ့သည်။ သူ့သား သေသွားသည်ဆိုလျှင်လည်း သေသည်ဟုသာ မှတ်လိုက်မည်ဖြစ်၏။ သူ့တွင်က သားတော် အယောက်နှစ်ဆယ်ကျော်ရှိ၍ တစ်ယောက်သေသွားရုံဖြင့် ဘာမှဖြစ်မည်မဟုတ်။

ထိုသူ၏လုပ်ပုံက ရန်ချီရှန်းအား စိတ်ပျက်စေသလို အလွန်အမင်း အမျက်ထွက်ရစေသည်။ သူသည် သုံ့ပန်းများကို ထိုနေရာတွင်သာ သတ်လိုက်ချင်ခဲ့သော်လည်း၊ စစ်သူကြီးချုပ်ရန်က သူ့အား ဖျောင်းဖျလာခဲ့သည်။ စစ်သူကြီးချုပ်ရန်သည် အနှီ မင်းသား ၁၂ က တစ်နေ့နေ့တွင် အသုံးဝင်လာလိမ့်မည်ဟု ဆိုခဲ့၏။ ထို့အပြင် တစ်ဖက်သူက အညံ့ခံ အရှုံးပေးလာခဲ့ခြင်း ဖြစ်သဖြင့် ယခုချက်ချင်း သတ်လိုက်ရန် မသင့်တော်ပေ။ ထိုသို့လုပ်လိုက်ပါက ရန်ချီရှန်းအား ရက်စက်လွန်းသည့် အာဏာရှင်တစ်ယောက်နှယ် ဖြစ်သွားစေလိမ့်မည်။

ရန်ချီရှန်း အလွန် အမျက်ထွက်နေခဲ့သော်လည်း သူ့အဖို့ စစ်သူကြီးချုပ်ရန်နှင့် ငြင်းခုန်၍ မရသဖြင့် အနှီ မင်းသား ၁၂ အား ခြံဝင်းတစ်ခုထဲတွင် ထည့်ထားပြီး ဓားစာခံမင်းသားအဖြစ်သာ ထားခဲ့တော့သည်။ ထိုသူဘက်မှ ခုခံလိုသည့် အရိပ်အယောင်မျိုး ပြလာပါက ကွက်မျက်ခံရမည် ဖြစ်၏။

သို့ဖြစ်ရာ သနားစဖွယ်ကောင်းသော မင်းသား ၁၂ ခမျာ ဝက်တစ်ကောင်ပမာ ခြံဝင်းထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရရှာတော့သည်။

***

“အရှင်မင်းသား၊ ဓားစာခံမင်းသားကို ထားထားတဲ့ အိမ်ရာဝင်းက ကျွန်တော်မျိုးတို့ရဲ့ အိမ်တော်နဲ့ တစ်လမ်းပဲ ခြားပါတယ်။”

ဝမ်ချန်က တိုးဖွဖွလေသံနှင့် လျှောက်တင်လိုက်သည်။

“ဒါ ကျွန်တော်မျိုးတို့အိမ်တော်အနေနဲ့ ပိုပြီး သိုသိုသိပ်သိပ်နေသင့်တယ်ဆိုတဲ့ သဘောမျိုးမလား အရှင်မင်းသား။”

ရှောင်းဝေ့ရှင်းက နောက်မှီထိုင်ခုံတွင် ထိုင်ရင်း စာအုပ်ဖတ်နေခြင်း ဖြစ်သည်။ ဝမ်ချန်၏ စကားကို ကြားသောအခါ သူ ပျင်းရိပျင်းတွဲ ပြောလိုက်၏။

“မင်းသား ၁၂ ဆိုတာ ဘယ်သူလဲ။”

“သူက မျက်နှာသာမရတဲ့ မင်းသားတစ်ပါးလို့ ကြားသိထားပါတယ် အရှင်မင်းသား။ သူ့ရဲ့မိခင်ဘက်က မိသားစုက မျိုးနွယ်စုငယ်လေးတစ်ခုက မွေးဖွားလာခဲ့သူမို့ ဘုရင်က သူ့ကို တန်ဖိုးမထားပါဘူး။ ဒီတစ်ခေါက် သူ့ကို စစ်တိုက်လွှတ်လိုက်တာက လမ်းကြောင်းအခြေအနေကို စမ်းသပ်ကြည့်ဖို့ပဲ ဖြစ်နိုင်ပါတယ်။”

ရှောင်းဝေ့ရှင်းက မျက်လုံးအသာမှေးထားလျက် နားထောင်နေခဲ့ပြီး နားလည်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အနှီကိစ္စအား စိတ်ထဲမထားသကဲ့သို့သောပုံစံဖြင့် စာဆက်ဖတ်နေလေ၏။ ဝမ်ချန်သည်လည်း အရှင်မင်းသားက ထိုကိစ္စကို ဆက်နားမထောင်လိုတော့ကြောင့် နားလည်သဖြင့် တိတ်ဆိတ်စွာသာ နောက်သို့ဆုတ်လိုက်သည်။

သို့သော် ယိုရှုမှာတော့ စိတ်ထဲမှ အော်ဟစ်နေမိသည်။ သူသည် သစ်ပင်အနောက်မှ ထွက်ကာ အမျိုးသားဇာတ်လိုက်အား ထိုင်ခုံပေါ်မှ ဆွဲချလှုပ်ယမ်းလိုက်ပြီး “အခွင့်အရေးကြီး ရောက်နေပြီဟ” ဟု အော်ဟစ် ပြောဆိုလိုက်ချင်၏!

မင်းသား ၁၂၊ နဆုတုက အရေးမပါသည့်ဇာတ်ကောင်မဟုတ်။ သူက ရှီရုန်၏ အနာဂတ်ဘုရင်ဖြစ်သည်။ သူက အမျိုးသားဇာတ်လိုက်နှင့်အတူ ရင်ဘောင်တန်းနိုင်မည့် ဇာတ်ကောင်မျိုး ဖြစ်၏။

ရှောင်းဝေ့ရှင်းအနေဖြင့် ထိုသူနှင့် ဆက်ဆံရေးကောင်းမျိုးရှိအောင် တည်ဆောက်ရမည်ဖြစ်ပြီး အကျိုးတူပူးပေါင်းမှုများ လုပ်ဆောင်ရမည် ဖြစ်သည်။ သို့မှသာ သူ့အတွက် အောင်မြင်မှုဆီသို့ လှမ်းတက်ရန် နီးစပ်လာလိမ့်မည် ဖြစ်သည်။

ရှောင်းဝေ့ရှင်း ထပါဟ!

ယိုရှု အမျိုးသားဇာတ်လိုက်အတွက် စိတ်ပူကာ အားမလိုအားမရဖြင့် သစ်ပင်ပင်စည်ကို ကုတ်ခြစ်နေမိတော့၏။ အရိပ်သက်တော်စောင့်နှစ်က သူ့အား အထူးအဆန်း စိုက်ကြည့်နေပြီး မျက်ဝန်းများက ဘာဖြစ်နေတာလဲ ဟု မေးနေသယောင်။

ရှောင်းဝေ့ရှင်း စာဖတ်ရင်း အနည်းငယ် စိတ်မကြည်ဖြစ်လာသဖြင့် စာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်ကာ ထထိုင်လိုက်သည်။ ထို့နောက် ဓားရှည်ကို ဆွဲထုတ်ကာ သစ်ပင်အောက်တွင် လေ့ကျင့်နေလိုက်၏။ သူက ရှဲ့ဖေးယွမ်၏တပည့်ဖြစ်ပြီး သိုင်းပညာကို အသက်ငါးနှစ်တည်းက စတင်လေ့ကျင့်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ သိုင်းပညာအရည်အချင်းက မည်သူ့ထက်မှ နိမ့်ကျမနေ။ အခြေအနေများကြောင့်သာမဟုတ်လျှင် သူသည်လည်း ရန်ချီရှန်းကဲ့သို့ စစ်မြေပြင်တွင် ရဲရဲဝံ့ဝံ့တိုက်ခိုက်ကာ ထူးချွန်ထက်မြက်သော လူငယ်စစ်သူကြီးတစ်ယောက် ဖြစ်လာပြီး ဘဝကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနိုင်မည် ဖြစ်သည်။

ယိုရှုသည် သစ်ပင်၏အနောက်တွင် ဝပ်တုပ်ထိုင်နေခဲ့ရင်း ငေးကြည့်နေမိ၏။ ထိုသူ၏ ဓားကွက်တိုင်းတွင် ဝတ်စုံဖြူက တဖျပ်ဖျပ်လွင့်နေခဲ့ကာ တိမ်တိုက်ပမာ ဝေ့ယမ်းနေခဲ့ပြီး ဆံနွယ်နက်တို့ကလည်း ဝဲလွင့်နေခဲ့သည်။ “ပျံသန်းနေသော ငှက်တစ်ကောင်ပမာ လျင်မြန်ဖြတ်လတ်ပြီး၊ နဂါးတစ်ကောင် ရေကူးနေသကဲ့သို့ တင့်တယ်ပေ၏” ဟူသည့် တင်စားချက်ကို သူ ယခုမှပဲ နားလည်သဘောပေါက်သွားရသည်။ ရှောင်းဝေ့ရှင်းသည် ကောင်းမွန်သော အရာခပ်သိမ်းနှင့်သာ ထိုက်တန်သူ ဖြစ်သည်။

သူ့တွင် ထောက်ပံ့ပေးနိုင်မည့် မိခင်သာ ရှိခဲ့လျှင်၊ ဖခင်ဖြစ်သူ ဧကရာဇ်ကသာ ဘက်လိုက်တတ်သူ မဟုတ်ခဲ့လျှင် သာမန်ဘဝလေးဖြင့် နေနိုင်ခဲ့မည် ဖြစ်သည်။ သူ့အနေဖြင့် ဧကရာဇ်တစ်ပါး မဖြစ်နိုင်ခဲ့လျှင်ပင် ထူးချွန်သော စစ်သူကြီးတစ်ဦး သို့မဟုတ် လွတ်လပ်ပေါ့ပါးသော မင်းသားတစ်ပါးအဖြစ် နေနိုင်ခဲ့မည် ဖြစ်သည်။

ယိုရှု ထိုသူအတွက် စိတ်မကောင်းဖြစ်ကာ အနည်းငယ် ဝမ်းနည်းလာရသည်။

အမှန်စင်စစ်၊ ယိုရှုသည် ဤနှစ်များအတွင်းတွင် ဒုက္ခများစွာ ခံခဲ့ရသည်။ သူသည် အရိပ်သက်တော်စောင့်စခန်းတွင် တာဝန်ထမ်းဆောင်ရင်း အကြိမ်ကြိမ် သေလုမြောပါးဖြစ်ခဲ့ဖူးသော်လည်း တစ်ခါသော်မျှ မငိုခဲ့ဖူးပေ။ သို့သော် ယခုမူ သူ ရှောင်းဝေ့ရှင်းအတွက် စိတ်မကောင်းဖြစ်နေမိ၏။

၎င်းက စာဖတ်သူတစ်ယောက်၏ စိတ်ခံစားချက်ပင် ဖြစ်လိမ့်မည်။ ဇာတ်လိုက်၏ဘဝကသာ သူ့ဘဝ ဖြစ်၏။ သူ အထီးကျန်ဆန်နေရလျှင်ပင် ဇာတ်လိုက်ကတော့ ပန်းခင်းလမ်းကိုသာ လျှောက်ရမည်!

ယိုရှု အတွေးလွန်ကာ စိတ်လွင့်နေခဲ့သဖြင့် ရှောင်းဝေ့ရှင်း သူ့ရှေ့မှ မက်မွန်ပင်ကို ခုတ်ပိုင်းဖြတ်လိုက်သည်အား မသိလိုက်ချေ။ သူ အသိစိတ်ပြန်ဝင်လာချိန်တွင်မူ ဓားဖျားက သူနှင့် နှာတစ်ဖျားအကွာလောက်သာ ဝေးတော့သည်။

အရိပ်သက်တော်စောင့်နှစ်ပင် သူ့ကို သတိပေးချိန် မရလိုက်ပေ။ မင်းသား မှားယွင်းသတ်ဖြတ်လိုက်မိမည်ကို စိုးရိမ်သဖြင့် သူ့မျက်ဝန်းများက ထိတ်လန့်မှုများ ပြည့်နက်နေ၏။

ကံကောင်းထောက်မစွာဖြင့် ရှောင်းဝေ့ရှင်းက အရှေ့တိုးမလာခဲ့ချေ။ သူက ဓားကို ပြန်ရုပ်လိုက်ကာ ယိုရှုနှင့် အကြည့်ချင်း ဆုံလိုက်သည်။

ရှောင်းဝေ့ရှင်း မသိမသာ မျက်မှောင်ကြုတ်နေခဲ့၏။ ယိုရှုသည် အမူအရာမဲ့ မျက်နှာဖြင့်သာ ရှိနေခဲ့သော်လည်း သူ့မျက်ဝန်းများကမူ ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။ အနှီခံစားချက်များအား မည်သည်မည်ဝါ မပြောပြနိုင်သော်လည်း အဓိပ္ပာယ်များစွာ ပါဝင်နေကြောင်းကို ရှောင်းဝေ့ရှင်း သိ၏။

ပူပန်မှု၊ အထင်ကြီးမှု၊ သနားမှုနှင့်……နူးညံသိမ်မွေ့မှုတစ်စွန်းတစ်စတို့ ပါဝင်နေသည်။

“မောင်မင်းက ဘယ်လိုအကြည့်မျိုးနဲ့ ကြည့်နေတာလဲ။”

ရှောင်းဝေ့ရှင်း ကိုယ်ဟန်ကို ထိန်းလိုက်ကာ စိတ်မကြည်စွာဖြင့် မေးလိုက်သည်။

ယိုရှု ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန်အတွက် ခေါင်းအမြန်ငုံ့ချလိုက်ကာ ခပ်အက်အက်အသံနှင့် လျှောက်တင်လိုက်၏။

“ဒီငယ်သား၊ အမှားကျူးလွန်မိပါတယ်။”

ရှောင်းဝေ့ရှင်းက လူတွေ သူ့ကို စိုက်ကြည့်သည်အား မနှစ်မြို့ချေ။ သို့သော် ယိုရှု၏အကြည့်ကမူ သူ့အား စိတ်အနှောင့်အယှက်မဖြစ်စေခဲ့ပေ။ အနှီသူ၏ မျက်ဝန်းများက သူ့အား ထူးထူးဆန်းဆန်း ခံစားရစေသည်ဆိုသော်လည်း သူ ဒေါသတော့ မထွက်ပေ။ သူ ပြောလိုက်၏။

“ရှဲ့ဖေးယွမ်ကတော့ မင်းက သူပြီးရင် ဒုတိယမြောက်အရည်အချင်းအရှိဆုံးသူပဲတဲ့။ ဘာလို့ ဒီမင်းသားရဲ့ ဓားချက်ကိုတောင် မရှောင်နိုင်ရတာလဲ။”

ထိုသူ အမှန်တကယ် အမျက်ထွက်မနေကြောင်း ယိုရှုသိသည်။ ထို့ကြောင့် သူ အမှန်အတိုင်းသာ ဖြေလိုက်၏။

“အရှင်မင်းသားကို လျှောက်တင်ပါတယ်။ ဒီငယ်သား အတွေးလွန်နေမိလို့ အချိန်မီ မရှောင်လိုက်နိုင်တာပါ။”

“ဟမ့်။”

ရှောင်းဝေ့ရှင်းက သူ့အား အေးစက်စွာ စိုက်ကြည့်လိုက်ရင်း

“အရိပ်သက်တော်စောင့်တစ်ယောက်ဖြစ်နေပြီးတော့၊ ဒါ မောင်မင်း စောင့်ကြပ်တဲ့ ပုံစံလား။”

ယိုရှု အနည်းငယ် ရှက်ရွံ့သွားရသည်။

“ဒီငယ်သား မှားယွင်းသွားပါတယ်။”

ရှောင်းဝေ့ရှင်းက သူ့လက်ထဲမှ ဓားကိုဝင့်လိုက်ရင်း ယိုရှုအား ကြည့်လိုက်သည်။ ထိုသူက ရုတ်တရက်ဆိုသလို သူ့အား ဓားနှင့် ရွယ်လာခဲ့ပြန်၏။ ယိုရှု အသိစိတ်အရ နောက်သို့ ခြေတစ်လှမ်းလောက် ဆုတ်လိုက်ရင်း နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။ ရှောင်းဝေ့ရှင်းက စိန်ခေါ်ဟန်နှင့် ပြုံးလိုက်ကာ

“ဒီမင်းသား ဒီနေ့ လက်တွေယားနေတာနဲ့ အတော်ပဲ။ ဒီမင်းသားနဲ့အတူ လာတိုက်ခိုက်ချေ။”

ယိုရှုသည် တစ်နေ့တွင် သူ ရှောင်းဝေ့ရှင်းနှင့် တိုက်ခိုက်ခွင့်ရလာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားဖူးခဲ့။ သူ အခက်တွေ့သွားရသော်လည်း လိုက်သွားရတော့သည်။

တခြားသော အရိပ်သက်တော်စောင့်များသာ ထိုသို့သောအခွင့်အရေးမျိုး ရလာပါက သူတို့သည် ရှေ့သို့ ခြေတစ်လှမ်းပင် တိုးဝံ့လိမ့်မည် မဟုတ်ချေ။ သူတို့က အမိန့်ကို နာခံခဲ့လျှင်ပင် တမင်သက်သက် အလျှော့ပေးကာ အရှင်သခင်ကိုသာ အနိုင်ပိုင်းစေခဲ့လိမ့်မည် ဖြစ်သည်။ သို့သော် ယိုရှုကတော့ လေးနက်သူတစ်ဦး ဖြစ်၏။ ရှောင်းဝေ့ရှင်းဘက်မှ သူနှင့် ယှဉ်ပြိုင်လိုသည်ဆိုပါက သူ့ဘက်ကလည်း ကွယ်ဝှက်နေစရာမလိုဟုသာ တွေးသည်။ ရည်ရွယ်ချက်ရှိရှိ အနိုင်ပေးလိုက်ခြင်းက အနှီသူအား မလေးစားရာ ရောက်လိမ့်မည်။

အရိပ်သက်တော်စောင့်နှစ်ခမျာ စိုးရိမ်ပူပန်သွားရ၏။ သို့သော် သူ့မှာလည်း မတတ်နိုင်သဖြင့် နေရာတွင် ရပ်နေရုံသာ ရှိသည်။ မင်းသားက အမိန့်မပေးလျှင် သူ့ဘက်က တာဝန်ကို ပျက်ကွက်၍ မရချေ။

ယိုရှုသည် လက်ပစ်မြားများနှင့် လုပ်ကြံခြင်းတွင် ကျွမ်းကျင်သူ ဖြစ်သော်လည်း ထိပ်တိုက်ရင်ဆိုင်ရသည့်အခါတွင်လည်း ကြောက်ရွံ့နေတတ်သူ မဟုတ်ချေ။ သူ့လက်ထဲမှ ဓားရှည်က တချွင်ချွင်မြည်စွာ လှုပ်ရှားနေခဲ့ပြီး ဓားဦးမှာလည်း တဖျပ်ဖျပ်လက်နေခဲ့သည်။ ရှောင်းဝေ့ရှင်းဘက်ကလည်း အလျှော့မပေးခဲ့သလို ရှဲ့ဖေးယွမ်ပြောသည်က အမှန်ပါလားဟု စိတ်ထဲမှ တွေးနေမိသည်။

လက်ရည်တူ အမျိုးသားနှစ်ဦးတွင် တစ်ယောက်ကအဖြူ တစ်ယောက်ကအမည်း ဝတ်ဆင်ထားလျက် ခြံဝင်းအနှံ့ လှည့်လည်တိုက်ခိုက်နေကြပြီး နေ့လယ်ခင်းအလင်းရောင်ပင် သူတို့ခန္ဓာကိုယ်များထက်သို့ ဖြာကျနေခဲ့လေပြီ။ နှစ်ယောက်လုံး ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံရသကဲ့သို့ ခံစားနေကြရ၏။ ရှောင်းဝေ့ရှင်းအဖို့ ဤကဲ့သို့ ကျေနပ်ဖွယ်ကောင်းသည့် လေ့ကျင့်ဖော်မျိုးနှင့် တွေ့ခဲလှသည်။ ချီဟန်နှင့် ဝမ်ချန်တို့လို လူများနှင့် တိုက်ခိုက်ရသည်က အားရဖွယ် မကောင်းလှ၊ အနှီသူများက အမြဲတမ်း အားနည်းချင်ယောင် ဆောင်နေတတ်ကြသည်။ ထို့ကြောင့် အကြိမ်တိုင်း သူ့မှာ ဆူငေါက်ရ၏။ ထိုသူများနှင့် တိုက်ခိုက်ရသည်က ယိုရှုနှင့် တိုက်ခိုက်ရသည်လောက် စိတ်ကျေနပ်ဖွယ် မကောင်းချေ။

မည်သို့ပင်ဆိုစေ သူသည် လက်တွေ့အတွေ့အကြုံနည်းသဖြင့် တိုက်ပွဲများအကြားတွင် အသက်ရှင်ခဲ့ရသော ယိုရှုနှင့်တော့ မယှဉ်သာပေ။ နောက်ဆုံး အချက်ပေါင်းတစ်ရာကျော် တိုက်ခိုက်ခဲ့ပြီးသောအချိန်တွင်တော့ ရှောင်းဝေ့ရှင်း ရှုံးနိမ့်သွားခဲ့လေပြီ။ ယိုရှုက သူ့လက်ထဲမှ ဓားကို ကန်လိုက်ရာ အရိပ်သက်တော်စောင့်နှစ်၏ အရှေ့မှ သစ်ပင်ဆီသို့ သွားစိုက်ပြီး သူကတော့ ယိုရှုထံမှ တွန်းထုတ်ခံလိုက်ရပြီး ဓားရှည်တစ်လက်က သူ့လည်ပင်းအား အုပ်မိုးလာခဲ့သည်။

“ရဲတင်းလိုက်တာ။”

ရှောင်းဝေ့ရှင်းက အေးစက်စွာ ပြောလိုက်၏။

“မင်းကို ဘယ်သူက အရှင်သခင်အပေါ် မလေးမစား ပြုမူခိုင်းလို့လဲ။”

ရှောင်းဝေ့ရှင်းသည် ထိုစကားများပြောနေခဲ့သော်လည်း အပြစ်တင်လိုသောဆန္ဒမျိုး မရှိကြောင်း ယိုရှုသိသည်။ သူ ဓားကို ဖယ်လိုက်ပြီး ခြေလှမ်းအနည်းငယ်လောက် နောက်ဆုတ်လိုက်ကာ ဒူးထောက်လိုက်ပြီး

“ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ အရှင်မင်းသား။”

ရှောင်းဝေ့ရှင်း နံရံကို မှီနေလျက် မြေပြင်ထက်တွင် ဒူးထောက်နေသည့် လူငယ်လေးအား စူးစိုက်ကြည့်နေမိသည်။ ထို့နောက် သူ့မျက်ဝန်းများက လက်ခနဲဖြစ်သွားပြီး အေးအေးလူလူဟန်နှင့် ပြောလိုက်၏။

“ထတော့။”

ယိုရှု အမိန့်ကိုနာခံစွာနှင့် ထရပ်လိုက်ကာ ဦးညွှတ်ထားလိုက်သည်။

ရှောင်းဝေ့ရှင်း ထိုသူကို အတော်လေး စိတ်ဝင်စားနေမိသည်။ သူ ယိုရှုလိုလူကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့။ သူက အရိပ်သက်တော်စောင့်တစ်ယောက်ဖြစ်ပြီး အစေခံတစ်ယောက်၏ အဆင့်အတန်းကိုပင် မမီသော်လည်း မျက်ဝန်းထဲတွင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုတို့ ရှိမနေသလို၊ ကြောက်ရွံ့မှုလည်း မရှိချေ။ ထို့အပြင် မကျေမနပ်ဖြစ်နေသည်မျိုးလည်း မရှိဘဲ အလွန်ကို အေးဆေးတည်ငြိမ်သူတစ်ဦး ဖြစ်သည်။

ထိုသူအား ရဲတင်းလွန်းသည်ဟု ဆိုရပြန်လျှင်လည်း မဟုတ်ပြန်ချေ။ ယိုရှုက သူ့အပေါ်တွင် အလွန်ရိုကျိုးကာ ဘယ်သောအခါကမှ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ချေ။ သို့သော် ကြောက်တတ်သည်ဟု ဆိုပြန်လျှင်လည်း မဟုတ်သေးပြန်။ ထိုသူက တိုက်ခိုက်မည်ဆိုတော့လည်း အမှန်တကယ် ဓားကိုဆွဲ၍ လာတိုက်ကာ တစ်ချက်ကလေးမှပင် အလျှော့မပေးဘဲ အားနည်းချက်များကို ဦးတည်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူတို့သာ အမှန်တကယ် ရန်သူများ ဖြစ်နေခဲ့လျှင် အနှီသူ၏ ဓားချက်အောက်တွင် သူ သေဆုံးသွားနိုင်လောက်၏။

ထိုသူ၏ ပုံစံက တည်ငြိမ်အေးဆေးနေသည် ဆိုသော်ငြား၊ မျက်ဝန်းများတွင်မူ တစ်စုံတစ်ရာခံစားချက်တို့ ရှိနေသလိုပင်။

ရှောင်းဝေ့ရှင်း မသိလိုက်သည်မှာမူ၊ လူတစ်ယောက်က တခြားသူတစ်ယောက်အပေါ်တွင် အကြောင်းအရင်းမရှိ စိတ်ဝင်စားနေမိပြီ ဆိုပါက နောက်ဆက်ဖြစ်လာမည့် အခြေအနေများက ကိုယ်တိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနိုင်တော့မည် မဟုတ်ချေ။ အကြောင်းမှာ တချို့သောသူများသည် တစ်ဖက်သူအပေါ် ဂရုစိုက်လိုက်မိပြီဆိုပါက ထိုသူကို ဘယ်တော့မှ လက်မလွှတ်နိုင်တော့သောကြောင့်ပင်။

“နောင်တစ်ချိန် ဒီမင်းသား တစ်ယောက်ယောက်နဲ့ လေ့ကျင့်ချင်တယ်ဆိုရင်လည်း မောင်မင်း ငြင်းလို့မရဘူး။ နားလည်လား။”

ယိုရှု အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။

“ဒီငယ်သား အရှင်မင်းသားရဲ့အမိန့်ကို နာခံပါမယ်။”

ရှောင်းဝေ့ရှင်းသည် မိမိရှေ့မှ ရိုကျိုးလွန်းသူကို ကြည့်ရင်း စိတ်ကျေနပ်မှုကို ခံစားရသလို ဘဝင်မကျလည်း ဖြစ်နေမိသည်။ သူ ရုတ်တရက် စိတ်တိုင်းမကျ ဖြစ်လာပြီး ပြောလိုက်၏။

“ထွက်သွားတော့။”

ယိုရှု စဉ်းစားနေချိန်ပင် မရှိပေ။ သူသည် လေတစ်ဝှေ့လောက်အတွင်း ပျောက်ကွယ်သွားပြီး ခြံဝင်းထဲမှ ခုန်ထွက်သွားခဲ့လေပြီ။ အရိပ်သက်တော်စောင့်နှစ်ကိုပင် မစောင့်နေခဲ့ချေ။

ရှောင်းဝေ့ရှင်းသည် ယုန်တစ်ကောင်ထက်ပင် လျင်မြန်စွာ ပြေးထွက်သွားခဲ့ပြီဖြစ်သော လူအား မျက်လုံးအသာမှေး၍ ကြည့်နေမိ၏။ အစောပိုင်းက မိမိရှေ့တွင်ရှိနေခဲ့စဉ်က မြင်ခဲ့ရသော ရိုးကျိုးမှုနှင့် နာခံမှုများကို စိုးစဉ်းမျှ မမြင်ရတော့ပါချေ။

ယိုရှုမှာ မင်းသား တစ်ခုခုဖြစ်နေသည်ဟု ခံစားနေရသည်။ ထိုသူက အေးစက်သူဖြစ်သော်ငြား စိတ်အပြောင်းအလဲမြန်သူတော့ မဟုတ်ချေ။ သို့သော် ယခုမူ အဘယ်ကြောင့်များ သူ့အား စကားကောင်းကောင်းပြောနေခဲ့ရာမှ ခဏအကြာတွင် ရုတ်တရက်ကြီး ဒေါသထွက်လာပြီး နှင်ထုတ်ခဲ့လေသည်နည်း။

ယိုရှုမှာ နားမလည်နိုင်ဖြစ်နေသော်လည်း၊ မင်းသားက အံ့ဩဖွယ်ကောင်းသည်ဟု ထင်မှတ်နေဆဲပင်။

ယိုရှုတစ်ယောက် ယနေ့တွင်လည်း သူ့ကိုယ်သူ ဦးနှောက်ဆေးနေခဲ့ပြီး၊ သူ၏ မင်းသားအပေါ် အကောင်းမြင်နိုင်စွမ်းက ပို၍ပင် အားကောင်းလာတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment