no

Font
Theme

အပိုင်း (၂)

ရှောင်းဝေ့ရှင်းသည် မနေ့ညက လုပ်ကြံမှုကို အမှန်တကယ် အောင်မြင်စေရန် စီစဉ်ထားခဲ့သည်မဟုတ်ချေ။ သူ၏ အဓိကရည်ရွယ်ချက်က နန်းတော်၏ ကာကွယ်ရေးအခြေအနေအစစ်အမှန်ကို စုံစမ်းလိုခြင်းသာ ဖြစ်သည်။ သို့သော် ထိုအရူးက တော်ဝင်အစောင့်တပ်များအား သတိပေးလိုက်သလို လုပ်လိုက်လေပြီ။ ဘာသက်သေမှမကျန်ခဲ့သော်ငြား၊ ရှောင်းဝေ့ရှန်၏ အကျင့်စရိုက်အရဆိုလျှင် ထိုကိစ္စအား စုံစမ်းစစ်ဆေးလိမ့်မည်မှာ သေချာပေါက်ပင်။

ရှောင်းဝေ့ရှင်း စားသောက်ဆောင်တွင် မနက်စာစားပြီးနောက် အစေခံတစ်ယောက် လာနေ၍ မော့ကြည့်လိုက်ရာ သူ၏ အစေခံနောက်တစ်ယောက်ဖြစ်သည့် လော့ယောင်က ဆေးပန်ကန်တစ်လုံး ကိုင်လျက် လာနေသည်ကို တွေ့လိုက်ရသည်။

“အရှင်မင်းသား။”

လော့ယောင်ကတော့ တခြားသူများကဲ့သို့ မဝံ့မရဲ ဖြစ်နေခြင်းမျိုး မရှိဘဲ တဲ့တိုးသာလျှောက်တင်လေ၏။

“အရှင်မင်းသား ဒီဆေးကို သောက်မှာပါလား။”

ရှောင်းဝေ့ရှင်း ခပ်ထေ့ထေ့ ရယ်လိုက်၏။

“သောက်ရမှာပေါ့။ မဟုတ်ရင် ဒီမင်းသားရဲ့အစ်ကိုတော်ကိုယ်တိုင် အထူးတလည် ရှာဖွေဖော်စပ်ပေးထားတဲ့ ဆေးညွှန်းက အလကားဖြစ်သွားတော့မှာပေါ့။”

သူသည် ထိုစကားကို ဆိုပြီးသည်နှင့် တုံ့ဆိုင်းနေခြင်းမရှိ ဆေးပန်းကန်လုံးကို ကောက်မော့လိုက်လေသည်။

ယိုရှုမှာ ထုတ်တန်းပေါ်တွင်နေကာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခဲ့ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဇာတ်လိုက်ဖြစ်ရတာလည်း မလွယ်ရှာပါလားလေ။

ဆေးက အဆိပ်တော့ မဟုတ်သော်ငြား မည်မျှကောင်းမွန်သည့်ဆေးဖြစ်ပါစေ ဘေးထွက်ဆိုးကျိုးတော့ ရှိစမြဲပင်။ ထို့အပြင် အနှီခွေးဧကရာဇ် နေ့စဉ် ဆေးပို့ပေးနေရခြင်းမှာ အများအမြင်တွင် အစ်ကိုတော်ကောင်းတစ်ယောက်ပုံ ဟန်ဆောင်နေခြင်းဖြစ်သလို ရှောင်းဝေ့ရှင်း အမှန်တကယ် နားမကျန်းဖြစ်နေသည်လားကို စမ်းသပ်ချင်၍ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဆေးကို ရေရှည် ဆွဲသောက်နေခဲ့ရခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေမည်မှာတော့ အသေအချာပင်။

ထိုအကြောင်းကို ရှောင်းဝေ့ရှင်းလည်း သိ၏။ သို့သော် သူ မငြင်းဆန်နိုင်ပါပေ။ အကြောင်းမှာ ရှောင်းဝေ့ရှန် စေလွှတ်လိုက်သည့် မိန်းမစိုးများက စားသောက်ဆောင်အပြင်တွင် စောင့်နေကြပြီး မသိမသာ စောင့်ကြည့်နေတတ်ကြသောကြောင့်ပင်။ သူတို့က ရှောင်းဝေ့ရှင်း ဆေးသောက်သည်ကို ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးမှသာ ပြန်ကြလေသည်။

ယနေ့အတွက် ဆေးသောက်ပြီးသောအခါတွင်မူ မိန်းမစိုးများက မပြန်ကြချေ။ ထိုအစား မိန်းမစိုးတစ်ယောက်က ရှေ့သို့ လျှောက်လာကာ မျက်နှာလိုမျက်နှာရ ပြုံးပြနေခဲ့ရင်း ဦးညွှတ်လျှောက်တင်လေ၏။

“အရှင်မင်းသား၊ အခု ဆေးသောက်လို့ပြီးပြီဆိုရင် ဒီအစေခံနဲ့အတူ နန်းတော်ကို လိုက်ခဲ့ပေးတော်မူပါ။”

“ဧကရာဇ်အရှင်က ဒီမနက်ကပဲ အရှင်မင်းသားတို့ကို မတွေ့ရတာ ကြာပြီလို့ မိန့်ခဲ့ပြီး၊ အရှင်မင်းသားတို့ကို ဖိတ်ကြားဖို့အတွက် ဒီအစေခံတို့ကို စေခိုင်းလိုက်တာပါ။ မင်းသားချင်နဲ့ မင်းသားရုန်တို့ကတော့ ထွက်ခွာသွားကြပါပြီ။ အရှင်မင်းသားရော ဘယ်လို သဘောရတော်မူပါသလဲ။”

ရှောင်းဝေ့ရှင်း တစ်ဖက်သို့လှည့်လိုက်ကာ အနှီမိန်းမစိုးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ့အမူအရာက အစောပိုင်းကနှင့် လားလားမျှ မတူတော့ဘဲ အပြစ်ကင်းစင်ကာ နူးညံ့ဖျော့တော့နေလေ၏။ သူက နှစ်ချက်လောက် ချောင်းဆိုးလိုက်ပြီးမှ နူးညံ့စွာ ဆိုသည်။

“အစ်ကိုတော်ဧကရာဇ်က ဒီမင်းသားကို ဆင့်ခေါ်လိုက်တာလား။ ဒီလိုဆိုမှတော့ ဒီမင်းသားလည်း မိန်းမစိုးကြီးနဲ့အတူ လိုက်ခဲ့ပါမယ်။”

သူသည် ပြောပြီးသည်နှင့် ချောင်းအနည်းငယ် ဆိုးပြလိုက်ပြန်သည်။ ထို့အပြင် အချိန်အတော်ကြာအောင် နာမကျန်းဖြစ်နေသူတစ်ယောက်အလား ခြေထောက်များကလည်း အားနည်းယိုင်နဲ့နေခဲ့၏။

ဇာတ်လိုက်၏ သရုပ်ဆောင်မှုအတွက် အော်စကာဆု မရနိုင်သည်ကတော့ နှမြောဖွယ်ကောင်းလှသည်။ သူ၏ အားနည်းဖျော့တော့စွာ ခြေလှမ်းနေပုံက အစစ်အမှန် ဆန်လွန်းလှသဖြင့် ယိုရှုကဲ့သို့ အတွင်းအား ကောင်းသူပင် အမှားအယွင်းဟူ၍ တစ်စိုးတစ်စိမျှ မမြင်မိချေ။

အမှန်စင်စစ်တွင်မူ ရှောင်းဝေ့ရှင်းက အားနည်းကာ စွမ်းဆောင်ရည်မဲ့နေသူတစ်ယောက် မဟုတ်ခဲ့။ ဆန့်ကျင့်ဘက်ပင် သူ၏ သိုင်းပညာက ယိုရှုတို့ထက် နိမ့်မနေ။ သူက နာမကျန်းနေသူတစ်ယောက်ပမာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ရန်အတွက် ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာလာသည်အထိ သူ ဟန်ဆောင်ထားသည့်အကြောင်းကို ယိုရှုနှင့် သူ၏အစေခံ အနည်းငယ်တို့သာ သိထား၏။ ထို့အပြင် ရှောင်းဝေ့ရှင်း၏ အတွင်းအား ထိန်းချုပ်ပုံထိန်းချုပ်နည်းကို ကြည့်ရုံဖြင့်ပင် သူ၏သိုင်းပညာအဆင့်အတန်း မည်မျှ မြင့်မားသည်ကို ခန့်မှန်းနိုင်ပေသည်။

ရှောင်းဝေ့ရှင်း ရထားလုံးပေါ်သို့ တက်သွားသည်ကို တွေ့လိုက်ချိန်တွင်တော့၊ ယိုရှုနှင့် အရိပ်သက်တော်စောင့်ငါးတို့လည်း ရထားလုံးအောက်မှ အကန့်လေးထဲသို့ ဝင်ရင်း ပုန်းခိုနေလိုက်တော့သည်။ နန်းတော်ထဲသို့ ဝင်မည့် ရထားလုံးတိုင်းကို နန်းတော်ဂိတ်ပေါက်ဝတွင် စစ်ဆေးသည်ဖြစ်၏။ သို့သော် ရှောင်းဝေ့ရှင်းက ရထားလုံးပုံစံကို ပြုပြင်ပြောင်းလဲထားပြီး ရထားလုံး၏ အောက်ခြေတွင် လူနှစ်ယောက် ဝင်ဆံ့သည့် ယန္တရားတစ်ခု ထည့်ထားသည်။ သူသည် အရေးပေါ်အခြေအနေများအတွက် ထိုသို့ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ၊ အရေးအကြီးဆုံးအရာမှာ သူ့အသက်သူ ကာကွယ်ထားရန်သာ ဖြစ်သည်။

ယိုရှုနှင့် အရိပ်သက်တော်စောင့်ငါးတို့မှာ ရထားလုံးအောက်တွင် လှဲနေကြရင်း အသက်ကို အောင့်ထားကြကာ အသံတစ်သံပင် မထွက်ဝံ့ကြချေ။ အရိပ်သက်တော်စောင့်ငါးက တခြားသူများထက် အရပ်ရှည်သူဖြစ်သဖြင့် ယိုရှုကို ဖိထားသလို ဖြစ်နေပြီး မသက်မသာ ဖြစ်နေရ၏။ သူကိုယ်တိုင်လည်း သူ့အမှားသူ သိသဖြင့် ယိုရှုကို အားနာသည့်အပြုံးနှင့် ပြုံးပြနေခဲ့သည်။

ယိုရှုက စိတ်ထားကောင်းသူဖြစ်ပြီး အများအားဖြင့် မည်သူ့အပေါ်တွင်မှ အမျက်ဒေါသ မရှိပေ။ ထို့အပြင် အရိပ်သက်တော်စောင့်ငါးကလည်း သူနှင့် အတွဲညီသည့် ညီနောင်တစ်ယောက်ပင် ဖြစ်လေရာ သူ့အဖို့ ရွေးချယ်စရာ မရှိပါပေ။ ထို့ကြောင့် ဘေးသို့ အနည်းငယ် တိုးလိုက်ပြီးသည်နှင့် ဇာတ်ကြောင်းကိုသာ ပြန်စဉ်းစားနေလိုက်တော့၏။ ယင်းမှာ ဇာတ်လမ်းကို မေ့လျော့သွားမည်စိုး၍ နှစ်ပေါင်းများစွာတိုင်အောင် နေ့စဉ်နေ့တိုင်း ကျင့်သုံးလာခဲ့သည့် သူ၏အကျင့်ပင် ဖြစ်သည်။

ယခုက အရာအားလုံး၏ စတင်ရာ ဖြစ်လိမ့်မည်။ သူ၏ မှတ်ဉာဏ်များသာ မှန်သည်ဆိုလျှင် စာအုပ်ထဲတွင်က ရှောင်းဝေ့ရှန်တစ်ယောက် ညဘက်တွင် လုပ်ကြံခံခဲ့ရပြီး ဒေါသူပုန်ထနေသည်နှင့် အစပျိုးထားခဲ့ခြင်း ဖြစ်၏။ ထိုသူက နောက်တစ်နေ့မနက်ရောက်သည်နှင့် ညီတော်များနှင့် သံသယရှိသူမှန်သမျှကို နန်းတော်ထဲသို့ ဝင်စေပြီး တစ်ယောက်ချင်း စစ်ဆေးတော့သည်။ အကြောင်းမှာ သူက လူတိုင်းကို ပြစ်မှုကျူးလွန်နိုင်သူဟု ထင်မြင်နေခြင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ကောက်ချက်မချနိုင်၍ပင်။

သို့ဖြစ်ရာ ဤခရီးမှာ ထောင်ချောက်ဆင်ထားသောပွဲဟုပင် ဆို၍ရသည်။

သို့သော် ဇာတ်လိုက်က နိုးနိုးကြားကြားရှိသူဖြစ်၍ ထိုထောင်ချောက်ကို အမှားအယွင်းမရှိ ဘေးကင်းစွာ လွတ်မြောက်သွားနိုင်မည်သာ ဖြစ်၏။ ယိုရှု ထိုစာအုပ်ကို ဖတ်စဉ်ကဆိုလျှင် ခွေးဧကရာဇ်၏ ညီအစ်ကိုများအပေါ် ထပ်ခါထပ်ခါ ထောင်ချောက်ဆင်မှုများကြောင့် အတော်လေး ဇောချွေးပြန်ခဲ့ရသည်။ အကယ်၍ လုပ်ကြံသူ စေလွှတ်လိုက်သူက ကိုယ်မဟုတ်လျှင်ပင် တစ်စုံတစ်ရာ မှားယွင်းပြောဆိုမိပါက အသတ်ခံရနိုင်သည်။ တကယ်ကို နိုင်လိုမင်းထက်ပြုသည့် အာဏာရှင်တစ်ယောက်ပင်။

ရထားလုံးသည် နန်းတော်ထဲသို့ ချောမွေ့စွာ ဝင်ရောက်လာခဲ့သည်။ နန်းတော်က အပြင်လောကလောက်တော့ လွတ်လွတ်လပ်လပ် မရှိပေ။ တော်ဝင်အစောင့်တပ်များနှင့် ကင်းလှည့်တပ်သားများက နန်းတော်၏ နေရာအနှံ့တွင် လှည့်လည် စောင့်ကြပ်နေကြ၏။ အရိပ်ခို၍ စောင့်ကြပ်နေသည့် အရိပ်သက်တော်စောင့်များစွာလည်း ရှိနေသည်။ တစ်စုံတစ်ရာ ဆူဆူပူပူ ဖြစ်သွားသည်နှင့် နေရာတွင်ပင် အသတ်ခံရနိုင်ခြေ ရှိ၏။ ယခုက ယိုရှုအတွက် နန်းတော်ထဲသို့ လာရသည့် ပထမဦးဆုံးအကြိမ် မဟုတ်သော်လည်း၊ အမှားအယွင်းလုပ်မိမည်ကို စိုးထိတ်နေမိဆဲသာ ဖြစ်သည်။

နန်းတော် ဂိတ်တံခါးနှင့် ခွေးဧကရာဇ် ညီအစ်ကိုများကို တွေ့ဆုံမည့် ပန်းဥယျာဉ်က အလွန်ဝေးပြီး တစ်နာရီကျော်လောက် သွားရသည်။ နေပင်အတော်မြင့်နေခဲ့ပြီ ဖြစ်၏။ နန်းမြို့တော်၏ ဥပဒေအရ ရှောင်းဝေ့ရှင်းက မင်းသားတစ်ပါးဖြစ်၍ နန်းတော်ထဲသို့ ရထားလုံးဖြင့် ဝင်ခွင့်ရှိသည်။

နန်းတော်ထဲသို့ ရောက်သောအခါ ရှောင်းဝေ့ရှင်းသည် နန်းတွင်းအစေခံများ၏ အကူအညီဖြင့် ရထားလုံးပေါ်မှ ဆင်းလိုက်၏။ သူသည် အနည်းငယ် ယိမ်းယိုင်သွားပြီး လဲကျမလိုပါ ဖြစ်သွားခဲ့သေးသည်။ ချီဟန်က အလျင်အမြန် ထိန်းကိုင်ပေးလိုက်၍သာ တော်တော့၏။ ထို့နောက် ရထားလုံးကို နန်းတွင်းအစေခံများက ယူသွားပြီး ရပ်နားရာနေရာသို့ မောင်းနှင်သွားခဲ့လေသည်။

ရထားလုံးရပ်ရာနေရာတွင် မည်သူမှမရှိကြောင်း အတည်ပြုပြီးမှသာ ယိုရှုနှင့် အရိပ်သက်တော်စောင့်ငါးတို့ ရထားလုံး၏ အောက်မှ တွားသွားထွက်လာကြသည်။ သူတို့သည် လမ်းကြောင်းကိုလည်း မှတ်သားထားပြီး ဖြစ်၏။ သူတို့အဖို့ လိုက်လာသည့် လမ်းတစ်လျှောက်လုံး အပြင်ကို မမြင်ခဲ့ရဘူးဆိုသော်ငြား လေတိုက်နှုန်းကို ခံစား၍ လမ်းကြောင်း ခွဲခြားနိုင်ကြသည်။ ယင်းမှာ အရိပ်သက်တော်စောင့်များ၏ အခြေခံကျွမ်းကျင်မှုတစ်ခုသာ ဖြစ်သည်။

ယခုအချိန်တွင် ရထားလုံးရပ်ရာနေရာ၌ မည်သူမှ မရှိသဖြင့် ယိုရှုနှင့် အရိပ်သက်တော်စောင့်ငါးတို့လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ သူတို့သည် ထိုနေရာ၏ အပြင်ဘက်တွင် စောင့်ကြပ်နေသည့် အစောင့်နှစ်ယောက်ကို သတိလစ်အောင် ရိုက်လိုက်ပြီး အနှီသူနှစ်ယောက်၏ အဝတ်အစားများကို လဲလှယ် ဝတ်ဆင်လိုက်ကြကာ လူများကိုတော့ ရထားလုံးအောက်တွင် ဖွက်ထားလိုက်သည်။ ထိုသူနှစ်ယောက်က နောက်နှစ်နာရီလောက်အထိတော့ သတိလစ်နေလိမ့်ဦးမည်မှာ သေချာ၏။ ထို့နောက် သေချာရုပ်ဖျက်ကာ ထွက်လာလိုက်ကြတော့သည်။

နန်းတော်တွင် တာဝန်ထမ်းဆောင်သည့် အစောင့်တပ်သားများ၏ ဝတ်စုံက မြင်သာထင်သာ ရှိ၏။ ထို့ကြောင့်သာ သူတို့အနေဖြင့် ထိုလူနှစ်ယောက်ကို အထူးတလည် ရှာခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် သူတို့၏ မင်းသားနှင့် နီးနီးကပ်ကပ်တွင် နေခွင့်ရနိုင်မည် မဟုတ်သော်လည်း လှမ်းမြင်နေနိုင်မည့် နေရာတစ်ခုကို ရှာဖွေလိုက်ကြရန် ပြင်ကြတော့၏။

“ဝတ်စုံပေါ်က ရွှေချည်တွေက အတော်လေး အဖိုးတန်မှာပဲနော်။”

အရိပ်သက်တော်စောင့်ငါးက ဝတ်စုံ၏ အနားသတ်နားတွင် ထိုးထားသည့် ငှက်ပုံကို ခပ်ဖွဖွ ပွတ်သပ်နေလျက် တိုးတိုးလေး ဆိုသည်။

ယိုရှုက အနားတစ်ဝိုက်မှ မြေပြင်အခြေအနေကို သတိထား၍ အကဲခတ်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။

“လျှောက်ကိုင်မနေနဲ့။”

ယိုရှုက အားကိုးရသူဖြစ်ပြီး ဘယ်သောအခါမှ အမှားလုပ်တတ်သူ မဟုတ်၍ အရိပ်သက်တော်စောင့်ငါးသည် ယိုရှုနှင့်အတူ တာဝန်ထမ်းဆောင်ရသည့်အခါတိုင်း အနည်းငယ်ပို၍ စိတ်ပေါ့ပါးနေတတ်သည်။ ယိုရှုသည် သူသာ အနားတွင် ရှိနေပါက ဘာကိုမှ ပူပန်နေစရာမလိုသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်၏။

“ငါ နားရက်တုန်းက အပြင်ထွက်လိုက်ကာ ထပ်ပြီး ရှုံးလာပြန်ပြီကွာ၊ အကုန် ပြောင်တာပဲ။”

“မင်း လောင်းကစားမလုပ်နဲ့ပေါ့။”

ယိုရှုက ခပ်အေးအေး ပြောလိုက်သည်။

“မင်းရဲ့မဖြစ်စလောက် ငွေလေးနဲ့၊ မိန်းမယူဖို့ ဘယ်လို ငွေစုမှာလဲ။”

အရိပ်သက်တော်စောင့်ငါးက ခပ်စစပြုံးလျက် ဆို၏။

“ငါတို့လိုလူတွေက ဘယ်လိုလုပ် မိန်းမယူလို့ရမှာလဲကွ။ ငါတို့မှာက အနာဂတ်ဆိုတာ မရှိသလို၊ တရားဝင်အဆင့်အတန်းတစ်ခုတောင် ရှိတာမဟုတ်ဘူး။ ငါတို့လိုလူတွေကို ဘယ်မိန်းကလေးကများ လက်ထပ်ချင်မှာတဲ့လဲ။ မင်းသာ ခေါင်းမာနေပြီး အဲလိုတွေဖြစ်လာမဲ့အချိန်အထိ အသက်ရှင်နိုင်မယ်လို့ ထင်နေတာ။”

“ထင်တော့ ဘာဖြစ်လဲ။”

ယိုရှုသည် ပတ်ဝန်းကျင်တွင် ဘေးကင်းကြောင်း သေချာစစ်ဆေးလိုက်ပြီးမှ အရိပ်သက်တော်စောင့်ငါးအား ဥယျာဉ်ဆီသို့ ခေါ်ဆောင်သွားလိုက်ကာ ကင်းလှည့်တပ်သားယောင်ဆောင်၍ ရောထွေးနေလိုက်သည်။

“လူတိုင်းမှာ စိတ်ကူးအိပ်မက်ဆိုတာမျိုး ရှိသင့်တယ်။”

အရိပ်သက်တော်စောင့်ငါးသည် ထိုစိတ်ကူးအား လက်သင့်မခံသော်လည်း၊ တစ်ဖက်လူ၏ လှပသော စိတ်ကူးအိပ်မက်လေးအား ရိုက်မချိုးလိုပေ။

“သက်တော်စောင့်သုံး၊ တစ်ခါတလေကျ မင်းဘာလို့ ဒီလိုနေနိုင်တာလဲဆိုတာကို ငါ အရမ်းသိချင်တာပဲ။ ခေါင်းဆောင်က မင်းကို ဘယ်လိုများ လေ့ကျင့်ပေးခဲ့တာလဲ။”

ယိုရှု ပြန်မဖြေခဲ့ချေ။ သူ ရှေ့တည့်တည့်သာ ကြည့်နေခဲ့၏။ တကယ်တော့ ခေါင်းဆောင်ကလည်း ထိုစကားများကို မရေမတွက်နိုင်အောင် ပြောခဲ့ဖူးသည်။ ခေါင်းဆောင်သည် သူတို့လိုလူများက လွတ်မြောက်မည့်နေ့ကို စောင့်မျှော်နေနိုင်သူများ မဟုတ်၍ စိတ်ကူးယဉ်ဆန်ဆန်အတွေးများ ဘယ်တော့မှ မတွေးမိရန် အမြဲတစေ မှာကြားနေတတ်သည်။

သူတို့က အသက်စွန့်စာချုပ် ချုပ်ဆိုထားရသူများ ဖြစ်၏။ သူတို့၏ ခန္ဓာ၊ စိတ်နှင့် အသက်ဝိညာဉ် အားလုံးက တံဆိပ်ကပ်နှိပ်ထားပြီးသား ဖြစ်သည်။ သူတို့သည် တစ်ဘဝလုံး တစ်ပါးသူ၏ အစေအပါး ဖြစ်သွားရမည့်သူများပင်။ သူတို့ဘက်က လွတ်မြောက်ရန် ကြံစည်ခဲ့မည်ဆိုလျှင်လည်း ပထမဆုံးခြေလှမ်းမှာတင် အပြတ်သုတ်သင်ခံလိုက်ရမည် ဖြစ်သည်။ တကယ်တော့ လွတ်မြောက်ရန် တွေးနေခြင်းကပင် စိတ်ကူးယဉ်နေခြင်းဟု ဆိုရမည်။

အကယ်၍ လွတ်မြောက်ရန် အခွင့်အလမ်း ရှိခဲ့သည်ဆိုလျှင်လည်း၊ သူတို့က ထိုအသက်အရွယ်ထိ အသက်ရှင်ရန် မဖြစ်နိုင်ချေ။ အကြောင်းမှာ ဝတ္ထုထဲတွင်ဖြစ်စေ၊ ရုပ်သံဇာတ်လမ်းတွဲများထဲတွင် ဖြစ်စေ အရိပ်သက်တော်စောင့်အလုပ်က အသက်သေဆုံးနိုင်ခြေအများဆုံး အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်၍ပင်။ ရုပ်သံဇာတ်လမ်းတွဲများထဲမှ စစ်ဆင်ရေးစေလွှတ်ခံရသည့် အရိပ်သက်တော်စောင့်များအားလုံးကတော့ တိုက်ပွဲအတွင်း သေဆုံးသွားရသည်ချည်းသာ။ သူတို့မှာ ဇာတ်လိုက်နှင့်တွေ့လျှင် သေဆုံးရသလို၊ ဗီလိန်နှင့်တွေ့လျှင်လည်း သေဆုံးရပြန်သည်။

ထိုသို့မဟုတ်ပါက ဘာကြောင့်များ အသေခံတပ်သားဟု ခေါ်တွင်နေမည်နည်း။ ယမန်ညက သေဆုံးသွားခဲ့သည့် အရိပ်သက်တော်စောင့်လိုပင် ဖြစ်သည်။ တာဝန်ကို ကျရှုံးခဲ့ပါက အရှင်သခင်အပေါ် သစ္စာဖောက်ရမည့်အစား အသက်ကို ပဓာနမထားဘဲ အဆုံးစီရင်လိုက်ရမည် ဖြစ်ပေ၏။

ယိုရှု နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ အမှန်တရားက ထိုသို့ပင် ဖြစ်စေဦးတော့၊ သူကတော့ ကံကြမ္မာကို အရှုံးမပေးလိုပါ။

မကြာမီ သူတို့ တော်ဝင်ဥယျာဉ်ထဲသို့ ရောက်လာကြလေပြီ။ အပြင်ဘက်တွင် စောင့်ကြပ်နေသည့် အစောင့်က သူတို့အား တစ်ချက်သာ ကြည့်ပြီး သွားခွင့်ပြုလိုက်၏။ သူတို့က လူထက် ဝတ်စုံကိုသာ မှတ်သားထားခြင်း ဖြစ်သည်။ နန်းတော်တွင်က အစောင့်တပ်သားပေါင်းများစွာ ရှိသည်ဖြစ်ရာ ကြည့်ရုံနှင့် မမှတ်မိနိုင်ပေ။ အားလုံးက သာမန်ရုပ်ရည်များသာ ဖြစ်ကာ ထူးထူးထွေထွေ ထင်ရှားချောမောနေသူဟူ၍လည်း မရှိချေ။

ဤသို့ဖြင့် တော်ဝင်ဥယျာဉ်ထဲသို့ ဝင်လာကြပြီးသောအခါ ထောင့်ကျကျနေရာတွင် ရပ်လိုက်ကြပြီး ဘယ်လက်ကို ဓားရိုးပေါ်သို့ တင်ထားကာ နန်းတွင်းမှ အစောင့်တပ်သားများ၏ ဟန်အတိုင်း နေလိုက်သည်။ သူတို့က အပြင်လူများဖြစ်ကြောင်း မည်သူမျှ သိနိုင်တော့မည် မဟုတ်ချေ။ ထို့အပြင် ဤနေရာမှဆိုလျှင် သူတို့၏မင်းသားကိုလည်း ကောင်းမွန်စွာ မြင်ရ၏။

ယိုရှုသည် ချောမောတင့်တယ်လှသော ရှောင်းဝေ့ရှင်းအား ကြည့်နေမိသည်။

အွန်း။

သူ၏အရှင်မင်းသားကတော့ အစဉ်အမြဲ ချောမောကြည့်ကောင်းနေသည်သာ။ ထိုသို့ယှဉ်လိုက်တော့၊ အနှီခွေးဧကရာဇ်၏ ရုပ်ဆင်းအင်္ဂါက လမ်းဘေးမှကောက်ရလာသူနှင့်ပင် တူနေတော့သည်။

တကယ်ကို ဇာတ်လိုက်မင်းသား ဖြစ်ထိုက်ပါတယ်လေ။

ရှောင်းဝေ့ရှန်သည် မနေ့ညက လုပ်ကြံမှုကြောင့် စိတ်အခြေအနေ အလွန် ဆိုးဝါးနေသည်။ မျက်လုံးဖွင့်ဖွင့်ချင်း ခုတင်ခေါင်းရင်းတွင် မျက်နှာဖုံးတပ်ထားသည့် မည်းမည်းပုံရိပ်ကြီးကို မြင်လိုက်ရပါက မည်သူမဆို သတိလစ်မတတ် ထိတ်လန့်တုန်လှုပ်သွားကြမည်သာ ဖြစ်၏။ သူ့တွင်သာ အနီးကပ် စောင့်ရှောက်ပေးမည့် သက်တော်စောင့် ထားတတ်သည့် အကျင့်မျိုး မရှိပါက၊ ယခုဆိုလျှင် အသက်ဆုံးရှုံးနေရလောက်ပြီ ဖြစ်သည်။

အဆိပ်လူးထားသော ဓားမြှောင်က သူနှင့် သီသီလေးသာ လွဲသွားခဲ့ခြင်း ဖြစ်၏။

ထို့အပြင် လုပ်ကြံသူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့၍ ဘာသက်သေမှ မရလိုက်ပေ။ သူ ဒေါသတကြီးနှင့် အလောင်းကို ရိုက်နှက်ကာ ခေါင်းဖြတ်၍ တော်ဝင်ဥယျာဉ်ထဲတွင် ချိတ်ဆွဲထားလိုက်သည်။ တရားခံကို သတိပေးသည့်အနေဖြင့် လုပ်ထားခြင်း ဖြစ်၏။

ယိုရှုသည် ချိတ်ဆွဲထားသော ဦးခေါင်းကို မော့ကြည့်လိုက်မိပြီး မျက်ဝန်းများလှုပ်ခတ်သွားခဲ့သော်လည်း ချက်ချင်းပင် တည်ငြိမ်စေလိုက်၏။ သူ့အနေဖြင့် ဓားရိုးကို တင်းတင်းဆုပ်ကိုင်ထားလိုက်ရုံမှအပ ဘာမှ မစွမ်းသာပေ။

အရိပ်သက်တော်စောင့်ငါးလည်း ထိုအခြင်းအရာကို မြင်၏။ သူနှင့်အတူ လေ့ကျင့်ရေးဆင်းခဲ့ဖူးသည့် ညီနောင်၏ ကြေကွဲဖွယ် အဆုံးသတ်ကို မြင်လိုက်ရ၍ ဝမ်းနည်းမိသည် ဆိုသော်ငြား၊ ယိုရှုလောက်တော့ မခံစားရပေ။ တစ်နေ့တွင် သူ၏ညီနောင်တစ်ယောက်ဖြစ်စေ၊ သူကိုယ်တိုင်ဖြစ်စေ ထိုသို့သာ အဆုံးသတ်သွားရနိုင်သည်ကို သူ ကောင်းစွာ နားလည်ထား၏။ သူ့အတွက်တော့ ထိုကိစ္စများက ယဉ်ပါးနေခဲ့ပြီပင်။

ရှောင်းဝေ့ရှန်က ဟန်ဆောင်ပြုံးနေလျက် ညီတော်သုံးယောက်၊ ဦးရီတော်နှင့် ဝမ်းကွဲများကို ကြည့်လိုက်ရင်း မေးလေသည်။

“ဦးရီတော်ရော ဒီရက်ထဲ နေကောင်းကျန်းမာရဲ့လား။ ညီတော်တို့ရော အဆင်ပြေကြတယ်မလား။”

“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးကြီးလှပါတယ် ဧကရာဇ်အရှင်။ ကျွန်တော်မျိုးတို့အားလုံး နေကောင်းကျန်းမာပြီး အဆင်ပြေချောမွေ့ကြပါတယ်။”

မင်းသားလျို၊ ရှောင်းချန်းကုက အားလုံးထဲတွင် အသက်အကြီးဆုံးဖြစ်လေသည်။ သူက ယခင်ဧကရာဇ်၏ ညီတော် ဖြစ်သဖြင့် သူကသာ အရင်ဆုံး ဖြေကြားပေးလိုက်၏။ သူသည် အသက်သုံးဆယ့်ခြောက်နှစ်ရှိပြီဖြစ်သော်ငြား ငယ်ရွယ်စဉ်ကအတိုင်း နုပျိုနေဆဲဖြစ်ကာ မျက်နှာမှာလည်း ကျောက်စိမ်းပမာ ဝင်းဖန့်နေသည်။ အသက်ဆယ့်ငါးနှစ်အရွယ် သားတစ်ယောက်ရှိနေသူဟု မည်သူကမှ ထင်မှတ်ကြလိမ့်မည် မဟုတ်ချေ။

မင်းသားလျိုဘက်က လျှောက်တင်ပြီးသောအခါမှ မင်းသားသုံးယောက်လည်း အဆင်ပြေပါကြောင်း လျှောက်တင်လိုက်ကြသည်။

ရှောင်းဝေ့ရှန်သည် ၁၆ ယောက်မြောက်ညီတော် ရှောင်းဝေ့မင်၊ စတုတ္ထညီတော် ရှောင်းဝေ့ကျင်းနှင့် သတ္တမညီတော် ရှောင်းဝေ့ရှင်း စသည့် ညီတော်သုံးယောက်တို့အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

ယိုရှု စိတ်ထဲမှ အပြစ်တင်ကဲ့ရဲ့နေမိသည်။ အနှီခွေးဧကရာဇ်က တိုက်ရည်ခိုက်ရည်ကလည်း မရှိ၊ စာပေမှာလည်း မထူးချွန်သည့်အပြင် တိုင်ရေးပြည်ရေးအမြင်က ပို၍ သုံးစားမရဖြစ်နေသေးသည်။ သူတော်သည့်နေရာဟူ၍ ညီအစ်ကိုအချင်းချင်း သတ်ဖြတ်သည့်နေရာသာ ရှိ၏။ ခမည်းတော်ဖြစ်သူ အင်အားကြီး နဂါးမျိုးစေ့ကြဲသူကြီးက အနောက်နန်းဆောင်တစ်ခုလုံးကို ပတ်အိပ်၍ ရှောင်းဝေ့ရှန်အတွက် ညီနောင် ဆယ်ယောက်ကျော်လောက် ချန်ထားပေးခဲ့သော်ငြား၊ သင်းက အားလုံးကို သတ်ဖြတ်ပစ်လိုက်ရာ ယခုတော့ သုံးယောက်သာ ကျန်တော့သည်။

ထိုကျန်သည့်သုံးယောက်ကိုပင် ခွေးဧကရာဇ်က ရှင်းထုတ်ချင်နေသေးသည်။ သူချန်ရစ်ခဲ့သည့် မျိုးဆက်များကို သားဖြစ်သူက ဖျက်ဆီးနေကြောင်း ဧကရာဇ်အိုကြီးသာ သိသွားခဲ့ပါက အုတ်ဂူထဲမှ ထွက်လာပြီး ဆွဲခေါ်သွားချင်လောက်သည်။

ယိုရှု ထိုသူကို ရွံရှာလွန်း၍ တံတွေးသာ ထွေးလိုက်မိသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment