no

Font
Theme

အပိုင်း (၃.၁)

ရှောင်းဝေ့ရှင်းက ဆိတ်ဆိတ်သာ နေနေခဲ့သည်။ ပုံမှန်အားဖြင့်လည်း သူက အပြင်ရောက်လျှင် စကားဝင်ပြောတတ်သူ မဟုတ်ချေ။ ထိုသူသည် လက်ဖက်ရည်ခွက်ကိုသာ ငုံ့သောက်နေခဲ့ပြီး၊ သိပ်မဝေးလှသောနေရာတွင် ချိတ်ဆွဲထားသည့် ဦးခေါင်းကိုလည်း သတိပြုမိဟန်ပင်မပေါ်။

မင်းသားရုန် ရှောင်းဝေ့ကျင်းကမူ လိမ္မာပါးနပ်သူ ဖြစ်သည်။ သူက နှစ်ပေါင်းများစွာကြာအောင် နေရာစုံတွင် လှည့်လည် ပျော်ပါးလာသူဖြစ်ရာ ရှောင်းဝေ့ရှန်၏လက်အောက်တွင် မည်သို့ရှင်သန်ရမည်ကို ကောင်းစွာ နားလည်သည်။

“မနေ့ညက အစ်ကိုတော်ဧကရာဇ်ကို လုပ်ကြံတဲ့သူ ရှိခဲ့တယ်လို့ ကြားမိပါတယ်။ ဒီကိစ္စက အမှန်ပဲလား။”

မင်းသားချင် ရှောင်းဝေ့မင်မှာ အခြေအနေများကို မသိထားရာ ထိုစကားကို ကြားသောအခါ မသိမသာ မျက်လုံးပြူးသွားခဲ့သည်။

“အဟုတ်ပဲ၊ ပိုးကောင်တစ်ကောင် ဝင်နေခဲ့တာလေ။”

ရှောင်ဝေ့ရှန်က ယမန်ညကကဲ့သို့ ထိတ်ထိတ်ပြာပြာပုံစံ မဟုတ်တော့ဘဲ၊ ညီတော်များအရှေ့တွင်မူ တည်ငြိမ်အေးဆေးသယောင် ဟန်ဆောင်ပြနေသည်။

“ဒါပေမဲ့ ဒီဧကရာဇ်ရဲ့သက်တော်စောင့်က အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကိုတော့ မသိခဲ့ရဘူး။”

“အတော်လေးကို နှမြောဖို့ကောင်းလှပါတယ်။”

ရှောင်းဝေ့ကျင်းက သက်ပြင်းချကာ ဆိုလိုက်၏။ ထိုသူ၏ ပုံပန်းသွင်ပြင်က ရှောင်းဝေ့ရှင်းထက်ပင် မိန်းကလေးဆန်သည်ဟု ဆိုရမည်။ သူသာ မိန်းကလေးအဝတ်အစား လဲဝတ်ထားလျှင် မည်သူကမှ သူ၏ လိင်အမျိုးအစားကို သံသယဝင်မိကြမည် မဟုတ်ချေ။ ထို့အပြင် စားသောက်ပျော်ပါးရသည်ကိုသာ မက်မောသည့် ပွေရှုပ်သူတစ်ယောက်လည်း ဖြစ်၏။ ယခု သူ မျက်မှောင်ကြုတ်၍ စိုးရိမ်ပူပန်နေသယောင် လုပ်ပြနေသောအခါ အစ်ကိုတော်ဖြစ်သူအတွက် အမှန်တကယ်ကို စိတ်ပူပန်နေသယောင် ဟန်ပန်မျိုး ဖြစ်နေတော့သည်။

“တော်ဝင်ဥယျာဉ်ထဲမှာ ခေါင်းပြတ်တစ်ခု ချိတ်ဆွဲထားတာကို ကျွန်တော်မျိုး မြင်ခဲ့ပါတယ်။ ဒီလုပ်ကြံသူက အဆိုးအကောင်းကိုတောင် နားမလည်တဲ့သူပဲ ဖြစ်ရပါမယ်။”

“အဟုတ်ပဲ။”

ရှောင်းဝေ့ရှန်သည် မှုန်သုန်သုန် အမူအရာနှင့် နောက်လှည့်ကြည့်လိုက်ရင်း ဆို၏။

“ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ဒီဧကရာဇ် ဆက်လက်စုံစမ်းနေတုန်းပဲ။ သဲလွန်စတစ်ခုခုသာ ရလာလို့ကတော့……”

ထိုသူ မည်သည်မှ ဆက်မပြောလျှင်ပင် သူ ဆိုလိုသည့်သဘောကို အားလုံး နားလည်ထားကြပြီး ဖြစ်၏။

မင်းသားချင် ရှောင်းဝေ့မင်က ယခင်ဧကရာဇ်ကျန်ခဲ့သည့် သားတော်များထဲတွင် အငယ်ဆုံးဖြစ်သည်။ သူက အသက် ဆယ့်ခုနစ်နှစ်သာ ရှိသေးရာ အစ်ကိုတော်များကဲ့သို့ တည်ငြိမ်နိုးကြားမှု မရှိချေ။ သူက ဖြည်းညင်းစွာ မေးလိုက်၏။

“ဒါဆိုရင် အစ်ကိုတော်ဧကရာဇ်က ဒီအမှုကိစ္စရဲ့ လက်သည်တရားခံကို ကူဖမ်းပေးစေချင်လို့ ကျွန်တော်မျိုးတို့ကို ဆင့်ခေါ်လိုက်တာလား။”

ရှောင်းဝေ့ရှန်က ခပ်သာသာပြုံးနေလျက် ရှောင်းဝေ့မင်အား ကြည့်လိုက်သည်။

“စိုးရိမ်ပူပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီတော် ၁၆။ ညီတော်ရော ဒီကိစ္စရဲ့ လက်သည်တရားခံက ဘယ်သူလို့ ထင်မိလဲ။”

ရှောင်းဝေ့မင် ခပ်တွေတွေ ဖြစ်သွားရသည်။ သူက ဘယ့်နှယ့်လုပ် သိပါ့မလဲလေ။

ရှောင်းဝေ့ရှန်သည် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ရှောင်းဝေ့ရှင်းကိုပါ လှည့်ကြည့်လိုက်ပြီး

“ညီတော် ၇ ရော ဘယ်လိုထင်မိလဲ။”

ရှောင်းဝေ့ရှင်းခမျာ တစ်လျှောက်လုံး ဆိတ်ဆိတ်သာနေခဲ့သော်လည်း လွတ်လမ်းမရခဲ့ရှာ။ သူက လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ ချလိုက်သည်။ ဆောင်းဦးနှောင်းပိုင်းကာလတွင် တိုက်သောလေက အေးမြလွန်းသဖြင့် သူ့ခန္ဓာကိုယ်က တုန်ယင်နေလေ၏။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်ပေါ်တွင် ခြုံလွှားထားသော စောင်ကို တင်းကျပ်စေလိုက်ရင်း အားနည်းစွာ ချောင်းနှစ်ချက်လောက် ဆိုးလိုက်ပြီးမှ ဖြေလိုက်သည်။

“ကျွန်တော်မျိုးကတော့ ဒီလုပ်ကြံမှုကို အချိန်အတော်ကြာအောင် ကြံစည်ထားတဲ့ကိစ္စလို့ ထင်မြင်မိပါတယ်။ လုပ်ကြံသူက နန်းတော်ထဲထိတောင် ဝင်လာနိုင်တာဆိုတော့ လာဘ်ထိုးထားပြီး အစ်ကိုတော်ဧကရာဇ်ရဲ့အနားကို စိမ့်ဝင်နေတဲ့ သစ္စာဖောက်တွေများ ရှိနေနိုင်မလား။”

“ဒီဧကရာဇ်လည်း အဲလိုတွေးမိတယ်။”

ရှောင်းဝေ့ရှန်က ခေါင်းတညိတ်ညိတ် လုပ်နေလျက် ဆိုသည်။

“အဲလိုသာမဟုတ်ရင်၊ လုပ်ကြံသူတစ်ယောက်က တော်ဝင်အစောင့်တပ်တွေရဲ့ မျက်စိအောက်ကတင် နန်းတော်ထဲသို့ ဝင်သွားဖို့ အခွင့်အရေးရှိမှာတဲ့လား။”

ရှောင်းဝေ့မင် အစ်ကိုတော်နှစ်ယောက်ကို ကြည့်နေမိသည်။ ထို့နောက် သူတစ်ယောက်တည်း နောက်ကောက်ကျနေခဲ့မည်ကို စိုးရိမ်၍ ထက်မြက်ယောင်ဆောင်ကာ အလျင်အမြန်ပင် ရေလိုက်ငါးလိုက် လိုက်ပြောလိုက်၏။

“ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော်မျိုးလည်း အဲလိုပဲ ထင်မြင်မိပါတယ်။”

ရှောင်းဝေ့ရှန် ညီတော်သုံးယောက်ကို အပြန်ပြန်အလှန်လှန် ကြည့်နေခဲ့ပြီး၊ ထိုသုံးယောက်ထဲမှ မည်သူက ပြစ်ချက်ရှိလောက်မည်ကို အကဲခတ်နေသည်။

“ဒါပေမဲ့ လုပ်ကြံသူက သေဆုံးသွားပြီဆိုတော့ ဘာသက်သေမှ မကျန်ခဲ့ဘူး။ ဒီဧကရာဇ်အနားကလူတွေကို စစ်မေးတော့လည်း ဘာမှ ရှာမတွေ့ခဲ့ဘူး။ ဒါက တကယ်ကို ခက်ခဲတဲ့ကိစ္စပဲ။”

“ညီတော်တို့ရော ဒီဧကရာဇ် ဘယ်လိုစလုပ်သင့်တယ်လို့ ထင်လဲ။”

ရှောင်းဝေ့ရှင်းက သက်ပြင်းချလိုက်ပြီး ခေါင်းခါပြလိုက်ကာ အပြစ်မကင်းသောလေသံနှင့် ပြော၏။

“ကျွန်တော်မျိုးက တိုင်းရေးပြည်ရေးကိစ္စတွေကို ဘယ်တုန်းကမှ နားမစွင့်ခဲ့ဖူးတဲ့ သာမန်အညတရတစ်ယောက်ဆိုတော့ ဒီလိုကိစ္စမျိုးကျ ဘာအကြံဉာဏ်မျိုးမှ မပေးနိုင်ဘဲ အစ်ကိုတော်ဧကရာဇ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေမခံစားပေးနိုင် ဖြစ်နေရပါတယ်။ အကယ်၍ အစ်ကိုတော်ဧကရာဇ်ဘက်က သံသယရှိတဲ့သူ ရှိတယ်ဆိုရင်၊ သူတို့ကို ဖမ်းပြီး စုံစမ်းမေးမြန်းလိုက်ပါ။”

ရှောင်းဝေ့ရှန်၏ နှုတ်ခမ်းထက်မှ အပြုံးက ပို၍ နက်ရှိုင်းသွားခဲ့သည်။ အများအမြင်တွင် တည်ငြိမ်အေးဆေးနေသယောင် ဟန်ထုတ်နေသော်လည်း အမှန်စင်စစ် သူ့ရင်ထဲတွင် ဒေါသထွက်နေ၏။ အကြောင်းမှာ သူ၏ သုံးစားမရသည့် ညီတော်သုံးယောက်လုံးက အလွန်ကို အပြစ်ကင်းနေသည့်ပုံစံများ လုပ်ပြနေကြ၍ပင်။

ရှောင်းဝေ့ကျင်းကမူ သောက်စားပျော်ပါးရန်သာ စိတ်ဝင်စားသည့်ပုံစံနှင့် “ကျွန်တော်မျိုး ပျော်ပါးနေတာကို မနှောင့်ယှက်တော်မူပါနဲ့။” ဟူသည့်ဟန်ပန်မျိုး လုပ်ပြနေသည်။

ရှောင်းဝေ့ရှင်းကတော့ အားနည်းစွာ ချောင်းဆိုပြနေလျက် ယခုပင် အသက်ပျောက်တော့မည်ဟန်။

ရှောင်းဝေ့မင်တစ်ယောက်မှာတော့ ယခုမှ အိပ်ရာနိုးလာသည့်ပုံစံဖြင့်ရှိနေပြီး မျက်ဝန်းများက ဘာမှနားမလည်နေသယောင် ကြောင်စီစီနှင့်။

အသိဉာဏ်မရှိ သာမညောင်ည ဧကရာဇ်တစ်ပါးဖြစ်သည့် ရှောင်းဝေ့ရှန်မှာ အနှီအမှုကိစ္စက ဦးရီတော်များ၊ ညီတော်များနှင့် ဆက်စပ်မှု ရှိမရှိကို ကောက်ချက်မချနိုင်ခဲ့ချေ။ သူက လုပ်ကြံသူ အလျင်အမြန် သေဆုံးသွားခဲ့သည်ကိုသာ အပြစ်တင်နေခဲ့၏။ ထိုသူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်သက်သေမှ မကျန်ခဲ့ဘဲ၊ သူ့ကိုယ်သူ သတ်သေသွားသည့် ဓားမြှောင်ကပင် လမ်းဘေးမှ ငွေစငါးစလောက်သာပေးရသည့် ဓားမြှောင်မျိုး ဖြစ်သည်။ သို့ဖြစ်ရာ မည်သို့မျှ ဆက်လက်စုံစမ်း၍ မရပေ။

သို့သော် ရှောင်းဝေ့ရှင်း လျှောက်တင်သည့်ထဲ တစ်ခုကတော့ မှန်၏။ ဧကရာဇ်တစ်ပါးဖြစ်သည့် သူ၏ပတ်ဝန်းကျင်တွင် ဘေးကင်းလုံခြုံမှု မရှိသည်က သစ္စာဖောက်ရှိနေ၍သာ ဖြစ်သည်။ မည်သူမည်ဝါဖြစ်ကြောင်းကို မသိသော်ငြား၊ သူက “အပြစ်ကင်းသူတစ်ယောက်ကို မှားယွင်းသတ်ဖြတ်မိမည်ထက်၊ အပြစ်သားတစ်ယောက် မလွတ်စေရ” ဆိုသည့် အဆိုကို လက်ကိုင်ထားကာ ယခုနေရာအထိ ရောက်လာသူဖြစ်ရာ မနေ့ညတွင် သူယုံကြည်ရသည့် လူယုံတော်များမှအပ ကျန်သည့်နန်းတွင်းအစေခံများအားလုံးကို ကွပ်မျက်ခဲ့ပြီး သွေးချောင်းစီးစေခဲ့သည်။ တော်ဝင်ဥယျာဉ်တွင် တံမြက်စည်းလှည်းသည့် မိန်းမစိုးအိုကြီးများကိုပင် မချန်ထားခဲ့ချေ။ သို့ဖြစ်ရာ မနေ့ညက လူပေါင်းရာချီအောင် ကွပ်မျက်ခံခဲ့ရလေ၏။

ယိုရှုက နှုတ်ခမ်းလှုပ်ရှားပုံကို ဖတ်နိုင်သူဖြစ်ရာ ထိုသူတို့ ပြောနေသည်များကို အကြမ်းဖျင်းတော့ နားလည်နေသည်။ အနှီခွေးဧကရာဇ်က သံသယစိတ်တို့ ရှိနေဆဲပင်။ သို့သော် သူသည် စကားလုံးအနည်းငယ်လောက် အစ်အောက် မေးမြန်းကြည့်ရုံဖြင့် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူကို ဖော်ထုတ်နိုင်မည်ဟု ထင်သည်အထိတော့ မရူးမိုက်သေးချေ။ သူက ညီတော်နှင့် ဦးရီတော်တို့၏ သဘောထားအမှန်ကို အကဲခတ်လိုခြင်းသာ ဖြစ်၏။

သို့သော် ကံမကောင်းစွာပင် သူရင်ဆိုင်နေရသည်က ရုပ်ရှင်ဧကရာဇ်ကြီးနှစ်ယောက်နှင့် အမှန်တကယ်ကို ရိုးဖြောင့်လွန်းသည့် မြေခွေးအိုကြီးတစ်ယောက် ဖြစ်နေခဲ့ပေသည်။ ထို့ကြောင့် ဘာမှ မယ်မယ်ရရ မသိလိုက်ရရှာ။

သို့သော် ရှောင်းဝေ့ရှင်းတစ်ယောက် ဧကရာဇ်နန်းဆောင်ထဲသို့ ခက်ခက်ခဲခဲ ထည့်ထားခဲ့ရသည့် လူများလည်း သေဆုံးသည့်ထဲ ပါသွားခဲ့ရာ၊ ယင်းကတော့ တကယ်ကို ကြီးမားသည့် ဆုံးရှုံးမှုကြီးပင်။ ယိုရှုသည် အစပိုင်း ဇာတ်လမ်းဇာတ်ကွက်များကို သိထားပြီးဖြစ်သော်လည်း မစိုးရိမ်နေပါ။ ဇာတ်လိုက်က အောင်မြင်ရန် လောနေသူမဟုတ်သလို အဆင်အခြင်မဲ့ ပြုလုပ်တတ်သူလည်း မဟုတ်ပေ။ ဤကိစ္စက သူ့ကို ကြီးမားသော သင်ခန်းစာတစ်ရပ် ပေးလိုက်မည်ဖြစ်၍ နောင်တွင် ပို၍ သတိထားလာတော့မည်ဖြစ်ကာ အလွယ်တကူ စွန့်စားသည့်ကိစ္စမျိုး လုပ်ဆောင်တော့မည် မဟုတ်ချေ။

ရှောင်းဝေ့ရှန်မှာ သူ လိုချင်သည်ကိုမရခဲ့သလို၊ ထိုသူများကိုလည်း ကြုံရာပြစ်မှုတစ်ခုတပ်၍ ပြစ်ဒဏ်ချလိုက်သည်မျိုး လုပ်ဆောင်၍မဖြစ်ရာ ဒေါသကို ထိန်းချုပ်၍ အစ်ကိုကောင်းတစ်ယောက်ပမာ ပြုမူပြရတော့သည်။ သူက ရှောင်းဝေ့ရှင်း၏ ကျန်းမာရေးအခြေအနေကို ဂရုတစိုက်နှင့် မေးမြန်းနေခဲ့ပြီး ဆေးသောက်ရဲ့လားဟုပါ မေးလိုက်၏။

“ကျွန်တော်မျိုးက အစ်ကိုတော်ဧကရာဇ်ရဲ့ ကြင်နာသနားမှုကို ဘယ်လိုများ အလဟဿဖြစ်အောင် လုပ်ဝံ့ပါ့မလဲ။”

ရှောင်းဝေ့ရှင်းက အနည်းငယ် မျက်မှောင်ကြုတ်နေလျက် လျှောက်တင်လိုက်သည်။ ထိုသူမှာ နာဖျားနေခဲ့သည်ဆိုသော်ငြား ခံ့ညားသော ရုပ်သွင်ကတော့ ဖုံးကွယ်ထား၍ မရပေ။ သူက အားနည်းပန်းလျနေသောလေသံနှင့် လျှောက်တင်လေ၏။

“ကျွန်တော်မျိုးရဲ့ ကျန်းမာရေးအခံကိုက မကောင်းတာပါ။ ဘယ်လိုအားဖြည့်ဆေးတွေပဲ သောက်နေပါစေ အသုံးမဝင်ပါဘူး။ ရှေ့တလောလေးကတင် နန်းတွင်းသမားတော်ဝမ်က ကျွန်တော်မျိုးရဲ့ကျန်းမာရေးက ပြန်ကောင်းဖို့ ခဲယဉ်းလိမ့်မယ်လို့ ပြောသွားပါသေးတယ်။”

ရှောင်းဝေ့ရှန်က စိတ်မကောင်းဖြစ်နေသယောင် ဟန်ဆောင်ရင်း သူတော်ကောင်းယောင်ဆောင်ကာ ပြောလိုက်သည်။

“သမားတော်ဝမ်ပြောတာကို စိတ်ထဲထားမနေနဲ့။ ဒီဧကရာဇ် အမိန့် ထုတ်ပြန်လိုက်မယ်။ ပြည်သူတွေအကြားမှာလည်း ညီတော့်ရဲ့ ရောဂါကို ကုသပေးနိုင်မဲ့သူ ရှိကောင်းရှိမှာပါ။”

“ကျေးဇူးကြီးလှပါတယ် အစ်ကိုတော်ဧကရာဇ်။”

ရှောင်းဝေ့ရှင်း၏ပုံစံက ညှိုးငယ်နေခဲ့ပြီး သူ ကျန်းမာရေးပြန်ကောင်းလာရန်ကို သူကိုယ်တိုင်ပင် မယုံကြည်ထားသည့်နှယ်။

“ကျွန်တော်မျိုးရဲ့ ရောဂါက မိခင်ဝမ်းဗိုက်ထဲမှာ ရှိစဉ်တည်းက ရှိနေတဲ့ အပူဆိပ်ကြောင့် ဖြစ်နေတာပါ။ နက္ခတ်ဟောသူကလည်း ကျွန်တော်မျိုးရဲ့ ကံကြမ္မာလမ်းကြောင်းက အားနည်းတဲ့အတွက် ရင်သွေးလည်း မရနိုင်သလို လက်ကျန်ဘဝတစ်လျှောက်လုံးကိုလည်း ဆေးဝါးတွေ အမှီသဟဲပြုပြီး နေထိုင်သွားရမှာလို့ ဟောထားပါတယ်။ ကျွန်တော်မျိုးကတော့ ကံကြမ္မာကို လက်ခံထားခဲ့ပြီးသားပါ။”

မျက်ရည်စတို့ ဝဲသီနေသော သူ၏ပုံစံက လူအများကို သနားစိတ်ဖြစ်စေသည်။ ထိုသူ၏ နုနယ်ဖျော့တော့လှသော ပုံစံက သနားချင့်စဖွယ်ကောင်းလှသည်မှာ ရက်စက်ကြမ်းတမ်းလှသည့် ရှောင်းဝေ့ရှန်လိုလူကိုပင် သနားကြင်နာစိတ် အနည်းငယ် ဖြစ်တည်လာစေသည်။ ညီတော်များထဲတွင်၊ ရှောင်းဝေ့ရှင်းကသာ ငယ်စဉ်ကတည်းက ပြဿနာတစ်စုံတစ်ရာ မရှာဖူးခဲ့သူ ဖြစ်၏။ ယခင်အာဏာလုပွဲများ ဖြစ်နေစဉ်ကာလတွင်လည်း သူ့ကို အရိပ်အယောင်မျှ မတွေ့ခဲ့ရချေ။ ထို့ကြောင့် ယမန်ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စကလည်း သူနှင့် မသက်ဆိုင်သည်မျိုးသာ ဖြစ်နိုင်ပေသည်။

“အဲဒီနက္ခတ်ဟောဆရာတွေ ပြောတာကို ယုံမနေနဲ့။ ဒီဧကရာဇ် ရှိနေသရွေ့ ညီတော် ဘာမှစိုးရိမ်နေစရာ မလိုဘူး။ ဒီဧကရာဇ်က ဧကရီ့ကိုလည်း ညီတော်နဲ့ သင့်တော်မဲ့သူ ရှာထားပေးဖို့ မိန့်ထားပြီးပြီ။ ညီတော် သူ(မ)တို့ထဲကနေ ရွေးချယ်ကြည့်လိုက်ပေါ့။ လက်ထပ်ပြီးမှ ကျန်းမာရေးကောင်းလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။”

ရှောင်းဝေ့ရှင်းက ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီးမှ နာကျင်စွာ ပြုံးလျက် ခေါင်းခါပြလိုက်၏။

“ကျွန်တော်မျိုးဆီကို လူတွေ ထပ်မထည့်ပေးပါနဲ့တော့ အစ်ကိုတော်ဧကရာဇ်။ ကျွန်တော်မျိုးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဘယ်လိုလုပ်ပြီး အမျိုးသမီးကောင်းလေးတစ်ယောက်ရဲ့ဘဝကို ဆွဲချရက်ပါ့မလဲ။ ပြီးတော့ အစ်ကိုတော်ဧကရာဇ်က ရှေ့နှစ်တုန်းကလည်း ကိုယ်လုပ်တော်ကျိုးကို ပေးသနားတော်မူခဲ့သေးတယ်မလား။ တော်ဝင်သမားတော်ဝမ်ကတော့ ကျွန်တော်မျိုးရဲ့ ကျန်းမာရေးအခြေအနေက မကောင်းဘူးလို့ ပြောသွားပါတယ်။ အဲဒါကြောင့် ဘယ်လိုလုပ် ဒီကံကောင်းမှုကို ခံစားနိုင်ပါ့မလဲ။”

***

Aurora Novel Translation Team

အပိုင်း (၃.၂)

ထိုစကားကို ကြားပြီးနောက် ရှောင်းဝေ့ရှန်၏ မျက်ဝန်များတွင် ဂုဏ်ယူဝင့်ကြွားဟန်တို့ လက်ခနဲ ပေါ်လာသည်။ ယင်းမှာ ရှောင်းဝေ့ရှင်းဘက်မှ သူက မစွမ်းဆောင်နိုင်ကြောင်း ကိုယ်တိုင် ဖွင့်ဟဝန်ခံလိုက်ခြင်းသာ ဖြစ်ပေ၏။ ကိုယ်လုပ်တော်ကျိုးသည် သူကိုယ်တိုင် ပို့လွှတ်လိုက်သည့်သူ ဖြစ်ပြီး၊ မင်းသားအိမ်တော်သို့ ရောက်ပြီး တစ်နှစ်ကျော်ကြာသည်အထိ အိမ်ထောင်ရေးကိစ္စများ မစွမ်းဆောင်နိုင်ကြောင်းကို သူ သိထားပြီး ဖြစ်သည်။ ကိုယ်လုပ်တော်ကျိုးတစ်ယောက် ရှောင်းဝေ့ရှင်း၏အိပ်ဆောင်သို့သွား၍ ခစားမည်ပြုတိုင်း ကျရှုံးခဲ့ရပြီး ရှောင်းဝေ့ရှင်းထံမှ ဒေါသတကြီးနှင့် နှင်ထုတ်ခံခဲ့ရသည်ချည်းသာ ဖြစ်၏။

အမျိုးသားများအတွက်တော့ ထိုအရာကို မစွမ်းဆောင်နိုင်သည်က အရှက်ရလွန်းသည့်ကိစ္စပင်။ ရှောင်းဝေ့ရှင်း ချောမောကြည့်ကောင်းနေသည်ဆိုဦးတော့ ဘာများ အသုံးဝင်မည်လဲလေ။

ရှောင်းဝေ့ရှန်က တခြားသူတစ်ယောက်၏ ဒဏ်ရာကို တူဆွရသည်အား နှစ်ခြိုက်သည်။ ယင်းက သူ၏ မလျော်ကန်သော ဝါသနာတစ်ခုပြီးဖြစ်ပြီး ထိုသို့လုပ်ဆောင်ပြီးလျှင် အလွန်စိတ်ကျေနပ်နေတတ်၏။ သူတစ်ပါး နာကျင်ခံစားရလေ သူက ပျော်ရွှင်လေ ဖြစ်သည်။

တော်ဝင်ပန်းဥယျာဉ်ထဲတွင် လက်ဖက်ရည်သောက်ပြီးသော အချိန်တွင်မူ၊ ဤလုပ်ကြံသူကိစ္စက အပြင်ပန်းတွင်တော့ ပြီးဆုံးသွားသယောင် ဖြစ်သွားတော့သည်။ ရှောင်းဝေ့ရှင်းသည် အစေခံများ၏အကူအညီနှင့်ပင် ရထားလုံးပေါ်သို့ တက်ခဲ့ပြီး၊ ရထားလုံးလိုက်ကာကို ချလိုက်သည်နှင့် သူ၏မျက်နှာက သုန်မှုန် ခက်ထန်သွားတော့၏။ ချီဟန်နှင့် ဟွားချွမ်တို့ပင် ဘာစကားမှ မဆိုရဲကြဘဲ လမ်တစ်လျှောက်လုံး ဆိတ်ဆိတ်သာနေနေကြရသည်။

ယိုရှုနှင့် အရိပ်သက်တော်စောင့်ငါးတို့လည်း ရထားလုံးဆီသို့ ပြန်လာကြပြီး အစောင့်တပ်သားနှစ်ယောက်နှင့် နေရာချင်းလဲလိုက်ကြ၏။ ထိုသူနှစ်ယောက်မှာ သူတို့ကိုယ်သူတို့ လမ်းပေါ်တွင် အိပ်ပျော်သွားကြသည်ဟုသာ ထင်မှတ်နေကြမည်ဖြစ်ပြီး၊ တာဝန်ကို ပေါ့လျော့မိသည်ဟု ထင်မှတ်ကာ မည်သူကိုမှ ဖွင့်ဟပြောဝံ့ကြမည် မဟုတ်ချေ။

ဤသို့ဖြင့် မင်းသားအိမ်တော်၏ အတွင်းဆောင်သို့ ပြန်ရောက်သောအခါ ရှောင်းဝေ့ရှင်းသည် တစ်ကိုယ်တည်း စာကြည့်ဆောင်ထဲတွင် ပိတ်လှောင်နေတော့၏။ သူ အားစိုက်၍ လေ့ကျင့်ပေးထားခဲ့ရသည့် လူများ ဆုံးရှုံးလိုက်ရသည်ကို မည်သူကများ ဒေါသမထွက်ဘဲ နေအံ့။ ယိုရှုတစ်ယောက် ထုပ်တန်းပေါ်တွင်ထိုင်ကာ တာဝန်ထမ်းဆောင်နေချိန်တွင် အရိပ်သက်တော်စောင့်ငါးက ခေါင်းမိုးထပ်တွင်နေရင်း စောင့်ကြပ်ပေးနေသည်။ သူတို့သည် နှစ်ယောက်အတူ ပူးပေါင်း၍ အိမ်တော်၏ အထဲအပြင်ကို အတွဲညီညီ စောင့်ရှောက်ပေးနေကြ၏။

ရှောင်းဝေ့ရှင်းက စာကြည့်ဆောင်၏ အတွင်းအပြင်မှလူများအားလုံးကို မောင်းထုတ်ထားရာ သူ့အနားတွင် အရိပ်သက်တော်စောင့်ဖြစ်သည့် ယိုရှုတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ သို့ဖြစ်ရာ ယိုရှုသည် ရှောင်းဝေ့ရှင်း လုပ်ဆောင်နေသမျှ အရာရာကို မြင်နေရလေ၏။

ရှောင်းဝေ့ရှင်းက ထိုင်ခုံတွင်သာ အမူအရာမဲ့မျက်နှာနှင့် ထိုင်နေပြီး လက်ထဲမှ ကျောက်စိမ်းခွက်ကို ကစားနေသည်။ တခြားသူများကတော့ ထိုသူ၏အတွေးများကို နားလည်နိုင်မည်မဟုတ်သော်ငြား ယိုရှုကတော့ အမူအရာကို ကြည့်ရုံဖြင့်ပင် အဓိပ္ပာယ် ဖော်နိုင်၏။

သူသည် မျက်နှာလိုမျက်နှာရလုပ်ခြင်းအတတ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားပြီ ဖြစ်ရမည်။

စာကြည့်ဆောင်ထဲတွင် ဆယ်မိနစ်လောက်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး၊ ရုတ်ခြည်းဆိုသလို ရှောင်းဝေ့ရှင်းက ကျောက်စိမ်းခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပစ်လိုက်ရာ စက္ကန့်ပိုင်းအတွင်း ထိုခွက်က အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့သည်။ ထိုသူ၏လက်ဖဝါးမှ သွေးများ စီးကျလာခဲ့ပြီး လရောင်ဖြူကဲ့သို့ စွတ်စွတ်ဖြူနေသည့် ဝတ်ရုံပေါ်သို့ပါ တစက်စက် ကျကုန်တော့၏။

သို့သော် ရှောင်းဝေ့ရှင်းကတော့ သတိပြုမိဟန်မရသလို နာကျင်မှုကိုလည်း ခံစားရဟန်မပေါ်။

ထိုအခိုက်အတန့်တွင် ခံစားနေရသည့် ဇာတ်လိုက်၏ခံစားချက်ကို ယိုရှု နားလည်နေသည်။ နှစ်ပေါင်းများစွာ သည်းခံထားခဲ့ရသော်လည်း ကိစ္စများက လွဲချော်သွားခဲ့ကာ လက်ပါးစေများကိုပါ ဆုံးရှုံးလိုက်ရလေရာ သူ၏မာန်မာနနှင့် ဂုဏ်သိက္ခာကို များစွာ ထိခိုက်သွားစေခဲ့ပုံပင်။

သို့သော် ကိစ္စမရှိပါပေ။ ဇာတ်လိုက်တွင် ဇာတ်လိုက်အရှိန်အဝါဟူ၍ ရှိပြီးသားပင်။ သူကိုယ်တိုင်က သေလမ်းရှာနေဦးတော့၊ ထိုသူ ရှင်သန်ရေးအတွက် ဇာတ်လမ်းဇာတ်ကွက်များ အချိန်ကိုက် ပေါ်လာပြီး ဝင်ရောက်တားဆီးပေးနေဦးမည်သာ ဖြစ်သည်။ ယိုရှုတစ်ယောက် အနည်းငယ်မျှကို မစိုးရိမ်ဘဲ၊ စိတ်ထဲမှပင် အင်တိုက်အားတိုက် အားပေးနေမိ၏။

“တစ်ယောက်လောက် ဝင်လာခဲ့။”

ရှောင်းဝေ့ရှင်း တည်ငြိမ်လာခဲ့ပြီး တဖြည်းဖြည်းနှင့် သူ၏ စိတ်ခံစားချက်များလည်း တည်ငြိမ်သွားခဲ့လေပြီ။ သူသည် လူသူကင်းမဲ့နေသော စာကြည့်ခန်းထဲမှ လှမ်းခေါ်လိုက်၏။

သို့သော် အားလုံးကို သူကိုယ်တိုင် နှင်ထုတ်ထားခဲ့ကြောင်းကို မေ့လျော့နေခဲ့သည်။ အခန်းပြင်တွင်လည်း သူ၏အမိန့်ကို နာခံမည့်သူ မည်သူမျှ ရှိမနေချေ။ ယိုရှု အချိန်ခဏလောက် စောင့်နေခဲ့သော်လည်း မည်သူမှ မဝင်လာသဖြင့် စားပွဲရှေ့သို့ ညင်သာစွာ ဆင်းသက်လိုက်ပြီး ဒူးထောက်ခစားလိုက်ကာ တိုးဖွဖွအသံနှင့် လျှောက်တင်လိုက်၏။

“အရှင်မင်းသား အမိန့်ရှိတော်မူပါ။”

ရှောင်းဝေ့ရှင်းက သူ၏ဒဏ်ရာကို ကုသပေးရန်အတွက် လူခေါ်လိုက်ခြင်းဖြစ်ပြီး ယခုမှသာ အားလုံးကို သူကိုယ်တိုင် နှင်ထုတ်ထားခဲ့ကြောင်း အမှတ်ရမိသွားသည်။ သူသည် ကြမ်းပြင်ထက်တွင် ဒူးထောက်ခစားနေသော အရိပ်သက်တော်စောင့်ကို ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

“ဒီမင်းသားရဲ့ဒဏ်ရာကို လာစည်းပေး။”

“မှန်လှပါ။”

ယိုရှု ကြမ်းပြင်ထက်မှ ထလိုက်၏။ သူတို့လို နှစ်ပေါင်းများစွာကြာအောင် သေမင်းနှုတ်ခမ်းဝတွင် လမ်းလျှောက်လာရသူများအဖို့တော့ ဒဏ်ရာကို ကုသသည်လောက်က ထမင်းစားရေသောက်သာ ဖြစ်သည်။ သူသည် စာကြည့်စင်ပေါ်မှ ဒဏ်ရာကုသည့်ဆေးနှင့် ပိတ်ကျဲစတို့ကို ယူကာ ရိုးကျိုးစွာ ပြန်လည်လျှောက်လှမ်းသွားလိုက်၏။

ရှောင်းဝေ့ရှင်း၏လက်ဖဝါးတစ်ခုလုံးတွင် ကြွေထည်စများ စိုက်နေခဲ့သည်။ သူ့တွင် ညှပ်လည်းမရှိရာ ငွေအပ်လေးကို သုံး၍ သေးငယ်သောကြွေစများကို တစ်ခုချင်းဆီ ဖယ်ထုတ်ပေးနေရသည်။ သွေးချင်းချင်းနီနေသော လက်ဖဝါးပြင်ကို ကြည့်ရင်း သူ ရင်ထဲမှသာ သက်ပြင်းချလိုက်မိ၏။

သည်ခေတ်ကလူတွေက ဘာလို့များ အကုန်လုံး ဒီလိုချည်းပဲလဲ။ ကိုယ့်လက်ကိုယ် အသွေးအသားနဲ့လုပ်ထားတာလို့ ဘယ်တော့မှ မတွေးကြဘူး။

‌ရှောင်းဝေ့ရှင်းသည် ကနဦးကတော့ ရှေ့ဆက်လုပ်ဆောင်ရမည့်အစီအစဉ်များကို စဉ်းစားနေခဲ့ခြင်းဖြစ်ပြီး အမှတ်တမဲ့ ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ့ဒဏ်ရာကို စည်းနှောင်ပေးနေသည့် အရိပ်သက်တော်စောင့်ကို မြင်သွားသည်။

အမှန်အတိုင်းဆိုရလျှင် ယိုရှုက အလွန်ကို ချောမောကြည့်ကောင်းသူ ဖြစ်၏။ အရိပ်သက်တော်စောင့်များအကြားတွင် မဆိုနှင့်၊ ချောပေ့ခန့်ပေ့ဆိုသည့် ယောက်ျားသားများကြား ပို့လိုက်လျှင်ပင် ထိပ်တန်းရုပ်ရည်ဟု ဆိုနိုင်သူ ဖြစ်သည်။ သူက ရှောင်းဝေ့ရှင်းလောက်တော့ မချောမောသော်ငြား ဓားသွားကဲ့သို့သော မျက်ခုံးတန်းများနှင့် ကြယ်တာရာကဲ့သို့ တောက်ပလင်းလက်နေသော မျက်ဝန်းတို့ ပိုင်ဆိုင်ထားရာ အတော်လေး ချောမောခံ့ညားသည့် အမျိုးသားဟု ဆိုရမည်။ ကြည့်လိုက်သည်နှင့်ကို “အရိပ်သက်တော်စောင့်တစ်ယောက်ဖြစ်နေတာ နှမြောစရာပဲ” ဟု ခံစားမိစေမည်မျိုး ဖြစ်၏။

ရှောင်းဝေ့ရှင်းက ဘယ်သောအခါကမှ အရိပ်သက်တော်စောင့်များကို အာရုံမစိုက်ဖူးခဲ့။ သူ့အမြင်တွင် ထိုသူများက အမှောင်ထဲတွင် ရှင်သန်ရသည့် လုပ်ကြံသူများဖြစ်ပြီး၊ ဘယ်သောအခါမှ အလင်းကို မြင်တွေ့ခွင့်မရသူများ ဖြစ်သည်။ သို့သော် သူ၏ အရိပ်သက်တော်စောင့်များထဲတွင် ထိုသို့သောသူမျိုး ရှိနေလိမ့်မည်ဟု ဘယ်သောအခါကမှ မထင်မှတ်ထားခဲ့ဖူးပေ။

သို့သော် သူက တစ်ခဏလောက်သာ အံ့ဩနေခဲ့ခြင်းဖြစ်ပြီး ပြန်လည်တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။

ယိုရှုကတော့ ရှောင်းဝေ့ရှင်း၏အတွေးများကို မသိဘဲ သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ထိုသူ၏အရှေ့တွင် အကောင်းဆုံးပုံရိပ်ကို ပြနိုင်ရန် အားထုတ်နေခဲ့သည်။

သူ့မှာ နှစ်ပေါင်းများစွာကြာအောင် စောင့်မျှော်နေခဲ့ရပြီး၊ နောက်ဆုံးတွင်မှ ပထမဆုံးအကြိမ်အဖြစ် ဇာတ်လိုက်အနားတွင် နီးနီးကပ်ကပ် ရှိခွင့်ရခြင်း ဖြစ်၏!

အောင်မြင်မှုဆီသို့ တက်လှမ်းမည့် အခွင့်ထူးကြီး သူ၏ရှေ့မှောက်သို့ ရောက်လာခဲ့လေပြီ!

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment