အပိုင်း (၅.၁)
အရိုက်ခံလိုက်ရပြီးသောအချိန်တွင်တော့ ရှောင်းဝေ့မင်တစ်ယောက် သနားစဖွယ်ကောင်းစွာ ထောင့်နားလေးတွင် ကုပ်နေပြီး လှုပ်ပင်မလှုပ်ရဲရှာ။ သူ အမှားလုပ်မိကြောင်းကို သူ သိ၏။
ရှောင်းဝေ့ရှင်း ထွက်လာပြီဆိုတည်းက၊ ယိုရှုက လိမ္မာပါးနပ်စွာဖြင့် အလျင်အမြန် ပုန်းမည့်နေရာ ရှာထားနှင့်ပြီး ဖြစ်သည်။ နိုးနိုးချင်း ဒေါသထွက်နေရသည့် ဇာတ်လိုက်၏ မျက်စိရှေ့သို့ ရောက်သွားပြီး သူ့အပေါ် ဒေါသပုံချလာမည်မျိုး မဖြစ်စေလို။
ရှောင်းဝေ့ရှင်းက စားပွဲတွင် အေးစက်စွာ ထိုင်နေပြီး ခဏအကြာ စိတ်အေးသွားခဲ့ပြီ ဆိုပါမှ ရှောင်းဝေ့မင်အား ကြည့်ကာ ငေါက်ငမ်းလိုက်၏။
“မင်းက အရူးလား။ ငါ မင်းကို သူနဲ့ ဝေးဝေးနေပါလို့ မှာထားတယ်မလား။”
“ကျွန်တော်၊ ကျွန်တော် သိပါတယ်…..”
ရှောင်းဝေ့မင်က ရှောင်းဝေ့ရှင်းအား မသိမသာလေး လှမ်းကြည့်လိုက်ပြီးမှ ဝမ်းနည်းစွာ ပြော၏။
“ဒါပေမဲ့ သူတို့တွေက ကျွန်တော့်အရှေ့မှာ အစ်ကိုတော့်ကို လှောင်ပြောင်နေကြတာလေ။ ကျွန်တော် သည်းမခံနိုင်ပါဘူး။”
ရှောင်းဝေ့ရှင်း ထိုသူကို လှမ်းကန်လိုက်ပြီး ပြင်းထန်စွာ ပြောလိုက်သည်။
“သူ လှောင်ချင်သလောက် လှောင်စမ်းပါစေ။ ရှဟွေ့ကျန်း ဘယ်လိုလူဆိုတာကို မင်းရော ငါရော သိတယ်။ ငါက သူ့လိုလူကို အဖက်လုပ်ပြီး စကားပြောနေရဦးမှာလား။”
“မရဘူး။”
ရှောင်းဝေ့မင် ထရပ်လိုက်ပြီး မျက်ရည်များကို သုတ်လိုက်ကာ ခေါင်းမာစွာ ပြောသည်။
“အစ်ကိုတော့်ကို အဲလိုတွေ ပြောနေတာမျိုး ကျွန်တော် ခွင့်မပြုနိုင်ဘူး! သူက ဘာကောင်မို့လို့လဲ။ ဘာကောင်မို့လို့ အစ်ကိုတော့်ကိုတောင် စိတ်ကူးယဉ်ရဲရတာလဲ။ အဲဒီကောင် အစ်ကိုတော့်အပေါ် ညစ်ညစ်ညမ်းညမ်းစကားတွေ နောက်ထပ်တစ်ခေါက် ထပ်ပြောရင်လည်း ကျွန်တော်က သူ့ကို ထပ်လုပ်ဦးမှာပဲ!”
ရှောင်းဝေ့ရှင်းမှာ အမှားကိုတော့ ဝန်မခံဘဲ စိတ်ဆိုးမာန်ဆိုးဖြစ်ပြနေသည့် ညီဖြစ်သူအား ကြည့်နေမိသည်။ ထို့နောက် သက်ပြင်းသာ ချလိုက်မိပြီး ဓားကို ပစ်ချကာ လှမ်းခေါ်လိုက်ရတော့၏။
“ဒီကိုလာခဲ့။”
ရှောင်းဝေ့မင်တစ်ယောက် ငိုယိုနေလျက်နှင့်ပင် အနားသို့ လျှောက်သွားလိုက်သည်။ ယခုတော့ စိတ်ဆိုးမာန်ဆိုးဟန် မဟုတ်တော့ဘဲ မျက်နှာလေးငယ်နေတာ
“အစ်ကိုတော် ၇၊ ကျွန်တော် ဘယ်လိုလုပ်သင့်လဲ။”
“အရူး၊ လုပ်တုန်းက လုပ်ခဲ့ပြီး အခုမှ ပြဿနာရှာခဲ့မိမှန်း သိတယ် ဟုတ်လား။”
ရှောင်းဝေ့ရှင်း အတော်လေးကို စိတ်ပျက်မိ၏။
“တစ်ချိန်ကျရင် ရှဟွေ့ကျန်းနဲ့ သေချာပေါက် စာရင်းရှင်းမှာဆိုပေမဲ့ အဲလို မလုပ်နိုင်သေးတဲ့အချိန်မှာ သည်းခံထား၊ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် မလုပ်ခင်မှာ အကျိုးဆက်တွေကို သေချာစဉ်းစားလို့ ငါ မင်းကို ထပ်ခါထပ်ခါ ပြောခဲ့တယ်လေ။ ရန်သူကို တစ်ချက်တည်းနဲ့ အလဲမထိုးနိုင်သေးဘူးဆိုရင် မင်း ဘယ်လောက်ပဲ သူ့ကို သတ်ချင်နေပါစေ သည်းခံထားရမှာပဲ၊ နားလည်လား။”
ရှောင်းဝေ့မင်က ခေါင်းတဆတ်ဆတ်ညိတ်ပြနေသော်လည်း၊ ဝမ်းနည်းကြေကွဲစွာ ငိုယိုနေလျက်
“မယ်တော်သာ ရှိရင် ကျွန်တော်တို့တွေ အခုလို လှောင်ပြောင်ခံရမှာ မဟုတ်ဘူးနော်။”
ရှောင်းဝေ့မင်၏ မယ်တော်က တော်ဝင်ကိုယ်လုပ်တော်လေးပါးထဲမှ ရှုဖေးဆိုသူ ဖြစ်သည်။ သူ(မ)နှင့် ရှောင်းဝေ့ရှင်း၏မယ်တော် ရှန့်ဖေးတို့က ညီအစ်မသဖွယ် ရင်းနှီးကြသူများ ဖြစ်၏။ သူ(မ)တို့နှစ်ယောက်က အကျင့်စရိုက်ချင်း တူကာ အာဏာလုသည့် ကိစ္စများကို ဘဝင်မကျကြချေ။ ထိုအချိန်ကဆိုလျှင် ရှုဖေးက ရှန့်ဖေးထက် အနည်းငယ် ရာထူးမြင့်ရာ ရှန့်ဖေးနှင့် သူ(မ)၏သားတော်တို့ အနိုင်ကျင့်ခံရသည့်အခါတိုင်း သူ(မ)က ကာကွယ်ပေးတတ်သည်။ သို့ဖြစ်ရာ ယခု ရှောင်းဝေ့မင်က သူ(မ)အကြောင်း ပြောလိုက်သောအခါ ရှောင်းဝေ့ရှင်းပါ စိတ်မကောင်းဖြစ်သွားရသည်။
ယိုရှုသည် ခြုံပုတ်တစ်ခုထဲတွင် ပုန်းနေခဲ့ရင်း ညီအစ်ကိုနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ငြိမ်သက်စွာ ငေးကြည့်နေကြသည်ကို ကြည့်နေခဲ့၏။ သူ ရှောင်းဝေ့ရှင်း၏ ရည်မှန်းချက်များကို အပြည့်အဝ နားလည်သည်။ နှစ်ပေါင်းရှည်ကြာ အနိုင်ကျင့်ခံလာရသည့် လူတိုင်း အာဏာကို တမ်းတမိမည်သာ ဖြစ်၏။ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရသည့် အဘယ်သူကများ ပြန်မတွန်းလှန်ချင်ဘဲ မရှိအံ့နည်း။
စာအုပ်ထဲတွင် ထိုဇာတ်ကြောင်းကို မရေးထားခဲ့သဖြင့် ဤပြဿနာကို ရှောင်းဝေ့ရှင်း မည်သို့ဖြေရှင်းမည်အား ယိုရှုလည်း မသိချေ။ ထို့ကြောင့် သူလည်း စောင့်ကြည့်နေရန်သာ တတ်နိုင်သည်။
ရှောင်းဝေ့ရှင်းမှာတော့ အမှန်တကယ်ကို ခေါင်းကိုက်နေရ၏။ ယခုအချိန်က သူ့အဖို့ သိုသိပ်စွာ နေရမည့်အချိန် ဖြစ်သော်ငြား ရှောင်းဝေ့မင်က ပြဿနာအိုးတစ်ယောက် ဖြစ်နေပေသည်။ ထို့ကြောင့်နှင့် အနှီသူအား စွန့်ပစ်လိုက်၍ မရသလို ဂရုမစိုက်ဘဲ ပစ်ပယ်ထား၍လည်း မရချေ။ သူ ရှောင်းဝေ့မင်အား ဖြစ်ကြောင်းကုန်စဉ်ကိုသာ ရှင်းပြခိုင်းလိုက်ရတော့၏။
“ကျွန်တော်က ထျန်းရှန်းမျှော်စင်မှာ အစားစားနေတာပါ၊ ရှဟွေ့ကျန်းနဲ့ သူ့ရဲ့အစေခံတွေက ဘေးခန်းမှာ ထိုင်နေကြတာ။ အစကတော့ ကျွန်တော်လည်း သေသေချာချာ နားမထောင်မိခဲ့ပါဘူး၊ သူတို့တွေ တံတားဆောက်မဲ့အကြောင်းနဲ့ တပ်ဖွဲ့စရိတ်တွေအကြောင်း ပြောနေတာတော့ ကြားမိတယ်။ ကျွန်တော်လည်း စစချင်းတော့ ဂရုမစိုက်ခဲ့ဘူးဆိုပေမဲ့ သူတို့တွေက ပြောရင်း ပြောရင်း အစ်ကိုတော့်အကြောင်းဆီ ရောက်သွားကြတာ။ နောက်ပိုင်းကျ သူတို့တွေက အစ်ကိုတော်၇ ကို ပြည့်တန်ဆာအိမ်က အပျော်မယ်မိန်းကလေးတွေနဲ့ပါ နှိုင်းပြီး ပြောလာကြတာ။ ပြောနေတာတွေကလည်း စက်ဆုပ်ဖို့ကောင်းတာတွေချည်းပဲ၊ အဲဒါကြောင့် ကျွန်တော်လည်း…..”
ရှောင်းဝေ့ရှင်းသည် ညီဖြစ်သူ၏ရှင်းပြချက်ကို တည်ငြိမ်စွာ နားထောင်နေခဲ့ရင်း ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားပြီ ဖြစ်၏။ သူသည် ဒဏ်ရာရမနေသည့်လက်ဖြင့် ခုံကို တတောက်တောက်ခေါက်နေခဲ့ရင်း မျက်ဝန်းများက အတွေးနက်နေဟန် ရသည်။
“မင်းပြောတဲ့အထဲမှာ…တံတားဆောက်တဲ့အကြောင်း ကြားမိတယ်လို့ ပြောခဲ့တယ်မလား။”
“ဟုတ်၊ ဒါပေမဲ့ ကျွန်တော် သေသေချာချာတော့ နားမထောင်လိုက်မိဘူး။ အဲဒီအကြောင်းက သိပ်အရေးမကြီးလောက်ပါဘူး။”
ရှောင်းဝေ့မင်က အလျင်အမြန် ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
ရှောင်းဝေ့ရှင်း စိတ်ထိန်းရန် ကြိုးစားခဲ့သော်လည်း မထိန်းနိုင်တော့ဘဲ ပေါက်ကွဲမိတော့၏။
“မင်းရဲ့ ဦးနှောက်က တကယ်ကို ဝက်ဦးနှောက်ပဲ! နားထောင်သင့်တာကိုတော့ နားမထောင်လာဘဲ၊ ဘာမဟုတ်တဲ့ သေးသေးမွှားမွှားကိစ္စလေးကိုကျ အရေးအရာ လုပ်နေတယ်! အဓိကနဲ့ သာမညကို မင်း မခွဲခြားတတ်ဘူးလား။”
ရှောင်းဝေ့မင်ခမျာ အကြောင်းအရင်းမရှိ ဆူငေါက်ခံလိုက်ရသဖြင့် အသံတိတ်သွားပြီး ဝမ်းနည်းသွား၏။
“အစ်ကိုတော် ၇ က ဘာလို့ အမြဲတမ်း ကျွန်တော့်ကိုပဲ ဆူနေတာလဲ…..”
တံတားဆောက်သည့်ကိစ္စကို ယိုရှု သိ၏။ ထိုအကြောင်းကို စာအုပ်ထဲတွင် ရေးထားခဲ့သည်။ ယမန်နှစ်က တောင်းပိုင်းနယ်တွင် ရေကြီးမှုဖြစ်ခဲ့ပြီး လူဦးရေသောင်းချီ သေဆုံးခဲ့ကာ ရွာပေါင်းများစွာ ပျက်စီးခဲ့ရသည်။ ထိုအချိန်ကဆိုလျှင် ခွေးဧကရာဇ် အလွန်ကို အမျက်ထွက်ခဲ့ပြီး လူပေါင်းများစွာကို ခေါင်းဖြတ်ကွပ်မျက်ခဲ့၏။ ရှောင်းဝေ့ရှင်းလည်း ထိုကိစ္စကို အခွင့်အရေးယူပြီး သူ၏လူ အတော်များများကို အမြင့်သို့ ပို့နိုင်ခဲ့ရာ အတော်လေး အကျိုးများခဲ့သည်ဟု ဆိုရမည်။
နောက်ပိုင်းတွင်မူ ခွေးဧကရာဇ်သည် တံတားနှင့် တာတမံများ ဆောက်ရန်အတွက် ငွေစသိန်းချီ ချပေးခဲ့လေသည်။ သူက ထိုကိစ္စကို ကိုင်တွယ်ရန်အတွက် သူ၏အယုံကြည်ရဆုံးဖြစ်သူ အမတ်ချုပ်ကြီးရှအား တာဝန်ပေးခဲ့ရာ၊ အမတ်ချုပ်ကြီးရှကလည်း အကျိုးအမြတ်များမည့် အလုပ်ဖြစ်၍ သားဖြစ်သူထံသို့ လက်ဆင့်ကမ်းပေးခဲ့သည်။
သို့သော် ရှဟွေ့ကျန်းက အတော်လေး အမျှော်အမြင် မရှိသူ ဖြစ်၏။ သူက ဖခင်ဖြစ်သူ မြေခွေးအိုကြီးကို မီရန်မဆိုနှင့် ရှောင်းဝေ့ရှင်းလောက်ပင် ထက်ထက်မြက်မြက် မရှိလှ။ သူက ငွေမက်ပြီး ပျော်ပါးသောက်စားရန်လောက်သာ သိသူ ဖြစ်လေရာ ငွေစလျန်တစ်သောင်းကျော်လောက်ကို အလွဲသုံးစားလုပ်ကာ အတုံ့အဆိုင်းမရှိ မောင်ပိုင်စီးထားလိုက်လေသည်။ ကျန်သည့်ငွေစများကိုလည်း ရာထူးအဆင့်ဆင့်အလိုက် ဖြတ်ယူထားကြသေးရာ နောက်ဆုံး အောက်ခြေသို့ရောက်သောအခါ ဘာမှကို မကျန်တော့ပေ။
သို့ဖြစ်ရာ အကျိုးဆက်အနေဖြင့် တံတားနှင့် တာတမံများ ဆောက်သောအခါ စရိတ်စက မလောက်မငှ ဖြစ်သွားပြီး အရည်အသွေးနိမ့်သည့်ပစ္စည်းများသုံးထားသည့် တံတားနှင့် တာတမံများက နောက်တစ်ကြိမ် ရေကြီးလျှင် တောင့်ခံနိုင်မည် မဟုတ်ချေ။ ရှောင်းဝေ့ရှင်းသည် ထိုအခြေအနေများကို အခွင့်အရေးယူကာ နောက်ကွယ်မှ ခြယ်လှယ်ခဲ့ပြီး ရှောင်းဝေ့ရှန်နှင့် သူ၏ဘိုးဘွားမိသားစုအကြားတွင် ပထမဆုံး အက်ကြောင်းထင်စေခဲ့လေ၏။ မည်သို့ပင်ဆိုစေ၊ ခွေးဧကရာဇ်မှာ သူ့ဘက်ကတော့ မိဘဘိုးဘွားများအတွက် အစွမ်းကုန် ကြည့်ရှုပေးခဲ့သော်ငြား၊ ထိုသူများကတော့ တံတားနှင့် တာတမံများအတွက် ချပေးခဲ့သည့် ငွေစများကိုပါ လောဘတကြီးနှင့် ငမ်းငမ်းတက် လက်ဝါးကြီးအုပ်ခဲ့လေသည်။ ယင်းက သူ့အပေါ် အလေးအနက် မထားခြင်းသာ ဖြစ်ပေ၏။
ယင်းကပင် ဇာတ်လမ်းတစ်ခုလုံး၏ စတင်ရာ ဖြစ်ပေသည်။ ရှောင်းဝေ့ရှင်းကဲ့သို့ ထက်မြက်ပါးနပ်သူတစ်ယောက်က စကားလုံးအနည်းငယ်လောက်နှင့်ပင် တစ်စုံတစ်ရာကို ရိပ်မိသွားခဲ့မည်မှာ အသေအချာပင် ဖြစ်၏။ ထို့ကြောင့် ယိုရှုအနေဖြင့် စိုးရိမ်သောကရောက်နေရန် မလိုပါပေ။
ရှောင်းဝေ့မင်တစ်ယောက် ပြဿနာထပ်တက်ပြန်ပြီး ဆူငေါက်ခံရပြန်လေပြီ။ ထို့နောက် ရှောင်းဝေ့ရှင်းမှာ ထိုသူကို မြင်ရသည်အား စိတ်အနှောင့်အယှက်ဖြစ်လာသဖြင့် စကားအနည်းငယ် ပြောလိုက်ပြီးသည်နှင့် ပြန်လွှတ်လိုက်တော့၏။ သူသည် ထောင့်နားမှာ စားပွဲတွင် တစ်ယောက်တည်း ထိုင်နေခဲ့ရင်း အတွေးများနေခဲ့သည်။ ရှောင်းဝေ့ရှင်းက အဖြူရောင် ဝတ်စုံကို ဝတ်ထားပြီး ဆံပင်တို့က မှင်ရောင်ပမာ နက်မှောင်နေကာ ဒီအတိုင်း ထိုင်နေရုံဖြင့်ပင် ပန်းချီကားချပ်ပမာ ကြော့ရှင်းလှပနေသည်။ ယိုရှုသည် ခံ့ညားလှပလွန်းသော ဇာတ်လိုက်ကို ကြည့်ကာ မချီးကျူးမိဘဲ မနေနိုင်တော့။
ဇာတ်လိုက်မင်းသမီး ဘယ်အချိန်ပေါ်လာမည်လဲ မသိသော်ငြား၊ အနှီသူနှစ်ယောက်မှာ အတူယှဉ်တွဲ ရပ်နေရုံမျှဖြင့်ပင် အလွန်လိုက်ဖက်ညီ၍ မျက်စိပသာဒဖြစ်ဖွယ် ဖြစ်နေမည်မှာ အသေအချာပင်။
“တစ်ယောက်ယောက်၊ လာခဲ့။”
ရှောင်းဝေ့ရှင်းက လှမ်းခေါ်လေသည်။
အရိပ်သက်တော်စောင့်ငါးက ယိုရှု၏ခါးကို တို့လိုက်၏။ သူက အမြဲတမ်း မင်းသားကို ကြောက်ရွံ့နေသူဖြစ်ရာ ယိုရှုကိုသာ သွားခိုင်းခြင်းဖြစ်သည်။ သို့ဖြစ်ရာ ယိုရှုလည်း ရွေးချယ်စရာ မရှိတော့ဘဲ ထရပ်လိုက်ရပြီး လျှောက်တင်လိုက်လေတော့၏။
“ဒီငယ်သား ရောက်ပါပြီ အရှင်မင်းသား။”
ရှောင်းဝေ့ရှင်း မော့ကြည့်လိုက်ပြီး မှတ်မိသွားခဲ့သည်။
“မင်းပဲလား။”
ယိုရှု ခပ်တိုးတိုးအသံနှင့် ပြန်လည်လျှောက်တင်လိုက်၏။
“အရှင်မင်းသား၊ ဘာများ စေခိုင်းစရာ ရှိလို့ပါလဲ။”
တကယ်တမ်း သူသည် တာဝန်တစ်ခုပေးအပ်ရန် လှမ်းခေါ်လိုက်ခြင်းဖြစ်သော်လည်း ယိုရှုကို မြင်လိုက်ပြီးသောအခါ မလောမိတော့ပေ။ ဘာကြောင့်ရယ်မသိ ယနေ့မှ ထို အရိပ်သက်တော်စောင့်လေးကို ခဏခဏ သတိထားမိနေရသည်။ ယင်းမှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံတည်းက မှတ်မှတ်သားသား ဖြစ်နေမိ၍လည်း ဖြစ်လောက်ပေမည်၊ သူ မေးလိုက်၏။
“မင်းကရော အရိပ်သက်တော်စောင့်ပဲလား။”
“မှန်လှပါ။”
ယိုရှုက ဒူးထောက်ခစားနေခဲ့ရင်း ဦးညွှတ်ထားကာ လျှောက်တင်လိုက်သည်။
ရှောင်းဝေ့ရှင်း၏ အမူအရာက ထူးထူးခြားခြားမရှိလေရာ သူ စိတ်ပျော်နေသည်လော၊ ဒေါသထွက်နေသည်လောကို မခန့်မှန်းနိုင်ပေ။ ထိုသူက အေးစက်စက်အသံဖြင့် ပြောလာ၏။
“ခေါင်းမော့စမ်း။”
ဒီလေသံက မာနကြီးတဲ့ဥက္ကဌကြီးပုံစံ အချစ်ဇာတ်လမ်းတွေထဲမှာ ပြောတဲ့လေသံနဲ့ တူနေသလိုပဲ….
ယိုရှု နာခံစွာဖြင့်ပင် ခေါင်းမော့လိုက်ပြီး ယခုမှသာ တည့်တည့်မတ်မတ် စိုက်ကြည့်ဝံ့တော့သည်။
ယခုက ရှောင်းဝေ့ရှင်းအတွက်တော့ ထိုအရိပ်သက်တော်စောင့်ကို နေရောင်အောက်တွင် အသေအချာ ကြည့်ဖူးခြင်းပင် ဖြစ်သည်။ မနက်ကမူ စာကြည့်ဆောင်ထဲတွင်က မှောင်နေခဲ့၍ သူ သေသေချာချာ မမြင်ခဲ့ရချေ။ ယခုကဲ့သို့ လင်းလင်းချင်းချင်းထဲတွင် အသေအချာ ကြည့်လိုက်သောအခါမှ ထိုအရိပ်သက်တော်စောင့်လေးက အတော်လေး ချောမောသည့်သူဖြစ်ကြောင်း မြင်လိုက်ရတော့၏။
မင်းသားလင်း၊ ရှောင်းဝမ်ရှင်းက တကယ်တမ်းတော့ ရုပ်ရည်ကို အလွန်စွဲလမ်းတတ်သည့်သူဖြစ်ကြောင်းကို လူအနည်းစုသာ သိကြ၏။ သူ၏ အပါးတော်မြဲသက်တော်စောင့်များနှင့် အပါးတော်မြဲအစေခံထဲတွင် ဆိုလျှင်လည်း အရုပ်ဆိုးသူဟူ၍ တစ်ယောက်မှ မရှိ။ အကြောင်းမှာ သူသည် အရုပ်ဆိုးအကျည်းတန်သော အရာများကို သဘောမကျဘဲ မြင်သည်နှင့် စိတ်မသက်မသာ ဖြစ်တတ်၍ပင်။
“မင်းနာမည် ဘယ်လိုခေါ်လဲ။”
***
Aurora Novel Translation Team
အပိုင်း (၅.၂)
ရှောင်းဝေ့ရှင်းက လက်ဖက်ရည်ခွက်ကို ငုံ့သောက်နေရင်း အေးအေးလူလူဟန်ဖြင့် မေးလိုက်သည်။
ဇာတ်လိုက်၏အတွေးများကို မသိသည့် ယိုရှုတစ်ယောက် ရိုးသားစွာသာ ဖြေလိုက်လေ၏။
“အရှင်မင်းသား၊ ဒီငယ်သားရဲ့ လျှို့ဝှက်အမည်က အရိပ်သက်တော်စောင့်သုံးပါ။”
“အရိပ်သက်တော်စောင့်သုံး ဟုတ်လား။”
ရှောင်းဝေ့ရှင်းသည် ထိုအမည်ကို ကြားလိုက်သည်နှင့် အလျင်အမြန် မှတ်မိသွားသည်။
“မင်းက ရှဲ့ဖေးယွမ်တစ်ယောက် ဒီမင်းသားကို သူ့နေရာမှာ ဆက်ခံနိုင်မဲ့သူလို့ ခဏခဏ ပြောနေတဲ့ အရိပ်သက်တော်စောင့်သုံး ဆိုတာလား။”
ရှဲ့ဖေးယွမ်ဟူသည် အရိပ်သက်တော်စောင့်ခေါင်းဆောင်ဖြစ်သည်။ ယိုရှုသည် သူ့အား ရှောင်းဝေ့ရှင်းထံတွင် ထောက်ခံပေးသည့်သူ ရှိကြောင်း အမှန်တကယ်ကို မသိခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အခိုက်အတန့်တစ်ခုလောက် မှင်တက်နေခဲ့ပြီးမှ၊ သူ အလျင်အမြန် ပြန်လည်လျှောက်တင်လိုက်သည်။
“ဒီကိစ္စကိုတော့ ဒီငယ်သား မသိပါဘူး အရှင်မင်းသား။”
“ဟက်။”
ရှောင်းဝေ့ရှင်းက ခပ်ထေ့ထေ့ ရယ်လိုက်သည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချလွန်းသလို မောက်မာထောင်လွှားနေတာမျိုးလည်း မရှိဘူးဘဲ။”
ရှောင်းဝေ့ရှင်းသည် သူ နိုးထလာခါစက အရိပ်သက်တော်စောင့်လေး ရှောင်းဝေ့မင်ကို ပြောနေသည့် စကားများအား ပြန်အမှတ်ရလိုက်မိပြီး ထိုသူကလည်း ပါးနပ်သူပါလားဟု တွေးလိုက်မိသည်။ သူက ထက်မြက်ပါးနပ်သူများကို သဘောကျ၏။
“မင်းက အရည်အချင်း ရှိတဲ့သူဆိုတော့ ဒီမင်းသားဆီမှာ ကြိုးကြိုးစားစား အမှုထမ်းပေါ့။ နောင်တစ်ချိန် မင်း အကျိုးအမြတ် မနည်းစေရပါဘူး၊ နားလည်လား။”
သူက မပြောဘဲနှင့်ပင် ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်သူ ဖြစ်သည်…..
ယိုရှုက တည်ငြိမ်အေးဆေးစွာ ပြန်လည်လျှောက်တင်လိုက်သည်။
“စိတ်ချတော်မူပါ အရှင်မင်းသား။ ဒီငယ်သား အရှင်မင်းသားကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး။ အရှင်မင်းသားအတွက်သာဆိုရင် ဓားတောင်ကိုကျော် မီးပင်လယ်ကိုပါ ဖြတ်နိုင်ပြီး ဘယ်တော့မှ သစ္စာဖောက်တဲ့အလုပ်မျိုး လုပ်ဆောင်မှာ မဟုတ်ပါဘူး!”
ဤသည်မှာ သစ္စာရှိမှုကို ပြသလိုက်ခြင်းဖြစ်ပြီး ဇာတ်လိုက် စိတ်လှုပ်ရှားသွားစေမလားတော့ မသိပါပေ။
ရှောင်းဝေ့ရှင်းတစ်ယောက် အလွန်စိတ်ကျေနပ်သွား၏။ သူ အနည်းငယ်တော့ စိတ်ခံစားချက် ကောင်းသွားပြီဖြစ်၍ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
“မောင်မင်း သွားလို့ရပြီး။ ဝမ်ချန်ဆိုတဲ့ ခွေးကောင်ကိုသာ ဒီမင်းသားဆီ လွှတ်လိုက်ချေ! ဟမ့် အိပ်နေရင်းပဲ သေသွားလို့ ဒီမင်းသားဆီ အခုထိ လာမခစားသေးတာလား။”
“မှန်လှပါ အရှင်မင်းသား။”
ယိုရှုသည် အမိန့်ရလိုက်သည်နှင့် ချက်ချင်း လှည့်ထွက်လာခဲ့ပြီး မျက်တောင်တစ်ခတ်လောက်အတွင်းကို ရှေ့မှ ပျောက်ကွယ်သွားခဲ့လေပြီ။
သူတို့အားလုံးက သက်တော်စောင့်များ ဖြစ်သော်ငြား၊ သက်တော်စောင့်များတွင် ရာထူးအဆင့်အတန်းများ ခွဲခြားထားသေးသည်။ ဥပမာအားဖြင့်ဆိုရလျှင် ချီဟန်နှင့် ဝမ်ချန်တို့ဆိုလျှင် မင်းသား၏အနားတွင် ငယ်စဉ်တည်းက ခစားလာခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့၏အဆင့်အတန်းက အရိပ်သက်တော်စောင့်များနှင့် ကွဲပြား၏။ သူ သေသေချာချာ အဆင့်အတန်း ခွဲခြားပြရလျှင်၊ ချီဟန်နှင့် ဝမ်ချန်တို့ကမူ အစိုးရအလုပ်တွင် တရားဝင်ခန့်အပ်ခံထားရသူများဖြစ်ပြီး သူတို့ကတော့ ခက်ခဲပေ့၊ ညစ်ညမ်းပေ့ဆိုသည့် အလုပ်များကို လုပ်ရပြီး ထိုသူတို့၏ လစာတစ်ဝက်လောက်သာရ၍ အသိအမှတ်အပြုမခံရသူများ ဖြစ်သည်။
အရိပ်သက်တော်စောင့်များ၏ တစ်သက်တာလုံး မက်ခဲ့ရသည့် အိပ်မက်က ပုံမှန်သက်တော်စောင့်တစ်ယောက် ဖြစ်ရန်သာ ဖြစ်၏။ သို့ဆိုလျှင် သူတို့အနေဖြင့် ဘဝကို သိက္ခာရှိရှိဖြင့် ပွင့်ပွင့်လင်းလင်း နေနိုင်မည် ဖြစ်၏။ ချီဟန်နှင့် ဝမ်ချန်တို့က သူတို့ဘဝ၏ စံပြပုဂ္ဂိုလ်များဟုပင် ပြောရမည် ဖြစ်သည်။
ယခုအခါတွင်မူ ထိုစံပြပုဂ္ဂိုလ်ကြီးမှာ အိပ်ရာထနောက်ကျမိ၍ မင်းသားဆီမှ အဆူအငေါက်ခံရတော့မည့် စိတ်မကောင်းဖွယ်အခြေအနေမျိုးနှင့် ကြုံနေရရှာပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေရှာသည်။
အရိပ်သက်တော်စောင့်ငါးမှာ သူ၏ စံပြပုဂ္ဂိုလ်ကြီး အပြစ်တင်ခံနေရသဖြင့် အလွန်အမင်း စိတ်မကောင်းဖြစ်နေပြီး ယိုရှု၏လက်မောင်းကို လာလာလိမ်ဆွဲနေ၏။
ယိုရှု ပြောစရာစကားမဲ့စွာ ထိုသူအား လှည့်ကြည့်လိုက်မိသည်။ ဒီလူကတော့ တစ်ခုခုတော့ မူမမှန်ဘူးပဲ။ သူ မကြည့်နိုင်ဘူးဆိုရင်လည်း ရှေ့ကိုထွက်သွားပြီး ရှောင်းဝေ့ရှင်းကို သွားရိုက်လိုက်ပါလား။ ဘယ့်နှယ့်ကြောင့် သူ့ကို လာလိမ်ဆွဲနေရတာလဲ။
ယနေ့တာဝန်ချိန်က သာမန်အတိုင်းသာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ထူးထူးကဲကဲလည်း ဖြစ်ခဲ့ပြန်သည်။ သူ့အား တခြားတာဝန်များ ပေးဆောင်ထားသောကြောင့် သူ၏တာဝန်ချိန်က နောက်ရက်အနည်းငယ်အကြာမှသာ ပြန်လည်ထမ်းဆောင်ရတော့မည် ဖြစ်သည်။ သူတို့လိုအရိပ်သက်တော်စောင့်များသည် မင်းသား၏ ဘေးကင်းလုံခြုံရေးအတွက်သာ လုပ်ဆောင်ရသည် မဟုတ်ဘဲ သတင်းစုဆောင်းသည်မျိုး စသည့် အရေးကြီးတာဝန်များလည်း ထမ်းဆောင်းရသေးသည်။
သတင်းအချက်အလက်များသည် အမြဲတမ်းအတွက် အရေးအကြီးဆုံး ဖြစ်ပေ၏။
ကောင်းကင်ယံတွင် တဖြည်းဖြည်းနှင့် မှောင်ရိပ်သမ်းလာခဲ့ပြီဖြစ်ပြီး ရှောင်းဝေ့ရှင်းတစ်ယောက်လည်း အိပ်စက်ရန် ပြင်ဆင်နေလေပြီ။ သို့သော် ရုတ်တရက်ဆိုသလို သူ အကြိမ်အနည်းငယ်လောက် နှာချေလိုက်မိ၏။ ဟွားချွမ်သည် အိပ်ရာပြင်ဆင်ပေးပြီး၍ ပြန်ထွက်သွားတော့မည့်အချိန်တွင် အရှင်မင်းသား၏ နှာချေသံကို ကြားလိုက်ရသဖြင့် ခပ်တိုးတိုးအသံနှင့် မေးလိုက်သည်။
“အရှင်မင်းသား၊ အေးနေတာလား။”
“ဒီမင်းသား မအေးပါဘူး။ မယ်မင်း ထွက်သွားလို့ရပြီ။”
ရှောင်းဝေ့ရှင်းက စိတ်မရှည်စွာ ပြောလိုက်သည်။
ဟွားချွမ်လည်း ဦးညွှတ်အရိုအသေပြုလိုက်ပြီး ထွက်သွားတော့မည့် ပြင်လိုက်ပြီးမှ ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရမိသွားပြီး လျှောက်တင်လိုက်၏။
“အရှင်မင်းသား နောက်နှစ်ရက်ဆိုရင် ကိုယ်လုပ်တော်ရဲ့မွေးနေ့ကို ရောက်တော့မှာပါ။ အရှင်မင်းသား ဘာများ မှာကြားလိုပါသလဲ။”
ကိုယ်လုပ်တော်ကျိုးအကြောင်း ပြောလိုက်ချိန်တွင် ရှောင်းဝေ့ရှင်း စိတ်ပျက်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဘာပဲဖြစ်ဖြစ် သူ(မ)က ရှောင်းဝေ့ရှန် ပို့ထားပေးတဲ့လူဆိုတော့ ဒီအတိုင်း ထားလိုက်လို့တော့ မကောင်းဘူး။”
“မနက်ဖြန်ကျ သူ(မ)မွေးနေ့အတွက် တစ်ခုခုစီစဉ်ပေးပြီး ပို့ပေးလိုက်။ ဒီမင်းသားကိုယ်တိုင် သူ(မ)အတွက် သေသေချာချာ ရွေးပေးထားတာလို့ပါ ပြောလိုက်။ ပြီးရင် ဒီရက်ထဲအတွင် သူ(မ)အဆောင်ကို လာပါဦးမယ်လို့။”
ဟွားချွမ်သည် အမိန့်ကို နာခံပြီးသည်နှင့် လှည့်ထွက်သွားကာ တံခါးပိတ်ပေးခဲ့လျက် ထွက်သွားခဲ့လေပြီ။
ယခုတော့ အခန်းထဲတွင် ရှောင်းဝေ့ရှင်းတစ်ယောက်သာ ကျန်ခဲ့တော့သည်။ သူသည် စားပွဲပေါ်တွင် ထွန်းညှိထားသည့် ဖယောင်းတိုင်ဆီမှ အနီရောင်မီးတောက်ကို ငေးစိုက်ကြည့်နေခဲ့ပြီး၊ မျက်ဝန်အစုံတို့က စိတ်ခံစားချက်မဲ့စွာ မှိန်ဖျော့နေခဲ့လေသည်။
ထိုအခိုက်အတန့် ည ၈ နာရီအချိန်တွင် အရိပ်သက်တော်စောင့်ကိုးနှင့် အရိပ်သက်တော်စောင့်ခြောက်တို့လည်း ယိုရှုနှင့် အရိပ်သက်တော်စောင့်ငါးတို့ နေရာတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရောက်လာခဲ့လေပြီ။ တာဝန်ချိန်ကူးပြောင်းခြင်းအမှုကို ပြီးပြည့်စုံစွာ လုပ်ဆောင်ပြီးခဲ့ပြီဆိုပါမှ ယိုရှုလည်း အိပ်စက်ရန် ပြန်လာနိုင်၏။ သူသည် ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပြီးသည်နှင့် ခုတင်အောက်မှ သံသေတ္တာကို ထုတ်လိုက်ပြီး သူ နေ့စဉ်မှတ်တမ်း ရေးနေကျ စာအုပ်ကို ထုတ်လိုက်သည်။ ယင်းမှာ သူ့အတွက် အမူအကျင့်တစ်ခုပင် ဖြစ်နေလေပြီ။
သူ၏ မီးသွေးခဲတံက ကုန်ပင်ကုန်တော့မည်ဖြစ်၍ မနက်ဖြန်တော့ အသစ်တစ်ခု ရှာရပေဦးမည်။ ယိုရှု စာအုပ်ကို ဖွင့်လိုက်ပြီး နေ့စဉ်မှတ်တမ်း စရေးတော့၏။
‘..နေ့၊..လ၊..နှစ်။ ဒီနေ့လည်း နေသာနေခဲ့တယ်။”
‘ဒီနေ့ကတော့ ငါ့ဘဝရဲ့ အခမ်းနားဆုံးနေ့ပဲ။ ဘာလို့ဆို ပထမဆုံးအနေနဲ့ မင်းသားက ငါ့ကို မှတ်မိခဲ့သလို၊ စကားလည်း ပြောခဲ့တယ်။’
‘ပြီးတော့ ငါ့ကို အလုပ်ကြိုးစားဖို့ပါ အားပေးခဲ့သေးတာဆိုတော့၊ နောင်တစ်ချိန်မှာ ငါ့ကို ရာထူးတိုးပေးမယ်လို့ အရိပ်အယောင်ပြလိုက်ပုံပဲ။’
'ဘဝဆိုတာ တကယ်ကို ကြိုတင်မှန်းဆထားလို့ မရတဲ့အရာပဲ။ အမြဲတမ်း အံ့ဩစရာတွေ ကြုံနေရနိုင်တာ။ တခြားသူတွေလည်း ငါ စိတ်လှုပ်ရှားနေတာကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်လေ။’
'ဒီနေ့ ငါ့ရဲ့ သူရဲကောင်းဆန်တဲ့ပုံစံက သူ့အမြင်မှာ စွဲစွဲထင်ထင် ဖြစ်သွားစေခဲ့လားဆိုတာတော့ သိချင်သား။'
ယိုရှုသည် စာရေးပြီးသည်နှင့် သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏ပစ္စည်းများကို သိမ်းဆည်းလိုက်ကာ အိပ်ရာပေါ်တွင် လှဲလိုက်ပြီးနောက် လက်ဖြင့် လှမ်းယပ်လိုက်ရင်း ဖယောင်းတိုင်မီးကို ငြိမ်းလိုက်သည်။
ယနေ့သည်လည်း အိပ်မက်ကင်းစွာဖြင့် နှစ်ခြိုက်စွာအိပ်ပျော်ခဲ့သော ညတစ်ညပင်။
***
Aurora Novel Translation Team