no

Font
Theme

အပိုင်း (၈.၁)

ရှဟွေ့ကျန်း၏ သတင်းက မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်ဖြစ်ရာ၊ ရှောင်းဝေ့ရှန်နားသို့လည်း ရောက်သွားခဲ့သည်ပင်။ သို့သော် သူကိုယ်တိုင်က အနှီဝမ်းကွဲညီကို ကြိတ်မုန်းတီးနေခဲ့သည်ဖြစ်ရာ ဟန်ဆောင်ပန်ဆောင်သာ သနားဟန်ပြခဲ့ပြီး နှစ်သိမ့်လက်ဆောင် အနည်းငယ်သာ ပို့ပေးခဲ့သည်။ တကယ်တမ်းတွင်မူ ရှောင်းဝေ့ရှန်က နန်းတော်ထဲတွင် တစ်ယောက်တည်း ကြိတ်ပျော်နေခဲ့ပြီး တေးဂီတများနားထောင်လိုက်၊ အလှလေးများ ဖျော်ဖြေပြသည့် အကအလှများ ကြည့်လိုက်ဖြင့် ရက်အတော်ကြာအောင်ထိ ပျော်ပါးနေခဲ့ခြင်း ဖြစ်၏။

ထိုကိစ္စ လုပ်ဆောင်ခဲ့သူကိုလည်း ရှောင်းဝေ့ရှန်က စိတ်မဝင်စားနေ။ သူ့အတွက်တော့ နန်းတွင်းမှ အမတ်ကြီးများ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည်က ကြည့်အကောင်းဆုံးပင်။ သူ၏ ဧကရာဇ်ရာထူး မြဲမြံစေရန်အတွက် ဦးလေးဖြစ်သူ၏ အကူအညီအထောက်အပံ့ကို လိုအပ်သည် ဆိုသော်လည်း၊ ရှဟွေ့ကျန်းကတော့ အတော်လေး မနှစ်မြို့ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသူက သူ၏ အဆင့်အတန်းနှင့် နောက်ခံအင်အားကို အသုံးချပြီး မောက်မာထောင်လွှားနေကာ ဧကရာဇ်ဖြစ်သည့် သူ့အပေါ်တွင်ပါ အလေးမထားသလို ပြုမူနေတတ်သည်။ သူသည် ထိုသို့သော အပြုအမူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာပြီး ရှမိသားစုအပေါ်တွင်ပါ အမြင်မကြည် ဖြစ်လာခဲ့သော်လည်း၊ သူ့အနေဖြင့် သည်းခံနေရုံသာ တတ်နိုင်ခဲ့သည်။

ဤသို့ဖြင့် ရက်အနည်းငယ် ကြာလာသောအခါ ယိုရှု တာဝန်ကျသည့်နေ့သို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။ ယခုတစ်ခေါက်တွင်မူ သူသည် အသက်အငယ်ဆုံးနှင့် စကားအနည်းဆုံးဖြစ်သည့် အရိပ်သက်တော်စောင့်တစ်ဆယ်နှင့် တာဝန်ကျခဲ့ခြင်း ဖြစ်၏။ ထိုကလေးမှာ ရှေ့လလေးကမှ ဆယ့်ခြောက်နှစ်ပြည့်ထားသည်ဖြစ်သည်။ သို့သော် ထိုမျှလောက်အသက်လေးနှင့် တည်ငြိမ်သယောင် ပြုမူရသည်ကို အလွန် သဘောကျလေသည်။ အမြဲတမ်း တည်တင်းစွာနေတတ်ပြီး “တိတ်ဆိတ်ခြင်းသည် ရွှေမျှအဖိုးတန်လေ၏” ဟူသော ဆောင်ပုဒ်ကို ကိုင်စွဲထားသူပီပီ ယောက်ျားတစ်ယောက်က စကားနည်းလေ ဆွဲဆောင်မှုရှိလေဟု ခံယူထားသူပင်။

သူ၏ ဟိတ်ကြီးဟန်ကြီးထုတ်ကာ တည်ငြိမ်ရင့်ကျက်နေပုံကို အရိပ်သက်တော်စောင့်တစ်ခုလုံးတွင်ပင် ထိုသို့နေရသည်ကို အကျင့်ပါနေသည့် ယိုရှုတစ်ယောက်တည်းသာ ယှဉ်နိုင်သည် ဖြစ်၏။ သို့ဖြစ်ရာ သူတို့နှစ်ဦး အတူတူရှိနေခြင်းမှာ “တိတ်ဆိတ်ငြိမ်သက်ခြင်း” ဟူသည့် ရုပ်တုကြီးနှစ်ခု သက်ဝင်လှုပ်ရှားလာကြသလိုပင်။

***

ရှောင်းဝေ့ရှင်းသည် နောက်တစ်နေ့မနက်ရောက်၍ နိုးလာသောအခါ အဝတ်အစားများကို သေချာစေ့စပ်စွာ ဝတ်ဆင်လိုက်သည်။ သူက အရေးကြီးအခမ်းအနားတစ်ခုကို တက်ရောက်တော့မည့်အလား ဝတ်စုံများကိုပင် ထင်းရှူးနံ့သာဖြင့် ကြိုတင် စိမ်ထားခဲ့သေးသည်။ ယနေ့က ကိုယ်လုပ်တော်ကျိုး၏ မွေးနေ့ဖြစ်၍၊ ယနေ့တွင် ဇာတ်လိုက်မင်းသားကြီး ပြန်လည်သရုပ်ဆောင်တော့မည်ကို ယိုရှု သိပြီးသားဖြစ်၏။ မင်းသားအိမ်တော်တွင် ကိုယ်လုပ်တော်မရှိသလို၊ ကြင်ယာတော်လည်း မရှိလေရာ သူကိုယ်တိုင် သွားရောက်ရမည် ဖြစ်သည်။ ထို့အပြင် ကိုယ်လုပ်တော်ကျိုးက ရှောင်းဝေ့ရှန်ကိုယ်တိုင် ရွေးချယ်စေလွှတ်ထားသည့် အမျိုးသမီးဖြစ်၍ သူ(မ)က ထူးထူးကဲကဲ အဆင့်အတန်းတစ်ခုတွင် ရှိပေသည်။

ရှောင်းဝေ့ရှန်က မည်သည့်ညီတော်အပေါ်တွင်မှ မယုံကြည်သူဖြစ်၍၊ သူက မင်းသားအိမ်တော်တိုင်းတွင် သူ၏လူများ ထည့်ထားသည်။ ထိုသို့သာ မလုပ်ဆောင်ထားပါက တစ်ပါးသူ၏ အတွင်းရေးကိစ္စများကိုပါ သူက အဘယ်သို့များ သိနိုင်အံ့။ သူသည် လူအများအမြင်တွင်မူ ညီတော်များ၏ အိမ်ထောင်ရေးအတွက် ပူပန်သယောင် ဟန်ဆောင်ပြတတ်ပြီး၊ တကယ်တမ်းတွင်မူ အနားတွင် သူလျှိုတစ်ယောက် ထည့်ထားလိုခြင်းသာ ဖြစ်ပေသည်။

ထိုသူသည် ရှောင်းဝေ့ရှင်းကိုသာ မဟုတ်ဘဲ၊ မင်းသားချင်နှင့် မင်းသားရုန်တို့၏ အိမ်တော်များတွင်လည်း မိန်းကလေးများ စေလွှတ်ထားသည်။ သို့သော် ရှောင်းဝေ့မင်ကမူ အရွယ်ငယ်သေးသလို ယောက်ျားမိန်းမတို့အကြားမှ အမှုကိစ္စများကို နားမလည်သေးသူ ဖြစ်၏။ ထို့အပြင် သူ့အိမ်တော်တွင် အိမ်တော်ကို ထိန်းချုပ်ပေးမည့် အမျိုးသမီးမရှိရာ ရှောင်းဝေ့ရှန် ပို့လွှတ်ပေးလိုက်သည့် အမျိုးသမီးမှာ အိမ်တော်ကို ထိန်းသိမ်းပေးရသည့်သူတစ်ယောက်သာ ဖြစ်သွားခဲ့ပြီး အသုံးချခံသက်သက် ဖြစ်သွားရတော့သည်။ ရှောင်းဝေ့ကျင်းမှာမူ နဂိုကပင် ပျော်ပါးတတ်သူဖြစ်လေရာ သူ့အိမ်တော်တွင် မိန်းကလေးတချို့ တိုးလာသည်က ထူးထူးထွေထွေ မဟုတ်လှချေ။ ဤသို့ဖြင့် သူတို့အကြားမှ သဘောတူညီချက်က စစ်မှန်သည်ဖြစ်စေ၊ မစစ်မှန်သည်ဖြစ်စေ အားလုံးမှာ ရှောင်းဝေ့ရှန်၏ လုပ်ရပ်များကို ငြိမ်ခံကြရသည်သာ ဖြစ်ပေသည်။

ရှောင်းဝေ့ရှင်းအနေဖြင့် ကိုယ်လုပ်တော်ကျိုးအား လျစ်လျူရှုထား၍ ရသည်ဆိုသော်ငြား ရှောင်းဝေ့ရှန် သံသယဖြစ်မည်စိုး၍ လုံးလုံးလျားလျား မေ့လျော့ထား၍လည်း မရချေ။ ထို့ကြောင့် သူသည် ကိုယ်လုပ်တော်ကျို၏ မွေးနေ့တွင်မူ သူ(မ)ရှိရာ လော့မိန်ဥယျာဉ်ဆီသို့ သွားရောက်ရသည်ပင်။

ယိုရှုနှင့် အရိပ်သက်တော်စောင့်တစ်ဆယ်တို့လည်း ထိုသူ၏အနောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့ကြ၏။ အမှန်စင်စစ် မိမိပိုင်နက်ထဲတွင်တော့ ဤမျှလောက်အထိ သတိကြီးနေစရာ မလိုပေ။ မည်သို့ပင်ဆိုစေ၊ အဘယ်သို့သော လုပ်ကြံသတ်ဖြတ်သူကမှ လာရောက်အသေခံလောက်မည် မဟုတ်ချေ။ သို့သော် အရိပ်သက်တော်စောင့်ခေါင်းဆောင်သည် အပ်ဖျားထက်ပင် ထက်မြက်လွန်းသူ ဖြစ်၏။ သူက “သတိရှိရှိနဲ့ စေ့စေ့စပ်စပ်နေ” ဟူသည့် ဆောင်ပုဒ်ကို ထာဝစဉ် ဆွဲကိုင်ထားသူပီပီ သူတို့အား အရှင်မင်းသားကို ကာကွယ်ရန်နှင့် အချိန်ပြည့် သတိမလွတ်စေဘဲ စောင့်ကြပ်ပေးထားရန် မှာကြားထားသည်။

မင်းသားလင်းအိမ်တော်တွင် လော့မိန်ဥယျာဉ်သည် အမျိုးသမီးနေထိုင်သည့် တစ်ခုတည်းသော အဆောင်ဖြစ်သည်။ ရှောင်းဝေ့ရှင်း ရောက်လာသောအခါ တံခါးနားမှ အစေခံမလေးက ဒူးထောက်ခစားကာ ဦးညွှတ်အရိုအသေပေးလာခဲ့၏။ ကိုယ်လုပ်တော်ကျိုးကမူ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကာ တံခါးဝ၏ အပြင်ဘက်တွင် ရိုကျိုးစွာ စောင့်နေခဲ့လေသည်။

“အရှင်။”

ကိုယ်လုပ်တော်ကျိုးသည် ရှောင်းဝေ့ရှင်းအား မြင်လိုက်သည်နှင့် မျက်ဝန်းများ လက်ခနဲ ဖြစ်သွားခဲ့ပြီး ဖွဖွလေးပြုံးလျက် ဒူးညွှတ်ကာ ဦးညွှတ်အရိုအသေ ပေးလိုက်သည်။

ရှောင်းဝေ့ရှင်းက သူ(မ)အနားသို့ ခပ်မြန်မြန် လျှောက်သွားလိုက်ကာ တွဲထူပေးလိုက်ပြီး

“မယ်မင်းကို အပြင်မှာ မစောင့်နေပါနဲ့လို့ ပြောထားတယ်မလား။ ဘာလို့ လက်တွေက ဒီလောက်တောင် အေးစက်နေရတာလဲ။”

ကိုယ်လုပ်တော်ကျိုးက ချိုသာစွာ ပြုံးပြလိုက်ရင်း မျက်ဝန်းတောက်တောက်လေးများနှင့် ကြည့်ကာ ချစ်စဖွယ်ဟန်ပန်လေးနှင့် ဟန်ဆောင်စိတ်ကောက်ပြလိုက်လေသည်။

“အရှင် မကြွမြန်းလာတာ ကြာပြီဆိုတော့ ဒီကိုယ်လုပ်တော်က ဘယ်လိုများ စောင့်နိုင်ပါတော့မလဲ။”

ထို့နောက်တွင်မူ နှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ခင်မြတ်နိုးသော ဟန်ပန်များနှင့် အဆောင်ထဲသို့ ဝင်သွားကြလေသည်။

တခြားသက်တော်စောင့်များကမူ တံခါးဝနားတွင် စောင့်နေကြပြီး၊ ယိုရှုနှင့် အရိပ်သက်တော်စောင့်တစ်ဆယ်တို့မှာတော့ ထုံးစံအတိုင်း ခေါင်းမိုးပေါ်တွင် ပုန်းခိုလျက် စောင့်ကြပ်နေကြလေသည်။ သူတို့နှစ်ဦး၏ ဆောင်းဦးနှောင်းပိုင်းကာလ၏ လေပြင်းများအကြား မတ်မတ်ရပ်နေကြပုံက အနက်ရောင်တူနှစ်ချောင်း ထောင်ထားသည်နှင့်ပင် တူနေတော့သည်။ နှစ်ဦးလုံး စကားမဆိုဘဲ တိတ်ဆိတ်နေပုံမှာ၊ မည်သူ ပို၍ အသံတိတ်နေနိုင်မည်နည်းဟု ပြိုင်ဆိုင်နေကြသလိုပင်။

အတွင်းခန်းဆီမှ ရှောင်းဝေ့ရှင်းနှင့် ကိုယ်လုပ်တော်ကျိုးတို့၏ စကားသံသဲ့သဲ့ကို ကြားနေရ၏။ သူတို့နှစ်ဦး၏ အတိုင်အဖောက်ညီစွာ ပြောနေကြသော နွေးထွေးကြည်နူးဖွယ် စကားများကိုသာ ကြားမိပါက၊ မည်သူမဆို သူတို့အား တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးကြသည့် လူငယ်ဇနီးမောင်နှံဟုသာ ထင်မှတ်ကြမည် ဖြစ်သည်။ တကယ်တမ်းတွင် နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် အထင်အမြင်သေးကာ ရွံရှာမုန်းတီးနေကြသည်ဟု မည်သူကမှ တွေးမိမည် မဟုတ်ချေ။

ကိုယ်လုပ်တော်ကျိုးက ရှောင်းဝေ့ရှန်၏ လူဖြစ်ပြီး ငယ်စဉ်တည်းကပင် သူလျှိုတစ်ယောက်ဖြစ်ရန် လေ့ကျင့်သင်ကြားခံခဲ့ရသူ ဖြစ်၏။ သူ(မ)က အရာရှိတစ်ယောက်၏သမီးယောင်ဆောင်ကာ အိမ်တော်ထဲသို့ ဝင်လာသူဖြစ်ပြီး၊ ရှောင်းဝေ့ရှင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ မူမမှန်သည်များကို ပြန်လည်တင်ပြပေးရမည် ဖြစ်သည်။

ရှောင်းဝေ့ရှင်းအနေဖြင့် သူ(မ)ကို အကြိမ်တစ်ထောင်မက သတ်ချင်မိသော်လည်း၊ အသက်ရှင်ခွင့် ပေးထားရတုန်းပင်။ ထို့အပြင် ရှောင်းဝေ့ရှန်တစ်ယောက် သံသယမဝင်စေရန်အတွက် ရံဖန်ရံခါဆိုသလို သူ(မ)အဆောင်သို့ လာသည်မျိုးလည်း လုပ်ပေးရသေးသည်။ ကိုယ်လုပ်တော်ကျိုးကလည်း ရှောင်းဝေ့ရှင်းကို အားနည်း၍ အရည်အချင်းမရှိသူဟု တွေးကာ အထင်မကြီးသော်လည်း ရှောင်းဝေ့ရှန်က တာဝန်ပေးအပ်လာသောအခါ အမိန့်ကို နာခံရတော့သည်သာ။

ယိုရှုမှာတော့ ရုပ်ရှင်ဧကရာဇ်ကြီးနှင့် ထိပ်တန်းမင်းသမီးတို့၏ သရုပ်ဆောင်စွမ်းရည်များအကြား အံ့ဩမှင်တက်နေရသည်။ ထိုစဉ်တွင် ငယ်ရွယ်၍ အတွေ့အကြုံသိပ်မရှိသေးသည့် အရိပ်သက်တော်စောင့်တစ်ဆယ်က ပြောလာ၏။

“ကိုယ်လုပ်တော်က ငါတို့မင်းသားအပေါ် တော်တော်လေး ချစ်ခင်ရှာတာပဲနော်။”

ကိုယ်လုပ်တော်ကျိုး၏ အဆောင်အပြင်တွင် အရိပ်သက်တော်စောင့် အတော်များများ စောင့်ကြည့်နေကြသည် ဆိုသော်လည်း၊ သူ(မ)၏ သရုပ်မှန်ကိုမူ လူအနည်းစုလောက်သာ သိထားသည်။ ယိုရှုက ဝတ္ထုဖတ်ထား၍ သိထားခြင်းဖြစ်ပြီ၊ တခြားသူများမှာ သူ(မ)၏ သရုပ်မှန်ကို မသိကြချေ။ သို့ဖြစ်ရာ အရိပ်သက်တော်စောင့်တစ်ဆယ်၏ အမြင်တွင်တော့ ကိုယ်လုပ်တော်ကျိုးသည် လှပသော်လည်း မင်းသား၏မျက်နှာသာပေးမှုကို မခံရရှာသည့် သနားစဖွယ် မိန်းကလေး ဖြစ်နေတော့သည်။

“လူတစ်ယောက်ကို အပြင်ပန်းပုံစံနဲ့ပဲ မဆုံးဖြတ်နဲ့။”

ယိုရှုက ထိုသူအား ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏။

အရိပ်သက်တော်စောင့်တစ်ဆယ်ကတော့ နားမလည်ချေ။ ကိုယ်လုပ်တော်က နူးညံ့သိမ်မွေ့ကာ လှပကျော့ရှင်းသူပင်။ အကယ်၍ မင်းသားတွင်သာ လျှို့ဝှက်အစီအစဉ်များ မရှိဘဲ သိုသိုသိပ်သိပ်နေရသူ မဖြစ်နေပါက နှစ်ဦးသားပေါင်းဖက်ကြမည်မှာ ကြာခဲ့ပြီ ဖြစ်၏။

ဆယ့်ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ယောက်ျားနဲ့ မိန်းမအကြားက ချစ်ရေးချစ်ရာ ကိစ္စတွေကို ဘာများ နားလည်နိုင်မှာတဲ့လဲ။ ယိုရှု ထိုသူ၏ ကြည်စင်နေသော မျက်ဝန်းလေးများကို ကြည့်လိုက်ပြီး လူကြီးတစ်ယောက်၏ ဟန်ပန်နှင့် ပခုံးကို ပုတ်ပေးလိုက်ကာ

“မင်းရဲ့ အသက်က ငယ်ငယ်လေးရှိပါသေးတယ်။ မင်း အရွယ်ရောက်လာတဲ့အခါကျရင် နားလည်လာလိမ့်မယ်။”

အရိပ်သက်တော်စောင့်တစ်ဆယ်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်၏။ ထို့နောက်မှ သူ့အပေါ် အထင်သေးနေသည်အား မကျေမချမ်း ဖြစ်သွားကာ

“သက်တော်စောင့်သုံး။ မင်းက ငါ့ထက် အသက်လေးနည်းနည်းပဲ ပိုကြီးတာပါ။ ငါတို့က မျိုးဆက်တစ်ခုတည်းကလို့တောင် ပြောလို့ရသေးတာ၊ ငါ့ကိုလာပြီး ဆရာမလုပ်နဲ့။”

ယိုရှု သက်ပြင်းချလိုက်မိ၏။

ဒါပေမဲ့ စိတ်သက်နဲ့သာဆို ငါက မင်းရဲ့ဦးလေးတောင် ဖြစ်နေမှာ ကောင်စုတ်လေးရဲ့။

အဆောင်ထဲမှ တေးဂီတသံတို့ ကြားလိုက်ရ၏။ ယိုရှု လက်ပိုက်ထားလိုက်ပြီး ကြည်စင်နေသော ကောင်းကင်ယံထက်တွင် တစ်တန်းတည်းတန်းလျက် တောင်ဘက်ဆီသို့ ပျံသန်းသွားနေကြသည့် ငန်းအုပ်ကြီးအား မော့ကြည့်လိုက်မိသည်။ အရိပ်သက်တော်စောင့်တစ်ဆယ်က သူ့အား နားမလည်နိုင်စွာ လှည့်ကြည့်လာသည်။

အပြင်လူများအဖို့ နားလည်ရခက်မည် ဆိုသော်ငြား၊ အရိပ်သက်တော်စောင့်တပ်ဖွဲ့ထဲမှ ညီနောင်များသည် တစ်ယောက်နှင့်တစ်ယောက် အလွန်ကို ဆက်ဆံရေးကောင်းကြသည်။ သူတို့အားလုံးမှာ မိဘမဲ့အဖြစ် ကြီးပြင်းလာရသူများဖြစ်ပြီး၊ သွေးချောင်းစီးနေသည့် ငရဲခန်းထဲမှ အတူတကွ ရုန်းထွက်လာကြသူများဖြစ်ကာ ယခုအခါတွင်လည်း မနက်ဖြန်ကပင် မရေရာသည့် ဘဝမျိုးတွင် အသက်ကိုရင်း၍ ဖြတ်သန်းနေရသူများ ဖြစ်သဖြင့် သူတို့အကြားမှ ဆက်ဆံရေးက တခြားသူများထက် သာလွန်သည်။ သို့သော် သူတို့အထဲတွင် အရိပ်သက်တော်စောင့်သုံးက အထူးဆန်းဆုံးသော သူပင်။

ထိုသူက အမြဲလိုလို တိတ်ဆိတ်နေတတ်ပြီး၊ အလုပ်တာဝန်ကို စေ့စပ်သေချာစွာ လုပ်ကိုင်ကာ လေ့ကျင့်ရေးကို အပြင်းထန်ဆုံး လေ့ကျင့်သည့် သူပင်။ မမျှော်လင့်ထားဖွယ် တစ်စုံတစ်ရာ မတော်တဆမှု တစ်ခုခုသာ မရှိခဲ့ပါက သူက အရိပ်သက်တော်စောင့်ခေါင်းဆောင် ဖြစ်လာပြီး အရိပ်သက်တော်စောင့်နှစ်နှင့်အတူ တပ်စခန်းကို အုပ်ချုပ်ရမည့်သူဟု အားလုံးက နားလည်လက်ခံထားကြသည်။

ယင်းက အရိပ်သက်တော်စောင့်များ၏ အကြီးမားဆုံး အိပ်မက်ဖြစ်သော်ငြား၊ အရိပ်သက်တော်စောင့်သုံးကတော့ ထိုကိစ္စအပေါ် ပျော်ရွှင်ဟန် မပေါ်ချေ။ သူက ခံစားချက်များကို ထုတ်ဖော်ပြသတတ်သူ မဟုတ်၍ သူ့စိတ်ထဲမှ အတွေးများကိုလည်း မည်သူကမှ မသိပေ။ အားလုံးက အရိပ်သက်တော်စောင့်တစ်ဆယ်အား စကားနည်းသည်၊ တည်ငြိမ်သည်ဟု ပြောဆိုကြသော်လည်း တကယ်တမ်းတွင်မူ သူက အရိပ်သက်တော်စောင့်သုံးကို အထင်ကြီးအားကျ၍ ထိုသူ၏ဟန်အတိုင်း အတုယူ ပြုမူနေခဲ့ခြင်းသာ ဖြစ်သည်။

အရိပ်သက်တော်စောင့်သုံးသည် အသက်ဆယ့်နှစ်နှစ်တည်းကပင် တာဝန်ထမ်းဆောင်နိုင်ခဲ့သည့် သူတို့တပ်စခန်း၏ တစ်ဦးတည်းသော ပါရမီရှင် ဖြစ်၏၊ သူ၏ ရင့်ကျက်တည်ငြိမ်ပုံက ကလေးတစ်ယောက်နှင့်ပင် မတူရာ၊ အောက်ခြေအဆင့် အရိပ်သက်တော်စောင့်လေးများအတွက်တော့ ထိုသူက အားကျအတုယူစရာပင်။

ယခုလည်း၊ ထိုသူသည် ကောင်းကင်ယံကို မော့ကြည့်ရင်း အသိုက်ပြောင်းနေသည့် ငှက်များကို အမူအရာမဲ့မျက်နှာဖြင့် တွေငေးစွာ ငေးကြည့်နေပြန်လေပြီ။

ဘာလို့များ သူ့မျက်ဝန်းတွေထဲမှာ ဝမ်းနည်းရိပ်တွေ သမ်းနေရတာလဲ။

အရိပ်သက်တော်စောင့်တစ်ယောက်က ဘာလို့များ ဝမ်းနည်းနေရတာလဲ။

သူ နားမလည်နိုင်။

***

Aurora Novel Translation Team

အပိုင်း (၈.၂)

ယိုရှုတစ်ယောက် ကောင်းကင်ယံကို ငေးကြည့်နေချိန်တွင်၊ အထဲမှ ရှောင်းဝေ့ရှင်းမှာလည်း အတော်လေး စိတ်တိုနေရသည်။

ကျိုးဝမ်သည် အတော်လေးကို ပြဿနာရှာသည့် မိန်းမပင်။ သူ့အနေဖြင့် ရှေ့လျှောက် ရှောင်းဝေ့ရှန်အရှေ့တွင် သရုပ်ဆောင်သည်ထက် သူ(မ)အရှေ့တွင် သရုပ်ဆောင်သည်ကို ပို၍ သတိထားရမည်ဖြစ်သည်။ အကြောင်းမှာ အမှားအယွင်းသေးသေးလေးတစ်ခုကပင် သူ့အကြောင်းများကို ချက်ချင်း ဖော်ထုတ်သွားနိုင်၍ဖြစ်သည်။ ထို့အပြင် သူ(မ)၏ ထိကပါး ရိကပါး လုပ်နေမှုများကလည်း သူ့ကို ပို၍ စိတ်တိုလာစေသည်။

ရှောင်းဝေ့ရှင်းတွင် ပြင်းထန်သည့် အသန့်ကြိုက်ရောဂါ ရှိသည်။ ရှေးခေတ်တွင် ထိုသို့သော ရောဂါမျိုးမရှိသော်ငြား ထိုရောဂါနှင့် ဆင်တူသည်ဟုတော့ ပြောရမည်။ သူက မသန့်စင်သောအရာများနှင့် ထိတွေ့ရသည်ကို မကြိုက်ချေ။ ကျိုးဝမ်မှာ သူလျှိုတစ်ယောက်ဖြစ်သဖြင့် အတိတ်တွင်လည်း ယောက်ျားသားအတော်များများနှင့် ပတ်သက်ခဲ့ဖူးမည်မှာ အသေအချာပင် ဖြစ်၏။ သို့ဖြစ်ရာ ထိုအကြောင်းကို တွေးမိသည်နှင့် ရှောင်းဝေ့ရှင်းတစ်ယောက် ရွံရှာလာသည်။ ရှောင်းဝေ့ရှင်းသည် သူ၏လက်မောင်းကို ကိုင်ဆွဲထားသည့် သူ(မ)၏ လက်ချောင်းနုနုများကို ကြည့်နေခဲ့ရင်း စိတ်ပျက်လာရသည်။ သူ့အဖို့ ထိုလက်များကို အပိုင်းအပိုင်းအစစ မခုတ်ဖြတ်မိအောင်ပင် မနည်း ထိန်းချုပ်နေရ၏။

“ဒီမင်းသား သစ်သီးအရက်တွေ သောက်တာများသွားပြီမို့ ပြန်အနားယူလိုက်တော့မယ်။”

ရှောင်းဝေ့ရှင်းသည့် ပြန်ချိန်တန်ပြီဟု ယူဆကာ မူးဝေသယောင် ဟန်ဆောင်လိုက်ပြီး ပြောလိုက်သည်။

“မယ်မင်း အပြင်ကို လိုက်မပို့ပါနဲ့တော့။ ဒီနေ့က မယ်မင်းရဲ့ မွေးနေ့ဖြစ်တာကြောင့် လိုချင်တာတစ်ခုခုရှိရင် တစ်ယောက်ယောက်ကို လွှတ်ပြီး အဝယ်တော်လွှတ်လိုက်ပါ။ ကိုယ့်ကိုယ့်ကိုယ် ဒုက္ခမခံနဲ့။”

ရှောင်းဝေ့ရှင်းက ပြောလိုက်ပြီးသည်နှင့် မတ်တတ်ထရပ်လိုက်ကာ အမှန်တကယ်ပင် မူနေသည့်ဟန်ပန်နှင့် အနည်းငယ် ယိုင်ထိုးသွားခဲ့သည်။ ထိုစဉ်တွင် ဟွားချွမ်က ပါးနပ်စွာဖြင့် ရှေ့သို့တိုးသွားလိုက်ပြီး ထိန်းကိုင်ပေးလိုက်ရာ ကျိုးဝမ်မှာ ဘာမှ မတတ်နိုင်တော့ဘဲ၊ ခွဲခွာရမည်ကို တွန့်ဆုတ်နေဟန်ဖြင့် မျက်ရည်လေးများဝဲကာ လိုက်ပို့လိုက်ရရုံသာ ရှိတော့သည်။

ယိုရှုကတော့ ရုပ်ရှင်ဧကရာဇ်နှင့် ထိပ်တန်းမင်းသမီးတို့၏ ဇာတ်သိမ်းခန်းကို ကြည့်နေခဲ့ပြီးနောက်၊ ခေါင်းမိုးပေါ်မှပင် မင်းသားနောက်သို့ တိတ်တဆိတ် လိုက်သွားလိုက်တော့သည်။

လော့မိန်ဥယျာဉ်ထဲမှ ထွက်လိုက်ပြီဆိုသည်နှင့် ရှောင်းဝေ့ရှင်း၏မျက်နှာက အေးစက်သွားခဲ့၏။ ဟွားချွမ်က ထိုသူ၏ဆန္ဒကို နားလည်စွာဖြင့် အပြင်ခြုံလွှာအား ကူချွတ်ပေးလိုက်ပြီး အသစ်တစ်ထည် ခြုံလွှမ်းပေးလိုက်သည်။ သို့သော် ကျိုးဝမ် ထိတွေ့ခဲ့သည့် အဝတ်အစားများမှာတော့ မီးရှို့ခံရမည်သာ ဖြစ်ပေ၏။

“သူ(မ)ကို စောင့်ကြည့်ထားပြီး လှုပ်ရှားမှုတစ်ခုခု ရှိတာနဲ့ ဒီမင်းသားဆီ သတင်းပို့။”

သူက ပြောပြီးသည်နှင့် ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားတော့သည်။ သူ အဆောင်သို့ အမြန်ပြန်ကာ ရေချိုးချင်နေပြီ ဖြစ်သည်။ ထိုမိန်းမထံမှ မခံသာဖွယ် အမွှေးနံ့သာနံ့များက သူ၏တစ်ကိုယ်လုံးအပြင် ဆံပင်များအထိပါ စွဲကပ်သလို ဖြစ်နေခဲ့ရာ၊ သူ့အတွက် အသက်ရှူကျပ်သလိုပင် ခံစားနေရပြီ ဖြစ်သည်။

သို့သော် သူ အဆောင်သို့ ပြန်ရောက်သောအခါ၊ တစ်စုံတစ်ယောက်က သူ့အား စောင့်နှင့်နေသည်ကို တွေ့လိုက်ရသည်။

“ညီတော် ၇၊ စိတ်မကြည်မလင် ဖြစ်နေပုံပဲ။ ဘယ်သူကများ ညီတော့်ကို စိတ်တိုအောင် လုပ်လိုက်လို့လဲ။”

မင်းသားရုန် ရှောင်းဝေ့ကျင်းတစ်ယောက် ထိုင်ခုံပေါ်တွင် ခြေချိတ်၍ ထိုင်နေခဲ့ပြီး အပြုံးမျက်နှာဖြင့် စစနောက်နောက် ပြောလာသည်။

“ညီတော်ကတော့ တကယ်ကို မိန်းမလှလေးတွေအပေါ်မှာ ကြင်နာရကောင်းမှန်း မသိဘူးပဲ။”

ရှောင်းဝေ့ရှင်း ထိုသူအား အေးစက်စွာ စိုက်ကြည့်ပေးလိုက်ပြီး ခက်ထန်မာကျောနေသည့်အသံနှင့် ပြောလိုက်သည်။

“သူ(မ)ကို အစ်ကိုတော့်ဆီ ပေးလိုက်မယ်လေ။ ဒါဆို အစ်ကိုတော် ကြင်နာပေးလို့ ရတာပေါ့။”

“မလိုပါဘူး။ ငါ့အိမ်မှာက မိန်းမလှလေးတွေ အများကြီးဖြစ်နေပြီမို့ သူ(မ)တို့တွေ အချင်းချင်း တိုက်ခိုက်ကုန်ကြတော့မှာ။”

ရှောင်းဝေ့ကျင်းက မတ်မတ်ပြန်ထိုင်လိုက်ရင်း ပြုံးလျက်ဖြင့် ပြောသည်။

“ပြီးတော့ ကျိုးဝမ်လို မိန်းမမျိုးကို ရှောင်းဝေ့ရှန်လို လူမရွေးတဲ့သူမျိုးကပဲ ကြိုက်မှာ။ သူ(မ)ကိုက ငါလိုလူတောင် မကြိုက်ဘူး။”

ရှောင်းဝေ့ရှင်း ဟက်ခနဲ ရယ်လိုက်ပြီး နောက်ထပ်ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက လော့ယောင် ယူလာပေးသည့် လက်ဖက်ရည်ကို သောက်လိုက်ကာ

“စုံစမ်းစစ်ဆေးတာ အခြေအနေ ဘယ်လိုရှိလဲ။”

“မင်းပြောတဲ့အတိုင်းပဲ၊ ရှဟွေ့ကျန်းက ငါတို့အစ်ကိုတော်ဧကရာဇ်ရဲ့နောက်ကွယ်မှာ ကောင်းမှုတွေ အများကြီး လုပ်ထားတာ။ သူက တံတားဆောက်ဖို့နဲ့ ကယ်ဆယ်ရေးအတွက် ထုတ်ပေးထားတဲ့ ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ထားရုံတင်မကဘဲ၊ ငွေစလျန် တစ်သိန်းကို ခိုးယူထားသေးတာ။”

ရှောင်းဝေ့ကျင်းသည် ထိုအကြောင်း ပြောသည့်အချိန်တွင်တော့ သူ့မူပိုင် ပြုံးစစဟန်ပန်က ပျောက်သွားပြီး တည်ငြိမ်စွာ ပြောလာသည်။

“သူက တကယ်ကို ရဲတင်းလွန်းတာပဲ။”

“သူ မလုပ်ရဲတာရော ရှိသေးလို့လား။”

ရှောင်းဝေ့ရှင်းက အံ့ဩမနေပေ။

“ရှဟွေ့ကျန်းက သူ့ခေါင်းပေါ် တက်နေပြီး၊ သူ့မိန်းမတွေနဲ့ အိပ်နေတယ်ဆိုတာကို ရှောင်းဝေ့ရှန်တစ်ယောက် စိတ်တောင်ကူးဖူးပါ့မလားဆိုတာ စိုးရိမ်မိသား။”

“အဲလိုတွေပါ ရှိတာလား။”

ရှောင်းဝေ့ကျင်းက ချက်ချင်းဆိုသလို ရှေ့သို့တိုးလာပြီး ပျော်ရွှင်စွာ ပြောတော့၏။

“သူက တကယ်ပဲ ရှောင်းဝေ့ရှန်ကိုပါ ဦးထုပ်စိမ်း ဆောင်းပေးရဲတာလား။”

(T/n - ဦးထုပ်စိမ်းဆောင်းပေး- ဖောက်ပြန်)

ရှောင်းဝေ့ရှင်း မျက်မှောင်ကြုတ်သွားပြီး

“ကျွန်တော်နဲ့ ဝေးဝေးနေပေး။ အစ်ကိုတော့်ခန္ဓာကိုယ်က မျက်နှာချေ အနံ့တွေက အရမ်းနံတယ်။”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ မင်းရဲ့ အနံ့ပြဿနာကလည်း တကယ်ကို သေလောက်ဖွယ်ပဲ။ တစ်ချိန်ချိန်မှာ မင်း ဘယ်လိုလူမျိုးကို သဘောကျသွားမယ်ဆိုတာတောင် မခန့်မှန်းတတ်တော့ဘူး။”

ရှောင်းဝေ့ကျင်းခမျာ အဝေးသို့ ရွှေ့ပေးလိုက်ရုံသာ တတ်နိုင်တော့သည်။

“လွန်ခဲ့တဲ့နှစ်ရက်လောက်ကဖြစ်ခဲ့တဲ့ ရှဟွေ့ကျန်းရဲ့ အရှက်ကွဲမှုကြီးက မင်းကြောင့်လို့ ကြားမိတယ်နော်။ ဟုတ်လား။”

ရှောင်းဝေ့ရှင်း လက်ဖက်ရည်ခွက်ကို ကိုင်ထားခဲ့ရင်း သဘောခွေ့စွာ ပြုံးလိုက်သည်။

“ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတစ်ယောက် လုပ်တာပါ။”

“မင်းရဲ့ လူတွေထဲမှာ ဒီလောက်တောင် အရည်အချင်းရှိတဲ့သူမျိုး ရှိတယ်ပေါ့။”

ရှောင်းဝေ့ကျင်း အတော်လေး စိတ်ဝင်စားသွားသည်။ ထိုသူ၏ နုနုနယ်နယ် မျက်နှာထက်တွင် “ငါ သိချင်တယ်လေ” ဟူသည့် အမူအရာမျိုး ပေါ်လွင်နေခဲ့ပြီး

“ငါ အဲလိုလူကို သဘောကျတယ်။ ငါ့ဆီ ပို့ပေးပါလား။”

ရှောင်းဝေ့ရှင်းက လက်ဖက်ရည်သာ ဆက်သောက်နေခဲ့ကာ ပြန်မဖြေချေ။ သူ့တွင် ပို့ပေးရန် စိတ်ကူးမရှိကြောင်း သိသာလှသည်။

ရှောင်းဝေ့ကျင်းကလည်း စနောက်၍သာ မေးလိုက်ခြင်းဖြစ်၍ ထိုသူ၏ တိတ်ဆိတ်နေမှုအပေါ် စိတ်မရှိပါပေ။ သူက ထိုင်ခုံကို ပြန်မှီထိုင်လိုက်ကာ ပြောလိုက်၏။

“အချိန်အရတွက်ကြည့်ရရင်၊ နောက်နှစ်ရက်ဆို စစ်သူကြီး မြို့တော်ကို ပြန်ရောက်တော့မှာ။ ဒီတစ်ခေါက် ငါတို့တွေ သူ့ကို ငါတို့ဘက်ပါလာဆောင် ဆွယ်ကြည့်မလား။”

ရှောင်းဝေ့ရှင်းက စဉ်းစားနေခဲ့ပြီးမှ ခေါင်းကို ခါလိုက်ကာ ခပ်တိုးတိုးအသံနှင့် ပြောသည်။

“အခုတော့ မလုပ်သေးဘူး။”

“ရန်ချီရှန်းက ငယ်ရွယ်တယ်ဆိုပေမဲ့ ဧကရာဇ်အပေါ် သစ္စာရှိမှုက မယိမ်းမယိုင် ရှိနေတာ။ အခုလိုအချိန်မှာ သူ့ကို မျက်နှာချိုသွေးပြီး မျက်နှာလိုမျက်နှာရလုပ်ချင်နေတဲ့သူတွေက အများကြီးပဲ။ ကျွန်တော်တို့တွေ အခုအချိန်မှာသာ သွားလိုက်ရင် သူ့ရဲ့ ယုံကြည်မှုကို မရနိုင်တဲ့အပြင် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြသလို ဖြစ်သွားလိမ့်မယ်။”

“သူက ဧကရာဇ်အပေါ်မှာ သစ္စာစောင့်သိချင်တယ်ဆိုရင်လည်း၊ စောင့်သိပါစေလေ။ အနှေးနဲ့အမြန် ရှောင်းဝေ့ရှန်က ဘယ်လိုဧကရာဇ်လဲဆိုတာကို နားလည်လာပါလိမ့်မယ်။”

ရှောင်းဝေ့ရှင်းက အဓိပ္ပာယ်ဖော်ရခက်သည့် အပြုံးမျိုးနှင့် ပြုံးလိုက်သည်။

မြို့တော်မှာ တည်ငြိမ်အေးချမ်းနေတာတောင် အတော်ကြာခဲ့ပြီပဲ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment