အပိုင်း (၁၁.၁)
ထိုနောက်ပိုင်းတွင် ရှောင်းဝေ့ရှင်းက စိတ်ပါသည်နှင့် ယိုရှုကိုခေါ်ကာ ဓားရေးလေ့ကျင့်တော့သည်။ ယိုရှုက ခံစားချက်မရှိသော ဓာရေးလေ့ကျင့်သည့် စက်ရုပ်အတိုင်းပင်။ သို့သော်လည်း ယိုရှု အမှန်တကယ်ကို ပျော်နေမိ၏။ နောက်ဆုံးတော့ အမျိုးသားဇာတ်လိုက်က သူ၏ ခံ့ညားသောရုပ်ရည်နှင့် အားကိုးအားထိုက်ပြုထိုက်သော အသွင်အပြင်ကိုကြည့်ကာ ထူးချွန်ပြောင်မြောက်သော အရည်အချင်းများကို သိရှိသွားခြင်း ဖြစ်ရမည်။ ထို့ကြောင့်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးက နီးစပ်လာနေသည်ဟု တွေးနေလေ၏။
မကြာမီပင် သူသည် သူ၏စံပြပုဂ္ဂိုလ်နောက်သို့ အမှီလိုက်နိုင်ပေတော့မည်!
ယိုရှုအပြင် တခြားသော အရိပ်သက်တော်စောင့်များကလည်း ပျော်ရွှင်နေကြသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် မနာလိုစိတ် မရှိကြချေ။ အချင်းချင်း ပြိုင်ဆိုင်ကြသည်ဆိုသော်ငြား မရိုးသားသည့် နည်းလမ်းကို မသုံးတတ်ကြ။ အရှင်သခင်၏ မျက်နှာသာပေးမှုကို ခံရသူက မည်သူဖြစ်နေပါစေ အားလုံးက သူတို့ခံစားရသည့်အလား ပျော်ရွှင်ပေးကြ၏။ ထို့ကြောင့် သူတို့သည် ယိုရှုအနားသို့ သွားကာ မင်းသားအား အကောင်းဆုံးအလုပ်အကျွေးပြုရန်နှင့် မင်းသား အမျက်ထွက်၍ မောင်းထုတ်သည်မျိုး မဖြစ်စေရန် ဝိုင်းဝန်းသတိပေးကြလေသည်။
ယိုရှုမှာ ထိုသူတို့၏စကားများကို နားထောင်လေလေ၊ အဓိပ္ပာယ်မရှိလေလေဟု ခံစားနေရ၏။ မသိလျှင် သူက အိပ်ရာဖော်အဖြစ် သွားမည့်သူလိုပင်။ ထိုသူတို့၏ ဦးနှောက်များက သံချေးတက်နေပြီသာ ဖြစ်ရမည်။
***
ယိုရှုက အားလပ်ချိန်များဆိုလျှင် ဇာတ်လမ်းကို ပြန်ပြောင်းစဉ်းစားနေတတ်သည်။
ဇာတ်လမ်း၏အစပိုင်းတွင်တော့ ရှောင်ဝေ့ရှန်၏နဂါးပလ္လင်က ခိုင်မြဲနေလိမ့်ဦးမည် ဖြစ်၏။ သူက အမျက်ထွက်လွယ်ပြီး တိုင်းရေးပြည်ရေးနှင့်ပတ်သက်၍ အသိဉာဏ်မရှိဘူး ဆိုသော်ငြား အမတ်ချုပ်ကြီးရှက သူ့ကို ထိန်းကျောင်းပေးနေသဖြင့် ကြီးကြီးမားမား အမှားအယွင်းတစ်စုံတစ်ရာ မရှိချေ။ သာမန်ပြည်သူများသည်လည်း တိုင်းပြည်ကို အုပ်ချုပ်နေသည့် ဧကရာဇ်က မည်သူမည်ဝါဖြစ်ကြောင်း စိတ်မဝင်စားကြချေ။ သူတို့အတွက်က သင့်တင့်လျောက်ပတ်သောဘဝကို ဖြတ်သန်းနိုင်ပါက အဆင်ပြေနေပြီ ဖြစ်၏။ ထို့ကြောင့် ရှောင်ဝေ့ရှန်တစ်ယောက် ပြဿနာရှာနေလျှင်ပင်၊ ထိုကာလတွင်တော့ တိုင်းသူပြည်သားများထံမှ အထွေအထူး ဝေဖန်ချက်ဟူ၍ မရှိသေးချေ။
သို့ဖြစ်ရာ ရှောင်းဝေ့ရှန်နှင့် အမတ်ချုပ်ကြီးရှတို့အကြားမှ ဆက်ဆံရေးကို တဖြည်းဖြည်းချင်း ပြိုကွဲသွားအောင် လုပ်ရန်က အရေးအကြီးဆုံး အဆင့်ပင်။ သူတို့နှစ်ဦး စိတ်ဝမ်းကွဲ၍ ရှောင်းဝေ့ရှန်နံဘေးတွင် အကြံပေးမည့်သူ မရှိတော့ဘူး ဆိုပါမှ နောက်ပိုင်းလုပ်ဆောင်ရမည်များက လွယ်ကူသွားတော့မည် ဖြစ်၏။
သို့သော် သူတို့နှစ်ဦးအကြားမှ ဆက်ဆံရေးကို ပြတ်တောက်သွားအောင် လုပ်ရန်က ခက်ခဲလှပေသည်။ အကြောင်းမှာ မယ်တော်မိဖုရားကြီးရှက သူ(မ)သားနှင့် အစ်ကိုတော်ဖြစ်သူတို့အကြား ပြဿနာဖြစ်ခွင့်ပြုမည် မဟုတ်၍ပင်။ ထို့အပြင် ရှောင်းဝေ့ရှန်၏ ဧကရီကလည်း ရှမိသားစု၏ အကြီးဆုံးသမီး ဖြစ်၏။ ဤကဲ့သို့ သွေးသားတော်စပ်မှုများ ရှိနေရာ သူတို့အကြားကို သွေးခွဲရန်က အလွန် ခက်ခဲနေသည်။
ယိုရှု ဇာတ်ကြောင်းကိုသာ စဉ်းစားနေခဲ့သည်။ သူသည် ဖြတ်လမ်းတစ်ခုခုများ ရှာတွေ့နိုင်မလား စဉ်းစားနေခဲ့သော်လည်း တိုင်းရေးပြည်ရေးကိစ္စများနှင့် ပတ်သက်၍ နားလည်လှသည် မဟုတ်ပေ။ သူက တိုက်ခိုက်ရေးနှင့် လုပ်ကြံရေးကိစ္စများတွင်သာ ကျွမ်းကျင်သူဖြစ်ရာ ယခုကဲ့သို့ ရှုပ်ထွေးလှသော အလှည့်အပြောင်းများအား သူ မစွမ်းသာပေ။ သူသာ ခြေလှမ်းမှားသွားခဲ့ပါက ဇာတ်ကြောင်းတစ်ခုလုံး ပြောင်းလဲသွားမည်ကို စိုးရိမ်နေရ၏။
သူ ရက်ကို တွက်ကြည့်လိုက်သောအခါ နောက်ထပ်ဇာတ်ကြောင်းတစ်ခုက မယ်တော်မိဖုရာကြီးရှ၏ မွေးနေ့တွင် စလိမ့်မည် ဖြစ်သည်။
***
ဆယ်ရက်ကြာပြီးနောက် မယ်တော်မိဖုရားကြီးရှ၏ မွေးနေ့သို့ ရောက်ခဲ့လေပြီ။
ယခုမှာ တဖြည်းဖြည်းနှင့် ဆောင်းရာသီထဲသို့ ဝင်နေပြီဖြစ်သဖြင့် တစ်ရက်ထက်တစ်ရက် ပို၍ အေးစိမ့်လာသည်။ ဆောင်းရာသီ၏ အအေးစက်ဆုံးသောကာလများသို့ မရောက်ခင်ပင် လူများမှာ ချမ်းတုန်နေကြရပြီ ဖြစ်၏။ ယခုနှစ်တွင် ဆင်းရဲနွမ်းပါးသူအများအပြားမှာ ယခင်နှစ်များထက် ပိုမိုခက်ခဲကြရရှာတော့မည်။ ရှောင်ဝေ့ရှင်း မနက်စောစောထကာ မနက်စာစားနေရင်း ချီဟန် ယူဆောင်လာသည့်သတင်းများကို နားထောင်နေခဲ့သည်။
“မနှစ်က ရေကြီးလို့ ကောက်ပဲသီးနှံတွေ အထွက်နှုန်းမကောင်းခဲ့သလိုပဲ ဒီနှစ်မှာလည်း မြောက်ပိုင်းမှာ မိုးခေါင်ရေရှားဖြစ်နေလို့ အထွက်နှုန်းတွေ ကျပါတယ်။ ဒုက္ခသည်တွေလည်း တောင်ပိုင်းကို ပြောင်းရွှေ့လာကြပါပြီ။ အခုဆို ဆောင်းရာသီကို ရောက်လာနေပြီဆိုတော့ အခြေအနေတွေက ပိုဆိုးလာတော့မှာပါ။ လမ်းမပေါ်တွေမှာလည်း ဆာလောင်မွတ်သိပ်တဲ့ဒဏ်တွေ အအေးဒဏ်တွေနဲ့ သေဆုံးသွားတဲ့လူတွေ အများကြီးရှိနေတယ်လို့ ကျွန်တော်မျိုး ကြားသိထားပါတယ်။”
ရှောင်းဝေ့ရှင်းက ခေါင်းသာငုံ့ထားကာ ငါးဆန်ပြုတ်တစ်ဇွန်း ခပ်သောက်လိုက်ရင်း အေးဆေးစွာ မေးသည်။
“လင်းချီက ဒီအကြောင်းကို မတင်ပြဘူးလား။”
“ရှေ့လတုန်းက အမတ်လင်းက တင်ပြခဲ့ပေမဲ့ ဧကရာဇ်က အလေးအနက်မထားခဲ့ပါဘူး။ သူက ဒုက္ခသည်တွေက ဘာမှမလုပ်နိုင်ဘူး။ သေတဲ့သူများရင် အစာရေစာပြတ်လတ်တဲ့ပြဿနာလည်း ပိုနည်းသွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သူက နှစ်သစ်ထိရောက်လို့ နွေဦးရောက်တဲ့အထိ စောင့်ကြည့်နေလိုက်လို့လည်း ပြောခဲ့ပါတယ်။”
ချီဟန်သည် ဂရုတစိုက်နှင့် အစီရင်ခံလျှောက်တင်နေခဲ့သော်လည်း သူ့မျက်နှာပေါ်တွင် မကျေနပ်ဟန်တို့ ယှက်သန်းနေသည်။ အစီရင်ခံလာကြသည့် အရိပ်သက်တော်စောင့်များ၏ အဆိုအရဆိုလျှင် လမ်းဘေးများတွင် သေနေသည့် အလောင်းပေါင်းများစွာ ရှိနေပြီး တချို့ဆိုလျှင် အရိုးနှင့်အရေသာ ရှိကြတော့ရှာသည်။ ထို့အပြင် သူတို့ခမျာ သေလုမြောပါးဖြစ်နေပြီး မသေဆုံးသေးခင် ကာလတည်းက လင်းတများက အစားစားရန် စောင့်နေကြသေးသည် ဖြစ်၏။ မြို့ပြင်တွင်ဆိုလျှင်လည်း ဆာလောင်မွတ်သိပ်နေသူများ အများအပြား ရှိနေပြီး မြင်ရသူအဖို့ ကြက်သီးထစရာကို ဖြစ်နေတော့သည်။
ရှောင်းဝေ့ရှင်းက အေးစက်စွာ ရယ်လိုက်ရင်း
“ဒါက သူ့ရဲ့ပုံစံပဲလေ။”
“အရှင်မင်းသား၊ ကျွန်တော်မျိုးတို့……”
ချီဟန်သည် သူ့သဘောနှင့်သူ မဆောင်ရွက်ရဲသဖြင့် နှုတ်ဟလိုက်ပြီးမှ ပြောမည့်စကားများကို ပြန်မျိုသိပ်လိုက်ရ၏။
သို့သော် ရှောင်းဝေ့ရှင်းကတော့ ထိုသူ ဆိုချင်သည့်သဘောကို နားလည်သည်။ သူ မျက်မှောင်ကြုတ်ကာ ခဏလောက် အတွေးနက်နေခဲ့ပြီးနောက်
“ရှောင်းဝေ့ကျင်းကို အရင်က သိုလှောင်ထားတဲ့ရိက္ခာတွေကိုပဲ ဆိုင်အသီးသီးကို ဖြန့်ဝေပြီး ဆောင်းရာသီမှာ လူတွေ အသက်ရှင်ဖို့အတွက်နဲ့ အရေးပေါ်အခြေအနေတွေအတွက် ဖြေရှင်းခိုင်းလိုက်။ အဲဒီကိစ္စတွေကို ကုန်သည်တစ်ယောက် နာမည်အောက်ကနေပဲ လုပ်ပြီး ဒီမင်းသားတို့နာမည်တွေ သတင်းမထွက်စေနဲ့။”
“မင်းက လူတွေရဲ့ အမြင်တွေ ပိုပြီး ပြင်းထန်လာအောင် လုပ်လိုက်။ လက်ရှိစိုးစံနေတဲ့ဧကရာဇ်က စည်းစိမ်ချမ်းသာမှာပဲ သာယာနေပြီး ပြည်သူတွေရဲ့ သေရေးရှင်ရေးကို ဂရုမစိုက်ဘူး၊ ပြည်သူတွေကို ပစ်ပယ်ထားဖို့ ဆုံးဖြတ်ထားပြီးပြီလို့ သတင်းလွှင့်လိုက်။ ဒါကြောင့် နန်းတော်ကနေ ကယ်ဆယ်ပေးဖို့ ဘာမှ မမျှော်လင့်ထားနဲ့လို့။”
ရှောင်းဝေ့ရှန်က ထိုသို့သောကိစ္စများကို အမှန်တကယ် ကျူးလွန်းနေခဲ့ခြင်းဖြစ်၍ ရှောင်းဝေ့ရှင်းအနေဖြင့် တစ်လောကလုံးသိအောင် ပြောပြပေးရမည် ဖြစ်သည်။ ဧကရာဇ်ဖြစ်သူက သောင်းချီနေသည့် ဒုက္ခသည်တွေကို လျစ်လျူရှုထားလျှင်၊ ပြည်သူများအနေဖြင့် ရတတ်မအေး ဖြစ်လာရမည်သာ မဟုတ်ပေလော။ နောင်တစ်ချိန်တွင် အဘယ်သို့သော ဘေးဒုက္ခမျိုး ကြုံလာရနိုင်သည်ဆိုသည်ကို မည်သူကများ သိအံ့။ ထိုသို့ဖြစ်လာလျှင်ရော ဧကရာဇ်က လျစ်လျူရှုထားမည်လား။
ချီဟန်သည် အမိန့်ကို နာခံပြီးသည်နှင့် ပြန်လည်ထွက်ခွာသွားလေ၏။
ရှောင်းဝေ့ရှင်းက မနက်စာစားပြီးသည်နှင့် ထရပ်လိုက်ကာ ဝတ်စုံ လဲလိုက်သည်။ ယနေ့က မယ်တော်မိဖုရားကြီ၏ မွေးနေ့ဖြစ်၍ အားလုံး တက်ရောက်ဂုဏ်ပြုပေးရမည် ဖြစ်သည်။ ထိုသူက အပြင်ပန်းတွင် တည်ငြိမ်အေးဆေးနေသော်လည်း နှလုံးသားထဲတွင်တော့ ကူကယ်ရာမဲ့မှုနှင့် နာကျည်းမှုတို့ ခံစားနေရမည်ကို ယိုရှု နားလည်သည်။
ချီဟန်အား အပြင်သို့ စေလွှတ်ထားကာ ဝမ်ချန်သည်လည်း မြို့ပြင်တွင်သာ ရှိသေးသည်။ သို့ဖြစ်ရာ ရှောင်းဝေ့ရှင်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် ယိုရှုကိုသာ ဝတ်စုံလဲခိုင်းကာ နန်းတော်သို့လိုက်ခဲ့ရန် ခေါ်ဆောင်လိုက်တော့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ယင်းက ရှဲ့ဖေးယွမ်၏ တာဝန်ဖြစ်သော်လည်း ယိုရှုက များများစားစား မေးမြန်းမနေဘဲ လော့ယောင်နောက်သို့ လိုက်သွားကာ ပေးလာသည့် ဝတ်စုံကိုသာ လဲလှယ်ဝတ်ဆင်လိုက်သည်။
ယိုရှုက အမြဲလိုလို အရိပ်သက်တော်စောင့်ဝတ်စုံ အမည်းရောင်ကိုသာ ဝတ်ဆင်ထားလေ့ရှိပြီး ထိုဝတ်စုံနှင့်ပင် အတော်လေး ချောမောကြည့်ကောင်းသူ ဖြစ်၏။ သို့ဖြစ်ရာ ယခုမူ မင်းသားအိမ်တော်မှ ခမ်းနားလှသော သက်တော်စောင့်ဝတ်စုံကို ဝတ်ဆင်လိုက်သောအခါ ပို၍ပင် ချောမောခံ့ညားသွားပြီး ဝတ်စုံမည်း ဝတ်ထားစဉ်ကထက် ခမ်းနားတောက်ပနေတော့သည်။ သူက အလွန်အမင်းကို ချောမောကြည့်ကောင်းနေခဲ့သဖြင့် လော့ယောင်ပင်လျှင် မျက်နှာလေးကို အုပ်ထားကာ ရှက်သွေးဖြာစွာ ပုန်းနေပြီး သူ့အား ခိုးခိုးကြည့်နေမိလေ၏။ ပို၍တည်ငြိမ်ရင့်ကျက်သည့် ဟွားချွမ်ပင်လျှင် ယိုရှုအား တစ်ချက်တစ်ချက် လှည့်လှည့်ကြည့်နေမိသည်။
ရှောင်းဝေ့ရှင်း နောက်သို့ လှည့်ကြည့်လိုက်ရင်း ခဏလောက် ငေးမိသွားသည်။
အရိပ်သက်တော်စောင့်ဝတ်စုံနှင့်စာလျှင် မင်းသားအိမ်တော်မှ သက်တော်စောင့်ဝတ်စုံက ခမ်းနားသေသပ်သည်မှာ အသေအချာပင်။ အပြာရောင်ဝတ်စုံသည် ထိုသူ ဝတ်လိုက်သောအခါ ခြေတံရှည်ရှည် ခါးသွယ်သွယ်တို့က ပို၍ ပေါ်လွင်သွားပြီး အလွန်အမင်း ခံ့ညားသောမျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ မျက်စိကျဖွယ် ဖြစ်နေတော့သည်။ သူ့အား မည်သူကမှ အရိပ်သက်တော်စောင့်တစ်ဦးဟု ထင်မှတ်ကြလိမ့်မည် မဟုတ်ချေ။
“မင်းမျက်နှာကို ဖုံးကွယ်ထား။ ထင်ပေါ်လွန်းတယ်။”
ရှောင်းဝေ့ရှင်းက တည်ငြိမ်စွာ ပြောလိုက်၏။
ယိုရှုမှာ မှန်ထဲသို့ပင် တစ်ချက်မှ မကြည့်ရသေးသော်လည်း မင်းသားက ထင်ပေါ်လွန်းသည်ဆိုမှတော့ ထင်ပေါ်လွန်းသည်ပင်။ သူက စကားတစ်ခွန်းမှ မဆိုဘဲ သူ့အင်္ကျီလက်ထဲမှ မျက်နှာဖုံးများ ထုတ်ကာ စတင်ရွေးချယ်လေတော့သည်။ ထို့နောက် ရုပ်အဆိုးဆုံး မျက်နှာဖုံးကို ထုတ်ကာ တပ်လိုက်လေတော့၏။
လော့ယောင်တစ်ယောက် ချက်ချင်းကို မရယ်နိုင်မပြုံးနိုင် ဖြစ်သွားတော့သည်။
ရှောင်းဝေ့ရှင်းကလည်း မနှစ်မြို့စွာ မျက်မှောင်ကြုတ်နေလျက်
“မင်း ဘာကြီးဝတ်ထားတာလဲ။ လဲလိုက်။”
ယိုရှု ခေါင်းကိုကုတ်လိုက်ကာ နာခံစွာဖြင့်ပင် နောက်ထပ်မျက်နှာဖုံးတစ်ခု လဲလိုက်သည်။ သို့သော် ရှောင်းဝေ့ရှင်းက ထိုတစ်ခုကိုလည်း အရုပ်ဆိုးသည်ဟု ထင်နေလေ၏။ ဤသို့ဖြင့် သူ လေးငါးခြောက်ခုလောက်အထိ လဲပြီးမှသာ ရှောင်းဝေ့ရှင်း စိတ်တိုင်းကျသည့် မျက်နှာဖုံးကို တွေ့တော့သည်။ ထိုမျက်နှာဖုံးမှာ ရုပ်ရည်က ချောမောလှသည်မဟုတ် ပုံမှန်သာဖြစ်ပြီး ရှောင်းဝေ့ရှင်း လက်သင့်ခံနိုင်သည့် ရုပ်ရည်ထဲတွင် ရှိလေသည်။
အမျိုးသားဇာတ်လိုက်၏ ရုပ်ရည်အလှအပကို အလွန်အမင်း စွဲလမ်းမှုကလည်း အတော်လေး ခက်ခဲလှပေသည်။ သူက သက်တော်စောင့်တစ်ယောက်သာဖြစ်ပြီး အလှမယ်ရွေးပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူ မဟုတ်ပါပေ။ ထို့အပြင်၊ ယောက်ျားလေးတွေအတွက် အနည်းငယ် ကြမ်းကြမ်းတမ်းတမ်းနိုင်ပြီး ရုပ်ဆိုးတယ်ဆိုတာမျိုးက ပုံမှန်ပဲမလား။
ယိုရှု စိတ်ထဲမှသာ မကျေမနပ် ညည်းတွားနေမိသည်။
အားလုံး ပြင်ဆင်ပြီးသွားသောအခါ ရှောင်းဝေ့ရှင်းသည် မျက်နှာထက်မှ အပြုံးများကို ရုပ်သိမ်းလျက် တည်ငြိမ်အေးဆေးသော ဟန်ပန်ဖြင့် ရထားလုံးပေါ်သို့ တက်လိုက်သည်။
ယိုရှုလည်း ထိုသူအနောက်မှ လိုက်သွားလိုက်၏။ ယခုက သူ့အတွက် ပထမဦးဆုံးအကြိမ် ရထားလုံးကို ပေါ်ပေါ်တင်တင် စီးဖူးခြင်းပင်။ ယခင်ကဆိုလျှင် သူက ရထားလုံး၏ အောက်ခြေတွင်လှဲ၍ လိုက်သွားရခြင်း ဖြစ်သည်။ ယခုမူ အနေအထား ပြောင်းသွားရုံမျှဖြင့် ဆက်ဆံခံရပုံက မိုးနှင့်မြေပမာ ကွာခြားနေခဲ့သည်။ အရိပ်သက်တော်စောင့်ဟူသည် လူမှုအသိုင်းအဝိုင်း၏ အောက်ခြေအကျဆုံးအလွှာတွင် ရှိသည်ဆိုသည်မှာ အမှန်တကယ်ပင် ဖြစ်ပေသည်။
ယိုရှု စိတ်မကောင်းဖြစ်သွားရပြီး နောင်တွင် သူ၏ ညီနောင်များကိုပါ ကျွန်ဘဝမှ ကယ်ထုတ်၍ သာမန်ဘဝဖြင့် နေနိုင်စေရန် ကြိုပမ်းမည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။
***
Aurora Novel Translation Team
အပိုင်း (၁၁.၂)
ရှောင်းဝေ့ရှင်းသည် ရထားလုံးထဲသို့ ရောက်ပြီဆိုတည်းက စိတ်ခံစားချက်မကောင်းတော့ပေ။ သူ၏ ခံ့ညားလှပသော မျက်နှာတွင် စိတ်မရှည်မှုတို့ ထင်ဟန်နေပြီး ဘေးနှစ်ဖက်တွင်ချထားသည့် လက်ကိုလည်း ဖွဖွလေးဆုပ်ထားသည်။ ထိုသူ၏ ပုံစံကို မြင်ရရုံဖြင့်ပင် ယိုရှု သူ့နှလုံးသားထဲမှ နာကျင်မှုကို မှန်းဆနိုင်၏။ အကြောင်းမှာ ရှန့်ဖေးက မယ်တော်မိဖုရားကြီးရှနှင့် ခွေးဧကရာဇ်တို့၏ ဖိအားပေးမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုသို့သော သွေးကြွေးကို ထမ်းပိုးထားရပြီး လက်စားမချေနိုင်သေးသည့်အပြင်၊ ရန်သူတော်၏ မွေးနေ့ပွဲကိုပါ ပျော်ရွှင်စွာ တက်ရောက်ဂုဏ်ပြုပေးရသည်က သားတစ်ယောက်အနေဖြင့်တော့ ခံပြင်းဖွယ်ပင်။ ယင်းက မည်သူမဆို ပြိုလဲသွားနိုင်သည့် ကိစ္စမျိုး ဖြစ်၏။
ယိုရှုသည် သူ့အနေဖြင့် တစ်စုံတစ်ရာ ပြော၍ နှစ်သိမ့်ခြင်း မပြုပေးနိုင်သဖြင့် ထိုသူ အနှောင့်အယှက် မဖြစ်စေရန်အတွက် ငြိမ်သက်စွာနေပေးရင်း အဖော်ပြုပေးနေခဲ့သည်။
ရထားလုံးအား တလိမ့်လိမ့် မောင်းနှင်းလာခဲ့ရင်း နန်းတော်ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။ နန်းတော်ရှေ့တွင် သူတို့အား လူတစ်ယောက်က လာရောက်ကြိုဆိုပြီး မယ်တော်မိဖုရားကြီး နေထိုင်ရာ ကျောက်စိမ်းနန်းဆောင်ဆီသို့ ခေါ်ဆောင်သွားပေးလေသည်။
အပြင်တွင် အေးစိမ့်နေသည်ဆိုသော်ငြား ကျောက်စိမ်းနန်းဆောင်တွင်မူ နွေဦးကာလပမာ နွေးထွေးနေခဲ့သည်။ နန်းဆောင်၏နေရာအနှံ့တွင် မီးသွေးအိုးများ ချထား၏။ ထို့အပြင် နန်းတွင်အစေခံများကလည်း တောက်ပစွာ ဝတ်စားဆင်ယင်ထားကြကာ ပန်းပွင့်လေးများပမာ လှသွေးကြွယ်နေကြသည်။ နန်းဆောင်ထဲမှ ပေါ့ပါးလွတ်လပ်သော ရယ်မောသံတို့ ပျံ့လွင့်နေပြီး အပြင်လောကနှင့်မတူစွာ ဆန့်ကျင်ဘက်လောကကြီးကို ဖြစ်နေတော့သည်။
ယိုရှုသည် မနက်စာစားချိန်က ချီဟန်ပြောခဲ့သည့် ဒုက္ခသည်များအကြောင်းကို ပြန်တွေးမိပြီး ရုတ်တရက် “ချမ်းသာကြွယ်ဝသူတို့၏ နေအိမ်များတွင် အသားနှင့် အရက်တို့ ပုပ်သိုးကုန်သော်လည်း၊ လမ်းဘေးတွင်မူ ဆင်းရဲသားတို့၏ အရိုးများသာ ရှိသည်” ဟူသည့် ကဗျာစာသားကို နားလည်သွားရသည်။
ယခုမှ ဆောင်းတွင်းကာလ၏ အစပိုင်းနေ့ရက်များသာ ရှိသေးသော်လည်း မယ်တော်မိဖုရားကြီး၏ နန်းဆောင်တွင်တော့ ဤမျှအထိ ဇိမ်ကျစွာ နေနေကြလေပြီ။ ဆောင်းနှောင်းကာလများသို့ ရောက်လျှင်မူ သာ၍ပင် ဖြုန်းတီးကြပေလိမ့်ဦးမည်။
ရှောင်းဝေ့ရှင်းသည် တံခါးဝနား၌ပင် စိတ်ခံစားချက်များကို ပြင်ဆင်လိုက်ပြီး မည်သည့်အဖြစ်အပျက်များမှ မဖြစ်ပျက်ခဲ့သည့်အလား မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကို ဆင်မြန်း၍ နန်းဆောင်ထဲသို့ ဝင်သွားခဲ့သည်။ ယိုရှုမှာ မျက်လုံးပင် ဝင့်မကြည့်ရဲသဖြင့် သူ့အား ကူတွဲပေးကာသာ ခေါ်ဆောင်သွားပေးလိုက်၏။ သူသည် သားမွေးအင်္ကျီထူထူအောက်မှပင် ထိုသူ၏ နာကျည်းမုန်းတီးမှုများကို ခံစားမိနေခဲ့သည်။
မယ်တော်မိဖုရားကြီးက ရှောင်းဝေ့ကျင်းနှင့် စကားပြောနေလေသည်။ သူ(မ)က မော့ကြည့်လိုက်စဉ် ရှောင်းဝေ့ရှင်း လာနေသည်ကို မြင်သောအခါ ကြင်နာစွာ ပြုံး၍ ဆို၏။
“အို ဘယ်သူရောက်လာတာပါလိမ့် ကြည့်ပါဦး။ ဒီမယ်မယ်တို့ရဲ့ မင်းသား ၇ လည်း နောက်ဆုံးတော့ အိမ်တော်ထဲက ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။”
“ကျွန်တော်မျိုးကို မစပါနဲ့ မယ်တော်မိဖုရား။”
ရှောင်းဝေ့ရှင်း ထိုင်လိုက်သည်နှင့် သူ ချွတ်လိုက်သည့် သားမွေးဝတ်ရုံကို နန်းတွင်းအစေခံများက လာယူသွားပြီး လက်ကိုင်အနွေးအိုးတစ်ခု ယူလာပေးလေသည်။ သူက နှစ်ချက်လောက် ချောင်းဆိုးလိုက်ပြီးမှ ပြောလိုက်၏။
“အပြင်မှာ သိပ်အေးနေတာဆိုတော့ ကျွန်တော်မျိုးလည်း အပြင်ထွက်ပြီး သွားသွားလာလာ မလုပ်ဝံ့ပါဘူး။”
မယ်တော်မိဖုရားကြီးသည် အလှအပကို သေချာထိန်းသိမ်း၍ နေခဲ့သူဖြစ်၍ သက်တော်ငါးဆယ်နီးပါးသို့ ရောက်နေသော်လည်း ကြည့်ကောင်းနေဆဲပင်။ သူ(မ)က ခဏလောက် ရှောင်းဝေ့ရှင်းကို စနောက်ပြီးသည်နှင့် နန်းဆောင်ထဲမှ လူငယ်မျိုးဆက်သစ်များကို ကြည့်ကာ စိတ်ကျေနပ်စွာ ပြောလိုက်လေသည်။
“ခဏနေပြီးတာနဲ့ မပြန်လိုက်ကြနဲ့။ ဒီမယ်မယ်ကို အဖော်ပြုပေးပြီး တေးသံစဉ်တွေ နားဆင်သွားကြဦး။ မြို့တော်ကိုရောက်နေတဲ့ အကအဖွဲ့တစ်ဖွဲ့ရှိတယ်။ အားလုံး မကြည့်ဖူးကြလောက်ဘူး။”
ရှောင်းဝေ့ကျင်းက အလိုက်သင့်နေတတ်သူ ဖြစ်ပြီး လူ့အကြိုက်ကို သိသဖြင့် မယ်တော်မိဖုရားကြီးအား မြှောက်ပင့်ပြောဆိုနေလေရာ၊ မယ်တော်မိဖုရားရှတစ်ယောက် အလွန်ကို ကျေနပ်နေကာ ရယ်မောနေတော့သည်။ ရှောင်းဝေ့မင်ကမူ နဂိုတည်းက မယ်တော်မိဖုရားရှ သဘောကျသူ မဟုတ်သဖြင့် သစ်သီးများသာ စားနေသည်။ ရှောင်းဝေ့ရှင်းသည် ထိုသူတို့၏ စကားဝိုင်းကို နားထောင်နေခဲ့ရင်း ခပ်ဖွဖွသာ ပြုံးနေခဲ့လေရာ သူ၏ ပုံရိပ်မှာ ငြိမ်သက်အေးချမ်းလှပြီး နတ်ဘုရားတစ်ပါး၏ပန်းချီကားတစ်ချပ်နှယ် ဖြစ်နေသည်။
မယ်တော်မိဖုရာကြီးထက် နိမ့်သည့် ခုံတွင်မူ ယခုလက်ရှိ ဧကရီမိဖုရားဖြစ်သူ အမတ်ချုပ်ကြီးရှ၏ သမီး ရှလင်းဝေ ထိုင်နေသည်။ သူ(မ)က နူးညံ့သိမ်မွေ့ကာ အကျင့်စရိုက်ကောင်းမွန်သူ ဖြစ်၏။ သူ(မ)သည် မယ်တော်မိဖုရားကြီးနှင့် ရယ်ရယ်မောမော စကားပြောနေခဲ့သည်ဆိုသော်ငြား စိတ်ပါလှသည့်ပုံ မပေါ်ချေ။ ထို့အပြင် သူ(မ)က နံဘေးတွင် ထိုင်နေသည့် လော်ကွေ့ဖေးလောက် ထင်ထင်ပေါ်ပေါ် မရှိလေရာ အရောင်အဝါ မှေးမှိန်နေသလိုပင်။
ယိုရှုက ရှောင်းဝေ့ရှင်းနှင့် သိပ်မဝေးသောနေရာတွင် ကျောက်ရုပ်ပမာ မတ်တတ်ရပ်နေ၏။ သူက နန်းဆောင်တစ်ခုလုံးအား မျက်ဝန်းထောင့်မှ ကြည့်ရင်း အကဲခတ်နေခဲ့သည်။ နန်းဆောင်ထဲတွင် လူတိုင်းက ရယ်ကာမောကာ စကားပြောနေကြပြီး မယ်တော်မိဖုရားကြီး၏ မွေးနေ့ပွဲကို ဂုဏ်ပြုချီးမြှင့်နေကြသယောင် ပြုမူနေကြသော်လည်း၊ အမှန်စင်စစ် အားလုံးတွင် ကိုယ့်အကြံအစည်နှင့်ကိုယ် ရှိနေကြသည်သာ။
ခဏကြာသောအခါ ရှောင်းဝေ့ရှန်ပါ ရောက်လာလေပြီ။ လူတိုင်းက သူ့အား ဒူးထောက်ဦးညွှတ်လိုက်ကြ၏။ ရှောင်းဝေ့ရှန်က ပြုံးလျက်ဖြင့် နန်းဆောင်ထဲသို့ ဝင်လာပြီး အားလုံးအား မတ်တတ်ရပ်နိုင်ပြီဖြစ်ကြောင်း ပြောလိုက်သည်။ သူက နန်းဆောင်ထဲသို့ တစ်ချက်ကြည့်လိုက်ပြီးသည်နှင့် မယ်တော်မိဖုရားကြီး၏နံဘေးတွင် ထိုင်လိုက်သည်။ သို့သော် သူက ဧကရီမိဖုရားရှနှင့် နီးသောနေရာတွင် မထိုင်ဘဲ လော်ကွေ့ဖေး၏ အနားသို့ ကပ်ထိုင်ခဲ့လေသည်။
မယ်တော်မိဖုရားကြီးရှသည် ထိုလုပ်ရန်အတွက် ဘဝင်မကျ ဖြစ်သွားကြောင်း သိသာလှသော်လည်း ဘာစကားမှ မဆိုခဲ့ချေ။
ဧကရီမိဖုရား၏ မျက်နှာထက်တွင်မူ မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူ(မ)က မည်သူမှ အာရုံရှိမနေသည့်အချိန်တွင် ရှောင်းဝေ့ရှင်းအား မသိမသာ ခိုးကြည့်နေခဲ့၏။ သို့သော် ရှောင်းဝေ့ရှင်းကမူ သူ(မ)အား တစ်ချက်သော်မျှ ဝေ့မကြည့်ခဲ့ဘဲ၊ ဧကရီမိဖုရားတစ်ပါးအား သတိပြုမိဟန်ပင် မရချေ။
ဧကရီမိဖုရားရှ၏ မျက်ဝန်းထဲတွင် စိတ်ပျက်သည့်အရိပ်အယောင်တို့ ယှက်သမ်းသွား၏။
ယိုရှု အချိန်ကို တွက်ကြည့်လိုက်ပြီး အချိန်တန်ပြီဟု တွေးလိုက်သည်။
အမှန်ပင် ဖြစ်၏။ သူ တွေးပြီးခဏကြာသည်နှင့် မယ်တော်မိဖုရားကြီးက ဆိုသည်။
“လွန်ခဲ့တဲ့ရက်ကပဲ ဧကရီက ဒီမယ်မယ်ကိုပြောတယ်။ သားတော်က မင်းသား ၇ ရဲ့ မင်္ဂလာကိစ္စအတွက် စိုးရိမ်ပူပန်နေတယ်တဲ့။ ဒါကြောင့်ပဲ သူ(မ)က မျိုးရိုးကောင်းမိန်းကလေးတွေ ရွေးထားပေးပြီးပြီဆို။”
ရှောင်းဝေ့ရှန်က ပြုံးလျက်နှင့် ဆိုသည်။
“အဟုတ်ပါပဲ မယ်တော်။ ညီတော် ၇ က ကျန်းမာရေး ချူချာတယ်ဆိုတော့ အရပ်ဓလေ့တွေအတိုင်း မင်္ဂလာပွဲကျင်းပပြီး ပျော်ပွဲရွှင်ပွဲလုပ်လိုက်ရင် ကျန်းမာရေးကောင်းလာမလားလို့ တွေးမိလို့ပါ။ ဒီဧကရာဇ်မှာ အဲဒီကိစ္စကိုပဲ ပူပန်နေရတာ။”
မည်သူကမှ သူ့အဆိုကို နားထောင်ကြမည်မဟုတ်မှန်း ရှောင်းဝေ့ရှင်း သိ၏။ သူ စိတ်ထဲမှသာ ခပ်လှောင်လှောင် ရယ်လိုက်မိပြီး မတ်တတ်ထရပ်လိုက်ကာ တောင်းဆိုလိုက်သည်။
“အစ်ကိုတော်ဧကရာဇ် ကျွန်တော်မျိုးကို မစပါနဲ့။ ကျွန်တော်မျိုး တကယ်ပဲ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိပါဘူး။”
သို့သော် မည်သူကမှ သူ၏အဆိုကို နားမထောင်ကြချေ။ မယ်တော်မိဖုရားကြီးက သူ(မ)သဘောကိုသာ ဆက်ပြောနေ၏။
“ဒီမယ်မယ်တို့ရဲ့ ရှမျိုးရိုးထဲမှာ လက်ထပ်ရမဲ့ အသက်အရွယ်ရောက်နေတဲ့ သမီးပျိုလေးတွေ ရှိတယ်ဆို။ ယင်ရှုက ဒီနှစ်ဆို ဆယ့်ခြောက်နှစ် ပြည့်ရောပေါ့ ဟုတ်တယ်မလား။ သူ(မ)ကိုလည်း လက်ဆက်ပေးရတော့မှာပဲ။”
ဧကရီမိဖုရားရှက ခေါင်းညိတ်လိုက်ကာ ပြောသည်။
“ယင်ရှုက တကယ်ပဲ ဆယ့်ခြောက်နှစ် ပြည့်ပါပြီ မယ်တော်။”
သူ(မ)တို့၏ လေသံက ရှောင်းဝေ့ရှင်းအတွက် အကျိုးအမြတ်များ ပေးနေသယောင် လေသံမျိုး ဖြစ်နေသော်လည်း တကယ်တမ်းကျ ရှယင်ရှုသည် ရှမျိုးရိုးထဲမှ မျက်နှာသာပေးမခံရသည့် တရားမဝင်ကလေးတစ်ယောက်သာ ဖြစ်သည်။ ရှောင်းဝေ့ရှင်းကဲ့သို့ မင်းသားတစ်ပါးသည် အာဏာအရှိန်အဝါ မရှိစေဦးတော့၊ တရားမဝင်ကိုယ်လုပ်တော်တစ်ယောက်မှ မွေးသည့် တရားမဝင်သမီးတစ်ယောက်နှင့် လက်ထပ်ရမည့် အဆင့်အတန်းမျိုးတော့ မဟုတ်ချေ။ မယ်တော်မိဖုရားကြီးက ရှောင်းဝေ့ရှင်းအား စိတ်ဒုက္ခရောက်စေလို၍ ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းသာ ဖြစ်ပေ၏။ သူ(မ)၏ အပြုအမူက သူ(မ) မည်မျှအထိ ကောက်ကျစ်ယုတ်မာကြောင်းကို ဖော်ပြနေသည်။
ယိုရှုသည် အမျိုးသမီးဇာတ်လိုက် ပေါ်ထွက်လာမည့်အချိန်ကို မျှော်လင့်တောင့်တနေမိခဲ့သည် ဆိုသော်ငြား၊ ထိုလူများ အစုလိုက်အဝေးလိုက်ဖြင့် ရှောင်းဝေ့ရှင်းအား အနိုင်ကျင့်စော်ကားနေကြသည်ကို မြင်သောအခါ တိတ်တဆိတ်ဖြင့် လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ရှောင်းဝေ့ရှင်း ထိုင်ခုံတွင် တစ်ကိုယ်တည်း ထိုင်နေကာ အခွင့်အာဏာမဲ့နေပုံက လွန်စွာမှ အထီးကျန်ဖွယ် ဖြစ်နေသည်။
သူ၏ သဘောထားက မရေးမပါပါချေ။ အကြောင်းမှာ အားလုံးက သူ၏သဘောထားကို အရေးစိုက်နေကြမည် မဟုတ်၍ပင်။
ယိုရှု ထိုသူအတွက် စိတ်မကောင်းဖြစ်လာရ၏။
***
စာရေးသူမှာ ပြောစရာ ရှိပါတယ်။
ယိုရှု: ဇာတ်လိုက်မင်းသား ကူကယ်ရာမဲ့နေတဲ့ပုံက တကယ်ကို သနားစဖွယ်လေးပါလား။ သူ့မှာ ငါပဲ ရှိရှာတာ! ငါ သူ့ကို ကာကွယ်ပေးရမယ်!
ရှောင်းဝေ့ရှင်း: မင်းဘာတွေ ဇာတ်လမ်းဆင်နေတာလဲကွာ။
***
Aurora Novel Translation Team