အပိုင်း (၁.၁)
ညည့်ယံသို့ ရောက်နေလေပြီ။
အခန်းထဲမှ မှိန်ပျပျ ဖယောင်းတိုင်မီးအောက်တွင်၊ ယိုရှုသည် အမည်းရောင်ဝတ်စုံကို ဝတ်ထားလျက် စာရေးစားပွဲတွင်ထိုင်နေကာ မီးသွေးခဲတံကို ကိုင်ရင်း သဲသဲမဲမဲ စာရေးနေခဲ့သည်။ မီးအိမ်ထဲမှ မီးတောက်သေးသေးလေး၏ အလင်းရောင်အောက်တွင် ထိုသူ၏ တည်ငြိမ်နေသော အမူအရာကို မြင်နေရမည်ဖြစ်ပြီး၊ သူ၏ပုံစံက တစ်စုံတစ်ရာကို အလေးအနက် လုပ်ဆောင်နေသယောင်။
‘..နှစ်၊ ..လ၊ ..နေ့မှာ ရာသီဥတု သာယာနေခဲ့တယ်။’
‘ဒီနေ့လည်း လေ့ကျင့်ရေးကို ရာခိုင်နှုန်းအပြည့်နဲ့ ပြီးဆုံးသွားခဲ့ပြန်ပြီ။ အရိပ်သက်တော်စောင့်ခေါင်းဆောင်ကလည်း ငါ့ကို အတော်လေး ကျေနပ်နေပြီး နောင်တစ်ချိန်မှာ ကြီးမားတဲ့လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်မဲ့သူလို့ ပြောခဲ့တယ်။ သူက ငါ့ကို ဥပမာပေးပြီးတောင် ပြောခဲ့သေးတယ်။ ငါ တည်တည်ငြိမ်ငြိမ်ပဲ နေနေခဲ့တယ်ဆိုပေမဲ့၊ အမှန်အတိုင်းပြောရရင် သူ့အမြင်က မှန်ပါတယ်လေ။’
‘အရိပ်သက်တော်စောင့်ခေါင်းဆောင်ဘက်ကနေ ငါ့ကို လက်တွေ့ကျတဲ့ အကျိုးခံစားခွင့်တွေပဲဖြစ်ဖြစ်၊ လစာကို နှစ်ဆတိုးပေးတာပဲဖြစ်ဖြစ် လုပ်ပေးရင်တော့ ပိုကောင်းလိမ့်မယ်။’
လူငယ်လေးသည် ထိုစာကြောင်းကို ရေးပြီးသည်နှင့် ရပ်လိုက်ပြီး သူ ရေးထားသောစာကို ပြန်ဖတ်ကြည့်လိုက်ပြီးနောက် မီးသွေးခဲတံကို ပြန်ကိုင်ကာ နောက်ထပ်စာကြောင်းတစ်ကြောင်း ထပ်ရေးလိုက်လေသည်။
‘ပြီးတော့၊ ငါက ဒီနေ့ မနေ့ကထက်ပိုပြီးတော့ ကြည့်ကောင်းနေသလိုပဲ။’
စာရေးပြီးသောအခါမှ သက်ပြင်းချလိုက်ပြီး မတ်တတ်ထရပ်လိုက်ကာ အကြောဆန့်လိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်၍ ခုတင်အောက်မှ သံသေတ္တာကို ဆွဲထုတ်လိုက်၏။ သူသည် စာအုပ်ကို သေတ္တာထဲသို့ ဂရုတစိုက်နှင့် ထည့်လိုက်သည်။ သေတ္တာထဲတွင် အလားတူ စာအုပ်များစွာကို ဝိုးတဝါး တွေ့နိုင်မည်ဖြစ်ပြီး၊ မတူညီသော နံပါတ်စဉ်များ တပ်ထားလေ၏။
သူက စာအုပ်ကို သေတ္တာထဲသို့ ထည့်ပြီးသည်နှင့် ခုတင်အောက်သို့ ပြန်ထည့်ထားလိုက်ပြီး အိပ်ရာပေါ်သို့ တက်လိုက်ကာ လက်ဝါးဖြင့် ခတ်လိုက်ရင်း ဖယောင်းတိုင်ကို မီးငြိမ်းလိုက်သည်။ ထို့နောက် မျက်ဝန်းများကို မှိတ်ထား၍ ခဏလောက် တရားမှတ်နေခဲ့ပြီးနောက် အိပ်ပျော်သွားခဲ့လေပြီ။ သူ၏ ကောင်းမွန်စွာ အိပ်စက်အနားယူတတ်သည့်အကျင့်ကလည်း အကျင့်ကောင်းတစ်ခုသာ ဖြစ်လေ၏။
သူသည် အိပ်မက်ကင်းစွာဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပေ၏။
နောက်တစ်နေ့မနက်ရောက်၍ မိုးလင်းသောအခါ၊ ယိုရှုတစ်ယောက် နိုးနေပြီဖြစ်ကာ လှုပ်လှုပ်ရှားရှား ဖြစ်နေလေပြီ။ သူ ယမန်နေ့က ဝတ်ထားသည့် ဝတ်စုံကိုသာ ပြန်ဝတ်လိုက်ပြီး တံခါးဖွင့်၍ အခန်းငယ်လေးထဲမှ ထွက်လာခဲ့၏။ တံခါးအပြင်ဘက်သို့ ရောက်သောအခါ ရပ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ဆောင်းဦးနှောင်းပိုင်းကာလ၏ မနက်ခင်း လေပြည်က အေးမြနေပြီး နှင်းမှုန်များ၏ အငွေ့အသက်ကို ခံစားရစေ၏။ သူ၏ အဆုတ်တစ်ခုလုံးတွင် နှင်းမှုန်များ၏ စိုစွတ်မှုများနှင့် ပြည့်နှက်သွားသည့်နှယ် ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းပေါ့ပါးသွားသည်။
ရှေးခေတ်ကာလတွင် ဆိုးရွားမှုပေါင်း အခုတစ်သောင်းလောက် ရှိနေသည်ဆိုသော်ငြား၊ လေကောင်းလေသန့်ရနိုင်မှုကတော့ အမှန်တကယ်ကို အံ့လောက်ဖွယ်ပင်။
တစ်ဖက်ဘေးခန်းစီမှ ယိုရှုကဲ့သို့ အမည်းရောင်ဝတ်စုံကို ဝတ်ထားသည့် လူတစ်ယောက် ထွက်လာ၏။ ထိုသူက ယိုရှုကို မြင်သည်နှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်လေသည်။
“အရိပ်သက်တော်စောင့်သုံး။ မင်း ဒီနေ့ အစောကြီး နိုးနေပါလား။”
ယိုရှု လှည့်ကြည့်လိုက်ပြီး သူ့အနောက်မှသူကို မြင်သောအခါ ခပ်တည်တည်မျက်နှာပေးနှင့်ပင် ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။
အရိပ်သက်တော်စောင့်လေးက ရှေ့သို့လျှောက်လာပြီး ပျင်းရိစွာ အကြောဆန့်နေခဲ့ကာ သမ်းဝေလျက် ဗလုံးဗထွေး ပြော၏။
“ငါကြားထားတာ ဒီနေ့ လေ့ကျင့်ရေး နှစ်ဆလုပ်ရမှာတဲ့။ ကံဆိုးတာပဲကွာ။”
ယိုရှုက ထိုသူကို ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြောလိုက်သည်။
“မင်း မနေ့က အချောင်ခိုနေတာကို ခေါင်းဆောင် တွေ့သွားတာကို၊ အဲလိုဆိုမှတော့ နှစ်ဆ လုပ်ရပြီပေါ့။”
“မင်း စကားကောင်းလေးများ ပြောပေးလို့ မရဘူးလားကွာ။ ခေါင်းဆောင်က မင်းကို သဘောကျတယ်ဆိုတာ လူတိုင်း သိပါတယ်…..”
အရိပ်သက်တော်စောင့်လေးက ခပ်တိုးတိုး ပြောလိုက်ပြီးနောက် ယိုရှု၏ ခါးကို ထိလိုက်ကာ
“မင်းရဲ့ခါးက တော်တော်သွယ်တာပဲကွ။”
ယိုရှု ထိုသူ၏လက်ကို ပုတ်ထုတ်ပစ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“ယောက်ျားလေးတစ်ယောက်ရဲ့ခါးကို လက်လွတ်စပယ် မကိုင်စမ်းနဲ့။”
အရိပ်ကိုယ်ရံတော်လေးခမျာ မျက်လုံးသာ လှန်လိုက်မိတော့၏။
“မင်းကလည်း ပိုလိုက်တာကွာ။”
သူတို့ စကားပြောနေသည့်အချိန်တွင်ပင် တခြားအခန်းများကလည်း တစ်ခန်းပြီးတစ်ခန်း တံခါးများ ဖွင့်လာကြပြီဖြစ်သည်။ ညီနောင်များအားလုံး အခန်းထဲမှ ထွက်လာပြီး လျှောက်လာကြ၏။ ဤသို့ဖြင့် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်စကားဆိုပြီးသောအခါတွင်တော့ အသီးသီး လေ့ကျင့်ရေး လုပ်နေကြကာ စကားမပြောကြတော့ပေ။ အကြောင်းမှာ အချောင်ခိုနေသူတိုင်းကို အပြစ်ပေးမည်ဖြစ်၍ပင်။
ယိုရှုက အရိပ်သက်တော်စောင့်များထဲတွင် တတိယအဆင့်ဖြစ်၏။ ထို့ကြောင့် သူ၏ လျှို့ဝှက်အမည်က အရိပ်သက်တော်စောင့်သုံး ဖြစ်သွားရခြင်း ဖြစ်သည်။ တခြားသူများကိုလည်း သူတို့၏ ခွန်အားအဆင့်အလိုက်သာ အမည်ပေးထားခြင်း ဖြစ်ပြီး၊ တစ်ယောက်နှင့်တစ်ယောက် နာမည်အရင်းပင် မသိကြ။ လေ့ကျင့်ရေး ပြီးသွားသောအခါ ထမင်းစားဆောင်သို့ အတူတကွ သွားကြသည်။ အားလုံး သူ့အလုပ်နှင့်သူ ရှိနေကြပြီး နှောင့်နှေးနှေးလုပ်နေရန် အချိန်မရှိကြပေ။
နေ့စဉ်နေ့တိုင်း ယိုရှု အစောင့်မျှော်ဆုံးသော အချိန်ကတော့ အစားစားချိန်သာ ဖြစ်၏။ အကြောင်းမှာ စားဖိုဆောင်တွင် အရိပ်သက်တော်စောင့်တပ်ဖွဲ့အတွက် ချက်ပြုတ်ပေးသည့် စားတော်ကဲက တော်တော်လေး ကောင်းကောင်းမွန်မွန် ချက်ကျွေး၍ ဖြစ်သည်။ သူ(မ)သည် လက်ရာကတော့ အကောင်းကြီးမဟုတ်သော်ငြား ပမာဏအရတော့ ရက်ရက်ရောရော ရှိလှသည်ဟု ဆိုရမည်။ အသားကျွေးသည့်နေရာတွင်လည်း ဘယ်သောအခါမှ တွန့်တိုနေခြင်း မရှိဘဲ ဝက်ခြေထောက်ကြီးများ၊ ဘဲပေါင်ကြီးများနှင့် ငါးပေါင်းများ စသည်ဖြင့် နေ့စဉ်နေ့တိုင်း မရိုးရအောင် အမျိုးမျိုး ချက်ပြုတ်ကျွေးတတ်၏။ ကျောင်းကန်တင်းမှ အဒေါ်ကြီးများကဲ့သို့ လက်တုန်နေခြင်းမျိုး မရှိချေ။ သို့ဖြစ်ရာ စားချင်သောက်ချင်စိတ် များလှသည့် အရွယ်ရောက်ခါစ လူငယ်များအတွက်တော့ စိတ်ကျေနပ်စရာ ဖြစ်နေတော့သည်။
စားသောက်ဆောင်မှ စားတော်ကဲအဒေါ်ကြီးသည် ယခင်က ဝက်မွေးခဲ့ဖူးသည် ဖြစ်ရမည်။ ယနေ့အတွက် မနက်စာတွင် ကြက်ပေါင်များ ပါဝင်ပြီး တစ်ယောက်လျှင် နှစ်ပေါင်နှုန်းနှင့် ကျွေး၏။ ထို့အပြင် ပေါက်စီလေးလုံး၊ ဆန်ပြုတ်နှစ်ပန်းကန်၊ အရံဟင်း သုံးမျိုး၊ ကြက်ဥနှင့် အစာသွပ်မုန့်တစ်ပန်းကန်ပါ ပါသေးသည်။ ယိုရှုတစ်ယောက် သူ၏ အစားအသောက်ဗန်းကို ကြည့်ရင်း အလွန်ကို သဘောခွေ့နေတော့၏။
ယနေ့က သူ တာဝန်ကျသည့်နေ့ဖြစ်၍ မနက်စာကို ငါးမိနစ်နှင့်အပြီး စားရမည် ဖြစ်သည်။ ထို့နောက် သူသည် ညီနောင်များကို ခေါင်းညိတ်နှုတ်ဆက်ခဲ့ပြီးသည်နှင့် ပြောင်သလင်းခါ၍ သူ့မျက်နှာထက်ပင် ပြောင်လက်နေသော အစားအသောက်ဗန်းကို ပြန်ထားခဲ့ကာ ခေါင်းဆောင်ထံ သတင်းပို့ရန် ထွက်လာခဲ့တော့သည်။ ယနေ့ သူနှင့်အတူ တာဝန်ကျသည့်သူက အရိပ်သက်တော်စောင့်ငါး ဖြစ်၏။
သူတို့နှစ်ယောက်သည် မင်းသားအိမ်တော်ဆီသို့ အလွန်လျင်မြန်စွာ ရောက်လာကြပြီး၊ မြေပြင်ထက်တွင် ခြေရာပင် မကျန်စေရပေ။ သူတို့အနေဖြင့် မင်းသား နိုးမလာခင် တာဝန်ချိန်ပြောင်းပြီးသား ဖြစ်နေရမည် ဖြစ်၏။ အရိပ်သက်တော်စောင့်နှစ်နှင့် အရိပ်သက်တော်စောင့်ရှစ်တို့က ယမန်ညက တစ်ညလုံး အပြင်ဘက်တွင် စောင့်ကြပ်နေကြရခြင်း ဖြစ်ပြီး၊ ယိုရှုနှင့် အရိပ်သက်တော်စောင့်ငါးတို့ ချောချောမွေ့မွေ့ရောက်လာပြီဆိုပါမှ ပြန်အိပ်နိုင်မည် ဖြစ်သည်။
အရိပ်ကိုယ်ရံတော်နှစ်သည် မထွက်သွားခင်တွင် ယိုရှု၏ခေါင်းကို ဖွဖွလေးပုတ်လျက် သတိပေးလိုက်သည်။
“ဒီမနက် မင်းသား စိတ်အခြေအနေ မကောင်းဘူး။ အမှားမလုပ်မိစေအောင် သေချာဂရုစိုက်။”
ယိုရှု စိတ်မသက်မသာဖြစ်စွာ ခေါင်းကိုရှောင်လိုက်သည်။
“သိပါပြီ။ ပြီးတော့ ငါ မင်းကို ခေါင်းကို လာမကိုင်ပါနဲ့လို့ ပြောထားတယ်လေ။”
အရိပ်သက်တော်စောင့်နှစ်၏ မျက်ဝန်းအစုံတို့ ပြုံးရိပ်သမ်းသွားခဲ့ပြီးနောက်၊ ထိုသူသည် လှည့်ထွက်သွားကာ ခြံဝင်းထဲမှ အလျင်အမြန် ခုန်ထွက်သွားလေပြီ။
ယိုရှုတစ်ယောက် ပြတင်းပေါက်အောက်တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း စိတ်ရှည်စွာ စောင့်နေလိုက်တော့၏။ ထို့နောက် သူ အချိန်ကို ကြည့်လိုက်ရင်း စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေလိုက်သည်။
‘တစ်….နှစ်…သုံး။”
နောက်တစ်စက္ကန့်အကြာတွင် တံခါးဖွင့်လာပြီး အမျိုးသားတစ်ယောက် နန်းဆောင်ထဲမှ ထွက်လာလေပြီ။
ယိုရှုက စည်းကမ်းလိုက်နာသူတစ်ယောက် ဖြစ်၏။ နိမ့်ကျသည့် အရိပ်သက်တော်စောင့်တစ်ယောက်က အရှင်ဖြစ်သူ၏ ခွင့်ပြုချက်မရှိပါဘဲ အရှင်ကို မော်ဖူးခွင့် မရှိချေ။ သို့ပေသည့် သူသည် မော့မကြည့်လျှင်ပင် ထိုအမျိုးသား၏ ရုပ်ရည်သွင်ပြင်ကို သိနေပါ၏။
မင်းသားလင်း တစ်ဖြစ်လည်း ရှောင်းဝေ့ရှင်းဆိုသူသည် ယနေ့တွင် လရောင်ကဲ့သို့ စွတ်စွတ်ဖြူကာ ငွေမှင်ရောင်သမ်းနေသည့် ဝတ်စုံကို ဝတ်ထားပြီး၊ တောက်ပနက်ပြောင်နေသည့် ဆံပင်ရှည်များကို ကျောပြင်တွင် ဖြန့်ချထားလေသည်။ သူသည် တခြားအရွယ်ရောက်ပြီးသား အမျိုးသားများကဲ့သို့ ခေါင်းတွင် အဆင်တန်ဆာ မဆင်မြန်းထားလေရာ ထိုပုံစံက သူ့ကို ပို၍ နုနယ်ဖြူဖျော့နေစေသည်။ သူသည် ဝတ်ရုံအပေါ်တွင် ခြုံလွှာပါးပါးတစ်ထည် ခြုံလွှားထားခဲ့ပြီး ခါးတွင်လည်း ကျောက်စိမ်းအဆင်တန်ဆာတစ်ခု ချိတ်ဆွဲထားလေသည်။ သူက အရပ်ရှည်ရှည် ပိန်သွယ်သွယ်နှင့် ဖြစ်ပြီး တော်ဝင်ဆန်ဆန် ဟန်ပန်နှင့် ခံ့ညားထည်ဝါသော အသွင်အပြင်မျိုး ရှိလေသည်။
မင်းသားလင်းမှာ မြို့တော်၏ အချောဆုံးအလှဆုံးသော ယောက်ျားဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ကို ထိုက်တန်လှပါ၏။ သူ၏လှပသောမျက်နှာ၊ ကြည်စင်နေသော မျက်ဝန်းများနှင့် ကြည့်ကောင်းသော မျက်ခုံးတို့က ပန်းချီကားတစ်ချပ်နှယ် လှပတင့်တယ်ပေ၏။ ထို့အပြင် အမျိုးသမီးတစ်ဦးကဲ့သို့ နုဖတ်နေခြင်းမျိုးလည်းမဟုတ်သလို သာမန်အမျိုးသားများကဲ့သို့ ကြမ်းတမ်းနေခြင်းမျိုးလည်း မရှိပေ။ သို့ဖြစ်ရာ သူ့ကိုမြင်သည့် အမျိုးသမီး၊ အမျိုးသားတိုင်းက တစ်မျိုးတစ်ဖုံ စိတ်ကူးယဉ်မိတတ်ကြစမြဲပင်။ သူသာ နှစ်ပေါင်းများစွာ နာမကျန်းဖြစ်နေခဲ့သူ မဟုတ်လျှင်၊ မင်းသားအိမ်တော်၏ အနောက်နန်းဆောင်တွင် ခစားခွင့်ပြုပါရန် တောင်းဆိုလာကြမည့်သူများက မြို့တံတိုင်းထက်ပင် ကျော်လွန်နိုင်သည်။
ယနေ့မနက်တွင် မင်းသားလင်းသည် အရိပ်သက်တော်စောင့်နှစ် ပြောခဲ့သည့်အတိုင်း စိတ်မကြည်မလင် ဖြစ်နေလေ၏။ သူသည် မနက်ခင်း တံခါးဖွင့်လိုက်စဉ်တည်းက မျက်မှောင်များ ကြုတ်ထားပြီး လူတိုင်းကို စိတ်တိုင်းမကျ ဖြစ်နေသည့်ဟန် ရသည်။ သူ၏အပါးတော်မြဲ သက်တော်စောင့်များဖြစ်သည့် ချီဟန်နှင့် ဝမ်ချန်တို့သည်ပင် သူတို့ပါ ဒုက္ခရောက်သွားမည်စိုး၍ စကားတစ်ခွန်းမှ မဟရဲကြချေ။
“မနေ့ညက ငါ့ရဲ့အစ်ကိုတော် ရူးသွပ်သွားပြန်တယ်ဆို။”
ရှောင်းဝေ့ရှင်းက ခန့်မှန်းရခက်သော အမူအရာဖြင့် တံခါးနားတွင် မတ်တတ်ရပ်နေခဲ့၏။ သူက အချိန်အတော်ကြာပြီးမှ ထိုစကားကို ပြောခဲ့ခြင်းဖြစ်သည်။ သူ၏အစေခံ ဟွားချွမ်က ခြုံလွှာတစ်ထည် လာခြုံပေးသောအချိန်တွင်လည်း စိတ်မရှည်စွာ ပုတ်ထုတ်ပစ်လိုက်သဖြင့် ထိုခြုံလွှာက ပြတင်းပေါက်နားတွင် ထိုင်နေသည့် ယိုရှု၏ခေါင်းပေါ်သို့ လွင့်လာသည်။
ယိုရှု: “…….”
ယိုရှုမှာ ယခုမှ OCD က ထကြွလာရပြီး၊ ခေါင်းပေါ်မှ ခြုံလွှာကို ပစ်ချချင်စိတ် ဖြစ်နေရသည်။
သို့သော် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားမည်စိုး၍ မလုပ်ဝံ့ပါပေ။
***
Aurora Novel Translation Team
အပိုင်း (၁.၂)
ချီဟန်က ဦးညွှတ်ထားရင်း ဂရုတစိုက်နှင့် ဖြေလေ၏။
“မနေ့ညက ကျွန်တော်မျိုးတို့ရဲ့လူတွေ…..ကျရှုံးသွားပါတယ်။”
ရှောင်းဝေ့ရှင်း၏ မျက်ဝန်းများ သုန်မှုန်သွားခဲ့ပြီး ဆဲရေးလိုက်သည်။
“အသုံးမကျတဲ့ အမှိုက်တွေ။”
“သက်သေကျန်ခဲ့လား။”
ချီဟန် ခေါင်းခါပြလိုက်ပြီး
“မကျန်ခဲ့ပါဘူး အရှင်။ သူ့ကို ဖမ်းမမိခင်မှာဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပါ။ ဘာသက်သေမှ မကျန်ခဲ့ပါဘူး။”
ထိုအခါမှ ရှောင်းဝေ့ရှင်း၏ အမူအရာက အနည်းငယ် ကောင်းမွန်လာခဲ့သည်။
သို့သော် ထောင့်ကျကျနေရာတွင် ထိုင်ရင်း အကြောင်းအရာတစ်ခုလုံးကို နားထောင်နေခဲ့ရသည့် ယိုရှုအဖို့တော့ စိတ်မအေးနိုင်ပါပေ။ အကြောင်းမှာ မနေ့ညက လုပ်ကြံမှုကို လုပ်ဆောင်ခဲ့သည့်သူက အရိပ်သက်တော်စောင့်တစ်ဦး ဖြစ်၍ပင်။ ထိုသူက “ကောင်းကင်လုပ်ကြံရေးအဖွဲ့” မှဖြစ်၍၊ သူတို့ “မြေပြင်လုပ်ကြံရေးအဖွဲ့” နှင့် အတူတကွ တာဝန်မထမ်းဆောင်ရဘူး ဆိုသော်ငြား၊ သူတို့အားလုံးမှာ ငယ်စဉ်တည်းက အတူတကွ လေ့ကျင့်လာခဲ့သူများဖြစ်သဖြင့်၊ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှ တစ်ယောက်ယောက် သေဆုံးသွားတိုင်း ဝမ်းနည်းနာကျင်ရပေသည်။
သူတို့ အရိပ်သက်တော်စောင့်များသည် အရှင်သခင်အတွက် အသက်ပေးဆပ်ရန် လေ့ကျင့်ထားကြရသူများဖြစ်ပြီး၊ ထိုတပ်ဖွဲ့ထဲသို့ ဝင်လာသည့်နေ့တည်းကပင် ကိုယ့်အသက်ကို ကိုယ်မပိုင်တော့သူများ ဖြစ်သည်။ ဥပမာအားဖြင့် ပြောပြရလျှင် သူတို့၏ သွားဖုံးအနောက်၌ ဆေးလုံးလေးတစ်လုံးစီ ရှိ၏။ အရေးကြုံလာလျှင် ထိုဆေးလုံးကို ကိုက်ခွဲလိုက်ရမည်ဖြစ်ပြီး ထိုထဲမှ အဆိပ်များထွက်လာကာ စက္ကန့်ပိုင်းအတွင်း ဒွါရခုနစ်ပေါက်မှ သွေးစိမ်းရှင်ရှင်ထွက်ပြီး အသက်ဝိညာဉ်ချုပ်ငြိမ်းသွားလိမ့်မည် ဖြစ်သည်။ သူတို့သည် အရှင်သခင်ကို သစ္စာဖောက်ရမည်ထက် အသက်ကိုသာ စွန့်ပစ်ရမည်ဟူသည့် အယူဝါဒကို စွဲထင်နေအောင် မှတ်သားထားရမည်ဖြစ်ပြီး၊ သူတို့ အရှင်သခင်၏ ဘေးကင်းရေးကသာ အရာအားလုံးထက် အရေးအကြီးဆုံး ဖြစ်သည်။
ယင်းစကားကို သူတို့ အရိပ်သက်တော်စောင့်တပ်ဖွဲ့ထဲသို့ စဝင်သည့်နေ့တည်းက ခေါင်းဆောင်မှ ပြောထားခဲ့ခြင်းဖြစ်သည်။ သူတို့၏ နှလုံးသားထဲတွင် စွဲမြဲစွာ မှတ်သားထားရန်လည်း မှာကြားထားခဲ့သေးသည်။
မနေ့ညက သေဆုံးသွားခဲ့သည့် ညီနောင်ကဲ့သို့ လုပ်ဆောင်ရမည် ဖြစ်ပေ၏။
ယိုရှုမှာ ကနဦးကတော့ ထိုသို့သော ဘဝမျိုးကို လက်မခံနိုင် ဖြစ်ခဲ့ရသည်။ ခေတ်သစ်ပညာရေးစနစ်တွင် လူသားအားလုံးက တန်းတူသာ ဖြစ်ပြီး လူတိုင်း၏ ဘဝက အဖိုးတန်လှကြောင်းသာ သင်ကြားခဲ့ရသည် ဖြစ်၏။ သို့ပေသည့် သူသည် ယခုလိုခေတ်မျိုးတွင် အနေကြာလာခဲ့ပြီး သတ်ဖြတ်ခြင်းနှင့် သေဆုံးခြင်းများကို မြင်ပါများလာသောအခါ တဖြည်းဖြည်းနှင့် ဆိတ်ငြိမ်လာမိတော့သည်။ မည်သို့ပင်ဆိုစေ၊ သူ့တွင်လည်း ဤခေတ်ကာလ၏ အခြေအနေများကို ပြောင်းလဲနိုင်သည့် စွမ်းဆောင်မှုမျိုး ရှိမနေပါပေ။ သူသည် မင်းသားလင်း လက်ဖျောက်တစ်ချက် တီးလိုက်ရုံမျှဖြင့် အသက်ပျောက်သွားနိုင်သူ ဖြစ်၏။
ထို့အပြင် အကယ်၍ သူသာ ဇာတ်လိုက်၏ နောက်လိုက် လုပ်လိုက်မည်ဆိုပါက ရှင်သန်နိုင်ခြေ များမည်သာ ဖြစ်သည်။
ယိုရှုသည် တစ်နေ့တွင် သူ့ကိုယ်သူ ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းလာလိမ့်မည်ဟု ဘယ်သောအခါကမှ မတွေးထားမိခဲ့။ ထိုဝတ္ထု၏ အမျိုးသားဇာတ်လိုက်မှာမူ သူ့အရှေ့မှ မင်းသားလင်းတစ်ဖြစ်လည်း၊ ရှောင်းဝေ့ရှင်း ဖြစ်ပေသည်။
ဤဝတ္ထုက ရှုပ်ရှုပ်ထွေးထွေး ရှိလှသည် မဟုတ်ချေ။ ယင်းမှာ တာ့ရှားခေတ်မှ အာဏာလုပြိုင်ပွဲများအကြောင်းသာ ဖြစ်၏။ ယခုလက်ရှိ စိုးစံနေသည့် ဧကရာဇ်ရှောင်းဝေ့ရှန်သည် မောက်မာထောင်လွှားတတ်သူတစ်ယောက်ဖြစ်ပြီး သူတစ်ပါးအပေါ်လည်း သံသယစိတ်များကာ အလွန်ရက်စက်သူပင်။ သူ ထီးနန်းကို ဆက်ခံခဲ့ပုံက သိက္ခာရှိလှသည်မဟုတ်ဘဲ၊ ထီးနန်းကို ဆက်ဆံပြီးသောအခါတွင်လည်း ပို၍ပင် ကောက်ကျစ်စဉ်းလဲ လာခဲ့သည်။ သူသည် မယ်တော်ဖြစ်သူ၏မိသားစု နောက်ခံကို မှီခိုခဲ့ကာ အခွင့်အရေးကို အမိအရယူ၍ သူ့ကိုဆန့်ကျင်သည့် အရာရှိအရာခံများနှင့် ထီးနန်းကို ခြိမ်းခြောက်နိုင်သည့် ညီနောင်များကို သတ်ဖြတ်ခဲ့ကာ နန်းတော်ထဲတွင် သွေးချောင်းစီးစေခဲ့သူ ဖြစ်သည်။
ထိုကဲ့သို့သောအခြေအနေများကြောင့် ရှောင်းဝေ့ရှင်းမှာ အရှုံးပေးသည့် နည်းလမ်းကိုသာ ရွေးချယ်ခဲ့ရသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် တစ်နေ့လုံး အပြင်မထွက်ပါဘဲ အိမ်တော်ထဲတွင်သာ နေနေခဲ့ပြီး၊ နာမကျန်းဖြစ်နေသယောင် ဟန်ဆောင်ထားခဲ့သည်။ ထိုသို့လုပ်ခဲ့သည်ကိုပင် ရှောင်းဝေ့ရှန်က သူ့ကို အလွတ်ပေးထားခြင်းမပြုဘဲ မကြာခဏဆိုသလို အမှန်တကယ် ကျန်းမာရေးမကောင်းသည်လားကို လာရောက်စစ်ဆေးတတ်၏။ ယခုအချိန်အထိကိုပင် တော်ဝင်သမားတော်များ လွှတ်ကာ သူ့အခြေအနေကို စမ်းသပ်စေပြီး၊ နေ့စဉ်နေ့တိုင်း နန်းတော်မှ ပို့လိုက်သည့် ဆေးပြုတ်ရည်များကို အတင်းအကျပ် သောက်ခိုင်းတတ်သည်။
ရှောင်းဝေ့ရှင်းသည် ထိုအရှက်ရမှုများအားလုံးကို သည်းခံထားခဲ့ပြီး အရာအားလုံးကို လက်သင့်ခံထားခဲ့၏။ ထို့ကြောင့်သာလျှင် သူ ယခုအထိ အသက်ရှင်နေသေးခြင်း ဖြစ်ပေ၏။ သူသည် လက်စားချေရန်အတွက် စိတ်ပိုင်းဖြတ်ထားခဲ့ပြီး၊ တိတ်တဆိတ်ဖြင့်သာ အာဏာကို စုစည်းထားခဲ့သည်။ ဤနှစ်များအတွင်းတော့ သူ့ကို လျှို့ဝှက်ထောက်ခံသူများ ရှိလာခဲ့ပြီဖြစ်ပြီး၊ သူ့အပေါ် မြတ်မြတ်နိုးနိုး ချစ်ခင်သည့် မိန်းကလေးနှစ်ယောက်နှင့်လည်း စုံတွေ့ခဲ့သည်။ သူ(မ)တို့၏ အကူအညီများကြောင့်သာ ထိုသူသည် တဖြည်းဖြည်းချင်းနှင့် ထီးနန်းကို ဆက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ယိုရှု ဤဝတ္ထုကို ဖတ်ခဲ့စဉ်ကဆိုလျှင် ဇာတ်လိုက်ဖြစ်သူ ရှောင်းဝေ့ရှင်းကို အလွန်အားကျခဲ့ဖူးသည်။ အစပိုင်းတွင် ထိုသူ၏ဘဝက ဆိုးရွားရှာ၏။ မယ်တော်ဖြစ်သူက သာမန်မိသားစုလေးတစ်စုမှ မွေးဖွားလာသည့် နိမ့်ပါးသူတစ်ယောက်ဖြစ်ကာ ခမည်းတော်ဖြစ်သူထံမှလည်း မျက်နှာသာအပေးမခံရရှာ။ ထို့အပြင် နန်းတော်ထဲတွင် တခြားမင်းညီမင်းသားများ၏ အနိုင်ကျင့်ခြင်းကိုလည်း ခံရသေးသည်။ သူ၏နေ့ရက်များက တစ်ရက်သော်မျှ မငြိမ်းချမ်းခဲ့ပေ။ သူသည် ကူကယ်ရာမဲ့နေသည့် သနားစဖွယ်ကလေးငယ်လေးတစ်ယောက် ဖြစ်ခဲ့၏။ သို့သော် ဤကဲ့သို့ လူတိုင်း၏ အနိုင်ကျင့်စော်ကားမှုကို ခံနေခဲ့ရသော ဇာတ်ကောင်က အံ့ဖွယ်ကောင်းလောက်သော သည်းခံမှုမျိုးနှင့် သည်းခံနေခဲ့ပြီးနောက် အခြေအနေများကို ပြောင်းပြန်လှန်ကာ နောက်ဆုံးတွင် အောင်မြင်မှုကို ရနိုင်ခဲ့လေသည်။
အာဏာကို လက်ဝယ်ပိုင်စိုးထားလျက် ရင်ခွင်ထဲတွင် မိန်းမလှလေးများပွေ့ဖက်ထားနိုင်ကာ၊ မိတ်ဆွေသူငယ်ချင်းများစွာ ခြံရံထားရင်း ယုံကြည်ချက်ရှိရှိ ရယ်မောပျော်ရွှင်နေနိုင်သည့် ဘဝမျိုးကို အဘယ်သို့သော အမျိုးသားကများ မလိုချင်အံ့။ ယိုရှုက သာမန် တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်သာဖြစ်သည်။ သို့ဖြစ်ရာ သူသည်လည်း ရှောင်းဝေ့ရှင်းကဲ့သို့ ခမ်းနားလှသော ဘဝမျိုးကို ပိုင်ဆိုလို၏။ သို့သော် သူက လောဘတော့ မကြီးချေ။ သူ အမှန်တကယ် ချစ်မြတ်နိုးရသည့် မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ရလျှင်ပင် ကျေနပ်နေပြီ ဖြစ်သည်။
သူ သည်နေရာသို့ ကူးပြောင်းလာခဲ့သည်မှာ ဆယ်နှစ်တိုင် ရှိခဲ့ပြီဖြစ်ပြီး ယခုအချိန်အထိ အမျိုးသားဇာတ်လိုက်၏ အာရုံစိုက်မှုကို မရသေးသော်ငြား၊ အထူးအထွေတော့ မဟုတ်ပါပေ။ အခွင့်အရေးဟူသည် အမြဲတမ်း ကြိုတင်ပြင်ဆင်ထားသူထံသာ လာတတ်၏။ ယိုရှုသည် သူသာ အလုပ်ကို ကြိုးစား၍ အရည်အချင်းရှိနေမည်ဆိုပါက တစ်နေ့တော့ ဇာတ်လိုက်က သူ့ကို သတိထားမိလာမည်ဟု ယုံကြည်ထားသည်။
ထိုအချိန်ရောက်လျှင် သူသည် ဇာတ်လိုက် အားကိုးအားထားပြုနိုင်သူဖြစ်အောင် လုပ်လျက် ရွှေခြေထောက်တော်ကို ဖက်တွယ်ထားပြီး ဘဝ၏အောင်မြင်မှုကို ရအောင် လုပ်ရမည်။ သူက သမိုင်းကြောင်းထဲတွင် မှတ်တမ်းတင်ခံရသည်မျိုးပါ ဖြစ်လာနိုင်ကာ၊ သူ့နာမည်ကို သမိုင်းတွင် ချန်ထားနိုင်ခဲ့သည်မျိုးပါ ဖြစ်လာနိုင်ပေသည်။ သူ့ဘဝကို တကယ်ကို ပြီးပြည့်စုံနေပေတော့မည်။
ထိုအခိုက်အတန့်တွင် ရှောင်းဝေ့ရှင်း၏ အနောက်တွင် ရပ်နေသော အစေခံဟွားချွမ်က ထိုသူအား တိုးတိုးလေး သတိပေးလိုက်လေ၏။
“အရှင်မင်းသား အခုက ဆောင်းဦးနှောင်းပိုင်းထဲကို ရောက်နေပြီဆိုတော့၊ ခြုံလွှာလေး ခြုံထားလိုက်ပါ။”
ရှောင်းဝေ့ရှင်းက စိတ်မရှည်စွာ လှည့်ပြောလိုက်သည်။
“ယူလာခဲ့ချေ။”
ဟွားချွမ်လည်း ဟိုဟိုဒီဒီ ကြည့်လိုက်ရာ နောက်ဆုံးတော့ ထောင့်နားဆီမှ ငွေဖြူရောင်သားမွေးခြုံလွှာကို တွေ့လိုက်ရလေပြီ။
ရှောင်းဝေ့ရှင်းလည်း ထိုခြုံလွှာကို မြင်၏။
ယိုရှု ရင်တုန်သွားပြီး၊ ‘ မကောင်းတော့ဘူး။” ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ဇာတ်လိုက်၏ အလွန်အမင်း အသန့်ကြိုက်မှုကို သူ မှတ်မိ၏။
“အခုထိ မထွက်လာသေးဘူးလား။”
ရှောင်းဝေ့ရှင်းတစ်ယောက် မျက်မှောင်ကြုတ်နေခဲ့လေပြီ။
ယိုရှုမှာ ခေါင်းပေါ်မှ ခြုံလွှာကို ဂရုတစိုက် ဖယ်လိုက်ရပြီး၊ ထိုသူထံသို့ ရိုကျိုးစွာ လျှောက်သွားလိုက်ကာ ဦးညွှတ်လျက် ဆက်သလိုက်ရသည်။
ရှောင်းဝေ့ရှင်းက မယူချေ။ သို့ဖြစ်ရာ ဟွားချွမ်ကသာ လှမ်းယူလာခဲ့ပြီး ခြုံလွှာအား ရှောင်းဝေ့ရှင်းကိုတော့ မခြုံပေးတော့ပေ။ ထိုသူသည် အနှီခြုံလွှာကို ဘယ်သောအခါမှ မဝတ်တော့မည့်ဟန်ပင်။
အဲဒီခြုံလွှာက နှင်းမြေခွေးရဲ့ သားမွေးနဲ့ လုပ်ထားတာလေ! ပြီးတော့ ရွှေချည် ငွေချည်တွေ ထိုးထားသေးတယ်ဆိုတော့ ရွှေချိန်လျန်တစ်ထောင်လောက် တန်တာကို!!!
အသုံးအဖြုန်းကြီးလိုက်တဲ့သူ……
ယိုရှုမှာတော့ နှလုံးသားလေး သွေးစိမ်းရှင်ရှင်ထွက်မလိုပါ ဖြစ်နေရသည်။
***
Aurora Novel Translation Team