no

Font
Theme

အပိုင်း (၇)

နောက်တစ်နေ့ရောက်၍ ရှောင်းဝေ့ရှင်း စာကြည့်ဆောင်ထဲတွင် စာဖတ်နေချိန်တွင် ချီဟန်က ဖြစ်ကြောင်းကုန်စင်ကို လျှောက်တင်ခဲ့လေသည်။

“ဒီကိစ္စက အမှန်ပဲလား။”

ရှောင်းဝေ့ရှင်း အတော်လေး အံ့ဩသွားရသည်။

ချီဟန်မှာ ကိုယ့်ကိုယ်ကိုယ် ဟားတိုက်မရယ်မိအောင် ထိန်းချုပ်ထားလိုက်ပြီးမှ လေးနက်စွာ ပြန်လည်လျှောက်တင်လိုက်လေ၏။

“အမှန်ပါပဲ အရှင်မင်းသား။ အဲဒီအကြောင်းက မြို့တော်တစ်ခုလုံး လမ်းသွယ်လေးတွေမှာပါမကျန် ပြန့်နေပြီး ဒီငယ်သားကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့ရတာပါ။ မနေ့ညက ထင်ယွဲ့မျှော်စင်ကနေ လက်ထောက်အမတ်ကြီးရှက အဝတ်အစားတွေ ဖရိုဖရဲနဲ့ ဝတ်လစ်စားလစ်နီးပါး ဖြစ်နေပြီး အရူးတစ်ယောက်လို ပြေးထွက်လာပါတယ်တဲ့။ အဲဒီမြင်ကွင်းကို လူတော်တော်များများ မြင်လိုက်ကြပြီး၊ လူပြောများနေတဲ့ ကိစ္စလည်း ရှိပါသေးတယ်……”

“အဲဒါက လက်ထောက်အမတ်ကြီးရှရဲ့ အဲဒီနေရာက တော်တော်လေး သွေးကွေးနေပြီ ကလေးငယ်လေးတစ်ယောက်ရဲ့အရာလောက်ပဲ ရှိတယ်ဆိုပြီး ပြောနေကြတာပါ။ လုံးဝကို အရွယ်ရောက်ယောက်ျားတစ်ယောက်ရဲ့ အရွယ်အစားမျိုး မရှိဘူးတဲ့။”

ထိုစကားကို နားထောင်ပြီးနောက် ရှောင်းဝေ့ရှင်း၏ မျက်ဝန်းအစုံတို့ ပြုံးရိပ်သမ်းသွားခဲ့သည်။

သူ ထိုနေ့က တော်တော်လေး သည်းမခံနိုင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့်သာ ရှဟွေ့ကျန်းအား တိတ်တဆိတ် ပညာပေးရန်အတွက် အောက်လက်ငယ်သားများကို တာဝန်ပေးခဲ့ခြင်း ဖြစ်၏။ သို့သော် သံသယဝင်ခံရမည်ကိုလည်း စိုးရိမ်၍ ပြင်းပြင်းထန်ထန် မလုပ်ခိုင်းခဲ့ဘဲ အိပ်ရာထဲ ရက်အနည်းငယ်လောက် လှဲနေရရုံလောက်သာ လုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟုတော့ သူ မထင်မှတ်ထားခဲ့ချေ။ ယခုက သူ မျှော်လင့်ထားသည်ထက်ကို အတော်လေး ကျော်လွန်နေခဲ့၏။

ထိုကဲ့သို့သော အရှက်ရမှုကြီးမှာ ရှဟွေ့ကျန်းလိုလူအတွက်တော့ တစ်သက်လုံး ဖျောက်ဖျက်မရတော့မည့် သေရာပါ အရှက်ကွဲမှုကြီးပင်။ ယင်းက အရိုက်ခံရ၍ အိပ်ရာထဲ ရက်အနည်းငယ်လောက် လှဲနေရသည့် အဖြစ်ထက် ပို၍ စိတ်ကျေနပ်ဖို့ ကောင်းသည်။

“အဲဒါ ဘယ်သူ့ရဲ့အကြံလဲ။”

ရှောင်းဝေ့ရှင်း သိချင်စိတ် ပြင်းပြစွာ မေးလိုက်မိသည်။ ဤလုပ်ရပ်မျိုးက သူ့အိမ်တော်မှသူများ လုပ်လေ့လုပ်ထရှိသည့် လုပ်ရပ်မျိုးမဟုတ်ဟု သူ ခံစားနေရ၏။

ချီဟန်က အလျင်အမြန် ရှေ့သို့ တိုးသွားလိုက်ပြီး လျှောက်တင်လိုက်သည်။

“ဒီငယ်သား အဲဒီကိစ္စကို စုံစမ်းထားပြီးပါပြီ။ အဲဒီကိစ္စကို အရိပ်သက်တော်စောင့်တပ်ဖွဲ့ထဲက အရိပ်သက်တော်စောင့်သုံးဆိုတဲ့သူက သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်ခဲ့တာပါ။ အရှင်မင်းသား သူနဲ့ တွေ့လိုပါသလား။”

“အရိပ်သက်တော်စောင့်သုံး၊ ဟုတ်လား။ သူပဲ ဖြစ်နေပြန်ပြီလား……”

ရှောင်းဝေ့ရှင်းသည် ရက်အနည်းငယ်ကြာပြီးနောက် ထိုသူ၏အမည်ကို ထပ်မံကြားရလိမ့်ဦးမည်ဟု မထင်မှတ်ထားခဲ့။ သူ ခဏလောက်တော့ တွေဝေနေခဲ့သော်လည်း၊ နောက်ဆုံးတော့ ပြောလိုက်တော့၏။

“သူ့ကို ဒီကို ခေါ်လာခဲ့ချေ။ ဒီမင်းသား သူနဲ့ တွေ့ချင်တယ်။”

ချီဟန်သည် အမိန့်ကို နာခံပြီးသည်နှင့် ထွက်ခွာသွားတော့၏။

‌ရှောင်းဝေ့ရှင်း စာကြည့်ဆောင်ထဲတွင် ထိုင်နေခဲ့ရင်း အရိပ်သက်တော်စောင့်သုံးနှင့် ပထမဆုံးအကြိမ် ဆုံခဲ့သည့် ဖြစ်စဉ်အား ပြန်တွေးနေခဲ့သည်။ ထိုအချိန်ကမူ အနှီသူ၏ အမူအရာက အေးစက်စက်နှင့်ဖြစ်ကာ စည်းစနစ်ကျသူတစ်ယောက်၏ ဟန်ပန်မျိုး ရှိသည်သာ။ ထိုအမှုကိစ္စမျိုးကို လုပ်ဆောင်မည့်သူဟု အနည်းငယ်မျှပင် မထင်ရချေ။

တကယ်ကို စိတ်ဝင်စားစရာပဲ။

သို့နှင့် ခဏအကြာတွင်မူ ယိုရှုတစ်ယောက် ထမင်းစားစားပွဲတွင် ထိုင်နေစဉ် စာကြည့်ဆောင်ဆီသို့ အခေါ်တော်လွှတ်ခံလိုက်ရသည်။ သူ့မှာ မစားလိုက်ရသေးသည့် ဘဲပေါင်ကြီးများကိုသာ တောက်လျှောက်တွေးနေမိ၏။ နောက်ဆုံး ဘယ်သူများ အမြတ်ထွက်သွားမှာပါလိမ့်နော်။

သို့သော် သူသည် ရှောင်းဝေ့ရှင်းကို မြင်လိုက်သည်နှင့် အသားတကျဖြစ်စွာ ဒူးထောက်ခစားလိုက်ပြီး၊ မကျေနပ်မှုဟူ၍ စိုးစဉ်းမျှမပါသော လေသံဖြင့် လျှောက်တင်လိုက်၏။

“အရှင်မင်းသား။”

ရှောင်းဝေ့ရှင်း အသိပြန်ဝင်လာချိန်တွင် စားပွဲခြေရင်း၌ ဒူးထောက်ခစားနေသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။

“ထလို့ရပြီ။”

“မှန်လှပါ အရှင်မင်းသား။”

ယိုရှု မတ်တတ်ထရပ်လိုက်ပြီး ဘေးဘက်တွင်ကပ်၍ မတ်တတ်ရပ်နေလိုက်ကာ ရိုကျိုးစွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။

ယိုရှု သူ အခေါ်ခံရသည့် အကြောင်းအရင်းကို ခန့်မှန်းနေမိသည်။ မနေ့ညက ဖြစ်သွားခဲ့သည့် ကိစ္စက အမှန်တကယ်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်ပင်။ သူကိုယ်တိုင်ကတော့ ထိုလုပ်ရပ်အတွက် စိတ်ကျေနပ်နေသည် ဆိုသော်ငြား ရှောင်းဝေ့ရှင်းက မည်သို့တွေးသည် မသိပေ။ သူ့သဘောနှင့်သူ လုပ်ခဲ့သည့် ကိစ္စဖြစ်၍ အပြစ်ပေးခံရသည်မျိုးလည်း ဖြစ်သွားနိုင်၏။

“မနေ့ညကကိစ္စကို မောင်မင်း လုပ်ခဲ့တာလား။”

ရှောင်းဝေ့ရှင်း၏ လေသံထဲတွင် ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်းဟူ၍ မပါနေဘဲ အေးအေးလူလူသာ။

ယိုရှု တိုးညင်းစွာ လျှောက်တင်လိုက်၏။

“ဒီငယ်သား ကိုယ့်သဘောနဲ့ကိုယ် ဆောင်ရွက်မိခဲ့ပါတယ်။ အရှင်မင်းသား အပြစ်ပေးတော်မူပါ။”

“အပြစ်ပေးရမယ်လား။ ဒီမင်းသားက ဘယ်တုန်းကများ မောင်မင်းကို အပြစ်ပေးပါမယ်လို့ ပြောလိုက်လို့လဲ။”

ရှောင်းဝေ့ရှင်းက ဟက်ခနဲ ရယ်လိုက်ရင်း

“တော်တော်လေးတော့ သတ္တိရှိတဲ့သူပဲ။ ဒီလိုအကြံဉာဏ်မျိုး ဘယ်သူက ပေးခဲ့တာလဲ။”

“ဘယ်သူကမှ မပေးခဲ့ပါဘူး အရှင်မင်းသား။”

ယိုရှုက ရိုးဖြောင့်စွာ လျှောက်တင်လိုက်သည်။

“အဲဒီဖြစ်စဉ်တစ်ခုလုံးက ဒီငယ်သားရဲ့ အကြံဉာဏ်တွေချည်းပါပဲ။ အရှင်မင်းသားက အခြေအနေကို စောင့်ကြည့်ပြီး အခွင့်အရေးရတာနဲ့ လက်စားချေမို့ မိန့်ထားပေမဲ့၊ တိတိကျကျတော့ မညွှန်ကြားခဲ့တာကြောင့် ဒီငယ်သား ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆောင်ရွက်လိုက်တာပါ။”

ရှောင်းဝေ့ရှင်းသည် ထိုသူ လိမ်မနေကြောင်းကို သိသဖြင့် ဆက်ပြောလိုက်၏။

“ဖြစ်စဉ်တစ်ခုလုံးကို ပြန်လျှောက်တင်ချေ။”

ယိုရှုလည်း မနေ့ညက လုပ်ဆောင်ခဲ့သည့် သူ၏လုပ်ငန်းစဉ်တစ်ခုလုံးကို အသေးစိတ် ပြန်လည်လျှောက်တင်လိုက်သည်။ လုယင်းကို ဆုလာဘ်များပေးခဲ့သည့် ကိစ္စမှလွဲ၍ မည်သည့်အပိုင်းကိုမှ မချန်ခဲ့ဘဲ အသေးစိတ် လျှောက်တင်ခဲ့ခြင်း ဖြစ်၏။

“အရှင်မင်းသား စိတ်ချတော်မူပါ။ ဒီငယ်သား ဒီလိုလုပ်ခဲ့ပေမဲ့ ကိစ္စအားလုံးကို ပြင်ဆင်ထားပြီးပါပြီ။”

“ဒီငယ်သား အမွှေးအိုးထဲ ထည့်ခဲ့တဲ့ အမွှေးနံ့သာက ပြည့်တန်ဆာအိမ်တွေမှာ အခန်းကို နွေးထွေအောင် လုပ်တဲ့အနေနဲ့ အသုံးများတဲ့ အမွှေးနံ့မျိုးပါ။ အဲဒီအမွှေးနံ့နဲ့ ဆေးနဲ့ ရောသွားတဲ့အခါကျ ဆေးအာနိသင်ကို ပိုမြန်စေပြီး လူတွေကို အလွယ်တကူ ထင်ယောင်ထင်မှား ဖြစ်စေတာမျိုးပါပဲ။ အဲဒီအခါကျ သူတို့တွေက မြင်မြင်သမျှအရာကို အစစ်အမှန်လို့ ထင်သွားကြတော့တာပါ။”

“တော်ဝင်သမားတော်တစ်ယောက် စစ်ဆေးကြည့်မယ်ဆိုရင်တောင် ဘယ်လိုဆေးကြွင်းဆေးကျန်မျိုးကိုမှ ရှာတွေ့မှာမဟုတ်ပါဘူး။ ဒါက အရက်နဲ့ ပြည့်တန်ဆာအိမ်က အမွှေးနံ့သာတွေ ပေါင်းစပ်သွားလို့ ထင်ယောင်ထင်မှားဖြစ်တာလို့ပဲ ပြောကြမှာပါ။ တစ်ယောက်ယောက်က အဲဒီနေရာမှာ ဆေးခပ်ခဲ့တာလို့ ဘယ်သူမှ သံသယဝင်ကြမှာ မဟုတ်ပါဘူး။”

“ပြီးတော့ မူမမှန်တာတစ်ခုခု တွေ့ခဲ့ပြီး ပြန်စစ်ဆေးမယ်ဆိုရင်တောင် ဘာပစ္စည်းမှ ရှာတွေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုး ခြေရာလက်ရာမကျန်စေရအောင် လုပ်ဆောင်ခဲ့တာဖြစ်လို့ ကျွန်တော်မျိုးကိုလည်း ရှာတွေ့မှာမဟုတ်သလို အရှင်မင်းသားကိုလည်း ဘယ်သူကမှ သံသယဝင်ကြမှာ မဟုတ်ပါဘူး။”

ရှောင်းဝေ့ရှင်း ခပ်ထေ့ထေ့ ရယ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“သူကတော့ မစုံစမ်းနိုင်ဘူးဆိုပေမဲ့၊ သူ့အဖေက လုပ်နိုင်ခဲ့ရင်ရော။”

ယိုရှု ခေါင်းခါပြလိုက်ကာ လျှောက်တင်လိုက်သည်။

“နန်းတော်ထဲမှာ အမတ်ချုပ်ကြီးရှရဲ့ ရန်သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူက ဘယ်သူလုပ်တယ်ဆိုတာကို သက်သေရှာနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အခုဖြစ်ခဲ့တဲ့ကိစ္စက တကယ်ကို အရှက်ရစရာကိစ္စတစ်ခုဆိုတော့ အမတ်ချုပ်ကြီးရှလည်း ပေါ်ပေါ်ထင်ထင် စုံစမ်းစစ်ဆေးရဲလိမ့်မှာ မဟုတ်ပါဘူး အရှင်မင်းသား။”

ရှောင်းဝေရှင်း ထိုသူကို ကြည့်ကာ ပြောလိုက်မိ၏။

“မောင်မင်းမှာ ဒီလိုအစီအစဉ်မျိုး ရှိခဲ့လိမ့်မယ်လို့ ဒီမင်းသား ဘယ်လိုမှ မသိခဲ့ဘူး။”

“ဒါပေမဲ့……ဒီမင်းသား အတော်လေး သဘောကျတယ်။”

ရှောင်းဝေ့ရှင်းသည် ရှဟွေ့ကျန်း သူ့အပေါ် ညစ်ညမ်းသည့်အတွေးများ ရှိနေကြောင်းကို သိ၏။ ပြဿနာတက်မည်ကို စိတ်ပူနေ၍သာ၊ သင်းအား တိတ်တဆိတ် မလုပ်ကြံခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ယခု အရိပ်သက်တော်စောင့်သုံး၏ လုပ်ရပ်က သူ့အတွက်တော့ ဒေါသဖြေစရာ ဖြစ်ခဲ့သည်။

“သူက အရှင်မင်းသားကို တစ်ကြိမ်ပြီးတစ်ကြိမ် အရှက်ရစေခဲ့တာဆိုတော့၊ ဒါက မပြောပလောက်တဲ့ အပြစ်ပေးမှုလေးပါပဲ။”

ယိုရှုက ဦးညွှတ်ထားရင်း လျှောက်တင်လိုက်သည်။

သို့သော် ယိုရှုသည် မနေ့ညက ဝတ်စုံအနီနှင့် မိန်းကလေး၏မျက်နှာကို တွေ့တွေ့ချင်း ဒေါသစိတ်တို့ ဖြစ်ခဲ့ရကြောင်းကိုတော့ ထည့်သွင်းမလျှောက်တင်ခဲ့ချေ။ ရှောင်းဝေ့ရှင်း၏မျက်နှာကို မြင်ဖူးသည့်သူတိုင်း ထိုမိန်းကလေး၏ မျက်ခုံးမျက်လုံးများက သူနှင့် ဆင်တူနေကြောင်း သိမည် ဖြစ်၏။ အကျင့်စရိုက်နှင့် ဂုဏ်ရှိန်ဂုဏ်ဝါတို့တွင် ယှဉ်နိုင်ခြင်းမရှိသော်ငြား၊ ထိုအချက်ကို တွေးကြည့်ရုံမျှနှင့်ပင် ကျောချမ်းဖွယ်ကောင်းနေပြီ ဖြစ်သည်။

ရှဟွေ့ကျန်း ထိုမိန်းကလေးကို ပွေ့ဖက်ထားရင်း မူးမူးရူးရူးနှင့် ကယောင်ကတမ်း ရေရွတ်နေခဲ့သည်ကိုလည်း ယိုရှု ကြားခဲ့၏။ ထိုသူသည် မိန်းကလေးကို ပွေ့ဖက်ထားလျက် ရှောင်းဝေ့ရှင်း၏နာမည်ကို ရေရွတ်နေခဲ့ခြင်း ဖြစ်သည်။

ဖြောင့်မတ်မှန်ကန်သူဖြစ်သည့် ယိုရှုသည် မိမိ နတ်ဘုရားသဖွယ် ကိုးကွယ်ရသည့် ဇာတ်လိုက်မင်းသား ယခုကဲ့သို့ မလျော်မကန် ပြုမူခံရသည်ကို မြင်လိုက်သောအခါ စိတ်မထိန်းနိုင်တော့ဘဲ အပြစ်ပေးရာတွင် အနည်းငယ် လက်လွန်သွားခဲ့ခြင်း ဖြစ်၏။

ရှောင်းဝေ့ရှင်း ထိုသူအား တအံ့တဩ ကြည့်နေမိ၏။

“မင်းဘက်က ဒီလောက်ထိ ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မယ်လို့ မထင်ထားဘူး။”

“ထင်ယွဲ့မျှော်စင်က တော်တော်လေး ခမ်းနားတဲ့နေရာဆိုတော့ တစ်ခေါက်လောက် သွားလည်ဖို့တောင် မလွယ်ကူဘူးမလား။”

ရှောင်းဝေ့ရှင်း၏ ပိုင်ဆိုင်မှုများထဲတွင်လည်း ထိုလုပ်ငန်းမျိုး ရှိရာ၊ အနှီနေရာမျိုးကို သွားရန်က အတော်လေး ကုန်ကျကြောင်းကို သိသည်။ သူ မျက်ခုံးပင့်ကာ မေးလိုက်၏။

“မောင်မင်းရဲ့လစာနဲ့ လောက်ရဲ့လား။”

ထိုအကြောင်းကို ကြားလိုက်သောအခါ ယိုရှု နာကျင်သွားရသည်။ ထင်ယွဲ့မျှော်စင်မှာ အမှန်တကယ်ကို ဓားပြတိုက်နေသည့်အလား ဈေးကြီးလှပေသည်။ သူ အရက်ပင်မမှာခဲ့ဘဲ အပျော်မယ်လေးတစ်ယောက်ခေါ်၍ တေးသံစဉ်လေးအနည်းလောက် တီးခတ်ခိုင်းခဲ့ရုံကိုပင် ဆယ့်ငါးလျန်လောက် ကျသင့်ခဲ့ခြင်းဖြစ်သည်။ ငွေစဆယ့်ငါးလျန်မှာ သာမန်မိသားစုအတွက် လပေါင်းများစွာ စားသောက်၍ လောက်ငှသည်ဖြစ်၏။ ထို့အပြင် သူက သနားစိတ်ဝင်ပြီး ကျန်သမျှငွေစအားလုံးကို ကလေးမလေးအား ပေးခဲ့သေးသည်။

သူ့အတွက်တော့ မနေ့ညက အရှုံးကြီးရှုံးခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

သို့သော်လည်း သူ မည်သူ့ဆီကမှ ပြန်မတောင်းဝံ့ပါပေ။ မည်သို့ပင်ဆိုစေ ယင်းမှာ သူကိုယ်တိုင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်၍ သူ၏မကျေနပ်ချက်များအတွက် မည်သူ့ကိုမှလည်း အပြစ်ဖို့၍ မရပေ။

“ဒီငယ်သား…..ဒီငယ်သား တော်တော်လေးတော့ အသုံးစရိတ် ကျပ်တည်းသွားပါတယ်။”

အမှတ်တမဲ့ လုပ်လိုက်မိသည့် ထိုသူ၏ သနားစဖွယ် ပုံရိပ်လေးကို မြင်လိုက်သောအခါ ရှောင်းဝေ့ရှင်း၏ နှုတ်ခမ်းတို့ မသိမသာ ကော့ညွတ်တက်သွားခဲ့သည်။ သူ အလွန်ကို စိတ်ခံစားချက် ကောင်းမွန်နေခဲ့၏။

“အခြေအနေမကောင်းဘူးပဲ။”

“မနေ့ညက မောင်မင်းကုန်ခဲ့တဲ့ အသုံးစရိတ်တွေအားလုံးကို ပြန်တွက်ပြီးတော့ ဘဏ္ဍာထိန်းဆီမှာ သွားထုတ်လိုက်။ ပြီးတော့……”

သူသည် စကားပြောနေရင်း ရုတ်တရက် ရယ်မောလိုက်လေရာ မျက်နှာအမူအရာက ပို၍ နူးညံ့သွားခဲ့သည်။

“ဒီကိစ္စကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတော့၊ ဒီမင်းသားက မောင်မင်းကို ဆုလာဘ်ပေးဖို့အတွက် ရှဲ့ဖေးယွမ်ကို ပြောထားလိုက်မယ်။”

ယိုရှုမှာ ထိုသို့ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ခဏလောက် မှင်တက်နေမိခဲ့ပြီးမှ အလျင်အမြန် ကျေးဇူးတင်ကြောင်း လျှောက်တင်လိုက်ရ၏။

“ကျေးဇူးကြီးလှပါတယ်၊ အရှင်မင်းသား။”

ရှောင်းဝေ့ရှင်းတစ်ယောက် အလွန်ကို စိတ်ခံစားချက် ကောင်းနေသည်။ သူက ထိုင်ခုံနောက်သို့ မှီထိုင်လိုက်ရင်း ခဏလောက် စဉ်းစားနေခဲ့ပြီးမှ မေးလာ၏။

“မောင်မင်းမှာ “ပန်းသေကုဆေး” ဆိုတဲ့ဆေး ရှိသေးလား။”

“ဒီဆေးက အခုမှ စမ်းသပ်ဆဲပဲ ရှိသေးတာပါ အရှင်မင်းသား။ အဲဒါကြောင့် ဒီငယ်သား အများကြီး မလုပ်ထားမိပါဘူး။ တချို့ဘေးထွက်ဆိုးကျိုးတွေကို ကောင်းမွန်လာအောင် လုပ်ရဦးမှာမို့ အခုတော့ လက်ထဲမှာ သုံးလုံးလောက်ပဲ ကျန်ပါတော့တယ်။”

ယိုရှုက အမှန်အတိုင်း လျှောက်တင်လိုက်သည်။

ရှောင်းဝေ့ရှင်းက ခေါင်းတညိတ်ညိတ်လုပ်နေပြီး တည်ငြိမ်စွာ ပြောလေသည်။

“မင်းက အဲဒီလိုနေရာမှာ အရည်အချင်းရှိတယ်ဆိုတော့ လွတ်လွတ်လပ်လပ် ဆက်လုပ်နိုင်တယ်။ အခုတော့ မောင်မင်းမှာ ကျန်သလောက်ကို ဒီမင်းသားဆီ ပေးထား။”

ယိုရှုတစ်ယောက် အရှင်မင်းသားက ဘာလုပ်မလို့လဲဟုတော့ မမေးဝံ့ခဲ့ပါ။ သို့သော် ရှောင်းဝေ့ရှင်း၏ အကျင့်စရိုက်အရဆိုလျှင် ထိုဆေးကို ရန်သူများအပေါ် သုံးရန်သာ ဖြစ်လိမ့်မည်။ သူက ဘယ်လိုလုပ်များ ဇာတ်လိုက်မင်းသားရဲ့စကားကို နားမထောင်ဘဲ နေဝံ့မှာလဲ။ ယိုရှု နာခံစွာ လျှောက်တင်လိုက်၏။

“ဒီငယ်သား ပြန်ရောက်တာနဲ့ အရှင်မင်းသားဆီ ပို့ဆောင်ပေးလိုက်ပါမယ်။”

“ဟုတ်ပြီ။”

ရှောင်းဝေ့ရှင်း စိတ်ကျေနပ်သွားပြီး လက်ကို ဝှေ့ယမ်းပြလျက် နူးညံ့စွာ ပြောလိုက်သည်။

“မောင်မင်း သွားလို့ရပြီ။”

ယိုရှု အလျင်အမြန်ပင် ပြတင်းပေါက်မှ ခုန်ထွက်လာလိုက်သည်။

ရှောင်းဝေ့ရှင်း လှည့်ကြည့်လိုက်မိတော့၏။

“……..”

ဒီကောင်စုတ်လေးက ချီးကျူးလို့ကို မရဘူးပဲ။ သည်လောက် တံခါးအကျယ်ကြီး ဖွင့်ထားတာကိုတောင် ပြတင်းပေါက်ကနေ ခုန်ထွက်သွားသေးတယ်။ သူ ကန်းနေတာများလား။

ယိုရှု လမ်းတစ်လျှောက်လုံး မရပ်မနား ပြေးလာမိသည်။ ရှောင်းဝေ့ရှင်းက သူ့အား အပြစ်ဆိုခြင်းလည်း မရှိသလို အပြစ်ပေးခြင်းလည်း မပြုခဲ့သည့်အပြင် ဘာမှမဟုတ်ပါဘဲ ဆုလာဘ်များပါ ပေးခဲ့သည်အား မယုံကြည်နိုင် ဖြစ်နေရသည်။ သူသည် မနေ့ညက လုပ်ဆောင်နေစဉ်ကဆိုလျှင် ကြိမ်ဒဏ်ပေးခံရသည်အထိပါ တွေးထားခဲ့ပြီး ဒဏ်ရာလိမ်းဆေးပါ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။

ကြည့်ရသည်မှာ ရှဟွေ့ကျန်းအပေါ် ရှိနေသည့် ရှောင်းဝေ့ရှင်း၏ ရင်ထဲမှ နှစ်ပေါင်းရှည်ကြာ စုပြုံနေခဲ့သော မုန်းတီးမှုများကို သူက အမှတ်တမဲ့ဖြင့် ဒေါသဖြေရန် ကူညီပေးသလို ဖြစ်သွားပုံရသည်။

ဆုလာဘ်များအကြောင်း တွေးမိလိုက်သောအခါ ယိုရှု၏ ခြေလှမ်းများ ပိုမို ပေါ့ပါးသွားတော့၏။ ငွေကြေးနှင့်ပတ်သက်လာလျှင် မည်သူမှ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ချေ။ သူသည် ငွေလေး စုမိလာသည်နှင့် ရေတွက်နေရသည်ကို ကြိုက်သည်။ နောင်တစ်ချိန် သူ လွတ်လပ်သွားသောအချိန်ရောက်လျှင် ထိုငွေများက သူ၏အရင်းအနှီးငွေများ ဖြစ်လာလိမ့်မည် ဖြစ်၏။

“မင်း ပြန်လာရဲသေးတယ်ပေါ့။”

ရှဲ့ဖေးယွမ်က တံခါးဘောင်ကို မှီထားလျက် ယိုရှုအား အေးစက်စွာ ကြည့်နေသည်။

“မနေ့ညက လုပ်နေရင်း တစ်ခုခု လွဲချော်သွားမှာကို မင်း မစိုးရိမ်ခဲ့ဘူးလား။”

ယိုရှုမှာ ပြန်ရောက်ရောက်ချင်းပင် အရိပ်သက်တော်စောင့်ခေါင်းဆောင်၏ သုန်မှုန်နေသောမျက်နှာကို မြင်လိုက်ရသည်။ သူ့အဖို့တော့ ဤကဲ့သို့သော လူသတ်တော့မည့်ဟန် အေးစက်စက်မျက်နှာကို အသားကျနေခဲ့ပြီဖြစ်၍ တည်ငြိမ်စွာသာ ရှေ့သို့ ဆက်လျှောက်သွားလိုက်၏။

“ကျွန်တော် လုပ်ရဲတယ်ဆိုမှတော့၊ ဘာအမှားအယွင်းမှ မရှိနိုင်လို့ပေါ့ဗျ။ ခေါင်းဆောင်၊ ဒီလောက် နှစ်တွေကြာခဲ့ပြီကို ခေါင်းဆောင်က ကျွန်တော့်အကြောင်း မသိသေးဘူးလား။”

“ကောင်စုတ်လေး။”

ရှဲ့ဖေးယွမ်၏မျက်နှာအမူအရာက အနည်းငယ် နူးညံ့သွားခဲ့ပြီ ဖြစ်သည်။ သူက ယိုရှုကို လှမ်းရိုက်လိုက်ရင်း

“ဒီတစ်ခေါက် မင်းလုပ်လိုက်တဲ့ကိစ္စက မင်းသားကို စိတ်ကျေနပ်စေလို့ တော်သေးတာပေါ့။ မဟုတ်လို့ကတော့ မင်း အရှင်လတ်လတ် အရေခွံနွှာခံနေရပြီ!”

ယိုရှုက မလှုပ်မယှက်သာ ရပ်နေရင်း ရိုက်ချက်များကို ခံယူနေခဲ့သည်။

ရှဲ့ဖေးယွမ်က သူ့အကြောင်းကို ကောင်းကောင်းသိသူ ဖြစ်၏။ ထိုသူက တမင်သက်သက် သူ့ကို ခြိမ်းခြောက်နေခြင်းသာ ဖြစ်သည်။ တကယ်တော့ သူက ယိုရှုအပေါ် အလွန်ယုံကြည်သူ ဖြစ်သည်။ ဤအရိပ်သက်တော်စောင့်တပ်စခန်းထဲတွင် အရိပ်သက်တော်စောင့်နှစ်ပြီးလျှင် အယုံကြည်ရဆုံးသောသူက ယိုရှုသာ ဖြစ်ပြီး၊ သူက ဘယ်သောအခါမှ စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်သူ မဟုတ်ချေ။

“မင်းသားက မင်းကို အခုတလောတော့ တာဝန်မထမ်းဆောင်နဲ့ဦးလို့ ပြောထားတယ်။ ဒီတစ်ခေါက်မှာ မင်း ဘယ်လိုပဲ ဂရုတစိုက် လုပ်ခဲ့ပါတယ်ဆိုဆို၊ အမတ်ချုပ်ကြီးရှလို မြေခွေးအိုကြီးတစ်ယောက်က မစုံစမ်းနိုင်ဘူးလို့ ရတိပြတ်ပြောလို့ရတာ မဟုတ်ဘူး။ မင်း ရုပ်ဖျက်ထားခဲ့တယ်ဆိုပေမဲ့ မှတ်မိတဲ့သူလည်း ရှိချင်ရှိနေမှာ။”

ယိုရှု ခေါင်းညိတ်လိုက်ပြီး နာခံစွာ လက်ခံလိုက်သည်။

“ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် အချိန်ခဏလောက်တော့ သိုသိုသိပ်သိပ် နေလိုက်ပါမယ်။”

ထို့နောက်တွင်မူ ရှဲ့ဖေးယွမ်သည် ငွေပြေစာတစ်ရွက် ပေးလာပြီး စစနောက်နောက် ပြောလာ၏။

“မင်းသားက မင်းကို ငွေစလျန်တစ်ရာ ချီးမြှင့်လိုက်တယ်။ တကယ်ကို ကံကောင်းလာပြီပဲ ကောင်စုတ်လေ။”

“ဘယ်လောက်…..ဘယ်လောက်တောင်။”

ယိုရှု ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားရ၏။ သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် မျက်နှာအမူအရာ မထိန်းနိုင်လိုက်ခြင်း ဖြစ်သည်။

သေမင်းနှုတ်ခမ်းဝတွင် လမ်းလျှောက်ကာ အသက်ကိုရင်း၍ လုပ်ကိုင်ရသည့် သူတို့လို ထိပ်တန်းအရိပ်သက်တော်စောင့်များပင်လျှင် တစ်လမှ ငွေစလျန်နှစ်ဆယ် ရခြင်း ဖြစ်သည်။ သို့သော် မင်းသားက တစ်ခါတည်းနှင့် ငွေစလျန်တစ်ရာကို ဆုချီးမြှင့်လိုက်လေရာ သူ့အတွက်ကတော့ နှစ်ဝက်စာ လစာလောက်ကို ရှိသည်။

သူ အရူးတစ်ယောက်ပမာ တဟားဟား အော်မရယ်မိအောင် မနည်း ထိန်းချုပ်လိုက်ရပြီး၊ ခေါင်းဆောင်လက်ထဲမှ ငွေပြေစာကို လှမ်းယူ၍ သိမ်းလိုက်သည်။ ထို့နောက် တည်ငြိမ်သယောင် ဟန်ဆောင်ရင်း ပြောလိုက်၏။

“ကျွန်တော် အောင်မြင်လာတဲ့အခါကျရင် ခေါင်းဆောင်ရဲ့ ကျေးဇူးတွေကို ဘယ်တော့မှ မမေ့ပါဘူး။”

“ဒါဆိုရင်တော့ ငါ အနားယူဖို့အတွက် မင်းကိုပဲ အားကိုးရတော့မှာပဲ။”

ရှဲ့ဖေးယွမ်က ယခုမှ အသက် ၃၇ နှစ်သာ ရှိသေးသည်ဖြစ်သော်လည်း၊ အနှီသူက တစ်နေ့လုံး အနားယူရန်သာ တွေးနေသူ ဖြစ်သည်။ ထို့နောက် သူသည် ယိုရှု၏ပခုံးကို ပုတ်လိုက်ပြီး လက်နောက်ပစ်ကာ ထွက်သွားခဲ့လေပြီ။

ယိုရှု ပြောခဲ့သည့်အတိုင်းပင်၊ ထိုကိစ္စမှာ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သော်ငြား ဘာသဲလွန်စမှ မကျန်ခဲ့ချေ။ ထင်ယွဲ့မျှော်စင်မှာ လူပေါင်းစုံ လာရောက်ပျော်ပါးသည့်နေရာဖြစ်၏။ ထို့အပြင် အမတ်ချုပ်ကြီးရှနှင့် သူ၏သားတို့မှာ လူမုန်းများသူများဖြစ်ရာ အချိန်တစ်ခုလောက်အထိတော့ လက်သည်တရားခံကို ရှာနိုင်လိမ့်ဦးမည် မဟုတ်ချေ။

ထို့အပြင် သူတို့သည် ထင်ယွဲ့မျှော်စင်၏ အတွင်းအပြင် အနှံ ရှာဖွေခဲ့သော်လည်း ပြစ်မှုကျူးလွန်ခဲ့သည့် ပစ္စည်းကို ရှာမတွေ့ခဲ့ချေ။ ခေါင်မိုးပေါ်တွင် စောင့်ကြပ်နေကြသည့် လျှို့ဝှက်သက်တော်စောင့်များကလည်း လူစိမ်းဝင်လာတာမမြင်မိဟုသာ ပြောကြသည်။ ထို့အပြင် ထိုထိပ်တန်းအပျော်မယ်၏ အခန်းထဲတွင်လည်း ဆေးခပ်ထားသည့်အရိပ်အယောင်မျိုး မတွေ့ခဲ့ရချေ။ သူတို့ အကြိမ်ကြိမ် ရှာဖွေခဲ့ကြသော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ပါပေ။

မင်းသားလင်း ရှောင်းဝေ့ရှင်းအပေါ်တွင်လည်း မည်သူကမှ သံသယမဝင်ခဲ့ကြချေ။ အကြောင်းမှာ သူက နာမကျန်းရှာသလို၊ အကျင့်သီလကောင်းမွန်ကာ အပျော်အပါးကင်းသူအဖြစ် လူအများ သိထား၍ ဖြစ်သည်။ အမတ်ချုပ်ကြီးရှနှင့် သူ့သားမှာတော့ အတော်လေး အရှက်ရခဲ့ကြသည်။ ရှဟွေ့ကျန်း၏ ထိုအရာ သေးငယ်နေသည့်ကိစ္စကလည်း သူ့အား လူရယ်စရာ ဖြစ်စေခဲ့၏။

အမတ်ချုပ်ကြီးရှမှာလည်း ဒေါသဖြေစရာနေရာမရှိ ဖြစ်နေရာ၊ သူ့အတွက် အနှောင့်အယှက်အဖြစ်ရဆုံးသောသူကို ရွေးချယ်ကာ ညီလာခံတွင် အသေအလဲ တိုက်ခိုက်တော့သည်။

အဆုံးတွင်မူ ထိုသူများ အချင်းချင်း တိုက်ခိုက်နေကြသည်ကို အခွင့်အရေးယူကာ ရှောင်းဝေ့ရှင်းက ကြားမှ အမြတ်ထုတ်သွားခဲ့ပြီး သူ့လူများကို ရာထူးအမြင့်ပိုင်းနေရာများတွင် ထည့်လိုက်နိုင်ခဲ့လေရာ၊ အလွန်ကို စိတ်ကျေနပ်နေလေတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment