အပိုင်း (၆.၁)
ရှောင်းဝေ့မင်ကြောင့် ဖြစ်ပွားခဲ့သည့် ပြဿနာကို ဖြေရှင်းရန်အတွက် ရှောင်းဝေ့ရှင်းသည် နောက်ဆုံးတော့ နန်းတော်ထဲသို့ နောက်ထပ်တစ်ခေါက် ထပ်မံဝင်ရောက်ရန်သာ ဆုံးဖြတ်လိုက်ရသည်။ ရှဟွေ့ကျန်းကတော့ သူ့အတွက် အတော်လေး အရှက်ရဖွယ် ဖြစ်ခဲ့သည့် ကိစ္စကို လွယ်လွယ်နှင့် အလျှော့ပေးလိမ့်မည် မဟုတ်ချေ။ ရှောင်ဝေ့မင်တွင် မင်းသားချင်ဟူသည့် ဂုဏ်အဆင့်အတန်း ရှိသည်ဆိုသော်လည်း၊ အမှန်တကယ် အာဏာကို လက်ဝယ်ပိုင်စိုးထားသည့် ရှမျိုးရိုးနှင့်တော့ အဘယ်သို့များ ယှဉ်နိုင်အံ့။ အစစ်အမှန် အာဏာအရှိန်အဝါမရှိသည့် မင်းသားတစ်ပါးကို ကိုင်တွယ်ရန်က သူတို့အဖို့တော့ အလွယ်လေးပင်။
ယိုရှုသည် တစ်နေ့လုံး အရိပ်သက်တော်စောင့် တပ်စခန်းတွင် လေ့ကျင့်နေခဲ့ရင်း စိတ်မအေးနိုင် ဖြစ်နေသည်။ စာအုပ်ထဲမှ ရှဟွေ့ကျန်း၏ အကျင့်စရိုက်အရဆိုလျှင် ထိုသူက အငြိုးအတေးကြီးပြီး ရက်စက်တတ်သူဖြစ်ကာ၊ ဉာဏ်ရည်နိမ့်ပါးသော်လည်း မာနထောင်လွှားနေတတ်သည့် လူ့အမှိုက်တစ်ယောက်သာ ဖြစ်သည်။ ထိုအပြင် ယောက်ျားသော၊ မိန်းမသော မခွဲခြားဘဲ ဝါးမျိုဖျက်ဆီးတတ်သူ ဖြစ်၏။ သူက မြို့တော်မှ ယောက်ျားမိန်းမ အတော်များများကို အနိုင်ကျင့်ဖျက်ဆီးလာခဲ့သူဖြစ်ပြီး ရှောင်းဝေ့ရှင်းကို မျက်စိကျနေသူ ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ခေါက် နန်းတော်ထဲသို့ ဝင်သောအချိန် ရှောင်းဝေ့ရှင်းတစ်ယောက် နှိမ်ချစော်ကားခံရမည်ကို ယိုရှု စိုးရိမ်နေမိသည်။
သူ ထင်ထားသည့်အတိုင်းပါပေ၊ ယနေ့ နေ့လယ်သို့ ရောက်သောအခါ တာဝန်ကျနေသည့် အရိပ်သက်တော်စောင့်ကိုးထံမှ အရှင်မင်းသားက ယနေ့ ပြန်ရောက်တည်းက ဒေါသတကြီးဖြစ်နေခဲ့ကြောင်း ကြားသိခဲ့ရသည်။ ရှောင်းဝေ့ရှင်းသည် ရှဟွေ့ကျန်းကို တောင်းပန်ရန်အတွက် ရှောင်းဝေ့မင်ကို စားသောက်ပွဲသို့ ခေါ်ဆောင်သွားခဲ့ပြီး အရက်အနည်းငယ် သောက်ခိုင်းကာ တောင်းပန်ခိုင်းခဲ့သော်လည်း၊ ရှဟွေ့ကျန်းက သူတို့ကို မျက်နှာသာမပေးရုံသာမကဘဲ အထင်အမြင်သေးစွာ ပြုမူခဲ့သည်ဟု ဆိုသည်။ သူက မနှစ်မြို့ဖွယ်စကားများပါ ပြောဆိုခဲ့ပြီး သူတို့နှစ်ယောက်ကို အလွန်အမင်း အရှက်ရစေခဲ့ရာ၊ နောက်ဆုံး ရှောင်းဝေ့ရှန်ပင် မနေသာတော့ဘဲ ဝင်ရောက်ဖျန်ဖြေပေးခဲ့ရပြီး ထိုအခါမှသာလျှင် အနှီကိစ္စက ပြီးဆုံးသွားခဲ့သည်ဟု ဆို၏။
ဟူး။
ယိုရှု သက်ပြင်းသာ ချလိုက်မိ၏။ ရှောင်းဝေ့မင်က ဘယ်နေရာမှ သုံးစားမရသည့် ကောင်စုတ်လေးပင်။ သူသည် ညီအစ်ကိုများအားလုံးထဲတွင် ဇာတ်လိုက်အပေါ် စိတ်ရင်းမှန်ဖြင့် ချစ်ခင်မြတ်နိုးပေးသည့် တစ်ဦးတည်းသောသူ ဆိုသော်ငြား၊ သူ၏ဉာဏ်ရည်ကတော့ အမှန်တကယ်ကို စိုးရိမ်ဖွယ်။ တစ်ခါတစ်ရံ ကိစ္စများဆောင်ရွက်ရာတွင်ဆိုလျှင် သူက အနှောင့်အယှက်ပင် ဖြစ်၏။
ယခုတစ်ခေါက်တော့ ရှောင်းဝေ့ရှင်းတစ်ယောက် သေလောက်အောင် ဒေါသထွက်နေလောက်မည်မှာ အသေအချာပင်။ သူ့အထင်တော့ အနှီရှမျိုးရိုး ခွေးကောင်က သူ့အား စကားဖြင့် အကြိမ်ပေါင်းများစွာ အသားယူခဲ့လောက်သည်။
ဤသို့ဖြင့် နောက်တစ်နေ့ရောက်သောအခါ ယိုရှုတစ်ယောက် မထင်မှတ်ထားသော တာဝန်တစ်ခုကို ပေးဆောင်ခံခဲ့ရသည်။
နန်းတော်မှ ပြန်ရောက်လာသောအခါ ရှောင်းဝေ့ရှင်းသည် သူ၏ အရှက်ရမှုများကို သည်းမခံနိုင် ဖြစ်နေရသည်။ သူက မနက်စောစောတွင် ရှောင်းဝေ့မင်ကိုခေါ်ကာ နန်းတော်သို့ သွားခဲ့ခြင်း ဖြစ်သည်။ ရှောင်းဝေ့ရှန်၏ သူလျှိုများက ကြိုတင်လျှောက်တင်ထားခဲ့ပြီး ဖြစ်သောကြောင့် ထိုသူသည် ရှောင်းဝေ့ရှင်းတစ်ယောက် နန်းတော်ထဲသို့ လာသည့်အပေါ် အံ့ဩစိတ်မဖြစ်ခဲ့ချေ။ မင်းသားလင်းနှင့် မင်းသားချင်တို့က ငယ်စဉ်တည်းက ဆက်ဆံရေးကောင်းကြပြီး သင့်သင့်မြတ်မြတ် ရှိကြကြောင်း အားလုံးအသိဖြစ်၏။
အမှန်စင်စစ်မူ ဤပြဿနာက ထွေထွေထူးထူးမရှိလှ။ ရှဟွေ့ကျန်း ခေါင်းကွဲသွားခဲ့သည် ဆိုသော်လည်း ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သည်မဟုတ်။ ရှောင်းဝေ့မင်ဘက်က သူ့ကို တောင်းပန်လိုက်သည်နှင့် ပြီးသွားသင့်သည့် ကိစ္စမျိုး ဖြစ်သည်။ သို့သော် ရှဟွေ့ကျန်းက ထိုကိစ္စကို ရမယ်ရှာနေကာ နောက်မဆုတ်ပေးခဲ့ချေ။ သူက ခေါင်းကို ထိုးထိုးပြကာ ရှောင်းဝေ့မင်၏ ရိုက်ချက်ကြောင့် မူးဝေနေကြောင်း ဟန်ပိုပြနေသည်။ ထို့အပြင် အစ်ကိုတော်ဖြစ်သည့် ရှောင်းဝေ့ရှင်းကိုယ်တိုင် အရက်ခွက်အနည်းငယ် ငှဲ့ပေး၍ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်သင့်ကြောင်း ဆို၏။
ရှောင်းဝေ့ရှန်သည်လည်း ဤဝမ်းကွဲအပေါ် အမြင်ကြည်လှသည် မဟုတ်ချေ။ သူက ထိုသူကို မယ်တော်ဧကရီမိဖုရားကြီးနှင့် ဦးလေးဖြစ်သူတို့၏ မျက်နှာကို ထောက်ကာ ငဲ့ညှာနေခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ခေါက်မှာ ရှောင်းဝေ့မင်ဘက်က အဆင်အခြင်မဲ့ ပြုမူခဲ့သည်ဆိုသော်လည်း၊ ကိုယ်တိုင် လာတောင်းပန်နေခဲ့ပြီ ဖြစ်၏။ ယင်းကို ရှဟွေ့ကျန်းဘက်က လက်သင့်မခံဘဲ ငြင်းဆိုနေသောအခါ ရှောင်းဝေ့ရှန် စိတ်အနှောင့်အယှက် ဖြစ်လာသည်။
တော်သေးသည်မှာ ရှောင်းဝေ့ရှင်းက အလွန်လိမ္မာပါးနပ်စွာဖြင့် နူးညံ့သိမ်မွေ့စွာသာ တောင်းပန်စကား ဆိုနေခဲ့သည်။ သူသည် ရှဟွေ့ကျန်းတစ်ယောက် အခွင့်အရေးယူ၍ သူ့လက်ကို ကိုင်နေသည်ကိုပင် ရုတ်ရုတ်သဲသဲ မဖြစ်စေခဲ့ဘဲ ရှောင်းဝေ့ရှန်၏မျက်နှာကို ငဲ့ကွက်ပေးခဲ့သည်။ ရှောင်းဝေ့ရှင်း မတရားသဖြင့်ခံခဲ့ရသည်ကို ရှောင်းဝေ့ရှန်လည်း သိ၏။ ထို့ကြောင့် သူသည် ပြန်ရောက်သည်နှင့် ရှောင်းဝေ့ရှင်းထံသို့ လက်ဆောင်ပစ္စည်းများစွာ ပို့ပေးခဲ့ကာ နှစ်သိမ့်ပေးခဲ့သည်။
ရှောင်းဝေ့ရှင်းက လက်ဆောင်ပစ္စည်းများကို ဂရုစိုက်မနေပါ။ သူသည် ဒေါသစိတ်ကို အတော်လေး ထိန်းချုပ်ထားခဲ့ရပြီး ပြန်ရောက်သည်နှင့် စာကြည့်ဆောင်ထဲတွင် သောင်းကျန်းတော့သည်။ သူ့စိတ်ထဲတွင် ရှဟွေ့ကျန်း၏ ရမ္မက်စိတ်မွှန်နေသည့် မျက်ဝန်းများနှင့် သူ၏လက်ဖမိုးကို အကြိမ်ကြိမ် ပွတ်သပ်နေခဲ့သည်တို့ကို စွဲထင်အောင် မှတ်မိနေသည်။ သူ ရွံရှာလွန်း၍ ထိုသူကို နေရာတွင်ပင် အပိုင်းပိုင်း ခုတ်သတ်ပစ်ချင်ခဲ့သည်။
သူ့အနေဖြင့် ရှဟွေ့ကျန်းအပေါ် ပေါ်ပေါ်တင်တင် လက်စားချေ၍ မရသော်ငြား၊ တိတ်တဆိတ် ပညာပေးသည်မျိုးတော့ လုပ်နိုင်သည်ပင်။
ဤသို့ဖြင့် ယိုရှုတစ်ယောက် တာဝန်ပေးအပ်ခံခဲ့ရခြင်း ဖြစ်ပြီး၊ ထိုတာဝန်ကလည်း လွယ်လင့်တကူ ထမ်းဆောင်ရမည်မျိုးသာ ဖြစ်ပေသည်။
သူသည် လုပ်ကြံသတ်ဖြတ်ရာတွင် အလွန် ကျွမ်းကျင်ပြီး၊ အကွာအဝေး တော်တော်ဝေးဝေးကပင် ပစ်မှတ်ကို ထိအောင်ပစ်နိုင်ကာ ခြေရာလက်ရာလည်း မကျန်စေရပေ။ ထို့အပြင် ရုပ်ဖျက်ခြင်းနှင့် ခြေရာခံခြင်းတို့တွင်လည်း ကျွမ်းကျင်၏။ အဆိပ်သုံးရာတွင်တော့ အရိပ်သက်တော်စောင့်ကိုးလောက် မကျွမ်းကျင်သော်ငြား၊ သူ့နည်းသူ့ဟန်နှင့်တော့ လုပ်တတ်သည်။ ထို့အပြင် အလုပ်လုပ်ရာတွင် တည်ငြိမ်မှုရှိပြီး ပါးနပ်စွာ လုပ်တတ်၍ ခြုံငုံပြောရလျှင် ဘက်စုံတော်သူတစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် သည်အလုပ်က သူနှင့် အကိုက်ညီဆုံး အလုပ်ဟု ဆိုရပေမည်။
သူတို့မိသားစုရဲ့ ဇာတ်လိုက်ကို လာပြီး အနိုင်ကျင့်ရဲတာ၊ အခုလို အခွင့်အရေးမျိုးရလာတာကို ယိုရှုက ဘာလို့များ ကောင်းကောင်းအသုံးမချရမှာတဲ့လဲ။
ထင်ယွဲ့မျှော်စင်က ညဘက်တွင်ဆိုလျှင် အတော်လေး စည်ကားသိုက်မြိုက်၏။ အပေါက်ဝနားတွင်လည်း လူများ ရထားလုံးများနှင့် ပြည့်နှက်နေသည်။ ဂုဏ်သရေရှိလူကြီးမင်းများအား ဝတ်ကောင်းစားလှများဝတ်စားထားသည့် အမျိုးသမီးများက ကြိုဆိုသမှု ပြုနေကြပြီး၊ ဤနေရာမှာ မြို့တော်မှ နာမည်အကြီးဆုံးသော ပြည့်တန်ဆာအိမ် ဖြစ်ပေသည်။
ယိုရှုတစ်ယောက် ထိုမျှော်စင်၏အရှေ့တွင် ရပ်နေပြီး ဟိုဟိုဒီဒီ ကြည့်နေခဲ့ပြီးနောက်၊ နောက်ဆုံးတော့ ရောက်လာခွင့်ရခဲ့ပြီပဲဟု တွေးကာ သက်ပြင်းချလိုက်မိသည်။ ယခင် အချိန်ကူးပြောင်းလာခဲ့သူများကို ကြည့်လျှင်လည်း အားလုံးနီးပါးက ပြည့်တန်ဆာအိမ်ကို စိတ်ဝင်စားကြကာ ရောက်ဖူးချင်ကြသည်ချည်းသာ။ သူ ယခင်ကလည်း ရောက်တော့ ရောက်ခဲ့ဖူးသည်သာ။ မည်သို့ပင်ဆိုစေ၊ ပြည့်တန်ဆာအိမ်ဆိုသည်က သတင်းအချက်အလက် စုံစမ်းရန် အကောင်းဆုံးနေရာဖြစ်၍၊ အလုပ်ကိစ္စအတွက် ညီနောင်များနှင့်အတူ အမြဲလိုလို လာခဲ့ဖူးသည်။ သို့သော် ယခုက သူတစ်ယောက်တည်း လာရသည့် ပထမဆုံးအကြိမ် ဖြစ်၏။
သူ၏ဝတ်စုံက ခမ်းနားထည်ဝါလှသည် မဟုတ်သော်လည်း ချမ်းသာကြွယ်ဝဟန်ပေါက်သည်တော့ ဆိုရမည်။ အမျိုးသမီးတစ်ယောက်က သူ့ထံသို့ လျှောက်လာပြီး အပြုံးတစ်ပွင့်ဆင်မြန်းထားကာ ဆိုလေသည်။
“ဒီက လူကြီးမင်းကို အရင်က မတွေ့ဖူးသလိုပဲနော်။ အခုမှ ပထမဆုံး လာဖူးတာလား။”
“အဟုတ်ပဲ၊ ကျုပ် ဒီကို အခုမှ ပထမဆုံး လာဖူးတာ။”
ယိုရှု ပြုံးပြလိုက်ပြီး လူကြီးလူကောင်းပုံဖမ်းကာ ပြောလိုက်သည်။
“ကျုပ်က နယ်ကလာတဲ့ ကုန်သည်ပါ။ မင်းတို့ရဲ့ နေရာက ဒီမြို့မှာ နာမည်ကြီးတယ်ဆိုပြီး ကြားမိလို့လေ၊ အဟုတ်ပဲလား။”
အမျိုးသမီးသည် ကလူကျီစယ်စွာ ပြုံးလျက် ယိုရှုအား အထဲသို့ ဦးဆောင်ခေါ်သွားပေးနေ၏။ ယိုရှုလည်း ကြုံရာ အပျော်မယ်တစ်ယောက်ကို ခေါ်လိုက်ပြီးနောက် စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်တော့သည်။
ခဏအကြာတွင်မူ အစိမ်းရောင်ဝတ်စုံလေး ဝတ်ထားသည့် မိန်းကလေးတစ်ယောက် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့ပြီး၊ လက်ထဲတွင် ဒုံမင်းတစ်လက် ကိုင်လာသည်။ သူ(မ)မှာ အလွန် ငယ်ရွယ်သေးပုံရပြီး မျက်နှာလေးက ကလေးရုပ်ပင် မပျောက်သေးချေ။ ကြည့်ရသည်မှာ အလွန်ဆုံးမှ ဆယ့်လေးနှစ် ဆယ့်ငါးနှစ်လောက်သာ ရှိဟန်ရပြီး နူးညံ့သိမ်မွေ့သောပုံစံလေးပင်။
ယိုရှုမှာ တစ်ချက်လောက် ကြည့်ပြီးသည်နှင့် စိတ်ထဲမှသာ ဆဲရေးလိုက်မိတော့၏။
ယုတ်မာလှသည့် ပဒေသရာဇ်ခေတ် လူ့အဖွဲ့အစည်းကြီးတွင်၊ အသက်မပြည့်သေးသည့် မိန်းမငယ်လေးများပါ အတင်းအကျပ် ခိုင်းစေခံနေကြရရှာသည်!
ယိုရှုသည် နေရာအနှံ့အား နားစွင့်နေခဲ့ပြီး အောက်ထပ်မှ လှုပ်ရှားမှုများကိုလည်း အာရုံစိုက်ထားခဲ့ကာ အဝင်အထွက်လုပ်နေကြသည့် လူတိုင်းကို စောင့်ကြည့်နေခဲ့သည်။ မိန်းမငယ်လေးက ဦးညွှတ်ကာ နူးညံ့စွာ ပြောလေ၏။
“သခင်လေး၊ ကျွန်မ နာမည်က လုယင်းလို့ ခေါ်ပါတယ်။ သခင်လေး ဘယ်တေးသံစဉ်ကိုများ နားဆင်လိုပါလဲ။”
ယိုရှုအတွက်တော့ တေးသံစဉ် နားထောင်နေရန် အချိန်မရှိပါ။ သူက ဟန်ပြသက်သက်သာ အပျော်မယ်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မိန်းမငယ်လေး၏ စကားများကို ကြားချိန်တွင် လက်ကို ဝှေ့ယမ်းပြလျက် ခပ်အေးအေးသာ ပြောလိုက်သည်။
“မင်း ကျွမ်းကျင်တဲ့ သံစဉ်ကို တီးလိုက်။”
လုယင်းက ယိုရှု အာရုံမရှိသည်ကို ရိပ်မိသွားဟန် ပေါ်၏။ သူ(မ)က ငြိမ်သက်စွာသာ ထိုင်နေလျက် ဒုံမင်းကို စတင်တီးခတ်လေတော့သည်။ သူ(မ) တီးခတ်နေသည့် တေးသံစဉ်က အတော်လေး နားထောင်ကောင်းသည်ဟု ဆိုရပေမည်၊ ယိုရှုကဲ့သို့ ဂီတသံစဉ်ကို မခံစားတတ်သည့်သူပင် နားထောင်ပြီးသောအခါ အနည်းငယ် စိတ်လက်ပေါ့ပါး သွားခဲ့ရသည်။
သို့နှင့် သိပ်မကြာလိုက်ခင်တွင် အပေါ်ထပ်ဆီမှ ရင်းနှီးနေသည့် လူတစ်ယောက် ဆင်းလာ၏။ ထိုသူမှာ ယိုရှု စောင့်မျှော်နေခဲ့သည့် ရှဟွေ့ကျန်း ဖြစ်ပေသည်။
ရှဟွေ့ကျန်းက အတော်လေးကို အရှက်မဲ့သည့် တဏှာရမ္မက်ကြီးလွန်းသူပင်။ ခေါင်းရိုက်ခွဲခံရပြီးသည်ကိုပင် အပျော်အပါးအတွက် အပြင်ရောက်နေသေးသည်။ သူက အမျိုးသမီးတစ်ယောက်ကို ကန်ထုတ်နေခဲ့ကာ၊ ဤနေရာမှ အကျော်ကြားဆုံးသော မိန်းကလေးတစ်ယောက်ကို သူ့အား လာခစားရန် ဆဲဆိုအော်ဟစ်၍ ပြောနေသည်။ ထိုအမျိုသမီးမှာလည်း ဤကပ်ဆိုးကြီးအား အပြစ်မပြုဝံ့လေရာ၊ ဟုန်ရွေ့ကို အမြန်ခေါ်လာပါရန် ညွှန်ကြားလိုက်ပြီး ပြုံးရွှင်စွာဖြင့်ပင် ထိုသူအား သီးသန်းအခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားလေသည်။
ထိုကဲ့သို့သော ဧည့်သည်များသာ တည်းခိုသည့် သီးသန့်ခန်းများက အတော်လေး လုံခြုံရေး တင်းကျပ်၏။ အခန်းအပြင်တွင် အပြင်မှငှားထားသည့် လူမိုက်များ စောင့်ကြပ်နေကြသဖြင့် တခြားသူများ အလွယ်တကူ ဝင်ရောက်ရန် မဖြစ်နိုင်။ ယိုရှုသည် ထိုသူ၏ လှုပ်ရှားမှုတိုင်းကို မျက်ဝန်းထောင့်မှ လှမ်းအကဲခတ်နေခဲ့ရင်း၊ အခန်းနံပါတ်ကို မှတ်ထားလိုက်သည်။
လုယင်းသည် တေးသံစဉ်တစ်ပုဒ် တီးခတ်ပြီးသွားသည်နှင့် ကြောက်ရွံ့နေသည့် ဟန်လေးဖြင့် နောက်တစ်ပုဒ် နားဆင်ချင်သေးလားဟု မေးလာ၏။
“မလောပါနဲ့၊ မင်းလည်း တစ်ခုခု စားပါဦး။”
ယိုရှုသည် မွှေးပျံ့နေပြီး သူကိုယ်တိုင်ပင် မတို့မထိရသေးသည့် ပင်လုံးကြိုင်ကိတ်မုန့်ပန်းကန်ကို သူ(မ)ရှေ့သို့ တွန်းပို့ပေးလိုက်ရင်း
“ငါ ရေအိမ်သွားဖို့ အရေးတကြီးဖြစ်နေလို့။ မင်းဒီမှာ မုန့်စားနေပြီး ငါ့ကို စောင့်နေလှည့်။”
ထိုသို့ပြောပြီးသည်နှင့် မတ်တတ်ထရပ်လိုက်ကာ သူ အမှန်တကယ်ပင် ရေအိမ်သွားရန် အလျင်စလို ဖြစ်နေသည့် ဟန်ပန်နှင့် အလောတကြီး ထွက်လာလိုက်တော့၏။ လုယင်းတစ်ယောက်မှာသာ နားမလည်နိုင်စွာ ကြည့်ရင်း ကျန်ခဲ့လေသည်။ သူ(မ) ထိုအလုပ်ကို စလုပ်သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး၊ ယခုလို ဧည့်သည်မျိုးနှင့် ဆုံရသည်မျိုးကတော့ ပထမဆုံးပင်။
သူ(မ)ကို ဒီမှာ စားသောက်ခိုင်းခဲ့တယ်ဆိုတော့…..သူ(မ)က ဘာလုပ်ရတော့မှာလဲ။
***
Aurora Novel Translation Team
အပိုင်း (၆.၂)
ယိုရှု ရုပ်ဖျက်ထားသည့် ပုံစံက အတော်လေးကို သာမန်ဆန်သည်။ ယင်းမှာ လူပုံအလယ်ရောက်နေလျှင်ပင် တစ်ချက်ကြည့်ပြီး နောက်စက္ကန့်လောက်ကြာသည်နှင့် မေ့သွားနိုင်သည့် သာမန်ဆန်ဆန် ရုပ်ရည်မျိုးဖြစ်၍ ပြစ်မှုကျူးလွန်ရန်အတွက် အလွန် လွယ်ကူပေသည်။
ပြည့်တန်ဆာအိမ်မှ သီးသန့်ခန်းများကို စောင့်ကြပ်သည့် အစောင့်များမှာ သာမန်လူများအဖို့တော့ ရင်ဆိုင်ရန် မလွယ်ကူသော်ငြား၊ ယိုရှုတို့လို ကျွမ်းကျင်သူများအဖို့တော့ ရင်မဆိုင်နိုင်စရာ မရှိချေ။ သူသည် ရေအိမ်ထဲရှိ အပေါက်သေးသေးလေးမှ ခုန်ထွက်လာခဲ့ပြီးနောက် အသံတိတ်ဖြင့် ခေါင်းမိုးပေါ် တက်လိုက်သည်။ ရှဟွေ့ကျန်းလိုလူမျိုးက အပြင်ထွက်သည့်အခါတိုင်း သူနှင့်အတူ လူများ ခေါ်လာတတ်သည်သာ။ သူကိုယ်တိုင်လည်း သူက လူမုန်းများကြောင်း သိကာ၊ သူ့ကို လုပ်ကြံမည့်သူများရှိကြောင်း သိသဖြင့် သူ့အသက်ကို အများတကာထက်ပို၍ တန်ဖိုးထားလေသည်။ ခေါင်းမိုးပေါ်တွင် စောင့်ကြပ်နေကြသည့် သက်တော်စောင့်နှစ်ယောက်က သက်သေပင် ဖြစ်လေ၏။
ယိုရှုသည် တံစက်မြိတ်အမိုးစွန်းနားတွင် ရပ်နေရင်း ထိုလူနှစ်ယောက်ကို ခဏလောက် စောင့်ကြည့်နေခဲ့၏။ ထို့နောက် အနည်းငယ် ချိန်ဆပြီးသောအခါ အင်္ကျီလက်ကို မြှောက်တင်လိုက်ပြီး အနည်းငယ် ဝှေ့ယမ်းလိုက်ရာ၊ ငွေအပ်နှစ်ချောင်း ပျံထွက်သွားသည်။
လျှို့ဝှက်စောင့်ကြပ်နေကြသည့် သက်တော်စောင့်နှစ်ယောက်မှာ ယခုကဲ့သို့ တစ်စုံတစ်ယောက်က လက်ဦးမှုယူလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။ သူတို့မှာ အပ်နှင့် စိုက်ပြီး နာကျင်မှုကို မခံစားရသေးခင်၌ပင် သတိလစ်မေ့မြောသွားကြပြီ ဖြစ်လေ၏။ ယိုရှုလည်း အခွင့်ကောင်းယူကာ ခေါင်မိုးပေါ်သို့ ခုန်တက်သွားလိုက်ပြီး ထိုသူနှစ်ယောက်အား စိတ်ပျက်ရွံရှာစွာ ကန်ချပစ်လိုက်သည်။
ထိုသူတို့၏ ဝတ်စားထားပုံအရ ခန့်မှန်းရလျှင်၊ ရှဟွေ့ကျန်းက သူတို့ကို လစာတော်တော်မြင့်မြင့် ပေးထားပုံရသည်။ သို့သော်လည်း ပေးထားသည့်လစာနှင့် အရည်အချင်းက မညီမျှ ဖြစ်နေခဲ့ပေ၏။ သည်လိုသက်တော်စောင့်များကတော့ သူတစ်ယောက်တည်းနှင့်ပင် ဆယ်ယောက်လောက် လှဲသိပ်ပစ်နိုင်သည်။
ယိုရှု ဆောင့်ကြောင့်ထိုင်လိုက်ကာ အမိုးပြားကို ဖြည်းညင်းစွာ လှမ်လိုက်ပြီးနောက် အထဲသို့ ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်းပင် ရှဟွေ့ကျန်းက အနီရောင်ဝတ်စုံဝတ်ထားသည့် မိန်းမလှလေးတစ်ယောက်ကို ပွေ့ဖက်ထားကာ စကားပြောနေခဲ့သည်။ သူ၏ ခြေလက်များက လှုပ်ရှားနေခဲ့ပြီး၊ အလွန်ကို တဏှာရမ္မက်ကြီးနေခဲ့ကာ စိတ်ဆန္ဒတို့ ဖြည့်ဆည်းရန် မစောင့်နိုင်တော့ဟန်ပင်။
ယောက်ျားတစ်ယောက်အတွက်တော့ ထိုကဲ့သို့သောအမှုကို ပြုနေသည့်အချိန်က သတိအလွတ်ဆုံးအချိန် ဖြစ်၏။ ရှဟွေ့ကျန်းကိုယ်တိုင်က သိုင်းပညာတွင် အတော်အသင့်လောက် အရည်အချင်း ရှိသော်လည်း၊ ရမ္မက်စိတ်ကြောင့် သတိလက်လွတ်ဖြစ်နေလေရာ ယိုရှုအတွက် လုပ်ရကိုင်ရ ပိုလွယ်ကူသွားခဲ့သည်။
သူသည် ဟိုအရင်တည်းက ပြင်ဆင်ထားခဲ့သည့် ဝါးကျည်တောက်တစ်ခုကို ထုတ်လိုက်ကာ အခန်းထဲသို့ အငွေ့များ မှုတ်ထည့်လိုက်သည်။ အနီရောင်အခိုးအငွေ့များက လေထဲတွင်သာ ပျံ့နှံ့ပျောက်ကွယ်သွားခဲ့လေ၏။ ထိုပစ္စည်းက သူတို့ အရိပ်သက်တော်စောင့်တပ်စခန်း၏ အထူးပစ္စည်းဖြစ်ပြီး အရိပ်သက်တော်စောင့်ကိုး လုပ်ထားခဲ့ခြင်း ဖြစ်သည်။ အရိပ်သက်တော်စောင့်ကိုးက ယခုကဲ့သို့သော နေရာမျိုးတွင် သူလျှိုအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့ဖူးသူဖြစ်ရာ ထိုကဲ့သို့သောအခြေအနေများအား တော်တော်လေး အတွေ့အကြုံရှိ၏။ နွားသိုးတစ်ကောင်ပင် ဖြစ်ပါစေဦး၊ ဤအငွေ့များအား တစ်ချက်လောက် ရှူရှိုက်လိုက်ရုံဖြင့် ခဏအတွင်း ဘုတ်ခနဲ လဲသွားမည်ဖြစ်ပြီး ကန်ကျောက်လျှင်ပင် နိုးမည်မဟုတ်ဟု ထိုသူက အာမခံထားခဲ့သည်။
အရိပ်သက်တော်စောင့်ကိုး၏ စကားအတိုင်း အမှန်တကယ်ကို အစွမ်းထက်လှပေသည်။
ယိုရှုသည် ခေါင်မိုးအဟလေးမှ ခုန်ဆင်းလိုက်ပြီးသည်နှင့် အိပ်ရာထက်မှ ဖရိုဖရဲဖြစ်နေသော နှစ်ယောက်အား ကြည့်နေရင်း မေးစေ့ကို လက်နှင့်ပွတ်ကာ စဉ်းစားနေခဲ့၏။ အမှန်အတိုင်းဆိုရလျှင် ရှဟွေ့ကျန်းက ချောမောကြည့်ကောင်းသူ တစ်ယောက်ဖြစ်သည်။ သို့သော် ထိုသူက သောက်စားပျော်ပါး၍ ကာမဂုဏ်ကိစ္စများကိုသာ ခုံမင်နေလေရာ သူ၏ပုံစံက ပင်ပန်းနွမ်းနယ်ဟန်တို့ပြည့်နေပြီး မြင်ရသူအဖို့ တစ်ချက်ကြည့်လိုက်မိရုံဖြင့်ပင် ရွံရှာလာရသည်။
ယိုရှု ရှေ့သို့ လျှောက်သွားလိုက်ပြီး အနီရောင်ဝတ်စုံနှင့် အမျိုးသမီးအား အသာအယာရှောင်လိုက်ကာ ရှဟွေ့ကျန်း၏ နှုတ်ခမ်းကို ဟလိုက်ပြီး အပြာရောင်ဆေးလုံးတစ်လုံး ခွံ့ပေးလိုက်သည်။ ထိုဆေးမှာ ပါးစပ်ထဲတွင်သာ အရည်ပျော်သွားခဲ့မည် ဖြစ်ပြီး အနံ့အရသာလည်း မရှိသဖြင့်၊ နိုးလာခဲ့လျှင်ပင် စားလိုက်မိသည်ကို သိမည် မဟုတ်ချေ။
ယင်းကို ယိုရှုကိုယ်တိုင် ဖော်စပ်ထားခဲ့ခြင်း ဖြစ်၏။ သူသည် အရိပ်သက်တော်စောင့်ကိုးထံမှ ဆေးဝါးများအကြောင်း သင်ယူဖူးခဲ့သဖြင့်၊ စိတ်ကူးပေါက်ကာ “စိတ်အာရုံကို ထွေပြားစေသည့် ဆေး” တစ်မျိုးကို ဖော်စပ်ခဲ့ခြင်းဖြစ်သည်။ ထိုဆေးက လူ့ဦးနှောက်ကို လှုံ့ဆော်ပေးကာ အချိန်တိုလေးအတွင်း အပြင်းအထန် စိတ်လှုပ်ရှားမှုများ ဖြစ်စေပြီး ထင်ယောင်ထင်မှား မြင်ယောင်ခြင်းမျိုးများ ဖြစ်စေသည်။ ထိုဆေးမှာ လူ့ခန္ဓာကိုယ်ကိုတော့ ထိခိုက်စေခြင်းမရှိသော်လည်း၊ အနှီနေရာကိုတော့ ထိခိုက်စေ၏။ ထိုဆေးကို သူ ယခင်က တံခါးစောင့်သည့် ခွေးနှင့် စမ်းသပ်ကြည့်ဖူးခဲ့ပြီး၊ လဝက်လောက်အကြာတွင်မူ ထိုခွေးမှာ သူ့ပစ္စည်းကို အသုံးမပြုနိုင်တော့ချေ။ ယခုဆိုလျှင် ထိုခွေးမှာ ယိုရှုကို မြင်သည်နှင့်ကို အမြီးကုပ်၍ ပြေးနေပြီ ဖြစ်၏။
သူကတော့ ထိုဆေးကို “ပန်းသေကုဆေး” ဟု အမည်ပေးထားသည်။ အရိပ်သက်တော်စောင့်တပ်ဖွဲ့မှ သူများကတော့ သူ ထိုဆေးအကြောင်း ပြောလိုက်သည်နှင့် မည်သူကမှ မတို့မထိရဲကြချေ။
ယိုရှု လှည့်ထွက်လာခဲ့ပြီးနောက် အခန်းထဲမှ အမွှေးခဲထွန်းသည့် အိုးထဲသို့ တစ်စုံတစ်ရာ ပစ်ထည့်လိုက်၏။ ထိုအခါ အခန်းထဲတွင် ပို၍ မွှေးပျံ့လာခဲ့ပြီး၊ ယင်းက လူ၏သွေးခုန်နှုန်းကို မြန်စေရာ ဆေးအာနိသင်ကို ပို၍ အလျင်အမြန် ပြစေပေလိမ့်မည်။
ဤသို့ဖြင့် ကိစ္စအဝဝကို ဆောင်ရွက်ပြီးသောအခါ ယိုရှုသည် စိတ်ကျေနပ်စွာဖြင့်ပင် ခေါင်မိုးအပေါ်မှ ခုန်ထွက်လာခဲ့ပြီးနောက် ခေါင်မိုးကို မူလအတိုင်း သေသေချာချာ ပြန်ထားလိုက်သည်။ ထို့နောက် သတိလစ်နေသော လူနှစ်ယောက်ကို ပြန်သယ်လာခဲ့ပြီး ခြေရာလက်ရာ မကျန်ခဲ့စေရန်အတွက် လည်ပင်းနာက်မှ ငွေအပ်ကို ပြန်ဆွဲထုတ်ခဲ့ပြီးနောက် လာရာလမ်းအတိုင်း ပြန်သွားလိုက်လေတော့၏။
ထိုဖြစ်စဉ်တစ်ခုလုံးအတွက် လက်ဖက်ရည်တစ်ခွက် အေးသွားလောက်မည့်အချိန်လောက်သာ ကြာမြင့်လေသည်။
သူ ဒုတိယထပ်သို့ ပြန်ရောက်သောအချိန်တွင်၊ လုယင်းက နာခံစွာဖြင့် စားသောက်ထားခဲ့ပြီး ပင်လုံးကြိုင်ကိတ်မုန့်တစ်ပန်းကန်လုံး ကုန်စင်နေလေပြီ။ ယိုရှု ပြန်လာသည်ကို မြင်သောအခါ သူ(မ)က အလျင်အမြန် ထရပ်လိုက်ပြီး နှုတ်ဆက်လေ၏။
“သခင်လေး၊ ရှင် ပြန်လာပြီလား။”
ယိုရှုသည် သူ(မ)၏ နာနာခံခံပုံစံလေးကို မြင်သောအခါ ရုတ်တရက် သူ၏ညီမလေးကို တွေးမိသွားခဲ့သည်။ ထိုကလေးမလေးမှာ အနီးကပ်ကြည့်မိသောအခါမှ သူ့ညီမလေးနှင့် အနည်းငယ်လောက် ဆင်ဆင်တူပေသည်။ ထို့အပြင် သူ ကားမတော်တဆမှုဖြစ်၍ ဆုံးပါးခဲ့စဉ်ကဆိုလျှင် သူ(မ)ကလည်း ဤကလေးမလေးအရွယ်လောက်သာ ရှိပေးဦးမည် ဖြစ်၏။ သို့ဖြစ်ရာ ယိုရှုတစ်ယောက် အမှတ်တမဲ့ဖြစ်သွားပြီး နူးညံ့စွာ ဆိုလိုက်မိသည်။
“အင်း။”
“မင်း စားလို့ပြီးပြီလား။”
“ဟုတ်။”
လုယင်း ဂရုတစိုက်ဟန်လေးနှင့် ပြန်ဖြေလိုက်ပြီးနောက် ထိုသူ၏ အမူအရာကို ခိုးကြည့်လိုက်မိ၏။
“သခင်လေး၊ ရှင် ဘာတေးသံစဉ်များ နားထောင်ချင်သေးလဲ။”
ယိုရှုက သူ့တာဝန်ကို ထမ်းဆောင်ပြီးပြီဖြစ်၍ ဤနေရာတွင် ကြာကြာနေရန် အစီအစဉ် မရှိတော့။ သူ လှည့်ပြန်ရန် ပြင်လိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီး နောက်သို့ ပြန်လှည့်လိုက်သည်။ ထို့နောက် သူ၏ အိတ်ထဲမှ ငွေစတချို့ ထုတ်လိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်ကာ
“ရော့ မင်းအတွက် မုန့်ဖိုး။”
လုယင်းက “မုန့်ဖိုး” ဆိုသည်ကို နားမလည်သော်လည်း၊ ဆုလာဘ်ပေးသည်မျိုးသာ ဖြစ်မည်ဟု သိ၏။ သို့သော် ဤနေရာတွင် သူ(မ)၏အနေအထားက ကောင်းမွန်လှသည် မဟုတ်သဖြင့် မည်သည့်ဧည့်သည်ကမှ ထိုမျှလောက်အထိ များများစားစား မပေးဖူးချေ။ ထို့ကြောင့် သူ(မ) ရှက်ရွံ့ဟန်လေးနှင့် ငြင်းဆန်လိုက်တော့မည်ပြင်ကာ မော့ကြည့်လိုက်ချိန်တွင် အနှီဧည့်သည်က ခပ်ဝေးဝေးသို့ ထွက်သွားခဲ့လေပြီ။
သူ(မ)သည် တံခါးဝသို့သာ ငေးစိုက်ကြည့်နေမိခဲ့ပြီး၊ အချိန်အတော်ကြာသွားပြီးမှ သခင်လေး၏ အမည်ကိုပင် မသိလိုက်ရကြောင်း အမှတ်ရသွားခဲ့၏။
ယိုရှု အောက်ထပ်သို့ ဆင်းလာခဲ့ပြီး အပြင်ထွက်ရန် ဟန်ပြင်လိုက်ချိန်တွင်ပင် အပေါ်ထပ်ဆီမှ ရုတ်ရုတ်သဲသဲအသံများ ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ ရှဟွေ့ကျန်းတစ်ယောက် ဖရိုဖရဲ အဝတ်အစားများနှင့် လှေကားပေါ်မှ ဝရုန်းသုန်းကား ဆင်းလာခဲ့ပြီး၊ အောက်ပိုင်းတွင်က အဝတ်မဲ့နေခဲ့ကာ သူ၏ပစ္စည်းက ထောင်မတ်နေခဲ့သည်။ ထို့အပြင် လမ်းတစ်လျှောက်လုံး သရဲ သရဲဟု အော်ဟစ်လာလေ၏။
အားလုံးမှာလည်း သခင်လေးရှတစ်ယောက် ဘာဖြစ်သည်မသိဘဲ အံ့အားသင့်နေကြသည်။
သို့သော် သူတို့အားလုံး တစ်ခုတော့ မြင်လိုက်ရသည်။ ယင်းမှာ သခင်လေးရှ၏ ထိုပစ္စည်းက အလွန်တရာကို သေးကွေးနေလွန်းခြင်ပင်း။
ယိုရှုကတော့ သူ၏ ဇာတ်လိုက်အတွက် လက်စားချေနိုင်လိုက်သဖြင့် စိတ်လက်ပေါ့ပါးသွားကာ အလွန် ပျော်ရွှင်နေလေသည်။
ဇာတ်လိုက်ကို ဒုက္ခပေးနေသည့် ဗီလိန်ကို ဇာတ်လိုက်ကိုယ်စား ကိုယ်တိုင်ကိုယ်ကျ ပညာပေးလိုက်နိုင်သည်မျိုးက စာဖတ်သူတိုင်း၏ ဆန္ဒ ဖြစ်၏။
***
Aurora Novel Translation Team