အပိုင်း (၄.၁)
ယိုရှု၊ ရှောင်းဝေ့ရှင်း၏ဒဏ်ရာကို သေသေချာချာ ပိတ်ကျဲစနှင့် စည်းပေးလိုက်ပြီး ပြန်လှည့်လိုက်ချိန်တွင် ကြမ်းပြင်ထက်မှ ကြွေပန်းကန်ကွဲစများကို တွေ့သွားသည်။ သူသည် ကိုယ်တိုင်ပင် သတိမထားမိသည့် OCD အရ အလိုအလျောက် တံမြက်စည်းတစ်ချောင်း ယူလိုက်မိပြီး လှည်းကျင်းလေတော့၏။ လှည်းနေသည့် အချိန်တွင်လည်း အသက်ရှူသံကိုပင် ထိန်းထားခဲ့ကာ ထိုင်ခုံတွင် ထိုင်နေသောသူကို အနှောင့်အယှက်မပြုမိအောင် သေသေချာချာ ဂရုပြုထားခဲ့သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ထိုသို့သောအလုပ်မျိုးက အရိပ်သက်တော်စောင့်တစ်ယောက် လုပ်ရမည့်အလုပ်မျိုး မဟုတ်ချေ။ တံမြက်စည်းလှည်းသည့် အလုပ်ကြမ်းမျိုးကို အစေခံများသာ လုပ်ရမည်ဖြစ်၏။ သို့သော် ယိုရှုကတော့ ထူးထူးထွေထွေဟုတ်မနေဟုသာ တွေးသည်။ ထို့အပြင် အစေခံများ အခန်းထဲသို့ ရောက်လာရန်ကလည်း အချိန်တစ်ခုလောက် ကြာဦးမည်ဖြစ်၏။ ယခုမူ သူလည်း ရှိနေပြီး တံမြက်စည်းလှည်းရခြင်းက ပင်ပင်ပန်းပန်းလည်း မဟုတ်သဖြင့် သူသာ လုပ်လိုက်ခြင်းဖြစ်သည်။
အတတ်နိုင်ဆုံး ညင်ညင်သာသာ လှုပ်ရှားနေခဲ့သည်ဆိုသော်ငြား ရှောင်းဝေ့ရှင်းအဖို့ သတိပြုမိနေဆဲသာ ဖြစ်သည်။ သူ၏လက်မှဒဏ်ရာမှာ သေသေချာချာ ကုသခံထားရသဖြင့် နာကျင်မှုမရှိသလောက်ပင်။ အနှီအရိပ်သက်တော်စောင့်လေးက အလုပ်ကိုတော့ စေ့စေ့စပ်စပ် လုပ်တတ်ပေသည်။
ရှောင်းဝေ့ရှင်းသည် ထိုကဲ့သို့သော ကိစ္စများအပေါ် အာရုံထားမနေလို၍၊ ယိုရှု ကြမ်းပြင်များကို တံမြက်စည်းလှည်း၍ အကွဲစများရှင်းနေသည်ကိုသာ ထိုင်ကြည့်နေလိုက်သည်။ မည်သို့ပင်ဆိုစေ ခေါင်းဆောင်တိုင်းက အမြော်အမြင်ရှိပြီး ကြိုးစားအားထုတ်သူကို သဘောကျသည်သာ ဖြစ်၏။ ယိုရှုအတွက်တော့ အခြေအနေအချိန်အခါအလိုက် လိုက်လျောညီထွေဖြစ်အောင် ပြုမူတတ်မှုက သူ၏ အားသားချက်တစ်ခုပင် ဖြစ်သည်။
“အရှင်မင်းသား၊ အားလုံးကို ရှင်းပြီးပါပြီ။ ဒီငယ်သား ထွက်သွားလို့ ရပါပြီလား။”
ယိုရှုသည် ကြမ်းပြင်ကို သန့်ရှင်းပြီးသည်နှင့် ခပ်တိုးတိုးအသံဖြင့် ရိုကျိုးစွာ မေးလိုက်သည်။
ရှောင်းဝေ့ရှင်းက ပျင်းတိပျင်းတွဲပုံနှင့်သာ နေနေပြီး ဘာစကားမှ ပြန်မဆိုချေ။ ယိုရှုပြောလိုက်သည့်စကားကို ကြားလိုက်ရဲ့လားပင် မသိပါပေ။ ထိုသူမှာ ယနေ့တွင် အတော်လေး စိတ်အခြေအနေ ဆိုးရွားနေခဲ့သည်ဖြစ်မည်၊ မျက်နှာက တစ်လျှောက်လုံး အေးစက်ခက်ထန်နေခဲ့ပြီး၊ သာမန်လူများသာဆိုလျှင် ထိုသူအနား ကပ်ဝံ့လောက်မည် မဟုတ်ပေ။
ထိုသူဘက်က ဘာစကားမှမဆိုလာသည့်အတွက် ယိုရှုလည်း ကိုယ့်သဘောနှင့်ကိုယ် ထလိုက်၍ မရချေ။ သို့ဖြစ်ရာ ဒူးထောက်ထားသည့် ပုံစံအတိုင်းသာ ငြိမ်သက်စွာ နေနေရတော့၏။
သူ ခေါင်းငုံ့ထားကာ ကြမ်းပြင်မှ ကျောက်ပြားများကို ငေးစိုက်ကြည့်နေမိသည်။ ဤစာကြည့်ခန်းထဲမှ ကျောက်ပြားများမှာ ခင်းထားတာကြာခဲ့ပြီဖြစ်သော်လည်း အပေါ်ယံ အဖြူရောင်ကျောက်စိမ်းထည်ကမူ နူးညံ့ပြောင်လက်နေဆဲဖြစ်ပြီး နွေးထွေးမှုကို ခံစားမိရဆဲပင်။ သူသ တစ်ပြားလောက်ခွာ၍ ရောင်းလိုက်ရလျှင် ငွေစအတော်များများရမည်ဖြစ်၏။ အနည်းဆုံး သူ့အတွက် စားစရိတ်လောက်တော့ လောက်ငှလောက်သည်။
မည်သို့ပင်ဆိုစေ၊ ခွေးဧကရာဇ်သည် ငွေကြေးနှင့်ပတ်သက်လာလျှင်တော့ ညီတော်များအပေါ် မမျှမတ ဆက်ဆံခြင်းမျိုး မရှိချေ။ အထူးသဖြင့် ရှောင်းဝေ့ရှင်းအတွက်ဆိုလျှင် လိုအပ်ချက်တော်တော်များများကို ဖြည့်ဆည်းပေးထားခဲ့သည်။ ထို့ကြောင့် အနှီသူမှာ သူ၏လျှို့ဝှက်စီးပွားရေးလုပ်ငန်းများအပြင် သူ၏လစာငွေဖြင့်ပင် ဘဝကို သက်သောင့်သက်သာ ရပ်တည်နိုင်ပေသည်။
ယိုရှုတစ်ယောက် ဟိုဟိုဒီဒီ လျှောက်တွေးနေမိ၏။
ဤသို့ဖြင့် အချိန်မည်မျှကြာသွားခဲ့သည်မသိ၊ နောက်ဆုံးတော့ ရှောင်းဝေ့ရှင်းတစ်ယောက် သတိပြန်ဝင်လာဟန်တူသည်။ သူက ကြမ်းပြင်ထက်တွင် ဒူးထောက်ခစားနေသည့် အရိပ်သက်တော်စောင့်ကို ကြည့်လိုက်ပြီး လက်ယမ်းပြလိုက်ကာ တိုးသာသာအသံနှင့် ပြောလိုက်၏။
“မောင်မင်း ထွက်သွားလို့ရပြီ။ ဒီမှာ စောင့်ကြပ်ပေးနေစရာ မလိုဘူး။”
ယိုရှုသည် ခွင့်ပြုချက်ရလိုက်သည်နှင့် ကြမ်းပြင်ပေါ်မှ ထရပ်လိုက်ပြီးနောက် တစ်စက္ကန့်လောက်ပင် မနှောင့်နှေးစေရဘဲ ဇာတ်လိုက်ရှေ့မှ ပျောက်ကွယ်သွားခဲ့လေပြီ။
ရှောင်းဝေ့ရှင်းမှာ ပြတင်းပေါက်မှ ဝှစ်ခနဲ ခုန်ဆင်းသွားသည့် အရိပ်သက်တော်စောင့်လေးကို ကြည့်နေရင်း အချိန်အတော်ကြာသည်အထိ မျက်မှောင်ကြုတ်နေမိ၏။ တခြားသူတွေအကုန်လုံး ပင်မတံခါးပေါက်ကနေပဲ ထွက်ခွာကြတာပါ၊ ဒီကောင်လေးကို ဘယ်သူကများ ပြတင်းပေါက်က ထွက်ရမယ်လို့ သင်ပေးထားတာလဲ။
မင်းသားဘက်မှ ခွင့်ပြုလိုက်ပြီဖြစ်၍၊ ယိုရှုအဖို့ ပျင်းရိဖွယ်ကောင်းလှသော စာကြည့်ဆောင်ထဲတွင် သိုးများရေတွက်နေရင်း ဆက်နေစရာ မလိုတော့။ ယခုက ထမင်းစားချိန် ရောက်နေပြီဖြစ်၍ သူသည် လှောင်အိမ်ထဲမှ လွှတ်လိုက်သည့် ဝံပုလွေပမာ တက်ကြွနေခဲ့သည်။ သူ ထမင်းစားဆောင်ဆီသို့သာ သုတ်ခြေတင် ပြေးနေပြီး ဇာတ်လိုက်မင်းသား၊ အရှင်မင်းသား၊ အလုပ်အကိုင်၊ ဇာတ်လိုက်မင်းသမီး စသည်ဖြင့် အားလုံးကို မေ့လျော့သွားလေပြီ။ ယခုအချိန်တွင်မူ ထမင်းစားစားပွဲပေါ်မှ ဝက်ခြေထောက်ကြီးများလောက် ဘယ်အရာကမှ အရေးမပါတော့ပေ။
ထမင်းစားဆောင်တွင် လူများ စည်ကားနေ၏။ အရိပ်သက်တော်စောင့်တပ်ဖွဲ့တွင် အစားအသောက်များ ကောင်းမွန်သည်ဟု နာမည်ကြီးသဖြင့် မင်းသားအိမ်တော်ရှိ တခြားနေရာများတွင် အလုပ်လုပ်သည့် လူများကပါ မကြာခဏ လာရောက်စားသောက်တတ်ကြသည်။ သို့ဖြစ်ရာ ယိုရှုအနေဖြင့် အတတ်နိုင်ဆုံး အမြန်ရောက်အောင် ပြေးရမည် ဖြစ်၏။ မဟုတ်ပါက သူ့အတွက် စားစရာ ကျန်တော့မည်မဟုတ်ပေ။
သူ အစားအသောက်ဗန်းကို ကိုင်ထားရင်း တန်းစီနေခဲ့ချိန်တွင်ပင် သူ့အရှေ့၌ ရင်းနှီနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူမှာ မနက်က တွေ့ခဲ့သည့် မင်းသား၏အပါးတော်မြဲအစေခံဖြစ်သူ လော့ယောင် ဖြစ်ပေသည်။
လော့ယောင်ဆိုသည့် မိန်းကလေးအကြောင်းပြောရလျှင်၊ သူ(မ)သည် ယိုရှုအတွက်တော့ သမင်လည်ပြန် လှည့်ကြည့်ရသည့် မိန်းကလေးမျိုးပင်။ သူ(မ)က ချစ်စရာကောင်းပြီး အေးအေးဆေးဆေး ရှိလှသည့် ဘေးအိမ်မှ ညီမလေးလို ပုံစံမျိုးရှိ၏။ ခေတ်သစ်ကာလတွင်သာဆိုလျှင် လူငယ်လေးများ၏ ကိုးကွယ်ရာ နတ်ဘုရားမလေးပင် ဖြစ်နေလောက်သည်။ ထို့အပြင် သူ(မ)၏ ချစ်စဖွယ်ကောင်းလှသော ဝိုင်းစက်စက်မျက်နှာလေးနှင့် နုနယ်အပြစ်ကင်းဟန်လေးတို့ကြောင့် ချိုမြိန်အေးချမ်းမှုတို့နှင့် ပြည့်နှက်နေသည့်နှယ် ခံစားရစေသည်။
အကယ်၍ ယိုရှုသာ သူ(မ)က လူတစ်ယောက်ကို လက်တစ်ဖက်တည်းနှင့် ခေါင်းလိမ်ချိုး၍ သတ်လိုက်သည်အား မမြင်မိလျှင် ထိုသို့သာ ထင်မိမည် ဖြစ်၏။
ယိုရှုမှာ ထိုမြင်ကွင်းကို တွေးလိုက်မိသည်နှင့် စိတ်ထဲ အီလည်လည်ပါ ဖြစ်သွားရသည်။ ဤသို့ချစ်စဖွယ် မိန်းမငယ်လေးတစ်ယောက်က ဘာကြောင့်များ ထိတ်လန့်ဖွယ်ကိစ္စမျိုး လုပ်နိုင်ရသည်ကို သူ နားမလည်နိုင် ဖြစ်ရသည်။ ထို့အပြင် သူ(မ)က သူ့ထက်ပင် ပို၍ အစားကြီးသေးသည်။ သူ(မ)ကမှ တကယ်ကို ဆွဲဆောင်မှုရှိလှသည့် ရုပ်ရည်လေးနှင့်မှမလိုက် အစားကြီးလွန်းသူ ဖြစ်ပေ၏။
ထို့အပြင် ပုံမှန်အားဖြင့်ဆိုလျှင် လော့ယောင်နှင့် ဟွားချွမ်တို့လို အစေခံများတွင် ကိုယ်ပိုင် စားဖိုဆောင်လေးများ ရှိသည်သာ။ သူ(မ)တို့၏ အကျိုးခံစားခွင့်များက သာမန်လူချမ်းသာမိသားစုများမှ သခင်မလေးများနှင့်ပင် တန်းတူလောက် ရှိမည် ဖြစ်၏။ သူ(မ)တို့က နယ်မြေဒေသအစုံမှ အစားအသောက်ကောင်းများကို စားသောက်ဖူးသူများ ဖြစ်ကြသည်။ သို့ဖြစ်ရာ သူ(မ)တို့အနေဖြင့် ကိုယ့်အဆင့်အတန်းကို နှိမ့်ချကာ အရိပ်သက်တော်စောင့်တပ်တွင် အစားအသောက်များ လာရောက်လုယက်နေရန် မလိုပေ။
သို့သော်ငြား သူ(မ)ကတော့ ဘာကြောင့်မှန်းမသိ တစ်နေ့တစ်နေ့ အချိန်ရသည်နှင့်ကို အရိပ်သက်တော်စောင့်တပ်တွင် အစားအသောက်များ လာစားတတ်ရာ၊ တခြားသောအရိပ်တပ်သားများမှာ သူ(မ)ကို တွေ့သည်နှင့် ကပ်ဆိုးကြီးတစ်ခုပမာ ရှောင်ကွင်းသွားကြရသည်။ မဟုတ်ဘဲ သူ(မ)အပေါ် အပြစ်ပြုမိပါက အပြစ်ပေးခံရမည်စိုး၍ ဖြစ်၏။
သူ ကြည့်နေသည်ကို သတိထားမိသွား၍ ဖြစ်မည်၊ လော့ယောင်က လှည့်ကြည့်လာ၏။ ပြီးနောက် သူ့ကို မြင်သွားသည်နှင့် ချက်ချင်းကို ပြုံးပြလာပြီး နူးညံ့စွာ ပြောလာသည်။
“ရှင်ပဲ။”
ယိုရှု အစားအသောက်ဗန်းကို ကိုင်ထားလျက် တွန့်ဆုတ်ဆုတ်နှင့် ခေါင်းညိတ်ပြလိုက်မိသည်။
လော့ယောင်က လွပ်လွပ်လပ်လပ်နေတတ်ပြီး သူ(မ)၏အကျင့်စရိုက်က ယောက်ျားသားများထက်ပင် ခန့်မှန်းရ လွယ်သေးသည်။ ဘယ်အချိန်မှစ၍ ဤသို့ဖြစ်သွားခဲ့မှန်း မသိသော်လည်း၊ သူ(မ)သည် ရည်ရွယ်ချက်ရှိရှိပေလော အမှတ်တမဲ့ပေလောမသိ ယိုရှုကို မြင်သည်နှင့် စကားများအဆက်မပြတ် ပြောတတ်၏။ သို့သော် အရေးကြီးသည့်စကားမျိုးတော့ မဟုတ်ပေ။
“ဒီမနက် ရှင်တာဝန်ကျတာမလား။”
သူ(မ)သည် အဆက်မပြတ်ကို တတွတ်တွတ် ဆက်ပြောနေတော့၏။ သူ(မ)တွင် ဘာကြောင့်များ ဒီလောက်အထိ ပြောစရာ များပြားနေရသည်ကို ယိုရှု နားမလည်နိုင်ဖြစ်ရသည်။ ထို့အပြင် ပြောနေသမျှကလည်း ထွေထွေထူးထူး မဟုတ်လှသည့် ကိစ္စသေးသေးမွှားမွှားလေးများသာ။ သူ(မ)က အစေခံနှစ်ယောက် ရန်ဖြစ်သည့်အကြောင်းကိုပင် အချိန်အတော်ကြာအောင် ပြောနိုင်သူ ဖြစ်သည်။
မိန်းကလေးတွေအားလုံး ဒီလိုပဲ စကားများကြတာလား။
ယိုရှု နားမလည်နိုင် ဖြစ်နေရသည်။ သူ အရိပ်သက်တော်စောင့်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း စိတ်ခံစားချက်မရှိသည့် ကြမ်းကြမ်းတမ်းတမ်း ယောက်ျားသားကြီးများသာ ရှိ၏။ တပ်စခန်းမှ အစောင့်ခွေးသည်ပင် ခွေးထီးကြီးများ ဖြစ်သည်။ သို့ဖြစ်ရာ အပြင်လောကမှ မိန်းကလေးများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို အသားမကျဖြစ်လာပြီး၊ သူ(မ)ကိုလည်း မည်သို့သော အမူအရာမျိုးနှင့် တုံ့ပြန်ရမည်မှန်း မသိတော့ချေ။ ထို့ကြောင့် ခပ်တည်တည်သာနေရင်း ဘာစကားမှ မဆိုဘဲ နေလိုက်၏။ ထိုသို့ဆိုလျှင် အမှားအယွင်း လုပ်မိတော့မည် မဟုတ်ချေ။
ထို့အပြင် လော့ယောင်က ဇာတ်လိုက် ယုံကြည်ရသည့် အစေခံမလေး ဖြစ်၏။ သူ ကောင်းကောင်းမွန်မွန် လုပ်ဆောင်၍ သူ(မ)ဘက်ကသာ သူ့ကို ထောက်ပံ့ပေးလာပါက ကောင်းမွန်သည့်ကိစ္စပင်။
ယိုရှုသည် အလုပ်အကြောင်း စဉ်းစားလိုက်မိသောအခါ ကျောသာ ပိုမတ်လိုက်မိတော့၏။
လော့ယောင်ကတော့ ထိုသူ သူ(မ)ကို အာရုံမရှိသည့်အပေါ် စိတ်ထဲထားမနေဘဲ ပြောစရာရှိတာသာ ဆက်ပြောနေ၏။ ယိုရှုက သူ့အတွက် ခွဲတမ်းဖြစ်သည့် အစားအသောက်ကို ယူပြီးသည်နှင့် အစားအသောက်ဗန်းကို ကိုင်ကာ ညီနောင်များနှင့်အတူ ထိုင်ရန် သွားလိုက်တော့သည်။ လော့ယောင်ကမူ မိန်းကလေးဖြစ်သဖြင့် သူ့နောက်သို့ လိုက်ရန် မသင့်တော်ရာ၊ အစားအသောက်ထည့်သည့်ဘူးကို သယ်ထားလျက် အင်တင်တင်ဖြင့်သာ ထွက်သွားလိုက်ရတော့သည်။ သို့သော် သူ(မ)က ယိုရှုအား လှည့်ကြည့် လှည့်ကြည့် လုပ်နေခဲ့သေး၏။
ယိုရှု ထိုင်လိုက်ပြီဆိုသည်နှင့် အရိပ်သက်တော်စောင့်လေးက ပြုံစစနှင့် အနားသို့ကပ်လာပြီး မေး၏။
“မိန်းကလေးလော့ယောင်က ဘာလို့များ မင်းကို စကားလာလာပြောနေတာလဲ။”
“ငါက ဘယ်လိုလုပ် သိမလဲ။”
ယိုရှု မျက်မှောင်ကြုတ်ကာ ဖြေလိုက်၏။ ဒီလူကတော့ မဆီလျော်တာတွေ လာလာပြောနေပြန်ပြီ။
အရိပ်သက်တော်စောင့်ရှစ်ကလည်း ပြုံးစစနှင့် ဝင်ပြောသည်။
“သက်တော်စောင့်သုံး၊ ငါ မင်းအတွက် ဗေဒင်တွက်ပေးမယ်လေ။ မင်းရဲ့ အချစ်ရေးက စန်းထနေပြီကွ။ မကြာခင် အချစ်ရေးအတွက် သတင်းကောင်းကြားလာရတော့မယ် ထင်တယ်။”
“သက်တော်စောင့်ရှစ်ရဲ့ ဟောချက်တွေက ဘယ်တော့မှ မမှန်ဘူးဆိုပေမဲ့ ဒီတစ်ခေါက်တော့ မှန်မယ်ထင်တယ်။”
အရိပ်သက်တော်စောင့်ကိုးက သူ၏ဆံပင်ကို သပ်တင်နေရင်း ဆိုသည်။ ထိုသူမှာ ထူးထူးဆန်းဆန်းတာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးခံထားရသူဖြစ်၍ အချိန်တိုင်း မိန်းကလေးအဝတ်အစားများ ဝတ်ထားရသူ ဖြစ်၏။ သူ၏ လက်ကောက်ဝတ်ရိုးများကြောင့်သာမဟုတ်လျှင် သူ့ကို မိန်းကလေးဟုသာ အထင်မှားမိကြမည် ဖြစ်သည်။
***
Aurora Novel Translation Team
အပိုင်း (၄.၂.
ယိုရှုကတော့ ဆိတ်ဆိတ်သာ နေနေသည်။ သူ့အမြင်တွင်တော့ သူ၏ညီနောင်များက တစ်နေ့တစ်နေ့ အားအားယားယား သူနှင့် လော့ယောင်တို့အကြောင်း မဟုတ်တမ်းတရား လိုက်ပြောနေသည်ဟုသာ ထင်၏။ သူနှင့် လော့ယောင်တို့ကမူ ဘာမှဟုတ်ကြသည်မဟုတ်။ အကယ်၍ တစ်ထောင်ပုံပုံ တစ်ပုံလောက် အခွင့်အရေး ရှိနေလျှင်ပင် သူက လော့ယောင်ကို ကြိုက်မည်မဟုတ်။
လော့ယောင်လို ချစ်စဖွယ် မိန်းကလေးမျိုးက မျက်စိအစာကျွေးရန်အတွက်သာ ကောင်းပြီး၊ သူ(မ)၏အကျင့်စရိုက်ကတော့ သူ့အကြိုက်မျိုး မဟုတ်ချေ။ သူ့အဖို့ ရွေးချယ်ခွင့်သာ ရှိမည်ဆိုလျှင်၊ သူက ဇာတ်လိုက်မင်းသမီး ရှယင်ရှုကဲ့သို့ နူးညံ့အေးဆေးသော အလှတရားမျိုးရှိပြီး ထက်ထက်မြက်မြက် ရှိသည့် မိန်းကလေးမျိုးကိုသာ သဘောကျမည် ဖြစ်သည်။ ယိုရှုက သူ(မ)လို တစ်ပါးသူအပေါ် ပြဿနာမရှာတတ်သူမျိုးကိုသာ နှစ်ခြိုက်ခြင်းဖြစ်သည်။ သူ(မ)က တကယ်ကို သူ၏စိတ်ကူးအိပ်မက်များထဲမှ အလှနတ်ဘုရားမလေး ဖြစ်ပေ၏။
အဟုတ်ပင်၊ ထိုကဲ့သို့ ကောင်းမွန်လှသည့် ဇာတ်လိုက်မင်းသမီးမျိုးက ဇာတ်လိုက်နှင့်သာ ထိုက်တန်သူ ဖြစ်ပေသည်။
ယိုရှုတစ်ယောက် တစ်လျှောက်လုံး တိတ်ဆိတ်နေသည်ကို တွေ့သောအခါ အရိပ်သက်တော်စောင့်နှစ်က တည်တင်းတင်း ဝင်ပြောလိုက်၏။
“မဟုတ်တာတွေ လျှောက်ပြောမနေကြနဲ့၊ မြန်မြန်စားကြ။ နေ့လယ်ဘက် လေ့ကျင့်ရေးရှိသေးတာကို အချိန်ဆွဲမနေကြနဲ့။”
အရိပ်သက်တော်စောင့်နှစ်က ခေါင်းဆောင်၏ကိုယ်စားပြုဟုပင် ဆိုရသူဖြစ်ရာ၊ ကျန်သည့်ညီငယ်များအားလုံး တိတ်ဆိတ်သွားကြပြီး အစားအသောက်ကိုသာ ငြိမ်ဆိတ်စွာ စားလိုက်ကြတော့သည်။ ထိုအခါမှ ယိုရှု စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး အရိပ်သက်တော်စောင့်နှစ်ထံသို့ ကျေးဇူးတင်စွာ လှမ်းကြည့်လိုက်မိ၏။ အရိပ်သက်တော်စောင့်နှစ်က ကျေးဇူးတင်စရာမလိုကြောင်း ခေါင်းခါပြလိုက်သည်။
ယိုရှု အလျင်အမြန်ပင် စားသောက်၍ ပြီးသွားပြီး စားသောက်ဆောင်ထဲမှ ထွက်လာလိုက်တော့၏။ နေလယ်ခင်း နှစ်နာရီတွင် မင်းသားအိမ်တော်မှ လူတိုင်းကို နားချိန်ပေးသည်။ ရှေးခေတ်မှ လူများသည် နေ့လယ်နေ့ခင်း အိပ်ရခြင်းကို အလွန်အလေးထားကြရာ၊ အလုပ်ကြမ်းလုပ်ရသည့် အစေခံများကိုပါ နေ့လယ်ခင်းတွင် နားချိန်ပေးသည် ဖြစ်သဖြင့် အရိပ်သက်တော်စောင့်များအတွက်လည်း ခြွင်းချက် မဟုတ်ပေ။
သို့သော် ယိုရှုကမူ တာဝန်ကျေပွန်လှသူဖြစ်သဖြင့် တာဝန်ထမ်းဆောင်ရန်သာ ရွေးချယ်ခဲ့လေ၏။ အရှင်မင်းသားက နေ့လယ်ခင်းဆိုလျှင် ပန်းဆောင်တွင် အိပ်စက်အနားယူတတ်ရာ သူလည်း ပန်းဆောင်၏ စင်္ကြံလမ်းတွင် စောင့်ကြပ်ရန် ပြင်ဆင်လိုက်ပြီး ဓားရိုးကို ကိုင်ထားလျက် ရော်ရွက်ဝါများကို ငေးကြည့်နေမိသည်။ နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေခဲ့ပြီး တစ်ခါတစ်ရံတွင် ပင်ပန်းနွမ်းနယ်မိ၏။ သို့သော် ထိုဖြစ်စဉ်များ မည်သည့်အချိန်မှ အဆုံးသတ်နိုင်မည်ကို သူလည်း မသိပေ။
ရှောင်းဝေ့ရှင်းက သူ၏ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်သူဖြစ်ရာ အနှီသူ၏ နေ့စဉ်ဘဝက ပျင်းရိဖွယ်ကောင်းလှ၏။ ထိုသူက အရေးကြီးကိစ္စမျိုးမရှိလျှင် အိမ်တော်ထဲမှပင် မထွက်ချေ။ သို့ဖြစ်ရာ ယိုရှုသည်လည်း ဝေးဝေးလံလံ ဘယ်နေရာမှ မရောက်ဖူးခဲ့။ သူ ကူးပြောင်းလာခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း အပြင်လောကကြီးက မည်သို့မည်ပုံ ရှိသည်ကို မသိသေး။
သူသည် တစ်ချိန်တွင် သူ အောင်မြင်သွားပြီး လွတ်လပ်သောဘဝမျိုးကို ရရှိပြီဆိုပါက အပြင်လောကမှ တောတောင်ရေမြေများဆီသို့ ခရီးဆန့်၍ စာအုပ်ထဲတွင် ရေးထားသည့်အတိုင်း ခမ်းနားထည်ဝါသည်လား စူးစမ်းမည်ဟု မကြာခဏ တွေးမိသည်။
သို့သော် ထိုသို့ဖြစ်ရန်က အချိန်အတော်ကြာဦးမည် ဖြစ်၏။ ဇာတ်လမ်း၏အစပိုင်းသာ ရှိသေး၍ ဇာတ်လိုက် အောင်မြင်ပြီး ထီးနန်းကို ဆက်ခံရန်အတွက် နှစ်ပေါင်းများစွာ ကြာဦးမည်ဖြစ်သည်။ သူက ဇာတ်ကြောင်းကို သိပြီးသားဖြစ်သော်လည်း၊ တခြားသူများ သံသယဝင်မည်ကို စိုးရိမ်၍ လွယ်လင့်တကူ မလှုပ်ရှားဝံ့ပေ။
အရိပ်သက်တော်စောင့်ငါးကမူ ပန်းဆောင်၏ ထောင့်နားမှ ကောက်ရိုးပုံပေါ်တွင် အိပ်ပျော်နေလေ၏။ ယိုရှု သက်ပြင်းချလိုက်ပြီး အတွေးများနေသည်ကို ရပ်လိုက်တော့သည်။
ဤသို့ဖြင့် ခဏအကြာတွင်မူ ပန်းဆောင်ဆီသို့ အမျိုးသားတစ်ယောက် တိတ်တဆိတ် ချဉ်းကပ်လာနေလေ၏။ ယိုရှု မော့ကြည့်လိုက်ရာ အနှီသူမှာ မင်းသားချင် ရှောင်းဝေ့မင် ဖြစ်နေသည်။
ယခုမှာ အားလုံးအတွက် နေ့လယ်ခင်း အနားယူနေချိန်ဖြစ်သည်။ ရှောင်းဝေ့မင်တစ်ယောက် အစ်ကိုတော် ၇ ထံသို့ မျက်နှာအပျက်ပျက်အယွင်းယွင်းနှင့် ရောက်လာပြီး အထဲမှလူ အိပ်ပျော်နေသည်လော၊ နိုးနေသည်လောကိုပင် ဂရုမစိုက်ဘဲ တံခါးကို တဘုန်းဘုန်း ထုနေလေ၏။ ရှောင်းဝေ့ရှင်းက အိပ်ရာနိုးစဆိုလျှင် အတော်လေး သွေးဆိုးသူဖြစ်၍ ယိုရှု ထိုပုံစံကို ရင်မဆိုင်ဝံ့ပါပေ။ ထို့ကြောင့် သူ ထရပ်လိုက်ကာ အနှီမင်းသားလေး၏ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေသည့် အပြုအမူကို တားဆီးလိုက်ရတော့သည်။
“မင်းသားချင်၊ အရှင်မင်းသားက နေ့လယ်ခင်းမို့ အိပ်ပျော်နေပါတယ်။”
“ဒီမင်းသား သိပါတယ်။”
ရှောင်းဝေ့မင်၏ မျက်နှာက အလွန်ကို သုန်မှုန်နေခဲ့ပြီး မင်းသားတစ်ပါးနှင့်ပင် မတူတော့။
“ဒီမင်းသား အစ်ကိုတော် ၇ နဲ့ ဆွေးနွေးစရာကိစ္စ ရှိလို့ပါ။”
ယိုရှုအဖို့ ထိုမင်းသား ရောက်လာရသည့် အကြောင်းအရင်းကို စဉ်းစားနေရန်ပင် လိုမနေ။ ရှောင်းဝေ့မင်သည် ယခင်ဧကရာဇ် ကျန်ရစ်သည့် သားတော်များအထဲတွင် အတုံးအဆုံးသူ ဖြစ်သော်လည်း ငွေဖြုန်းရသည်နှင့် ပြဿနာရှာရသည်ကိုတော့ အလွန်နှစ်ခြိုက်သည်။ ထိုသူက ငွေကိုရေလို သုံးတတ်ပြီး၊ သုံးစရာ ပြတ်သွားသည်မျိုး သို့မဟုတ် ပြဿနာတက်လာသည်မျိုး ဆိုလျှင် ရှောင်းဝေ့ရှင်းထံ အပူလာကပ်တော့၏။
မင်းသားနှစ်ပါး၏ မယ်တော်များက အသက်ရှိစဉ်အခါက အလွန်ကို ဆက်ဆံရေး ကောင်းခဲ့ကြသည်။ သို့ဖြစ်ရာ ရှောင်းဝေ့မင်၏ မယ်တော် မဆုံးပါးခင်က သူ(မ)၏သားတော်ကို စောင့်ရှောက်ပေးပါရန် ရှောင်းဝေ့ရှင်းထံတွင် အပ်နှံခဲ့သည်။ ရှောင်းဝေ့ရှင်းကလည်း အလုပ်ပိုသည်ဟု ခံစားခဲ့ရသော်ငြား လက်ခံလေရာ၊ တစ်နေ့တစ်နေ့ ထိုမင်းသားရှာသည့် ပြဿနာများကပါ သူ့တာဝန် ဖြစ်လာရတော့၏။
“အရှင်မင်းသား နိုးလာတဲ့အထိ စောင့်တော်မူပေးပါ။”
ယိုရှုက ခပ်တိုးတိုး ပြောလိုက်သည်။
“အရှင်မင်းသားက ဒီနေ့ တော်တော်လေး စိတ်မကြည်ဖြစ်နေတာ။ မင်းသား သွားမနှောင့်ယှက်လိုက်ပါနဲ့။”
ရှောင်းဝေ့မင် အနည်းငယ်တော့ တုံ့ဆိုင်းနေခဲ့သော်ငြား နောက်ဆုံးတော့လည်း နာခံစွာဖြင့်သာ ယိုရှုအနောက်သို့ လိုက်သွားပြီး ပန်းဆောင်၏ ထောင့်ဘက်နားမှ စားပွဲခုံတွင် ဝင်ထိုင်လိုက်လေတော့သည်။ ယိုရှု ကောက်ရိုးပုံပေါ်တွင် အိပ်နေသည့် အရိပ်သက်တော်စောင့်ငါးကို ခြေထောက်နှင့်ကန်နှိုးလိုက်ပြီး သွားပုန်းရန် ပြောလိုက်၏။ ထို့နောက် သူလည်း ထွက်သွားတော့မည့်အချိန်တွင် ရှောင်းဝေ့မင်က ပြောလာလေသည်။
“မနေ့ညက ဖြစ်ခဲ့တဲ့ကိစ္စကို………အစ်ကိုတော် ၇ လုပ်ခဲ့တာလား။”
ယိုရှု တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး အမူအရာ မပျက်စေရဘဲ မျက်လွှာသာချထားကာ ဖြေလိုက်သည်။
“ဒီငယ်သားလည်း မသိပါဘူး၊ မင်းသားချင်။”
“အင်း…..”
ရှောင်းဝေ့မင်က စိတ်ရှုပ်ထွေးဟန်နှင့်သာ ခေါင်းတညိတ်ညိတ် လုပ်နေ၏။ ထို့နောက် ခေါင်းကိုကုတ်နေရင်း ပြောလာပြန်သည်။
“ဒါဆို အစ်ကိုတော်က ဒီနေ့ စိတ်မကြည်ဖြစ်နေတာပေါ့နော်။ ဘယ်လောက်တောင် စိတ်မကြည်ဖြစ်နေတာလဲ။”
ယိုရှု နားမလည်နိုင် ဖြစ်သွားရသည်။
“မင်းသားပြောတာ ဘယ်လိုသဘောမျိုးလဲ။”
ရှောင်းဝေ့မင်က လက်နှစ်ဖက်ကို ပွတ်နေရင်း စိတ်လှုပ်ရှားစွာ ဖြေ၏။
“အဲဒါ အဲဒါက ဒီမင်းသား ထျန်းရှန်းမျှော်စင်မှာ အမတ်ချုပ်ကြီးရှရဲ့သား ရှဟွေ့ကျန်းကို ပြဿနာရှာခဲ့မိလို့။ ဒီမင်းသား မတော်တဆနဲ့ သူ့ကို ခေါင်းရိုက်ခွဲလိုက်မိတယ်။”
“မောင်မင်းရော ဒီပြဿနာကို အစ်ကိုတော် ၇ က ကူညီဖြေရှင်းပေးလောက်မယ်လို့ ထင်လား။”
ယိုရှု: “……”
သူကတော့ အနှီမင်းသားလေး သူ့ကိုယ်သူ သတ်သေလိုက်သည်ကမှ ပိုစိတ်ချရဦးမည်ဟု ထင်သည်။
ရှဟွေ့ကျန်းက ဘယ်သူမို့လဲ။ သူက ခွေးဧကရာဇ်ရဲ့ မယ်တော်ကြီး ဧကရီမိဖုရားကြီးရှရဲ့ တူ! အမတ်ချုပ်ကြီးရှရဲ့ တစ်ဦးတည်းသော သား! ဒီစာအုပ်ထဲက အဓိကဗီလိန်ကြီးရဲ့ သွေးသားရင်းချာလေ!
ဒီလောက် ပြဿနာအကြီးအကျယ် ရှာလာပြီးမှ၊ မျက်နှာပြောင်တိုက်ပြီး လာရဲသေးတယ်လား။
ထို့အပြင် ယခုလိုအချိန်တွင်မှ ပြဿနာရှာလာလေရာ၊ သူ၏အစ်ကိုတော် ၇ ကပါ အရှင်လတ်လတ် အရေခွံနွှာ၍ သတ်ပစ်လောက်ပေသည်။
ယိုရှု တည်တည်ငြိမ်ငြိမ်ဖြင့်သာ လျှောက်တင်လိုက်၏။
“ဒီငယ်သား ပွင့်ပွင့်လင်းလင်း လျှောက်တင်မိခဲ့ရင် ခွင့်လွှတ်တော်မူပါ၊ ဒါပေမဲ့ မင်းသား နေရာတစ်ခုလောက်ရှာပြီး ခဏလောက် ပုန်းနေလိုက်တာပဲ ပိုကောင်းပါလိမ့်မယ်။ အရှင်မင်းသားနိုးလာရင် အရင်ဆုံး မင်းသားအတွက် အခြေအနေမဟန် ဖြစ်သွားမှာကို စိုးရိမ်မိလို့ပါ။”
ရှောင်းဝေ့မင်တစ်ယောက် စားပွဲပေါ်တွင် ဝမ်းနည်းပက်လက် မှောက်နေရင်း သူ သေနေ့စေ့တော့မည်ဟု ခံစားနေရ၏။
ထိုစဉ်တွင် နိုးနေခဲ့ပြီဖြစ်သော ရှောင်းဝေ့ရှင်းက ဓားကိုကိုင်လျက် အဆောင်ထဲမှ ထွက်လာပြီး အေးစက်စွာ ပြုံးနေရင်း
“သူပြောတာ အမှန်ပဲ။ ဒီမင်းသား မင်းကို သတ်ပြီးမှပဲ ရှဟွေ့ကျန်းကို သွားတောင်းပန်လိုက်တော့မယ်!”
ရှောင်ဝေ့မင်တစ်ယောက် ကြောက်လန့်တကြား အော်ဟစ်လျက် အတုန်တုန်အယင်ယင်ဖြင့် စားပွဲအောက်သို့ ဝင်ပုန်းလိုက်ရတော့၏။
***
စာရေးသူမှာ ပြောစရာ ရှိပါတယ်: ယိုရှု: ကျွန်တော်တို့ အရိပ်သက်တော်စောင့်တပ်ဖွဲ့မှာတော့ အစားကို လုယက်ပြီးကို စားရတာဗျာ။
***
Aurora Novel Translation Team