အပိုင်း (၈) - အကြွင်းအကျန် (၂)
ရှန်သျယ်ဧကရာဇ်က သူ၏နှိမ့်ချမှုကို မြင်လိုက်ရသောအခါ ပို၍နူးညံ့လာ၏။ "မင်းက အသက်ငယ်ပေမဲ့ မြင်းစီးတာနဲ့ လှံကိုင်တဲ့နေရာမှာ ကျွမ်းကျင်နေပြီ။ မင်းရဲ့အစ်ကိုကြီးက ငါတို့သာ့ကျိုးရဲ့ ကြီးမြတ်တဲ့စစ်သူကြီးလေးဦးထဲက တစ်ဦးမို့ မင်းကို စစ်နည်းဗျူဟာတွေသင်ပေးခဲ့မှာပဲ။ ကျိမင်၊ အားရယ်က ဆန္ဒပြင်းပြတယ်လို့ ကျန်းမြင်မိတယ်။ ဒါ့ကြောင့် သူ့အပေါ်ကို အရမ်းတင်းကျပ်မနေသင့်ဘူး။"
ရှောင်းကျိမင်က သဘောတူခေါင်းညိတ်လိုက်၏။
ရှန်သျယ်ဧကရာဇ်က ထပ်ပြောလာခဲ့သည်။ "လီပေသံချပ်ကာမြင်းတပ်က အင်ပါယာကိုကယ်တင်တဲ့နေရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ မနေ့ကဆုလာဘ်ချီးမြှင့်ခဲ့တာအပြင် ကျန်း ဒီကနေ့မှာ အားရယ်ကို လက်ဆောင်သေးသေးလေး ချီးမြှင့်ချင်တယ်။"
ရှောင်ကျိမင်က တလေးတစားဖြင့် လျှောက်တင်လိုက်သည်။ "ဧကရာဇ်က သူ့ကိုမျက်နှာပေးတာနဲ့တင် သူ့အတွက်ကောင်းချီးတစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ သူက ဘယ်အရာကိုမှ အောင်မြင်မှုမရရှိသေးတာကြောင့် ရက်ရောလွန်းတဲ့ ကောင်းကင်ဘုံကလက်ဆောင်ကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ။"
ရှန်သျယ်ဧကရာဇ်က ပြောလာ၏။ "မင်းက ရေခဲပြင်ကိုကျော်ဖြတ်ဖို့ နေ့မနားညမနား မိုင်ထောင်ချီမြင်းစီးပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒီတစ်ခေါက် အားရယ်တင်မကဘူး၊ မင်းရဲ့ဇနီး လုယိကျီးကလည်း ချီးကျူးထိုက်တဲ့သူတစ်ယောက်ပဲ။ အားရယ်၊ လီပေက အရေးကြီးတဲ့ နယ်စပ်ဒေသဖြစ်ပေမဲ့ မင်းက ငယ်ပါသေးတယ်။ အဲ့ဒီမှာပဲ အချိန်အတော်ကြာနေမယ်ဆိုရင် ငြီးငွေ့စရာကောင်းတာပေါ့။ အခု ကျန်းက မင်းကို ချွိတူးကိုလာပြီး ယီလွမ်နန်းစောင့်တပ်ရဲ့ တပ်မှူးလုပ်စေချင်တယ်။ မင်း ဆန္ဒရှိသလား။"
ရှောင်ချီးရယ်က တစ်ချိန်လုံးခေါင်းငုံ့ထားသော်လည်း ထိုစကားကိုကြားလိုက်ရသောအခါ ခေါင်းမော့လိုက်ပြီး လျှောက်တင်ခဲ့သည်။ "ဒါက ဧကရာဇ်ရဲ့လက်ဆောင်သာဆို ကျွန်တော် ဆန္ဒရှိပါတယ်။ ကျွန်တော့်မိသားစုမှာ သူရဲကောင်းတွေနဲ့ပြည့်နှက်နေတော့ ပျော်စရာရှာဖို့ ဘယ်ကိုသွားရမှန်းတောင် မသိပါဘူး။ ချွိတူးမှာနေရရင်တော့ ကျွန်တော့်ရဲ့ပူပန်မှုစရာအားလုံးကို သေချာပေါက်မေ့လျော့သွားနိုင်ပါတယ်။"
ရှန်သျယ်ဧကရာဇ်က ရယ်မောလိုက်သည်။ "ကောင်လေး၊ မင်းကတော့လေ။ ကျန်းက မင်းကို တပ်မှူးလုပ်ဖို့ပြောနေတာကို ပျော်စရာရှာဖို့ပဲ တွေးနေတယ်! မင်းအဖေသာကြားရင် မင်းတော့ သေချာပေါက်ရိုက်နှက်ခံရမှာပဲ။"
ခန်းမထဲရှိလေထုက ပေါ့ပါးအေးဆေးနေ၏။ ရှန်သျယ်ဧကရာဇ်က ညီအစ်ကိုနှစ်ယောက်ကို သူနှင့်အတူ ညစာစားရန်လည်း ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့ ပြန်တော့မည့်အချိန်မှာ သူက မေးမြန်းလိုက်၏။ "ချီသုန်းကလည်း တစ်စုံတစ်ယောက်ကိုလွှတ်လိုက်တယ်လို့ကြားတယ်။ အဲ့ဒါ ဘယ်သူလဲ။"
ရှောင်းကျိမင်က ပြန်ဖြေခဲ့၏။ "နယ်စပ်ဒေသက လုကွမ်းပိုင်ပါ။"
ရှန်သျယ်ဧကရာဇ်က ပင်ပန်းနွမ်းနယ်လာပုံရပြီး ထိုင်ခုံအနောက်ကိုမှီကာ လက်ဝှေ့ယမ်းပြလိုက်သည်။ "သူ့ကို မနက်ဖြန်ကျလာတွေ့ခိုင်းလိုက်။"
ရှောင်းချီရယ်က ရှောင်းကျိမင်နောက်ကနေလိုက်ကာ အပြင်ထွက်လာခဲ့၏။ ညီအစ်ကိုနှစ်ယောက် ခပ်လှမ်းလှမ်းမရောက်သေးခင် စင်္ကြံထက်မှာ ဒူးထောက်နေသူတစ်ဦးကို တွေ့လိုက်ရ၏။ ဖန်းရူကွေ့က အရှေ့ကိုတက်ကာ မျက်နှာထက်အပြုံးတစ်ခုဆင်မြန်းလျက် ဦးညွတ်လိုက်သည်။ "လုစစ်သူကြီး၊ လုစစ်သူကြီး!"
လုကွမ်းပိုင်က မျက်လုံးဖွင့်ကာ ပင်ပန်းနွမ်းနယ်စွာခေါ်လိုက်သည်။ "ဖန်းကုန်းကုန်း။"
ဖန်းရူကွေ့က ပြန်လည်ပြောကြားလိုက်၏။ "စစ်သူကြီး၊ ဒီလို ဒူးထောက်နေစရာမလိုပါဘူး။ ဒီနေ့ အရှင်ဧကရာဇ်က ပင်ပန်းနေပြီမို့ မနက်ဖြန်ကျမှ လာတွေ့လိုက်ပါ!"
လုကွမ်းပိုင်က တိတ်ဆိတ်သွား၏။ ထို့နောက် ခေါင်းညိတ်ကာ ရှောင်းညီအစ်ကိုနှစ်ယောက်နှင့်အတူ ထွက်ခွာလာခဲ့သည်။ ၎င်းတို့တွေ မြင်းများစီးနင်းလျက် နန်းတော်ဂိတ်တံခါးကနေ ကျော်လွန်လာသည်နှင့် ရှောင်းကျိမင်က မေးမြန်းလိုက်သည်။ "ခင်ဗျား ဘာဖြစ်လို့ ဒူးထောက်နေခဲ့တာလဲ။"
လုကွမ်းပိုင်က ပြန်ဖြေခဲ့၏။ "ဧကရာဇ်က ငါ့ကိုတွေ့ခွင့်မပေးလို့။"
နှစ်ဦးသား အချိန်တစ်ခုအထိ တိတ်ဆိတ်သွားကြပြီး နှစ်ယောက်လုံး ထိုနောက်ကွယ်ကအကြောင်းပြချက်ကို သတိပြုမိကြပေသည်။ သူက ရှောင်းချီရယ်ကိုလှည့်ကြည့်ကာ မေးမြန်းလိုက်၏။ "ဧကရာဇ်က မင်းကို ဆုချီးမြှင့်လိုက်တာလား။"
ရှောင်းချီရယ်က မြင်းဇတ်ကြိုးကိုဆွဲလိုက်ပြီး ပြောကြားလိုက်သည်။ "သူက ကျွန်တော့်ကို စောင့်ကြည့်ချင်နေတာ။"
လုကွမ်းပိုင်က လက်ဆန့်ကာ ရှောင်းချီရယ်၏ပခုံးကိုပုတ်လိုက်သည်။ "ဒါ မင်းကိုစောင့်ကြည့်ချင်ရုံတင်မဟုတ်ဘူး၊ မင်းအစ်ကိုနဲ့ မင်းအဖေကိုပါ စောင့်ကြည့်ချင်နေတာ။"
ရှောင်းချီရယ်က မြင်းခွာသံများကို တိတ်တဆိတ်နားထောင်နေပြီးနောက် ပြောလိုက်သည်။ "ဧကရာဇ်က ကျွန်တော့်မရီးအကြောင်းပြောလာတုန်းကဆို ချွေးအေးတွေတောင် စီးကျလာတယ်။"
လုကွမ်းပိုင်နှင့် ရှောင်းကျိမင်တို့က အတူတူရယ်မောလိုက်ကြသည်။ ထို့နောက် လုကွမ်းပိုင်က မေးလိုက်၏။ "ဝမ်ရယ်နဲ့ ယိကျီးတို့ရော အဆင်ပြေတယ်မလား။"
ရှောင်းကျိမင်က ခေါင်းညိတ်ပြခဲ့၏။ ချပ်ဝတ်တန်ဆာ၏အားမာန်အစား ပြောင်လက်တောက်ပနေသော သားမွေးခြုံထည်က ရုံးတော်ဝတ်ရုံကို လွှမ်းခြုံထားပြီး ရှောင်းချီရယ်လို ပျိုမျှစ်သောရဲရင့်မှုမရှိသော်လည်း ရှင်းမပြနိုင်သည့်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ပေးနေ၏။ "နှစ်ယောက်လုံး အဆင်ပြေကြပါတယ်။ အဖေက စစ်သူကြီးရဲ့ခြေထောက်ဒဏ်ရာကို စိတ်ပူနေတုန်းပဲ။ အဲ့ဒါကြောင့် သူ အရင်ကသုံးနေကျလိမ်းဆေးကိုပေးပေးဖို့ ကျွန်တော့်ကို အထူးတလှယ်မှာကြားလိုက်တယ်။ ယိကျီးကလည်း အဆင်ပြေနေပေမဲ့ ကိုယ်ဝန်နဲ့ဆိုတော့ ခင်ဗျားတို့ကို သတိရနေတာ။ သူ(မ)က ကျွန်တော့်ကို စာတွေထည့်ပေးလိုက်တယ်။ အိမ်တော်ကိုပြန်ရောက်ရင် ခင်ဗျား ဖတ်ကြည့်လိုက်ပါ။"
လုကွမ်းပိုင်က မြင်းဇတ်ကြိုးကို ကိုးရိုးကားယာဆုပ်ကိုင်လိုက်၏။ "ငါတို့မိသားစုမှာ သူရဲကောင်းတွေပဲရှိပြီး သူ(မ)ကို အဖော်ပြုပေးနိုင်မဲ့ ယောက်မတစ်ယောက်မှမရှိဘူး။ ဆောင်းရာသီရောက်ရင် လီပေက အရိုးစိမ့်လောက်တဲ့အထိ အေးလာမှာ။ ငါ နယ်စပ်ကနေ တပ်ဖွဲ့ကိုဦးဆောင်လာတုန်း ဟိုသတင်းကြားပြီးနောက်ပိုင်း ငါ့မှာ တစ်လမ်းလုံးစိတ်ပူနေခဲ့တာ။"
"ဟုတ်တယ်။" ရှောင်းချီရယ်က ခေါင်းလေးစောင်းငဲ့ကာ ပြောလိုက်သည်။ "စစ်ကျိုးက အရမ်းအန္တရာယ်များပြီး သာ့ကောက အဲ့ဒီမှာ ပိတ်မိနေခဲ့တာ။ သူက မရီးစိတ်ပူနေမှာစိုးလို့ အိမ်ကိုစာမရေးခိုင်းခဲ့ဘူး။ ဒီတိုက်ပွဲက ရုတ်တရက်ကြီးစတင်ခဲ့ရတော့ သာ့ကောနဲ့ မရီးတို့ဆို ကျွန်တော်အိမ်ကထွက်လာပြီးနောက်ပိုင်းမှ ကိုယ်ဝန်အကြောင်းသိခဲ့ကြတာ။"
အမြဲလိုလိုတည်ငြိမ်နေခဲ့သော ရှောင်းကျိမင်က ယခုအချိန်မှာလည်း တည်ငြိမ်နေဆဲပင်။ "ဒီတစ်ခေါက် ယိကျီးကိုစောင့်ရှောက်ပေးဖို့ အိမ်မှာ အဖေကျန်ခဲ့ပါတယ်။ စိတ်မပူပါနဲ့၊ နှစ်သစ်ကူးပြီးရင် ကျွန်တော် အိမ်ပြန်ပြီး ဘယ်ကိုမှမသွားတော့ပါဘူး။"
လုကွမ်းပိုင်က သက်ပြင်းချလိုက်၏။ "လတ်တလောနှစ်တွေအတွင်း လီပေက မုန်တိုင်းဗဟိုချက်ဖြစ်နေခဲ့တာ။ ငါတို့ တပ်ဖွဲတွေစေလွှတ်မယ်ဆိုတိုင်း နှစ်ခါပြန်စဥ်းစားရတယ်။ ဒီတစ်ခေါက် သူရဲဘောကြောင်ပြီး အရှုပ်အထွေးတွေဖန်တီးခဲ့တဲ့ ရှန်ဝေ့ကိုပဲ အပြစ်တင်နိုင်တော့မှာ။ ချာရှီမြေတွင်းထဲကသွေးတွေက ငါတို့မြင်းခွာတွေကိုတောင် စွန်းထင်းခဲ့တယ်။ သူက သေဖို့ထိုက်တန်တယ်ဆိုပေမဲ့ သူ့ကိုယ်သူ မီးရှို့သတ်သေဖို့ရွေးချယ်လိုက်တာ နည်းနည်းထူးဆန်းနေတယ်။ ကျိမင်၊ မင်း သူ့သားကို နန်းမြို့တော်ဆီဖမ်းခေါ်လာတုန်းက မူမမှန်တာတစ်ခုခုကို သတိထားမိခဲ့သေးလား။"
ရှောင်ကျိမင်က သူ၏သားမွေးဝတ်ရုံကိုစေ့လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ရှန်ဝေ့က တရားဝင်ကလေးနဲ့ တရားမဝင်ကလေးတွေကြားကခြားနားမှုကို အမြဲတမ်း အလေးထားတယ်။ ဒီရှစ်ယောက်မြောက်သားက မိသားစုနောက်ခံမရှိတဲ့ ကိုယ်လုပ်တော်တစ်ယောက်ကနေ မွေးဖွားလာတဲ့သူမို့ သူက သွမ်းကျိုးမှာ စွန့်ပစ်ခံထားရတာ၊ အတွင်းရေးတွေကိုမသိတာ နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ ဒီကိစ္စအတွက် ဧကရာဇ်က ဇွဲမလျှော့ဘူးဖြစ်နေတာဆိုတော့ အကြောင်းပြချက်တစ်ခုခုရှိလောက်တယ်။"
ရှောင်းချီရယ်က မျက်နှာဖုံးကိုပြန်တပ်ကာ ပြောလိုက်သည်။ "ပြည်သူတွေရဲ့ဒေါသကို နှစ်သိမ့်ဖို့ခက်တယ်။ ဧကရာဇ်ကိုယ်တိုင်က ကျုံးပေါ်ရဲ့နယ်မြေခြောက်ခုကျတာ ရှန်ဝေ့ကြောင့်လို့ ယုံကြည်နေတာ။ အခု အခြေအနေတွေက ဒီလိုဖြစ်သွားတော့ တရားမျှတမှုအတွက် တစ်စုံတစ်ယောက်ကို ကွပ်မျက်ပြဖို့လိုအပ်လာပြီ။"
သို့သော်လည်း နောက်ကွယ်မှာ အာဏာအစစ်အမှန်ကို ချုပ်ကိုင်ထားသူက ဧကရီမယ်မယ်ဖြစ်၏။ မဆုတ်သာ၊ မတိုးသာအခြေအနေမှာ လူတိုင်း၏အာရုံက ရှန်ဇယ်ချွမ်း၏အသက်ပေါ် ကျရောက်နေကြသည်။ သူ အပြစ်ကိုဝန်ခံပြီး အသေခံလိုက်မည်ဆိုပါက လူတိုင်း ကျေနပ်သွားကြလိမ့်မည်။ သို့သော် သူ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါက ၎င်းတို့၏ရင်ထဲမှ ဆူးတစ်ချောင်းဖြစ်လာလိမ့်မည်။
လီပေရှိ ရှောင်းမိသားစုက ဂုဏ်ကျက်သရေအထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်ပြီး စွမ်းလှပါပေ့ဆိုသော ချီသုန်းရှိ ချီမိသားစုထဲကတပ်မှူးကိုတောင် နောက်ကောက်ကျသွားစေခဲ့သည်။ စစ်သူကြီးလေးဦးထဲမှတစ်ဦးဖြစ်သူ 'သံချပ်ကာမြင်းနဲ့ရေခဲပြင်' ဟု လူသိများသော ရှောင်းကျိမင်က လုကွမ်းပိုင်၏ယောက်ဖတော်ဖြစ်ပေသည်။ အနီးကပ်လေ့လာလိုက်မည်ဆိုလျှင် သူက လီပေသံချပ်ကာမြင်းတပ်ကို အမိန့်ပေးနိုင်ပြီး ဇနီးဖြစ်သူ၏မိသားစုမှတစ်ဆင့် နယ်စပ်ခရိုင်စောင့်တပ်များကိုပါ အမိန့်ပေးနိုင်သဖြင့် သူ့မှာ နန်းမြို့တော်ကိုခြိမ်းခြောက်နိုင်သည့် အလားအလာတို့ရှိနေကြောင်း တွေ့နိုင်ပေသည်။
"ဧကရီမယ်မယ်က သူ့ကို သက်ညှာပေးဖို့ အခိုင်အမာပြောနေတာ။" လုကွမ်းပိုင်၏နှုတ်ခမ်းပါးတို့က တစ်တန်းတည်းဖြစ်နေ၏။ "ဒါက အနာဂတ်အတွက် အစီအစဥ်ချနေတာပဲ။ သူ(မ)က ကျုံးပေါ်ကို တရားဝင်ပြန်သိမ်းပိုက်ပြီး အမိန့်နာခံတဲ့ မြေခွေးတစ်ကောင်ကို မွေးမြူချင်နေတာ။ ဒီလိုဆို သူ(မ)က ပြည်တွင်းမှာ အာဏာစုစည်းနိုင်ပြီး လီပေကို အပြင်မှာဆက်ထိန်းထားနိုင်လိမ့်မယ်။ ဒါက သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ။ ကျိမင်၊ အဲ့ဒီကလေးကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး!"
လေများက နှင်းပွင့်များနှင့်အတူ တစ်ချက်ဝှေ့တိုက်သွားပြီး နှင်းပွင့်လေးများက ၎င်းတို့ပါးပြင်များထက် ဓါးသွားများနှယ် ဖြတ်ပြေးသွားခဲ့သည်။ သုံးဦးသား အချိန်အတော်ကြာသည်အထိ စကားမပြောဘဲ တိတ်ဆိတ်မှုက ကြီးစိုးသွား၏။ နောက်ဆုံးတော့ ထိုတိတ်ဆိတ်မှုကို တစ်ချိန်လုံး အနောက်မှာရှိနေခဲ့သော ကျောင်းဟွေးက ဖြိုခွင်းလိုက်၏။
"စောစောတုန်းက သခင်လေး သူ့ရဲ့ခွန်အားဆယ်ပုံရှစ်ပုံလောက်သုံးပြီး သူ့ရင်ဘတ်ကို တစ်ချက်ကန်ခဲ့တယ်။" ကျောင်းဟွေးက သုံးသပ်ပြလိုက်သည်။ "အဲ့တုန်းက သူ့အသက်ရှူသံတွေ အားနည်းနေတာကို ကျွန်တော် သတိထားလိုက်မိတယ်။ သူ လဲကျသွားတုန်းကဆို သူ့ဒဏ်ရာအဟောင်းတွေကြောင့် သွေးတောင်အန်ခဲ့သေးတယ်။"
ရှောင်ချီးရယ်က မြင်းဇတ်ကြိုးကိုကိုင်ထားရင်း ပြောလိုက်သည်။ "ရုံးတော်မှာ ရက်ပေါင်းများစွာစစ်ဆေးခံရပြီး ကြိမ်ဒဏ်ပေးခံထားရတာဆိုတော့ သူ နောက်ဆုံးထွက်သက်ကိုရောက်နေပြီ။ အဲ့ဒီကန်ချက်က သူ့ကို ဘဝကူးတဲ့လမ်းဆီ အရောက်ပို့ပေးလိမ့်မယ်။ တကယ်လို့ ဒီနေ့ညကျော်သွားတာတောင် အသက်ရှင်နေတုန်းပဲဆိုရင် သူက တော်တော်ကိုခံနိုင်ရည်ရှိတယ်ဆိုတာ ကျွန်တော်ဝန်ခံရမယ်။"
ကျောင်းဟွေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "သူ့ကိုကြည့်ရတာ အထိခိုက်မခံနိုင်လောက်ဘူး။ ပြီးတော့ အအေးဒဏ်ကိုလည်း ခံစားနေရတုန်းပဲ။ ယုတ္တိရှိရှိပြောရရင် သူ ဟိုးအရင်ကတည်းက သေသင့်တာ။ ဒါပေမဲ့ သူက အခုချိန်ထိ အသက်ရှူနေသေးတယ်၊ ဒီတော့ တစ်ခုခုထူးဆန်းတာရှိရမယ်။ သခင်လေး..."
ရှောင်းကျိမင်က ၎င်းတို့နှစ်ယောက်ကို အကြည့်စူးစူးတစ်ချက်ပို့လိုက်ရာ နှစ်ဦးသားလုံး တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ကြမ်းတမ်စွာတိုက်ခတ်နေသောလေထုကို အသံတိတ်စိုက်ကြည့်နေပြီး အချိန်တစ်ခုကြာတော့မှ ပြောလာခဲ့၏။ "သူ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ အားလုံးက ကံကြမ္မာအလိုတော်ကျပဲ။"
လေပြင်းများက တဟုန်းဟုန်းတိုက်ခတ်နေပြီး တံစက်မြိတ်အောက်မှာချိတ်ထားသော သံမြင်းရုပ်လေးနှစ်ခုက တချွင်ချွင်မြည်လျက်။
ရှောင်းကျိမင်က မြင်းပေါ်မှာ တည်ငြိမ်စွာထိုင်လျက် ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့နှင်လိုက်ပြီး ကြောက်မက်ဖွယ်အရှိန်အဝါက နှင်းတောထဲမှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ကျောင်းဟွေးက မြင်းပေါ်မှာ ခေါင်းငုံ့လျက်သားဖြင့် ၎င်းတို့နောက်ကနေ လိုက်သွားခဲ့လေ၏။
မျက်နှာဖုံးအောက်မှ ရှောင်းချီရယ်၏အမူအရာကိုမူ သဲသဲကွဲကွဲမမြင်ရပေ။
လုကွမ်းပိုင်က သူ၏ပခုံးကို ခပ်ဖွဖွပုတ်ကာ ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းရဲ့အစ်ကိုကြီးဖြစ်နေတုန်းပဲ။"
ရှောင်းချီရယ်က ပြုံးယောင်သန်းနေပြီး တီးတိုးရေရွတ်လိုက်သည်။ "...ကံကြမ္မာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။"
***
Aurora Novel Translation Team