အပိုင်း (၃၉) - ဆုံးဖြတ်ချက် (၁)
"အာ၊ ကျွန်တော့်ကို နားလည်မှုလွဲနေတာပဲ။" ရှန်ဇယ်ချွမ်းက ပြောလိုက်၏။ "ဒီနှစ်တွေမှာ ဘာပဲဖြစ်လာဖြစ်လာ၊ အဲ့ဒါက တစ်နည်းနည်းနဲ့ ဒီကရှန်လန်ကျိုးရဲ့အမှားဖြစ်သွားရော။"
"မင်း လွတ်မြောက်သွားပြီးနောက်မှာ ပြဿနာလှိုင်းဂယက်တွေက အဆက်မပြတ်ပဲ။" ရှောင်းချီရယ်က ပြန်ပြောလိုက်သည်။ "ရှောင်ဖုကျစ်၊ တော်ဝင်ကျောင်းတော်၊ ဖန်းရူကွေ့။ အဖြစ်အပျက်တိုင်းက ဘာဖြစ်လို့ မင်းဆီကိုဦးတည်နေရတာလဲ။"
"ဟုတ်ပါတယ်။" ရှန်ဇယ်ချွမ်းက နှိမ့်ချစွာပြောလိုက်သည်။ "သူတို့အားလုံးက ကျွန်တော်နဲ့တစ်ခုခုလုပ်စရာရှိနေသလိုမျိုးပဲ။ ခင်ဗျား အဲ့ဒါအတွက် တကယ်ပဲ အကြောင်းပြချက်ကိုမမြင်မိဘူးလား။ တကယ်လို့ လွန်ခဲ့တဲ့ငါးနှစ်က ဆက်ခံသူရှောင်းသာ ချာရှီမြေတွင်းကနေ ကျွန်တော့်ကိုဖမ်းမိခဲ့တုန်းက ကျွန်တော့်အသက်ကိုနှုတ်ယူလိုက်မယ်ဆိုရင် ဒီကိစ္စတွေ တစ်ခုမှဖြစ်လာမှာမဟုတ်ဘူး။"
ရှောင်းချီရယ်က သစ်ကိုင်းမှသစ်ရွက်များကို ဆွဲနှုတ်နေ၏။ "အတိတ်တုန်းက မင်း သေခြင်းတရားကိုလှည့်စားပြီး အရှက်ရဖွယ်တည်ရှိမှုနဲ့ ရှင်သန်နေထိုင်ခဲ့တယ်။ အခု အမှန်တကယ်အသက်ရှင်နေရတာ ဘယ်လိုခံစားရလဲဆိုတာကို အခု သိလာပြီမဟုတ်လား။"
ရှန်ဇယ်ချွမ်း၏အမူအရာက အလွန်တည်ငြိမ်နေသဖြင့် အစစ်အမှန်မဟုတ်သလို ထင်ရပေသည်။
သိပ်ကိုထူးဆန်းတဲ့ယောက်ျားပဲ။
စားသောက်ပွဲကျင်းပခဲ့သည့်နေ့ကလိုပင်။ သူ၏လှုပ်ရှားမှုတိုင်းက ပေါ့ပါးလွတ်လပ်သောလေထုကို သယ်ဆောင်ထား၏။ သို့သော် လွန်ခဲ့သောငါးနှစ်က သူ့ကိုကိုက်ခဲခဲ့သည့် နှင်းထူသောည၌ ရှန်ဇယ်ချွမ်း၏မျက်လုံးများထဲမှအကြည့်ကို ရှောင်းချီရယ် ကွက်ကွက်ကွင်းကွင်းမှတ်မိသည်။
ရှန်ဇယ်ချွမ်း၏ ယခုလိုကြည်လင်အေးချမ်းမှုက အဆုံးမဲ့သော ချောက်နက်ကြီးနှင့်တူ၏။ ဆူပွက်နေသော အမုန်းတရားများက ဘာမှမဖြစ်သကဲ့သို့ ချောမွေ့သွားပုံရပြီး သူ၏အကန့်အသတ်က မည်သည့်နေရာမှာရှိကြောင်း မည်သူကမှမပြောနိုင်ပေ။ စားသောက်ပွဲမှလူတိုင်း သူ့ကို လှောင်ပြောင်ခဲ့ကြသော်လည်း သူကတော့ ခေါင်းငုံ့ကာပြုံးနေခဲ့သည်။ ရှောင်းချီရယ် သူ့ကို မတူညီသောရှုထောင့်မှာမြင်နေရသည်ဟု ပြောခဲ့တုန်းက အမှန်တကယ်ဆိုလိုခြင်းဖြစ်၏။
အမျိုးသားတစ်ယောက်က ဤမျှအတိုင်းအတာအထိ သည်းခံနေပါက ထိုတည်ငြိမ်မှု၏နောက်ကွယ်မှ အမှောင်ထုသည် ရှောင်းချီရယ်အတွက် ပိုလို့တောင် ရင်ဖိုစရာကောင်းလာခဲ့သည်။
"အသက်ရှင်ရတာ ဘယ်လိုခံစားရလဲ။" ရှန်ဇယ်ချွမ်းက ရယ်မောလိုက်သည်။ "အဲ့ဒါကို ကျောင်းကျွေ့ဘုရားကျောင်းမှာ နေ့နေ့ညည ခံစားခဲ့ရတယ်။ အခု ကျွန်တော် အပြင်ရောက်လာတော့ အသက်ရှင်ရတာ ခက်ခဲတဲ့အရာပဲဆိုတာကို အရင်ကထက် ပိုပြီးရှင်းလင်းလာတယ်။ ကျွန်တော်က ကိုယ့်အသက်ကို တန်ဖိုးထားပြီး ဆုံးရှုံးရမှာကို မုန်းတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို တခြားတစ်ယောက်ရဲ့အပြစ်ကို ပခုံးထမ်းစေချင်တယ်၊ မရေမတွက်နိုင်တဲ့ အသက်တွေအတွက် တစ်သက်တည်းရှိတဲ့ ကျွန်တော့်ရဲ့ဘဝနဲ့ ပြန်ပေးဆပ်စေချင်ကြတယ်။ ဒီတော့ အဲ့ဒါက ဘယ်လိုအလုပ်ဖြစ်မှာလဲ။ အဲ့ဒါကြောင့် ကျွန်တော်ကဦးညွတ်ပြီး အာ့ကုန်းကျစ်နဲ့ ကျန်တဲ့သခင်လေးတွေ ကျွန်တော့်အပေါ် စာနာသနားလာစေဖို့မျှော်လင့်ချက်နဲ့ မျက်နှာသာရအောင် ကြိုးစားခဲ့တယ်။ တကယ်လို့ ဒီကနေ့ ကျွန်တော့်ကိုဝန်ခံစေချင်ရင်၊ အာ့ကုန်းကျစ်၊ အနည်းဆုံးတော့ ကျွန်တော့်ကို အကျိုးကြောင်းလေး ပြောပြပါဦး။"
ရှောင်းချီရယ်က ဤအမျိုးသားဆီကနေ အမှန်တရားကိုသိရဖို့ လက်လျှော့လိုက်ပြီးဖြစ်၏။ သူ့မှာ စူးရှသောနှာခေါင်းရှိပြီး ရှန်ဇယ်ချွမ်း နာခံမှုရှိကာ လိုက်လျောညီထွေနေနေချိန်တိုင်း စိတ်မအေးသလို ခံစားခဲ့ရသည်။ သို့သော် ရှန်ဇယ်ချွမ်းက ဟာသများ သို့မဟုတ် အကျပ်ကိုင်ခြင်းမှာတောင် ယိမ်းယိုင်မသွားခဲ့ပေ။ ရှောင်းချီရယ် သူ့ဆီကနေ ပွင့်ပွင့်လင်းလင်းသိရဖို့ မည်မျှခက်ခက်ခဲခဲကြိုးစားနေပါစေ အလိမ်အညာများဆီကနေ အမှန်တရားကို မခွဲခြားနိုင်ချေ။
ရှန်ဇယ်ချွမ်း၏နှုတ်မှထွက်လာသော စကားများကို သူမယုံကြည်နိုင်။ ထိုနေ့ညက ရှန်ဇယ်ချွမ်းပြောခဲ့သလို ၎င်းတို့အားလုံးက ကိုယ့်အပိုင်းကိုကစားနေကြခြင်းဖြစ်ရာ အဘယ့်ကြောင့် အလေးအနက်ထားနေရသနည်း။
သို့သော်လည်း လူများက လိမ်ညာကြသော်ငြား ၎င်းတို့ချန်ခဲ့သော ခြေရာလက်ရာများကတော့ မလိမ်ညာပေ။ တစ်စုံတစ်ယောက်က ချွိတူး၏ ရေဆိုးမြောင်းလမ်းများကြား လျှောက်သွားလိုက်ပါက ဆယ်ခါရံတစ်ခါကတော့ အသုံးဝင်သောအချက်အလက်များကို ရရှိနိုင်သည်။ အကယ်၍ ရှန်ဇယ်ချွမ်းက လီကျန်းဟန်၏ဘေး၌ တစ်စုံတစ်ယောက်ကိုထားထားပါက ၎င်းတို့သည် မည်သည့်သခင်လေးမှမဖြစ်နိုင်ပေ။ ရှန်ဇယ်ချွမ်း၏လက်ရှိအခြေအနေများအရ အများဆုံးမှ စားပွဲထိုး သို့မဟုတ် အစေခံတစ်ယောက်ယောက်ကို လာဘ်ထိုးထားခြင်းဖြစ်နိုင်သည်။
လီကျန်းဟန်၏ဤကိစ္စက အတွင်းရော အပြင်ပါ ညှီနံ့ရနေ၏။ ယခုအချိန်မှာ သူ အောက်ခြေအထိ မစစ်ဆေးခဲ့လျှင် အနာဂတ်မှာ သူ၏ပြဿနာများက အဆုံးသတ်လိမ့်မည်မဟုတ်ပေ။ ရှောင်းချီရယ် ချူးဘုရင်နှင့် ပူးပေါင်းလိုက်ကတည်းက ညဘက်ဆို အမြဲတမ်းစိတ်ဖိစီးခဲ့ရသည်။
"ငါက မင်းနဲ့ကစားဖို့လာခဲ့ရုံပဲ။ ဘယ်လိုလုပ်ပြီး စစ်ဆေးမေးမြန်းခံနေရတာလဲ။" ရှောင်းချီရယ်က သစ်ကိုင်းမှသစ်ရွက်များကို လေမှုတ်လိုက်ပြီး ညည်းတွားလိုက်သည်။ "ငါကြားတာတော့ လူတော်တော်များများက မင်းအကြောင်းကို စုံမ်းနေကြတယ်တဲ့။ အဲ့ဒါက ချူးဘုရင်အတွက် နာမည်ကောင်းရနိုင်တဲ့ကိစ္စဆိုတော့ ထုံးစံအတိုင်း ငါ လာမေးရတာပေါ့။"
"ခင်ဗျား ကျွန်တော်နဲ့ကစားဖို့လာတိုင်း။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ကျွန်တော် အိပ်ရေးပျက်ရပါတယ်။"
"အဲ့လိုတော့ မပြောပါနဲ့။ မင်းရဲ့ဘဝက လွယ်ကူမနေဘူး၊ တိတိကျကျပြောရရင် ငါ့ဘဝကလည်း သာယာမနေဘူး။ ငါတို့ကြားက ရန်ငြိုးဟောင်းတွေကို သင်ပုန်းချေလိုက်တာပေါ့။ ပြီးခဲ့တာတွေကို ပြီးပါစေတော့။"
ရှန်ဇယ်ချွမ်းက ရယ်မောလိုက်၏။ "ကျုံးပေါ်မှာ အသက်သောင်းချီ ဆုံးရှုံးခဲ့ရတာကို အာ့ကုန်းကျစ်က ပြီးခဲ့တာတွေကို တကယ်ပဲပြီးစေချင်တာလား။"
"အခု ကိစ္စတွေက မတူတော့ဘူး။" နောက်ဆုံးတော့ ရှောင်းချီရယ်က သစ်ကိုင်းကိုလွှင့်ပစ်ကာ ထရပ်လိုက်သည်။ "မင်းက ဟွားမျိုးနွယ်ရဲ့မျက်နှာသာပေးမှုကို ရရှိထားပြီး ဧကရီမယ်မယ်ရဲ့ ကျောထောက်နောက်ခံရှိတယ်။ ငါက ဘယ်လိုလုပ်ပြီး မင်းကိုအပြစ်ပြုရဲပါ့မလဲ။ ငါ့ကို အာ့ကုန်းကျစ်လို့ခေါ်ပြီး သူစိမ်းဆန်မနေပါနဲ့။ အခု ငါတို့က ရင်းနှီးတဲ့မိတ်ဆွေတွေမဟုတ်ဘူးလား၊ လန်ကျိုး။"
ရှန်ဇယ်ချွမ်းက ပြုံးရုံသာပြုံးလိုက်သည်။ "နှုတ်ဆက်ပါတယ်၊ အာ့ကုန်းကျစ်။"
ရှောင်းချီရယ်က မြင်းပေါ်တက်ကာ သူ့ကိုငုံ့ကြည့်လာ၏။ "လန်ကျိုး၊ ငါ့ကို ဘယ်အချိန်လောက်မှ လက်စွပ်ပြန်ပေးမှာလဲ။ အဲ့လိုဝတ်ပြီးသားပစ္စည်းက အဖိုးလည်းမတန်ဘဲနဲ့ အဲ့ဒါကိုသိမ်းထားရတာက မင်းအတွက် မနှစ်မြို့စရာဖြစ်နေသင့်တာ။ ဒါပေမဲ့ ဘာဖြစ်လို့ မင်းက အဲ့ဒါကိုတန်ဖိုးထားတဲ့ပုံပေါ်နေရတာလဲ။"
"ကျွန်တော် အဲ့ဒါကို ကျွန်တော်နဲ့အတူသိမ်းထားတာလေ။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "အဲ့လိုဆို အာ့ကုန်းကျစ်ရဲ့ ကြမ်းကြုတ်တဲ့ရောင်ဝါတွေနဲ့ မကောင်းတဲ့အရာတွေကို မောင်းထုတ်နိုင်လောက်မှာပဲ။ ဆိုတော့ အဲ့ဒါနဲ့ ဘယ်လိုလုပ်ပြီး အလွယ်တကူခွဲနိုင်ပါ့မလဲ။"
ရှောင်းချီရယ်က သူ၏မြင်းနှင်းတံကို ချိုးလိုက်၏။ "မင်း မသိဘူးလား။ မင်းရဲ့အာ့ကုန်းကျစ်ကိုယ်တိုင်က မကောင်းဆိုးဝါးဆိုတာကို။"
ရှန်ဇယ်ချွမ်းက မလှုပ်မယှက်ရပ်နေပြီး ရှောင်းချီရယ် မြင်းစီးပြီးထွက်ခွာသွားသည်အား ကြည့်နေခဲ့သည်။ ထို့နောက် သူ၏အပြုံးက ပျောက်ကွယ်သွားပြီး မှန်းဆ၍မရသော အေးစက်မှုတို့သာ ကျန်နေခဲ့သည်။ နေမင်းကြီးက မိုးကုပ်စက်ဝိုင်းထဲ တဖြည်းဖြည်းဝင်သွားပြီး ရှန်ဇယ်ချွမ်း၏ခြေထောက်အောက်မှ လွတ်မြောက်သွားကာ လိမ္မော်ရောင်အလင်းတန်းများက ရှောင်းချီရယ်၏အရိပ်ဆီသို့ အပြေးလိုက်သွားပြီး အဝေးတစ်နေရာအရောက်မှာ ပျောက်ကွယ်သွားခဲ့လေသည်။
...
ခြံဝန်းအထက်ရှိ ကောင်းကင်ကြီးက ကြယ်များတောက်ပလျက်ရှိသည်။ ချီထိုက်ဖူက အသစ်ဆွဲထားသောမြေပုံကို ရှန်ဇယ်ချွမ်း၏အရှေ့မှာ ဖြန့်ပြလိုက်သည်။
"အရင်အရှေ့နန်းဆာင်က နယ်စစ်ကို တပ်ဖွဲ့ဝင်တွေစေလွှတ်ဖို့အတွက် အာဏာမရှိဘူး။ ဒါပေမဲ့ စစ်ဌာနက သတင်းအချက်အလက်တွေကြောင့် မြို့စောင့်တပ်တွေအားလုံးရဲ့ နေရာအထားအသိုတွေနဲ့ စေ့စေ့စပ်စပ်ရင်းနှီးတယ်။ ဒီမြေပုံက လီပေရဲ့မြေပုံပဲ။"
"လီပေရဲ့အနောက်မှာ ဟုန်ယန်တောင်တန်းရှိပြီးတော့ လော့ရှားတောင်ကြားနဲ့ ဆက်သွယ်နေတာ။ သူ့ရဲ့အရှေ့ကိုကြည့်လိုက်ရင် ပျန်းရှားမျိုးနွယ်စုရဲ့ မြက်ခင်းပြင်ပဲ။" ရှန်ဇယ်ချွမ်းက အရှေ့အရပ်မှာတည်ရှိသော ဟုန်ယန်တောင်ကို ညွှန်ပြလိုက်သည်။ "ဆောင်းရာသီက ရောက်လာတော့မယ်။ ဒီနှစ် ပျန်းရှားမြေမှာ သူတို့ရဲ့မြင်းတွေအတွက် လုံလောက်တဲ့မြက်ခင်းတွေမရှိဘူး။ ဒီတော့ နယ်စပ်တစ်လျှောက်က စျေးကွက်မှာ လုယက်ကြမှာပဲ။ ရှောင်းကျိမင်က သူ့ရဲ့တပ်ဖွဲ့တွေကို နယ်စပ်ကိုရွှေ့ချင်နေမှာပေမဲ့ ဘာဖြစ်လို့ မြို့တော်ကို အယူခံမပို့သေးတာလဲ။"
"ဘာလို့လဲဆိုတော့ အရှင်မင်းမြတ် အပြင်းအထန်နာမကျန်းဖြစ်နေလို့။" ချီထိုက်ဖူက အခိုက်အတန့်တစ််ခုလောက် တွေးတောလိုက်သည်။ "ရှောင်းကျိမင်က ပြီးခဲ့တဲ့နွေဦးမှာ လက်ဆောင်တစ်ခုပဲ ပေးပို့ခဲ့တယ်။ ချွိတူးမှာ သူ့ရဲ့သတင်းပေးတွေ သေချာပေါက်ရှိမှာပဲ။ တပ်ဖြန့်ထားဖို့ တောင်းဆိုချက်မပို့သေးရင် အဲ့ဒါက အဓိပ္ပါယ်တစ်ခုပဲရှိတယ်။"
"အရှင်မင်းမြတ်က အသက်ရှည်တော့မှာမဟုတ်ဘူး။" ရှန်ဇယ်ချွမ်းက တည်ငြိမ်စွာပြောလိုက်သည်။
"ပလ္လင်ပေါ်မှာ ဘယ်သူထိုင်နိုင်မလဲဆိုတဲ့မေးခွန်းက ရှောင်းကျိမင် အခုချိန်ထိငြိမ်နေရသေးတဲ့အကြောင်းအရင်းပဲ။" ချီထိုက်ဖူက စုတ်တံကောက်ယူကာ မင်ထဲနှစ်လိုက်ပြီး လီပေကိုဝိုင်းလိုက်၏။ "ချူးဘုရင်နန်းတက်မှသာ ရှောင်းမျိုးနွယ်အတွက် အကျိုးရှိမှာ။ သူတို့က နှစ်ပေါင်းများစွာတိုင်အောင် ဟွားမျိုးနွယ်နဲ့ အဆင်မပြေဖြစ်နေခဲ့တာ။ ကျုံးပေါ်ကိစ္စကြောင့် သူတို့က အခွင့်မသာတဲ့အခြေအနေကိုရောက်သွားပြီး ချွိတူးက သူတို့ကိုသံကြိုးခတ်လိုက်တာပဲ။ အခု နောက်ဆုံးတော့ အဲ့ဒီသံကြိုးကိုဖြတ်ဖို့ အခွင့်အရေးရလာပြီ။ ရှောင်းကျိမင်က ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။"
ရှန်ဇယ်ချွမ်းက မြေပုံပေါ်ရှိချွိတူးကို ညွှန်ပြလိုက်သည်။ "ဒါပေမဲ့ ချွိတူးရဲ့ဂိတ်တံခါးတွေကို ပိတ်ထားသရွေ့ ရှောင်းချီရယ်က လီပေကဓါးစာခံအဖြစ် ရှိနေဦးမယ်လို့ ဟိုတစ်နေ့က ရှန်းရှုန်းပဲပြောခဲ့တယ်မဟုတ်လား။ သူက ဧကရီမယ်မယ်ရဲ့လက်ထဲမှာပဲရှိနေသေးတာကို ရှောင်းကျိမင်က ဘယ်လိုလုပ်ပြီး လုပ်ဆောင်နိုင်မှာလဲ။"
***
Aurora Novel Translation Team