no

Font
Theme

အပိုင်း (၅၁) - ခါးသီးသောဆီးနှင်းခဲ (၁)

တော်ဝင်ကိုယ်လုပ်တော်ဝေ့က မိန်းမစိုးတစ်ယောက်နောက်က လိုက်ပါရင်း စိုးရိမ်စွာလှည့်ပတ်ကြည့်နေသည်။ သူ(မ)ပတ်ပတ်လည်မှ မရင်းနှီးသော နန်းတော်နံရံများကို မြင်လိုက်ရသောအခါ မေးလိုက်၏။ "ကုန်းကုန်း၊ ကျွန်မတို့ ဘယ်ရောက်နေတာလဲ။ ဧကရီမယ်မယ်ကရော ဘယ်မှာလဲ။"

လမ်းကိုဦးဆောင်နေသောမိန်းမစိုးက သူ(မ)ကို လျစ်လျူရှုထားလေ၏။

ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုက သူ(မ)၏ဆံချည်မျှင်များကို ထောင်မတ်သွားစေသည်။ သူ(မ)က ရပ်တန့်ကာ ဗိုက်နာသလိုဟန်ဆောင်၍ ပြန်သွားချင်ကြောင်း တောင်းဆိုလိုက်သည်။ သူ(မ)အရှေ့မှမိန်းမစိုးကို အရင်က တစ််ခါမှမမြင်ဖူးချေ။ သူ၏မျက်နှာက ငယ်ရွယ််နုပျိုပြီး ရင်းနှီးကျွမ်းဝင်မှုလည်းမရှိပေ။ သူက အနောက်လှည့်ကာ သိမ်မွေ့စွာပြောလာ၏။ "ကျွန်တော်တို့ မကြာခင်ရောက်တော့မှာပါ။" သူက ၎င်းတို့ကိုအဖော်ပြုလိုက်ပါလာသော မိန်းမစိုးများကို ပြောလိုက်သည်။ "ကိုယ်လုပ်တော်ဝေ့ကို သေချာဂရုစိုက်ကြ၊ သူ(မ) လဲကျလို့ဖြစ်ဘူး။"

ဘေးတစ်ဖက်စီမှ မိန်းမစိုးများက ချင်ချင်းဆိုသလို တော်ဝင်ကိုယ်လုပ်တော်ဝေ့၏ လက်မောင်းတစ်ဖက်စီကနေ ဆုပ်ကိုင်လိုက်ကြ၏။ သူ(မ)က ရုန်းကန်ကာ အော်ဟစ်လိုက်သော်လည်း နောက််ထပ်လက်များက သူ(မ)၏ပါးစပ်ကို ပိတ်ဆို့လာခဲ့သည်။ မိန်းမစိုးများက သူ(မ)ကို အလျင်အမြန်မြှောက်ကာ စင်္ကြံတစ်လျှောက် ခြေလှမ်းသွက်သွက်လှမ်းခဲ့ကြ၏။

သေးငယ်ပြီး လူသူကင်းမဲ့သောခြံဝန်းတစ်ခု၌ ရေတွင်းတစ်တွင်းရှိပြီး အောက်ခြေ၌ ရေတချို့ရှိနေဆဲပင်။ မိန်းမစိုးက ခေါင်းငုံ့ကာ ရေတွင်းထဲကိုကြည့်လိုက်သည်။ "ဒီမှာပဲ။ ကိုယ်လုပ်တော်ကို အထဲထည့်လိုက်။"

တော်ဝင်ကိုယ်လုပ်တော်ဝေ့က အားကုန်သုံးပြီး ရုန်းကန်ကာ သူ(မ)၏လက်သည်းများဖြင့် ဦးဆောင်လာသောမိန်းမိစိုး၏လက်မောင်းကို ကုတ်ခြစ်လိုက်သည်။ ထို့နောက် ခေါင်းယမ်းကာ ငိုကြွေးနေသည့်အလျောက် ဆံပင်များကလည်း ရှုပ်ပွနေပြီး သူ(မ)က ရေတွင်းနှုတ်ခမ်းဝကို ကုပ်တွယ်နေခဲ့သည်။

မိန်းမစိုးက သူ(မ)၏လှပသောလက်ကလေးကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူ(မ)၏လက်ချောင်းများကို ကျောက်တုံးဖြင့်ဖိလိုက်ဖို့ စေခိုင်းလိုက်သည့်အချိန် သူ၏အသံက သနားညှာတာမှုတို့ကိုသယ်ဆောင်ထားလေ၏။

သိပ်မကြာခင် 'ဗွမ်းခနဲ' အသံကို ကြားလိုက်ရပြီး ထိုအသံက အနီရောင်နံံတံတိုင်းကြီးအထက်မှ သစ်ကိုင်းများပေါ် နားခိုနေသောငှက်ကလေးများကို ထိတ်လန့်တကြားပျံသန်းသွားစေခဲ့သည်။

...

ရှန်သျယ်ဧကရာဇ်က ရထားလုံးထဲမှာ လဲလျောင်းနေ၏။ လီကျန်းဟန်က သူ့ဘေးမှာဒူးထောက်လျက် ဆေးပန်းကန်ကို ကိုင်ဆောင်ထားသည်။ ဧကရာဇ်၏အသက်ရှူသံများက အလွန်အားနည်းလာပြီး သူ့မှာ ချောင်းဆိုးရန်တောင် အားအင်မကျန်တော့ပေ။ သူက လီကျန်းဟန်ကို လှမ်းခေါ်လိုက်ရာ တစ်ဖက်လူက ဆေးပန်းကန်ကိုအမြန်ချ၍ သူ့နားရောက်လာ၏။

"အစ်ကိုတော်၊ သက်သာပါရဲ့လား။"

"ကျန်းဟန်။" ဧကရာဇ်က လီကျန်းဟန်၏ကျောပေါ် လက်တင်ကာ ပြောလာ၏။

"ညီတော် ဒီမှာရှိပါတယ်။" လီကျန်းဟန်က ထပ်မံငိုကြွေးခဲ့သည်။ "ကျွန်တော် ဒီမှာပါ။"

"ကွယ်လွန်သူဧကရာဇ် နောက်ဆုံးစိုးစံတဲ့နှစ်တွေတုန်းက တခြားသူတွေရဲ့ထိန်းချုပ်မှုအောက်မှာ အုပ်ချုပ်ခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက ကျန်းတို့ရဲ့အစ်ကိုအကြီးဆုံးက အရှေ့နန်းဆောင်ရဲ့ အိမ်ရှေ့စံဖြစ်ပြီး ကျန်းက..."

ဧကရာဇ်က သူ၏မျက်လုံးများကို စိုက်ကြည့်လာခဲ့သည်။

"ကျန်းက မင်းလိုမျိုး အသုံးမကျတဲ့ဘုရင်တစ်ပါးပေါ့။ ကံကြမ္မာဆိုတာ ခန့်မှန်းရသိပ်ခက်တယ်။ အဆုံးသတ်မှာ ဒီအင်ပါယာကြီးက ကျန်းရဲ့လက်ထဲကို ရောက်ရှိလာခဲ့တယ်။ ဒါပေမဲ့ ကျန်း နန်းတက်ပြီးကတည်းက အရာရာတိုင်းမှာ ထိန်းချုပ်ခံခဲ့ရတယ်။ လှုပ်ရှားမှုတိုင်းက ပိတ်ကားထက် ကပြနေတဲ့ ရုပ်သေးရုပ်လိုပဲ။ မယ်တော်က ကျန်းကိုရယ်စေချင်ရင် ကျန်းရယ်ခဲ့ရတယ်။ အခု သူ(မ)က ကျန်းကိုသေစေချင်နေတော့ ကျန်း သေပေးရတော့မယ်။"

လီကျန်းဟန်က စိတ်ခံစားချက်များဖြင့် ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့သည်။

"အနာဂတ်မှာ။" ဧကရာဇ်က ဆက်ပြောလာ၏။ "ကျန်းတို့ခမည်းတော်လို၊ ကျန်းဖြစ်ခဲ့သလို၊ မင်းဟာ ပလ္လင်ပေါ်မှာ တစ်ယောက်တည်း အထီးကျန်ဆန်နေရလိမ့်မယ်။"

လီကျန်းဟန်က မျက်ရည်ပေါက်ကြီးငယ်ကျလာ၏။ သူက ဧကရာဇ်၏လက်ကိုဆုပ်ကိုင်ကာ ပြောလိုက်သည်။

"အစ်ကိုတော်! ကျွန်တော်က ဘယ်လိုလုပ်ပြီး အုပ်ချုပ်နိုင်မှာပါလဲ။ လီမျိုးနွယ်ရဲ့ဒီအင်ပါယာမှာ ကျွန်တော်က ပိုးကောင်သာသာပဲရှိတာပါ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး ပလ္လင်ထက်မှာ ထိုင်နိုင်ပါ့မလဲ။ အစ်ကိုတော်၊ ကျွန်တော်ကြောက်တယ်၊ ကျွန်တော် အရမ်းကြောက်တယ်။"

"မကြောက်ပါနဲ့။"

ရုတ်တရက် အားအင်များတိုးပွားလာသကဲ့သို့ ဧကရာဇ်က လီကျန်းဟန်လက်ကို ဆုပ်ကိုင်ကာ မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်သည်။

"မင်းက ကျန်းနဲ့မတူဘူး။ ဧကရီမယ်မယ်မှာ ဆွေမျိုးတွေမရှိတော့ဘူး! ဟွားစစ်ချန်းနဲ့ ဖန်းရူကွေ့တို့ သေဖို့ပဲကျန်တော့တယ်။ သူတို့ကို သတ်လိုက်ရင် ဧကရီမယ်မယ်မှာ ကူညီပေးမဲ့သူ မရှိတော့ဘူး! အာဏာက မင်းလက်ထဲကို ပြန်ရောက်လာလိမ့်မယ်။ မင်းက... ကောင်းကင်ဘုံအောက်မှာရှိတဲ့ နယ်မြေတွေအားလုံးရဲ့ အုပ်ချုပ်သူပဲ! ကျန်း မလုပ်နိုင်ခဲ့တဲ့အရာကို... မင်း လုပ်နိုင်ရမယ်... ကျန်း..."

ဧကရာဇ်က အပြင်းအထန်ချောင်းဆိုးသွားပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း လီကျန်းဟန်ကို မလွှတ်ခဲ့ပေ။ သူက ပါးစပ်ထဲမှ သွေးများနှင့်အတူ ဆက်ပြောခဲ့သည်။

"ဧကရီမယ်မယ်ရဲ့ဆွေးမျိုးတွေကို သုတ်သင်ပြီး ရုံးတော်အမတ်တွေကို အနီးကပ်စောင့်ကြည့်ထား။ ဒီနေ့ ဟွားမျိုးနွယ် ကျရှုံးပေမဲ့ တခြားသူတွေ... ရှိနေသေးတယ်... မင်း ဒါကို စိတ်မှာစွဲမှတ်ထားရမယ်။ တော်ဝင်အာဏာရဲ့ခုတင်ပေါ်မှာ ဘယ်သူ့ကိုမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခွင့်မပေးနဲ့! ဒီကနေ့... မင်းကိုကယ်တင်လိုက်တဲ့သူတွေက... မနက်ဖြန်မှာ... မင်းကိုသတ်နိုင်တယ်! စစ်အာဏာဆိုတာ ကျားတစ်ကောင်လိုပဲ... ရှောင်း..."

ဧကရာဇ်က နီရဲနေသောသွေးများအန်လိုက်ရာ လီကျန်းဟန်တစ်ယောက် ထိတ်ပြာသွားခဲ့သည်။

"မင်း မလုပ်ရဘူး..." ဧကရာဇ်က အမောတကောအသက်ရှူရှိုက်ကာ လီကျန်းဟန်၏လက်ကို တင်းကျပ်သွာဆုပ်ကိုင်လိုက်သည်။ "အားရယ်ကို... မလွှတ်... လိုက်နဲ့..."

'မင်း အားရယ်ကို လီပေဆီ ပြန်လွှတ်ပေးလိုက်လို့မရဘူး!'

သူက အသုံးမကျသောသခင်လေးဖြစ်ဖြစ်၊ သာလွန်ထူးကဲသော ပါရမီရှင်ဖြစ်ဖြစ် ကိစ္စမရှိပေ။ သူ ချွိတူး၌ရှိနေမှသာ ရှောင်းမျိုးနွယ်က သစ္စာရှိခွေးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်၏။ ဧကရီမယ်မယ်၏ဆွေမျိုးများ ရှုံးနိမ့်သွားလျှင်တောင် ယင်းက နယ်စပ်မြို့စောင့်တပ်များက အာဏာမက်ကာ ထီးနန်းကိုစိန်ခေါ်ဖို့ စစ်အင်အားမစုစည်းနိုင်ဟု မဆိုလိုချေ။

ဟွားမျိုးနွယ်မရှိဘဲ ရှောင်းမျိုးနွယ်ကို မည်သူက ထိန်းချုပ်နိုင်မည်နည်း။ ရှောင်းချီရယ်က ချွိတူးမှာရှိနေသည့် ငါးနှစ်လုံး တိတ်တဆိတ်သည်းခံကာ တော်ဝင်စစ်တပ်ထဲမှ ယိုယွင်းမှုများကို အံ့ဖွယ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ၎င်းတို့သာ သူ့ကို လီပေသို့ ပြန်ခွင့်ပေးလိုက်ပါက နောက်ငါးနှစ်နေလျှင် သူက အကြီးမားဆုံးခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်!

"အစ်ကိုတော်။" လီကျန်းဟန်က မှင်တက်နေ၏။ "ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အဲ့ဒါကိုလုပ်နိုင်မှာလဲ။ အစ်ကိုတော်!"

"နယ််မြေတွေရဲ့အာဏာကိုချုပ်ကိုင်ပြီး သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို လျှော့ချရမယ်။" ဧကရာဇ်က အာနည်းစွာဖြင့် ပြောကြားခဲ့သည်။ "လိုအပ်ရင်... သတ်... သတ်..."

'သူ့ကိုသတ်ပစ်လိုက်။'

ဧကရာဇ်က မျက်လုံးများမှိတ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသောအခါ လီကျန်းဟန်တစ်ယောက် ငိုကြွေးတော့သည်။ သူ သေဆုံးသွားသည့်တိုင် ရှန်သျယ်ဧကရာဇ်က သူ့လက်ကို မလွှတ်ခဲ့ပေ။ သူ၏မျက်ခုံးများကြား၌ နာကြည်းမှုနှင့် ဝမ်းနည်းမှုတို့ကလည်း ပျောက်ကွယ်သွားခြင်းမရှိချေ။

သူ ထီးနန်းစိုးစံခဲ့သည်မှာ ကိုးနှစ်ရှိပြီဖြစ်သော်လည်း ဧကရီမယ်မယ်က ခေါင်းတစ်ချက်ညိတ်မပြဘဲ သူ့သဘောနှင့်သူ ဆုံးဖြတ်ချက်မချခဲ့ဖူးပေ။ သူ၏အစားအသောက်၊ အဝတ်အထည်၊ နေထိုင်မှုနှင့်၊ သူ့အိပ်ဆောင်ထဲ ညအချိန်ကို အတူကုန်ဆုံးရမည့် အမျိုးသမီးကိုတောင် ဧကရီမယ်မယ်က ဆုံးဖြတ်ပေးသည်။ သူ့ဘဝမှာ သူလုပ်ဆောင်ခဲ့သည့် ရဲတင်းဆုံးလှုပ်ရှားမှုက ချီသုန်းနှင့် လျှို့ဝှက်စွာဆက်သွယ်ကာ ရှီးကုအန်းကို သူ့ဘက်သို့ဆွဲခေါ်၍ နန်လင်အမဲလိုက်ကွင်း၌ သူ့ညီတော် လီကျန်းဟန်အတွက် ထီးနန်းတက်ဖို့ ချောမွေ့သောလမ်းကို ခင်းပေးခြင်းဖြစ်သည်။

ဧကရာဇ်ကွယ်လွန်သွားကြောင်း သိလိုက်သည်နှင့် နန်းမြို့တော်သို့ချီတက်နေသော ခရီးတန်းကြီးက ရပ်တန့်သွားပြီး လေထုထဲမှာ ဝမ်းနည်းပူဆွေးသံများ ထွက်ပေါ်လာခဲ့သည်။ အမတ်မင်းများက ဒူးထောက်ကာ ၎င်းတို့၏အရှေ့ဆုံးမှ ဟိုင်လျန်းယိက ရှန်သျယ်ဧကရာဇ်အတွက် နောက်ဆုံးဂုဏ်သရေဖြစ်သည့် "အရှင်မင်းမြတ်!" ဟူ၍ ကြွေးကြော်ကာ ငိုကြွေးခဲ့လေသည်။

ချွိတူး၌ စျာပနခေါင်းလောင်းက အဆုံးမရှိမြည်နေပြီး တစ်တိုင်းပြည်လုံး ပူဆွေးနေခဲ့ကြသည်။

ဧကရီမယ်မယ်က သလွန်ပေါ်မှာထိုင်ကာ ရှန်သျယ်ဧကရာဇ်၏ကြက်တူရွေးကို သစ်သားဇွန်းဖြင့် အစာကျွေးနေ၏။ ခေါင်းလောင်းသံကြားသော် ကြက်တူရွေးက အော်လိုက်သည်။ "ကျန်းယွင်! ကျန်းယွင်! ကျန်းယွင်ပြန်လာပြီ!"

ဧကရီမယ်မယ်က ခေါင်းညိတ်လိုက်ရာ သူ(မ)၏နားမှ အရှေ့တိုင်းပုလဲနားဆွဲက လှုပ်ယမ်းသွားခဲ့သည်။ "ကျန်းယွင်ပြန်လာပြီ။"

ကြက်တူရွေးက ဆက်ပြီးအော်ခဲ့သည်။ "မယ်တော်! မယ်တော်!"

သစ်သားဇွန်းမှ စည်းချက်ကျနေသော တတောက်တောက်အသံမှလွဲ၍ ဧကရီမယ်မယ်က မလှုပ်မယှက်ရှိနေခဲ့သည်။ သူ(မ)က အရိပ်အောက်မှာထိုင်နေစဉ် သူ(မ)၏ဦးခေါင်းထက်ရှိ ထင်ရှားသော ဆံပင်ဖြူများကို ဖုံးကွယ်လို့မရတော့ဘဲ သူ(မ)၏မျက်လုံးထောင့်များရှိ သိမ်မွေ့သော အရေးအကြောင်းများက အဖိုးတန် ကြွေထည်ပစ္စည်းဟောင်းတစ်ခုပေါ်ရှိ အက်ကြောင်းများနှင့်တူနေတော့သည်။

ကြက်တူရွေးက အကြိမ်အနည်းငယ် အော်ဟစ်နေပြီးနောက် သူနားနေသည့်အိပ်တန်းပေါ်ကနေ ခေါင်းငိုက်စိုက်ပြုတ်ကျလာပြီး ထာဝရတိတ်ဆိတ်သွားတော့သည်။ ဧကရီမယ်မယ်က ဇွန်းကိုဘေးဖယ်၍ ခေါင်းလောင်းသံ တိတ်ဆိတ်သွားသည်အထိ ငြိမ်သက်စွာ ထိုင်နေခဲ့၏။

"တော်ဝင်ကိုယ်လုပ်တော်ဝေ့က ဘယ်မှာလဲ။ သူ(မ)ကိုသွားခေါ်တာ ဘာလို့ဒီလောက်ကြာနေရတာလဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment